(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၆)🔥 ပထမပိုင်း
ငှက်ငယ်တစ်ကောင်၏အတောင်ပံသည်
ငှက်ငယ်လေး၏စိတ်ခွန်အားဖြစ်၍ အတောင်ကျိုးသောငှက်ငယ်ဟာ အပျံမသင်ခဲ့မိတာပိုကောင်းမည်ဟု တွေးတောနေနိုင်သည်။
ငှက်ကလေးဟာ မိုးကုတ်စက်ဝိုင်းကြီးရဲ့
ဘယ်နေရာအထိပျံသန်းနိုင်မှာလဲ။
လောဘမုဆိုးတို့၏လက်မှာ သက်ဆင်းရမည်လား။သူလိုရာအရပ်မှာ ရပ်တန့်လိုက်မည်ဆိုလျှင်
ခရီးအဆုံးလို့သူသတ်မှတ်ထားသည့်အရပ်ဒေသဟာ ဘယ်လိုနေရာများလဲ။
ပြဇာတ်တစ်ပုဒ်တွင် ဇာတ်သိမ်းခန်းရှိသည်။
ရထားတစ်စင်းသည် ဘယ်လိုအလျှင်မျိုးနှင့်ပဲ
ခုတ်မောင်းလာပါစေ နောက်ဆုံးဘူတာတွင်ဆိုက်ရပ်ရစမြဲပင်။ဒါဆိုလျှင် ပုံရိပ်၏ဘ၀ကရော
ဘယ်ဘူတာမှာအဆုံးသတ်သွားရမှာလဲ။
ဇာတ်သိမ်းခန်းမှာတော့ ဇာတ်နာ၍ရင်ကွဲနာကျ
လျှက် အရာအားလုံးဆုံးရှုံးလိုက်ရသောသူ
မဖြစ်လိုပါ။ဇာတ်နာခဲ့လျှင်တောင် အရာအားလုံးကိုအသစ်တဖန်ပြန်ပြင်မည်။သိမ်းငှက်တစ်ကောင်လိုပေါ့။
သက်တမ်း၇၀ကျော်လောက်အထိ နေနိုင်တဲ့သိမ်းငှက်တွေဟာ စူးရှသောမျက်၀န်းတွေနဲ့
ချွန်ထက်လျှက် အညှာအတာမဲ့တတ်သော လက်သည်းတွေကိုပိုင်ဆိုင်သည့်အပြင် အမြင့်၅ကီလိုမီတာလောက်ရှိတဲ့ ကောင်းကင်ယံထက်မှာ ကြာမြင့်စွာယီးလေးခိုလျှက်သားကောင်ကို မြင်ရနိုင်သတဲ့။
ခြင်္သေ့ဟာသားရဲတို့၏ဘုရင်ဆိုပါက သိမ်းငှက်ဟာ ငှက်တို့၏ဘုရင်ပဲ။
ဆိုကြပါစို့သိမ်းငှက်ဟာ ရက်စက်သောအသားစားသတ္တိဝါ...။
သို့သော် အခြားငှက်များနှင့်မတူသောအချက်ဟာ ၎င်း၏အနာခံမှအသာစံနိုင်မည်ဆိုသော ရဲရဲတောက်သည့် စိတ်ဓာတ်ဖြစ်သည်။
အသက်ကြီးလာတာနှင့်အမျှ ထူထဲလာသောလက်သည်းခွံများနှင့် နှုတ်သီးတွေကိုကျောက်တောင်တွေနဲ့ပွတ်တိုက်ကာ အသစ်တဖန်နုသစ်လာဖို့ကြိုးစားရသည်။ရှည်လျားထူပိန်းလာသော အမွှေး၊အတောင်တို့ကိုလည်း အသစ်တဖန်လဲလှယ်ဖို့ ကိုယ့်နှုတ်သီးနှင့်ပင် နာကျင်မှုကိုအံတုလျှက်
ဆွဲနှုတ်ပစ်သည်။
ဒီလိုအရာအားလုံး ပြောင်းလဲပစ်နိုင်ဖို့
ရက်ပေါင်း၁၅၀လောက်ကြာအောင် သေကောင်ပေါင်းလဲနာကျင်မှုကို ကြိတ်မှိတ်သည်းခံခဲ့ရရှာသည်။
ဒီ့အတွက်အကျိုးကျေးဇူးကတော့ သစ်လွင်သောအတောင်အမွှေးတို့နှင့် တဖန်ပြန်လည်ဝံ့ကြွားနိုင်ပြီး ချွန်ထက်သည့်လက်သည်းခွံအသစ်များဖြင့် သားကောင်ကိုလျှင်မြန်စွာ ထိုးဆိုက်သုတ်ချီနိုင်မည်ဖြစ်သလို လေအဟုန်တွင် တဖန်ပြန်၍ရဲစွမ်းသတ္တိပြနိုင်မည်ဖြစ်သည်။
ထိုသို့အနာမခံခဲ့ပါက အသက်ဇီဝိန်ချုပ်သည်အထိ ကြမ်းရှအိုရင့်သောအမွှေးအတောင်တို့ကို
ထမ်းထားရမှာဖြစ်သလို ထုတက်နေသောနှုတ်သီးနှင့် အသုံးမတည့်တော့သောခြေသည်းတွေကို
ချိနဲ့အားပျက်စွာလက်ခံထားရပေလိမ့်မည်။
ပုံရိပ်သည် တခါတရံ စိတ်ထွက်ပေါက်အဖြစ်ညည်းတွားမိသည်။အော်ငိုမိသည်။ပြန်တွေးကြည့်တဲ့အခါ ကိုယ်ခံစားရသည့် ဝေဒနာဟာသိမ်းငှက်လိုကိုယ့်အတောင်ပံကို ကိုယ်တိုင်ထိုးဆိတ်ချွတ်နေရသလောက်ရော နာရဲ့လား။ထိုအခါ သိမ်းငှက်တစ်ကောင်လောက်တောင် သတ္တိမရှိသောကိုယ့်ကိုကိုယ်ပြန်ရှုံ့ချမိတယ်။
ရက်ပေါင်း၁၅၀ကြာအောင် နာကျင်မှုကို သည်းခံနိုင်ခဲ့တဲ့သိမ်းငှက်တစ်ကောင်ရဲ့ အတိတ်တစ်ခုဟာကိုယ်ထက်ပဲကြမ်းတမ်းနေခဲ့တာလား။
ဒါမှမဟုတ် တော၏မာယာ၊ပတ်၀န်းကျင်၏ပရိယာယ်တွေကို အသားကျသွားခဲ့၍ သန်မာနေခဲ့တာများလား။
သူတို့ကဲ့သို့ မိုးကုတ်စက်ဝိုင်းကြီးထဲမှာ လွတ်လပ်စွာလှည့်ပတ် ပျံသန်းချင်ပါရဲ့။အပေါ်စီးမှနေ၍ ဝေဖန်ကဲ့ရဲ့ပြစ်တင်မှုများကို လျှစ်လျှူရှုနိုင်ပြီး ဘ၀ကိုအေးဆေးတည်ငြိမ်စွာပဲ ရှင်သန်ရပ်တည်နေနိုင်ချင်သည်။
"အော် ပုံရိပ်၏အဖြစ်ဟာငှက်တစ်ကောင်ကိုတောင်အားကျနေမိတဲ့အဖြစ်ပါလား"
အခြားသူများက သူတို့အာရုံနှင့်သူတို့ရှိနေကြပေမဲ့ ပုံရိပ်ကတော့ ကားပြတင်းပေါက်မှနေ၍ သန်လျှင်တံတားကြီး၏ အလည်ခေါင်တွင်ဖောက်ထားသော ရထားသံလမ်းကြီးကိုကြည့်နေမိသည်။
ဘ၀မှာ တစ်သတ်လုံးအမှတ်ရသွားနိုင်မည့်နေရာပဲ။ ခန့်ထည်ပြီး ခိုင်ခံ့လှသည့် ရထားသံလမ်းကြီးသည် ဘယ်နေရာမှာဆုံးမလဲမသိပေမဲ့ တည်ဆောက်ထားခဲ့သောလူတွေကိုတော့ ချီးကျူးလေးစားမိသည်။
တံတားကြီးပေါ်ကနေ ကားကိုအရှိန်နှင့်ဖြတ်မောင်းနေတာတောင် မြစ်ပြင်ကြီးကလည်းကမ်းတစ်ဖက်နှင့်တစ်ဖက်အတော်လေးလှမ်းသည်။နေထွက်နေပြီဖြစ်၍ ကြည်ပြာလဲ့နေသောကောင်းကင်ပေါ်တွင် တိမ်သားဖြူဖြူတို့က အဆုပ်လိုက်အထွေးလိုက်နှင့် ဟိုတစ်စုသည်တစ်စုရွေ့လျားနေကြသည်။
ငှက်ကလေးတွေဟာ ကောင်းကင်မှာပျံဝဲနေကြသလို တံတားကြီး၏ဘောင်၊တန်းတွေပေါ်မှာ ခိုနားနေကြတာဟာ မျက်စိပသာဒဖြစ်လှသည်။
"ပုံရိပ်....ဟိုမှာကြည့်စမ်း...တိုင်းရင်းသားကျေးရွာရဲ့နန်းမြင့်မျှော်စင်ကြီးကိုတောင်မြင်နေရပြီ....အရမ်းလှတာပဲနော်...ဒီနေ့တော့ငါတို့တိုင်းရင်းသားကျေးရွာကို ၀င်ဖြစ်မှာမဟုတ်ဘူး....
ရေလယ်ကျောက်တန်းကိုပဲ သွားကြမယ်...."
ပုံရိပ်၏ဘေးတွင် လက်ကိုချိတ်ထားလျှက်လိုက်ပါလာသော ယမင်းသည်တစ်ခုခုထူးထူးဆန်းဆန်းတွေ့တိုင်း ပုံရိပ်ကိုလက်ညှိုးတစ်ထိုးထိုးဖြင့် ရှင်းပြပြောပြတတ်သည်။ဆံပင်လေးကို ထိပ်မှာစုချည်ထားပြီး ပန်းခရမ်းရောင်ပိုးသား၀မ်းဆက်လေးကိုမှ လက်တိုချုပ်၍၀တ်ထားလေသည်။
ဒီကနေ့ရဲ့မွေးနေ့ရှင်လေးဆိုတဲ့အတိုင်း မျက်နှာလေးကိုလည်း ပြင်ဆင်ချယ်သထားသည်မှာ ယမင်းရုပ်ကလေးနှင့်ပင်တူနေသည်။
နုနုဥဥချစ်စရာလေးပင်။ဖြူစင်သောအပြုံးပိုင်ရှင်လေးဖြစ်တဲ့အပြင် အဆင့်အတန်းခွဲခြားမှုလည်း လုံး၀မရှိဘူး။
ဟိန်းဇေယျာထက်ကတော့ ဒီခရီးကိုအခေါက်ခေါက်အခါခါသွားဖူး၍လားမသိပေ
အသံကို တိတ်ကျနေသည်။ကျူရှင်အိမ်ကအပြန်မှာ ပုံရိပ်၏အနောက်သို့စက်ဘီးနှင့် တစ်လျှောက်လုံးလိုက်၍ ရေပက်မ၀င်အောင်စကားတွေပြောနေသော ကောင်လေးနှင့်ပင်မတူတော့ပေ။လည်ကတုံးလက်ရှည်ဖွေးဖွေးကို သပ်ရက်စွာ၀တ်ဆင်ထားပြီး အနက်ရောင်ချည်ချောပုဆိုးလေးနှင့် သန့်ပြန့်နေသည်။
ဆံပင်ကလည်း နဖူးအုပ်လျှက် မိန်းမချောချောသည့် သူဖြစ်၍နားကျပ်ကိုနားထဲတွင်ထည့်ကာ မျက်လုံးမှိတ်လျှက်ခပ်တည်တည်သီချင်းနားထောင်နေသောပုံမှာ အခြေကြီးသောမင်းသားနှင့်ပင်တူနေလေသည်။
သူ့အဒေါ်ပါနေ၍ တစ်မျိုးထင်မည်စိုးပြီးပုံရိပ်ကိုစကားမပြောတာလည်း ဖြစ်နိုင်သည်။
ပုံရိပ်သည်လည်း မာနနှင့်ပင်။
သူကမခင်လျှင် ကိုယ်ကလည်းမမင်တော့
နှစ်ယောက်သားဟာ တစ်ခါမျှမတွေ့ဖူးသော သူစိမ်းတွေလိုဖြစ်နေသည်။
"ယမင်း...နင်တိုင်းရင်းသားကျေးရွာကိုရောက်ဖူးလား...."
"ရောက်ဖူးတာပေါ့ဟ...ငါတို့ကရန်ကုန်ဇာတိမဟုတ်ပေမဲ့ နှစ်ကြိမ်တောင်ရောက်ဖူးတယ်...
တိုင်းရင်းသားကျေးရွာမှာလေ...
တိုင်းရင်းသား၁၀၀ကျော်ရဲ့ ရိုးရာတွေကိုလေ့လာနိုင်တယ်...တို့ဆိုရှမ်းရိုရာ...ရခိုင်ရိုးရာအိမ်လေးတွေကို၀င်ပြီး...ရိုးရာ၀တ်စုံလေးတွေကိုပါ၀တ်ရင်းဓာတ်ပုံရိုက်ခဲ့သေးတယ်...နောက်မှငါကျောင်းကို
အဲ့ဒီ့ဓာတ်ပုံကိုယူလာပြမယ်...နင်ရော...
တိုင်းရင်းသားကျေးရွာကိုရောက်ဖူးလား..."
"မရောက်ဖူးပါဘူးဟာ...."
ပုံရိပ်ညာလိုက်မိလေပြီ။တိုင်းရင်းသားကျေးရွာကိုရောက်ဖူးတာပေါ့။ဧရာ၀တီတိုင်းမှာမွေးခဲ့ပေမဲ့ အဖေကရန်ကုန်မှာအနေများတဲ့ ရန်ကုန်သားတစ်၀က်၊မန္တလေးသားတစ်၀က်မဟုတ်ပါလား။သံလျင်အမှတ်(၁)တံတားကြီးအပေါ်မှမြင်နေရသော ခပ်ဝေးဝေးမှ ညို့ညို့မှိုင်းမှိုင်းနှင့် သစ်ရိပ်တို့ဝိုင်းရံထားသော နန်းမြင့်မျှော်စင်ကိုငေးကြည့်
လျှက် အတိတ်ခြေရာတွေကို တစ်စဆီပြန်ကောက်နေမိသည်။
အဲ့ဒီ့မျှော်စင်ကြီးပေါ်ကို ဖေဖေရယ်မေမေရယ်နှင့်အတူတက်ခဲ့ဖူးသည်။သို့ပေမဲ့အရမ်းငယ်သော
အချိန်တစ်ခုကဖြစ်၍ အတိတ်ကောက်ကြောင်းတွေကတော့ မှုန်ဝါးလျှက်ခပ်ရေးရေးသာ ပေါ်လာခဲ့သည်။
"အော်...တစ်ခုတည်းသောကြည်နူးစရာမှတ်ဉာဏ်လေးကိုတော့ ဦးနှောက်ကဘာကြောင့်ပီပီပြင်ပြင်
မမှတ်မိရတာလဲ...."
ကိုယ့်ကိုကိုယ်သာ အပြစ်ဆိုမိသည်။
သားမိ၊သားဖသုံးယောက် စက်ဘီးလေးနှင့်တိုင်းရင်းသားကျေးရွာထဲတွင် ပျော်ပျော်ပါးပါးလှည့်ပတ်သွားခဲ့ကြသည့် ပုံရိပ်များကိုလည်း
မြင်ယောင်လာခဲ့သည်။
ပဲခူးမြစ်ကြီးကိုအပေါ်စီးမှတွေ့ရသောအခါ တစ်ဖက်မှာ ပုံရိပ်ကိုပွေ့ချီထားလျှက်
သံလျှင်တံတားကြီးကို လက်ညှိုးထိုးပြနေသော
အဖေ့စကားသံတွေကိုယခုအထိကြားယောင်နေရတုန်းပင်။
ပုံရိပ်မှတ်မိသလောက်မှာတော့ ငသန်လျင်ကိုအစွဲပြုပြီးအလောင်းဘုရားလက်ထက်မှာ
သန်လျှင်မြို့ဟုအမည်ပေးခဲ့ပုံတွေ သံလျှင်တစ်ဖက်ကမ်းရှိ ဥက္ကလာပတိုင်းပြည်မှ အိမ်ရှေ့စံမင်းနန္ဒာနှင့် ဘောဂသေနမင်း၏သမီးတော်ဖြစ်သော သုသာန်တွင်နေရသူရှင်မွေ့နွန်းမင်းသမီးလေးတို့၏ အချစ်ဇာတ်လမ်းအကြောင်းကိုလည်းပြောပြခဲ့သည်။
ငမိုးရိပ်မိကျောင်းကြီးဆိုသော ရေနတ်သတ္တဝါ
အကြောင်းကိုပြောပြခဲ့၍ ပုံရိပ်ကတောင်
"ဖေဖေရေ...သမီးတို့လည်းတစ်နေ့ကြရင်ငမိုးရိပ်မိကျောင်းကြီးကိုစီးရအောင်....မြိုတော့မချလောက်ပါဘူးနော်..."လို့ပြောတော့ ဖေကြီးကရယ်သည်။
"သမီးရယ်...ငမိုးရိပ်ဆိုတာနတ်မိကျောင်းကွဲ့...
ဖေဖေတို့မမြင်နိုင်ဘူး...ရှိချင်မှလည်းရှိတော့မှာတဲ့လေ...."
ထိုအချိန်ကဆိုလျှင် ချစ်သူနှစ်ယောက်ကိုသေကွဲကွဲစေခဲ့သော မိကျောင်းကြီးကိုပုံရိပ်မုန်းလည်းမုန်းသည်။ ကြိမ်စင်္ကြာနှင့်အရိုက်ခံရ၍သနားလည်းသနားမိသည်။
ယခုပစ္စုပ္ပန်မှာရော၊နောင်သံသရာအဆက်ဆက်မှာပါ ချစ်ရသူများနှင့်သေကွဲ၊ရှင်ကွဲ ကွဲရသောဝေဒနာကိုမခံစားလိုပါပေ။
မေမေသည် ရိုးသားသော တောသူမလေး
တစ်ယောက်ဖြစ်ပြီး ဖေကြီးကတော့မျိုးရိုးစဉ်ဆက်ပညာတတ်၊ဥစ္စာရှိမျိုးရိုးမှဆင်းသက်လာသူဖြစ်သည်။
"ဖေဖေတို့မျိုးရိုးထဲမှာလေ...ဆရာ၀န်တစ်ယောက်တော့အမြဲထွက်တယ်ကွ..."ဟုဖေကြီးတစ်ခါကလက်ခမောင်းခတ်၍ပြောပြခဲ့ဖူးသည်။
"သမီးရဲ့အဖိုးက နာမည်ကြီးခွဲစိတ်ဆရာ၀န်ကြီးလေ...ဘယ်လောက်တောင်ချမ်းသာသလဲဆိုရင်
သူတို့ခောတ်မှာတော်ရုံဆရာ၀န်တွေကနိုင်ငံခြားမှာ ပညာတော်သင်မသွားနိုင်ဘူး...သမီးရဲ့အဖိုးကတော့ကာလကတ္တားကနေတစ်ဆင့်...UKအထိသွားပြီး ဆေးပညာသင်ယူခွင့်ရခဲ့တာ...ဖေကြီးကတော့...
ဆရာ၀န်အလုပ်ကိုလုံး၀စိတ်မ၀င်စားဘူး....
ဖေကြီးကရှေ့နေလုပ်ချင်တာသမီးရဲ့..
မတရားသဖြင့်ခံနေရတဲ့ လူတွေကိုကူညီပေးချင်တာ...တရားခွင်မှာ...တရားမျှတစွာစီရင်ပေးဖို့လျှောက်လွှဲချက်ပေးချင်တာ...ဒါပေမဲ့သမီးရဲ့
အဖိုးကခွင့်မပြုဘူး...ဆရာ၀န်ပဲဖြစ်စေချင်တယ်...
ပြောရရင်သမိုင်းပေးတာ၀န်ကို ဆက်ထမ်းရွက်စေချင်တာပေါ့လေ...ဘိုးဘေးဘီဘင်မှာလည်း...
ခောတ်အဆက်ဆက်ကသမားတော်တွေထွက်ခဲ့တဲ့မျိုးရိုးကို...ဖေဖေကငြင်းဆန်တော့...မျက်နှာကိုလက်သီးနဲ့နှစ်ချက်ဆင့်ထိုးတယ်...
အဲ့ဒီ့နေ့ပြီးတော့ ပါးဆောင်နာလို့ထမင်းတောင်မစားနိုင်ဘူး...အမေကတော့ငိုလို့ပေါ့....အငယ်ဆုံးသားအဆိုးလေးကိုချစ်ရှာမှာပေါ့လေ ..ဖေကြီးကလည်းပါးစပ်ကသာကြီးကျယ်မိတာပါ...မိဘကချမ်းသာတော့...လူ့ပေါ်ကျော့လေးပေါ့...အစ်ကိုကြီးကဆရာ၀န်လိုင်းမှီတော့မှ....သမိုင်းပေးတာ၀န်ကအစ်ကိုကြီးရဲ့ပခုံးပေါ်ကိုပြောင်းသွားတော့တာ...
မန္တလေးကနေခြံခုန်ပြီး...ရန်ကုန်သားလုပ်ရင်း
အိမ်ကိုမပြန်ဖြစ်တော့ဘူး...တကယ်တော့အဖေနဲ့
ရင်မဆိုင်ချင်လို့....သမီးရဲ့အဖိုးကဖေကြီးကို...
နဂါးမျက်စောင်းအမြဲထိုးနေတတ်တာလေ...
ဒါကြောင့်တမင်မပြန်တာ...သမီးအမေနဲ့ညားပြီးနောက်...မင်္ဂလာဆောင်ကိုတောင်လိုက်မလာတဲ့အပြင်...အမေတို့ကိုပါအတင်းပြန်ခေါ်တဲ့အဖေ့ကိုစိတ်နာတယ်...သူတောင်မှသားခန်းပြတ်သေးတာပဲလေ..ဒေါက်တာကြီးဦးမိုးမင်းရဲ့သားက....
သူ့ထက်အကြောတင်းရမှာပေါ့...
ဒီလိုနဲ့မန္တလေးနဲ့ဖေကြီး တစ်စခန်းပျက်သွားပါရော..
.
အင်း...အမေ့အိမ်ကိုလွမ်းတာတော့လွမ်းတာပေါ့...ကိုယ့်မွေးရပ်လေ...ရန်ကင်းတောင်ဆိုတာခြေသလုံးဖက်ပြီးပေါင်းလာတဲ့သူငယ်ချင်းလို
ဖြစ်နေတဲ့နေရာလေ...ကျုံးအရှေ့ဘက်ဆိုတာ
အားအားတိုင်းသွားထိုင်နေတဲ့နေရာ...မန္တလေးမှာကလည်း လည်ပတ်စရာကတစ်နေရာနဲ့တစ်နေရာ အဝေးကြီးမဟုတ်တော့ အဲ့အချိန်ကဆိုင်ကယ်လ်စီးနိုင်တဲ့အဖေတို့က မင်းသားပဲ...ဂျစ်ကားပေါ်ကိုသူငယ်ချင်းတွေ တရုန်းရုန်းတင်ပြီးသင်္ကြန်လည်ထွက်တာ....မြို့မယိမ်းအဖွဲ့ကအကမယ်လေးနဲ့တောင် သိကျွမ်း၀င်ခဲ့ရသေးတယ်....
သမီးအမေကိုတော့မပြောနဲ့နော်...ဟား...ဟား....
အဲ့ဒီ့ဂျစ်ကားကြီးနဲ့ပဲ..ကုသိုလ်တော်ရှေ့မှာပန်းရောင်းရတဲ့သူငယ်ချင်းရဲ့ရည်းစားကိုခိုးပေးမိလို့....ကျောတစ်ရာရင်တစ်ရာအပြစ်ပေးခံရတဲ့အပြင်...ဂျစ်ကားစီးရတဲ့ဘ၀ကနေ....
စက်ဘီးပြောင်းစီးလိုက်ရတယ်...
သူငယ်ချင်းတွေရဲ့ကောင်းမှုပေါ့....
သမီးလေးကိုလည်းဆွေပြမျိုးပြ...
သွားပြချင်ပါရဲ့....တစ်နေ့နေ့ပေါ့...."
ဖေကြီးပြောသောတစ်နေ့နေ့ဆိုတာဟာ ရောက်လာနိုင်တော့မယ်မထင်ပါဘူး။မန္တလေးကို စာပို့လိုက်တာကလည်းဘာမှအကြောင်းပြန်မလာခဲ့ဘူး။
ပုံရိပ်ရဲ့ဘ၀ဟာ မိဘတွေနဲ့တွေ့ဖို့ကံပါမလာတော့မဲ့အတူတူ တွေးပြီးတော့ဆွေးမနေချင်တော့ပေ။
🔥ဆူးကြိုး...🔥အခန်း(၂၆)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၆)🔥 ပထမပိုင္း
ငွက္ငယ္တစ္ေကာင္၏အေတာင္ပံသည္
ငွက္ငယ္ေလး၏စိတ္ခြန္အားျဖစ္၍ အေတာင္က်ိဳးေသာငွက္ငယ္ဟာ အပ်ံမသင္ခဲ့မိတာပိုေကာင္းမည္ဟု ေတြးေတာေနႏိုင္သည္။
ငွက္ကေလးဟာ မိုးကုတ္စက္ဝိုင္းႀကီးရဲ့
ဘယ္ေနရာအထိပ်ံသန္းႏိုင္မွာလဲ။
ေလာဘမုဆိုးတို႔၏လက္မွာ သက္ဆင္းရမည္လား။သူလိုရာအရပ္မွာ ရပ္တန႔္လိုက္မည္ဆိုလ်ွင္
ခရီးအဆံုးလို႔သူသတ္မွတ္ထားသၫ့္အရပ္ေဒသဟာ ဘယ္လိုေနရာမ်ားလဲ။
ျပဇာတ္တစ္ပုဒ္တြင္ ဇာတ္သိမ္းခန္းရိွသည္။
ရထားတစ္စင္းသည္ ဘယ္လိုအလ်ွင္မ်ိဳးႏွင့္ပဲ
ခုတ္ေမာင္းလာပါေစ ေနာက္ဆံုးဘူတာတြင္ဆိုက္ရပ္ရစၿမဲပင္။ဒါဆိုလ်ွင္ ပံုရိပ္၏ဘ၀ကေရာ
ဘယ္ဘူတာမွာအဆံုးသတ္သြားရမွာလဲ။
ဇာတ္သိမ္းခန္းမွာေတာ့ ဇာတ္နာ၍ရင္ကဲြနာက်
လ်ွက္ အရာအားလံုးဆံုးရႈံးလိုက္ရေသာသူ
မျဖစ္လိုပါ။ဇာတ္နာခဲ့လ်ွင္ေတာင္ အရာအားလံုးကိုအသစ္တဖန္ျပန္ျပင္မည္။သိမ္းငွက္တစ္ေကာင္လိုေပါ့။
သက္တမ္း၇၀ေက်ာ္ေလာက္အထိ ေနႏိုင္တဲ့သိမ္းငွက္ေတြဟာ စူးရွေသာမ်က္၀န္းေတြနဲ႔
ခၽြန္ထက္လ်ွက္ အၫွာအတာမဲ့တတ္ေသာ လက္သည္းေတြကိုပိုင္ဆိုင္သည့္အျပင္ အျမင့္၅ကီလိုမီတာေလာက္ရိွတဲ့ ေကာင္းကင္ယံထက္မွာ ၾကာျမင့္စြာယီးေလးခိုလ်ွက္သားေကာင္ကို ျမင္ရႏိုင္သတဲ့။
ျခေသၤ့ဟာသားရဲတို႔၏ဘုရင္ဆိုပါက သိမ္းငွက္ဟာ ငွက္တို႔၏ဘုရင္ပဲ။
ဆိုၾကပါစို႔သိမ္းငွက္ဟာ ရက္စက္ေသာအသားစားသတၲိဝါ...။
သို႔ေသာ္ အျခားငွက္မ်ားႏွင့္မတူေသာအခ်က္ဟာ ၄၏အနာခံမွအသာစံႏိုင္မည္ဆိုေသာ ရဲရဲေတာက္သၫ့္ စိတ္ဓာတ္ျဖစ္သည္။
အသက္ႀကီးလာတာႏွင့္အမ်ွ ထူထဲလာေသာလက္သည္းခြံမ်ားႏွင့္ ႏႈတ္သီးေတြကိုေက်ာက္ေတာင္ေတြနဲ႔ပြတ္တိုက္ကာ အသစ္တဖန္ႏုသစ္လာဖို႔ႀကိဳးစားရသည္။ရွည္လ်ားထူပိန္းလာေသာ အေမႊး၊အေတာင္တို႔ကိုလည္း အသစ္တဖန္လဲလွယ္ဖို႔ ကိုယ့္ႏႈတ္သီးႏွင့္ပင္ နာက်င္မႈကိုအံတုလ်ွက္
ဆဲြႏႈတ္ပစ္သည္။
ဒီလိုအရာအားလံုး ေျပာင္းလဲပစ္ႏိုင္ဖို႔
ရက္ေပါင္း၁၅၀ေလာက္ၾကာေအာင္ ေသေကာင္ေပါင္းလဲနာက်င္မႈကို ႀကိတ္မိွတ္သည္းခံခဲ့ရရွာသည္။
ဒီ့အတြက္အက်ိဳးေက်းဇူးကေတာ့ သစ္လြင္ေသာအေတာင္အေမႊးတို႔ႏွင့္ တဖန္ျပန္လည္ဝံ့ႂကြားႏိုင္ၿပီး ခၽြန္ထက္သည့္လက္သည္းခြံအသစ္မ်ားျဖင့္ သားေကာင္ကိုလ်ွင္ျမန္စြာ ထိုးဆိုက္သုတ္ခ်ီႏိုင္မည္ျဖစ္သလို ေလအဟုန္တြင္ တဖန္ျပန္၍ရဲစြမ္းသႄတၲပႏိုင္မည္ျဖစ္သည္။
ထိုသို႔အနာမခံခဲ့ပါက အသက္ဇီဝိန္ခ်ဳပ္သည္အထိ ၾကမ္းရွအိုရင့္ေသာအေမႊးအေတာင္တို႔ကို
ထမ္းထားရမွာျဖစ္သလို ထုတက္ေနေသာႏႈတ္သီးႏွင့္ အသံုးမတၫ့္ေတာ့ေသာေျခသည္းေတြကို
ခ်ိနဲ႔အားပ်က္စြာလက္ခံထားရေပလိမ့္မည္။
ပံုရိပ္သည္ တခါတရံ စိတ္ထြက္ေပါက္အျဖစ္ညည္းတြားမိသည္။ေအာ္ငိုမိသည္။ျပန္ေတြးၾကၫ့္တဲ့အခါ ကိုယ္ခံစားရသၫ့္ ေဝဒနာဟာသိမ္းငွက္လိုကိုယ့္အေတာင္ပံကို ကိုယ္တိုင္ထိုးဆိတ္ခၽြတ္ေနရသေလာက္ေရာ နာရဲ့လား။ထိုအခါ သိမ္းငွက္တစ္ေကာင္ေလာက္ေတာင္ သတၲိမရိွေသာကိုယ့္ကိုကိုယ္ျပန္ရႈံ႔ခ်မိတယ္။
ရက္ေပါင္း၁၅၀ၾကာေအာင္ နာက်င္မႈကို သည္းခံႏိုင္ခဲ့တဲ့သိမ္းငွက္တစ္ေကာင္ရဲ့ အတိတ္တစ္ခုဟာကိုယ္ထက္ပဲၾကမ္းတမ္းေနခဲ့တာလား။
ဒါမွမဟုတ္ ေတာ၏မာယာ၊ပတ္၀န္းက်င္၏ပရိယာယ္ေတြကို အသားက်သြားခဲ့၍ သန္မာေနခဲ့တာမ်ားလား။
သူတို႔ကဲ့သို႔ မိုးကုတ္စက္ဝိုင္းႀကီးထဲမွာ လြတ္လပ္စြာလွၫ့္ပတ္ ပ်ံသန္းခ်င္ပါရဲ့။အေပၚစီးမွေန၍ ေဝဖန္ကဲ့ရဲ့ျပစ္တင္မႈမ်ားကို လ်ွစ္လ်ွူရႈႏိုင္ၿပီး ဘ၀ကိုေအးေဆးတည္ၿငိမ္စြာပဲ ရွင္သန္ရပ္တည္ေနႏိုင္ခ်င္သည္။
"ေအာ္ ပံုရိပ္၏အျဖစ္ဟာငွက္တစ္ေကာင္ကိုေတာင္အားက်ေနမိတဲ့အျဖစ္ပါလား"
အျခားသူမ်ားက သူတို႔အာရံုႏွင့္သူတို႔ရိွေနၾကေပမဲ့ ပံုရိပ္ကေတာ့ ကားျပတင္းေပါက္မွေန၍ သန္လ်ွင္တံတားႀကီး၏ အလည္ေခါင္တြင္ေဖာက္ထားေသာ ရထားသံလမ္းႀကီးကိုၾကၫ့္ေနမိသည္။
ဘ၀မွာ တစ္သတ္လံုးအမွတ္ရသြားႏိုင္မၫ့္ေနရာပဲ။ ခန႔္ထည္ၿပီး ခိုင္ခံ့လွသၫ့္ ရထားသံလမ္းႀကီးသည္ ဘယ္ေနရာမွာဆံုးမလဲမသိေပမဲ့ တည္ေဆာက္ထားခဲ့ေသာလူေတြကိုေတာ့ ခ်ီးက်ူးေလးစားမိသည္။
တံတားႀကီးေပၚကေန ကားကိုအရိွန္ႏွင့္ျဖတ္ေမာင္းေနတာေတာင္ ျမစ္ျပင္ႀကီးကလည္းကမ္းတစ္ဖက္ႏွင့္တစ္ဖက္အေတာ္ေလးလွမ္းသည္။ေနထြက္ေနၿပီျဖစ္၍ ၾကည္ျပာလဲ့ေနေသာေကာင္းကင္ေပၚတြင္ တိမ္သားျဖဴႁဖူတို႔က အဆုပ္လိုက္အေထြးလိုက္ႏွင့္ ဟိုတစ္စုသည္တစ္စုေရြ့လ်ားေနၾကသည္။
ငွက္ကေလးေတြဟာ ေကာင္းကင္မွာပ်ံဝဲေနၾကသလို တံတားႀကီး၏ေဘာင္၊တန္းေတြေပၚမွာ ခိုနားေနၾကတာဟာ မ်က္စိပသာဒျဖစ္လွသည္။
"ပံုရိပ္....ဟိုမွာၾကၫ့္စမ္း...တိုင္းရင္းသားေက်းရြာရဲ့နန္းျမင့္ေမ်ွာ္စင္ႀကီးကိုေတာင္ျမင္ေနရၿပီ....အရမ္းလွတာပဲေနာ္...ဒီေန့ေတာ့ငါတို႔တိုင္းရင္းသားေက်းရြာကို ၀င္ျဖစ္မွာမဟုတ္ဘူး....
ေရလယ္ေက်ာက္တန္းကိုပဲ သြားၾကမယ္...."
ပံုရိပ္၏ေဘးတြင္ လက္ကိုခ်ိတ္ထားလ်ွက္လိုက္ပါလာေသာ ယမင္းသည္တစ္ခုခုထူးထူးဆန္းဆန္းေတြ့တိုင္း ပံုရိပ္ကိုလက္ၫွိုးတစ္ထိုးထိုးျဖင့္ ရွင္းျပေျပာျပတတ္သည္။ဆံပင္ေလးကို ထိပ္မွာစုခ်ည္ထားၿပီး ပန္းခရမ္းေရာင္ပိုးသား၀မ္းဆက္ေလးကိုမွ လက္တိုခ်ဳပ္၍၀တ္ထားေလသည္။
ဒီကေန့ရဲ့ေမြးေန့ရွင္ေလးဆိုတဲ့အတိုင္း မ်က္ႏွာေလးကိုလည္း ျပင္ဆင္ခ်ယ္သထားသည္မွာ ယမင္းရုပ္ကေလးႏွင့္ပင္တူေနသည္။
ႏုႏုဥဥခ်စ္စရာေလးပင္။ျဖဴစင္ေသာအႃပံုးပိုင္ရွင္ေလးျဖစ္တဲ့အျပင္ အဆင့္အတန္းခဲြျခားမႈလည္း လံုး၀မရိွဘူး။
ဟိန္းေဇယ်ာထက္ကေတာ့ ဒီခရီးကိုအေခါက္ေခါက္အခါခါသြားဖူး၍လားမသိေပ
အသံကို တိတ္က်ေနသည္။က်ူရွင္အိမ္ကအျပန္မွာ ပံုရိပ္၏အေနာက္သို႔စက္ဘီးႏွင့္ တစ္ေလ်ွာက္လံုးလိုက္၍ ေရပက္မ၀င္ေအာင္စကားေတြေျပာေနေသာ ေကာင္ေလးႏွင့္ပင္မတူေတာ့ေပ။လည္ကတံုးလက္ရွည္ေဖြးေဖြးကို သပ္ရက္စြာ၀တ္ဆင္ထားၿပီး အနက္ေရာင္ခ်ည္ေခ်ာပုဆိုးေလးႏွင့္ သန႔္ျပန႔္ေနသည္။
ဆံပင္ကလည္း နဖူးအုပ္လ်ွက္ မိန္းမေခ်ာေခ်ာသၫ့္ သူျဖစ္၍နားက်ပ္ကိုနားထဲတြင္ထၫ့္ကာ မ်က္လံုးမိွတ္လ်ွက္ခပ္တည္တည္သီခ်င္းနားေထာင္ေနေသာပံုမွာ အေျခၾကီးေသာမင္းသားႏွင့္ပင္တူေနေလသည္။
သူ႔အေဒၚပါေန၍ တစ္မ်ိဳးထင္မည္စိုးၿပီးပံုရိပ္ကိုစကားမေျပာတာလည္း ျဖစ္ႏိုင္သည္။
ပံုရိပ္သည္လည္း မာနႏွင့္ပင္။
သူကမခင္လ်ွင္ ကိုယ္ကလည္းမမင္ေတာ့
ႏွစ္ေယာက္သားဟာ တစ္ခါမ်ွမေတြ့ဖူးေသာ သူစိမ္းေတြလိုျဖစ္ေနသည္။
"ယမင္း...နင္တိုင္းရင္းသားေက်းရြာကိုေရာက္ဖူးလား...."
"ေရာက္ဖူးတာေပါ့ဟ...ငါတို႔ကရန္ကုန္ဇာတိမဟုတ္ေပမဲ့ ႏွစ္ႀကိမ္ေတာင္ေရာက္ဖူးတယ္...
တိုင္းရင္းသားေက်းရြာမွာေလ...
တိုင္းရင္းသား၁၀၀ေက်ာ္ရဲ့ ရိုးရာေတြကိုေလ့လာႏိုင္တယ္...တို႔ဆိုရွမ္းရိုရာ...ရခိုင္ရိုးရာအိမ္ေလးေတြကို၀င္ၿပီး...ရိုးရာ၀တ္စံုေလးေတြကိုပါ၀တ္ရင္းဓာတ္ပံုရိုက္ခဲ့ေသးတယ္...ေနာက္မွငါေက်ာင္းကို
အဲ့ဒီ့ဓာတ္ပံုကိုယူလာျပမယ္...နင္ေရာ...
တိုင္းရင္းသားေက်းရြာကိုေရာက္ဖူးလား..."
"မေရာက္ဖူးပါဘူးဟာ...."
ပံုရိပ္ညာလိုက္မိေလၿပီ။တိုင္းရင္းသားေက်းရြာကိုေရာက္ဖူးတာေပါ့။ဧရာ၀တီတိုင္းမွာေမြးခဲ့ေပမဲ့ အေဖကရန္ကုန္မွာအေနမ်ားတဲ့ ရန္ကုန္သားတစ္၀က္၊မႏၲေလးသားတစ္၀က္မဟုတ္ပါလား။သံလ်င္အမွတ္(၁)တံတားႀကီးအေပၚမျွမင္ေနရေသာ ခပ္ေဝးေဝးမွ ညို႔ညို႔မိႈင္းမိႈင္းႏွင့္ သစ္ရိပ္တို႔ဝိုင္းရံထားေသာ နန္းျမင့္ေမ်ွာ္စင္ကိုေငးၾကၫ့္
လ်ွက္ အတိတ္ေျခရာေတြကို တစ္စဆီျပန္ေကာက္ေနမိသည္။
အဲ့ဒီ့ေမ်ွာ္စင္ႀကီးေပၚကို ေဖေဖရယ္ေမေမရယ္ႏွင့္အတူတက္ခဲ့ဖူးသည္။သို႔ေပမဲ့အရမ္းငယ္ေသာ
အခ်ိန္တစ္ခုကျဖစ္၍ အတိတ္ေကာက္ေၾကာင္းေတြကေတာ့ မႈန္ဝါးလ်ွက္ခပ္ေရးေရးသာ ေပၚလာခဲ့သည္။
"ေအာ္...တစ္ခုတည္းေသာၾကည္ႏူးစရာမွတ္ဉာဏ္ေလးကိုေတာ့ ဦးေနွာက္ကဘာေၾကာင့္ပီပီျပင္ျပင္
မမွတ္မိရတာလဲ...."
ကိုယ့္ကိုကိုယ္သာ အျပစ္ဆိုမိသည္။
သားမိ၊သားဖသံုးေယာက္ စက္ဘီးေလးႏွင့္တိုင္းရင္းသားေက်းရြာထဲတြင္ ေပ်ာ္ေပ်ာ္ပါးပါးလွၫ့္ပတ္သြားခဲ့ၾကသည့္ ပံုရိပ္မ်ားကိုလည္း
ျမင္ေယာင္လာခဲ့သည္။
ပဲခူးျမစ္ႀကီးကိုအေပၚစီးမွေတြ့ရေသာအခါ တစ္ဖက္မွာ ပံုရိပ္ကိုေပြ့ခ်ီထားလ်ွက္
သံလ်ွင္တံတားႀကီးကို လက္ၫွိုးထိုးျပေနေသာ
အေဖ့စကားသံေတြကိုယခုအထိၾကားေယာင္ေနရတုန္းပင္။
ပံုရိပ္မွတ္မိသေလာက္မွာေတာ့ ငသန္လ်င္ကိုအစဲြျပဳျပီးအေလာင္းဘုရားလက္ထက္မွာ
သန္လ်ွင္ၿမိဳ႔ဟုအမည္ေပးခဲ့ပံုေတြ သံလ်ွင္တစ္ဖက္ကမ္းရိွ ဥကၠလာပတိုင္းျပည္မွ အိမ္ေရ႔ွစံမင္းနႏၵာႏွင့္ ေဘာဂေသနမင္း၏သမီးေတာ္ျဖစ္ေသာ သုသာန္တြင္ေနရသူရွင္ေမြ့ႏြန္းမင္းသမီးေလးတို႔၏ အခ်စ္ဇာတ္လမ္းအေၾကာင္းကိုလည္းေျပာျပခဲ့သည္။
ငမိုးရိပ္မိေက်ာင္းႀကီးဆိုေသာ ေရနတ္သတၲဝါ
အေၾကာင္းကိုေျပာျပခဲ့၍ ပံုရိပ္ကေတာင္
"ေဖေဖေရ...သမီးတို႔လည္းတစ္ေန့ၾကရင္ငမိုးရိပ္မိေက်ာင္းႀကီးကိုစီးရေအာင္....ၿမိဳေတာ့မခ်ေလာက္ပါဘူးေနာ္..."လို႔ေျပာေတာ့ ေဖႀကီးကရယ္သည္။
"သမီးရယ္...ငမိုးရိပ္ဆိုတာနတ္မိေက်ာင္းကဲြ႔...
ေဖေဖတို႔မျမင္ႏိုင္ဘူး...ရိွခ်င္မွလည္းရိွေတာ့မွာတဲ့ေလ...."
ထိုအခ်ိန္ကဆိုလ်ွင္ ခ်စ္သူႏွစ္ေယာက္ကိုေသကဲြကဲြေစခဲ့ေသာ မိေက်ာင္းႀကီးကိုပံုရိပ္မုန္းလည္းမုန္းသည္။ ႀကိမ္စႀကၤာႏွင့္အရိုက္ခံရ၍သနားလည္းသနားမိသည္။
ယခုပစၥုပၸန္မွာေရာ၊ေနာင္သံသရာအဆက္ဆက္မွာပါ ခ်စ္ရသူမ်ားႏွင့္ေသကဲြ၊ရွင္ကဲြ ကဲြရေသာေဝဒနာကိုမခံစားလိုပါေပ။
ေမေမသည္ ရိုးသားေသာ ေတာသူမေလး
တစ္ေယာက္ျဖစ္ၿပီး ေဖႀကီးကေတာ့မ်ိဳးရိုးစဉ္ဆက္ပညာတတ္၊ဥစၥာရိွမ်ိဳးရိုးမွဆင္းသက္လာသူျဖစ္သည္။
"ေဖေဖတို႔မ်ိဳးရိုးထဲမွာေလ...ဆရာ၀န္တစ္ေယာက္ေတာ့အၿမဲထြက္တယ္ကြ..."ဟုေဖႀကီးတစ္ခါကလက္ခေမာင္းခတ္၍ေျပာျပခဲ့ဖူးသည္။
🔥ဆူးႀကိဳး...🔥အခန္း(၂၆)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္


