🌹ဆူးကြိုး🌹(အခန်း၆၉)

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 🌹ဆူးကြိုး🌹(အခန်း၆၉)


နေ၀န်းနီနီသည် တစ်နေ့တာ၏ပူဆွေးမှုအားလုံးကို

သိမ်းပိုက်ထားကာ အနောက်အရပ်သို့နစ်၀င်စပြုနေလေပြီ။မကြာခင်မှာ အအေးဓာတ်လေးလွှမ်းမိုးလာပေတော့မည်။

ကျုံးရေပြင်ကို တိုက်ခတ်လိုက်သောလေနုအေးများသည် ပုံရိပ်တို့၏ပါးပြင်လေးများကို

အေးမြသွားစေသည်။


မြေးအဖွားနှစ်ယောက် နေ၀င်ဆည်းဆာ၏အရိပ်အောက်တွင် လွမ်းမောစရာကောင်းပြီးအထီးကျန်စွာ တည်ရှိနေသော မြနန်းစံကျော်မန္တလေးနန်းတော်ကြီးကို ငေးကြည့်နေမိကြသည်။

ပုံရိပ်တို့ထိုင်နေသော ကျုံးအရှေ့ဘက်တွင်

ပုံရိပ်တို့ မြေးအဖွားနှစ်ဦးတည်းသာ ရှိခြင်းမဟုတ်ပဲ

လာရောက်အပန်းဖြေကာ နေ၀င်ဆည်းဆာအလှကို

ခံစားသက်၀င်နေသူများစွာရှိကြလေသည်။


ပုံရိပ်ကတော့ ဝှီးချဲပေါ်တွင်ထိုင်နေသောဖွားညို၏

လက်ကလေးတွေကို ဆုပ်ကိုင်ထားမိကာ

ရေမျက်နှာပြင်တွင် အရိပ်ထင်နေသော

အနီရောင်နေ၀န်းကြီးကိုသာကြည့်နေမိသည်။


"အရိပ်လေး...ဘာတွေကိုငေးနေတာလည်းကွဲ့

မျက်တောင်လည်း မခတ်တော့ပါလား..."


ပုံရိပ်၏ဦးခေါင်းလေးကိုပုတ်ပြီး

မေးလာ‌သောကြောင့် ဖွားညိုကိုပြန်ကြည့်လိုက်ပြီး

ပြုံးပြလိုက်ကာ ကျုံးရေပြင်ပေါ်သို့လက်ညှိုးထိုးပြလိုက်သည်။


"ရေပြင်ပေါ်မှာ နေရောင်တောက်နေတဲ့ပုံစံက

တကယ်ကိုရူးလောက်အောင်လှတယ်...ဒါပေမဲ့

ခဏပဲမြင်ခွင့်ရတော့ နှမျောစရာသိပ်ကောင်းတာပဲ.."


"ဘယ်အရာကမှ မတည်မြဲဘူးလေအရိပ်ရယ်...

လှပတဲ့အရာတွေဆိုတာလည်း အချိန်တန်ရင်ပျောက်ကွယ်သွားမှာပဲ...အစွဲအလန်းထားမိရင်

ကိုယ်ပဲ ပင်ပန်းရလိမ့်မယ်..."


အဖွား၏စကားကို ထောက်ခံသည့်အနေနှင့်

ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အခြားဘက်သို့ကြည့်လိုက်မိတော့ ပုံရိပ်တို့နည်းတူ လေကောင်းလေသန့်

လာရှုကြသော မိသားစုလေးတစ်ခုကိုတွေ့လိုက်ရသည်။


အသက်ငယ်ငယ်လင်မယားနှစ်ယောက်ဖြစ်ပြီး

ကလေးလေးကိုလည်း ပွေ့ချီထားကြသေးသည်။

သူတို့ကိုကြည့်နေရင်းနှင့်

အဖေနဲ့အမေ့ကိုတောင် သွား၍သတိရမိသည်။

အဖေက အေးဆေးတည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်ပြီး အမေကတော့သွက်လက်ပေမဲ့သစ္စာရှိတဲ့

အချစ်ကြီးသူ မိန်းမတစ်ယောက်ဖြစ်သည်။


အချစ်စစ်ကို တွေ့ရှိသွားသောကံကောင်းသည့်

လူများထဲတွင် ပုံရိပ်၏မိဘတွေပါ၀င်ပေမဲ့

ပုံရိပ်ကတော့ ကံဆိုးခဲ့ရသည်။

အခုဆိုရင် ပုံရိပ်နဲ့ဆရာ အဆက်အသွယ်ပြတ်သွားခဲ့တာ နှနှစ်ကျော်လောက်ရှိလိမ့်မည်။

သူကတော့ ပုံရိပ်ကိုမေ့နေလောက်ပေမဲ့

ပုံရိပ်ကတော့ တစ်နေ့၊တစ်ရက်၊တစ်စက္ကန့်တောင်

မေ့မရနိုင်ပေ။


အခုအချိန်ဆိုရင် ဆရာဘယ်နေရာမှာ

ရှိနေလိမ့်မလဲ။တောင်ကြီးမှာပဲလား၊

ဒါမှမဟုတ် ရန်ကုန်ပဲပြန်သွားခဲ့တာလား။

ဒေါက်တာ ခင်ရူပနဲ့လက်ထက်ပြီးသွားခဲ့ပြီလားဆိုတာသိချင်ပေမဲ့ ပုံရိပ်မစုံစမ်းချင်ဘူး ဆရာရယ်။

ဆရာ့ဆီကနေ ဘာစကားမှလည်းပုံရိပ်မကြားချင်ဘူး။


ဆရာနဲ့ပတ်သတ်တဲ့ အမှတ်တရကောင်းလေးတွေကို ဒီတိုင်းလေးပဲရင်ထဲမှာ သိမ်းထားချင်ပါတယ်။

ကိုယ့်ကိုကိုယ် လှည့်စားမိနေတယ်ပဲဆိုကြပါစေ။


"အရိပ်လေးရဲ့မိဘတွေကို သတိရနေတာလား..."


ပုံရိပ်တို့အနီးမှ မိသားစုလေးကိုငေးကြည့်ရင်းနှင့်

ငိုင်နေမိတာကိုမြင်သွား၍ အဖေနဲ့အမေ့ကိုသတိ‌ရနေသည်ဟု ထင်သွားပုံပါပဲ။

ကျုံးရေပြင်ကိုပြန်ကြည့်လိုက်ပြီး ပုဂံတွင်အသဲကွဲခဲ့ရသော နေ့ရက်၏နေ၀န်းနီနီကို မျက်၀န်းထဲမှာ

ပြန်မြင်ယောင်နေမိသည်။


"အဖိုးကိုအဖွားသိပ်ချစ်ခဲ့တာပဲလား...."


"အမှန်အတိုင်းပြောရရင်တော့ မြေးလေးရဲ့အဖိုးကို

အဖွားအခုအချိန်အထိချစ်တယ်လို့ မခံစားမိဘူး.."


အဖွား၏စကားကြောင့် ပုံရိပ်အံ့ဩသွားမိလေသည်။ရေမျက်နှာပြင်ပေါ်သို့ ကြည့်နေသောအဖွား၏ မျက်နှာလေးသည်တည်ငြိမ်လွန်းလှသည်။နှစ်ပေါင်းများစွာ ပေါင်းသင်းလာခဲ့သော

လူတစ်ယောက်ကို မချစ်ဘူးဆိုတာ

ဖြစ်နိုင်ပါ့မလား။

ဒါမှမဟုတ် အဖွားမှာငယ်ချစ်ဦးရှိနေတာလား။


"ဒါဆိုအဖိုးကအဖွားရဲ့ ငယ်ချစ်မဟုတ်ဘူးပေါ့...

အဖွားမှာအဖိုးအပြင်အချစ်ဦးရှိခဲ့တာလား..."


"မရှိခဲ့ပါဘူးကွယ်...အဖွားမှာငယ်ချစ်ဦးမရှိခဲ့ပါဘူး

..အဖွားတို့မိသားစုထဲမှာအဖွားက

တစ်ဦးတည်းသော သမီးဖြစ်လို့

မိသားစုရဲ့အရေးကိစ္စတိုင်းမှာ

ပါ၀င်ပေးရတယ်...အဖွားရဲ့အဖေနဲ့အမေက

စည်းကမ်းတင်းကြပ်လွန်းတော့...အချစ်ဆိုတာကို

မြည်းစမ်းခွင့်တောင်မပေးခဲ့ကြပါဘူး...

အဖွားကိုယ်တိုင်ကလည်း မိဘတွေရဲ့

စီစဉ်ပေးမှုသာမရှိရင် ယောက်ျားတောင်

ရမယ်မထင်ဘူး...

ဒါပေမဲ့အဖွားက သစ္စာကြီးတဲ့မိန်းမထဲက

တစ်ယောက်ပဲ...ကတိသစ္စာတစ်ခုကိုအလေးထားတယ်...ဒါကြောင့်ကိုယ်တည်ထောင်လိုက်တဲ့

အိမ်ထောင်ရေးဟာ ကောင်းသည်ဖြစ်စေ၊

ဆိုးသည်ဖြစ်စေ..

မပြိုကွဲအောင်ထိန်းသိမ်းထားခဲ့တယ်...

မြေးလေးရဲ့အဖိုးကိုချစ်တယ်လို့

မပြောသာပေမဲ့...ကိုယ့်လင်သားမို့

သံယောဇဉ်ကတော့ အရှိဆုံးပေါ့..."


"ဒါဆိုရင်...အဖိုးကရော..အဖွားကိုချစ်တယ်လို့

ထင်လား..."


အဖွား၏ ဝှီးချဲဘေးနားမှာထိုင်ချလိုက်ပြီးမေးလိုက်တော့ အဖွားမဲ့ပြုံးပြုံးလိုက်သည်ကို

ပုံရိပ်သေချာတွေ့လိုက်ရသည်။

ဒါပေမဲ့ ဒေါသထွက်သွားခြင်း၊မျက်နှာပျက်ယွင်း

သွားခြင်းတော့ မရှိပေ။


"အရိပ်လေးရဲ့အဖိုးကလည်း

အဖွားကိုမချစ်ခဲ့ပါဘူး...

တကယ်တော့ ငယ်ချစ်ဦးကသူ့မှာရှိတာကွဲ့

သူကအတ္တကြီးသလို၊လောဘလည်းသိပ်ကြီးတယ်

အချစ်ဦးကိုထားခဲ့ပြီး မိဘပေးစားတဲ့အဖွားကို

လက်ထက်ခဲ့တာပဲကြည့်တော့...

သူကသူ့ဂုဏ်သိက္ခာကိုအရမ်းတန်ဖိုးထားတယ်

နည်းနည်းလေးမှအပွန်းအပဲ့မခံဘူး...

ဒါကြောင့် မိဘရဲ့ဆန္ဒကိုဆန့်ကျင်တဲ့သားလို့

လူတွေရဲ့အထင်ကိုမခံချင်လို့ကို

အဖွားနဲ့လက်ထက်ခဲ့တာ..

တစ်ခုကောင်းတာကတော့ အဖွားကြောင့်

သူ့ငယ်ချစ်ဦးနဲ့ဝေးခဲ့ရတယ်ဆိုပြီး တစ်ခါမှ

အပြစ်မတင်ဘူး...သူကအိမ်ထောင်ရေးအပေါ်မှာ

သစ္စာရှိပြီး မိန်းမတိုင်းလိုချင်မဲ့‌စိတ်ချရတဲ့

ယောက်ျားမျိုးပဲ...

မန္တလေးတိုင်းတင်မကပဲ

မြန်မာနိုင်ငံရဲ့ အတော်ဆုံးခွဲစိပ်ဆရာ၀န်တွေထဲက

တစ်ယောက်ဖြစ်တဲ့အတွက်...သူ့ရဲ့၂၄နာရီထဲမှာ

အဖွားအတွက်၊မိသားစုအတွက်အချိန်ဇယား

မဆွဲထားခဲ့ဘူး...

အဖွားက၁၅၀၀အချစ်ကိုမခံစားခဲ့ရပေမဲ့...

ကိုယ့်အိမ်ထောင်ဘက်အမျိုးသားဆီက

အချစ်ခံရတာကိုတော့လိုချင်ခဲ့တာပေါ့...

ဒါပေမဲ့ အဖွားကံ‌မကောင်းခဲ့ပါဘူး...

အဖွားလိုချင်တဲ့ ခင်ပွန်းဆီက

ကြင်နာမှုမျိုးတွေဟာ

သူ့ဆီမှာရှိမနေခဲ့ဘူး...ဒါပေမဲ့သူက..

အားကိုးထိုက်တဲ့..ဂုဏ်ယူဝံ့ကြွားစရာ..

မျက်နှာပန်းလှစေတဲ့ယောက်ျားတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်...."


အဖိုးနဲ့အဖွားရဲ့အကြောင်းတွေကို

နားထောင်လိုက်ပြီးနောက်မှာ ပုံရိပ်ရဲ့စိတ်ထဲမှာအဖွားကိုယ်စား၀မ်းနည်းမိသလိုပဲ။

အဖိုးသည် ဦးနှောက်ကောင်းပြီး

နှလုံးသားမဲ့သူတစ်ယောက် ဖြစ်နေသည်။

ဖွားညိုရဲ့မိဘတွေဟာ ရှေးရိုးဆွဲပြီး

စည်းကမ်းတင်းကြပ်လွန်းသောကြောင့်

ဖွားညို၏ဘ၀ဟာ ပဲပင်လေးတွေလို

မြေကြီးထဲကနေ တစ်ဆင့်ချင်း

ပေါက်ဖွားလာရမဲ့အစား မှော်ပညာနဲ့တန်းပြီး

ကြီးထွားအောင် ဖန်တီးခံလိုက်ရသလိုဖြစ်နေသည်။


တော်တယ်၊ထက်မြတ်တယ်။ဒါပေမဲ့ချစ်တတ်ဖို့

မသင်ယူခဲ့ရသလို အချစ်ခံရဖို့လည်းကံဇာတာ

မပါခဲ့ပေ။


"အရိပ်လေးကို ကိုထက်နဲ့ဘာကြောင့်

သဘောတူတာလဲဆိုတော့...ကိုထက်ကအရိပ်ကိုသဘောကျနေတယ်ဆိုတာအဖွားရိပ်မိလို့ပဲ....

နောက်ပြီးသူနဲ့အရိပ်ကဆန့်ကျင်ဘက်ဖြစ်နေလို့ကို

သဘောတူတာ...."


"အဖွားကလည်းလူနှစ်ယောက်က

အကြိုက်ချင်းတူမှ ပေါင်းလို့ရတာ

မဟုတ်ဘူးလား...ဆန့်ကျင်ဘက်ဖြစ်နေမှတော့ ဘယ်လိုတည့်တော့မှာလည်း..."


"အရိပ်လေးရဲ့အတွေးကတော့ အဲ့လိုပေါ့..

ဒါပေမဲ့အဖွားရဲ့အမြင်မှာတော့ကိုထက်က

သွက်လက်ပြီးပွင့်လင်းတယ်..အရိပ်ကတော့

အေးဆေးတည်ငြိမ်ပြီးသိုသိုသိပ်သိပ်နေတတ်တယ်

ဒါကြောင့်အရိပ်တို့နှစ်ယောက်က

လိုက်ဖက်တယ်လို့မြင်တယ်..

အရိပ်နဲ့အကျင့်စရိုင်ချင်းတူတဲ့

လူမျိုးနဲ့သာဖူးစာဆုံရင်...

အဖွားရဲ့အိမ်ထောင်ရေးလိုဖြစ်နေလိမ့်မယ်...

အနှစ်သာရမရှိပဲ အေးစက်တဲ့အိမ်ထောင်ရေးမျိုးပေါ့..."


"အဖွားပြောတာမှန်ပါတယ်...ဒါပေမဲ့သမီးသူ့ကို

မချစ်ဘူးအဖွား...

ဘယ်လောက်ပဲလိုက်ဖက်ညီနေပါစေ...

အချစ်မပါတဲ့အိမ်ထောင်ရေးဟာ

သမီးအတွက်တော့ဘာအဓိပ္ပာယ်မှမရှိဘူး...

မိဘတွေစီစဉ်ပေးတဲ့အိမ်ထောင်ရေးကို

လက်ခံမိလို့ အဖွားလည်းဒုက္ခခံခဲ့ရပြီးပြီပဲ

မဟုတ်လား...သမီးကိုပါ

အဲ့လိုထပ်ဖြစ်စေချင်တာလား...

တကယ်လို့အဖွားကိုချစ်တဲ့လူ..

အဖွားကတကယ်ချစ်ရသူအချင်းချင်းသာ

ပေါင်းဖက်ခွင့်ရခဲ့ရင်

ကျန်ခဲ့တဲ့အမှတ်တရတွေဟာ

မမေ့ရက်နိုင်စရာတွေပဲ ဖြစ်နေမှာ

ဟုတ်တယ်မဟုတ်လား..."


အဖွားသည် မျက်၀န်းလေးတွေညိုမှိုင်းကာ

၀န်ခံသောအနေဖြင့် ခေါင်းငြိမ့်ပြလေသည်။

တကယ်တော့ အဖွားသည်တမင်အတ္တကြီးနေတာမျိုးမဟုတ်ပဲ သူကြီးပြင်းခဲ့ရသော

ပတ်၀န်းကျင်၏ဓာတ်သဘာ၀တွေဟာ

သူ့ကိုယ်ထဲမှာစိမ့်၀င်နေခဲ့တာပါ။

လူတစ်ယောက်ကို ချစ်ကြောင်းဖော်ပြတဲ့အခါမှာ

ညင်သာတဲ့နည်းလမ်းကိုမသုံးတတ်ရုံလေးပါပဲ။


"အိမ်ထောင်ရေးတစ်ခုကို မျှော်လင့်ချက်တွေ၊

အပေးအယူတွေ၊အလိုရမ္မက်တွေနဲ့

တည်ဆောက်ရတာမဟုတ်ဘူးအဖွား...

သူများတွေကတော့

ဘယ်လိုသဘောထားကြလည်းမသိပေမဲ့...

သမီးကတော့ သမီးရွေးချယ်လိုက်တဲ့

အိမ်ထောင်ရေးကို ချစ်ခြင်းမေတ္တာတွေနဲ့ပဲ

ဖွဲ့စည်းထားချင်တယ်...ဒုက္ခရောက်ရင်လည်း

အတူရင်ဆိုင်ကျော်ဖြတ်ပြီး...

ငိုရင်လည်းအတူတူငိုပေးပြီး..

ပျော်ရွှင်ရတဲ့အခါလည်းအတူတူပေါ့...

လူတိုင်းဟာအချစ်ခံရဖို့ ထိုက်တန်ကြသလို

ကိုယ်ချစ်တဲ့လူနဲ့ဆုံစည်းကြဖို့လည်း

ထိုက်တန်ပါတယ်..."


ဒီစကားကိုပြောနေတဲ့အချိန်မှာ ပုံရိပ်ရဲ့နှလုံးသားတွေ နာကျင်နေခဲ့တယ်။

ဖြစ်ချင်တိုင်းသာဖြစ်နေရင် ဒါဟာလူ့ဘ၀ဘယ်ဟုတ်ပါတော့မလဲ။

ဆရာဟာ ပုံရိပ်၏ချစ်တတ်သောနှလုံးသားကို ကျိန်စာတိုက်သွားခဲ့တယ်။

ပုံရိပ်ရဲ့ အချစ်သစ်ပင်လေးဟာဆရာထားရစ်ခဲ့တဲ့ နေရာမှာပဲ သေဆုံးသွားခဲ့ပါပြီ။

ပုံရိပ်ကိုယ်တိုင်ကတော့ ချစ်တဲ့သူနဲ့ဆုံစည်းဖို့

မထိုက်တန်ခဲ့ဘူးထင်ပါတယ်။


"ဟိုတစ်လောက..ကိုထက်ကိုယ်တိုင်အဖွားကို

ဖုန်းဆက်တယ်...ပုံရိပ်ကသူ့ကိုသဘောမကျတဲ့အတွက်...စေ့စပ်ပွဲကိုဖြတ်သိမ်းချင်ပါတယ်တဲ့...."


"ဟင်..ဒါဆို..အဖွားကဘာပြန်ပြောလိုက်လဲ

လိုက်ခံလိုက်လား..."


စိတ်လှုပ်ရှားသွားသော ပုံရိပ်၏မျက်နှာလေးကိုကြည့်ပြီး အဖွားကပြုံးလိုက်ကာပုံရိပ်နှင့်

နှဖူးချင်းတိုက်လိုက်လေသည်။

ပြီးနောက်ပုံရိပ်၏ဆံစလေးတွေနှင့်

ပါးလေးတွေကို လက်ဖဝါးဖြင့်ညင်သာစွာ

ပွတ်သပ်လေသည်။


"ဟုတ်တယ်...အဖွားသဘောတူလိုက်တယ်..

ဒါပေမဲ့...ဒီလိုသဘောတူလိုက်တာက

နေမျိုးကိုလက်ခံပေးလိုက်တာမဟုတ်ဘူးနော်"


"သမီးသိပါတယ်အဖွားရယ်...သမီးကို

အတင်းဖိအားမပေးလို့အဖွားကိုကျေးဇူးတင်ပါတယ်နော်..."


"အဖွားကအရိပ်လေးကိုလူရွေးမမှားစေချင်ရုံပါ..."


*ဘယ်သူ့ကိုမှထပ်ပြီးရွေးချယ်ဖို့မဖြစ်နိုင်တော့လို့...လူရွေးမမှား‌ပါဘူး...*ဟု

ဖွားညိုကိုပြောလိုက်ချင်ပေမဲ့ ပုံရိပ်ကို

သာယာနွေးထွေးသော မိသားစုလေးတစ်ခု

အား ပိုင်ဆိုင်စေချင်သောဖွားညို၏

ဆန္ဒလေးကို အထွန့်မတက်လိုသောကြောင့်

ဘာမှဆက်၍ မပြောဖြစ်တော့ပေ။


"အော်...ဒါနဲ့အဖွား..သမီးဒီနှစ်သင်္ကြန်မှာ

ရန်ကုန်ကိုခဏလောက်ပြန်ချင်တယ်...

ခွင့်ပြုပေးပါလားဟင်..ဒေါ်လေးတို့ကလည်း

သမီးကိုလွှမ်းနေပြီတဲ့ မိစုလေးတို့ကိုလည်း

သမီးအရမ်းတွေ့ချင်တယ်..."


"သူတို့ကိုဒီခေါ်လိုက်ပါလားကွယ်...မန္တလေးမှာလည်း ပျော်စရာ၊လည်စရာတွေများပါတယ်..."


"မဟုတ်ဘူးအဖွားရဲ့..ဒီနှစ်သင်္ကြန်မှာ

ဒေါ်လေးကအလှူလုပ်မလို့တဲ့...

ကိုရင်အပါးငါးဆယ်လောက်ကိုလည်း...

အလှူ့ဒကာအနေနဲ့ရှင်ပြုရဟန်းခံပေးမလို့

ဘုန်းကြီးကို လျှောက်ထားပြီးသားဖြစ်နေပြီ..

ထွန်းကိုလေးကိုလည်း ကိုရင်၀တ်ပေးမလို့လေ..သမီးသွားပါရစေနော်..မဟုတ်ရင်..

ဒေါ်လေးအားငယ်နေမှာပေါ့အဖွားရယ်..."


"ကဲ...ဒါဆိုလည်းသွားပေါ့..သူ့မှာဒီတူမလေးတစ်ယောက်ပဲအရင်းအချာရှိတာဆိုတော့

သွားလိုက်ပါ..."


"သမီးကိုရန်ကုန်သွားခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်အဖွားရယ်...သမီးကအဖွားကို

အချစ်ဆုံးပဲ သိလား.."


"အမယ်လေး...ခုမှလာချွဲမနေပါနဲ့...

ဒီအဖွားကြီးနဲ့အတူမနေချင်လို့...ရန်ကုန်ကို

သွားတာမဟုတ်လား..."


လူကောင်ထွားပြီး အရင်ထက်ပို၀လာသောကြောင့် ပြည့်ပြည့်တင်းတင်းဖြစ်နေသောအဖွားကို ဖက်လိုက်ကာ ပါးရည်တွန့်နေ၍ ချောင်ကျနေသောပါးမို့နေရာကို

နမ်းလိုက်ပြီး အဖွားစိတ်ကောက်နေတာကို

ကြည့်ရင်း ပြုံးလိုက်မိသည်။


"ဒီလောက်ချစ်ဖို့ကောင်းတဲ့အဖွားကြီးနဲ့

ဘယ်သူကခွဲချင်ပါ့မလဲ...စိတ်ချအဖွားကိုလည်း သမီးကဘယ်တော့မှထားမသွားဘူး..

အခုကခဏလေးပဲ...ရက်ပိုင်းလောက်ပဲ

ခွဲရမှာပါ..သင်္ကြန်ရောက်ဖို့ကလိုပါသေးတယ်

သမီးကကြိုပြီး..အသိပေးထားတာပါ...

အခုလိုအဖွားကြီးစိတ်ကောက်တာကို

ကြိုမြင်ချင်လို့..."


"ဒီကောင်မလေး..အဖွားကိုများ...

စိတ်ကောက်သလေး..ဘာလေးနဲ့..."


"ဟဲ..ဟဲ..အဖွားကစိတ်ကောက်ရင်ချစ်ဖို့ကောင်းလို့ပါ...အဖွားကငယ်ငယ်တုန်းကအရမ်းချောမှာပဲနော်..အခုတောင်ဒီလောက်

ကျက်သ‌ရေရှိနေတာ..."


"အမယ်လေး...သူလိုချင်တာရဖို့အရေး..

ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေလိုက်တာများ"


"မဟုတ်ပါဘူးနော်..တကယ်ချောလို့ချောတယ်ပြောတာပေါ့..သမီးသာဦးမိုးမင်းနေရာမှာဆိုရင်...အဖွားကိုအသဲအူလှိုက်မတတ်

ချစ်မှာသိရဲ့လား..."


"ဟဲ့...ဒီကောင်မလေး...ဘယ်နှယ်

ကိုယ့်အဖိုးကိုများ...နာမည်ကြီးတပ်ပြီးခေါ်ရတယ်လို့..."


ပုံရိပ်ပြုံးလိုက်ပြီး အဖွားကိုပိုတိုး၍ဖက်လိုက်သည်။ဒီရက်တွေထဲမှာ ကျန်မာရေးချူချာလာသောကြောင့် အဖွား၏အနားမှာယခင်ကထက် ပို၍နေပေးမိသည်။

ဥပမာအလုပ်ပိတ်ရက်တွေမှာ လေကောင်းလေသန့်ထွက်ရှူဖြစ်ပြီး

အဖွားကို စာအုပ်တွေဖတ်ပြကာ

စန္ဒယားတီးပြလေ့ရှိသည်။


ပုံရိပ်၏အပေါ်မှာ အဖွားသာလျှင်အချစ်ဆုံးဟု တွေးမိ၍အဖွားစိတ်ချမ်းသာအောင်၊

အဖွားပျော်ရွှင်အောင် အားလုံးလုပ်ပေးချင်သည်။လင်သားထံမှချစ်ခြင်းမေတ္တာငတ်မွတ်ခဲ့ရသောအဖွားသည် ပုံရိပ်၏အဖေကြောင့်ရော သူ့သမီးအလတ်ကြောင့်ပါစိတ်ဆင်းရဲစရာတွေ ကြုံခဲ့ရ၍ ပုံရိပ်ကပျော်ရွှင်မှုလေးတွေနှင့် အစားထိုးပေးချင်သည်။


အဖွား၏နောက်ကျောဘက်သို့ ပုံရိပ်သွားလိုက်ပြီး အဖွား၏လည်ပင်ကိုသိုင်းဖက်လိုက်ကာ ပါးရည်တွန့်နေသောပါးလေးတွေကို နမ်းလျှက်နေ၀င်ချိန်၏ ဆည်းဆာအလှကို ခံစားကြည့်နေမိသည်။


*ပုံရိပ်အတွက်..အခုချိန်မှာအလိုအပ်ဆုံးက

အဖွားအသက်ရှည်ရှည်နေထိုင်နိုင်ဖို့ပါပဲ..."


🌹🌹🌹🌹🌹🌹🌹🌹🌹


ဒေါ်လေးတို့၏အိမ်ရှေ့တွင် ပုံရိပ်တို့၏

ကားလေးရပ်လိုက်သောအခါ ဟီးထွက်နေသောမဏ္ဍပ်ကြီးကို တွေ့လိုက်ရ၍အံ့ဩသွားမိလေသည်။

ပိစိမက အိတ်တွေသယ်နေတုန်းမှာပဲ 

ပုံရိပ်ကတော့ အလှူမဏ္ဍပ်ကြီးကို လှည့်ပတ်၍ကြည့်နေမိသည်။


မဏ္ဍပ်ထဲတွင်တရားဟောဖို့ပုလ္လင်တွေတောင်

အဆင်သင့်လုပ်ထားတာကိုတွေ့လိုက်ရ၍

စေ့စပ်သေချာအောင် လုပ်ထားသည့်ဒေါ်လေးကို ချီးကျူးလိုက်မိသည်။

ကားဒါရိုင်ပါရောပုံရိပ်တို့ပါ ခြံထဲသို့၀င်လိုက်သောအခါ ချက်ပြုတ်နေကြသော

လူအုပ်ကြီးကို တွေ့လိုက်ရ၍အံ့ဩမိပြန်သည်။


"တူမကြီးကဘယ်သူလည်းကွဲ့..."


"ဒေါ်ပုမကလည်းအဲ့ဒါမရှင်းသန့်ရဲ့တူမလေး

မန္တလေးကနေအလည်လာတာ...

မရှင်းသန့်ရေ...ဒီမှာရှင့်တူမရောက်နေပြီဟေ့.

လာပုံရိပ်ရေ...ညည်းအဒေါ်ကနောက်ဖေးမှာ

အလုပ်ရှုပ်နေတယ်..."


အနေဝေးသွားပေမဲ့ ပုံရိပ်အပေါ်မှာအရင်လိုပဲ

 ဒေါ်အပျိုကြီးကတရင်းတနှီးဆက်ဆံလာလေသည်။ခြံထဲတွင် ချက်ပြုတ်ကြော်လှော်နေကြသော အမျိုးသမီးများအဖွဲ့ကလည်း

ပုံရိပ်ကိုအထူးအဆန်းကြည့်လာကြသည်။


သုံးနှစ်ကျော်လောက်အထိ ရန်ကုန်ကို

ပြန်မရောက်ဖြစ်တော့ ရပ်ကွက်ထဲကအချို့လူတွေကလည်း ပုံရိပ်ကိုသိပ်မှတ်မိကြပုံ

မပေါ်တော့ပေ။ပုံရိပ်လည်း သိပ်မမှတ်မိချင်တော့ပေ။


ပိစိမကတော့ အခန်းထဲသို့အိတ်တွေထားရင်း ၀င်နားနေပေမဲ့ ပုံရိပ်ကတော့အိမ်နောက်ဖေးသို့သာ ဒေါ်အပျိုကြီးနှင့်အတူ

လိုက်လာမိလေသည်။


အိမ်‌ကိုသေချာကြည့်မိတော့မှ ချဲ့ပြီးအုတ်နှင့်ပြန်ဆောက်ထားသည်မို့ ယခင်ထက်ပိုကျယ်နေတာကို ခန့်မှန်းမိလိုက်သည်။

ဘုရားခန်းကလည်း တသီးတသန့်ဖြစ်နေပြီး

အရင်လို အလည်ကလျှောက်လမ်းထား၍

တစ်ဖက်တစ်ချက်မှာအခန်းနှစ်ခန်းမလုပ်ထားတော့ပဲ ခေါင်းရင်းဘက်တွင်အခန်းသုံးခန်းဖွဲ့ထားကာ ခြေရင်းဘက်တွင် လျောက်လမ်းကို ကျယ်ကျယ်ထားပြီး မီးဖိုချောင်ကိုလည်း အိမ်ခြေရင်းဘက်အခြမ်းမှာအဆောင်

ထပ်ဖွဲ့ထားလေသည်။


ပုံရိပ်ထောက်ပံ့ပေးခဲ့တာနဲ့တန်အောင် ကြိုးစားနိုင်သောအန်တီရှင်းသန့်ကိုလည်း

ပုံရိပ်ချီးကျူးမိသည်။


"ညည်းအဒေါ်ကအေ...အလှူရှင်မို့အေးဆေးနေပါလို့ပြောလည်း နားမထောင်ဘူး...

သူကိုယ်တိုင်ဈေးကိုသွားတာများ..

အခေါက်ရေကိုမထိဘူး...

ဟိုဟာလေးလိုလည်းသွား၀ယ်ရပြန်ပြီ..

ဒီဟာလေးလိုလည်းသွား၀ယ်ရပြန်ပြီ

...တော်တော်ပင်ပန်းတာပါအေ..."


"ဟုတ်လား...ဒေါ်လေးကဒူးနာနေတော့

အရမ်းပင်ပန်းမှာပဲနော် ..သမီးလည်းမနေ့ကလာမလို့ပဲ..ကုမ္ပဏီမှာကခုရက်ပိုင်းအလုပ်များနေတာနဲ့မအားဘူးဖြစ်နေတာ.."


"ဟယ်တော်..ညည်းကအသက်၂၀ကျော်ပဲ

ရှိသေးတာကိုအလုပ်ဆင်းနေရပြီလား..

တော်လိုက်တာတူမရယ်..."


အိမ်နောက်ဖေးသို့သွားနေရင်းနှင့် အပျိုကြီး၏ ချီးကျူးခြင်းကိုလည်းခံလိုက်ရသေးသည်။အမှန်တော့ အခုနောက်ပိုင်းမှာ

ကုမ္ပဏီကို လေးလေးခန့်ကလက်လွှဲယူလိုက်တာကြောင့် အရင်လိုတာ၀န်မကြီးတော့ပေမဲ့

အလုပ်အတွေ့အကြုံရအောင်တော့

လေးလေးခန့်၏ လက်ထောက်အဖြစ်ဆက်ရှိနေရလေသည်။


"မရှင်းသန့်ရေ...ဒီမှာရှင့်တူမရောက်နေပြီ..."


အိမ်အနောက်တံခါးကိုဖွင့်လိုက်သောအခါ

မီးစက်ဖွင့်ထား၍ အော်ပြောလိုက်သော

ဒေါ်အပျိုကြီး၏အသံကြောင့် ဒေါ်လေးကလှည့်ကြည့်လာခဲ့ပြီး ၀မ်းသာအားရနှင့် ပုံရိပ်ကိုပြေးဖက်လေသည်။


"ဒီမှာကစက်သံတွေနဲ့...ငါးပေါင်းဖို့လုပ်နေလို့...ဒေါ်လေးတို့အိမ်ရှေ့ခန်းကိုသွားရအောင်..."


ဒေါ်လေးကဒူးအနာပျောက်သေးပုံမပေါ်ပဲ

လမ်းလျှောက်တာထော့နဲ့ထော့နဲ့ဖြစ်နေ၍

ပုံရိပ်လည်း တွဲပေးလိုက်ပြီး ဘုရားခန်းဘက်သို့ လျှောက်လာလိုက်သည်။

အိမ်ကိုချဲ့ထား၍ ဘုရားခန်းအရှေ့မှနေရာသည် ဧည့်ခန်းသဘောမျိုးဖြစ်နေလေသည်။


"ဒေါ်လေးရဲ့..ခြေထောက်ကမသက်သာသေးပဲနဲ့...ဘာလို့ကိုယ်တိုင်၀င်လုပ်နေရတာလဲဒေါ်လေးရယ်..."


"သမီးရယ်..ဒါမျိုးအလှူကဒေါ်လေးတို့လို

လူမျိုးတွေအတွက်တစ်သက်မှာတစ်ခါသာလုပ်ခွင့်ရတာမျိုးလေ..တူမကြီးလာတာ

နောက်တောင်ကျနေသေးတယ်..မနက်ပိုင်း

တစ်ဖြတ်ကျွေးမွေးပြီးသွားပြီ...

အခုချက်ပြုတ်နေကြတာက နောက်နေ့မနက်အတွက်လေ.."


"အော်..ဒါနဲ့..ဒေါ်လေးတို့အမျိုးတွေရော

မလာကြဘူးလား.."


"လာတယ်လေ..ဒေါ်လေးရဲ့အမေဘက်က

၀မ်းကွဲတွေကလာကြတယ်..ခြံထဲမှာချက်ပြုတ်နေကြတာ..အဲ့ဒါရွာကအမျိုးတွေပေါ့..နောက်ဖေးမှာတော့...အမိုးဆောက်ထားတာနဲ့..ငါးပေါင်းဖို့အတော်ပဲဖြစ်သွားတယ်...

အလယ်ခန်းကိုတူမကြီးတို့ယူလိုက်ပေါ့..

ခေါင်းရင်းဘက်ကအခန်းမှာတော့ ဒေါ်လေးတို့သားအမိတွေနေလိုက်မယ်...ဟော့ဒီ့ဘုရားခန်းရှေ့မှာတော့ ယောကျာ်းတွေကအိပ်လို့သင့်ပေမဲ့ မိန်းမပျိုလေးတွေကြတော့

အခန်းအပိုမှာစုအိပ်ခိုင်းမှ သင့်တော်မှာလေ.."


"ရပါတယ်..ဒေါ်လေးရယ်..လူများရင်သမီးတို့

အခန်းမှာ လာစုအိပ်လည်းအဆင်ပြေပါတယ်"


"အင်း...ကြည့်ပြီးစီစဉ်ရမှာပေါ့...ပုံရိပ်လည်း

အနားယူပြီးရေမြန်မြန်ချိုးတော့..မကြာခင်နေစောင်းတော့မယ်...ဒါရိုင်ဘာကြီးကိုလည်း

ပြန်လွှတ်ရမှာမဟုတ်လား..

ထမင်းလေးဘာလေးကျွေးလိုက်ရအောင်လို့..."


"အစကတော့ ပြန်လွှတ်မလို့ပဲ...အခုတော့လိုအပ်တာတွေကို ဈေးမှာသွား၀ယ်ရင်

ဒေါ်လေးအဆင်ပြေအောင်ပြန်လွှတ်တော့ဘူး

ဖွားညိုကိုလည်း လှမ်းပြောလိုက်ပါ့မယ်..

ကားနဲ့ဆိုတော့ သက်သာတာပေါ့..."


"အင်း..ဒါလည်းကောင်းပါတယ်..အလှူ့ရှင်ရဲ့

အိမ်မှာကားရှိနေတော့ လူအထင်ကြီးတာပေါ့"


"ဒေါ်လေးကတော့လုပ်ပြီ...ဒါနဲ့မိစုတို့

ထွန်းကို‌တို့ရော..."


"ဒင်းတို့က သင်္ကြန်မကျသေးဘူး

ရေလိုက်ပက်နေပြီလေ...

ခဏနေရင် ညည်းညီမတွေပြန်လာပါလိမ့်မယ်..ပုံရိပ်လာမယ်ဆိုလို့သူတို့က

မနက်တည်းက တမေးတည်းမေးနေကြတာ...

ညည်းကလည်း နေနိုင်လိုက်တာအေ...

တစ်နှစ်နေလည်းပေါ်မလာဘူး..."


"တောင်းပန်ပါတယ်..ဒေါ်လေးရယ်..သမီးလည်းမအားလို့ပါ..."


တကယ်တော့ အသည်းကွဲပြီးတည်းက

ရန်ကုန်ကိုပြန်လာချင်စိတ်မရှိခြင်းဖြစ်နေလေသည်။ဒါပေမဲ့ အလုပ်နဲ့ပဲအကြောင်းပြလိုက်ရသည်။


နေရင်းထိုင်ရင်းနှင့် စိတ်ထဲမှာအချစ်ဦးကို

သတိရလာမိ၍ ကိုယ်နေရမည့်အခန်းထဲသို့သာ ၀င်နားဖို့လုပ်လိုက်သည်။ပိစိမကတော့

ကုတင်ပေါ်တွင် ကုလားသေ၊ကုလားမော

အိပ်နေလေပြီ။


ဒေါ်လေးကို ဆရာရန်ကုန်မှာရှိနေသလားဟု

မေးလိုက်ချင်ပေမဲ့ မမေးမိခဲ့၍လည်း

နောင်တရနေမိသည်။


ဆရာ့ကိုတွေ့ချင်လိုက်တာ...


*အချစ်သစ်ပင်လေးရယ်..

ဒီကမ္ဘာမှာ ငါနားခိုဖို့ရာ

မင်းတစ်ပင်တည်းကိုသာ

ဘာကြောင့် မြင်နေရတာလဲ...

တွယ်ငြိခြင်း..အကိုင်းအခက်တွေ..

ထွက်မလာကြပါနဲ့တော့...

ငါ့ရဲ့အတောင်တွေကို..

ငါသာလျှင်ပိုင်ဆိုင်ပါရစေ...*


ငှက်တစ်ကောင်၏အသက်ဖြစ်သည့်

အတောင်တွေကဲ့သို့သောပုံရိပ်၏နှလုံးသားသည် ဆရာနေမျိုးဆိုသောအချစ်သစ်ပင်ကြီးထံတွင်သာ နားခိုလိုသောဆန္ဒတွေကို

အပြီးတိုင် ရုတ်သိမ်းပြစ်ချင်မိပေမဲ့

နာကျင်နေရသည့်တိုင် မပြတ်သားနိုင်သေးတာကို သိပ်မုန်းတယ်။


🌹🌹🌹🌹🌹🌹🌹


"မမရေ...ထတော့လေ...ညနေစောင်းနေပြီ..."

ပိစိမကအတင်းလှုပ်နှိုးလိုက်သောကြောင့်

ပုံရိပ်လည်း အိပ်ယာမှလန့်နိုးသွားလေသည်။

ကုတင်ပေါ်ကနေဆင်းပြီး အခန်းထဲသို့ကြည့်လိုက်တော့ ပုံရိပ်တို့အထုတ်တွေတင်မကပဲ

အခြားခ‌ရီးဆောင်အိတ်များကိုလည်း

တွေ့လိုက်ရလေသည်။


"ဒီအိတ်တွေကဘယ်သူ့အိတ်တွေလည်းဟင်"


"အော်..အန်တီရှင်းသန့်ရဲ့ရွာကညီမတစ်၀မ်းကွဲရဲ့ သမီးတွေအိတ်လေ..သူတို့လည်း

ညရောက်ရင်..ဒီအခန်းထဲမှာလာအိပ်ကြလိမ့်မယ်.."


"ဒေါ်လေးရဲ့ညီမတစ်၀မ်းကွဲဆိုတော့ငါနဲ့ဆို

နှစ်၀မ်းကွဲတွေပေါ့နော်.."


"ဟုတ်တာပေါ့..မမရဲ့.."


"ဟယ်...ပုံရိပ်နိုးလာပြီလား..နိုးရင်ရေမိုးချိုးပြီး ထမင်းသွားစားတော့လေ..အစ်မတို့က

စားပြီးသွားပြီ..."


စကားသံလာရာ တံခါးပေါက်ဆီသို့

ကြည့်လိုက်မိသောအခါ အရမ်းကိုအံ့ဩ

၀မ်းသာဖြစ်သွားမိလေသည်။


*မသက်တို့ပါရောက်နေတာလား...

မတွေ့တာတော်တော်ကြာနေပြီနော်.."


"ဟုတ်ပ..တို့တွေငယ်ငယ်ကရွာမှာ

ဂဏန်းနှိုက်ခဲ့ကြတာကိုတောင် သတိရမိသေးတယ်.."


"ဟား..ဟား..အဲ့ဒီ့တုန်းက..မသက်ရဲ့လက်ကို

ဂဏန်းညှပ်မိလို့..လယ်ထဲကိုဆင်းပြေးတာမဟုတ်လား.."


"အံမယ်..ဘယ်ဆိုးလို့လည်းညည်းလေးကသတိရသားပဲ..ပုံရိပ်ရဲ့အကြောင်းကို

အန်တီရှင်းသန့်ပြောပြလို့တို့တွေအကုန်ကြား

ပြီးပြီသိလား.."


"ဟုတ်လား..ဘာတွေပြောထားလို့လဲ.."


"မန္တလေးကအဖွားဆီမှာသွားနေတဲ့အကြောင်းတွေ..ပုံရိပ်ဘယ်လောက်တော်ပြီး၊ဘယ်လောက်လှကြောင်းတွေပေါ့..

အခုပြန်တွေ့လိုက်ရတော့..နုဖက်ပြီး

အရုပ်မလေးအတိုင်းပဲကွယ်..တို့လိုကလေးတစ်ယောက်အမေနဲ့တော့ တစ်ခြားဆီဖြစ်သွားပြီ..."


"ဟယ်..မသက်ကအိမ်ထောင်ကျသွားပြီလား.."


"အင်းပေါ့...လွန်ခဲ့တဲ့သုံးနှစ်တည်းကအိမ်ထောင်ကျသွားတာလေ..တို့အမျိုးသားကတော့..ရွာမှာလယ်လုပ်ဖို့ကျန်နေခဲ့တယ်..

အန်တီရှင်းသန့်ရဲ့အလှူဆိုတော့..မလာလို့က

မဖြစ်ဘူးလေ..တို့သမီးလေးတောင်နှနှစ်ရှိနေပြီ.."


"ကလေးကရော..ပါလာလား.."


"အပြင်မှာသူ့ဖွားအေနဲ့လေ...ကဲပါ

စကားကောင်းနေတာနဲ့ပဲ..ငါ့ညီမလေးဘာမှ

မလုပ်ဖြစ်တော့ဘူး..ရေသွားချိုးတော့..

ပြီးရင်ငါးသလောက်ပေါင်းနဲ့စားရအောင်.."


"ဟုတ်ကဲ့ပါအစ်မရယ်..."


ပိစိမနှင့်မသက်ကတော့ အိပ်ခန်းထဲတွင်

ကျန်ခဲ့ကြပြီး ပုံရိပ်ကတော့မီးဖိုခန်းနှင့်

တွဲလျှ‌က်ဆောက်ထားသော ရေချိုးခန်းဆီသို့သာ သွားလိုက်သည်။


မသက်ရဲ့အမေကပုံရိပ်ရဲ့အမေ ဒေါ်မေသန့်နှင့်ညီအစ်မတစ်၀မ်းကွဲတွေဖြစ်ပြီး အဖွားဘက်ကနေ တော်ခြင်းဖြစ်သည်။

မသက်က ပုံရိပ်ထက်ငါးနှစ်လောက်ကြီးသောကြောင့် အခုသူ့အသက်က၂၅နှစ်ရှိလောက်ပေမည်။


မိဘတွေရှိစဉ်တုန်းကဆိုရင်

နှစ်တိုင်းရွာကိုပြန်ရလေ့ရှိပြီး မသက်တို့နဲ့

လယ်ထဲမှာဂဏန်းနှိုက်တာတို့ ချောင်းထဲကိုရေဆင်းကူးရင်ဂုံးစမ်း၊ခရုစမ်းတာတို့ကို

အကြိမ်ပေါင်းများစွာလုပ်ခဲ့မိကြတယ်။

အုပ်စုဖွဲ့ပြီး ငါးဖမ်းခဲ့ကြတဲ့အပြင်လှေလှော်တောင် ပြိုင်ခဲ့ကြပါသေးတယ်။


ပြန်တွေးကြည့်မိတဲ့အခါ မသက်တို့နဲ့အတူ

ကလေးဘ၀တုန်းကလုပ်ခဲ့တဲ့အရာတွေက

သိပ်ကိုပျော်စရာကောင်းလွန်းပါတယ်။

အခုတော့ မသက်ကလည်းအိမ်ထောင်ကျပြီး

ကလေးတစ်ယောက်နဲ့ဖြစ်နေခဲ့သလို

ပုံရိပ်ကလည်း မကြာခင်မှာဘွဲ့ယူရတော့မည်ဖြစ်သည်။


*အချိန်တွေက..ကုန်တာမြန်လိုက်တာ...

လူတွေကလည်း..ပြောင်းလဲကုန်ကြပြီ"


ရေချိုးတာကြာနေပြီမို့ ရေဘားကိုပိတ်လိုက်ပြီး ထဘီကိုရင်ရှားလိုက်ကာ သဘတ်ပတ်လိုက်ပြီး ရေချိုးခန်းထဲမှထွက်လာခဲ့လိုက်သည်။

မျက်နှာမှာရေတွေ မစင်သေးသောကြောင့်

လမ်းသွားရင်း သဘတ်နှင့်သုတ်နေမိစဉ်မှာပဲ

...

"အမယ်လေး!!!!"


မီးဖိုခန်းအပေါက်၀တွင် လူတစ်ယောက်နှင့်တိုက်မိသွားသောကြောင့် လန့်ပြီးထအော်လိုက်မိလေသည်။


"ဘာလို့...လမ်းကိုကြည့်မလျှောက်ရတာလဲ"


ဒီအသံ...ဒါက..

ပုံရိပ်နှင့်တိုက်မိသောသူသည် အရပ်ရှည်နေသောကြောင့် ပုံရိပ်၏မျက်နှာသည်

သူ့ရင်အုပ်နေရာလောက်ကိုသာမှီလေသည်။

ချော်မလဲသွားစေရန် ပုံရိပ်၏လက်မောင်း

နှစ်ဖက်ကို ခပ်တင်းတင်းကိုင်ဆုပ်ထားသော

အကြောမျှင်စိမ်းစိမ်းလေးတွေ ထနေသည့်

လက်သလုံးရိုးကို ကြည့်လိုက်ပြီးနောက်

သွယ်လျှပြီးဖြောင့်စင်းနေသော လက်ချောင်းလေးတွေကို မြင်လိုက်ရလေသည်။


"ဆရာ..."


ခေါင်းကိုတဖြည်းဖြည်းချင်း မော့ကြည့်လိုက်မိသောအခါ ပုံရိပ်ချစ်ခဲ့ရသောအမျိုးသားဟာ ပုံရိပ်၏အနီးဆုံးတွင် ရှိနေသောကြောင့်

ရင်ခုန်နေမိပေမဲ့ တစ်ချိန်တည်းမှာ၀မ်းနည်းလာမိပြန်သည်။ပုံရိပ်ကိုကြည့်နေသော

သူ့မျက်၀န်းများထဲတွင် အံ့ဩမှုတွေကိုမြင်တွေ့နေရပေမဲ့ စိမ်းကားမှုတွေကိုပါ ခံစားလိုက်ရသည်။


"အအေးပတ်မယ်..အ၀တ်အစားသွားလဲတော့.."


ပုံရိပ်၏လက်မောင်းအား ညင်သာမှုမရှိစွာ

ဆုပ်ကိုင်လျှက်မီးဖိုခန်းထဲမှာဆွဲထုတ်လိုက်လေသည်။သူကိုယ်တိုင်ကတော့ မီးဖိုခန်းထဲမှ လွှတစ်ချောင်းကိုယူကာ ပြန်ထွက်သွား

လေတော့သည်။

ပုံရိပ်ကို အခုထိသူ့စကားဆိုနားထောင်ရမည့်

ကလေးတစ်ယောက်လို အမိန့်ပေးသွားခဲ့သည်။


*ပုံရိပ်ကို စကားတောင် သုံးခွန်းပြည့်အောင်

မပြောသွားပါလားဆရာရယ်..

အဲ့လောက်တောင်ပြတ်သားသွားပြီပေါ့..

ကျွန်မကတော့..ဆရာနဲ့နီးကပ်မိတိုင်း

ရင်ခုန်နေရတုန်းပါပဲ..

ဆရာ့ရဲ့အနုပညာဆန်တဲ့

လက်ချောင်းသွယ်သွယ်လေးတွေကို

နှစ်သက်နေမိတုန်းပါပဲ..

ကျွန်မနဲ့မျက်နှာချင်းဆိုင်မိတာတောင်

အားနာမှုနည်းနည်းလေးတောင်မရှိပါလား..

ဆရာက..ကတိပေးပြီးရင်

မေ့တတ်တဲ့လူတစ်ယောက်ပဲထင်ပါရဲ့..*


🌹🌹🌹🌹🌹🌹🌹


မနက်ဖြန်ဇာတ်သိမ်းထိတင်ပေးမယ်နော်


နောက်၀ထ္ထုလေးလည်း ရေးနေပါပြီ..


=========================================================================

🌹ဆူးႀကိဳး🌹(အခန္း၆၉)


ေန၀န္းနီနီသည္ တစ္ေန့တာ၏ပူေဆြးမႈအားလံုးကို

သိမ္းပိုက္ထားကာ အေနာက္အရပ္သို႔နစ္၀င္စျပဳေနေလၿပီ။မၾကာခင္မွာ အေအးဓာတ္ေလးလႊမ္းမိုးလာေပေတာ့မည္။

က်ဳံးေရျပင္ကို တိုက္ခတ္လိုက္ေသာေလႏုေအးမ်ားသည္ ပံုရိပ္တို႔၏ပါးျပင္ေလးမ်ားကို

ေအးျမသြားေစသည္။


ေျမးအဖြားႏွစ္ေယာက္ ေန၀င္ဆည္းဆာ၏အရိပ္ေအာက္တြင္ လြမ္းေမာစရာေကာင္းၿပီးအထီးက်န္စြာ တည္ရိွေနေသာ ျမနန္းစံေက်ာ္မႏၲေလးနန္းေတာ္ႀကီးကို ေငးၾကၫ့္ေနမိၾကသည္။

ပံုရိပ္တို႔ထိုင္ေနေသာ က်ဳံးအေရ႔ွဘက္တြင္

ပံုရိပ္တို႔ ေျမးအဖြားႏွစ္ဦးတည္းသာ ရိျွခင္းမဟုတ္ပဲ

လာေရာက္အပန္းေျဖကာ ေန၀င္ဆည္းဆာအလွကို

ခံစားသက္၀င္ေနသူမ်ားစြာရိွၾကေလသည္။


ပံုရိပ္ကေတာ့ ဝွီးခ်ဲေပၚတြင္ထိုင္ေနေသာဖြားညို၏

လက္ကေလးေတြကို ဆုပ္ကိုင္ထားမိကာ

ေရမ်က္ႏွာျပင္တြင္ အရိပ္ထင္ေနေသာ

အနီေရာင္ေန၀န္းႀကီးကိုသာၾကၫ့္ေနမိသည္။


"အရိပ္ေလး...ဘာေတြကိုေငးေနတာလည္းကဲြ႔

မ်က္ေတာင္လည္း မခတ္ေတာ့ပါလား..."


ပံုရိပ္၏ဦးေခါင္းေလးကိုပုတ္ၿပီး

ေမးလာ‌ေသာေၾကာင့္ ဖြားညိုကိုျပန္ၾကၫ့္လိုက္ၿပီး

ႃပံုးျပလိုက္ကာ က်ဳံးေရျပင္ေပၚသို႔လက္ၫွိုးထိုးျပလိုက္သည္။


"ေရျပင္ေပၚမွာ ေနေရာင္ေတာက္ေနတဲ့ပံုစံက

တကယ္ကိုရူးေလာက္ေအာင္လွတယ္...ဒါေပမဲ့

ခဏပဲျမင္ခြင့္ရေတာ့ ႏွေမ်ာစရာသိပ္ေကာင္းတာပဲ.."


"ဘယ္အရာကမွ မတည္ၿမဲဘူးေလအရိပ္ရယ္...

လွပတဲ့အရာေတြဆိုတာလည္း အခ်ိန္တန္ရင္ေပ်ာက္ကြယ္သြားမွာပဲ...အစဲြအလန္းထားမိရင္

ကိုယ္ပဲ ပင္ပန္းရလိမ့္မယ္..."


အဖြား၏စကားကို ေထာက္ခံသၫ့္အေနႏွင့္

ေခါင္းၿငိမ့္ျပလိုက္ၿပီးေနာက္ အျခားဘက္သို႔ၾကၫ့္လိုက္မိေတာ့ ပံုရိပ္တို႔နည္းတူ ေလေကာင္းေလသန႔္

လာရႈၾကေသာ မိသားစုေလးတစ္ခုကိုေတြ့လိုက္ရသည္။


အသက္ငယ္ငယ္လင္မယားႏွစ္ေယာက္ျဖစ္ၿပီး

ကေလးေလးကိုလည္း ေပြ့ခ်ီထားၾကေသးသည္။

သူတို႔ကိုၾကၫ့္ေနရင္းႏွင့္

အေဖနဲ႔အေမ့ကိုေတာင္ သြား၍သတိရမိသည္။

အေဖက ေအးေဆးတည္ၿငိမ္တဲ့လူတစ္ေယာက္ျဖစ္ၿပီး အေမကေတာ့သြက္လက္ေပမဲ့သစၥာရိွတဲ့

အခ်စ္ႀကီးသူ မိန္းမတစ္ေယာက္ျဖစ္သည္။


အခ်စ္စစ္ကို ေတြ့ရိွသြားေသာကံေကာင္းသၫ့္

လူမ်ားထဲတြင္ ပံုရိပ္၏မိဘေတြပါ၀င္ေပမဲ့

ပံုရိပ္ကေတာ့ ကံဆိုးခဲ့ရသည္။

အခုဆိုရင္ ပံုရိပ္နဲ႔ဆရာ အဆက္အသြယ္ျပတ္သြားခဲ့တာ ႏွႏွစ္ေက်ာ္ေလာက္ရိွလိမ့္မည္။

သူကေတာ့ ပံုရိပ္ကိုေမ့ေနေလာက္ေပမဲ့

ပံုရိပ္ကေတာ့ တစ္ေန့၊တစ္ရက္၊တစ္စကၠန႔္ေတာင္

ေမ့မရႏိုင္ေပ။


အခုအခ်ိန္ဆိုရင္ ဆရာဘယ္ေနရာမွာ

ရိွေနလိမ့္မလဲ။ေတာင္ႀကီးမွာပဲလား၊

ဒါမွမဟုတ္ ရန္ကုန္ပဲျပန္သြားခဲ့တာလား။

ေဒါက္တာ ခင္ရူပနဲ႔လက္ထက္ၿပီးသြားခဲ့ၿပီလားဆိုတာသိခ်င္ေပမဲ့ ပံုရိပ္မစံုစမ္းခ်င္ဘူး ဆရာရယ္။

ဆရာ့ဆီကေန ဘာစကားမွလည္းပံုရိပ္မၾကားခ်င္ဘူး။


ဆရာနဲ႔ပတ္သတ္တဲ့ အမွတ္တရေကာင္းေလးေတြကို ဒီတိုင္းေလးပဲရင္ထဲမွာ သိမ္းထားခ်င္ပါတယ္။

ကိုယ့္ကိုကိုယ္ လွၫ့္စားမိေနတယ္ပဲဆိုၾကပါေစ။


"အရိပ္ေလးရဲ့မိဘေတြကို သတိရေနတာလား..."


ပံုရိပ္တို႔အနီးမွ မိသားစုေလးကိုေငးၾကၫ့္ရင္းႏွင့္

ငိုင္ေနမိတာကိုျမင္သြား၍ အေဖနဲ႔အေမ့ကိုသတိ‌ရေနသည္ဟု ထင္သြားပံုပါပဲ။

က်ဳံးေရျပင္ကိုျပန္ၾကၫ့္လိုက္ၿပီး ပုဂံတြင္အသဲကဲြခဲ့ရေသာ ေန့ရက္၏ေန၀န္းနီနီကို မ်က္၀န္းထဲမွာ

ျပန္ျမင္ေယာင္ေနမိသည္။


"အဖိုးကိုအဖြားသိပ္ခ်စ္ခဲ့တာပဲလား...."


"အမွန္အတိုင္းေျပာရရင္ေတာ့ ေျမးေလးရဲ့အဖိုးကို

အဖြားအခုအခ်ိန္အထိခ်စ္တယ္လို႔ မခံစားမိဘူး.."


အဖြား၏စကားေၾကာင့္ ပံုရိပ္အံ့ဩသြားမိေလသည္။ေရမ်က္ႏွာျပင္ေပၚသို႔ ၾကၫ့္ေနေသာအဖြား၏ မ်က္ႏွာေလးသည္တည္ၿငိမ္လြန္းလွသည္။ႏွစ္ေပါင္းမ်ားစြာ ေပါင္းသင္းလာခဲ့ေသာ

လူတစ္ေယာက္ကို မခ်စ္ဘူးဆိုတာ

ျဖစ္ႏိုင္ပါ့မလား။

ဒါမွမဟုတ္ အဖြားမွာငယ္ခ်စ္ဦးရိွေနတာလား။


"ဒါဆိုအဖိုးကအဖြားရဲ့ ငယ္ခ်စ္မဟုတ္ဘူးေပါ့...

အဖြားမွာအဖိုးအျပင္အခ်စ္ဦးရိွခဲ့တာလား..."


"မရိွခဲ့ပါဘူးကြယ္...အဖြားမွာငယ္ခ်စ္ဦးမရိွခဲ့ပါဘူး

..အဖြားတို႔မိသားစုထဲမွာအဖြားက

တစ္ဦးတည္းေသာ သမီးျဖစ္လို႔

မိသားစုရဲ့အေရးကိစၥတိုင္းမွာ

ပါ၀င္ေပးရတယ္...အဖြားရဲ့အေဖနဲ႔အေမက

စည္းကမ္းတင္းၾကပ္လြန္းေတာ့...အခ်စ္ဆိုတာကို

ျမည္းစမ္းခြင့္ေတာင္မေပးခဲ့ၾကပါဘူး...

အဖြားကိုယ္တိုင္ကလည္း မိဘေတြရဲ့

စီစဉ္ေပးမႈသာမရိွရင္ ေယာက္်ားေတာင္

ရမယ္မထင္ဘူး...

ဒါေပမဲ့အဖြားက သစၥာႀကီးတဲ့မိန္းမထဲက

တစ္ေယာက္ပဲ...ကတိသစၥာတစ္ခုကိုအေလးထားတယ္...ဒါေၾကာင့္ကိုယ္တည္ေထာင္လိုက္တဲ့

အိမ္ေထာင္ေရးဟာ ေကာင္းသည္ျဖစ္ေစ၊

ဆိုးသည္ျဖစ္ေစ..

မၿပိဳကဲြေအာင္ထိန္းသိမ္းထားခဲ့တယ္...

ေျမးေလးရဲ့အဖိုးကိုခ်စ္တယ္လို႔

မေျပာသာေပမဲ့...ကိုယ့္လင္သားမို႔

သံေယာဇဉ္ကေတာ့ အရိွဆံုးေပါ့..."


"ဒါဆိုရင္...အဖိုးကေရာ..အဖြားကိုခ်စ္တယ္လို႔

ထင္လား..."


အဖြား၏ ဝွီးခ်ဲေဘးနားမွာထိုင္ခ်လိုက္ၿပီးေမးလိုက္ေတာ့ အဖြားမဲ့ႃပံုးႃပံုးလိုက္သည္ကို

ပံုရိပ္ေသခ်ာေတြ့လိုက္ရသည္။

ဒါေပမဲ့ ေဒါသထြက္သြားျခင္း၊မ်က္ႏွာပ်က္ယြင္း

သြားျခင္းေတာ့ မရိွေပ။


"အရိပ္ေလးရဲ့အဖိုးကလည္း

အဖြားကိုမခ်စ္ခဲ့ပါဘူး...

တကယ္ေတာ့ ငယ္ခ်စ္ဦးကသူ႔မွာရိွတာကဲြ႔

သူကအႂတၲကီးသလို၊ေလာဘလည္းသိပ္ႀကီးတယ္

အခ်စ္ဦးကိုထားခဲ့ၿပီး မိဘေပးစားတဲ့အဖြားကို

လက္ထက္ခဲ့တာပဲၾကၫ့္ေတာ့...

သူကသူ႔ဂုဏ္သိကၡာကိုအရမ္းတန္ဖိုးထားတယ္

နည္းနည္းေလးမွအပြန္းအပဲ့မခံဘူး...

ဒါေၾကာင့္ မိဘရဲ့ဆႏၵကိုဆန႔္က်င္တဲ့သားလို႔

လူေတြရဲ့အထင္ကိုမခံခ်င္လို႔ကို

အဖြားနဲ႔လက္ထက္ခဲ့တာ..

တစ္ခုေကာင္းတာကေတာ့ အဖြားေၾကာင့္

သူ႔ငယ္ခ်စ္ဦးနဲ႔ေဝးခဲ့ရတယ္ဆိုၿပီး တစ္ခါမွ

အျပစ္မတင္ဘူး...သူကအိမ္ေထာင္ေရးအေပၚမွာ

သစၥာရိွၿပီး မိန္းမတိုင္းလိုခ်င္မဲ့‌စိတ္ခ်ရတဲ့

ေယာက္်ားမ်ိဳးပဲ...

မႏၲေလးတိုင္းတင္မကပဲ

ျမန္မာႏိုင္ငံရဲ့ အေတာ္ဆံုးခဲြစိပ္ဆရာ၀န္ေတြထဲက

တစ္ေယာက္ျဖစ္တဲ့အတြက္...သူ႔ရဲ့၂၄နာရီထဲမွာ

အဖြားအတြက္၊မိသားစုအတြက္အခ်ိန္ဇယား

မဆဲြထားခဲ့ဘူး...

အဖြားက၁၅၀၀အခ်စ္ကိုမခံစားခဲ့ရေပမဲ့...

ကိုယ့္အိမ္ေထာင္ဘက္အမ်ိဳးသားဆီက

အခ်စ္ခံရတာကိုေတာ့လိုခ်င္ခဲ့တာေပါ့...

ဒါေပမဲ့ အဖြားကံ‌မေကာင္းခဲ့ပါဘူး...

အဖြားလိုခ်င္တဲ့ ခင္ပြန္းဆီက

ၾကင္နာမႈမ်ိဳးေတြဟာ

သူ႔ဆီမွာရိွမေနခဲ့ဘူး...ဒါေပမဲ့သူက..

အားကိုးထိုက္တဲ့..ဂုဏ္ယူဝံ့ႂကြားစရာ..

မ်က္ႏွာပန္းလွေစတဲ့ေယာက္်ားတစ္ေယာက္ေတာ့ျဖစ္ခဲ့ပါတယ္...."


အဖိုးနဲ႔အဖြားရဲ့အေၾကာင္းေတြကို

နားေထာင္လိုက္ၿပီးေနာက္မွာ ပံုရိပ္ရဲ့စိတ္ထဲမွာအဖြားကိုယ္စား၀မ္းနည္းမိသလိုပဲ။

အဖိုးသည္ ဦးေနွာက္ေကာင္းၿပီး

ႏွလံုးသားမဲ့သူတစ္ေယာက္ ျဖစ္ေနသည္။

ဖြားညိုရဲ့မိဘေတြဟာ ေရွးရိုးဆဲြၿပီး

စည္းကမ္းတင္းၾကပ္လြန္းေသာေၾကာင့္

ဖြားညို၏ဘ၀ဟာ ပဲပင္ေလးေတြလို

ေျမၾကီးထဲကေန တစ္ဆင့္ခ်င္း

ေပါက္ဖြားလာရမဲ့အစား ေမွာ္ပညာနဲ႔တန္းၿပီး

ႀကီးထြားေအာင္ ဖန္တီးခံလိုက္ရသလိုျဖစ္ေနသည္။


ေတာ္တယ္၊ထက္ျမတ္တယ္။ဒါေပမဲ့ခ်စ္တတ္ဖို႔

မသင္ယူခဲ့ရသလို အခ်စ္ခံရဖို႔လည္းကံဇာတာ

မပါခဲ့ေပ။


"အရိပ္ေလးကို ကိုထက္နဲ႔ဘာေၾကာင့္

သေဘာတူတာလဲဆိုေတာ့...ကိုထက္ကအရိပ္ကိုသေဘာက်ေနတယ္ဆိုတာအဖြားရိပ္မိလို႔ပဲ....

ေနာက္ၿပီးသူနဲ႔အရိပ္ကဆန႔္က်င္ဘက္ျဖစ္ေနလို႔ကို

သေဘာတူတာ...."


"အဖြားကလည္းလူႏွစ္ေယာက္က

အႀကိဳက္ခ်င္းတူမွ ေပါင္းလို႔ရတာ

မဟုတ္ဘူးလား...ဆန႔္က်င္ဘက္ျဖစ္ေနမွေတာ့ ဘယ္လိုတၫ့္ေတာ့မွာလည္း..."


"အရိပ္ေလးရဲ့အေတြးကေတာ့ အဲ့လိုေပါ့..

ဒါေပမဲ့အဖြားရဲ့အျမင္မွာေတာ့ကိုထက္က

သြက္လက္ၿပီးပြင့္လင္းတယ္..အရိပ္ကေတာ့

ေအးေဆးတည္ၿငိမ္ၿပီးသိုသိုသိပ္သိပ္ေနတတ္တယ္

ဒါေၾကာင့္အရိပ္တို႔ႏွစ္ေယာက္က

လိုက္ဖက္တယ္လို႔ျမင္တယ္..

အရိပ္နဲ႔အက်င့္စရိုင္ခ်င္းတူတဲ့

လူမ်ိဳးနဲ႔သာဖူးစာဆံုရင္...

အဖြားရဲ့အိမ္ေထာင္ေရးလိုျဖစ္ေနလိမ့္မယ္...

အႏွစ္သာရမရိွပဲ ေအးစက္တဲ့အိမ္ေထာင္ေရးမ်ိဳးေပါ့..."


"အဖြားေျပာတာမွန္ပါတယ္...ဒါေပမဲ့သမီးသူ႔ကို

မခ်စ္ဘူးအဖြား...

ဘယ္ေလာက္ပဲလိုက္ဖက္ညီေနပါေစ...

အခ်စ္မပါတဲ့အိမ္ေထာင္ေရးဟာ

သမီးအတြက္ေတာ့ဘာအဓိပၸာယ္မွမရိွဘူး...

မိဘေတြစီစဉ္ေပးတဲ့အိမ္ေထာင္ေရးကို

လက္ခံမိလို႔ အဖြားလည္းဒုကၡခံခဲ့ရၿပီးၿပီပဲ

မဟုတ္လား...သမီးကိုပါ

အဲ့လိုထပ္ျဖစ္ေစခ်င္တာလား...

တကယ္လို႔အဖြားကိုခ်စ္တဲ့လူ..

အဖြားကတကယ္ခ်စ္ရသူအခ်င္းခ်င္းသာ

ေပါင္းဖက္ခြင့္ရခဲ့ရင္

က်န္ခဲ့တဲ့အမွတ္တရေတြဟာ

မေမ့ရက္ႏိုင္စရာေတြပဲ ျဖစ္ေနမွာ

ဟုတ္တယ္မဟုတ္လား..."


အဖြားသည္ မ်က္၀န္းေလးေတြညိုမိႈင္းကာ

၀န္ခံေသာအေနျဖင့္ ေခါင္းၿငိမ့္ျပေလသည္။

တကယ္ေတာ့ အဖြားသည္တမင္အႂတၲကီးေနတာမ်ိဳးမဟုတ္ပဲ သူႀကီးျပင္းခဲ့ရေသာ

ပတ္၀န္းက်င္၏ဓာတ္သဘာ၀ေတြဟာ

သူ႔ကိုယ္ထဲမွာစိမ့္၀င္ေနခဲ့တာပါ။

လူတစ္ေယာက္ကို ခ်စ္ေၾကာင္းေဖာ္ျပတဲ့အခါမွာ

ညင္သာတဲ့နည္းလမ္းကိုမသံုးတတ္ရံုေလးပါပဲ။


"အိမ္ေထာင္ေရးတစ္ခုကို ေမ်ွာ္လင့္ခ်က္ေတြ၊

အေပးအယူေတြ၊အလိုရမၼက္ေတြနဲ႔

တည္ေဆာက္ရတာမဟုတ္ဘူးအဖြား...

သူမ်ားေတြကေတာ့

ဘယ္လိုသေဘာထားၾကလည္းမသိေပမဲ့...

သမီးကေတာ့ သမီးေရြးခ်ယ္လိုက္တဲ့

အိမ္ေထာင္ေရးကို ခ်စ္ျခင္းေမတၲာေတြနဲ႔ပဲ

ဖဲြ႔စည္းထားခ်င္တယ္...ဒုကၡေရာက္ရင္လည္း

အတူရင္ဆိုင္ေက်ာ္ျဖတ္ၿပီး...

ငိုရင္လည္းအတူတူငိုေပးၿပီး..

ေပ်ာ္ရႊင္ရတဲ့အခါလည္းအတူတူေပါ့...

လူတိုင္းဟာအခ်စ္ခံရဖို႔ ထိုက္တန္ၾကသလို

ကိုယ္ခ်စ္တဲ့လူနဲ႔ဆံုစည္းၾကဖို႔လည္း

ထိုက္တန္ပါတယ္..."


ဒီစကားကိုေျပာေနတဲ့အခ်ိန္မွာ ပံုရိပ္ရဲ့ႏွလံုးသားေတြ နာက်င္ေနခဲ့တယ္။

ျဖစ္ခ်င္တိုင္းသာျဖစ္ေနရင္ ဒါဟာလူ႔ဘ၀ဘယ္ဟုတ္ပါေတာ့မလဲ။

ဆရာဟာ ပံုရိပ္၏ခ်စ္တတ္ေသာႏွလံုးသားကို က်ိန္စာတိုက္သြားခဲ့တယ္။

ပံုရိပ္ရဲ့ အခ်စ္သစ္ပင္ေလးဟာဆရာထားရစ္ခဲ့တဲ့ ေနရာမွာပဲ ေသဆံုးသြားခဲ့ပါၿပီ။

ပံုရိပ္ကိုယ္တိုင္ကေတာ့ ခ်စ္တဲ့သူနဲ႔ဆံုစည္းဖို႔

မထိုက္တန္ခဲ့ဘူးထင္ပါတယ္။


"ဟိုတစ္ေလာက..ကိုထက္ကိုယ္တိုင္အဖြားကို

ဖုန္းဆက္တယ္...ပံုရိပ္ကသူ႔ကိုသေဘာမက်တဲ့အတြက္...ေစ့စပ္ပဲြကိုျဖတ္သိမ္းခ်င္ပါတယ္တဲ့...."


"ဟင္..ဒါဆို..အဖြားကဘာျပန္ေျပာလိုက္လဲ

လိုက္ခံလိုက္လား..."


စိတ္လႈပ္ရွားသြားေသာ ပံုရိပ္၏မ်က္ႏွာေလးကိုၾကၫ့္ၿပီး အဖြားကႃပံုးလိုက္ကာပံုရိပ္ႏွင့္

ႏွဖူးခ်င္းတိုက္လိုက္ေလသည္။

ၿပီးေနာက္ပံုရိပ္၏ဆံစေလးေတြႏွင့္

ပါးေလးေတြကို လက္ဖဝါးျဖင့္ညင္သာစြာ

ပြတ္သပ္ေလသည္။


"ဟုတ္တယ္...အဖြားသေဘာတူလိုက္တယ္..

ဒါေပမဲ့...ဒီလိုသေဘာတူလိုက္တာက

ေနမ်ိဳးကိုလက္ခံေပးလိုက္တာမဟုတ္ဘူးေနာ္"


"သမီးသိပါတယ္အဖြားရယ္...သမီးကို

အတင္းဖိအားမေပးလို႔အဖြားကိုေက်းဇူးတင္ပါတယ္ေနာ္..."


"အဖြားကအရိပ္ေလးကိုလူေရြးမမွားေစခ်င္ရံုပါ..."


*ဘယ္သူ႔ကိုမွထပ္ၿပီးေရြးခ်ယ္ဖို႔မျဖစ္ႏိုင္ေတာ့လို႔...လူေရြးမမွား‌ပါဘူး...*ဟု

ဖြားညိုကိုေျပာလိုက္ခ်င္ေပမဲ့ ပံုရိပ္ကို

သာယာေနြးေထြးေသာ မိသားစုေလးတစ္ခု

အား ပိုင္ဆိုင္ေစခ်င္ေသာဖြားညို၏

ဆႏၵေလးကို အထြန႔္မတက္လိုေသာေၾကာင့္

ဘာမွဆက္၍ မေျပာျဖစ္ေတာ့ေပ။


"ေအာ္...ဒါနဲ႔အဖြား..သမီးဒီႏွစ္သႀကၤန္မွာ

ရန္ကုန္ကိုခဏေလာက္ျပန္ခ်င္တယ္...

ခြင့္ျပဳေပးပါလားဟင္..ေဒၚေလးတို႔ကလည္း

သမီးကိုလႊမ္းေနၿပီတဲ့ မိစုေလးတို႔ကိုလည္း

သမီးအရမ္းေတြ့ခ်င္တယ္..."


"သူတို႔ကိုဒီေခၚလိုက္ပါလားကြယ္...မႏၲေလးမွာလည္း ေပ်ာ္စရာ၊လည္စရာေတြမ်ားပါတယ္..."


"မဟုတ္ဘူးအဖြားရဲ့..ဒီႏွစ္သႀကၤန္မွာ

ေဒၚေလးကအလႉလုပ္မလို႔တဲ့...

ကိုရင္အပါးငါးဆယ္ေလာက္ကိုလည္း...

အလႉ႔ဒကာအေနနဲ႔ရွင္ျပဳရဟန္းခံေပးမလို႔

ဘုန္းႀကီးကို ေလ်ွာက္ထားၿပီးသားျဖစ္ေနၿပီ..

ထြန္းကိုေလးကိုလည္း ကိုရင္၀တ္ေပးမလို႔ေလ..သမီးသြားပါရေစေနာ္..မဟုတ္ရင္..

ေဒၚေလးအားငယ္ေနမွာေပါ့အဖြားရယ္..."


"ကဲ...ဒါဆိုလည္းသြားေပါ့..သူ႔မွာဒီတူမေလးတစ္ေယာက္ပဲအရင္းအခ်ာရိွတာဆိုေတာ့

သြားလိုက္ပါ..."


"သမီးကိုရန္ကုန္သြားခြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္အဖြားရယ္...သမီးကအဖြားကို

အခ်စ္ဆံုးပဲ သိလား.."


"အမယ္ေလး...ခုမွလာခၽဲြမေနပါနဲ႔...

ဒီအဖြားႀကီးနဲ႔အတူမေနခ်င္လို႔...ရန္ကုန္ကို

သြားတာမဟုတ္လား..."


လူေကာင္ထြားၿပီး အရင္ထက္ပို၀လာေသာေၾကာင့္ ျပၫ့္ျပၫ့္တင္းတင္းျဖစ္ေနေသာအဖြားကို ဖက္လိုက္ကာ ပါးရည္တြန႔္ေန၍ ေခ်ာင္က်ေနေသာပါးမို႔ေနရာကို

နမ္းလိုက္ၿပီး အဖြားစိတ္ေကာက္ေနတာကို

ၾကၫ့္ရင္း ႃပံုးလိုက္မိသည္။


"ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့အဖြားႀကီးနဲ႔

ဘယ္သူကခဲြခ်င္ပါ့မလဲ...စိတ္ခ်အဖြားကိုလည္း သမီးကဘယ္ေတာ့မွထားမသြားဘူး..

အခုကခဏေလးပဲ...ရက္ပိုင္းေလာက္ပဲ

ခဲြရမွာပါ..သႀကၤန္ေရာက္ဖို႔ကလိုပါေသးတယ္

သမီးကႀကိဳၿပီး..အသိေပးထားတာပါ...

အခုလိုအဖြားႀကီးစိတ္ေကာက္တာကို

ႀကိဳျမင္ခ်င္လို႔..."


"ဒီေကာင္မေလး..အဖြားကိုမ်ား...

စိတ္ေကာက္သေလး..ဘာေလးနဲ႔..."


"ဟဲ..ဟဲ..အဖြားကစိတ္ေကာက္ရင္ခ်စ္ဖို႔ေကာင္းလို႔ပါ...အဖြားကငယ္ငယ္တုန္းကအရမ္းေခ်ာမွာပဲေနာ္..အခုေတာင္ဒီေလာက္

က်က္သ‌ေရရိွေနတာ..."


"အမယ္ေလး...သူလိုခ်င္တာရဖို႔အေရး..

ကိုယ့္ငါးခ်ဉ္ကိုယ္ခ်ဉ္ေနလိုက္တာမ်ား"


"မဟုတ္ပါဘူးေနာ္..တကယ္ေခ်ာလို႔ေခ်ာတယ္ေျပာတာေပါ့..သမီးသာဦးမိုးမင္းေနရာမွာဆိုရင္...အဖြားကိုအသဲအူလိႈက္မတတ္

ခ်စ္မွာသိရဲ့လား..."


"ဟဲ့...ဒီေကာင္မေလး...ဘယ္ႏွယ္

ကိုယ့္အဖိုးကိုမ်ား...နာမည္ႀကီးတပ္ၿပီးေခၚရတယ္လို႔..."


ပံုရိပ္ႃပံုးလိုက္ၿပီး အဖြားကိုပိုတိုး၍ဖက္လိုက္သည္။ဒီရက္ေတြထဲမွာ က်န္မာေရးခ်ူခ်ာလာေသာေၾကာင့္ အဖြား၏အနားမွာယခင္ကထက္ ပို၍ေနေပးမိသည္။

ဥပမာအလုပ္ပိတ္ရက္ေတြမွာ ေလေကာင္းေလသန႔္ထြက္ရႉျဖစ္ၿပီး

အဖြားကို စာအုပ္ေတြဖတ္ျပကာ

စႏၵယားတီးျပေလ့ရိွသည္။


ပံုရိပ္၏အေပၚမွာ အဖြားသာလ်ွင္အခ်စ္ဆံုးဟု ေတြးမိ၍အဖြားစိတ္ခ်မ္းသာေအာင္၊

အဖြားေပ်ာ္ရႊင္ေအာင္ အားလံုးလုပ္ေပးခ်င္သည္။လင္သားထံမွခ်စ္ျခင္းေမတၲာငတ္မြတ္ခဲ့ရေသာအဖြားသည္ ပံုရိပ္၏အေဖေၾကာင့္ေရာ သူ႔သမီးအလတ္ေၾကာင့္ပါစိတ္ဆင္းရဲစရာေတြ ႄကံုခဲ့ရ၍ ပံုရိပ္ကေပ်ာ္ရႊင္မႈေလးေတြႏွင့္ အစားထိုးေပးခ်င္သည္။


အဖြား၏ေနာက္ေက်ာဘက္သို႔ ပံုရိပ္သြားလိုက္ၿပီး အဖြား၏လည္ပင္ကိုသိုင္းဖက္လိုက္ကာ ပါးရည္တြန႔္ေနေသာပါးေလးေတြကို နမ္းလ်ွက္ေန၀င္ခ်ိန္၏ ဆည္းဆာအလွကို ခံစားၾကၫ့္ေနမိသည္။


*ပံုရိပ္အတြက္..အခုခ်ိန္မွာအလိုအပ္ဆံုးက

အဖြားအသက္ရွည္ရွည္ေနထိုင္ႏိုင္ဖို႔ပါပဲ..."


🌹🌹🌹🌹🌹🌹🌹🌹🌹


ေဒၚေလးတို႔၏အိမ္ေရ႔ွတြင္ ပံုရိပ္တို႔၏

ကားေလးရပ္လိုက္ေသာအခါ ဟီးထြက္ေနေသာမ႑ပ္ႀကီးကို ေတြ့လိုက္ရ၍အံ့ဩသြားမိေလသည္။

ပိစိမက အိတ္ေတြသယ္ေနတုန္းမွာပဲ 

ပံုရိပ္ကေတာ့ အလႉမ႑ပ္ႀကီးကို လွၫ့္ပတ္၍ၾကၫ့္ေနမိသည္။


မ႑ပ္ထဲတြင္တရားေဟာဖို႔ပုလႅင္ေတြေတာင္

အဆင္သင့္လုပ္ထားတာကိုေတြ့လိုက္ရ၍

ေစ့စပ္ေသခ်ာေအာင္ လုပ္ထားသၫ့္ေဒၚေလးကို ခ်ီးက်ူးလိုက္မိသည္။

ကားဒါရိုင္ပါေရာပံုရိပ္တို႔ပါ ၿခံထဲသို႔၀င္လိုက္ေသာအခါ ခ်က္ျပဳတ္ေနၾကေသာ

လူအုပ္ႀကီးကို ေတြ့လိုက္ရ၍အံ့ဩမိျပန္သည္။


"တူမႀကီးကဘယ္သူလည္းကဲြ႔..."


"ေဒၚပုမကလည္းအဲ့ဒါမရွင္းသန႔္ရဲ့တူမေလး

မႏၲေလးကေနအလည္လာတာ...

မရွင္းသန႔္ေရ...ဒီမွာရွင့္တူမေရာက္ေနၿပီေဟ့.

လာပံုရိပ္ေရ...ညည္းအေဒၚကေနာက္ေဖးမွာ

အလုပ္ရႈပ္ေနတယ္..."


အေနေဝးသြားေပမဲ့ ပံုရိပ္အေပၚမွာအရင္လိုပဲ

 ေဒၚအပ်ိဳႀကီးကတရင္းတႏွီးဆက္ဆံလာေလသည္။ၿခံထဲတြင္ ခ်က္ျပဳတ္ေၾကာ္ေလွာ္ေနၾကေသာ အမ်ိဳးသမီးမ်ားအဖဲြ႔ကလည္း

ပံုရိပ္ကိုအထူးအဆန္းၾကၫ့္လာၾကသည္။


သံုးႏွစ္ေက်ာ္ေလာက္အထိ ရန္ကုန္ကို

ျပန္မေရာက္ျဖစ္ေတာ့ ရပ္ကြက္ထဲကအခ်ိဳ႕လူေတြကလည္း ပံုရိပ္ကိုသိပ္မွတ္မိၾကပံု

မေပၚေတာ့ေပ။ပံုရိပ္လည္း သိပ္မမွတ္မိခ်င္ေတာ့ေပ။


ပိစိမကေတာ့ အခန္းထဲသို႔အိတ္ေတြထားရင္း ၀င္နားေနေပမဲ့ ပံုရိပ္ကေတာ့အိမ္ေနာက္ေဖးသို႔သာ ေဒၚအပ်ိဳႀကီးႏွင့္အတူ

လိုက္လာမိေလသည္။


အိမ္‌ကိုေသခ်ာၾကၫ့္မိေတာ့မွ ခ်ဲ႔ၿပီးအုတ္ႏွင့္ျပန္ေဆာက္ထားသည္မို႔ ယခင္ထက္ပိုက်ယ္ေနတာကို ခန႔္မွန္းမိလိုက္သည္။

ဘုရားခန္းကလည္း တသီးတသန႔္ျဖစ္ေနၿပီး

အရင္လို အလည္ကေလ်ွာက္လမ္းထား၍

တစ္ဖက္တစ္ခ်က္မွာအခန္းႏွစ္ခန္းမလုပ္ထားေတာ့ပဲ ေခါင္းရင္းဘက္တြင္အခန္းသံုးခန္းဖဲြ႔ထားကာ ေျခရင္းဘက္တြင္ ေလ်ာက္လမ္းကို က်ယ္က်ယ္ထားၿပီး မီးဖိုေခ်ာင္ကိုလည္း အိမ္ေျခရင္းဘက္အျခမ္းမွာအေဆာင္

ထပ္ဖဲြ႔ထားေလသည္။


ပံုရိပ္ေထာက္ပံ့ေပးခဲ့တာနဲ႔တန္ေအာင္ ႀကိဳးစားႏိုင္ေသာအန္တီရွင္းသန႔္ကိုလည္း

ပံုရိပ္ခ်ီးက်ူးမိသည္။


"ညည္းအေဒၚကေအ...အလႉရွင္မို႔ေအးေဆးေနပါလို႔ေျပာလည္း နားမေထာင္ဘူး...

သူကိုယ္တိုင္ေဈးကိုသြားတာမ်ား..

အေခါက္ေရကိုမထိဘူး...

ဟိုဟာေလးလိုလည္းသြား၀ယ္ရျပန္ၿပီ..

ဒီဟာေလးလိုလည္းသြား၀ယ္ရျပန္ၿပီ

...ေတာ္ေတာ္ပင္ပန္းတာပါေအ..."


"ဟုတ္လား...ေဒၚေလးကဒူးနာေနေတာ့

အရမ္းပင္ပန္းမွာပဲေနာ္ ..သမီးလည္းမေန့ကလာမလို႔ပဲ..ကုမၸဏီမွာကခုရက္ပိုင္းအလုပ္မ်ားေနတာနဲ႔မအားဘူးျဖစ္ေနတာ.."


"ဟယ္ေတာ္..ညည္းကအသက္၂၀ေက်ာ္ပဲ

ရိွေသးတာကိုအလုပ္ဆင္းေနရၿပီလား..

ေတာ္လိုက္တာတူမရယ္..."


အိမ္ေနာက္ေဖးသို႔သြားေနရင္းႏွင့္ အပ်ိဳႀကီး၏ ခ်ီးက်ူးျခင္းကိုလည္းခံလိုက္ရေသးသည္။အမွန္ေတာ့ အခုေနာက္ပိုင္းမွာ

ကုမၸဏီကို ေလးေလးခန႔္ကလက္လႊဲယူလိုက္တာေၾကာင့္ အရင္လိုတာ၀န္မႀကီးေတာ့ေပမဲ့

အလုပ္အေတြ့အႄကံုရေအာင္ေတာ့

ေလးေလးခန႔္၏ လက္ေထာက္အျဖစ္ဆက္ရိွေနရေလသည္။


"မရွင္းသန႔္ေရ...ဒီမွာရွင့္တူမေရာက္ေနၿပီ..."


အိမ္အေနာက္တံခါးကိုဖြင့္လိုက္ေသာအခါ

မီးစက္ဖြင့္ထား၍ ေအာ္ေျပာလိုက္ေသာ

ေဒၚအပ်ိဳႀကီး၏အသံေၾကာင့္ ေဒၚေလးကလွၫ့္ၾကၫ့္လာခဲ့ၿပီး ၀မ္းသာအားရႏွင့္ ပံုရိပ္ကိုေျပးဖက္ေလသည္။


"ဒီမွာကစက္သံေတြနဲ႔...ငါးေပါင္းဖို႔လုပ္ေနလို႔...ေဒၚေလးတို႔အိမ္ေရ႔ွခန္းကိုသြားရေအာင္..."


ေဒၚေလးကဒူးအနာေပ်ာက္ေသးပံုမေပၚပဲ

လမ္းေလ်ွာက္တာေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေန၍

ပံုရိပ္လည္း တဲြေပးလိုက္ၿပီး ဘုရားခန္းဘက္သို႔ ေလ်ွာက္လာလိုက္သည္။

အိမ္ကိုခ်ဲ႔ထား၍ ဘုရားခန္းအေရ႔ွမွေနရာသည္ ဧၫ့္ခန္းသေဘာမ်ိဳးျဖစ္ေနေလသည္။


"ေဒၚေလးရဲ့..ေျခေထာက္ကမသက္သာေသးပဲနဲ႔...ဘာလို႔ကိုယ္တိုင္၀င္လုပ္ေနရတာလဲေဒၚေလးရယ္..."


"သမီးရယ္..ဒါမ်ိဳးအလႉကေဒၚေလးတို႔လို

လူမ်ိဳးေတြအတြက္တစ္သက္မွာတစ္ခါသာလုပ္ခြင့္ရတာမ်ိဳးေလ..တူမႀကီးလာတာ

ေနာက္ေတာင္က်ေနေသးတယ္..မနက္ပိုင္း

တစ္ျဖတ္ကၽြေးေမြးၿပီးသြားၿပီ...

အခုခ်က္ျပဳတ္ေနၾကတာက ေနာက္ေန့မနက္အတြက္ေလ.."


"ေအာ္..ဒါနဲ႔..ေဒၚေလးတို႔အမ်ိဳးေတြေရာ

မလာၾကဘူးလား.."


"လာတယ္ေလ..ေဒၚေလးရဲ့အေမဘက္က

၀မ္းကဲြေတြကလာၾကတယ္..ၿခံထဲမွာခ်က္ျပဳတ္ေနၾကတာ..အဲ့ဒါရြာကအမ်ိဳးေတြေပါ့..ေနာက္ေဖးမွာေတာ့...အမိုးေဆာက္ထားတာနဲ႔..ငါးေပါင္းဖို႔အေတာ္ပဲျဖစ္သြားတယ္...

အလယ္ခန္းကိုတူမႀကီးတို႔ယူလိုက္ေပါ့..

ေခါင္းရင္းဘက္ကအခန္းမွာေတာ့ ေဒၚေလးတို႔သားအမိေတြေနလိုက္မယ္...ေဟာ့ဒီ့ဘုရားခန္းေရ႔ွမွာေတာ့ ေယာက်ာ္းေတြကအိပ္လို႔သင့္ေပမဲ့ မိန္းမပ်ိဳေလးေတြၾကေတာ့

အခန္းအပိုမွာစုအိပ္ခိုင္းမွ သင့္ေတာ္မွာေလ.."


"ရပါတယ္..ေဒၚေလးရယ္..လူမ်ားရင္သမီးတို႔

အခန္းမွာ လာစုအိပ္လည္းအဆင္ေျပပါတယ္"


"အင္း...ၾကၫ့္ၿပီးစီစဉ္ရမွာေပါ့...ပံုရိပ္လည္း

အနားယူၿပီးေရျမန္ျမန္ခ်ိဳးေတာ့..မၾကာခင္ေနေစာင္းေတာ့မယ္...ဒါရိုင္ဘာႀကီးကိုလည္း

ျပန္လႊတ္ရမွာမဟုတ္လား..

ထမင္းေလးဘာေလးကၽြေးလိုက္ရေအာင္လို႔..."


"အစကေတာ့ ျပန္လႊတ္မလို႔ပဲ...အခုေတာ့လိုအပ္တာေတြကို ေဈးမွာသြား၀ယ္ရင္

ေဒၚေလးအဆင္ေျပေအာင္ျပန္လႊတ္ေတာ့ဘူး

ဖြားညိုကိုလည္း လွမ္းေျပာလိုက္ပါ့မယ္..

ကားနဲ႔ဆိုေတာ့ သက္သာတာေပါ့..."


"အင္း..ဒါလည္းေကာင္းပါတယ္..အလႉ႔ရွင္ရဲ့

အိမ္မွာကားရိွေနေတာ့ လူအထင္ႀကီးတာေပါ့"


"ေဒၚေလးကေတာ့လုပ္ၿပီ...ဒါနဲ႔မိစုတို႔

ထြန္းကို‌တို႔ေရာ..."


"ဒင္းတို႔က သႀကၤန္မက်ေသးဘူး

ေရလိုက္ပက္ေနၿပီေလ...

ခဏေနရင္ ညည္းညီမေတျြပန္လာပါလိမ့္မယ္..ပံုရိပ္လာမယ္ဆိုလို႔သူတို႔က

မနက္တည္းက တေမးတည္းေမးေနၾကတာ...

ညည္းကလည္း ေနႏိုင္လိုက္တာေအ...

တစ္ႏွစ္ေနလည္းေပၚမလာဘူး..."


"ေတာင္းပန္ပါတယ္..ေဒၚေလးရယ္..သမီးလည္းမအားလို႔ပါ..."


တကယ္ေတာ့ အသည္းကဲြၿပီးတည္းက

ရန္ကုန္ကိုျပန္လာခ်င္စိတ္မရိျွခင္းျဖစ္ေနေလသည္။ဒါေပမဲ့ အလုပ္နဲ႔ပဲအေၾကာင္းျပလိုက္ရသည္။


ေနရင္းထိုင္ရင္းႏွင့္ စိတ္ထဲမွာအခ်စ္ဦးကို

သတိရလာမိ၍ ကိုယ္ေနရမၫ့္အခန္းထဲသို႔သာ ၀င္နားဖို႔လုပ္လိုက္သည္။ပိစိမကေတာ့

ကုတင္ေပၚတြင္ ကုလားေသ၊ကုလားေမာ

အိပ္ေနေလၿပီ။


ေဒၚေလးကို ဆရာရန္ကုန္မွာရိွေနသလားဟု

ေမးလိုက္ခ်င္ေပမဲ့ မေမးမိခဲ့၍လည္း

ေနာင္တရေနမိသည္။


ဆရာ့ကိုေတြ့ခ်င္လိုက္တာ...


*အခ်စ္သစ္ပင္ေလးရယ္..

ဒီကမ႓ာမွာ ငါနားခိုဖို႔ရာ

မင္းတစ္ပင္တည္းကိုသာ

ဘာေၾကာင့္ ျမင္ေနရတာလဲ...

တြယ္ၿငိျခင္း..အကိုင္းအခက္ေတြ..

ထြက္မလာၾကပါနဲ႔ေတာ့...

ငါ့ရဲ့အေတာင္ေတြကို..

ငါသာလ်ွင္ပိုင္ဆိုင္ပါရေစ...*


ငွက္တစ္ေကာင္၏အသက္ျဖစ္သၫ့္

အေတာင္ေတြကဲ့သို႔ေသာပံုရိပ္၏ႏွလံုးသားသည္ ဆရာေနမ်ိဳးဆိုေသာအခ်စ္သစ္ပင္ႀကီးထံတြင္သာ နားခိုလိုေသာဆႏၵေတြကို

အၿပီးတိုင္ ရုတ္သိမ္းျပစ္ခ်င္မိေပမဲ့

နာက်င္ေနရသၫ့္တိုင္ မျပတ္သားႏိုင္ေသးတာကို သိပ္မုန္းတယ္။


🌹🌹🌹🌹🌹🌹🌹


"မမေရ...ထေတာ့ေလ...ညေနေစာင္းေနၿပီ..."

ပိစိမကအတင္းလႈပ္ႏိႈးလိုက္ေသာေၾကာင့္

ပံုရိပ္လည္း အိပ္ယာမွလန႔္ႏိုးသြားေလသည္။

ကုတင္ေပၚကေနဆင္းၿပီး အခန္းထဲသို႔ၾကၫ့္လိုက္ေတာ့ ပံုရိပ္တို႔အထုတ္ေတြတင္မကပဲ

အျခားခ‌ရီးေဆာင္အိတ္မ်ားကိုလည္း

ေတြ့လိုက္ရေလသည္။


"ဒီအိတ္ေတြကဘယ္သူ႔အိတ္ေတြလည္းဟင္"


"ေအာ္..အန္တီရွင္းသန႔္ရဲ့ရြာကညီမတစ္၀မ္းကဲြရဲ့ သမီးေတြအိတ္ေလ..သူတို႔လည္း

ညေရာက္ရင္..ဒီအခန္းထဲမွာလာအိပ္ၾကလိမ့္မယ္.."


"ေဒၚေလးရဲ့ညီမတစ္၀မ္းကဲြဆိုေတာ့ငါနဲ႔ဆို

ႏွစ္၀မ္းကဲြေတြေပါ့ေနာ္.."


"ဟုတ္တာေပါ့..မမရဲ့.."


"ဟယ္...ပံုရိပ္ႏိုးလာၿပီလား..ႏိုးရင္ေရမိုးခ်ိဳးၿပီး ထမင္းသြားစားေတာ့ေလ..အစ္မတို႔က

စားၿပီးသြားၿပီ..."


စကားသံလာရာ တံခါးေပါက္ဆီသို႔

ၾကၫ့္လိုက္မိေသာအခါ အရမ္းကိုအံ့ဩ

၀မ္းသာျဖစ္သြားမိေလသည္။


*မသက္တို႔ပါေရာက္ေနတာလား...

မေတြ့တာေတာ္ေတာ္ၾကာေနၿပီေနာ္.."


"ဟုတ္ပ..တို႔ေတြငယ္ငယ္ကရြာမွာ

ဂဏန္းႏိႈက္ခဲ့ၾကတာကိုေတာင္ သတိရမိေသးတယ္.."


"ဟား..ဟား..အဲ့ဒီ့တုန္းက..မသက္ရဲ့လက္ကို

ဂဏန္းၫွပ္မိလို႔..လယ္ထဲကိုဆင္းေျပးတာမဟုတ္လား.."


"အံမယ္..ဘယ္ဆိုးလို႔လည္းညည္းေလးကသတိရသားပဲ..ပံုရိပ္ရဲ့အေၾကာင္းကို

အန္တီရွင္းသန႔္ေျပာျပလို႔တို႔ေတြအကုန္ၾကား

ၿပီးၿပီသိလား.."


"ဟုတ္လား..ဘာေတြေျပာထားလို႔လဲ.."


"မႏၲေလးကအဖြားဆီမွာသြားေနတဲ့အေၾကာင္းေတြ..ပံုရိပ္ဘယ္ေလာက္ေတာ္ၿပီး၊ဘယ္ေလာက္လွေၾကာင္းေတြေပါ့..

အခုျပန္ေတြ့လိုက္ရေတာ့..ႏုဖက္ၿပီး

အရုပ္မေလးအတိုင္းပဲကြယ္..တို႔လိုကေလးတစ္ေယာက္အေမနဲ႔ေတာ့ တစ္ျခားဆီျဖစ္သြားၿပီ..."


"ဟယ္..မသက္ကအိမ္ေထာင္က်သြားၿပီလား.."


"အင္းေပါ့...လြန္ခဲ့တဲ့သံုးႏွစ္တည္းကအိမ္ေထာင္က်သြားတာေလ..တို႔အမ်ိဳးသားကေတာ့..ရြာမွာလယ္လုပ္ဖို႔က်န္ေနခဲ့တယ္..

အန္တီရွင္းသန႔္ရဲ့အလႉဆိုေတာ့..မလာလို႔က

မျဖစ္ဘူးေလ..တို႔သမီးေလးေတာင္ႏွႏွစ္ရိွေနၿပီ.."


"ကေလးကေရာ..ပါလာလား.."


"အျပင္မွာသူ႔ဖြားေအနဲ႔ေလ...ကဲပါ

စကားေကာင္းေနတာနဲ႔ပဲ..ငါ့ညီမေလးဘာမွ

မလုပ္ျဖစ္ေတာ့ဘူး..ေရသြားခ်ိဳးေတာ့..

ၿပီးရင္ငါးသေလာက္ေပါင္းနဲ႔စားရေအာင္.."


"ဟုတ္ကဲ့ပါအစ္မရယ္..."


ပိစိမႏွင့္မသက္ကေတာ့ အိပ္ခန္းထဲတြင္

က်န္ခဲ့ၾကၿပီး ပံုရိပ္ကေတာ့မီးဖိုခန္းႏွင့္

တဲြလ်ွ‌က္ေဆာက္ထားေသာ ေရခ်ိဳးခန္းဆီသို႔သာ သြားလိုက္သည္။


မသက္ရဲ့အေမကပံုရိပ္ရဲ့အေမ ေဒၚေမသန႔္ႏွင့္ညီအစ္မတစ္၀မ္းကဲြေတျြဖစ္ၿပီး အဖြားဘက္ကေန ေတာ္ျခင္းျဖစ္သည္။

မသက္က ပံုရိပ္ထက္ငါးႏွစ္ေလာက္ႀကီးေသာေၾကာင့္ အခုသူ႔အသက္က၂၅ႏွစ္ရိွေလာက္ေပမည္။


မိဘေတြရိွစဉ္တုန္းကဆိုရင္

ႏွစ္တိုင္းရြာကိုျပန္ရေလ့ရိွၿပီး မသက္တို႔နဲ႔

လယ္ထဲမွာဂဏန္းႏိႈက္တာတို႔ ေခ်ာင္းထဲကိုေရဆင္းကူးရင္ဂံုးစမ္း၊ခရုစမ္းတာတို႔ကို

အႀကိမ္ေပါင္းမ်ားစြာလုပ္ခဲ့မိၾကတယ္။

အုပ္စုဖဲြ႔ၿပီး ငါးဖမ္းခဲ့ၾကတဲ့အျပင္ေလွေလွာ္ေတာင္ ၿပိဳင္ခဲ့ၾကပါေသးတယ္။


ျပန္ေတြးၾကၫ့္မိတဲ့အခါ မသက္တို႔နဲ႔အတူ

ကေလးဘ၀တုန္းကလုပ္ခဲ့တဲ့အရာေတြက

သိပ္ကိုေပ်ာ္စရာေကာင္းလြန္းပါတယ္။

အခုေတာ့ မသက္ကလည္းအိမ္ေထာင္က်ၿပီး

ကေလးတစ္ေယာက္နဲ႔ျဖစ္ေနခဲ့သလို

ပံုရိပ္ကလည္း မၾကာခင္မွာဘဲြ႔ယူရေတာ့မည္ျဖစ္သည္။


*အခ်ိန္ေတြက..ကုန္တာျမန္လိုက္တာ...

လူေတြကလည္း..ေျပာင္းလဲကုန္ၾကၿပီ"


ေရခ်ိဳးတာၾကာေနၿပီမို႔ ေရဘားကိုပိတ္လိုက္ၿပီး ထဘီကိုရင္ရွားလိုက္ကာ သဘတ္ပတ္လိုက္ၿပီး ေရခ်ိဳးခန္းထဲမွထြက္လာခဲ့လိုက္သည္။

မ်က္ႏွာမွာေရေတြ မစင္ေသးေသာေၾကာင့္

လမ္းသြားရင္း သဘတ္ႏွင့္သုတ္ေနမိစဉ္မွာပဲ

...

"အမယ္ေလး!!!!"


မီးဖိုခန္းအေပါက္၀တြင္ လူတစ္ေယာက္ႏွင့္တိုက္မိသြားေသာေၾကာင့္ လန႔္ၿပီးထေအာ္လိုက္မိေလသည္။


"ဘာလို႔...လမ္းကိုၾကၫ့္မေလ်ွာက္ရတာလဲ"


ဒီအသံ...ဒါက..

ပံုရိပ္ႏွင့္တိုက္မိေသာသူသည္ အရပ္ရွည္ေနေသာေၾကာင့္ ပံုရိပ္၏မ်က္ႏွာသည္

သူ႔ရင္အုပ္ေနရာေလာက္ကိုသာမွီေလသည္။

ေခ်ာ္မလဲသြားေစရန္ ပံုရိပ္၏လက္ေမာင္း

ႏွစ္ဖက္ကို ခပ္တင္းတင္းကိုင္ဆုပ္ထားေသာ

အေၾကာမ်ွင္စိမ္းစိမ္းေလးေတြ ထေနသၫ့္

လက္သလံုးရိုးကို ၾကၫ့္လိုက္ၿပီးေနာက္

သြယ္လ်ွၿပီးေျဖာင့္စင္းေနေသာ လက္ေခ်ာင္းေလးေတြကို ျမင္လိုက္ရေလသည္။


"ဆရာ..."


ေခါင္းကိုတျဖည္းျဖည္းခ်င္း ေမာ့ၾကၫ့္လိုက္မိေသာအခါ ပံုရိပ္ခ်စ္ခဲ့ရေသာအမ်ိဳးသားဟာ ပံုရိပ္၏အနီးဆံုးတြင္ ရိွေနေသာေၾကာင့္

ရင္ခုန္ေနမိေပမဲ့ တစ္ခ်ိန္တည္းမွာ၀မ္းနည္းလာမိျပန္သည္။ပံုရိပ္ကိုၾကၫ့္ေနေသာ

သူ႔မ်က္၀န္းမ်ားထဲတြင္ အံ့ဩမႈေတြကိုျမင္ေတြ့ေနရေပမဲ့ စိမ္းကားမႈေတြကိုပါ ခံစားလိုက္ရသည္။


"အေအးပတ္မယ္..အ၀တ္အစားသြားလဲေတာ့.."


ပံုရိပ္၏လက္ေမာင္းအား ညင္သာမႈမရိွစြာ

ဆုပ္ကိုင္လ်ွက္မီးဖိုခန္းထဲမွာဆဲြထုတ္လိုက္ေလသည္။သူကိုယ္တိုင္ကေတာ့ မီးဖိုခန္းထဲမွ လႊတစ္ေခ်ာင္းကိုယူကာ ျပန္ထြက္သြား

ေလေတာ့သည္။

ပံုရိပ္ကို အခုထိသူ႔စကားဆိုနားေထာင္ရမၫ့္

ကေလးတစ္ေယာက္လို အမိန႔္ေပးသြားခဲ့သည္။


*ပံုရိပ္ကို စကားေတာင္ သံုးခြန္းျပၫ့္ေအာင္

မေျပာသြားပါလားဆရာရယ္..

အဲ့ေလာက္ေတာင္ျပတ္သားသြားၿပီေပါ့..

ကၽြန္မကေတာ့..ဆရာနဲ႔နီးကပ္မိတိုင္း

ရင္ခုန္ေနရတုန္းပါပဲ..

ဆရာ့ရဲ့အႏုပညာဆန္တဲ့

လက္ေခ်ာင္းသြယ္သြယ္ေလးေတြကို

ႏွစ္သက္ေနမိတုန္းပါပဲ..

ကၽြန္မနဲ႔မ်က္ႏွာခ်င္းဆိုင္မိတာေတာင္

အားနာမႈနည္းနည္းေလးေတာင္မရိွပါလား..

ဆရာက..ကတိေပးၿပီးရင္

ေမ့တတ္တဲ့လူတစ္ေယာက္ပဲထင္ပါရဲ့..*


🌹🌹🌹🌹🌹🌹🌹


မနက္ျဖန္ဇာတ္သိမ္းထိတင္ေပးမယ္ေနာ္


ေနာက္၀ထၴုေလးလည္း ေရးေနပါၿပီ..

No comments:

Post a Comment