🔥ဆူးကြိုး🔥
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၇)
"ပုံရိပ်...စောင့်နေရတာကြာသွားပြီလား..."
အနောက်ဘက်ဆီမှ ဦးနေမျိုးရဲ့အသံကိုကြားလိုက်မိတာနှင့် ရေပြင်ပေါ်ကိုကြည့်နေမိရာမှ ကန်ဟိုဘက်တွင်ရှိနေသော ပိတောက်ပင်ကြီးဆီသို့ အဓိပ္ပာယ်မဲ့စွာကြည့်လိုက်မိသည်။ပုံမှန်ဆိုရင် အားတဲ့အချိန်တိုင်းမှာ ပန်းချီဆွဲဖို့ခဲခြစ်နေတတ်သည့် ပုံရိပ်ဟာ
အခုတော့ လေအဝေ့မှာ နေရောင်ထိုး၍
တဖြတ်ဖြတ် လင်းလက်နေသော ကန်ရေပြင်ပေါ်သို့ သစ်ရွက်ကလေးတွေ ကြွေကျ၊ဝေကျနေတာကပင် ကဗျာဆန်သည်ဟု ထင်မနေမိဘူး။
အမြင်အာရုံကိုလာနှောက်ယှက်နေတဲ့ အာရုံနောက်စရာတွေလို့ဘဲ တွေးထင်နေမိတယ်။
ရေထဲသို့ ချထားမိသည့်ခြေထောက်တွေကိုလည်း ရေမျက်နှာပြင်ကို ယှက်တိုက်တို့ထိနေမိရာမှ ရပ်တန့်လိုက်မိတယ်။
မိတ်ဆွေလို့ ထင်ခဲ့မိပေမဲ့ လုံး၀ကိုမှားယွင်းခဲ့တယ်။ ယုံစားမိဖို့ ကြိုးစားခဲ့ပေမဲ့ ယုံမှားမိမဲ့စိတ်ကို ဓားတိတိနဲ့တစ်ခါတည်း ဖြတ်တောက်ခံလိုက်ရသလိုမျိုး ခံစားနေရတယ်။
မျက်၀န်းတွေကို မှိတ်ပစ်လိုက်ပြီး အတတ်နိုင်ဆုံးဒေါသတွေကို ထိန်းချုပ်ထားလိုက်မိပေမဲ့
ဒီလူ့အပေါ်မှာရှိနေတဲ့ မကျေနပ်ချက်တွေကဘယ်လိုမှ ဖျောက်ဖြတ်လို့မရဘူး။
"ပုံရိပ်...အတန်းပြန်တတ်ရတော့မယ်ကွ...
ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ..."
ကန်ဘောင်ပေါ်ရှိ သဲပေါ်တွင်တင်ထားသော လွယ်အိပ်ကိုဖုန်ခါလိုက်ပြီး ဦးနေမျိုးကိုစူးနင့်စွာ အဓိပ္ပာယ်ပေါင်းများစွာဖြင့် စိုက်ကြည့်လိုက်တယ်။အဒေါ့်ကို ကျောင်းမှာဆရာမနဲ့လာမတွေ့စေချင်လို့တောင် လပတ်စာမေးပွဲတိုင်းကို အောင်အောင်ဖြေခဲ့တယ်။
ဆရာမတွေကမိဘခေါ်ရမယ်ဆိုတိုင်း ဈေးသည်မကြီးအဒေါ့်ကို အပူတစ်ခုထပ်တိုးမပေးချင်လို့ မိန်းကလေးအတန်းရဲ့နောက်ဆုံးခုံမှာ ပြောင်းထိုင်ခဲ့တယ်။ကိုယ့်အကြောင်းကို အတင်းအဖျင်းပြောလာရင်လည်း မသိသလိုနေခဲ့တဲ့အပြင် အဒေါ့်ကိုပြဿနာတောထဲ ဆွဲမထည့်ချင်တာကြောင့် အတတ်နိုင်ဆုံးသည်းခံမှုကို ခေါင်းပေါ်မှာရွက်ထားခဲ့တယ်။
ဒီလူကတော့ ကျောင်းကကိစ္စတွေကို ချဲ့ကားပြီး
အဒေါ့်ကို ပြောပြခဲ့ပုံရတယ်။
ဒီနေ့မနက်ပိုင်းရဲ့ ကျောင်းတက်သည့်အချိန်မှာ "ဆရာမ၀င်ခွင့်ပြုပါ..ကျွန်မကပုံရိပ်ရဲ့အဒေါ်ပါလို့.."ပြောသွားခဲ့တဲ့ စကားလုံးတစ်လုံးစီတိုင်း၊ အခန်းထဲသိို့ခြေလှမ်းလာခဲ့တဲ့ သိမ်ငယ်နေတဲ့အကြည့်နဲ့ခြေလှမ်းလေးတွေတိုင်းက နှလုံးသားမှာ
မီးပြင်းပြင်း လောင်မြှိုက်နေသလို ပူလောင်သွားစေခဲ့တယ်။
အဒေါ်ကိုယ်တိုင် ကျောင်းကိုရောက်လာတည်းက
လက်ထောက်ချသူဟာ ဒီလူဆိုတာကို အတတ်သိလိုက်တယ်။
ပုံရိပ်မလုပ်စေချင်ဆုံး အရာကိုလုပ်လိုက်တဲ့ဒီလူ့ကို လုံး၀မကျေနပ်ဘူး။ဖြစ်နိုင်ရင် သူ့ရင်ဘတ်ကိုအချက်ပေါင်းများစွာပြေးထုလိုက်ချင်တယ်။
ကိုယ်နဲ့မဆိုင်ဘဲ ၀င်ပါနေတဲ့သူ့ကိုလည်း စကားလုံးကြမ်းတွေနဲ့ ထိုးနှက်ပစ်လိုက်ချင်တယ်။
သို့ပေမဲ့ ပုံရိပ်မလုပ်ဝံ့ဘူး။ဦးနေမျိုးကို မမှိတ်မသုန်ကြည့်ပြီးတော့သာ ခြေလှမ်းတွေကို ရွေ့လျားလိုက်မိတယ်။
"ဘာဖြစ်လို့...ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ၀င်ပါရတာလဲ...ဘာဖြစ်လို့အဒေါ့်ကိုကျောင်းလာဖို့ ပြောလိုက်ရတာလဲ..."
နေမျိုးလည်း ကောင်မလေးသူ့ကိုစိမ်းကားစွာကြည့်နေသည့် အကြောင်းအရင်းအမှန်ကိုသိလိုက်ရတာကြောင့် လည်ချောင်းရှင်းသွားအောင် တထွေးကို
အရင်မျိုချလိုက်ရသည်။
စိတ်ထဲမှာတော့ ဒီကိစ္စအတွက် စိတ်မသန့်တာမျိုးလည်း မဖြစ်မိဘူး။
မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ခဲ့တယ်လို့ဘဲ မြင်တယ်။
ဒီလိုမှမဟုတ်ရင် ဒီကောင်မလေးရဲ့ရှေ့ရေးက
ဇာတ်မျှောကြီးနဲ့သာ အဆုံးသတ်သွားရလိမ့်မယ်။
ကိုယ့်မျက်စိရှေ့မှာ မြင်နေရလျှက်နဲ့ မသိလို၊မကြားသလိုတော့ မနေနိုင်ဘူး။
"မေးနေတယ်လေ...ဘာဖြစ်လို့အဒေါ့်ကိုကျောင်းလာဖို့ ပြောလိုက်ရတာလဲ..ကိုယ်နဲ့မဆိုင်ဘဲ...ဘာလို့သူများရဲ့ ကိစ္စကို၀င်စွက်ဖက်ရတာလဲ.."
"မဟုတ်ဘူးပုံရိပ်...ငါဒီလိုလုပ်တာက မင်းရဲ့အတန်းပိုင်ဆရာမကိုယ်တိုင် အကူအညီတောင်းလို့..
မင်းရဲ့ကျောင်းကိစ္စနဲ့ပတ်သတ်ပြီး မင်းရဲ့အဒေါ်ကို သိစေချင်လို့လည်းပါတယ်...
အဓိကကတော့ မင်းအတွက်ကောင်းမယ်ထင်လို့ လုပ်လိုက်မိတာပါ..."
ပုံရိပ် နှုတ်ခမ်းတွေကိုတွန့်ချိုးပြီး မဲ့ပြုံးပြုံးလိုက်သည်။ဦးနေမျိုးကိုလည်း ပိုခက်ထန်သည့်မျက်၀န်းတွေနဲ့ စိုက်ကြည့်ပစ်လိုက်တယ်။
ပုံရိပ်အတွက် ကောင်းဖို့ပါတဲ့။ဒါဆိုရင် ပုံရိပ်ကဘာကြောင့် ပျော်ရွှင်မနေရတာလဲ။
သူ့လုပ်ရပ်က ပုံရိပ်ကိုကောင်းစေချင်တာမှမဟုတ်ပဲ။
စိတ်အနှောက်အယှက်ဖြစ်စေတာလို့ ပြောပစ်လိုက်ချင်တယ်။
"ကျွန်မကိုယ်တိုင်...တောင်းဆိုခဲ့လို့လား....
ကျွန်မအတွက်လို့ ပြောရအောင်...ဦးနေမျိုးနဲ့ကျွန်မကအဲ့လောက်ရင်းနှီးလို့လား...ကျွန်မရဲ့စိတ်ကိုမသိဘဲ...ကျွန်မဘ၀ကို ဘာလို့၀င်ခြယ်လှယ်နေရတာလဲ...အခုကျွန်မကြောင့် အဒေါ်မျက်နှာငယ်ငယ်နဲ့
ကျောင်းကို ဆရာမနဲ့လာတွေ့ခဲ့ရတယ်..အဲ့ဒါကျွန်မဖြစ်စေချင်တဲ့ အရာမဟုတ်ဘူး..."
"ပုံရိပ်...မင်းရဲ့ကလေးစိတ်နဲ့ ထင်ရာတွေ
လျှောက်ပြောမနေနဲ့...ကျောင်းသားနဲ့မိဘတွေ့ဆုံတယ်ဆိုတာ ဒါပုံမှန်ပဲ....မင်းရဲ့ဘ၀တိုးတက်ရေးအတွက်...ကျောင်းခန်းထဲကမင်းရဲ့အခြေအနေအမှန်ကို မင်းရဲ့အဒေါ်သိသင့်တယ်ထင်လို့..
ငါလုပ်လိုက်တာ.."
"မလိုဘူး...ကျွန်မဖြစ်စေချင်တဲ့ တစ်ခုတည်းသောအရာက ကျွန်မရဲ့အဒေါ်ကိုကျွန်မကြောင့် စိတ်မညစ်စေချင်တာပဲ...အခုဦးနေမျိုးလုပ်လိုက်လို့ အဒေါ်ဘယ်လောက်အထိ စိတ်ဆင်းရဲသွားမလဲဆိုတာ ကျွန်မတွေးမိတိုင်း စိတ်ဒုက္ခရောက်ရတယ်...."
ဒီကောင်မလေးရဲ့ စကားတွေကသူ့အတွက် ရင်းသီးလွန်းတယ်။ကိုယ်ဟာ သူစိမ်းလူတစ်ယောက်ဖြစ်လို့ သူပြောတာသဘာ၀ကျပေမဲ့ စေဒနာကနေ
ဝေဒနာဖြစ်သွားသလို ခံစားလိုက်ရတယ်။
ဘယ်လို စကားမျိုးနဲ့ဖြောင်းဖျရမလဲ ဆိုတာတောင်တွေးရကြပ်သွားတယ်။ကိုယ့်အတန်းထဲက ကျောင်းသားတွေဆိုရင် ဘယ်လိုအရေးကိစ္စဘဲဖြစ်ဖြစ် ကိုယ်တိုင်၀င်ဆုံးဖြတ်တာက ကိစ္စမရှိခဲ့
ပေမဲ့ သူမကတော့မတူဘူး။
အစတည်းက ခေါင်းမာတဲ့မိန်းကလေးဖြစ်တဲအပြင်
မှားတာကို သိနေလျက်နဲ့မပြင်တဲ့ လူမျိုးမို့ ပြုပြင်ပေးဖို့ ပိုခက်ခဲနေတယ်။
"ပုံရိပ်...မင်းရဲ့အတွေးတွေက တကယ်ကိုလွဲနေပြီ...
မင်းရဲ့အဒေါ်ကို စိတ်မညစ်စေချင်ရင် အပြောနဲ့ဘဲ
မပြီးဘူးကွ....မင်းလက်တွေ့လုပ်ပြရမှာ...သူမင်းကိုဘာကြောင့် မရှိတဲ့ကြားကနေကျောင်းထားနေတာလဲဆိုတာ မင်းနားလည်သင့်တယ်..."
"နားလည်တာပေါ့...နားလည်လို့လည်း အဒေါ့်ကိုရှေ့ဆက်ပြီး ဒုက္ခမပေးချင်တော့တာ...ကျွန်မတို့ရဲ့အိမ်အခြေအနေကို မသိဘဲ ကျွန်မကိုလာမဝေဖန်ပါနဲ့...ပေးဆပ်မှုမရှိဘဲ ရယူခြင်းနဲ့အချိန်ကုန်နေရတဲ့ဘဝကိုမလိုချင်တော့ဘူး....မိဘအရင်းတွေကတောင်စွန့်လွှတ်ခဲ့တဲ့ဘဝတစ်ခုကို အဒေါ့်ကိုအတင်းမကယ်တင်ခိုင်းချင်ဘူး....ကိုယ့်ဘက်ကအမြင်တစ်ခုတည်းနဲ့တခြားသူတစ်ယောက်ရဲ့
ဘဝကိုကောင်းသလား..ဆိုးသလား...မဝေဖန်ပါနဲ့...
ဦးနေမျိုးမှာ ဝေဖန်ပိုင်ခွင့်မရှိဘူး...."
ပုံရိပ်ရဲ့စကားကြောင့် တိတ်ဆိတ်သွားတဲ့သူ့ကိုကြည့်ပြီး ရင်ထဲမှာနာကျင်သွားသလိုဘဲ။
သူစိတ်ဆိုးသွားပြီထင်ပါတယ်။
စိတ်ထဲမှာ တိတ်တိတ်လေးမိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားမိတဲ့လူကိုပုံရိပ်ဆုံးရှုံးလိုက်ရပြီပေါ့။ဆုံးရှုံးချင် ဆုံးရှုံးရပါစေလေ။
သူဟာ ပုံရိပ်မကြိုက်တဲ့လုပ်ရပ်ကို လုပ်ခဲ့တာပဲ။
အဒေါ်က ဆင်းရဲပေမဲ့ ဈေးရောင်းပြီး ကျောင်းထားပေးနေတာကို ပုံရိပ်ကမကြိုးစားဘဲ နေချင်သလိုနေတယ်လို့ သူမြင်နေမှာပေါ့။
ပုံရိပ်ကိုသူ့စိတ်ထဲမှာ ဘော်ကျော့နေတတ်တဲ့ မိန်းကလေးဆိုပြီးအထင်သေးချင်သေးနေမှာပေါ့။
ပုံရိပ်ကလည်း ဘယ်သူအထင်ကြီးတာမှ မခံချင်ပါဘူး။
ဘွဲ့ရစေချင်တယ်။ပညာတတ်ကြီးဖြစ်စေချင်တယ်နဲ့ အပြောကတော့လွယ်တာပေါ့။
ပုံရိပ်ကအခုမှ ကိုးတန်းသာရှိသေးတယ်။
အိမ်မှာက ကျောင်းနေအရွယ်နှစ်ယောက်နဲ့
လုပ်ခလစာရှာတဲ့လူကတစ်ယောက်တည်းရယ်။
အိမ်ရဲ့တာ၀န်တွေအကုန်လုံးက အဒေါ့်ခေါင်းပေါ်မှာ။ထမင်းစားရင်တောင် သားသမီးတွေကိုအသား၊အဖက်ကလေး ခပ်ကျွေးပြီး သူကတော့အရိုးကိုဟင်းလုပ်စားနေရတာကို မြင်နေလျှက်နဲ့
ပုံရိပ်ဘယ်လိုကြည့်ရက်ပါ့မလဲ။
နောက်ထပ်ဆယ်တန်းတစ်နှစ်။
ဟော..နောက်ထပ်ရိုးရိုးတက္ကသိုလ်မေဂျာဆိုရင်တောင် လေးနှစ်တက်ရမဲ့ကိစ္စမှာ ဒီမိန်းမကြီးကို တာ၀န်တွေအကုန်လုံး ပခုံးပေါ်ကို ထမ်းခိုင်းထားရမှာလား။ ဒီလိုဆိုရင် ကျောင်းစာသင်ဖို့စိတ်မကူးဘဲ
လုပ်ငန်းခွင်ကိုသာ ၀င်ချင်နေတဲ့ပုံရိပ်ရဲ့စိတ်ကူးတွေကမှားနေသလား။ဘယ်သူ့ကိုမှ အပစ်မတင်ချင်ပါဘူး။ဦးနေမျိုးကိုလည်း အပစ်မတင်ချင်ဘူး။
သူလည်း စေတနာနဲ့ပါ။
ပုံရိပ် ကိုယ့်ဘ၀ကိုယ်သာအပစ်တင်ချင်တယ်။
အားငယ်တတ်တဲ့လူဖြစ်နေလို့ အပစ်တင်ချင်တယ်။
သတ္တိရှိဖို့ ကြိုးစားမရလို့ အပစ်တင်ချင်တယ်။
ကိုယ့်ဘ၀အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်
မရပ်တည်နိုင်သေးလို့ အပစ်တင်ချင်တယ်။
ကိုယ့်ကိုကိုယ် သန်မာလှပြီထင်နေပေမဲ့ တကယ်တော့ပုံရိပ်ဟာ အားငယ်လွယ်ပြီး ပျော့ညံ့တတ်တဲ့လူတစ်ယောက် ဖြစ်နေတုန်းဘဲ။
၀မ်းနည်းစရာအတွေးတွေအားလုံး ခေါင်းထဲမှာပလုံစီလာတဲ့အခါ သူစိမ်းတစ်ယောက်ရဲ့အရှေ့မှာ
ပုံရိပ်မျက်ရည်ကျဖို့ဖြစ်လာခဲ့တယ်။
သဲပြင်ပေါ်မှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး ရှိုက်ကာငိုမိတယ်။
မျက်ရည်စက်လေးတွေကတော့ သဲပေါ်သို့တစ်စက်ကျသွားတိုင်း ချိုင့်ခွက်ပုံစံလေးဖြစ်သွားပေမဲ့ ပုံရိပ်ငိုလို့ အားမရသေးဘူး။
အသံမထွက်အောင် အံကိုကြိတ်ထားလိုက်မိတယ်။
"ပုံရိပ်....ငိုနေတာလား...."
ပခုံးပေါ်သို့ ခပ်ဖွဖွတို့ထိလာသည့် သူ့ရဲ့လက်ဖဝါးနွေးနွေးကို ခံစားလိုက်မိတော့ သတိလက်လွတ်ငိုနေမိသည့် ကိုယ့်အဖြစ်ကို ပြန်အံ့ဩနေမိတယ်။
ပါးပြင်ကို စမ်းကြည့်လိုက်တော့ မျက်ရည်တွေဟာ
တာကျိုးခဲ့သည့်အလားပင်။မျက်ရည်စီးချောင်းဟာ လည်ပင်အထိတောင် ရောက်တယ်။
"တောင်းပန်ပါတယ်...ပုံရိပ်ရဲ့ခံစားချက်ကို
ထည့်မတွေးလိုက်မိဘူး...အမှားတစ်ခုဆိုရင်တောင် စေတနာအမှားလို့ ပြောရင်လက်ခံပေးနိုင်မလား...."
လက်ခံပေးနိုင်မလားတဲ့။ ပုံရိပ်ဘက်ကဒီလောက်အထိ နင့်သီးစွာ ပြောလိုက်မိတာတောင် စိတ်မဆိုးတဲ့အပြင် အလျှော့ပေးနေတုန်းပဲ။ဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူဟာတကယ့်ကိုမှ လိုက်ဖက်ညီတဲ့လူပါဘဲ။
"ပုံရိပ် ကိုယ့်ကိုတစ်ခုခုပြောမပြချင်ဘူးလား..."
သူ့ရဲ့အသံဟာ ရေခဲတောင်ထိပ်ပေါ်ရောက်နေတဲ့အချိန် လေနွေးနွေးဖြတ်တိုက်သွားသလိုမျိုး ရင်ထဲမှာ နွေးထွေးမှုလေး လွှမ်းခြုံပေးထားသလိုဘဲ။
ဟိုတစ်နေ့က သူ့ကိုယ်ပေါ်မှာ ရခဲ့တဲ့ဒယ်အိုးနံ့ကလည်း သူ့ကိုယ်ပေါ်မှာလုံး၀မရှိတော့ဘူး။
ခရေနံ့သင်းသင်းလို ရနံ့လေးတော့ရတယ်။
ဒီရေမွှေးကို ပုံရိပ်သိတယ်။
ဘယ်စတိုးလ်ဆိုင်မှာဘဲ သွား၀ယ်၀ယ်
ဈေးသက်သက်သာသာနဲ့အလွယ်တကူ၀ယ်လို့
ရနိုင်တဲ့ စံပယ်ရနံ့ရေမွှေးပါပဲ။
တန်ဖိုးကြီး ရေမွှေးပုလင်းတောင်၀ယ်မသုံးနိုင်တဲ့လူကြီးက သူ့ရဲ့ကြင်နာမှုလေးကို ပုံရိပ်အတွက် အသုံးချနေလေရဲ့။သူဟာ အင်မတန်စေတနာကောင်းတဲ့လူမှန်း ပထမဆုံးစတွေ့တဲ့နေ့တည်းက သိခဲ့ရပါတယ်။
"ပုံရိပ်... ခံစားချက်တွေကိုရင်ထဲမှာဘဲ သိမ်းထားတတ်တဲ့ အကျင့်က လုံး၀မကောင်းဘူး....ငိုချင်ရင်ငိုချပစ်လိုက်...ရယ်စရာဆိုလည်းရယ်ပစ်လိုက်...
ထိခိုက်နစ်နာခဲ့ရတာတွေရှိရင်...မျိုသိပ်ထားရတာတွေရှိရင်...တစ်ယောက်တည်းကြိတ်မှိတ်ပြီးမခံစားပါနဲ့...ပုံရိပ်ရဲ့အဒေါ့်ကိုလည်းပြောပြလို့ရသလို...
သူငယ်ချင်းတွေကိုလည်း ရင်ဖွင့်လို့ရတယ်..
ကိုယ့်ကိုလည်း ရင်ဖွင့်လို့ရတယ်..ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကတိပေးတယ်ကွာ...
ကိုယ်ပြောတာနားလည်လား..."
မျက်ရည်တွေကို လက်ခုံနဲ့သုတ်ကာ
ကိုယ့်လွယ်အိတ်ကို ကိုယ်ဆွဲပြီး ဦးနေမျိုးရဲ့ဘေးမှ ဖြတ်လျှောက်ခဲ့လိုက်တယ်။
ရှေ့သို့ တစ်လှမ်းနှစ်လှမ်းလောက် အရောက်မှာ သူ့ဘက်ကိုလှည့်ကြည့်လိုက်မိပါတယ်။ဒီအတိုင်းထွက်သွားရင် ရိုင်းလွန်းရာကျနေမှာပေါ့။
ဆရာမက တွေ့ခွင့်တောင်းလို့သာသူလည်းအဒေါ့်ကို ပြောလိုက်မိတာဘဲဥစ္စာ ပုံရိပ်ကိုတမင်ရန်ရှာတာမှ မဟုတ်ဘဲ။ ကိုယ်ကသာ သူ့ကိုရန်လာလုပ်နေမိတာ။ဒါပေမဲ့ စကားတွေအများကြီးပြောမထွက်ဘူး။ မပြောတတ်တာဆိုရင် ပိုမှန်ပါလိမ့်မယ်။
အခုထိ ပုံရိပ်ကိုကြည့်နေတဲ့ သူ့မျက်၀န်းတွေထဲမှာ စိုးရိမ်စိတ်တွေပါနေတုန်းဘဲ။
သူ့ကိုယ်သူလည်း အပြစ်တင်နေပုံရတယ်။
"ကျေးဇူးတင်ပါတယ်...နောက်ပြီးတောင်းပန်ပါတယ်....စိတ်လိုက်မာန်ပါ ပြောလိုက်မိတယ်...
အရမ်းရိုင်းသွားရင် စိတ်မရှိပါနဲ့..."
ပုံရိပ်ရဲ့ တောင်းပန်စကားကိုကြားတော့ သူပြုံးပြလာတယ်။သူ့ရဲ့အနောက်ဘက်က ရေကန်ကြီးထဲကိုနေရောင်ကထိုးနေတော့ သူ့ကိုယ်ပေါ်ကိုပြန်ဖြာကျလာတဲ့အလင်းကြောင့် သူ့ရဲ့ဝါ၀င်း၀င်းအသားအရည်ကလည်း ပိုပြီးအရောင်တောက်သွားတယ်။
သူ့ရဲ့အပြုံးက ကျေနပ်သွားတာလား။စိတ်သက်သာရာရသွားတာလားတော့ မခန့်မှန်းတတ်ပေ။
ပုံရိပ်လည်း မျက်နှာကိုတစ်ဖက်သို့လှည့်လိုက်ပြီး သက်ပြင်းချလိုက်မိတယ်။
သူစိတ်မဆိုးတာ သိပ်ကောင်းတယ်။ပုံရိပ်ကို ဒီလိုစိုးရိမ်ပေးတဲ့လူ ၊ဆုံးမပေးချင်တဲ့လူ နဲ့ကောင်းပေးချင်တဲ့လူက ခပ်ရှားရှားဖြစ်နေတော့ သူလိုမိတ်ဆွေတစ်ယောက်ကို ကိုယ့်အပေါ်မငြိုငြင်သွားစေချင်ဘူး။
သူ့အပေါ်ကို မကျေမနပ်ဖြစ်မိ၊စိတ်ဆိုးဒေါသထွက်မိတာတော့ မှန်ပေမဲ့ ကိုယ့်အပေါ်ကို သူမကျေမနပ်ဖြစ်သွားမှာကို ပိုပြီးမလိုလားဘူး။
"အိမ်ကိုဂရုစိုက်ပြန်နော်...."
ဘုရားရင်ပြင်ပေါ်ကို ခြေလှမ်းနေမိစဉ် အနောက်ဘက်မှ အော်ပြောလာတဲ့ သူ့ရဲ့စကားသံကြောင့်
ပုံရိပ်ရင်ထဲမှာ အပြုံးပန်းလေးတစ်ခုပွင့်ခဲ့တယ်။
အပြင်ဘက်မှာတော့ ငိုထားတဲ့ကိုယ့်မျက်လုံးနီအစ်အစ်တွေကို ပြေးရင်းလွှားရင် စူးစမ်းသွားကြတဲ့ကလေးတွေကြောင့် ရယ်မနေနိုင်ပေ။မျက်လုံးတွေကို မသိမသာကွယ်ပြီး ဘုန်းကြီးကျောင်းထဲမှာ ခြေထောက်ဗလာနဲ့ ခြံ၀န်းတံခါးဆီကို အပြေးသွားနေမိတယ်။ ကျောင်းဆောင်တစ်ခုအရှေ့ကနေ ဖြတ်လျှောက်မိတော့ ပုံရိပ်ကိုလှမ်းကြည့်နေတဲ့ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
သူ့နာမည်ကိုမမှတ်မိတော့ပေမဲ့ ဦးနေမျိုးကသူ့ဆီက မွေးနေ့လက်ဆောင်ကိုယူပြီးပုံရိပ်ကိုပေးလိုက်လို့ မကျေမနပ်ဖြစ်သွားတဲ့ ကောင်မလေးဆိုတာတော့မှတ်မိလိုက်တယ်။သူ့မျက်နှာက ဆူပုပ်ပုပ်ကလေးဖြစ်နေပြီး ပုံရိပ်ကိုလည်းခပ်တည်တည်နဲ့စိုက်ကြည့်နေတယ်။သူ့ရဲ့ပုံစံက ပုံရိပ်ကိုအခုထိမကျေနပ်နေသလို ပုံမျိုး။ဦးနေမျိုးက သူ့ကိုလက်ဆောင်အစားပြန်မ၀ယ်ပေးလို့များလား။
ဒါမှမဟုတ် ပုံရိပ်ရဲ့မျက်နှာကဘဲ သူ့အဖို့မုန်းစရာကောင်းနေလို့များလား။
"ဟဲ့...ကစားမယ်လေ..."
အခြားအတန်းဖော်တစ်ယောက်က လှမ်းခေါ်လိုက်တော့ ကောင်မလေးလည်း အနောက်ကိုလှည့်ပြေးသွားတယ်။ပုံရိပ်လည်း ဘုန်းကြီးကျောင်းအပြင်ကိုရောက်တာနဲ့ ဖိနပ်ကောက်စွပ်လိုက်ပြီး အိမ်သို့သာပြန်လာခဲ့လိုက်တယ်။ဘုန်းကြီးကျောင်းနဲ့ ပုံရိပ်တို့ရဲ့အိမ်က တကယ်တော့နီးနီးလေးပါဘဲ။ဘုန်းကြီးကျောင်းက ကားလမ်းအထိပေါက်တဲ့ တာလမ်းမကြီးဘေးမှာရှိပြီး။
ကျောင်းဟိုဘက်အခြမ်းမှာဆို ကျူပင်နဲ့ မြက်ရိုင်း တွေပေါက်နေတဲ့ လမ်းရှိပြီးတိုက်ပျက်ကြီးတွေလည်း ရှိတယ်။
ကန်စွန်း၊ချဥ်ပေါင်စိုက်ကြတဲ့ စိုက်ခင်းတွေလည်းကားလမ်းဘေးက တူးမြောင်းကြီးအလွန်မှာ
ရှိတယ်။ ကျောင်းပိတ်ရက်ပန်းချီဆွဲချင်တိုင်း စိုက်ခင်းတွေဘက်ကို သွားတတ်ပေမဲ့ လူပျက်တဲ့နေရာမို့ အရမ်းလည်းမသွားရဲဘူး။
ပုံရိပ်တို့နေတဲ့ လမ်းကတော့ လမ်းမကြီးကိုကန့်လန့်ဖြတ်ထားတဲ့ လမ်းသွယ်တစ်ခုထဲကို ချိုးကွေ့၀င်ရတာဖြစ်ပြီး အရိပ်ရအပင်တွေလည်းများတယ်။မိုးရွာတဲ့အချိန်မဟုတ်ပါက ဆယ့်နှစ်ရာသီလူစည်နေတတ်သည့် လမ်းကလေးပါဘဲ။
ညဘက်ဆိုလည်း ဆယ်နာရီမထိုးခင်လောက်အထိ
လမ်းပေါ်မှာ ကလေးတွေရောလူကြီးတွေပါ ထွက်နေလေ့ရှိကြတယ်။အကြောင်းကတော့ ပူလွန်းတဲ့ရာသီဥတုကြောင့်ပါပဲ။ မိုးဖျောက်ဖျောက်ရွာရင်တော့ နေလို့ထိုင်လို့ကောင်းပေမဲ့ မိုးမရွာတဲ့နေ့တွေဆိုရင် အိမ်အခေါင်းထဲမှာ ချွေးတွေကိုသီးလို့ နောက်ဆုံးဘယ်လိုမှ မနေနိုင်ဖြစ်လာကြပြီး
ပန်ကာမလိုဘဲ လေရတဲ့အိမ်ရှေ့သို့သာ စကားစမြည်ပြောကြရင်း ထွက်ထိုင်လေ့ရှိကြတယ်။
အဒေါ်တို့လည်း အပါအ၀င်ပေါ့။
နေရိပ်ထိုးတဲ့ သစ်ပင်တွေအောက်မှ ကပ်လျှောက်လာရင်းနဲ့ ပုံရိပ်တို့ခြံရှေ့ကိုရောက်တော့ အိမ်ရှေ့က
ကုက္ကိုလ်ပင်ကြီးအောက်တွင် သစ်မြစ်ပေါ်မှာထိုင်နေသည့်အဒေါ့်ကို တွေ့လိုက်ရတယ်။
နေကောင်းကာစဖြစ်နေတဲ့ မိစုကတော့ အခြားကလေးတွေနဲ့ ဂေါ်လီလုံးလှိမ့်တမ်းကစားနေတယ်။
မြေကြီးပေါ်မှာစတုရန်းပုံစံ ခပ်သေးသေးအဝိုင်းလေးကို တုတ်နဲ့ဆွဲထားပြီး အလယ်မှာဂေါ်လီလုံးလေးတွေကို ပုံထားကာ စည်းတားထားတဲ့နေရာလေးကနေ ကိုယ့်ဂေါ်လီလုံးနဲ့မိစုက လှမ်းလှိမ့်လိုက်သည်။
"တောက်"ကနဲဆိုသည့် အသံလေးနဲ့အတူ စည်းထဲမှဂေါ်လီလုံးလေးနှစ်လုံးက အပြင်ကိုကန်ထွက်လာခဲ့တယ်။ဒါဟာ မိစုအကျွမ်းကျင်ဆုံးကစားနည်းပါဘဲ။
အဒေါ့်ကို တစ်လှည့်ကြည့်လိုက်တော့ ဒူးနှစ်လုံးကိုထောင်ထားပြီးဒူးဆစ်ပေါ်ကို လက်ထောက်ထားကာ ငိုင်နေသည်။ကလေးတွေ ဆော့ကစားနေတာကို ကြည့်နေခြင်းလည်းမဟုတ်ဘူး။တစ်ခုခုကို အတွေးနက်နေပုံပေါ်နေတယ်။အဒေါ့်မျက်လုံးတွေကလည်း ရီဝေနေပြီး ညိုးလျော်နွမ်းလျှနေတယ်။
ဒီနေ့ကျောင်းက ဆရာမရဲ့စကားတွေကြောင့် အဒေါ်ငိုင်နေတာများလား။
အဒေါ်ပုံရိပ်ကို စိတ်ပျက်သွားပြီထင်ပါတယ်။
အဒေါ်ငြိုငြင်မှာကို ပုံရိပ်သိပ်ကြောက်တယ်။
ပုံရိပ်မှာ အားကိုးစရာ၊တွယ်တာစရာဟာ အဒေါ်နဲ့မောင်လေး၊ညီမလေးတွေသာ ရှိလို့ ပုံရိပ်ကို
မလိုလားမှာကို သိပ်ကြောက်တယ်။
"ဒေါ်လေး...ထွန်းကိုကျောင်းသွားပြီလား...."
အမှန်တော့ ဘုန်းကြီးကျောင်းကို၀င်နေတာကြောင့် အိမ်ပြန်တဲ့အချိန်က ပုံမှန်ထက်နောက်ကျနေတယ်။
ဒီအချိန်ဆို ထွန်းကိုတစ်ယောက်ကျောင်းကို ရောက်နေလောက်ပြီ။ဘယ်လို စကားအစချီရမှန်းမသိတာကြောင့် ထွန်းကိုရဲ့နာမည်ကို ကြားခံနယ်လုပ်လိုက်ပြီး ဒေါ်လေးရဲ့ဘေးနားရှိ သစ်မြစ်ပေါ်ကို
ရောရောယောင်ယောင်နဲ့ ထိုင်ချလိုက်မိတယ်။
ပုံရိပ်မေးချင်နေမိတယ်။ဆရာမက ဘာတွေပြောလိုက်သလဲလို့ပေါ့။ ဒေါ်လေးကတော့ နှုတ်ဆိတ်ပြီးအရမ်းကို တည်ငြိမ်နေတယ်။ပုံရိပ်ကသာ ဒေါ်လေးရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေမိတယ်။
"ပုံပုံ....ကျောင်းမှာအဆင်မပြေတာတွေရှိနေတာ ဒေါ်လေးကို ဘာလို့မပြောခဲ့တာလဲ...."
ဒေါ်လေးဆီကနေ ပထမဆုံးကြားရတဲ့စကားက အရမ်းကိုပြေပြစ်နေတယ်။
ပုံမှန်ဆိုရင် ဒေါ်လေးကဒီလိုမဟုတ်ဘူး။
တောသူပီပီ ဘွင်းဘွင်းရှင်းရှင်းပြောတတ်ဆိုတတ်ပြီး အဆူ၊အဆဲနဲ့ အအော် အငေါက်ကလည်း
မပါမဖြစ်ဘဲ ။
ပုံရိပ်ကို စိုးရိမ်လို့သာဒေါ်လေးက သူ့စိတ်ကိုသူထိန်းချုပ်ထားတာနေမယ်။ဒီလိုဆိုတော့ ဒေါ်လေးကိုပိုပြီးတော့တောင် သနားမိတယ်။စား၀တ်နေရေးအတွက် ပူရတဲ့အပြင် ပုံရိပ်ကပါ တစ်ပူတိုးအောင်လုပ်မိနေပြီ။
"သမီးကြောင့် ဒေါ်လေးစိတ်ရှုပ်ရမှာစိုးလို့ပါ..."
ဒေါ်လေးက ပုံရိပ်ရဲ့ဦးခေါင်းလေးကို တစ်ချက်
ခပ်ဖွဖွပုတ်လိုက်ပြီး ပုံရိပ်ရဲ့မျက်၀န်းတွေထဲအထိ လေးနက်လွန်းစွာကြည့်လာတယ်။
ပြုံးလည်း ပြုံးပြလာတယ်။
ဒေါ်လေးရဲ့ ပါးပြင်ချိုင့်ချိုင့်လေးတွေဟာ ပိုပြီးတော့သရုပ်ပေါ်လာတယ်။ဘယ်ဘက်အံသွားနှစ်ချောင်းက ကျိုးထားပြီး ပြန်မဆိုက်နိုင်သေးလို့ ဒေါ်လေးရဲ့ဘယ်ဘက်ပါးက အနည်းငယ်ချိုင့်၀င်နေတယ်။
"ပုံပုံ့ရဲ့အမြင်မှာ ဒေါ်လေးက..ကလေးသုံးယောက်ကြောင့် စိတ်ရှုပ်ရတယ်လို့ ထင်နေတာလား...
တကယ်တော့ ပုံပုံရယ်..မိစုရယ်..ထွန်းထွန်းရယ်က
...ဒေါ်လေးအတွက်ရှေ့ဆက်ရှင်သန်နိုင်ဖို့ ခွန်အားပေးနေတဲ့...ဆေးလုံးလေးတွေဘဲ...မိခင်တစ်ယောက်ဟာ ကလေးတစ်ယောက်ကို ၀မ်းထဲမှာအပင်ပန်းခံပြီး လနဲ့ချီလွယ်ထားခဲ့တည်းက
ဒီကလေးအတွက် အသက်ကိုတောင်ရင်းနှီးထားပြီးသားပဲ..ကိုယ့်ရဲ့ကလေးတွေကောင်းစားဖို့ဆိုရင် ဒေါ်လေးကိုယ့်အသက်ကိုယ်တောင် ရင်းနှီးရဲတယ်..."
ဒါပေမဲ့ ပုံရိပ်ကဒေါ်လေးရဲ့ သားသမီးအရင်းမဟုတ်တော့ သက်သက်ကြီးအနစ်နာခံသလိုဖြစ်နေမှာပေါ့လို့ စိတ်ထဲကနေပြောလိုက်မိတယ်။ရန်ကုန်လိုနေရာမှာ ရေကအစ အလကားမရတာကြောင့်
လူတစ်ယောက်အတွက် စာရိတ်တစ်နှစ်မပြောနဲ့တစ်လတောင်တော်တော်များ နေပြီ။အခုတော့ ဒေါ်လေးတို့အိမ်မှာ ပုံရိပ်သောင်တင်နေတာ
နှနှစ်ကျော်သွားခဲ့ပြီ။အဒေါ့်ကို ဆန်တစ်စိဖိုးတောင် ပြန်မထောက်ပံ့နိုင်သေးဘူး။
"ပုံပုံ့ကို ဒေါ်လေးတစ်ခုမေးမယ်.."
"ဟုတ်ကဲ့..."
"ကျောင်းတက်ရတာ မပျော်ဘူးလား...
ဘာကြောင့် ကျောင်းမှာသူငယ်ချင်းမထားတာလဲ...ဒေါ်လေးကိုအမှန်အတိုင်းပြောနော်.."
ပုံရိပ် ခေါင်းကိုသာတွင်တွင်ငုံ့ထားလိုက်မိတယ်။
ပုံရိပ်ရဲ့အမြင်အာရုံထဲမှာ မြေကြီးတွေကိုသာ မြင်နေရတယ်။
တစ်ယောက်သောသူရဲ့ ငိုချင်ရင်ငိုချလိုက်ဆိုတဲ့စကားအတိုင်း ပုံရိပ်ငိုမိတယ်။
မျက်ရည်တွေက မြေကြီးပေါ်ကို တပေါက်
ပေါက်ကြလာခဲ့တယ်။
ထိုအခါ ဒေါ်လေးဆီကနေ သက်ပြင်းရှိုက်သံကိုကြားလိုက်ရတယ်။သိပ်မကြာပါဘူး ပုံရိပ်ရဲ့
ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးလာတယ်။
ပုံရိပ်ရဲ့ ခံစားချက်ကို ဒေါ်လေးတကယ်ပဲနားလည်တာလား။ဒါဆိုရင် ပုံရိပ်ငိုနေတာဘာကြောင့်လဲဆိုတာ သိမှာပါ။ပုံရိပ် ဘယ်သူ့ကိုသတိရနေသလဲ
ဆိုတာကိုရောပေါ့။
ဒေါ်လေးကို မျက်ရည်ဝဲနေတဲ့မျက်၀န်းတွေနဲ့ မော့ကြည့်လိုက်မိတယ်။ပုံရိပ်ပြောမဲ့ စကားကဒေါ်လေးကို ဒေါသထွက်သွားစေနိုင်ပေမဲ့
ပွင့်လင်းမှ ဖြစ်တော့မယ်။ပုံရိပ် မျက်ရည်တွေကို သုတ်လိုက်ပြီး ဒေါ်လေးကိုခပ်ရဲရဲစိုက်ကြည့်လိုက်တယ်။
"ဒေါ်လေး...သမီးကို ကျောင်းထွက်ခွင့်ပေးပါ..သမီးကျောင်းထွက်ချင်တယ်..."
ပုံရိပ်ရဲ့ နှုတ်ခမ်းထပ်ကနေ ရဲရဲဝံ့ဝံ့နဲ့ တုန့်ဆိုင်းမနေဘဲ ပြောလိုက်တဲ့စကားကိုကြားတော့ ဒေါ်လေးရဲ့မျက်ခုံးတန်းတွေတွန့်ကျုံ့သွားတယ်။ဒေါ်လေး သေချာပေါက်သဘောမကျဘူးဆိုတာ ပုံရိပ်သိပြီးသားပါ။
ဒါပေမဲ့ ပုံရိပ်ရှေ့ဆက်ပြီး ဒုက္ခမပေးချင်တော့ဘူး။
ဒေါ်လေးက"ဘာလို့ကျောင်းထွက်ချင်တာလဲလို့.."
မေးလာခဲ့တယ်။
"သမီးအလုပ်လုပ်ချင်တယ်...ဒေါ်လေးပင်ပန်းနေတာကို မကြည့်ရက်ဘူး...သမီးတလှည့်ပြန်လုပ်ကျွေးပါရစေလို့ .."ပြောလိုက်တော့ ဒေါ်လေးကသဘောတကျနဲ့ ရယ်မောလိုက်တယ်။ပုံရိပ်ရဲ့စကားထဲမှာ ရယ်စရာလည်းတစ်ခွန်းမှမပါဘဲ ရယ်လိုက်တာကြောင့် ပုံရိပ်နဲနဲတော့ ခေါင်းရှုပ်သွားတယ်။
ပြီးတော့မှ ပုံရိပ်သိလိုက်တာဟာ ဒေါ်လေးကသူ့စိတ်ကို ပြင်ဆင်ဖို့ ခဏတာရယ်လိုက်တာဖြစ်ပြီး တစ်ဆက်တည်းမှာ မျက်နှာချက်ချင်းတည်ကြသွားတယ်။
"မေကြီး...ဟိုမှာရေခဲချောင်းသည်လာနေတယ်
...သမီးရေခဲချောင်း စားချင်လိုက်တာ..."
မိစုလေးက ဂေါ်လီလုံး လှိမ့်နေရင်းနဲ့ပြေးလာတာကြောင့် ဒေါ်လေးက သင်္ဘောသားဂျာစီအိင်္ကျီထဲမှ ပိုက်ဆံတစ်ရာတန်ကို ထုတ်ပြီး ပေးလိုက်တယ်။
မိစုကလည်း သူ့အဖော်တစ်သိုက်နဲ့အတူ ပြေးသွားကာ ရေခဲချောင်းသွား၀ယ်လေသည်။
ကလေးတွေကို ကြည့်နေရင်းကနေ အဒေါ့်ရဲ့မျက်နှာပြုံးလိုက်တာကို ပုံရိပ်သေချာတွေ့လိုက်ရတယ်။
"အဒေါ်တို့ငယ်ငယ်တုန်းကဆို...ဒီလိုရေခဲချောင်းကို ၀ယ်စားနိုင်ဖို့မပြောနဲ့ အနံ့တောင်မရှူခဲ့ရဖူးဘူး...
ငယ်ငယ်က စာတတ်ချင်လို့ ကျောင်းသုံးကျောင်းလောက်ကို ပြောင်းခဲ့ရဖူးတယ်..တောမှာဆိုတော့
စာသင်တာတောင် ကျောင်းဆိုပြီးသတ်သတ်မှတ်မှတ် မရှိပါဘူး...ချောင်းစပ်ကဇရပ်ကလေးမှာ
လူစုပြီး စာသင်ခဲ့ရတာ.…ပျော်ဖို့တော့ကောင်းတာပေါ့လေ...ဒါပေမဲ့ မိုးရွာတဲ့အခါ ဇရပ်ကလေးမှာတံခါးမရှိတော့ ချမ်းလိုက်တာမှပြောမနေနဲ့..
တတိယတန်းလောက်ရောက်တော့
ရွာဘုန်းကြီးကျောင်းမှာဆရာတော်က ရွာမှာစာသင်ကျောင်း တစ်ကျောင်းတော့ လိုအပ်တယ်ဆိုပြီး အစိုးရကိုလျှောက်တယ်...နောက်ပိုင်းတတိယတန်းကို အစိုးရကျောင်းမှာ တရား၀င်တတ်ခဲ့ရတာပေါ့...ကံကလည်းမကောင်းပါဘူး...ဒေါ်လေးက
စာသိပ်တတ်ချင်ခဲ့တာ..စာသင်နေရရင်ကိုပျော်နေတာ...မြန်မာစာ စာလုံးဝိုင်းဝိုင်းလေးတွေကို
ဘုန်းဘုန်းကသင်ပေးလိုက်ရင်
....အလကားနေကစားရင်းနဲ့တောင်
မြေကြီးမှာလည်း ရေးခြစ်နေတတ်တာဘဲ
...ဂဏန်းသင်္ချာဆိုလည်း တွက်ရတာအရမ်းကြိုက်ဘဲ....တတိယတန်းအောင်တော့ အဖေကကျန်းမာရေးမကောင်းတာနဲ့ ဒေါ်လေးတို့ညီအစ်မတွေ ကျောင်းဆက်တက်ခွင့်မရကြတော့ဘူး...
အဖေကပန်းနာရင်ကျပ်လေ...ချောင်းဆိုးရင်သွေးပါအန်တယ်...အဲ့လိုအခါမျိုးဆို ကလေးစိတ်နဲ့ဆို
တော့ အဖေသေတော့မှာဘဲဆိုပြီး ညီအစ်မတွေဖက်ပြီး ခဏခဏငိုခဲ့ရတယ်...အဲ့အချိန်ကဒေါ်လေးတို့ရဲ့အသက်က ဆယ်နှစ်တောင်မပြည့်တတ်သေးပါဘူး.
ဒါပေမဲ့...ဒေါ်လေးတို့ရဲ့ လက်ကလေးတွေမှာ
သွေးခြေလေးတွေ ဥနေပြီး...အသားမာတွေတောင် တတ်တယ်..ဘာဖြစ်လို့လဲဆိုတော့...
ဟိုအိမ်ကငါးရွေးဆိုလည်း ညီအစ်မတတွေ
ငါးပြေးရွေးရတယ်...
အရွယ်နဲ့မမျှအောင် နေပူထဲမှာလည်းပဲနှုတ်တဲ့ အလုပ်တွေလုပ်ခဲ့ရတယ်..အိမ်မှာက တိရိစ္ဆာန်အကောင်ပလောင်တွေ မွေးထားတဲ့အပြင် ခြံကျယ်တော့...ကွမ်းပင်တွေစိုက်တယ်လေ....ကွမ်းရွက်တွေကိုခူးပြီးရင် မြို့ကိုဒိုင်ချဖို့လုပ်တိုင်း အမေနဲ့လိုက်လိုက်သွားခဲ့တယ်....အဲ့ဒီ့ခောတ်ကတော့ မော်တော်နဲ့မဟုတ်ရင်...ခြေလျှင်ပဲ...မဟုတ်ရင်တော့
ထော်လာဂျီနဲ့ သွားရတာပေါ့...မြို့ကိုဒိုင်သွားချရင်းနဲ့ ကျောင်းသားလေးတွေများ အပေါ်မှာအဖြူလေးတွေကို သပ်သပ်ရပ်ရပ်၀တ်လို့ အစိမ်းရောင် လုံချည်လေးတွေနဲ့ လွယ်အိတ်ကလေးတွေကိုလွယ်ထားတာကိုများတွေ့ရင် ငေးလိုက်ရတာ
တမေ့တမော...အဲ့အချိန်မျိုးဆိုမျက်ရည်ဝဲမိတယ်
...ဒေါ်လေးကကျောင်းတတ်ရတာကို အရမ်းနှစ်သက်ခဲ့တာကို...
စာသင်ရရင်ကိုပျော်နေတာလေ....သူများတွေတတ်တော့ ကိုယ်လည်းတတ်ချင်တာပေါ့....အမေ့ကိုတော့မပြောရဲပါဘူး...အမေစိတ်မကောင်းဖြစ်မှာစိုးလို့...အဲ့ဒီ့အချိန်မှာတည်းက ဒေါ်လေးမှာအတွေးတစ်ခု၀င်ခဲ့တယ်....ငါ့မှာမောင်လေး ညီမလေးတွေသာရှိရင် ...ပညာရေးကိုဆုံးခန်းတိုင်အောင်
ထားချင်တယ်ဆိုပြီး တွေးခဲ့ဖူးတယ်..."
ဒေါ်လေးက ငယ်ဘ၀အကြောင်းကိုပြောနေရင်းနဲ့ မျက်ရည်လေးတွေဝဲရှာတယ်။ပုံရိပ်ကိုယ်တိုင်ကလည်း စာဖတ်ရတာဝါသနာပါတဲ့သူဖြစ်လို့ ဒေါ်လေးရဲ့စကားအသွားအလာကို မှန်းမိပါတယ်။
ဒေါ်လေးက သူတို့ငယ်ငယ်ကကျောင်းတက်ရတဲ့အခက်အခဲတွေနဲ့ ပုံရိပ်တို့ခောတ်အခြေအနေနဲ့ကို
ယှဉ်ပြီး ဆုံးမနေတယ်ဆိုတာ ပုံရိပ်သိပ်သိတာပေါ့။
သူ့ရဲ့ငယ်ဘ၀လေးထဲကနေ သူဖြစ်ချင်ခဲ့တဲ့ဆန္ဒလေးတစ်ခုကိုလည်း ရောပြီးရင်ဖွင့်တယ်။
ပြီးတော့ ပုံရိပ်ဘက်ကိုလှည့်ကြည့်လာတယ်။
"ပုံပုံ...ဒေါ်လေးရဲ့ဆန္ဒကိုဖြည့်စည်းပေးပါလား
ကလေးရယ်...ဒေါ်လေးသိပါတယ်...သမီးကဒေါ်လေးကိုအားနာနေတယ်ဆိုတာ..သမီးသိမှာတော့မဟုတ်ဘူး..သမီးလေးမွေးတုန်းကလေ...
တောဆေးခန်းမှာ မွေးခဲ့တာ...သမီးလေးကို
ပထမဆုံးစပြီး ချီပွေ့ခဲ့တာက ဒေါ်လေးပါဘဲ
...နီတာရဲလေးကို ဒေါ်လေးအသဲအရမ်းယားတာဘဲ...ဒေါ်လေးကအဲ့ဒီ့အချိန်တုန်းက...ကိုသက်ဆွေနဲ့ အိမ်ထောင်မကျသေးဘူး...အဖေဆုံးသွားတာကြောင့် အမေ့ကိုပြုစုရင်းနဲ့ အမေ့အိမ်မှာနေတယ်..
သမီးလေးကိုအားတဲ့အချိန်တိုင်းအိမ်မှာခေါ်ခေါ်ထိန်းခဲ့တာ...သမီးကတော့မမှတ်မိလောက်တော့ဘူး...
အဲ့အချိန်တည်းကဒေါ်လေးရဲ့အတွေးထဲမှာ သမီးကို ကျောင်းစိမ်း၀တ်စုံလေးနဲ့ မြင်ကြည့်ခဲ့တာ..."
ဒေါ်လေးရဲ့စကားတွေက အမှောင်ထုထဲကိုရုတ်တရက်ရောက်လာတဲ့ အလင်းတန်းလေးလို သိပ်ကို တန်ဖိုးကြီးလွန်းတယ်။ပုံရိပ်ရဲ့ အတွေးတွေကိုလည်း သိနေတယ်။ဒေါ်လေးက ပုံရိပ်ကိုဒီလောက် သံယောဇဉ်ကြီးလိမ့်မယ်လို့ ပုံရိပ်မထင်ထားခဲ့မိဘူး။မိဘတွေကတောင် ထားပစ်ခဲ့ကြပေမဲ့ ဒေါ်လေးကတော့ ပုံရိပ်အပေါ်မှာ သိပ်ကောင်းလွန်းနေတယ်။
ဒေါ်လေးက ပုံရိပ်ရဲ့ပါးပြင်လေးကို ဖွဖွပွတ်ကာ နှစ်သိမ့်ပေးလာတယ်။
"ပုံပုံ...သမီးအခုချိန်မှာ ဘာကိုမှမတွေးပါနဲ့...ဘာအကြောင်းကြောင့်နဲ့မှလည်း ၀မ်းနည်းစရာမလိုဘူး..သမီးရဲ့အနောက်မှာ ဒေါ်လေးအမြဲရှိတာကိုမှတ်ထားပါ...သမီးကို ပြည့်ပြည့်စုံစုံမထားနိုင်ပေမဲ့
ပညာကိုတော့ ဆုံးခန်းတိုင်အောင် သင်ပေးချင်တယ်...ကိုယ့်ဘာသာလည်း ဘာမှမလုပ်ပေးနိုင်လို့ဆိုပြီး အားမလိုအားမရလည်းမဖြစ်နဲ့...ပညာသင်တဲ့အရွယ်မှာ....စာကြိုးစားတာကိုက သမီးလုပ်ပေးရမဲ့အရေးကြီးဆုံးအရာဘဲ...ဘွဲ့ရအောင်ကြိုးစား
သမီးကအရှေ့ကနေ ဖြောင့်ဖြောင့်သွားရင်
အနောက်ကမိစုနဲ့ ထွန်းကိုကလည်း...ငါ့အစ်မတောင်ဒီလိုကြိုးစားနိုင်ခဲ့တာဆိုတဲ့စိတ်နဲ့
..အတုယူပြီးကြိုးစားချင်စိတ်တွေ ဖြစ်လာကြလိမ့်မယ်...
ဒေါ်လေးတို့ အတူကြိုးစားကြရအောင် သမီးရယ်..."
ဒေါ်လေးရဲ့စကားအဆုံးမှာ ပုံရိပ်ဒေါ်လေးကို
ဖက်လိုက်မိတယ်။အိမ်ရှေ့ လမ်းမဘေးမှာဆိုပေမဲ့
၀မ်းနည်း၊၀မ်းသာခံစားချက်က ပုံရိပ်ကိုရှက်ရကောင်းမှန်းလည်း မတွေးမိစေဘူး။
ရှက်လည်းမရှက်ပါဘူး။ကိုယ့်အဒေါ်ကို ကိုယ်ဖက်တာဘဲဥစ္စာ။
မိစုတို့ကတော့ သူတို့အာရုံနဲ့သူတို့ ဂေါ်လီလုံးလှိမ့်လို့ ကောင်းနေကြလေရဲ့။ပုံရိပ်ကတော့ မျက်ရည်တွေကိုသာ မကျအောင်မနည်းတားဆီးရင်း ကတိတွေလည်းအထပ်ထပ်ပေးနေမိတယ်။
"သမီးကြိုးစားပါ့မယ်ဒေါ်လေး...ဒီနေ့ကစပြီး သမီးမတွေဝေတော့ပါဘူး...ဒေါ်လေးဖြစ်စေချင်သလို သမီးဖြစ်အောင် လုပ်ပေးပါ့မယ်...ဒေါ်လေးနေစေချင်သလို သမီးနေပါ့မယ်...ညီမလေးနဲ့မောင်လေးတွေကိုလည်း ပိုဂရုစိုက်ပေးပါ့မယ်...."
"လိမ္မာလိုက်တဲ့ကလေး...."
ဒေါ်လေးရဲ့ လည်ပင်းကိုသိုင်းဖက်ထားလိုက်ပြီး ဒေါ်လေးရဲ့ ပခုံးပေါ်မှာခေါင်းမှောက်ကာ ရှိုက်၍ငိုမိတယ်။ ဒေါ်လေးရဲ့ခန္ဓာကိုယ်က ကိုယ်သင်းရနံ့ကို
ပုံရိပ်နှစ်သက်တယ်။နွေးထွေးစေတဲ့ ရနံ့မျိုး။
မိခင်တစ်ယောက် အနားမှာရှိနေပေးသလိုရနံ့မျိုး။ ဒီနေ့လောက် ပုံရိပ်ဘယ်သောအခါမှ မငိုခဲ့ဖူးဘူး။
ပုံရိပ်ရဲ့ရင်ထဲကအစိုင်အခဲအချို့ အရည်ပျော်သွားလို့ပဲ နေပါလိမ့်မယ်။ဆုံးဖြတ်ချက်တစ်ခုကိုလည်း ပြတ်သားစွာချလိုက်မိတယ်။
ပုံရိပ်ဘယ်တော့မှ မပျော့ညံ့တော့ဘူး။
ဦးနေမျိုးပြောသလိုဘဲ။အပြောနဲ့မဟုတ်ဘဲ ဒေါ်လေးကိုအလုပ်နဲ့ သက်သေပြရမယ်။
ဒေါ်လေးရဲ့ အနစ်နာခံမှုတွေကို မဖြုန်းတီးပစ်တော့ဘူး။
🔥🔥🔥🔥
ဇာတ်လမ်းက အခုမှစမှာပါ
ဆက်လက်စောင့်မျှော်ပေးကြပါအုံး
==========================================
🔥ဆူးႀကိဳး🔥
အခန္း(၇)
"ပံုရိပ္...ေစာင့္ေနရတာၾကာသြားၿပီလား..."
အေနာက္ဘက္ဆီမွ ဦးေနမ်ိဳးရဲ့အသံကိုၾကားလိုက္မိတာႏွင့္ ေရျပင္ေပၚကိုၾကၫ့္ေနမိရာမွ ကန္ဟိုဘက္တြင္ရိွေနေသာ ပိေတာက္ပင္ႀကီးဆီသို႔ အဓိပၸာယ္မဲ့စြာၾကၫ့္လိုက္မိသည္။ပံုမွန္ဆိုရင္ အားတဲ့အခ်ိန္တိုင္းမွာ ပန္းခ်ီဆဲြဖို႔ခဲျခစ္ေနတတ္သၫ့္ ပံုရိပ္ဟာ
အခုေတာ့ ေလအေဝ့မွာ ေနေရာင္ထိုး၍
တျဖတ္ျဖတ္ လင္းလက္ေနေသာ ကန္ေရျပင္ေပၚသို႔ သစ္ရြက္ကေလးေတြ ႂကြေက်၊ေဝက်ေနတာကပင္ ကဗ်ာဆန္သည္ဟု ထင္မေနမိဘူး။
အျမင္အာရံုကိုလာေနွာက္ယွက္ေနတဲ့ အာရံုေနာက္စရာေတြလို႔ဘဲ ေတြးထင္ေနမိတယ္။
ေရထဲသို႔ ခ်ထားမိသၫ့္ေျခေထာက္ေတြကိုလည္း ေရမ်က္ႏွာျပင္ကို ယွက္တိုက္တို႔ထိေနမိရာမွ ရပ္တန႔္လိုက္မိတယ္။
မိတ္ေဆြလို႔ ထင္ခဲ့မိေပမဲ့ လံုး၀ကိုမွားယြင္းခဲ့တယ္။ ယံုစားမိဖို႔ ႀကိဳးစားခဲ့ေပမဲ့ ယံုမွားမိမဲ့စိတ္ကို ဓားတိတိနဲ႔တစ္ခါတည္း ျဖတ္ေတာက္ခံလိုက္ရသလိုမ်ိဳး ခံစားေနရတယ္။
မ်က္၀န္းေတြကို မိွတ္ပစ္လိုက္ၿပီး အတတ္ႏိုင္ဆံုးေဒါသေတြကို ထိန္းခ်ဳပ္ထားလိုက္မိေပမဲ့
ဒီလူ႔အေပၚမွာရိွေနတဲ့ မေက်နပ္ခ်က္ေတြကဘယ္လိုမွ ေဖ်ာက္ျဖတ္လို႔မရဘူး။
"ပံုရိပ္...အတန္းျပန္တတ္ရေတာ့မယ္ကြ...
ဒီကိုလာတာ ဘာကိစၥရိွလို႔လဲ..."
ကန္ေဘာင္ေပၚရိွ သဲေပၚတြင္တင္ထားေသာ လြယ္အိပ္ကိုဖုန္ခါလိုက္ၿပီး ဦးေနမ်ိဳးကိုစူးနင့္စြာ အဓိပၸာယ္ေပါင္းမ်ားစြာျဖင့္ စိုက္ၾကၫ့္လိုက္တယ္။အေဒါ့္ကို ေက်ာင္းမွာဆရာမနဲ႔လာမေတြ့ေစခ်င္လို႔ေတာင္ လပတ္စာေမးပဲြတိုင္းကို ေအာင္ေအာင္ေျဖခဲ့တယ္။
ဆရာမေတြကမိဘေခၚရမယ္ဆိုတိုင္း ေဈးသည္မႀကီးအေဒၚ့ကို အပူတစ္ခုထပ္တိုးမေပးခ်င္လို႔ မိန္းကေလးအတန္းရဲ့ေနာက္ဆံုးခံုမွာ ေျပာင္းထိုင္ခဲ့တယ္။ကိုယ့္အေၾကာင္းကို အတင္းအဖ်င္းေျပာလာရင္လည္း မသိသလိုေနခဲ့တဲ့အျပင္ အေဒါ့္ကိုျပႆနာေတာထဲ ဆဲြမထၫ့္ခ်င္တာေၾကာင့္ အတတ္ႏိုင္ဆံုးသည္းခံမႈကို ေခါင္းေပၚမွာရြက္ထားခဲ့တယ္။
ဒီလူကေတာ့ ေက်ာင္းကကိစၥေတြကို ခ်ဲ႔ကားၿပီး
အေဒါ့္ကို ေျပာျပခဲ့ပံုရတယ္။
ဒီေန့မနက္ပိုင္းရဲ့ ေက်ာင္းတက္သည့္အခ်ိန္မွာ "ဆရာမ၀င္ခြင့္ျပဳပါ..ကၽြန္မကပံုရိပ္ရဲ့အေဒၚပါလို႔.."ေျပာသြားခဲ့တဲ့ စကားလံုးတစ္လံုးစီတိုင္း၊ အခန္းထဲသို႔ေျခလွမ္းလာခဲ့တဲ့ သိမ္ငယ္ေနတဲ့အၾကၫ့္နဲ႔ေျခလွမ္းေလးေတြတိုင္းက ႏွလံုးသားမွာ
မီးျပင္းျပင္း ေလာင္ႃမွိုက္ေနသလို ပူေလာင္သြားေစခဲ့တယ္။
အေဒၚကိုယ္တိုင္ ေက်ာင္းကိုေရာက္လာတည္းက
လက္ေထာက္ခ်သူဟာ ဒီလူဆိုတာကို အတတ္သိလိုက္တယ္။
ပံုရိပ္မလုပ္ေစခ်င္ဆံုး အရာကိုလုပ္လိုက္တဲ့ဒီလူ႔ကို လံုး၀မေက်နပ္ဘူး။ျဖစ္ႏိုင္ရင္ သူ႔ရင္ဘတ္ကိုအခ်က္ေပါင္းမ်ားစြာေျပးထုလိုက္ခ်င္တယ္။
ကိုယ္နဲ႔မဆိုင္ဘဲ ၀င္ပါေနတဲ့သူ႔ကိုလည္း စကားလံုးၾကမ္းေတြနဲ႔ ထိုးႏွက္ပစ္လိုက္ခ်င္တယ္။
သို႔ေပမဲ့ ပံုရိပ္မလုပ္ဝံ့ဘူး။ၪီးေနမ်ိဳးကို မမိွတ္မသုန္ၾကၫ့္ၿပီးေတာ့သာ ေျခလွမ္းေတြကို ေရြ့လ်ားလိုက္မိတယ္။
"ဘာျဖစ္လို႔...ကိုယ္နဲ႔မဆိုင္တဲ့ကိစၥကို ၀င္ပါရတာလဲ...ဘာျဖစ္လို႔အေဒါ့္ကိုေက်ာင္းလာဖို႔ ေျပာလိုက္ရတာလဲ..."
ေနမ်ိဳးလည္း ေကာင္မေလးသူ႔ကိုစိမ္းကားစြာၾကၫ့္ေနသၫ့္ အေၾကာင္းအရင္းအမွန္ကိုသိလိုက္ရတာေၾကာင့္ လည္ေခ်ာင္းရွင္းသြားေအာင္ တေထြးကို
အရင္မ်ိဳခ်လိုက္ရသည္။
စိတ္ထဲမွာေတာ့ ဒီကိစၥအတြက္ စိတ္မသန႔္တာမ်ိဳးလည္း မျဖစ္မိဘူး။
မွန္ကန္တဲ့လုပ္ရပ္ကို လုပ္ခဲ့တယ္လို႔ဘဲ ျမင္တယ္။
ဒီလိုမွမဟုတ္ရင္ ဒီေကာင္မေလးရဲ့ေရ႔ွေရးက
ဇာတ္ေမ်ွာႀကီးနဲ႔သာ အဆံုးသတ္သြားရလိမ့္မယ္။
ကိုယ့္မ်က္စိေရ႔ွမွာ ျမင္ေနရလ်ွက္နဲ႔ မသိလို၊မၾကားသလိုေတာ့ မေနႏိုင္ဘူး။
"ေမးေနတယ္ေလ...ဘာျဖစ္လို႔အေဒါ့္ကိုေက်ာင္းလာဖို႔ ေျပာလိုက္ရတာလဲ..ကိုယ္နဲ႔မဆိုင္ဘဲ...ဘာလို႔သူမ်ားရဲ့ ကိစၥကို၀င္စြက္ဖက္ရတာလဲ.."
"မဟုတ္ဘူးပံုရိပ္...ငါဒီလိုလုပ္တာက မင္းရဲ့အတန္းပိုင္ဆရာမကိုယ္တိုင္ အကူအညီေတာင္းလို႔..
မင္းရဲ့ေက်ာင္းကိစၥနဲ႔ပတ္သတ္ၿပီး မင္းရဲ့အေဒၚကို သိေစခ်င္လို႔လည္းပါတယ္...
အဓိကကေတာ့ မင္းအတြက္ေကာင္းမယ္ထင္လို႔ လုပ္လိုက္မိတာပါ..."
ပံုရိပ္ ႏႈတ္ခမ္းေတြကိုတြန႔္ခ်ိဳးၿပီး မဲ့ႃပံုးႃပံုးလိုက္သည္။ဦးေနမ်ိဳးကိုလည္း ပိုခက္ထန္သၫ့္မ်က္၀န္းေတြနဲ႔ စိုက္ၾကၫ့္ပစ္လိုက္တယ္။
ပံုရိပ္အတြက္ ေကာင္းဖို႔ပါတဲ့။ဒါဆိုရင္ ပံုရိပ္ကဘာေၾကာင့္ ေပ်ာ္ရႊင္မေနရတာလဲ။
သူ႔လုပ္ရပ္က ပံုရိပ္ကိုေကာင္းေစခ်င္တာမွမဟုတ္ပဲ။
စိတ္အေနွာက္အယွက္ျဖစ္ေစတာလို႔ ေျပာပစ္လိုက္ခ်င္တယ္။
"ကၽြန္မကိုယ္တိုင္...ေတာင္းဆိုခဲ့လို႔လား....
ကၽြန္မအတြက္လို႔ ေျပာရေအာင္...ဦးေနမ်ိဳးနဲ႔ကၽြန္မကအဲ့ေလာက္ရင္းႏွီးလို႔လား...ကၽြန္မရဲ့စိတ္ကိုမသိဘဲ...ကၽြန္မဘ၀ကို ဘာလို႔၀င္ျခယ္လွယ္ေနရတာလဲ...အခုကၽြန္မေၾကာင့္ အေဒၚမ်က္ႏွာငယ္ငယ္နဲ႔
ေက်ာင္းကို ဆရာမနဲ႔လာေတြ့ခဲ့ရတယ္..အဲ့ဒါကၽြန္မျဖစ္ေစခ်င္တဲ့ အရာမဟုတ္ဘူး..."
"ပံုရိပ္...မင္းရဲ့ကေလးစိတ္နဲ႔ ထင္ရာေတြ
ေလ်ွာက္ေျပာမေနနဲ႔...ေက်ာင္းသားနဲ႔မိဘေတြ့ဆံုတယ္ဆိုတာ ဒါပံုမွန္ပဲ....မင္းရဲ့ဘ၀တိုးတက္ေရးအတြက္...ေက်ာင္းခန္းထဲကမင္းရဲ့အေျခအေနအမွန္ကို မင္းရဲ့အေဒၚသိသင့္တယ္ထင္လို႔..
ငါလုပ္လိုက္တာ.."
"မလိုဘူး...ကၽြန္မျဖစ္ေစခ်င္တဲ့ တစ္ခုတည္းေသာအရာက ကၽြန္မရဲ့အေဒၚကိုကၽြန္မေၾကာင့္ စိတ္မညစ္ေစခ်င္တာပဲ...အခုဦးေနမ်ိဳးလုပ္လိုက္လို႔ အေဒၚဘယ္ေလာက္အထိ စိတ္ဆင္းရဲသြားမလဲဆိုတာ ကၽြန္မေတြးမိတိုင္း စိတ္ဒုကၡေရာက္ရတယ္...."
ဒီေကာင္မေလးရဲ့ စကားေတြကသူ႔အတြက္ ရင္းသီးလြန္းတယ္။ကိုယ္ဟာ သူစိမ္းလူတစ္ေယာက္ျဖစ္လို႔ သူေျပာတာသဘာ၀က်ေပမဲ့ ေစဒနာကေန
ေဝဒနာျဖစ္သြားသလို ခံစားလိုက္ရတယ္။
ဘယ္လို စကားမ်ိဳးနဲ႔ေျဖာင္းဖ်ရမလဲ ဆိုတာေတာင္ေတြးရၾကပ္သြားတယ္။ကိုယ့္အတန္းထဲက ေက်ာင္းသားေတြဆိုရင္ ဘယ္လိုအေရးကိစၥဘဲျဖစ္ျဖစ္ ကိုယ္တိုင္၀င္ဆံုးျဖတ္တာက ကိစၥမရိွခဲ့
ေပမဲ့ သူမကေတာ့မတူဘူး။
အစတည္းက ေခါင္းမာတဲ့မိန္းကေလးျဖစ္တဲအျပင္
မွားတာကို သိေနလ်က္နဲ႔မျပင္တဲ့ လူမ်ိဳးမို႔ ျပဳျပင္ေပးဖို႔ ပိုခက္ခဲေနတယ္။
"ပံုရိပ္...မင္းရဲ့အေတြးေတြက တကယ္ကိုလဲြေနၿပီ...
မင္းရဲ့အေဒၚကို စိတ္မညစ္ေစခ်င္ရင္ အေျပာနဲ႔ဘဲ
မၿပီးဘူးကြ....မင္းလက္ေတြ့လုပ္ျပရမွာ...သူမင္းကိုဘာေၾကာင့္ မရိွတဲ့ၾကားကေနေက်ာင္းထားေနတာလဲဆိုတာ မင္းနားလည္သင့္တယ္..."
"နားလည္တာေပါ့...နားလည္လို႔လည္း အေဒါ့္ကိုေရ႔ွဆက္ၿပီး ဒုကၡမေပးခ်င္ေတာ့တာ...ကၽြန္မတို႔ရဲ့အိမ္အေျခအေနကို မသိဘဲ ကၽြန္မကိုလာမေဝဖန္ပါနဲ႔...ေပးဆပ္မႈမရိွဘဲ ရယူျခင္းနဲ႔အခ်ိန္ကုန္ေနရတဲ့ဘဝကိုမလိုခ်င္ေတာ့ဘူး....မိဘအရင္းေတြကေတာင္စြန႔္လႊတ္ခဲ့တဲ့ဘဝတစ္ခုကို အေဒၚ့ကိုအတင္းမကယ္တင္ခိုင္းခ်င္ဘူး....ကိုယ့္ဘက္ကအျမင္တစ္ခုတည္းနဲ႔တျခားသူတစ္ေယာက္ရဲ့
ဘဝကိုေကာင္းသလား..ဆိုးသလား...မေဝဖန္ပါနဲ႔...
ဦးေနမ်ိဳးမွာ ေဝဖန္ပိုင္ခြင့္မရိွဘူး...."
ပံုရိပ္ရဲ့စကားေၾကာင့္ တိတ္ဆိတ္သြားတဲ့သူ႔ကိုၾကၫ့္ၿပီး ရင္ထဲမွာနာက်င္သြားသလိုဘဲ။
သူစိတ္ဆိုးသြားၿပီထင္ပါတယ္။
စိတ္ထဲမွာ တိတ္တိတ္ေလးမိတ္ေဆြတစ္ေယာက္အျဖစ္ သတ္မွတ္ထားမိတဲ့လူကိုပံုရိပ္ဆံုးရႈံးလိုက္ရၿပီေပါ့။ဆံုးရႈံးခ်င္ ဆံုးရႈံးရပါေစေလ။
သူဟာ ပံုရိပ္မႀကိဳက္တဲ့လုပ္ရပ္ကို လုပ္ခဲ့တာပဲ။
အေဒၚက ဆင္းရဲေပမဲ့ ေဈးေရာင္းၿပီး ေက်ာင္းထားေပးေနတာကို ပံုရိပ္ကမႀကိဳးစားဘဲ ေနခ်င္သလိုေနတယ္လို႔ သူျမင္ေနမွာေပါ့။
ပံုရိပ္ကိုသူ႔စိတ္ထဲမွာ ေဘာ္ေက်ာ့ေနတတ္တဲ့ မိန္းကေလးဆိုၿပီးအထင္ေသးခ်င္ေသးေနမွာေပါ့။
ပံုရိပ္ကလည္း ဘယ္သူအထင္ႀကီးတာမွ မခံခ်င္ပါဘူး။
ဘဲြ႔ရေစခ်င္တယ္။ပညာတတ္ႀကီးျဖစ္ေစခ်င္တယ္နဲ႔ အေျပာကေတာ့လြယ္တာေပါ့။
ပံုရိပ္ကအခုမွ ကိုးတန္းသာရိွေသးတယ္။
အိမ္မွာက ေက်ာင္းေနအရြယ္ႏွစ္ေယာက္နဲ႔
လုပ္ခလစာရွာတဲ့လူကတစ္ေယာက္တည္းရယ္။
အိမ္ရဲ့တာ၀န္ေတြအကုန္လံုးက အေဒါ့္ေခါင္းေပၚမွာ။ထမင္းစားရင္ေတာင္ သားသမီးေတြကိုအသား၊အဖက္ကေလး ခပ္ကၽြေးၿပီး သူကေတာ့အရိုးကိုဟင္းလုပ္စားေနရတာကို ျမင္ေနလ်ွက္နဲ႔
ပံုရိပ္ဘယ္လိုၾကၫ့္ရက္ပါ့မလဲ။
ေနာက္ထပ္ဆယ္တန္းတစ္ႏွစ္။
ေဟာ..ေနာက္ထပ္ရိုးရိုးတကၠသိုလ္ေမဂ်ာဆိုရင္ေတာင္ ေလးႏွစ္တက္ရမဲ့ကိစၥမွာ ဒီမိန္းမႀကီးကို တာ၀န္ေတြအကုန္လံုး ပခံုးေပၚကို ထမ္းခိုင္းထားရမွာလား။ ဒီလိုဆိုရင္ ေက်ာင္းစာသင္ဖို႔စိတ္မကူးဘဲ
လုပ္ငန္းခြင္ကိုသာ ၀င္ခ်င္ေနတဲ့ပံုရိပ္ရဲ့စိတ္ကူးေတြကမွားေနသလား။ဘယ္သူ႔ကိုမွ အပစ္မတင္ခ်င္ပါဘူး။ဦးေနမ်ိဳးကိုလည္း အပစ္မတင္ခ်င္ဘူး။
သူလည္း ေစတနာနဲ႔ပါ။
ပံုရိပ္ ကိုယ့္ဘ၀ကိုယ္သာအပစ္တင္ခ်င္တယ္။
အားငယ္တတ္တဲ့လူျဖစ္ေနလို႔ အပစ္တင္ခ်င္တယ္။
သတၲိရိွဖို႔ ႀကိဳးစားမရလို႔ အပစ္တင္ခ်င္တယ္။
ကိုယ့္ဘ၀အတြက္ ကိုယ့္ေျခေထာက္ေပၚကိုယ္
မရပ္တည္ႏိုင္ေသးလို႔ အပစ္တင္ခ်င္တယ္။
ကိုယ့္ကိုကိုယ္ သန္မာလွၿပီထင္ေနေပမဲ့ တကယ္ေတာ့ပံုရိပ္ဟာ အားငယ္လြယ္ၿပီး ေပ်ာ့ညံ့တတ္တဲ့လူတစ္ေယာက္ ျဖစ္ေနတုန္းဘဲ။
၀မ္းနည္းစရာအေတြးေတြအားလံုး ေခါင္းထဲမွာပလံုစီလာတဲ့အခါ သူစိမ္းတစ္ေယာက္ရဲ့အေရ႔ွမွာ
ပံုရိပ္မ်က္ရည္က်ဖို႔ျဖစ္လာခဲ့တယ္။
သဲျပင္ေပၚမွာ ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး ရိႈက္ကာငိုမိတယ္။
မ်က္ရည္စက္ေလးေတြကေတာ့ သဲေပၚသို႔တစ္စက္က်သြားတိုင္း ခ်ိဳင့္ခြက္ပံုစံေလးျဖစ္သြားေပမဲ့ ပံုရိပ္ငိုလို႔ အားမရေသးဘူး။
အသံမထြက္ေအာင္ အံကိုႀကိတ္ထားလိုက္မိတယ္။
"ပံုရိပ္....ငိုေနတာလား...."
ပခံုးေပၚသို႔ ခပ္ဖြဖြတို႔ထိလာသၫ့္ သူ႔ရဲ့လက္ဖဝါးေနြးေနြးကို ခံစားလိုက္မိေတာ့ သတိလက္လြတ္ငိုေနမိသၫ့္ ကိုယ့္အျဖစ္ကို ျပန္အံ့ဩေနမိတယ္။
ပါးျပင္ကို စမ္းၾကၫ့္လိုက္ေတာ့ မ်က္ရည္ေတြဟာ
တာက်ိဳးခဲ့သၫ့္အလားပင္။မ်က္ရည္စီးေခ်ာင္းဟာ လည္ပင္အထိေတာင္ ေရာက္တယ္။
"ေတာင္းပန္ပါတယ္...ပံုရိပ္ရဲ့ခံစားခ်က္ကို
ထၫ့္မေတြးလိုက္မိဘူး...အမွားတစ္ခုဆိုရင္ေတာင္ ေစတနာအမွားလို႔ ေျပာရင္လက္ခံေပးႏိုင္မလား...."
လက္ခံေပးႏိုင္မလားတဲ့။ ပံုရိပ္ဘက္ကဒီေလာက္အထိ နင့္သီးစြာ ေျပာလိုက္မိတာေတာင္ စိတ္မဆိုးတဲ့အျပင္ အေလ်ွာ့ေပးေနတုန္းပဲ။ဆရာဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ သူဟာတကယ့္ကိုမွ လိုက္ဖက္ညီတဲ့လူပါဘဲ။
"ပံုရိပ္ ကိုယ့္ကိုတစ္ခုခုေျပာမျပခ်င္ဘူးလား..."
သူ႔ရဲ့အသံဟာ ေရခဲေတာင္ထိပ္ေပၚေရာက္ေနတဲ့အခ်ိန္ ေလႏြေးေနြးျဖတ္တိုက္သြားသလိုမ်ိဳး ရင္ထဲမွာ ေနြးေထြးမႈေလး လႊမ္းႃခံုေပးထားသလိုဘဲ။
ဟိုတစ္ေန့က သူ႔ကိုယ္ေပၚမွာ ရခဲ့တဲ့ဒယ္အိုးနံ႔ကလည္း သူ႔ကိုယ္ေပၚမွာလံုး၀မရိွေတာ့ဘူး။
ခေရနံ႔သင္းသင္းလို ရနံ႔ေလးေတာ့ရတယ္။
ဒီေရေမႊးကို ပံုရိပ္သိတယ္။
ဘယ္စတိုးလ္ဆိုင္မွာဘဲ သြား၀ယ္၀ယ္
ေဈးသက္သက္သာသာနဲ႔အလြယ္တကူ၀ယ္လို႔
ရႏိုင္တဲ့ စံပယ္ရနံ႔ေရေမႊးပါပဲ။
တန္ဖိုးႀကီး ေရေမႊးပုလင္းေတာင္၀ယ္မသံုးႏိုင္တဲ့လူႀကီးက သူ႔ရဲ့ၾကင္နာမႈေလးကို ပံုရိပ္အတြက္ အသံုးခ်ေနေလရဲ့။သူဟာ အင္မတန္ေစတနာေကာင္းတဲ့လူမွန္း ပထမဆံုးစေတြ့တဲ့ေန့တည္းက သိခဲ့ရပါတယ္။
"ပံုရိပ္... ခံစားခ်က္ေတြကိုရင္ထဲမွာဘဲ သိမ္းထားတတ္တဲ့ အက်င့္က လံုး၀မေကာင္းဘူး....ငိုခ်င္ရင္ငိုခ်ပစ္လိုက္...ရယ္စရာဆိုလည္းရယ္ပစ္လိုက္...
ထိခိုက္နစ္နာခဲ့ရတာေတြရိွရင္...မ်ိဳသိပ္ထားရတာေတြရိွရင္...တစ္ေယာက္တည္းႀကိတ္မိွတ္ၿပီးမခံစားပါနဲ႔...ပံုရိပ္ရဲ့အေဒါ့္ကိုလည္းေျပာျပလို႔ရသလို...
သူငယ္ခ်င္းေတြကိုလည္း ရင္ဖြင့္လို႔ရတယ္..
ကိုယ့္ကိုလည္း ရင္ဖြင့္လို႔ရတယ္..ဘယ္သူ႔ကိုမွ ျပန္မေျပာဘူးလို႔ ကတိေပးတယ္ကြာ...
ကိုယ္ေျပာတာနားလည္လား..."
မ်က္ရည္ေတြကို လက္ခံုနဲ႔သုတ္ကာ
ကိုယ့္လြယ္အိတ္ကို ကိုယ္ဆဲြၿပီး ဦးေနမ်ိဳးရဲ့ေဘးမွ ျဖတ္ေလ်ွာက္ခဲ့လိုက္တယ္။
ေရ႔ွသို႔ တစ္လွမ္းႏွစ္လွမ္းေလာက္ အေရာက္မွာ သူ႔ဘက္ကိုလွၫ့္ၾကၫ့္လိုက္မိပါတယ္။ဒီအတိုင္းထြက္သြားရင္ ရိုင္းလြန္းရာက်ေနမွာေပါ့။
ဆရာမက ေတြ့ခြင့္ေတာင္းလို႔သာသူလည္းအေဒါ့္ကို ေျပာလိုက္မိတာဘဲဥစၥာ ပံုရိပ္ကိုတမင္ရန္ရွာတာမွ မဟုတ္ဘဲ။ ကိုယ္ကသာ သူ႔ကိုရန္လာလုပ္ေနမိတာ။ဒါေပမဲ့ စကားေတြအမ်ားႀကီးေျပာမထြက္ဘူး။ မေျပာတတ္တာဆိုရင္ ပိုမွန္ပါလိမ့္မယ္။
အခုထိ ပံုရိပ္ကိုၾကၫ့္ေနတဲ့ သူ႔မ်က္၀န္းေတြထဲမွာ စိုးရိမ္စိတ္ေတြပါေနတုန္းဘဲ။
သူ႔ကိုယ္သူလည္း အျပစ္တင္ေနပံုရတယ္။
"ေက်းဇူးတင္ပါတယ္...ေနာက္ၿပီးေတာင္းပန္ပါတယ္....စိတ္လိုက္မာန္ပါ ေျပာလိုက္မိတယ္...
အရမ္းရိုင္းသြားရင္ စိတ္မရိွပါနဲ႔..."
ပံုရိပ္ရဲ့ ေတာင္းပန္စကားကိုၾကားေတာ့ သူႃပံုးျပလာတယ္။သူ႔ရဲ့အေနာက္ဘက္က ေရကန္ႀကီးထဲကိုေနေရာင္ကထိုးေနေတာ့ သူ႔ကိုယ္ေပၚကိုျပန္ျဖာက်လာတဲ့အလင္းေၾကာင့္ သူ႔ရဲ့ဝါ၀င္း၀င္းအသားအရည္ကလည္း ပိုၿပီးအေရာင္ေတာက္သြားတယ္။
သူ႔ရဲ့အႃပံုးက ေက်နပ္သြားတာလား။စိတ္သက္သာရာရသြားတာလားေတာ့ မခန႔္မွန္းတတ္ေပ။
ပံုရိပ္လည္း မ်က္ႏွာကိုတစ္ဖက္သို႔လွၫ့္လိုက္ၿပီး သက္ျပင္းခ်လိုက္မိတယ္။
သူစိတ္မဆိုးတာ သိပ္ေကာင္းတယ္။ပံုရိပ္ကို ဒီလိုစိုးရိမ္ေပးတဲ့လူ ၊ဆံုးမေပးခ်င္တဲ့လူ နဲ႔ေကာင္းေပးခ်င္တဲ့လူက ခပ္ရွားရွားျဖစ္ေနေတာ့ သူလိုမိတ္ေဆြတစ္ေယာက္ကို ကိုယ့္အေပၚမၿငိဳျငင္သြားေစခ်င္ဘူး။
သူ႔အေပၚကို မေက်မနပ္ျဖစ္မိ၊စိတ္ဆိုးေဒါသထြက္မိတာေတာ့ မွန္ေပမဲ့ ကိုယ့္အေပၚကို သူမေက်မနပ္ျဖစ္သြားမွာကို ပိုၿပီးမလိုလားဘူး။
"အိမ္ကိုဂရုစိုက္ျပန္ေနာ္...."
ဘုရားရင္ျပင္ေပၚကို ေျခလွမ္းေနမိစဉ္ အေနာက္ဘက္မွ ေအာ္ေျပာလာတဲ့ သူ႔ရဲ့စကားသံေၾကာင့္
ပံုရိပ္ရင္ထဲမွာ အႃပံုးပန္းေလးတစ္ခုပြင့္ခဲ့တယ္။
အျပင္ဘက္မွာေတာ့ ငိုထားတဲ့ကိုယ့္မ်က္လံုးနီအစ္အစ္ေတြကို ေျပးရင္းလႊားရင္ စူးစမ္းသြားၾကတဲ့ကေလးေတြေၾကာင့္ ရယ္မေနႏိုင္ေပ။မ်က္လံုးေတြကို မသိမသာကြယ္ၿပီး ဘုန္းႀကီးေက်ာင္းထဲမွာ ေျခေထာက္ဗလာနဲ႔ ၿခံ၀န္းတံခါးဆီကို အေျပးသြားေနမိတယ္။ ေက်ာင္းေဆာင္တစ္ခုအေရ႔ွကေန ျဖတ္ေလ်ွာက္မိေတာ့ ပံုရိပ္ကိုလွမ္းၾကၫ့္ေနတဲ့ေကာင္မေလးတစ္ေယာက္ကို ေတြ့လိုက္ရတယ္။
သူ႔နာမည္ကိုမမွတ္မိေတာ့ေပမဲ့ ဦးေနမ်ိဳးကသူ႔ဆီက ေမြးေန့လက္ေဆာင္ကိုယူၿပီးပံုရိပ္ကိုေပးလိုက္လို႔ မေက်မနပ္ျဖစ္သြားတဲ့ ေကာင္မေလးဆိုတာေတာ့မွတ္မိလိုက္တယ္။သူ႔မ်က္ႏွာက ဆူပုပ္ပုပ္ကေလးျဖစ္ေနၿပီး ပံုရိပ္ကိုလည္းခပ္တည္တည္နဲ႔စိုက္ၾကၫ့္ေနတယ္။သူ႔ရဲ့ပံုစံက ပံုရိပ္ကိုအခုထိမေက်နပ္ေနသလို ပံုမ်ိဳး။ဦးေနမ်ိဳးက သူ႔ကိုလက္ေဆာင္အစားျပန္မ၀ယ္ေပးလို႔မ်ားလား။
ဒါမွမဟုတ္ ပံုရိပ္ရဲ့မ်က္ႏွာကဘဲ သူ႔အဖို႔မုန္းစရာေကာင္းေနလို႔မ်ားလား။
"ဟဲ့...ကစားမယ္ေလ..."
အျခားအတန္းေဖာ္တစ္ေယာက္က လွမ္းေခၚလိုက္ေတာ့ ေကာင္မေလးလည္း အေနာက္ကိုလွၫ့္ေျပးသြားတယ္။ပံုရိပ္လည္း ဘုန္းႀကီးေက်ာင္းအျပင္ကိုေရာက္တာနဲ႔ ဖိနပ္ေကာက္စြပ္လိုက္ၿပီး အိမ္သို႔သာျပန္လာခဲ့လိုက္တယ္။ဘုန္းႀကီးေက်ာင္းနဲ႔ ပံုရိပ္တို႔ရဲ့အိမ္က တကယ္ေတာ့နီးနီးေလးပါဘဲ။ဘုန္းႀကီးေက်ာင္းက ကားလမ္းအထိေပါက္တဲ့ တာလမ္းမႀကီးေဘးမွာရိွၿပီး။
ေက်ာင္းဟိုဘက္အျခမ္းမွာဆို က်ူပင္နဲ႔ ျမက္ရိုင္း ေတြေပါက္ေနတဲ့ လမ္းရိွၿပီးတိုက္ပ်က္ႀကီးေတြလည္း ရိွတယ္။
ကန္စြန္း၊ခ်ဥ္ေပါင္စိုက္ၾကတဲ့ စိုက္ခင္းေတြလည္းကားလမ္းေဘးက တူးေျမာင္းႀကီးအလြန္မွာ
ရိွတယ္။ ေက်ာင္းပိတ္ရက္ပန္းခ်ီဆဲြခ်င္တိုင္း စိုက္ခင္းေတြဘက္ကို သြားတတ္ေပမဲ့ လူပ်က္တဲ့ေနရာမို႔ အရမ္းလည္းမသြားရဲဘူး။
ပံုရိပ္တို႔ေနတဲ့ လမ္းကေတာ့ လမ္းမႀကီးကိုကန႔္လန႔္ျဖတ္ထားတဲ့ လမ္းသြယ္တစ္ခုထဲကို ခ်ိဳးေကြ့၀င္ရတာျဖစ္ၿပီး အရိပ္ရအပင္ေတြလည္းမ်ားတယ္။မိုးရြာတဲ့အခ်ိန္မဟုတ္ပါက ဆယ့္ႏွစ္ရာသီလူစည္ေနတတ္သၫ့္ လမ္းကေလးပါဘဲ။
ညဘက္ဆိုလည္း ဆယ္နာရီမထိုးခင္ေလာက္အထိ
လမ္းေပၚမွာ ကေလးေတြေရာလူႀကီးေတြပါ ထြက္ေနေလ့ရိွၾကတယ္။အေၾကာင္းကေတာ့ ပူလြန္းတဲ့ရာသီဥတုေၾကာင့္ပါပဲ။ မိုးေဖ်ာက္ေဖ်ာက္ရြာရင္ေတာ့ ေနလို႔ထိုင္လို႔ေကာင္းေပမဲ့ မိုးမရြာတဲ့ေန့ေတြဆိုရင္ အိမ္အေခါင္းထဲမွာ ခၽြေးေတြကိုသီးလို႔ ေနာက္ဆံုးဘယ္လိုမွ မေနႏိုင္ျဖစ္လာၾကၿပီး
ပန္ကာမလိုဘဲ ေလရတဲ့အိမ္ေရ႔ွသို႔သာ စကားစျမည္ေျပာၾကရင္း ထြက္ထိုင္ေလ့ရိွၾကတယ္။
အေဒၚတို႔လည္း အပါအ၀င္ေပါ့။
ေနရိပ္ထိုးတဲ့ သစ္ပင္ေတြေအာက္မွ ကပ္ေလ်ွာက္လာရင္းနဲ႔ ပံုရိပ္တို႔ၿခံေရ႔ွကိုေရာက္ေတာ့ အိမ္ေရ႔ွက
ကုကၠိုလ္ပင္ႀကီးေအာက္တြင္ သစ္ျမစ္ေပၚမွာထိုင္ေနသၫ့္အေဒါ့္ကို ေတြ့လိုက္ရတယ္။
ေနေကာင္းကာစျဖစ္ေနတဲ့ မိစုကေတာ့ အျခားကေလးေတြနဲ႔ ေဂၚလီလံုးလိွမ့္တမ္းကစားေနတယ္။
ေျမၾကီးေပၚမွာစတုရန္းပံုစံ ခပ္ေသးေသးအဝိုင္းေလးကို တုတ္နဲ႔ဆဲြထားၿပီး အလယ္မွာေဂၚလီလံုးေလးေတြကို ပံုထားကာ စည္းတားထားတဲ့ေနရာေလးကေန ကိုယ့္ေဂၚလီလံုးနဲ႔မိစုက လွမ္းလိွမ့္လိုက္သည္။
"ေတာက္"ကနဲဆိုသၫ့္ အသံေလးနဲ႔အတူ စည္းထဲမွေဂၚလီလံုးေလးႏွစ္လံုးက အျပင္ကိုကန္ထြက္လာခဲ့တယ္။ဒါဟာ မိစုအကၽြမ္းက်င္ဆံုးကစားနည္းပါဘဲ။
အေဒါ့္ကို တစ္လွၫ့္ၾကၫ့္လိုက္ေတာ့ ဒူးႏွစ္လံုးကိုေထာင္ထားၿပီးဒူးဆစ္ေပၚကို လက္ေထာက္ထားကာ ငိုင္ေနသည္။ကေလးေတြ ေဆာ့ကစားေနတာကို ၾကၫ့္ေနျခင္းလည္းမဟုတ္ဘူး။တစ္ခုခုကို အေတြးနက္ေနပံုေပၚေနတယ္။အေဒါ့္မ်က္လံုးေတြကလည္း ရီေဝေနၿပီး ညိုးေလ်ာ္ႏြမ္းလ်ွေနတယ္။
ဒီေန့ေက်ာင္းက ဆရာမရဲ့စကားေတြေၾကာင့္ အေဒၚငိုင္ေနတာမ်ားလား။
အေဒၚပံုရိပ္ကို စိတ္ပ်က္သြားၿပီထင္ပါတယ္။
အေဒၚၿငိဳျငင္မွာကို ပံုရိပ္သိပ္ေၾကာက္တယ္။
ပံုရိပ္မွာ အားကိုးစရာ၊တြယ္တာစရာဟာ အေဒၚနဲ႔ေမာင္ေလး၊ညီမေလးေတြသာ ရိွလို႔ ပံုရိပ္ကို
မလိုလားမွာကို သိပ္ေၾကာက္တယ္။
"ေဒၚေလး...ထြန္းကိုေက်ာင္းသြားၿပီလား...."
အမွန္ေတာ့ ဘုန္းႀကီးေက်ာင္းကို၀င္ေနတာေၾကာင့္ အိမ္ျပန္တဲ့အခ်ိန္က ပံုမွန္ထက္ေနာက္က်ေနတယ္။
ဒီအခ်ိန္ဆို ထြန္းကိုတစ္ေယာက္ေက်ာင္းကို ေရာက္ေနေလာက္ၿပီ။ဘယ္လို စကားအစခ်ီရမွန္းမသိတာေၾကာင့္ ထြန္းကိုရဲ့နာမည္ကို ၾကားခံနယ္လုပ္လိုက္ၿပီး ေဒၚေလးရဲ့ေဘးနားရိွ သစ္ျမစ္ေပၚကို
ေရာေရာေယာင္ေယာင္နဲ႔ ထိုင္ခ်လိုက္မိတယ္။
ပံုရိပ္ေမးခ်င္ေနမိတယ္။ဆရာမက ဘာေတြေျပာလိုက္သလဲလို႔ေပါ့။ ေဒၚေလးကေတာ့ ႏႈတ္ဆိတ္ၿပီးအရမ္းကို တည္ၿငိမ္ေနတယ္။ပံုရိပ္ကသာ ေဒၚေလးရဲ့မ်က္ႏွာကို အရိပ္တၾကၫ့္ၾကၫ့္လုပ္ေနမိတယ္။
"ပံုပံု....ေက်ာင္းမွာအဆင္မေျပတာေတြရိွေနတာ ေဒၚေလးကို ဘာလို႔မေျပာခဲ့တာလဲ...."
ေဒၚေလးဆီကေန ပထမဆံုးၾကားရတဲ့စကားက အရမ္းကိုေျပျပစ္ေနတယ္။
ပံုမွန္ဆိုရင္ ေဒၚေလးကဒီလိုမဟုတ္ဘူး။
ေတာသူပီပီ ဘြင္းဘြင္းရွင္းရွင္းေျပာတတ္ဆိုတတ္ၿပီး အဆူ၊အဆဲနဲ႔ အေအာ္ အေငါက္ကလည္း
မပါမျဖစ္ဘဲ ။
ပံုရိပ္ကို စိုးရိမ္လို႔သာေဒၚေလးက သူ႔စိတ္ကိုသူထိန္းခ်ဳပ္ထားတာေနမယ္။ဒီလိုဆိုေတာ့ ေဒၚေလးကိုပိုၿပီးေတာ့ေတာင္ သနားမိတယ္။စား၀တ္ေနေရးအတြက္ ပူရတဲ့အျပင္ ပံုရိပ္ကပါ တစ္ပူတိုးေအာင္လုပ္မိေနၿပီ။
"သမီးေၾကာင့္ ေဒၚေလးစိတ္ရႈပ္ရမွာစိုးလို႔ပါ..."
ေဒၚေလးက ပံုရိပ္ရဲ့ဦးေခါင္းေလးကို တစ္ခ်က္
ခပ္ဖြဖြပုတ္လိုက္ၿပီး ပံုရိပ္ရဲ့မ်က္၀န္းေတြထဲအထိ ေလးနက္လြန္းစြာၾကၫ့္လာတယ္။
ႃပံုးလည္း ႃပံုးျပလာတယ္။
ေဒၚေလးရဲ့ ပါးျပင္ခ်ိဳင့္ခ်ိဳင့္ေလးေတြဟာ ပိုၿပီးေတာ့သရုပ္ေပၚလာတယ္။ဘယ္ဘက္အံသြားႏွစ္ေခ်ာင္းက က်ိဳးထားၿပီး ျပန္မဆိုက္ႏိုင္ေသးလို႔ ေဒၚေလးရဲ့ဘယ္ဘက္ပါးက အနည္းငယ္ခ်ိဳင့္၀င္ေနတယ္။
"ပံုပံု႔ရဲ့အျမင္မွာ ေဒၚေလးက..ကေလးသံုးေယာက္ေၾကာင့္ စိတ္ရႈပ္ရတယ္လို႔ ထင္ေနတာလား...
တကယ္ေတာ့ ပံုပံုရယ္..မိစုရယ္..ထြန္းထြန္းရယ္က
...ေဒၚေလးအတြက္ေရ႔ွဆက္ရွင္သန္ႏိုင္ဖို႔ ခြန္အားေပးေနတဲ့...ေဆးလံုးေလးေတြဘဲ...မိခင္တစ္ေယာက္ဟာ ကေလးတစ္ေယာက္ကို ၀မ္းထဲမွာအပင္ပန္းခံၿပီး လနဲ႔ခ်ီလြယ္ထားခဲ့တည္းက
ဒီကေလးအတြက္ အသက္ကိုေတာင္ရင္းႏွီးထားၿပီးသားပဲ..ကိုယ့္ရဲ့ကေလးေတြေကာင္းစားဖို႔ဆိုရင္ ေဒၚေလးကိုယ့္အသက္ကိုယ္ေတာင္ ရင္းႏွီးရဲတယ္..."
ဒါေပမဲ့ ပံုရိပ္ကေဒၚေလးရဲ့ သားသမီးအရင္းမဟုတ္ေတာ့ သက္သက္ႀကီးအနစ္နာခံသလိုျဖစ္ေနမွာေပါ့လို႔ စိတ္ထဲကေနေျပာလိုက္မိတယ္။ရန္ကုန္လိုေနရာမွာ ေရကအစ အလကားမရတာေၾကာင့္
လူတစ္ေယာက္အတြက္ စာရိတ္တစ္ႏွစ္မေျပာနဲ႔တစ္လေတာင္ေတာ္ေတာ္မ်ား ေနၿပီ။အခုေတာ့ ေဒၚေလးတို႔အိမ္မွာ ပံုရိပ္ေသာင္တင္ေနတာ
ႏွႏွစ္ေက်ာ္သြားခဲ့ၿပီ။အေဒါ့္ကို ဆန္တစ္စိဖိုးေတာင္ ျပန္မေထာက္ပံ့ႏိုင္ေသးဘူး။
"ပံုပံု႔ကို ေဒၚေလးတစ္ခုေမးမယ္.."
"ဟုတ္ကဲ့..."
"ေက်ာင္းတက္ရတာ မေပ်ာ္ဘူးလား...
ဘာေၾကာင့္ ေက်ာင္းမွာသူငယ္ခ်င္းမထားတာလဲ...ေဒၚေလးကိုအမွန္အတိုင္းေျပာေနာ္.."
ပံုရိပ္ ေခါင္းကိုသာတြင္တြင္ငံု႔ထားလိုက္မိတယ္။
ပံုရိပ္ရဲ့အျမင္အာရံုထဲမွာ ေျမၾကီးေတြကိုသာ ျမင္ေနရတယ္။
တစ္ေယာက္ေသာသူရဲ့ ငိုခ်င္ရင္ငိုခ်လိုက္ဆိုတဲ့စကားအတိုင္း ပံုရိပ္ငိုမိတယ္။
မ်က္ရည္ေတြက ေျမၾကီးေပၚကို တေပါက္
ေပါက္ၾကလာခဲ့တယ္။
ထိုအခါ ေဒၚေလးဆီကေန သက္ျပင္းရိႈက္သံကိုၾကားလိုက္ရတယ္။သိပ္မၾကာပါဘူး ပံုရိပ္ရဲ့
ေက်ာျပင္ကို ခပ္ဖြဖြပြတ္သပ္ေပးလာတယ္။
ပံုရိပ္ရဲ့ ခံစားခ်က္ကို ေဒၚေလးတကယ္ပဲနားလည္တာလား။ဒါဆိုရင္ ပံုရိပ္ငိုေနတာဘာေၾကာင့္လဲဆိုတာ သိမွာပါ။ပံုရိပ္ ဘယ္သူ႔ကိုသတိရေနသလဲ
ဆိုတာကိုေရာေပါ့။
ေဒၚေလးကို မ်က္ရည္ဝဲေနတဲ့မ်က္၀န္းေတြနဲ႔ ေမာ့ၾကၫ့္လိုက္မိတယ္။ပံုရိပ္ေျပာမဲ့ စကားကေဒၚေလးကို ေဒါသထြက္သြားေစႏိုင္ေပမဲ့
ပြင့္လင္းမွ ျဖစ္ေတာ့မယ္။ပံုရိပ္ မ်က္ရည္ေတြကို သုတ္လိုက္ၿပီး ေဒၚေလးကိုခပ္ရဲရဲစိုက္ၾကၫ့္လိုက္တယ္။
"ေဒၚေလး...သမီးကို ေက်ာင္းထြက္ခြင့္ေပးပါ..သမီးေက်ာင္းထြက္ခ်င္တယ္..."
ပံုရိပ္ရဲ့ ႏႈတ္ခမ္းထပ္ကေန ရဲရဲဝံ့ဝံ့နဲ႔ တုန္႔ဆိုင္းမေနဘဲ ေျပာလိုက္တဲ့စကားကိုၾကားေတာ့ ေဒၚေလးရဲ့မ်က္ခံုးတန္းေတြတြန႔္က်ဳံ႔သြားတယ္။ေဒၚေလး ေသခ်ာေပါက္သေဘာမက်ဘူးဆိုတာ ပံုရိပ္သိၿပီးသားပါ။
ဒါေပမဲ့ ပံုရိပ္ေရ႔ွဆက္ၿပီး ဒုကၡမေပးခ်င္ေတာ့ဘူး။
ေဒၚေလးက"ဘာလို႔ေက်ာင္းထြက္ခ်င္တာလဲလို႔.."
ေမးလာခဲ့တယ္။
"သမီးအလုပ္လုပ္ခ်င္တယ္...ေဒၚေလးပင္ပန္းေနတာကို မၾကၫ့္ရက္ဘူး...သမီးတလွၫ့္ျပန္လုပ္ကၽြေးပါရေစလို႔ .."ေျပာလိုက္ေတာ့ ေဒၚေလးကသေဘာတက်နဲ႔ ရယ္ေမာလိုက္တယ္။ပံုရိပ္ရဲ့စကားထဲမွာ ရယ္စရာလည္းတစ္ခြန္းမွမပါဘဲ ရယ္လိုက္တာေၾကာင့္ ပံုရိပ္နဲနဲေတာ့ ေခါင္းရႈပ္သြားတယ္။
ၿပီးေတာ့မွ ပံုရိပ္သိလိုက္တာဟာ ေဒၚေလးကသူ႔စိတ္ကို ျပင္ဆင္ဖို႔ ခဏတာရယ္လိုက္တာျဖစ္ၿပီး တစ္ဆက္တည္းမွာ မ်က္ႏွာခ်က္ခ်င္းတည္ၾကသြားတယ္။
"ေမႀကီး...ဟိုမွာေရခဲေခ်ာင္းသည္လာေနတယ္
...သမီးေရခဲေခ်ာင္း စားခ်င္လိုက္တာ..."
မိစုေလးက ေဂၚလီလံုး လိွမ့္ေနရင္းနဲ႔ေျပးလာတာေၾကာင့္ ေဒၚေလးက သေဘၤာသားဂ်ာစီအိက်ႌထဲမွ ပိုက္ဆံတစ္ရာတန္ကို ထုတ္ၿပီး ေပးလိုက္တယ္။
မိစုကလည္း သူ႔အေဖာ္တစ္သိုက္နဲ႔အတူ ေျပးသြားကာ ေရခဲေခ်ာင္းသြား၀ယ္ေလသည္။
ကေလးေတြကို ၾကၫ့္ေနရင္းကေန အေဒါ့္ရဲ့မ်က္ႏွာႃပံုးလိုက္တာကို ပံုရိပ္ေသခ်ာေတြ့လိုက္ရတယ္။
"အေဒၚတို႔ငယ္ငယ္တုန္းကဆို...ဒီလိုေရခဲေခ်ာင္းကို ၀ယ္စားႏိုင္ဖို႔မေျပာနဲ႔ အနံ႔ေတာင္မရႉခဲ့ရဖူးဘူး...
ငယ္ငယ္က စာတတ္ခ်င္လို႔ ေက်ာင္းသံုးေက်ာင္းေလာက္ကို ေျပာင္းခဲ့ရဖူးတယ္..ေတာမွာဆိုေတာ့
စာသင္တာေတာင္ ေက်ာင္းဆိုၿပီးသတ္သတ္မွတ္မွတ္ မရိွပါဘူး...ေခ်ာင္းစပ္ကဇရပ္ကေလးမွာ
လူစုၿပီး စာသင္ခဲ့ရတာ.…ေပ်ာ္ဖို႔ေတာ့ေကာင္းတာေပါ့ေလ...ဒါေပမဲ့ မိုးရြာတဲ့အခါ ဇရပ္ကေလးမွာတံခါးမရိွေတာ့ ခ်မ္းလိုက္တာမွေျပာမေနနဲ႔..
တတိယတန္းေလာက္ေရာက္ေတာ့
ရြာဘုန္းႀကီးေက်ာင္းမွာဆရာေတာ္က ရြာမွာစာသင္ေက်ာင္း တစ္ေက်ာင္းေတာ့ လိုအပ္တယ္ဆိုၿပီး အစိုးရကိုေလ်ွာက္တယ္...ေနာက္ပိုင္းတတိယတန္းကို အစိုးရေက်ာင္းမွာ တရား၀င္တတ္ခဲ့ရတာေပါ့...ကံကလည္းမေကာင္းပါဘူး...ေဒၚေလးက
စာသိပ္တတ္ခ်င္ခဲ့တာ..စာသင္ေနရရင္ကိုေပ်ာ္ေနတာ...ျမန္မာစာ စာလံုးဝိုင္းဝိုင္းေလးေတြကို
ဘုန္းဘုန္းကသင္ေပးလိုက္ရင္
....အလကားေနကစားရင္းနဲ႔ေတာင္
ေျမၾကီးမွာလည္း ေရးျခစ္ေနတတ္တာဘဲ
...ဂဏန္းသခ်ၤာဆိုလည္း တြက္ရတာအရမ္းႀကိဳက္ဘဲ....တတိယတန္းေအာင္ေတာ့ အေဖကက်န္းမာေရးမေကာင္းတာနဲ႔ ေဒၚေလးတို႔ညီအစ္မေတြ ေက်ာင္းဆက္တက္ခြင့္မရၾကေတာ့ဘူး...
အေဖကပန္းနာရင္က်ပ္ေလ...ေခ်ာင္းဆိုးရင္ေသြးပါအန္တယ္...အဲ့လိုအခါမ်ိဳးဆို ကေလးစိတ္နဲ႔ဆို
ေတာ့ အေဖေသေတာ့မွာဘဲဆိုၿပီး ညီအစ္မေတြဖက္ၿပီး ခဏခဏငိုခဲ့ရတယ္...အဲ့အခ်ိန္ကေဒၚေလးတို႔ရဲ့အသက္က ဆယ္ႏွစ္ေတာင္မျပၫ့္တတ္ေသးပါဘူး.
ဒါေပမဲ့...ေဒၚေလးတို႔ရဲ့ လက္ကေလးေတြမွာ
ေသြးေျခေလးေတြ ဥေနၿပီး...အသားမာေတြေတာင္ တတ္တယ္..ဘာျဖစ္လို႔လဲဆိုေတာ့...
ဟိုအိမ္ကငါးေရြးဆိုလည္း ညီအစ္မတေတြ
ငါးေျပးေရြးရတယ္...
အရြယ္နဲ႔မမ်ွေအာင္ ေနပူထဲမွာလည္းပဲႏႈတ္တဲ့ အလုပ္ေတြလုပ္ခဲ့ရတယ္..အိမ္မွာက တိရိစၧာန္အေကာင္ပေလာင္ေတြ ေမြးထားတဲ့အျပင္ ၿခံက်ယ္ေတာ့...ကြမ္းပင္ေတြစိုက္တယ္ေလ....ကြမ္းရြက္ေတြကိုခူးၿပီးရင္ ၿမိဳ႔ကိုဒိုင္ခ်ဖို႔လုပ္တိုင္း အေမနဲ႔လိုက္လိုက္သြားခဲ့တယ္....အဲ့ဒီ့ေခာတ္ကေတာ့ ေမာ္ေတာ္နဲ႔မဟုတ္ရင္...ေျခလ်ွင္ပဲ...မဟုတ္ရင္ေတာ့
ေထာ္လာဂ်ီနဲ႔ သြားရတာေပါ့...ၿမိဳ႔ကိုဒိုင္သြားခ်ရင္းနဲ႔ ေက်ာင္းသားေလးေတြမ်ား အေပၚမွာအျဖဴေလးေတြကို သပ္သပ္ရပ္ရပ္၀တ္လို႔ အစိမ္းေရာင္ လံုခ်ည္ေလးေတြနဲ႔ လြယ္အိတ္ကေလးေတြကိုလြယ္ထားတာကိုမ်ားေတြ့ရင္ ေငးလိုက္ရတာ
တေမ့တေမာ...အဲ့အခ်ိန္မ်ိဳးဆိုမ်က္ရည္ဝဲမိတယ္
...ေဒၚေလးကေက်ာင္းတတ္ရတာကို အရမ္းႏွစ္သက္ခဲ့တာကို...
စာသင္ရရင္ကိုေပ်ာ္ေနတာေလ....သူမ်ားေတြတတ္ေတာ့ ကိုယ္လည္းတတ္ခ်င္တာေပါ့....အေမ့ကိုေတာ့မေျပာရဲပါဘူး...အေမစိတ္မေကာင္းျဖစ္မွာစိုးလို႔...အဲ့ဒီ့အခ်ိန္မွာတည္းက ေဒၚေလးမွာအေတြးတစ္ခု၀င္ခဲ့တယ္....ငါ့မွာေမာင္ေလး ညီမေလးေတြသာရိွရင္ ...ပညာေရးကိုဆံုးခန္းတိုင္ေအာင္
ထားခ်င္တယ္ဆိုၿပီး ေတြးခဲ့ဖူးတယ္..."
ေဒၚေလးက ငယ္ဘ၀အေၾကာင္းကိုေျပာေနရင္းနဲ႔ မ်က္ရည္ေလးေတြဝဲရွာတယ္။ပံုရိပ္ကိုယ္တိုင္ကလည္း စာဖတ္ရတာဝါသနာပါတဲ့သူျဖစ္လို႔ ေဒၚေလးရဲ့စကားအသြားအလာကို မွန္းမိပါတယ္။
ေဒၚေလးက သူတို႔ငယ္ငယ္ကေက်ာင္းတက္ရတဲ့အခက္အခဲေတြနဲ႔ ပံုရိပ္တို႔ေခာတ္အေျခအေနနဲ႔ကို
ယွဉ္ၿပီး ဆံုးမေနတယ္ဆိုတာ ပံုရိပ္သိပ္သိတာေပါ့။
သူ႔ရဲ့ငယ္ဘ၀ေလးထဲကေန သူျဖစ္ခ်င္ခဲ့တဲ့ဆႏၵေလးတစ္ခုကိုလည္း ေရာၿပီးရင္ဖြင့္တယ္။
ၿပီးေတာ့ ပံုရိပ္ဘက္ကိုလွၫ့္ၾကၫ့္လာတယ္။
"ပံုပံု...ေဒၚေလးရဲ့ဆႏၵကိုျဖၫ့္စည္းေပးပါလား
ကေလးရယ္...ေဒၚေလးသိပါတယ္...သမီးကေဒၚေလးကိုအားနာေနတယ္ဆိုတာ..သမီးသိမွာေတာ့မဟုတ္ဘူး..သမီးေလးေမြးတုန္းကေလ...
ေတာေဆးခန္းမွာ ေမြးခဲ့တာ...သမီးေလးကို
ပထမဆံုးစၿပီး ခ်ီေပြ့ခဲ့တာက ေဒၚေလးပါဘဲ
...နီတာရဲေလးကို ေဒၚေလးအသဲအရမ္းယားတာဘဲ...ေဒၚေလးကအဲ့ဒီ့အခ်ိန္တုန္းက...ကိုသက္ေဆြနဲ႔ အိမ္ေထာင္မက်ေသးဘူး...အေဖဆံုးသြားတာေၾကာင့္ အေမ့ကိုျပဳစုရင္းနဲ႔ အေမ့အိမ္မွာေနတယ္..
သမီးေလးကိုအားတဲ့အခ်ိန္တိုင္းအိမ္မွာေခၚေခၚထိန္းခဲ့တာ...သမီးကေတာ့မမွတ္မိေလာက္ေတာ့ဘူး...
အဲ့အခ်ိန္တည္းကေဒၚေလးရဲ့အေတြးထဲမွာ သမီးကို ေက်ာင္းစိမ္း၀တ္စံုေလးနဲ႔ ျမင္ၾကၫ့္ခဲ့တာ..."
ေဒၚေလးရဲ့စကားေတြက အေမွာင္ထုထဲကိုရုတ္တရက္ေရာက္လာတဲ့ အလင္းတန္းေလးလို သိပ္ကို တန္ဖိုးႀကီးလြန္းတယ္။ပံုရိပ္ရဲ့ အေတြးေတြကိုလည္း သိေနတယ္။ေဒၚေလးက ပံုရိပ္ကိုဒီေလာက္ သံေယာဇဉ္ႀကီးလိမ့္မယ္လို႔ ပံုရိပ္မထင္ထားခဲ့မိဘူး။မိဘေတြကေတာင္ ထားပစ္ခဲ့ၾကေပမဲ့ ေဒၚေလးကေတာ့ ပံုရိပ္အေပၚမွာ သိပ္ေကာင္းလြန္းေနတယ္။
ေဒၚေလးက ပံုရိပ္ရဲ့ပါးျပင္ေလးကို ဖြဖြပြတ္ကာ ႏွစ္သိမ့္ေပးလာတယ္။
"ပံုပံု...သမီးအခုခ်ိန္မွာ ဘာကိုမွမေတြးပါနဲ႔...ဘာအေၾကာင္းေၾကာင့္နဲ႔မွလည္း ၀မ္းနည္းစရာမလိုဘူး..သမီးရဲ့အေနာက္မွာ ေဒၚေလးအၿမဲရိွတာကိုမွတ္ထားပါ...သမီးကို ျပၫ့္ျပၫ့္စံုစံုမထားႏိုင္ေပမဲ့
ပညာကိုေတာ့ ဆံုးခန္းတိုင္ေအာင္ သင္ေပးခ်င္တယ္...ကိုယ့္ဘာသာလည္း ဘာမွမလုပ္ေပးႏိုင္လို႔ဆိုၿပီး အားမလိုအားမရလည္းမျဖစ္နဲ႔...ပညာသင္တဲ့အရြယ္မွာ....စာႀကိဳးစားတာကိုက သမီးလုပ္ေပးရမဲ့အေရးႀကီးဆံုးအရာဘဲ...ဘဲြ႔ရေအာင္ႀကိဳးစား
သမီးကအေရ႔ွကေန ေျဖာင့္ေျဖာင့္သြားရင္
အေနာက္ကမိစုနဲ႔ ထြန္းကိုကလည္း...ငါ့အစ္မေတာင္ဒီလိုႀကိဳးစားႏိုင္ခဲ့တာဆိုတဲ့စိတ္နဲ႔
..အတုယူၿပီးႀကိဳးစားခ်င္စိတ္ေတြ ျဖစ္လာၾကလိမ့္မယ္...
ေဒၚေလးတို႔ အတူႀကိဳးစားၾကရေအာင္ သမီးရယ္..."
ေဒၚေလးရဲ့စကားအဆံုးမွာ ပံုရိပ္ေဒၚေလးကို
ဖက္လိုက္မိတယ္။အိမ္ေရ႔ွ လမ္းမေဘးမွာဆိုေပမဲ့
၀မ္းနည္း၊၀မ္းသာခံစားခ်က္က ပံုရိပ္ကိုရွက္ရေကာင္းမွန္းလည္း မေတြးမိေစဘူး။
ရွက္လည္းမရွက္ပါဘူး။ကိုယ့္အေဒၚကို ကိုယ္ဖက္တာဘဲဥစၥာ။
မိစုတို႔ကေတာ့ သူတို႔အာရံုနဲ႔သူတို႔ ေဂၚလီလံုးလိွမ့္လို႔ ေကာင္းေနၾကေလရဲ့။ပံုရိပ္ကေတာ့ မ်က္ရည္ေတြကိုသာ မက်ေအာင္မနည္းတားဆီးရင္း ကတိေတြလည္းအထပ္ထပ္ေပးေနမိတယ္။
"သမီးႀကိဳးစားပါ့မယ္ေဒၚေလး...ဒီေန့ကစၿပီး သမီးမေတြေဝေတာ့ပါဘူး...ေဒၚေလးျဖစ္ေစခ်င္သလို သမီးျဖစ္ေအာင္ လုပ္ေပးပါ့မယ္...ေဒၚေလးေနေစခ်င္သလို သမီးေနပါ့မယ္...ညီမေလးနဲ႔ေမာင္ေလးေတြကိုလည္း ပိုဂရုစိုက္ေပးပါ့မယ္...."
"လိမၼာလိုက္တဲ့ကေလး...."
ေဒၚေလးရဲ့ လည္ပင္းကိုသိုင္းဖက္ထားလိုက္ၿပီး ေဒၚေလးရဲ့ ပခံုးေပၚမွာေခါင္းေမွာက္ကာ ရိႈက္၍ငိုမိတယ္။ ေဒၚေလးရဲ့ခႏၶာကိုယ္က ကိုယ္သင္းရနံ႔ကို
ပံုရိပ္ႏွစ္သက္တယ္။ေနြးေထြးေစတဲ့ ရနံ႔မ်ိဳး။
မိခင္တစ္ေယာက္ အနားမွာရိွေနေပးသလိုရနံ႔မ်ိဳး။ ဒီေန့ေလာက္ ပံုရိပ္ဘယ္ေသာအခါမွ မငိုခဲ့ဖူးဘူး။
ပံုရိပ္ရဲ့ရင္ထဲကအစိုင္အခဲအခ်ိဳ႕ အရည္ေပ်ာ္သြားလို႔ပဲ ေနပါလိမ့္မယ္။ဆံုးျဖတ္ခ်က္တစ္ခုကိုလည္း ျပတ္သားစြာခ်လိုက္မိတယ္။
ပံုရိပ္ဘယ္ေတာ့မွ မေပ်ာ့ညံ့ေတာ့ဘူး။
ဦးေနမ်ိဳးေျပာသလိုဘဲ။အေျပာနဲ႔မဟုတ္ဘဲ ေဒၚေလးကိုအလုပ္နဲ႔ သက္ေသျပရမယ္။
ေဒၚေလးရဲ့ အနစ္နာခံမႈေတြကို မျဖဳန္းတီးပစ္ေတာ့ဘူး။
🔥🔥🔥🔥
ဇာတ္လမ္းက အခုမွစမွာပါ
ဆက္လက္ေစာင့္ေမ်ွာ္ေပးၾကပါအံုး