🔥ဆူးကြိုး...🔥အခန်း(၃၃)🔥 (ပထမပိုင်း)

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၃)🔥  (ပထမပိုင်း)


"ပုံရိပ်ရေ...နင်ဖြေနိုင်လား..."


စာမေးပွဲအခန်းထဲမှထွက်လာလာခြင်း သူငယ်ချင်းတစ်ယောက်က ဆီးကြို၍မေးလေသည်။

ပုံရိပ်၏မျက်နှာသည်လည်း ရူပဗေဒကို ကောင်းကောင်းဖြေနိုင်ခဲ့၍ရွှင်မြူးလျှက် သူငယ်ချင်းကိုအားရ၀မ်းသာစွာပြုံးပြလိုက်သည်။


"နင်ရော...ဖြေနိုင်ရဲ့လား...ငါတော့ဖြေနိုင်ပေမဲ့ အမှတ်ကိုတော့ထက်၀က်ရှော့ပြီးတွက်ထားလိုက်တယ်..မဟုတ်ရင်..ကိုယ်ထင်သလိုမဖြစ်တဲ့အခါ

..စိတ်ဆင်းရဲရမှာစိုးလို့..."


"အမယ်...နင်ကတော်ပြီးသားဆိုတော့ပြောအားရှိတာပေါ့..ပြီးမှဂုဏ်ထူးတွေချည်းပဲလှိမ့်ထွက်မနေနဲ့နော်...ကောင်မ..."


"ဟား...ဟား..ငါ့ကိုတော်‌တော်အထင်ကြီးတာပဲ...."


"ပုံရိပ်နဲ့စန္ဒာ၀င်း...နင်တို့ကရယ်နိုင်သေးတယ်နော်...ငါ့မှာတော့..ဖော်မြူလာတွေလည်းမေ့..

ဒက်ဖနေးရှင်းတွေလည်း မမှတ်မိနဲ့လုံးလည်ချာလည်ကိုလိုက်နေရော...အောင်ရင်တောင်ကံကောင်း..."


အ‌ခန်းအရှေ့မှ လွယ်အိတ်ကိုခပ်သွက်သွက်ယူနေရင်းနှင့် နန္ဒာကမျက်နှာကြီးရှုံ့တွနေ‌လေသည်။တကယ်တော့ နန္ဒာကအင်မတန်အစိုးရိမ်လွန်တတ်သော စိတ်ဝေဒနာတစ်ခုရှိ‌သည်။တစ်ခုခုလုပ်ပြီးတိုင်း အမြဲစိုးရိမ်မှုလွန်ကဲနေတတ်သည်။

စာမေးပွဲရလဒ်ထွက်လာတိုင်းလည်း သူ့အမှတ်တွေက အမြဲတမ်းအလည်အလတ်မှာပဲ ရှိနေတာတောင် သူ့ရဲ့စိုးရိမ်မှုလွန်ကဲသောစိတ်ကို မဖျောက်နိုင်သူဖြစ်သည်။


ဒီလိုလူမျိုးတွေက ဘယ်အရာပဲလုပ်လုပ် အောင်မြင်မှုရာခိုင်နှုန်းသိပ်နည်းသည်ဟု ဆရာပြောပြခဲ့ဖူးသည်။ကိုယ့်ကိုကိုယ် အလွန်အကျွံယုံကြည်မှု လွန်ကဲနေတာမျိုးမဟုတ်ပဲ ဘာပဲလုပ်လုပ်ငါလုပ်နိုင်သည်ဆိုသော စိတ်ကိုအမြဲတွေးပြီး အကောင်းဆုံးလုပ်ပါက အမှားနည်းပြီးစိတ်ကျေနပ်မှုလည်းရစေသည်။


"နင်က..ဒက်ဖနေးရှင်းတွေမရလည်း..

ပုစ္ဆာတွေမှန်အောင်တွက်နိုင်ခဲ့တယ်မဟုတ်လား..

တစ်မှတ်တန်တွေလည်းရှိတာပဲ..."


"အော်..ဖော်မြူလာတွေကိုတောင်မေ့နေပါတယ်ဆိုမှ...ပုစ္ဆာတွေလည်းတလွဲ‌တွေဖြစ်ကုန်ပြီပေါ့..."


"နင်က ဒီလိုချည်းပဲပြောနေတာ...ပြီးရင်နင့်အမှတ်က ငါ့ထက်များတယ်..."


"ဒီတစ်ခါတော့ တကယ်မများတော့ဘူး...

ပုံရိပ်နင်နဲ့ငါအမှတ်တိုက်ကြည့်ရအောင်.."


နန္ဒာသည်ပုံရိပ်၏ မေးခွန်းစာရွက်ကိုလှမ်းယူလိုက်သောကြောင့် ပုံရိပ်တို့သုံးယောက်သားခေါင်းချင်းဆိုင်၍ အဖြေတွေကိုတိုက်ကြည့်နေမိသည်။စာမေးပွဲဖြေပြီး၍ စာစစ်ပြီးတိုင်းအဖြေတွေကို မေးခွန်းစာရွက်မှာရေးခြစ်တတ်သော အကျင့်သည်ယမင်းကိုစာ‌မေးပွဲအခန်းထဲမှာ စာမရရင် ပြဖို့သုံးမိရာမှ အကျင့်ဖြစ်သွားခဲ့လေသည်။အခြားသူများသည်လည်း သူငယ်ချင်းများနှင့်အတူ အဖြေပြန်တိုက်လို့ရရန် ထိုသို့လုပ်တတ်ကြလေသည်။


"နန္ဒာ ..နင်ဒီပုစ္ဆာအဖြေမှန်တယ်ဟ...ဟာ..သွားပြီ

...ငါမှားသွားပြီ...ငိုတောင်ငိုချင်လာပြီဟာ..."


ပုံရိပ်၏အဖြေကလုံး၀မှန်သည်ဟု အတိအကျမသိပါပဲ စန္ဒာ၀င်းသည်မျက်ရည်လေးများ ဝဲကျလာပြီးကိုယ့်နဖူးကိုယ်ပြန်ရိုက်လေသည်။

ထိုစဉ် အခြားအခန်းတစ်ခုထဲမှ ထွက်လာသော

ကိုထက်ကိုတွေ့လိုက်ရ၍ ပုံရိပ်ထိုနေရာသို့

ပြေးသွားလိုက်သည်။

အကယ်၍ ယမင်းသာအသက်ရှင်လျှက်ရှိသေးပါက ပုံရိပ်နှင့်တစ်ခန်းထဲအတူဖြေရလောက်သည်။


"ကိုထက်..."


ပုံရိပ်ကိုလှည့်ကြည့်လာသော ကိုထက်အားပြုံးပြလိုက်မိသည်။ပုံရိပ်၏အပြုံးတွေကိုမြင်ပေမဲ့

သူပြန်၍မပြုံးပြခဲ့ပေ။သို့ပေမဲ့ လွယ်အိတ်ကိုပိုက်ပြီး လမ်းလျှောက်နေရာမှ သူရပ်၍ နေလေသည်။

ပုံရိပ်လည်း မျက်နှာပြောင်တိုက်၍ သူ့အရှေ့မှာခြေစုံရပ်လိုက်ကာ အပြုံးလွင်လွင်လေးနှင့် ထပ်မံ၍နှုတ်ဆက်လိုက်သည်။


"ကိုထက်...ဖြေနိုင်လား..."


"အင်း...."


အရင်တုန်းကပုံရိပ်ကို စနှောက်ရတာကိုမှသဘောကျတတ်သောကိုထက်သည် 

ယခုနောက်ပိုင်းတွင် စကားအရမ်းနည်းသောသူဖြစ်သွားခဲ့သည်။ပုံရိပ်၏မျက်နှာတစ်ချက် ညှိုးကျသွားပေမဲ့ ထပ်မံ၍ပြုံးပြလိုက်ပါသည်။


"ဘာရှာနေတာလဲ..."


ကိုထက်သည် ရုတ်တရက်ဆိုသလို သူ့ကျောပိုး

အိတ်ကိုဇစ်ဖွင့်ပြီး လက်ထိုးနှိုက်ကာတစ်ခုခုကိုရှာနေလေသည်။စက္ကန့်ပိုင်းအကြာမှာပဲ သူသည်တစ်စုံတစ်ခုကိုလက်သီးဆုပ်ထဲတွင်

ဖွက်လိုက်ပြီးပုံရိပ်၏လက်ကို ဆွဲယူကာ

လက်ဖဝါးထဲသို့ အညိုရောင်ချိုချဉ်လေးတစ်လုံးထည့်ပေးလာသည်။ချောကလက်ချိုချဉ်လေးပေါ့။


၀မ်းနည်း၀မ်းသာဖြစ်လျှက် ပုံရိပ်၏မျက်၀န်းတွေ အရောင်လက်သွားရကာ ကိုထက်ကိုမော့ကြည့်တော့ အရယ်အပြုံးမရှိပေမဲ့ ဒေါသနှင့်အငြှိုးတရားတို့ ကင်းစင်နေသည်။

သူ့မျက်၀န်းတို့သည် မှေးကျဉ်းနေပြီး ရီဝေဝေဖြစ်နေလျှက် ၀မ်းနည်းရိပ်ထင်နေသည်။

ပုံရိပ်ကိုမမုန်းတော့ဘူးဟု တထစ်ချယုံကြည်လိုက်မိသည်။


"ငါ...နောက်နှစ်ဆယ်တန်းတက်ရင်...ဒီကျောင်းမှာ တက်ဖြစ်တော့မှာမဟုတ်ဘူး..."


"ဘယ်လို...ဒါဆိုရင်...နင်ကျောင်းပြောင်းတော့မှာပေါ့..."


"ဟုတ်တယ်...ငါနင့်ကိုနှုတ်ဆက်ခဲ့ပါတယ်...

ကံမကုန်ရင်ပြန်တွေ့ကြတာပေါ့...

အဲ့အချိန်ကြရင်သာ ငါ့ကိုချောကလက်သကြားလုံးတွေ အများကြီး၀ယ်ကျွေးနိုင်အောင် ပိုက်ဆံစုထားပါ......"


"ကလင်...ကလင်..."


"ငါသွားပြီ..."


ကျောင်းဆင်းဘဲလ်မြည်သည်နှင့် ပုံရိပ်ကိုနှုတ်ဆက်၍ ထွက်ခွာသွားသောသူ့ကျောပြင်ကို ငေး၍ကြည့်နေမိသည်။သူ့ဆံပင်ကိုလက်နှင့်

သပ်တင်လိုက်စဉ်တွင် သူ့နဖူးကအမာရွတ်ကိုထင်ရှားစွာတွေ့လိုက်ရသည်။

ထိုအမာရွတ်သည် ပြီးခဲ့တဲ့လက ဟိန်းကိုနှင့်ထိုးကြိတ်ကြရင်း နဖူးကွဲ၍ရခဲ့သောအမာရွတ်ဖြစ်သည်။သူ့ရင်ထဲမှာ ပုံရိပ်ကိုအရင်လိုပြန်မခင်နိုင်လောက်သော အစိုင်အခဲအချို့ကျန်‌ရှိနေသေးပါလား။


ဟိန်းကိုနဲ့ ရန်ဖြစ်တော့ နှစ်ယောက်လုံးရဲ့မျက်နှာမှာ  ဒဏ်ရာတွေဆိုတာ မြင်မကောင်းဘူး။

ကျောင်းအုပ်ကြီးသည်လည်း ဒီလိုဆူပူမှုတွေဖြစ်သွားတော့ အင်မတန်ဒေါသထွက်ပြီး သူတို့ရဲ့မိဘတွေကိုချက်ခြင်းလူလွှတ် ခေါ်ခိုင်းခဲ့တယ်။

တကယ်ဆိုရင် ဒီပြဿနာရဲ့ အစကပုံရိပ်ပါပဲ။

ပုံရိပ်သာ ဟိန်းကိုနဲ့သွားမတွေ့ခဲ့ရင် ကိုထက်လည်းအနောက်ကနေလိုက်လာမှာ မဟုတ်သလို ဟိန်းကိုနဲ့လည်းပြဿနာဖြစ်စရာအကြောင်းမရှိဘူး။


ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက ပုံရိပ်၏နာမည်ကိုလုံး၀ထည့်မပြောခဲ့ကြဘူး။

ပြဿနာရဲ့ အစကပုံရိပ်ဆိုပေမဲ့ ကိုထက်ခံပြင်းပြီး ဒေါသထွက်ရခြင်းက ယမင်းအတွက်ဖြစ်ပြီး

ဟိန်းကိုကတော့ သူ့ကိုအသားလွတ်ရန်စတဲ့အတွက် ပြန်၍တုံ့ပြန်ခြင်းဖြစ်သည်။

တကယ်တော့ မြေစာပင်ဖြစ်ရသူက ပုံရိပ်ဖြစ်နေခြင်းကို ဘယ်သူသိနိုင်ပါ့မလဲ။


ကိုထက်၏အဒေါ်သည် သူ့တူကိုသွေးထွက်သံယိုဖြစ်အောင် လုပ်ခဲ့တဲ့အတွက်ဟိန်းကို၏အမေကို တရားဆွဲမယ်ဆိုပြီးတောင် ခြိမ်းခြောက်ခဲ့ပါသေးတယ်။

သို့ပေမဲ့ အဖြစ်အပျက်ကိုသေချာမြင်လိုက်သော ကျောင်းသားများက ရန်ပွဲကိုစပြီးဖန်တီးတာက ကိုထက်ဟု၀န်ခံကြလေတော့ အန်တီညိုလည်း

မလူးသာမလွန့်သာဖြစ်ပြီး ကိုထက်ကိုပဲဖိကြိမ်းတော့တယ်။


ရန်ဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ သူတို့ထုတ်

မပြောခဲ့ကြပေ။အဲ့ဒီ့နေ့က ရုံးခန်းထဲကနေထွက်လာတဲ့ သူတို့နှစ်ယောက်၏ မျက်နှာတွေကိုကြည့်ပြီး

ပုံရိပ်ရဲ့ရင်ထဲမှာ အင်မတန်၀မ်းနည်းနာကျင်ခဲ့ရတယ်။ကိုထက်ဆိုတာ ပုံရိပ်တို့ရဲ့အတန်းထဲမှာ

 စာအတော်ဆုံးကျောင်းသားတစ်ယောက်ဖြစ်ပြီး

ဆရာ၊ဆရာမများ၏ ချီးကျူးမှုကိုအမြဲခံရတဲ့

လူယဉ်ကျေးတစ်ယောက်ပင်။


မိဘတွေက ပိုက်ဆံချမ်းသာ၍ လိုလေသေးမရှိဖြည့်ဆည်းခံရသော ကလေးတစ်ယောက်ဖြစ်ကာ

ပုံစံလေးကအစ မိန်းမဆန်သည်ဟု ပုံရိပ်သတ်မှတ်ထားခဲ့မိသည်။ထိုနေ့က ‌သူ့မျက်ခွံတွေဟာ ထိုးကြိတ်ခံထားရ၍ ယောင်ကိုင်းညိုမဲနေပြီး

သူ့ခေါင်းမှ သွေးများစီးကျနေခဲ့သည်။

ဟိန်းကိုလည်း ထို့နည်းတူစွာပင်။သို့ပေမဲ့ ဟိန်းကိုကတော့ ထိုနာကျင်မှုတွေဟာ သူ့အတွက် ခံရပါများ၍ ထုံကျင်နေသယောင် ခပ်တည်တည်မျက်နှာပေးသာဖြစ်နေခဲ့သည်။


"ပုံပုံရေ...ဒေါ်လေးဒီမှာ..."


အတွေးပေါင်းများစွာ ယစ်သီလျှက်ကျောင်းဂိတ်ပေါက်၀သို့ရောက်လာခဲ့သော ပုံရိပ်သည်ဒေါ်လေးကိုတွေ့လိုက်ရသည်နှင့် စိတ်တွေလုံး၀ကြည်လင်သွားလျှက် လူချောင်သောနေရာမှ ပတ်ကာဒေါ်လေးဆီသို့ ပြေးသွားလိုက်သည်။

ဒေါ်လေးသည် အရင်လိုနွမ်းနွမ်းဖက်ဖက်လေးမဟုတ်တော့ပဲ အသားအရည်ကအစစိုပြည်လာသည်။ချိတ်လိုင်းတွေပါသော ခရမ်းရောင်ပါတိတ်၀မ်းဆက်ကို ၀တ်ဆင်ထားသောကြောင့်

သူ့ဘေးတွင် ရပ်နေသော အခြားမိဘတွေထက်ပင် ပိုတောက်ပြောင်နေသလိုဖြစ်နေသည်။


ပိုက်ဆံဟာ လူတစ်ယောက်၏အသွေးအရောင်ကို ပြောင်းလဲပစ်နိုင်သော ဂုဏ်သတ္တိရှိတာပါလား။

ဒေါ်ယဉ်တင့်ကပုံရိပ်ကို ပေးခဲ့သောပိုက်ဆံများသည် မိသားစုတစ်ခုလုံးကို ပြောင်းလဲပေးနိုင်လောက်အောင် လုံလောက်ခဲ့ပါသည်။ဟိုအရင်က ပဲပြုတ်၊အရွက်ကြော်နှင့်သာ တစ်လှည့်ဆီလည်ပတ်နေခဲ့သော ပုံရိပ်၏ထမင်းချိုင့်လေးသည်

အဒေါ်ဈေးဆိုင်လေးဖွင့်ပြီး ပြေလည်လာချိန်မှစ၍ ကြက်သားလို ပရိုတင်းဓာတ်ပြည့်၀သောအသားဟင်းက နေရာယူလာခဲ့သည်။


ပိုက်ဆံမရှိသောအချိန်မှာ အရက်ဖိုးဖောဖောသီသီမရ၍ အမြဲဆူပူနေတတ်သော ဦးသက်ဆွေသည်လည်း တစ်နေ့နှစ်ထောင်လောက် ဒေါ်လေးဆီကနေရနေ၍ ပါးစပ်ပေါက်ပိတ်သွားပြီဖြစ်ကာ

အိမ်မှာခုရက်ပိုင်း နားအေးနေသည်။

ဦးသက်ဆွေသည် မည်သည့်အခက်အခဲရှိရှိ

သူနှင့်မဆိုင်သလိုနေတတ်ပေမဲ့ ဒေါ်လေးကိုစာနာပေးတတ်သော အချက်တစ်ချက်တော့ရှိသည်။


ထိုအရာမှာ ဈေးကြီးသောအရက်ကို၀ယ်မသောက်တတ်ခြင်းဖြစ်သည်။အရက်ဖြူတွေကိုသာ

၀ယ်သောက်တတ်သောကြောင့် ကျန်းမာရေးကို

 တချိန်ချိန်မှာ ထိခိုက်လာမှာသေချာသည်။

ဈေးကြီးသော အရက်ကိုမသောက်ခြင်းသည်

သူငဲ့ကွက်ထားသည့် တစ်ခုတည်းသောအရာဖြစ်သည် ။


"ဒေါ်လေးကို လွယ်အိတ်ပေးထား...ရော့ဒီမှာ...

အအေးလေးသောက်...ဖြေနိုင်တယ်မဟုတ်လား..."


"ဟုတ်ဖြေနိုင်ပါတယ်...ဒေါ်လေးရဲ့..."


ဒေါ်လေးသည် ပုံရိပ်၏လွယ်အိတ်ကလေးကိုယူလိုက်ပြီး အအေးဗူးလေးကိုဖောက်ပေးပြန်သည်။

ပုံရိပ်စာမေးပွဲဖြေနေသော ကျန်လေးရက်လုံးမှာလည်း ဒေါ်လေးကပုံရိပ်ကို ဒီလိုအအေးဗူးလေးကိုင်ပြီး လာကြိုပေးခဲ့သည်။အအေးဗူးလေးကို သောက်ပြီး ဒေါ်လေး၏လက်ကိုချိတ်ဆွဲကာ အိမ်သို့ပြန်လာခဲ့ကြသည်။


ပုံရိပ်တို့ ငှားနေသော တိုက်ခန်းလေးသည် ယခင်နေရာနှင့် တစ်လမ်းတည်းဖြစ်ပြီး အိမ်ရှေ့မျက်နှာစာ‌တွင် ဈေးဆိုင်ဖွင့်လို့ရရန် အကာအရံ

မထားပဲ ဆောက်ထားသည်ဖြစ်၍ ဈေးဆိုင်လေးဖွင့်ရတာ လွယ်ကူပြီး ဖောက်သည်လေးတွေလည်း

တစ်စထက်တစ်စများလာခဲ့သည်။အပျိုကြီး‌တို့ကတော့ ဈေးလာ၀ယ်တိုင်း ပုံရိပ်တို့၏ဈေးဆိုင်ကိုပဲ အမြဲလာ၀ယ်တတ်သည်။

ပုံရိပ်ကို ဒေါ်လေးကိုယ်တိုင်လာကြို၏ ထွန်းကိုအားဆိုင်စောင့်ထားခဲ့သည်ထင်ပါရဲ့ မောင်နှမနှစ်ယောက်သား မုန့်လေးတမြုံ့မြုံ့ဝါးရင်း 

ဒိုးဆက်စပ်၍ ဆိုင်စောင့်နေကြလေသည်။


"ဒေါ်လေးရယ်...နောက်နေ့ကြရင်သမီးကိုလာမကြိုပါနဲ့တော့...ဒီနှစ်ကောင်ကိုသာဆိုင်စောင့်ခဲ့ရင် 

လူလစ်တုန်း ဆိတ်၀င်စားသလိုဒေါ်လေးရဲ့ဆိုင်ကြီး ပြောင်သွားလိမ့်မယ်...ပြီးတော့ကလေးတွေချည်းပဲဆိုနော့ မသမာသူတွေကများ ၀င်ပြီးလုယက်ရင် ဘယ်လိုလုပ်ပါ့မလဲ..."


"အမယ်လေး...ငါနင့်အဒေါ်ပါဟယ်...အိမ်တွေ

ဒီလောက်ပူးကပ်နေတာကို ဘယ်ကောင်ကလာကပ်ရဲမှာလဲ...အိမ်ရှေ့အိမ်ကမသန်းမေကိုလည်း

အပ်ခဲ့ပြီးသားပါ...မသန်းမေတို့ကအိမ်မှာ အမြဲရှိနေတာလေ...ဘာမှမဖြစ်ဘူး...ပုံပုံထမင်းဆာနေတယ်မဟုတ်လား...ဒေါ်လေးလည်း ဘာမှမစားရသေးဘူး..အတူစားကြမယ်..."


ဒေါ်လေးသည် ဘယ်အရာပဲဖြစ်ဖြစ် သွက်သွက်မြန်မြန်လုပ်တတ်သူဖြစ်၍ ထမင်းကိုခပ်မြန်မြန်ခူးပြီး သစ်သားစားပွဲအဝိုင်းလေးပေါ်သို့ တင်နေလေသည်။ပုံရိပ်လည်း အိပ်ခန်းထဲသို့ ၀င်ကာအ၀တ်အစားကို အမြန်လဲပြီးထွက်လာလိုက်သည်။


ပုံရိပ်တို့ ယခုနေသော တိုက်ခန်းလေးသည် ယခင်နေခဲ့သော လုံးချင်းအိမ်လေးနှင့် အကျယ်အ၀န်းသိပ်မကွာပေမဲ့ ရေချိုးခန်းနှင့်အိမ်သာခန်းသီးသန့်

ရှိ၍ အိမ်သာလုတက်ရ၊ရေလုချိုးရသော အဖြစ်မှကျွတ်လွတ်ရလေပြီ။


သို့ပေမဲ့ ကျဉ်းမြောင်းသောအခန်းလေးဖြစ်၍ အိမ်သာနှင့်ရေချိုးခန်းသည် လူတစ်ယောက် ၀င်ဆံ့ရုံလောက်သာ ဆောက်ထားလေသည်။ထမင်းစားသည့်နေရာနှင့် ဟင်းချက်ရသောနေရာကလည်း မီးဖိုချောင်ဟူ၍ တသီးတသန့်မရှိသေးပါချေ။

မတူညီတော့တာဆိုလို့ အရင်အိမ်ထက်အိမ်လခပိုများပြီး မိုးမယိုတော့တာလေး တစ်ခုသာကွာခြားလေသည်။


"ဟဲ့...ဟိုနှစ်ကောင်...ဆိုင်စောင့်တာလည်းစောင့်တာပေါ့...ငါ့ဆိုင်ကမုန့်လေးတွေလည်း ကုန်သွားပါအုံးမယ်..."


ထမင်းစားပွဲမှာ ပုံရိပ်၀င်ထိုင်လိုက်သောအချိန်တွင် သူ့ကလေးနှစ်ယောက်ကို ထမင်းဝါးနေရင်းမှ လှမ်း၍အော်ပြောနေလေသည်။


"ဒေါ်လေးကလည်းကလေးတွေကို ဒီလောက်တော့မပြောပါနဲ့...သူတို့စားတာကလည်းချိုချဉ်လေးတွေ ထန်းလျှက်ပြားလေးတွေပါ...ဈေးကြီးတဲ့မုန့်တွေမှမဟုတ်ပဲ..."


"အမယ်လေးမိပုံရယ်...ညည်းကအလုပ်မလုပ်ဖူးတော့ ပိုက်ဆံကိုဘယ်နှမျောရမှန်းသိမှာလဲ...

အဲ့ချိုချဉ်ကလည်း တစ်ဗူးကို၅၀၀လောက်တော့

မြတ်တာပဲ...၅၀၀လည်းနည်းသလားလို့...မရှိလို့ဈေးရောင်းစားတာလေ...ကိုယ်တိုင်စားနေမှတော့

ဘယ်အမြတ်ကျန်တော့မှာလည်း...အမြတ်မကျန်ရင် မရင်းနိုင်တော့ဘူးလေ...ပြုတ်ပြုတ်ပြုန်းသွားမှာပေါ့...."


"ဒေါ်လေးကလည်း မလှူတတ်ရင်ဈေးရောင်းဆိုတဲ့

စကားတောင် ရှိသေးတာပဲ..."


"အဲ့ဒါက အဆင်မပြေတဲ့လူကိုလှူတာလေ...

အခုက..စားရတဲ့ကလေးငတ်ကိုငတ်တာ...

ငါကညည်းအဒေါ်ပါအေ....ငါပဲပြုတ်ရောင်းတုန်းကဆို ပိုပေးလွန်းလို့ မရှင်းသန့်မှ မရှင်းသန့်ဖြစ်နေကြတာ...

ငါညည်းထက်သိပါတယ်...ဆရာမလုပ်စမ်းပါနဲ့..."


ဆရာမလုပ်နှင့်ဆိုတော့လည်း အသံတိတ်ပြီး

ကိုယ့်ထမင်းကိုယ်သာဆက်စားနေလိုက်သည်။

စားပွဲပေါ်တွင်တော့ ကန်ဇွန်းရွက်ကိုငါးပြုတ်လေးနွှင်ပြီး ချက်ထားသောချဉ်ရည်ဟင်းလေးက အငွေ့တထောင်းထောင်းထနေလေသည်။မန်ချည်းသီးနှင့်ငါးပိ‌ရည်ကိုပါရော၍ ချက်ထားသည်ဖြစ်၍

အချဉ်နှင့်အငန်အရသာလေးက လျှာဖျားမှာစွဲသွားလေသည်။


ဒေါ်လေးသည် အသား၊ငါးဟင်းထက် ချဉ်ဟင်း၊အရွက်ကြော်နှင့်တောငန်ပြာရည်ချက်သည့်နေရာတွင် ဆရာတစ်ဆူဖြစ်သည်။ထမင်းဆိုင်ဖွင့်စားလျှင် ရောင်းရ၍လက်လည်မည်မထင်ပေ။

ပုံရိပ်ကတော့ ဒီနှစ်နွေရာသီကျောင်းပိတ်ရက်မှာ 

အဒေါ့်ဆီကနေ ဟင်းချက်နည်းသင်ပြီး ရောင်းဖို့စိတ်ကူးထားမိသည်။


"ဟဲ့...ချဉ်ဟင်းကြီးပဲခပ်သောက်မနေနဲ့...ရေဆာနေအုံးမယ်...ဒီမှာငါးကြော်လည်းထည့်စားလေ..."


ပုံရိပ်၏ပန်းကန်ထဲသို့ ငါးမြစ်ချင်းကြော်တစ်တုံးလာထည့်ပေးပြန်သည်။ပုံရိပ်တို့ကမိန်းကလေးပီပီအစပ်ကြိုက်ပေမဲ့ မိစုကအစပ်မစားနိုင်သေးသောကြောင့် ငါးကြော်ကိုတော့အဖြူသည်သာကြော်ထားလေသည်။

မြင်းခွာရွက်တွေကို ပါးပါးညှပ်ပြီး မြေပဲ၊ပဲမှုန့်နှင့်ပုစွန်ခြောက်ကိုထောင်း၍သုပ်ထားသည်ကြောင့် စိမ့်ပြီးစားလို့သိပ်ကောင်းသည်။ငါးပိရည်ထဲသို့ ကြက်သွန်ဖြူထောင်းပြီးထည့်ထားသည်မို့ သရက်သီးတို့လေးနှင့် လိုက်ဖက်နေလေသည်။

စာမေးပွဲရက်တွင် အားရှိအောင်တမင်ဖွယ်ဖွယ်ရာရာကျွေးမှန်းသိသောကြောင့်

 စားလို့ရတုန်းလေး အားရအောင်တုပ်နေမိသည်။


"အော်...ထမင်းတောင်စားနေကြပြီလား...ရှင်းသန့်..

ငါ့ကိုပါထမင်းခူးပေးစမ်းပါ...မနက်တည်းကစားရသေးတာမဟုတ်ဘူး...."


ဆယ့်နှစ်ရာသီ မူးနေသောဦးသက်ဆွေသည်အိမ်ထဲသို့ ၀င်လာပြီးထမင်းပွဲမှာ အခန့်သား၀င်၍ထိုင်လေသည်။

ဒေါ်လေးကတော့ သူ့ယောက်ျားကိုကြီးကျော်၀င်စားသူကို မကျေနပ်စွာဘုကြည့်ကြည့်လိုက်ပြီး

ဆောင့်ကြီးအောင့်ကြီးနှင့် ထမင်းခူးပြီး

စားပွဲပေါ်သို့ ချပေးလိုက်သည်။


"မနက်တည်းက ဘယ်စားရသေးမလဲ...တနေကုန်အရက်ဝိုင်းရှိတဲ့‌နေရာ လှည့်ထိုင်နေတာကို...

လူကြည့်တော့ ဘယ်နှစ်ပြားမှမ၀င်ပဲ သူများချက်ပြီးသားကို အခန့်သားထိုင်စားနေတာ...

တကယ့်ဟာကြီး...ဒီလိုလူကြတော့ သေကိုမသေနိုင်တော့ဘူး...."


"ဟေ့...မင်းဘာစကားပြောတာလည်း..ငါကဒီအိမ်ရဲ့အိမ်ဦးနတ်နော်...."


"ဒုန်း!!!!!"


စားပွဲခုံကို ထုချလိုက်သောကြောင့် ချဉ်ရည်ဟင်းတွေပါ ဘေးသို့ဖိတ်စင်သွားလေသည်။

ထမင်းစားပွဲမှာ ဦးသက်ဆွေနှင့်ထိုင်ရတာ အရက်နံ့တထောင်းထောင်းနှင့် အော်ဂလီဆန်လာပြီးစားချင်စိတ်ပါ ပျောက်သွားရသည်။ထို့ကြောင့် ထမင်းကိုဆက်မစားတော့ပဲ ကိုယ့်ပန်းကန်ကိုယ်ယူပြီး လက်သွားဆေးဖို့ ရေချိုးခန်းထဲသို့သာ ၀င်လာလိုက်သည်။


"ရှင်ကပဲ စားပွဲကိုထုရတယ်လို့...ရှင့်ကြောင့်ကျွန်မတူမလေး...ထမင်းစားနေရင်းတန်းလန်းထသွားရပြီ..တကယ်ကိုကျက်သရေတုံးတဲ့ကောင်...

မတန်မရာ သူ့ကိုသူအိမ်ဦးနတ်တဲ့...."


"အောင်မာ...မင်းတူမကဘာသောက်ဆင့်ရှိလို့လဲ

...သူများအိမ်မှာကပ်နေတဲ့ကပ်ပါးကောင်ကို

ငါကဘာဂရုစိုက်နေရမှာလည်း..."


"ရှင်ကျွန်မတူမကို အပြစ်ပြောစရာမလိုဘူးနော်...

ကျွန်မတို့ဈေးဆိုင်ဖွင့်နိုင်တာက သူ့အဖွားပေးတဲ့ပိုက်ဆံကြောင့်..."


"ပြောတော့ ဘာဖြစ်လဲကွာ...မင်းကိုလည်းငါကြည့်မရတာကြာနေပြီနော်...ငါအိမ်ပြန်လာရင်တစ်မျိုးပြီးတစ်မျိုးအသံထွက်နေတယ်...

မင်းကဘယ်လင်အားကိုးနဲ့...ဒီလို‌ချိုးနေတာလဲ

...တောက်!!!!အလကားမိန်းမ...."


"ရှင်...ရှင်...ကျွန်မကိုမစော်ကားနဲ့နော်...ရှင့်လိုဆန်ကုန်မြေလေးကများ...သွား!!...ကျွန်မအိမ်ပေါ်ကနေအခုဆင်းသွား...."


"မဆင်းဘူးကွာ...မဆင်းတော့ဘာလုပ်ချင်လဲ....

လူပါး၀လို့...ကဲဟာ...."


"ဒုန်း!!!!....ဘုန်း!!!!ဂလွမ်!!!!"


ရန်ဖြစ်သည့်အထဲကို ၀င်မပါချင်၍ ပန်းကန်ကိုဇိမ်ခံပြီး ဆေးနေမိချိန်တွင် အိမ်ရှေ့မှာပစ္စည်းတွေကျကွဲသံကြား၍ ရေချိုးခန်းထဲမှ အမြန်ထွက်ကြည့်လိုက်စဉ် မြင်လိုက်ရတာကတော့ မှောက်သွားသည့်သစ်သားစားပွဲခုံကြီးနှင့် ကြမ်းပြင်ပေါ်မှာ ပွစာကျဲ‌ နေသောဟင်းရည်တွေက မြင်လို့ရှုလို့မကောင်းပေ။အဒေါ်ကတော့ သူ့ဟင်းစားပွဲများကိုကြည့်၍ မျက်ရည်ဝဲက မူးပြီးထိုင်ရာမှမထသော

ဦးသက်တွေ၏ ဆံပင်ကိုပြေး၍ ဆွဲလေသည်။


"မကြီးပုံရေ...ဖေကြီးနဲ့မေကြီး...ရန်မဖြစ်ကြပါနဲ့...

သမီးကြောက်တယ်....အဟင့်..."


ဈေးရောင်းသည့်နေရာလေးတွင် ဒိုးဆက်ကစားနေတာကိုရပ်၍ ငိုနေသောမိပုံဆီသို့ ပုံရိပ်ပြေးသွားလိုက်ပြီး အမေနှင့်အဖေရန်ဖြစ်သော နေရာဆီသို့သွားရန်ပြင်နေသော ထွန်းကိုအား လှမ်းဆွဲကာရင်ခွင်ထဲတွင် ပိုက်ထားလိုက်မိသည်။


"အလကားမိန်းမ...ဒင်းကသူအလုပ်လုပ်တယ်

...ငွေ၀င်တယ်ဆိုပြီမာန်တက်နေတာ...

အမောက်မထောင်နိုင်အောင် ငါလုပ်ပြမယ်..."


"အကုသိုလ်ကောင်ကြီး....ရှင်ကျွန်မဈေးဆိုင်ကို

ထိစရာမလိုဘူးနော်...."


"လုပ်တယ်ကွာ...အားလုံးကုန်အောင်လုပ်ပစ်မယ်..."


"အား!!!!"


ဒေါ်လေးသည် ဦးသက်ဆွေကိုထုနှက်နေပေမဲ့

တွန်းထုတ်လိုက်သောဦးသက်ဆွေကြောင့် အနောက်သို့ ဖင်ထိုင်လျှက်လဲကျသွားရသည်။

မူးကြောင်၊ရူးကြောင်ဖြင့်ဆိုင်တွင်ချိတ်ဆွဲထားသော မုန့်ထုပ်တွေကို ဆွဲဖြုတ်ကာ လမ်းမပေါ်သို့လွှင့်ပစ်သည်။ဖယောင်းတိုင်ထုပ်ပါမကျန်ချိုးဖဲ့တော့သည်။ကြက်သွန်တွေ၊အာလူးတွေတင်ထားသော သစ်သားစင်ကိုလည်း ‌ကျိုးပဲ့သည်အထိ ခြေထောက်နှင့်ပိတ်၍ ကန်ပစ်သည်။


"ဖေကြီးမလုပ်ပါနဲ့....ဖေကြီး...အဟင့်...မကြီးပုံ

...ဖေကြီးကိုတားပေးပါ...."


ငိုယို၍တောင်းပန်နေသော ကလေးများကိုသနားမိသည်။ဈေးဆိုင်ကိုဖြတ်စီးနေတာကြောင့်

ကလေးတွေကိုထိမှာစိုး၍ ရေချိုးခန်းဖက်သို့ ကလေးတွေကိုဆွဲခေါ်ကာ သုံးယောက်သားထောင့်မှာကပ်နေရသည်။ဘီလူးစီးသလိုဖြစ်နေသော

ဦးသက်ဆွေကိုပုံရိပ်ကြောက်နေမိသည်။


အသားတွေ တဆက်ဆက်တုန်ယင်နေသည်အထိ ကြောက်သည်။ပုံရိပ်တောင် ဒီလောက်အထိ ကြောက်လန့်ပြီးငိုချင်နေပါလျှင် ကလေးသေးသေးလေးတွေက ပို၍ဆိုးတော့မည်ပေါ့။

ထို့ကြောင့် ပုံရိပ်သူတို့ကိုသိုင်းဖက်ပြီး ကာကွယ်ထားမိသည်။

ဒေါ်လေးကတော့ သူ့ဆိုင်လေးကိုဖြတ်စီးပစ်၍ ရင်ဘတ်စည်းတီးပြီး ယူကြုံးမရဖြစ်နေလေသည်။


"အမယ်လေး...အရပ်ကတို့ရေ....ဒီလူ့ကိုလာဖမ်းလှည့်ကြပါ...တားမဲ့သူမရှိကြတော့ဘူးလား...

ကျွန်မဆိုင်လေးတော့ ကုန်ပါပြီ....လူယုတ်မာကြီး

လူ့ငနွားကြီး....ကျွန်မဆိုင်ကိုလုပ်ချင်အုံး...ရှင့်ကိုအရှင်မထားဘူး...."


ဒေါ်လေးသည်နီးရာတုတ်ကိုပြေးဆွဲပြီး ဦးသက်ဆွေ၏ကျောကုန်းကို အသံမြည်အောင်ရိုက်ချလိုက်လေသည်။


"ဟာ... ဒီမိန်းမတော့...ကဲဟာ...."


"ဟာ...မေကြီး....မေကြီးကိုမလုပ်ပါနဲ့....

မေကြီးကိုမလုပ်နဲ့...."


ဒေါ်လေးကို မညှာမတာလက်သီးနဲ့ထိုးချလိုက်သောအခါ ပုံရိပ်၏ရင်ခွင်ထဲမှ ကလေးနှစ်ယောက်သည် လုံး၀ချုပ်ထားလို့မရတော့ပဲ ရုန်းကန်၍

သူတို့၏အမေလဲနေသော နေရာသို့ပြေးသွားကြသည်။


"ဒီလူကြီးကို သတ်မယ်..."


ထွန်းကိုလေးဟာ နဂိုကမှအဖေကိုမုန်းတီးနေသူဖြစ်ပြီး အမေ့ကိုလက်သီးနှင့်ထိုးလိုက်တော့ 

အဖေဖြစ်သူဆီကိုပြေးသွားလျှက် ထုရိုက်တော့

သည်။

အမူးသမားများသည် သားမှန်းမသိ၊မယားမှန်းမသိဆိုသော စကားဟာသိပ်ကိုမှန်ပါသည်။


"ဟာ...ဒီမလောက်လေးမလောက်စားကများ

အဖေကိုပြန်လုပ်ချင်တယ်ပေါ့....ကဲဟာ..."


"ဟမ်း.....!!!!!!!"


"ရှင်ကလေးကိုဘာလုပ်တာလဲ..."


"ကို့ယ်သားသမီးကိုယ်...ပြန်နှိပ်စက်တဲ့ကောင်...

အမလေး...ငါ့သားလေး..နာသွားပြီ..."


ကလေးကိုလည်း ညှာတာရကောင်းမှန်းမသိ အနောက်သို့တွန်းထုတ်ပစ်သောလူကြီး၏ ရင်ဘတ်ကို ပုံရိပ်ပြေး၍ဆောင့်တွန်းပစ်လိုက်သည်။

ပုံရိပ်ကအဒေါ်ထပ်ပိုအားသန်၍ ဦးသက်ဆွေသည်အနည်းငယ်ယိုင်ကျသွားသောအခါ ဒေါသမျက်၀န်းများဖြင့် ကြောက်မက်စရာကောင်းလောက်အောင် ပုံရိပ်ကိုပြန်ကြည့်လာပြီး ပုံရိပ်ကိုရိုက်ရန်လက်ကိုလွှဲချလေသည်။


ပုံရိပ်အတတ်နိုင်ဆုံးသူ့လက်တွေကို ဖမ်းဆွဲသည်။ပါးပြင်ပေါ်သို့ အားပြင်းသောရိုက်ချက်များ

ကျရောက်လာတိုင်း အံကြိတ်၍မျက်လုံးတွေကို မှိတ်ထားမိသည်။သူ့ကိုလည်းပြန်၍ ကုတ်ဆွဲသည်။သို့ပေမဲ ပုံရိပ်ထက်အရပ်များစွာရှည်သော

ဦးသက်ဆွေ‌သည် ဆံပင်ကို ဆောင့်ဆွဲလာပြီး အနောက်သို့တွန်းထုတ်သောအခါ ပုံရိပ်သည်ကြိုးဆွဲရုပ်သဖွယ် လွင့်ထွက်သွားရသည်။


"ကိုသက်ဆွေ....ရှင်တော်တော့...ကျွန်မတူမကို

မနှိပ်စက်ပါနဲ့တော့....အား!!!!!သေပါပြီ...

ကျွန်မတူမလေး...

အရပ်ကတို့ရေ...ကယ်ကြပါအုံး...."


မျက်နှာကိုထိမှာစိုး၍ မျက်လုံးမှိတ်ပြီးလက်နှင့်

အုပ်ကာထား‌မိပေမဲ့ နားရင်းကိုပိတ်ရိုက်ခံလိုက်ရသောဒဏ်ကြောင့် နားတစ်ဖက်လုံးအူထွက်သွားလေသည်။

ဒေါ်လေး၏အော်ဟေ့သံတွေကို ကြားနေရပေမဲ့မျက်လုံးတွေကိုဖွင့်မကြည့်ရဲခဲ့ပေ။

တစ်ဆက်တည်းမှာပဲ ရပ်ကွက်ထဲမှလူတွေ၏ ဖြောင်းဖျသံများနှင့် တားဆီးအော်ဟေ့ဆူညံ‌သံတွေကိုလည်း ကြားနေရသည်။


"မကြီးပုံ....မကြီးပုံ....အီဟီး...."


 ရိုက်နှက်ခံရသော ဒဏ်ကြောင့်နုံးခွေကျလျှက် နာကျင်တာရော၊ကြောက်ရွံ့ထိပ်လန့်တာများပါရောထွေးနေသော ပုံရိပ်၏ခန္ဓာကိုယ်သည် နံရံနားတွင်ဒူးတုပ်ထိုင်လျှက်လေးနှင့် တုန်ယင်နေပေမဲ့

သတိလွတ်သွားခြင်းတော့မရှိခဲ့ပေ။နာကျင်နေသော ဝေဒနာကိုခံစားမိသည်၊သေလောက်အောင်အော်ပစ်ချင်ခဲ့ပေမဲ့ ပုံရိပ်အသံမထွက်အောင် အံကြိတ်၍တင်းခံခဲ့သည်။


"ပုံရိပ်.....ပုံရိပ်!!!!"


အသံမျှင်မျှင်လေးကြားရာကနေ တဖြည်းဖြည်းနီးကပ်လာသည်နှင့် ကျယ်လောင်လာသောခေါ်သံတစ်ခုကြောင့် မျက်၀န်းတွေကိုမျက်ရည်တွေကြားမှ မရရအောင်ဖွင့်ကြည့်လိုက်မိသည်။ပုံရိပ်၏မျက်နှာမှ ဒဏ်ရာများ တို့ထိရန်မ၀င့်မရဲဖြစ်နေသော မျက်၀န်းများနှင့်ဆုံတော့မှ ရင်ထဲမှာအောင့်သက်လာလျှက် မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာခဲ့ပြီး အားကိုးတကြီးဖက်တွယ်ထားလိုက်မိသည်။

စံပယ်ရနံ့သင်းနေသော သူ့အိင်္ကျီများသည် ပုံရိပ်၏

နာကျင်မှုများကိုအလုံးစုံ နှစ်သိမ့်မှုမပေးနိုင်ပေမဲ့

လုံခြုံမှုတော့ ပေးစွမ်းနိုင်ခဲ့သည်။


"ဆရာ....သမီးကိုဒီနေရာကနေခေါ်သွားပေးပါ...

သမီးဒီမှာမနေချင်တော့ဘူး...သမီးကိုခေါ်သွားပေးပါ...သမီးကြောက်တယ်....အဲ့ဒီ့လူကြီးကိုသမီးကြောက်တယ်...."


သူ၏အိင်္ကျီရင်ဘတ်စကို တင်းတင်းကြပ်ကြပ်

ဆုပ်ကိုင်လျှက် ဒီနေရာမှခေါ်သွားပေးဖို့ရန် 

ဒရဆက်ရေရွှတ်နေသော ကလေးကို ကျောကုန်းလေးအားအသာပုတ်ပေးလျှက် ပွလျှောင်းနေသော ဆံပင်များကိုပါသပ်ချပေးလိုက်သည်။

ရပ်ကွက်လူကြီးများလာခေါ်သွား၍ ဦးသက်ဆွေနှင့်အတူ ပုံရိပ်၏အဒေါ်ဆိုသူသည်လိုက်သွားခဲ့လေပြီ။


စာမေးပွဲဖြေနိုင်သလားဆိုတာ သိချင်၍လာမေးမိရာမှ အင်မတန်ရင်နာစရာမြင်ကွင်းကိုမြင်လိုက်ရ၍ ကိုယ်တိုင် သွေးပျက်ချင်သွားမိသည်။ကြောက်ရွံ့တုန်လှုပ်ပြီး သူ့ကိုအားကိုးတကြီးဖြစ်နေတဲ့

ကလေးမကို သူဘယ်လိုစကားလုံးမျိုးနှင့် နှစ်သိမ့်ပေးရပါ့မလဲ။

ဘေးနားမှာလည်း ကလေးလေးနှစ်ယောက်ကငိုလို့။

သနားစရာကောင်းလိုက်တဲ့ ကလေးတွေပါလား။


မိသားစုရဲ့ ပဍိပက္ခတွေကြားမှာ ဒီကလေးတွေဟာအရွယ်နဲ့မလိုက်အောင် ပူလောင်ငိုကြွေးကြရတယ်။

မိဘတွေဟာ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ကလေးတွေအရှေ့မှာ သိုဝှက်မထားနိုင်ပဲ

ဘာကြောင့်များ မိဘဆိုတဲ့ဂုဏ်ကိုခံယူထားကြတာပါလိမ့်။အထူးသဖြင့် ပုံရိပ်လေးပဲ။


ဆယ်ကျော်သက်အရွယ်လေးကို ဘယ်လိုစိတ်နဲ့များ ဒီလောက်ရိုက်နှက်ရတာလဲ။

တော်တော်ယုတ်မာလွန်းပါတယ်။

ဒါဟာ အကြမ်းဖက်မှုပဲ။

မိမိရင်ခွင်ထဲတွင် ခေါင်းဝှက်၍အကာအကွယ်ယူကာ ငိုကြွေးနေသော သူ့တပည့်ကိုကြည့်ပြီး သူ့ရင်ထဲမှာ ဖြေမဆည်နိုင်အောင်ဖြစ်နေမိသည်။


"သမီးကိုမန္တလေးကအဖွားဆီကိုပို့ပေးပါ...

အဖွားကတော့သမီးကိုရိုက်မှာမဟုတ်ဘူး...

ဦးလေးကလည်းသမီးကိုရိုက်မှာမဟုတ်လောက်ဘူး...

သမီးကြောက်တယ်ဆရာ..."


တောင်စဉ်ရေမရရေရွတ်နေသော ကောင်မလေးနှင့်ကလေးနှစ်ယောက်ကို ခေါ်ဆောင်ပြီးဘေးလူတွေကို အသိပေးခဲ့ကာ ဘုန်းကြီးကျောင်းသို့သာခေါ်လာခဲ့လိုက်သည်။ဒီကလေးမကို ဆေးခန်းပြပေးရမည်။

ကြောက်ရွံ့နေသော ခလေးများကိုနှစ်သိမ့်ပေးရမည်။


ပတ်၀န်းကျင်မှ ဟိုမေး၊ဒီမေးနှင့် ဖြစ်ပြီးသားကိစ္စကိုသာ အဖန်တလဲလဲပြောနေကြတာကို မကြားလိုတော့ပေ။အနာတရဖြစ်နေရှာသော ကလေးများကို ဟိုမေး၊ဒီမေးနှင့် စပ်စုနေတာကိုလည်း မကြိုက်ပေ။အဓိကအချက်ကတော့ ဒီနေရာမှခေါ်သွားပေးပါဆိုသော ပုံရိပ်၏တောင်းဆိုမှုကို အလေးထားချင်၍ဖြစ်သည်။


🌹🌹🌹🌹🌹🌹🌹🌹


(မိမိရဲ့ ကလေးလေးတွေရှေ့မှာ ရန်မဖြစ်မိပါစေနဲ့...

ကလေးတွေဟာ တကယ်ကိုအတုမြင်အတတ်သင်လွယ်သလို...စိတ်ဒဏ်ရာလည်းရလွယ်တတ်ပါတယ်...

ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းက မကောင်းတဲ့လုပ်ရပ်ပါ...."


😘ဒုတိယပိုင်း မကြာခင်လာမည်😘


========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၃)🔥 (ပထမပိုင္း)


"ပံုရိပ္ေရ...နင္ေျဖႏိုင္လား..."


စာေမးပဲြအခန္းထဲမွထြက္လာလာျခင္း သူငယ္ခ်င္းတစ္ေယာက္က ဆီးႀကိဳ၍ေမးေလသည္။

ပံုရိပ္၏မ်က္ႏွာသည္လည္း ရူပေဗဒကို ေကာင္းေကာင္းေျဖႏိုင္ခဲ့၍ရႊင္ျမဴးလ်ွက္ သူငယ္ခ်င္းကိုအားရ၀မ္းသာစြာႃပံုးျပလိုက္သည္။


"နင္ေရာ...ေျဖႏိုင္ရဲ့လား...ငါေတာ့ေျဖႏိုင္ေပမဲ့ အမွတ္ကိုေတာ့ထက္၀က္ေရွာ့ၿပီးတြက္ထားလိုက္တယ္..မဟုတ္ရင္..ကိုယ္ထင္သလိုမျဖစ္တဲ့အခါ

..စိတ္ဆင္းရဲရမွာစိုးလို႔..."


"အမယ္...နင္ကေတာ္ၿပီးသားဆိုေတာ့ေျပာအားရိွတာေပါ့..ၿပီးမွဂုဏ္ထူးေတြခ်ည္းပဲလိွမ့္ထြက္မေနနဲ႔ေနာ္...ေကာင္မ..."


"ဟား...ဟား..ငါ့ကိုေတာ္‌ေတာ္အထင္ႀကီးတာပဲ...."


"ပံုရိပ္နဲ႔စႏၵာ၀င္း...နင္တို႔ကရယ္ႏိုင္ေသးတယ္ေနာ္...ငါ့မွာေတာ့..ေဖာ္ျမဴလာေတြလည္းေမ့..

ဒက္ဖေနးရွင္းေတြလည္း မမွတ္မိနဲ႔လံုးလည္ခ်ာလည္ကိုလိုက္ေနေရာ...ေအာင္ရင္ေတာင္ကံေကာင္း..."


အ‌ခန္းအေရ႔ွမွ လြယ္အိတ္ကိုခပ္သြက္သြက္ယူေနရင္းႏွင့္ နႏၵာကမ်က္ႏွာႀကီးရႈံ႔တြေန‌ေလသည္။တကယ္ေတာ့ နႏၵာကအင္မတန္အစိုးရိမ္လြန္တတ္ေသာ စိတ္ေဝဒနာတစ္ခုရိွ‌သည္။တစ္ခုခုလုပ္ၿပီးတိုင္း အၿမဲစိုးရိမ္မႈလြန္ကဲေနတတ္သည္။

စာေမးပဲြရလဒ္ထြက္လာတိုင္းလည္း သူ႔အမွတ္ေတြက အၿမဲတမ္းအလည္အလတ္မွာပဲ ရိွေနတာေတာင္ သူ႔ရဲ့စိုးရိမ္မႈလြန္ကဲေသာစိတ္ကို မေဖ်ာက္ႏိုင္သူျဖစ္သည္။


ဒီလိုလူမ်ိဳးေတြက ဘယ္အရာပဲလုပ္လုပ္ ေအာင္ျမင္မႈရာခိုင္ႏႈန္းသိပ္နည္းသည္ဟု ဆရာေျပာျပခဲ့ဖူးသည္။ကိုယ့္ကိုကိုယ္ အလြန္အကၽြံယံုၾကည္မႈ လြန္ကဲေနတာမ်ိဳးမဟုတ္ပဲ ဘာပဲလုပ္လုပ္ငါလုပ္ႏိုင္သည္ဆိုေသာ စိတ္ကိုအၿမဲေတြးၿပီး အေကာင္းဆံုးလုပ္ပါက အမွားနည္းၿပီးစိတ္ေက်နပ္မႈလည္းရေစသည္။


"နင္က..ဒက္ဖေနးရွင္းေတြမရလည္း..

ပုစၧာေတြမွန္ေအာင္တြက္ႏိုင္ခဲ့တယ္မဟုတ္လား..

တစ္မွတ္တန္ေတြလည္းရိွတာပဲ..."


"ေအာ္..ေဖာ္ျမဴလာေတြကိုေတာင္ေမ့ေနပါတယ္ဆိုမွ...ပုစၧာေတြလည္းတလဲြ‌ေတျြဖစ္ကုန္ၿပီေပါ့..."


"နင္က ဒီလိုခ်ည္းပဲေျပာေနတာ...ၿပီးရင္နင့္အမွတ္က ငါ့ထက္မ်ားတယ္..."


"ဒီတစ္ခါေတာ့ တကယ္မမ်ားေတာ့ဘူး...

ပံုရိပ္နင္နဲ႔ငါအမွတ္တိုက္ၾကၫ့္ရေအာင္.."


နႏၵာသည္ပံုရိပ္၏ ေမးခြန္းစာရြက္ကိုလွမ္းယူလိုက္ေသာေၾကာင့္ ပံုရိပ္တို႔သံုးေယာက္သားေခါင္းခ်င္းဆိုင္၍ အေျဖေတြကိုတိုက္ၾကၫ့္ေနမိသည္။စာေမးပဲြေျဖၿပီး၍ စာစစ္ၿပီးတိုင္းအေျဖေတြကို ေမးခြန္းစာရြက္မွာေရးျခစ္တတ္ေသာ အက်င့္သည္ယမင္းကိုစာ‌ေမးပဲြအခန္းထဲမွာ စာမရရင္ ျပဖို႔သံုးမိရာမွ အက်င့္ျဖစ္သြားခဲ့ေလသည္။အျခားသူမ်ားသည္လည္း သူငယ္ခ်င္းမ်ားႏွင့္အတူ အေျဖျပန္တိုက္လို႔ရရန္ ထိုသို႔လုပ္တတ္ၾကေလသည္။


"နႏၵာ ..နင္ဒီပုစၧာအေျဖမွန္တယ္ဟ...ဟာ..သြားၿပီ

...ငါမွားသြားၿပီ...ငိုေတာင္ငိုခ်င္လာၿပီဟာ..."


ပံုရိပ္၏အေျဖကလံုး၀မွန္သည္ဟု အတိအက်မသိပါပဲ စႏၵာ၀င္းသည္မ်က္ရည္ေလးမ်ား ဝဲက်လာၿပီးကိုယ့္နဖူးကိုယ္ျပန္ရိုက္ေလသည္။

ထိုစဉ္ အျခားအခန္းတစ္ခုထဲမွ ထြက္လာေသာ

ကိုထက္ကိုေတြ့လိုက္ရ၍ ပံုရိပ္ထိုေနရာသို႔

ေျပးသြားလိုက္သည္။

အကယ္၍ ယမင္းသာအသက္ရွင္လ်ွက္ရိွေသးပါက ပံုရိပ္ႏွင့္တစ္ခန္းထဲအတူေျဖရေလာက္သည္။


"ကိုထက္..."


ပံုရိပ္ကိုလွၫ့္ၾကၫ့္လာေသာ ကိုထက္အားႃပံုးျပလိုက္မိသည္။ပံုရိပ္၏အႃပံုးေတြကိုျမင္ေပမဲ့

သူျပန္၍မႃပံုးျပခဲ့ေပ။သို႔ေပမဲ့ လြယ္အိတ္ကိုပိုက္ၿပီး လမ္းေလ်ွာက္ေနရာမွ သူရပ္၍ ေနေလသည္။

ပံုရိပ္လည္း မ်က္ႏွာေျပာင္တိုက္၍ သူ႔အေရ႔ွမွာေျခစံုရပ္လိုက္ကာ အႃပံုးလြင္လြင္ေလးႏွင့္ ထပ္မံ၍ႏႈတ္ဆက္လိုက္သည္။


"ကိုထက္...ေျဖႏိုင္လား..."


"အင္း...."


အရင္တုန္းကပံုရိပ္ကို စေနွာက္ရတာကိုမွသေဘာက်တတ္ေသာကိုထက္သည္ 

ယခုေနာက္ပိုင္းတြင္ စကားအရမ္းနည္းေသာသူျဖစ္သြားခဲ့သည္။ပံုရိပ္၏မ်က္ႏွာတစ္ခ်က္ ၫွိုးက်သြားေပမဲ့ ထပ္မံ၍ႃပံုးျပလိုက္ပါသည္။


"ဘာရွာေနတာလဲ..."


ကိုထက္သည္ ရုတ္တရက္ဆိုသလို သူ႔ေက်ာပိုး

အိတ္ကိုဇစ္ဖြင့္ၿပီး လက္ထိုးႏိႈက္ကာတစ္ခုခုကိုရွာေနေလသည္။စကၠန႔္ပိုင္းအၾကာမွာပဲ သူသည္တစ္စံုတစ္ခုကိုလက္သီးဆုပ္ထဲတြင္

ဖြက္လိုက္ၿပီးပံုရိပ္၏လက္ကို ဆဲြယူကာ

လက္ဖဝါးထဲသို႔ အညိုေရာင္ခ်ိဳခ်ဉ္ေလးတစ္လံုးထၫ့္ေပးလာသည္။ေခ်ာကလက္ခ်ိဳခ်ဉ္ေလးေပါ့။


၀မ္းနည္း၀မ္းသာျဖစ္လ်ွက္ ပံုရိပ္၏မ်က္၀န္းေတြ အေရာင္လက္သြားရကာ ကိုထက္ကိုေမာ့ၾကၫ့္ေတာ့ အရယ္အႃပံုးမရိွေပမဲ့ ေဒါသႏွင့္အႃငွိုးတရားတို႔ ကင္းစင္ေနသည္။

သူ႔မ်က္၀န္းတို႔သည္ ေမွးက်ဉ္းေနၿပီး ရီေဝေဝျဖစ္ေနလ်ွက္ ၀မ္းနည္းရိပ္ထင္ေနသည္။

ပံုရိပ္ကိုမမုန္းေတာ့ဘူးဟု တထစ္ခ်ယံုၾကည္လိုက္မိသည္။


"ငါ...ေနာက္ႏွစ္ဆယ္တန္းတက္ရင္...ဒီေက်ာင္းမွာ တက္ျဖစ္ေတာ့မွာမဟုတ္ဘူး..."


"ဘယ္လို...ဒါဆိုရင္...နင္ေက်ာင္းေျပာင္းေတာ့မွာေပါ့..."


"ဟုတ္တယ္...ငါနင့္ကိုႏႈတ္ဆက္ခဲ့ပါတယ္...

ကံမကုန္ရင္ျပန္ေတြ့ၾကတာေပါ့...

အဲ့အခ်ိန္ၾကရင္သာ ငါ့ကိုေခ်ာကလက္သၾကားလံုးေတြ အမ်ားႀကီး၀ယ္ကၽြေးႏိုင္ေအာင္ ပိုက္ဆံစုထားပါ......"


"ကလင္...ကလင္..."


"ငါသြားၿပီ..."


ေက်ာင္းဆင္းဘဲလ္ျမည္သည္ႏွင့္ ပံုရိပ္ကိုႏႈတ္ဆက္၍ ထြက္ခြာသြားေသာသူ႔ေက်ာျပင္ကို ေငး၍ၾကၫ့္ေနမိသည္။သူ႔ဆံပင္ကိုလက္ႏွင့္

သပ္တင္လိုက္စဉ္တြင္ သူ႔နဖူးကအမာရြတ္ကိုထင္ရွားစြာေတြ့လိုက္ရသည္။

ထိုအမာရြတ္သည္ ၿပီးခဲ့တဲ့လက ဟိန္းကိုႏွင့္ထိုးႀကိတ္ၾကရင္း နဖူးကဲြ၍ရခဲ့ေသာအမာရြတ္ျဖစ္သည္။သူ႔ရင္ထဲမွာ ပံုရိပ္ကိုအရင္လိုျပန္မခင္ႏိုင္ေလာက္ေသာ အစိုင္အခဲအခ်ိဳ႕က်န္‌ရိွေနေသးပါလား။


ဟိန္းကိုနဲ႔ ရန္ျဖစ္ေတာ့ ႏွစ္ေယာက္လံုးရဲ့မ်က္ႏွာမွာ  ဒဏ္ရာေတြဆိုတာ ျမင္မေကာင္းဘူး။

ေက်ာင္းအုပ္ႀကီးသည္လည္း ဒီလိုဆူပူမႈေတျြဖစ္သြားေတာ့ အင္မတန္ေဒါသထြက္ၿပီး သူတို႔ရဲ့မိဘေတြကိုခ်က္ျခင္းလူလႊတ္ ေခၚခိုင္းခဲ့တယ္။

တကယ္ဆိုရင္ ဒီျပႆနာရဲ့ အစကပံုရိပ္ပါပဲ။

ပံုရိပ္သာ ဟိန္းကိုနဲ႔သြားမေတြ့ခဲ့ရင္ ကိုထက္လည္းအေနာက္ကေနလိုက္လာမွာ မဟုတ္သလို ဟိန္းကိုနဲ႔လည္းျပႆနာျဖစ္စရာအေၾကာင္းမရိွဘူး။


ဒါေပမဲ့ သူတို႔ႏွစ္ေယာက္လံုးက ပံုရိပ္၏နာမည္ကိုလံုး၀ထၫ့္မေျပာခဲ့ၾကဘူး။

ျပႆနာရဲ့ အစကပံုရိပ္ဆိုေပမဲ့ ကိုထက္ခံျပင္းၿပီး ေဒါသထြက္ရျခင္းက ယမင္းအတြက္ျဖစ္ၿပီး

ဟိန္းကိုကေတာ့ သူ႔ကိုအသားလြတ္ရန္စတဲ့အတြက္ ျပန္၍တံု႔ျပန္ျခင္းျဖစ္သည္။

တကယ္ေတာ့ ေျမစာပင္ျဖစ္ရသူက ပံုရိပ္ျဖစ္ေနျခင္းကို ဘယ္သူသိႏိုင္ပါ့မလဲ။


ကိုထက္၏အေဒၚသည္ သူ႔တူကိုေသြးထြက္သံယိုျဖစ္ေအာင္ လုပ္ခဲ့တဲ့အတြက္ဟိန္းကို၏အေမကို တရားဆဲြမယ္ဆိုၿပီးေတာင္ ၿခိမ္းေျခာက္ခဲ့ပါေသးတယ္။

သို႔ေပမဲ့ အျဖစ္အပ်က္ကိုေသခ်ာျမင္လိုက္ေသာ ေက်ာင္းသားမ်ားက ရန္ပဲြကိုစၿပီးဖန္တီးတာက ကိုထက္ဟု၀န္ခံၾကေလေတာ့ အန္တီညိုလည္း

မလူးသာမလြန႔္သာျဖစ္ၿပီး ကိုထက္ကိုပဲဖိႀကိမ္းေတာ့တယ္။


ရန္ျဖစ္ရတဲ့အေၾကာင္းအရင္းကိုေတာ့ သူတို႔ထုတ္

မေျပာခဲ့ၾကေပ။အဲ့ဒီ့ေန့က ရံုးခန္းထဲကေနထြက္လာတဲ့ သူတို႔ႏွစ္ေယာက္၏ မ်က္ႏွာေတြကိုၾကၫ့္ၿပီး

ပံုရိပ္ရဲ့ရင္ထဲမွာ အင္မတန္၀မ္းနည္းနာက်င္ခဲ့ရတယ္။ကိုထက္ဆိုတာ ပံုရိပ္တို႔ရဲ့အတန္းထဲမွာ

 စာအေတာ္ဆံုးေက်ာင္းသားတစ္ေယာက္ျဖစ္ၿပီး

ဆရာ၊ဆရာမမ်ား၏ ခ်ီးက်ူးမႈကိုအၿမဲခံရတဲ့

လူယဉ္ေက်းတစ္ေယာက္ပင္။


မိဘေတြက ပိုက္ဆံခ်မ္းသာ၍ လိုေလေသးမရိျွဖၫ့္ဆည္းခံရေသာ ကေလးတစ္ေယာက္ျဖစ္ကာ

ပံုစံေလးကအစ မိန္းမဆန္သည္ဟု ပံုရိပ္သတ္မွတ္ထားခဲ့မိသည္။ထိုေန့က ‌သူ႔မ်က္ခြံေတြဟာ ထိုးႀကိတ္ခံထားရ၍ ေယာင္ကိုင္းညိုမဲေနၿပီး

သူ႔ေခါင္းမွ ေသြးမ်ားစီးက်ေနခဲ့သည္။

ဟိန္းကိုလည္း ထို႔နည္းတူစြာပင္။သို႔ေပမဲ့ ဟိန္းကိုကေတာ့ ထိုနာက်င္မႈေတြဟာ သူ႔အတြက္ ခံရပါမ်ား၍ ထံုက်င္ေနသေယာင္ ခပ္တည္တည္မ်က္ႏွာေပးသာျဖစ္ေနခဲ့သည္။


"ပံုပံုေရ...ေဒၚေလးဒီမွာ..."


အေတြးေပါင္းမ်ားစြာ ယစ္သီလ်ွက္ေက်ာင္းဂိတ္ေပါက္၀သို႔ေရာက္လာခဲ့ေသာ ပံုရိပ္သည္ေဒၚေလးကိုေတြ့လိုက္ရသည္ႏွင့္ စိတ္ေတြလံုး၀ၾကည္လင္သြားလ်ွက္ လူေခ်ာင္ေသာေနရာမွ ပတ္ကာေဒၚေလးဆီသို႔ ေျပးသြားလိုက္သည္။

ေဒၚေလးသည္ အရင္လိုႏြမ္းႏြမ္းဖက္ဖက္ေလးမဟုတ္ေတာ့ပဲ အသားအရည္ကအစစိုျပည္လာသည္။ခ်ိတ္လိုင္းေတြပါေသာ ခရမ္းေရာင္ပါတိတ္၀မ္းဆက္ကို ၀တ္ဆင္ထားေသာေၾကာင့္

သူ႔ေဘးတြင္ ရပ္ေနေသာ အျခားမိဘေတြထက္ပင္ ပိုေတာက္ေျပာင္ေနသလိုျဖစ္ေနသည္။


ပိုက္ဆံဟာ လူတစ္ေယာက္၏အေသြးအေရာင္ကို ေျပာင္းလဲပစ္ႏိုင္ေသာ ဂုဏ္သတၲိရိွတာပါလား။

ေဒၚယဉ္တင့္ကပံုရိပ္ကို ေပးခဲ့ေသာပိုက္ဆံမ်ားသည္ မိသားစုတစ္ခုလံုးကို ေျပာင္းလဲေပးႏိုင္ေလာက္ေအာင္ လံုေလာက္ခဲ့ပါသည္။ဟိုအရင္က ပဲျပဳတ္၊အရြက္ေၾကာ္ႏွင့္သာ တစ္လွၫ့္ဆီလည္ပတ္ေနခဲ့ေသာ ပံုရိပ္၏ထမင္းခ်ိဳင့္ေလးသည္

အေဒၚေဈးဆိုင္ေလးဖြင့္ၿပီး ေျပလည္လာခ်ိန္မွစ၍ ၾကက္သားလို ပရိုတင္းဓာတ္ျပၫ့္၀ေသာအသားဟင္းက ေနရာယူလာခဲ့သည္။


ပိုက္ဆံမရိွေသာအခ်ိန္မွာ အရက္ဖိုးေဖာေဖာသီသီမရ၍ အၿမဲဆူပူေနတတ္ေသာ ဦးသက္ေဆြသည္လည္း တစ္ေန့ႏွစ္ေထာင္ေလာက္ ေဒၚေလးဆီကေနရေန၍ ပါးစပ္ေပါက္ပိတ္သြားၿပီျဖစ္ကာ

အိမ္မွာခုရက္ပိုင္း နားေအးေနသည္။

ဦးသက္ေဆြသည္ မည္သၫ့္အခက္အခဲရိွရိွ

သူႏွင့္မဆိုင္သလိုေနတတ္ေပမဲ့ ေဒၚေလးကိုစာနာေပးတတ္ေသာ အခ်က္တစ္ခ်က္ေတာ့ရိွသည္။


ထိုအရာမွာ ေဈးႀကီးေသာအရက္ကို၀ယ္မေသာက္တတ္ျခင္းျဖစ္သည္။အရက္ျဖဴေတြကိုသာ

၀ယ္ေသာက္တတ္ေသာေၾကာင့္ က်န္းမာေရးကို

 တခ်ိန္ခ်ိန္မွာ ထိခိုက္လာမွာေသခ်ာသည္။

ေဈးႀကီးေသာ အရက္ကိုမေသာက္ျခင္းသည္

သူငဲ့ကြက္ထားသၫ့္ တစ္ခုတည္းေသာအရာျဖစ္သည္ ။


"ေဒၚေလးကို လြယ္အိတ္ေပးထား...ေရာ့ဒီမွာ...

အေအးေလးေသာက္...ေျဖႏိုင္တယ္မဟုတ္လား..."


"ဟုတ္ေျဖႏိုင္ပါတယ္...ေဒၚေလးရဲ့..."


ေဒၚေလးသည္ ပံုရိပ္၏လြယ္အိတ္ကေလးကိုယူလိုက္ၿပီး အေအးဗူးေလးကိုေဖာက္ေပးျပန္သည္။

ပံုရိပ္စာေမးပဲြေျဖေနေသာ က်န္ေလးရက္လံုးမွာလည္း ေဒၚေလးကပံုရိပ္ကို ဒီလိုအေအးဗူးေလးကိုင္ၿပီး လာႀကိဳေပးခဲ့သည္။အေအးဗူးေလးကို ေသာက္ၿပီး ေဒၚေလး၏လက္ကိုခ်ိတ္ဆဲြကာ အိမ္သို႔ျပန္လာခဲ့ၾကသည္။


ပံုရိပ္တို႔ ငွားေနေသာ တိုက္ခန္းေလးသည္ ယခင္ေနရာႏွင့္ တစ္လမ္းတည္းျဖစ္ၿပီး အိမ္ေရ႔ွမ်က္ႏွာစာ‌တြင္ ေဈးဆိုင္ဖြင့္လို႔ရရန္ အကာအရံ

မထားပဲ ေဆာက္ထားသည္ျဖစ္၍ ေဈးဆိုင္ေလးဖြင့္ရတာ လြယ္ကူၿပီး ေဖာက္သည္ေလးေတြလည္း

တစ္စထက္တစ္စမ်ားလာခဲ့သည္။အပ်ိဳႀကီး‌တို႔ကေတာ့ ေဈးလာ၀ယ္တိုင္း ပံုရိပ္တို႔၏ေဈးဆိုင္ကိုပဲ အၿမဲလာ၀ယ္တတ္သည္။

ပံုရိပ္ကို ေဒၚေလးကိုယ္တိုင္လာႀကိဳ၏ ထြန္းကိုအားဆိုင္ေစာင့္ထားခဲ့သည္ထင္ပါရဲ့ ေမာင္ႏွမႏွစ္ေယာက္သား မုန႔္ေလးတႃမံု႔ႃမံု႔ဝါးရင္း 

ဒိုးဆက္စပ္၍ ဆိုင္ေစာင့္ေနၾကေလသည္။


"ေဒၚေလးရယ္...ေနာက္ေန့ၾကရင္သမီးကိုလာမႀကိဳပါနဲ႔ေတာ့...ဒီႏွစ္ေကာင္ကိုသာဆိုင္ေစာင့္ခဲ့ရင္ 

လူလစ္တုန္း ဆိတ္၀င္စားသလိုေဒၚေလးရဲ့ဆိုင္ႀကီး ေျပာင္သြားလိမ့္မယ္...ၿပီးေတာ့ကေလးေတြခ်ည္းပဲဆိုေနာ့ မသမာသူေတြကမ်ား ၀င္ၿပီးလုယက္ရင္ ဘယ္လိုလုပ္ပါ့မလဲ..."


"အမယ္ေလး...ငါနင့္အေဒၚပါဟယ္...အိမ္ေတြ

ဒီေလာက္ပူးကပ္ေနတာကို ဘယ္ေကာင္ကလာကပ္ရဲမွာလဲ...အိမ္ေရ႔ွအိမ္ကမသန္းေမကိုလည္း

အပ္ခဲ့ၿပီးသားပါ...မသန္းေမတို႔ကအိမ္မွာ အၿမဲရိွေနတာေလ...ဘာမွမျဖစ္ဘူး...ပံုပံုထမင္းဆာေနတယ္မဟုတ္လား...ေဒၚေလးလည္း ဘာမွမစားရေသးဘူး..အတူစားၾကမယ္..."


ေဒၚေလးသည္ ဘယ္အရာပဲျဖစ္ျဖစ္ သြက္သြက္ျမန္ျမန္လုပ္တတ္သူျဖစ္၍ ထမင္းကိုခပ္ျမန္ျမန္ခူးၿပီး သစ္သားစားပဲြအဝိုင္းေလးေပၚသို႔ တင္ေနေလသည္။ပံုရိပ္လည္း အိပ္ခန္းထဲသို႔ ၀င္ကာအ၀တ္အစားကို အျမန္လဲၿပီးထြက္လာလိုက္သည္။


ပံုရိပ္တို႔ ယခုေနေသာ တိုက္ခန္းေလးသည္ ယခင္ေနခဲ့ေသာ လံုးခ်င္းအိမ္ေလးႏွင့္ အက်ယ္အ၀န္းသိပ္မကြာေပမဲ့ ေရခ်ိဳးခန္းႏွင့္အိမ္သာခန္းသီးသန႔္

ရိွ၍ အိမ္သာလုတက္ရ၊ေရလုခ်ိဳးရေသာ အျဖစ္မွကၽြတ္လြတ္ရေလၿပီ။


သို႔ေပမဲ့ က်ဉ္းေျမာင္းေသာအခန္းေလးျဖစ္၍ အိမ္သာႏွင့္ေရခ်ိဳးခန္းသည္ လူတစ္ေယာက္ ၀င္ဆံ့ရံုေလာက္သာ ေဆာက္ထားေလသည္။ထမင္းစားသၫ့္ေနရာႏွင့္ ဟင္းခ်က္ရေသာေနရာကလည္း မီးဖိုေခ်ာင္ဟူ၍ တသီးတသန႔္မရိွေသးပါေခ်။

မတူညီေတာ့တာဆိုလို႔ အရင္အိမ္ထက္အိမ္လခပိုမ်ားၿပီး မိုးမယိုေတာ့တာေလး တစ္ခုသာကြာျခားေလသည္။


"ဟဲ့...ဟိုႏွစ္ေကာင္...ဆိုင္ေစာင့္တာလည္းေစာင့္တာေပါ့...ငါ့ဆိုင္ကမုန႔္ေလးေတြလည္း ကုန္သြားပါအံုးမယ္..."


ထမင္းစားပဲြမွာ ပံုရိပ္၀င္ထိုင္လိုက္ေသာအခ်ိန္တြင္ သူ႔ကေလးႏွစ္ေယာက္ကို ထမင္းဝါးေနရင္းမွ လွမ္း၍ေအာ္ေျပာေနေလသည္။


"ေဒၚေလးကလည္းကေလးေတြကို ဒီေလာက္ေတာ့မေျပာပါနဲ႔...သူတို႔စားတာကလည္းခ်ိဳခ်ဉ္ေလးေတြ ထန္းလ်ွက္ျပားေလးေတြပါ...ေဈးႀကီးတဲ့မုန႔္ေတြမွမဟုတ္ပဲ..."


"အမယ္ေလးမိပံုရယ္...ညည္းကအလုပ္မလုပ္ဖူးေတာ့ ပိုက္ဆံကိုဘယ္ႏွေမ်ာရမွန္းသိမွာလဲ...

အဲ့ခ်ိဳခ်ဉ္ကလည္း တစ္ဗူးကို၅၀၀ေလာက္ေတာ့

ျမတ္တာပဲ...၅၀၀လည္းနည္းသလားလို႔...မရိွလို႔ေဈးေရာင္းစားတာေလ...ကိုယ္တိုင္စားေနမွေတာ့

ဘယ္အျမတ္က်န္ေတာ့မွာလည္း...အျမတ္မက်န္ရင္ မရင္းႏိုင္ေတာ့ဘူးေလ...ျပဳတ္ျပဳတ္ျပဳန္းသြားမွာေပါ့...."


"ေဒၚေလးကလည္း မလႉတတ္ရင္ေဈးေရာင္းဆိုတဲ့

စကားေတာင္ ရိွေသးတာပဲ..."


"အဲ့ဒါက အဆင္မေျပတဲ့လူကိုလႉတာေလ...

အခုက..စားရတဲ့ကေလးငတ္ကိုငတ္တာ...

ငါကညည္းအေဒၚပါေအ....ငါပဲျပဳတ္ေရာင္းတုန္းကဆို ပိုေပးလြန္းလို႔ မရွင္းသန႔္မွ မရွင္းသန႔္ျဖစ္ေနၾကတာ...

ငါညည္းထက္သိပါတယ္...ဆရာမလုပ္စမ္းပါနဲ႔..."


ဆရာမလုပ္ႏွင့္ဆိုေတာ့လည္း အသံတိတ္ၿပီး

ကိုယ့္ထမင္းကိုယ္သာဆက္စားေနလိုက္သည္။

စားပဲြေပၚတြင္ေတာ့ ကန္ဇြန္းရြက္ကိုငါးျပဳတ္ေလးႏႊင္ၿပီး ခ်က္ထားေသာခ်ဉ္ရည္ဟင္းေလးက အေငြ့တေထာင္းေထာင္းထေနေလသည္။မန္ခ်ည္းသီးႏွင့္ငါးပိ‌ရည္ကိုပါေရာ၍ ခ်က္ထားသည္ျဖစ္၍

အခ်ဉ္ႏွင့္အငန္အရသာေလးက လ်ွာဖ်ားမွာစဲြသြားေလသည္။


ေဒၚေလးသည္ အသား၊ငါးဟင္းထက္ ခ်ဉ္ဟင္း၊အရြက္ေၾကာ္ႏွင့္ေတာငန္ျပာရည္ခ်က္သၫ့္ေနရာတြင္ ဆရာတစ္ဆူျဖစ္သည္။ထမင္းဆိုင္ဖြင့္စားလ်ွင္ ေရာင္းရ၍လက္လည္မည္မထင္ေပ။

ပံုရိပ္ကေတာ့ ဒီႏွစ္ေနြရာသီေက်ာင္းပိတ္ရက္မွာ 

အေဒါ့္ဆီကေန ဟင္းခ်က္နည္းသင္ၿပီး ေရာင္းဖို႔စိတ္ကူးထားမိသည္။


"ဟဲ့...ခ်ဉ္ဟင္းႀကီးပဲခပ္ေသာက္မေနနဲ႔...ေရဆာေနအံုးမယ္...ဒီမွာငါးေၾကာ္လည္းထၫ့္စားေလ..."


ပံုရိပ္၏ပန္းကန္ထဲသို႔ ငါးျမစ္ခ်င္းေၾကာ္တစ္တံုးလာထၫ့္ေပးျပန္သည္။ပံုရိပ္တို႔ကမိန္းကေလးပီပီအစပ္ႀကိဳက္ေပမဲ့ မိစုကအစပ္မစားႏိုင္ေသးေသာေၾကာင့္ ငါးေၾကာ္ကိုေတာ့အျဖဴသည္သာေၾကာ္ထားေလသည္။

ျမင္းခြာရြက္ေတြကို ပါးပါးၫွပ္ၿပီး ေျမပဲ၊ပဲမႈန႔္ႏွင့္ပုစြန္ေျခာက္ကိုေထာင္း၍သုပ္ထားသည္ေၾကာင့္ စိမ့္ၿပီးစားလို႔သိပ္ေကာင္းသည္။ငါးပိရည္ထဲသို႔ ၾကက္သြန္ျဖဴေထာင္းၿပီးထၫ့္ထားသည္မို႔ သရက္သီးတို႔ေလးႏွင့္ လိုက္ဖက္ေနေလသည္။

စာေမးပဲြရက္တြင္ အားရိွေအာင္တမင္ဖြယ္ဖြယ္ရာရာကၽြေးမွန္းသိေသာေၾကာင့္

 စားလို႔ရတုန္းေလး အားရေအာင္တုပ္ေနမိသည္။


"ေအာ္...ထမင္းေတာင္စားေနၾကၿပီလား...ရွင္းသန႔္..

ငါ့ကိုပါထမင္းခူးေပးစမ္းပါ...မနက္တည္းကစားရေသးတာမဟုတ္ဘူး...."


ဆယ့္ႏွစ္ရာသီ မူးေနေသာဦးသက္ေဆြသည္အိမ္ထဲသို႔ ၀င္လာၿပီးထမင္းပဲြမွာ အခန႔္သား၀င္၍ထိုင္ေလသည္။

ေဒၚေလးကေတာ့ သူ႔ေယာက္်ားကိုႀကီးေက်ာ္၀င္စားသူကို မေက်နပ္စြာဘုၾကၫ့္ၾကၫ့္လိုက္ၿပီး

ေဆာင့္ႀကီးေအာင့္ႀကီးႏွင့္ ထမင္းခူးၿပီး

စားပဲြေပၚသို႔ ခ်ေပးလိုက္သည္။


"မနက္တည္းက ဘယ္စားရေသးမလဲ...တေနကုန္အရက္ဝိုင္းရိွတဲ့‌ေနရာ လွၫ့္ထိုင္ေနတာကို...

လူၾကၫ့္ေတာ့ ဘယ္ႏွစ္ျပားမွမ၀င္ပဲ သူမ်ားခ်က္ၿပီးသားကို အခန႔္သားထိုင္စားေနတာ...

တကယ့္ဟာႀကီး...ဒီလိုလူၾကေတာ့ ေသကိုမေသႏိုင္ေတာ့ဘူး...."


"ေဟ့...မင္းဘာစကားေျပာတာလည္း..ငါကဒီအိမ္ရဲ့အိမ္ဦးနတ္ေနာ္...."


"ဒုန္း!!!!!"


စားပဲြခံုကို ထုခ်လိုက္ေသာေၾကာင့္ ခ်ဉ္ရည္ဟင္းေတြပါ ေဘးသို႔ဖိတ္စင္သြားေလသည္။

ထမင္းစားပဲြမွာ ဦးသက္ေဆြႏွင့္ထိုင္ရတာ အရက္နံ႔တေထာင္းေထာင္းႏွင့္ ေအာ္ဂလီဆန္လာၿပီးစားခ်င္စိတ္ပါ ေပ်ာက္သြားရသည္။ထို႔ေၾကာင့္ ထမင္းကိုဆက္မစားေတာ့ပဲ ကိုယ့္ပန္းကန္ကိုယ္ယူၿပီး လက္သြားေဆးဖို႔ ေရခ်ိဳးခန္းထဲသို႔သာ ၀င္လာလိုက္သည္။


"ရွင္ကပဲ စားပဲြကိုထုရတယ္လို႔...ရွင့္ေၾကာင့္ကၽြန္မတူမေလး...ထမင္းစားေနရင္းတန္းလန္းထသြားရၿပီ..တကယ္ကိုက်က္သေရတံုးတဲ့ေကာင္...

မတန္မရာ သူ႔ကိုသူအိမ္ဦးနတ္တဲ့...."


"ေအာင္မာ...မင္းတူမကဘာေသာက္ဆင့္ရိွလို႔လဲ

...သူမ်ားအိမ္မွာကပ္ေနတဲ့ကပ္ပါးေကာင္ကို

ငါကဘာဂရုစိုက္ေနရမွာလည္း..."


"ရွင္ကၽြန္မတူမကို အျပစ္ေျပာစရာမလိုဘူးေနာ္...

ကၽြန္မတို႔ေဈးဆိုင္ဖြင့္ႏိုင္တာက သူ႔အဖြားေပးတဲ့ပိုက္ဆံေၾကာင့္..."


"ေျပာေတာ့ ဘာျဖစ္လဲကြာ...မင္းကိုလည္းငါၾကၫ့္မရတာၾကာေနၿပီေနာ္...ငါအိမ္ျပန္လာရင္တစ္မ်ိဳးၿပီးတစ္မ်ိဳးအသံထြက္ေနတယ္...

မင္းကဘယ္လင္အားကိုးနဲ႔...ဒီလို‌ခ်ိဳးေနတာလဲ

...ေတာက္!!!!အလကားမိန္းမ...."


"ရွင္...ရွင္...ကၽြန္မကိုမေစာ္ကားနဲ႔ေနာ္...ရွင့္လိုဆန္ကုန္ေျမေလးကမ်ား...သြား!!...ကၽြန္မအိမ္ေပၚကေနအခုဆင္းသြား...."


"မဆင္းဘူးကြာ...မဆင္းေတာ့ဘာလုပ္ခ်င္လဲ....

လူပါး၀လို႔...ကဲဟာ...."


"ဒုန္း!!!!....ဘုန္း!!!!ဂလြမ္!!!!"


ရန္ျဖစ္သၫ့္အထဲကို ၀င္မပါခ်င္၍ ပန္းကန္ကိုဇိမ္ခံၿပီး ေဆးေနမိခ်ိန္တြင္ အိမ္ေရ႔ွမွာပစၥည္းေတြက်ကဲြသံၾကား၍ ေရခ်ိဳးခန္းထဲမွ အျမန္ထြက္ၾကၫ့္လိုက္စဉ္ ျမင္လိုက္ရတာကေတာ့ ေမွာက္သြားသၫ့္သစ္သားစားပဲြခံုႀကီးႏွင့္ ၾကမ္းျပင္ေပၚမွာ ပြစာက်ဲ‌ ေနေသာဟင္းရည္ေတြက ျမင္လို႔ရႈလို႔မေကာင္းေပ။အေဒၚကေတာ့ သူ႔ဟင္းစားပဲြမ်ားကိုၾကၫ့္၍ မ်က္ရည္ဝဲက မူးၿပီးထိုင္ရာမွမထေသာ

ဦးသက္ေတြ၏ ဆံပင္ကိုေျပး၍ ဆဲြေလသည္။


"မႀကီးပံုေရ...ေဖႀကီးနဲ႔ေမႀကီး...ရန္မျဖစ္ၾကပါနဲ႔...

သမီးေၾကာက္တယ္....အဟင့္..."


ေဈးေရာင္းသၫ့္ေနရာေလးတြင္ ဒိုးဆက္ကစားေနတာကိုရပ္၍ ငိုေနေသာမိပံုဆီသို႔ ပံုရိပ္ေျပးသြားလိုက္ၿပီး အေမႏွင့္အေဖရန္ျဖစ္ေသာ ေနရာဆီသို႔သြားရန္ျပင္ေနေသာ ထြန္းကိုအား လွမ္းဆဲြကာရင္ခြင္ထဲတြင္ ပိုက္ထားလိုက္မိသည္။


"အလကားမိန္းမ...ဒင္းကသူအလုပ္လုပ္တယ္

...ေငြ၀င္တယ္ဆိုၿပီမာန္တက္ေနတာ...

အေမာက္မေထာင္ႏိုင္ေအာင္ ငါလုပ္ျပမယ္..."


"အကုသိုလ္ေကာင္ႀကီး....ရွင္ကၽြန္မေဈးဆိုင္ကို

ထိစရာမလိုဘူးေနာ္...."


"လုပ္တယ္ကြာ...အားလံုးကုန္ေအာင္လုပ္ပစ္မယ္..."


"အား!!!!"


ေဒၚေလးသည္ ဦးသက္ေဆြကိုထုႏွက္ေနေပမဲ့

တြန္းထုတ္လိုက္ေသာဦးသက္ေဆြေၾကာင့္ အေနာက္သို႔ ဖင္ထိုင္လ်ွက္လဲက်သြားရသည္။

မူးေၾကာင္၊ရူးေၾကာင္ျဖင့္ဆိုင္တြင္ခ်ိတ္ဆဲြထားေသာ မုန္႔ထုပ္ေတြကို ဆဲြျဖဳတ္ကာ လမ္းမေပၚသို႔လႊင့္ပစ္သည္။ဖေယာင္းတိုင္ထုပ္ပါမက်န္ခ်ိဳးဖဲ့ေတာ့သည္။ၾကက္သြန္ေတြ၊အာလူးေတြတင္ထားေသာ သစ္သားစင္ကိုလည္း ‌က်ိဳးပဲ့သည္အထိ ေျခေထာက္ႏွင့္ပိတ္၍ ကန္ပစ္သည္။


"ေဖႀကီးမလုပ္ပါနဲ႔....ေဖႀကီး...အဟင့္...မႀကီးပံု

...ေဖႀကီးကိုတားေပးပါ...."


ငိုယို၍ေတာင္းပန္ေနေသာ ကေလးမ်ားကိုသနားမိသည္။ေဈးဆိုင္ကိုျဖတ္စီးေနတာေၾကာင့္

ကေလးေတြကိုထိမွာစိုး၍ ေရခ်ိဳးခန္းဖက္သို႔ ကေလးေတြကိုဆဲြေခၚကာ သံုးေယာက္သားေထာင့္မွာကပ္ေနရသည္။ဘီလူးစီးသလိုျဖစ္ေနေသာ

ဦးသက္ေဆြကိုပံုရိပ္ေၾကာက္ေနမိသည္။


အသားေတြ တဆက္ဆက္တုန္ယင္ေနသည္အထိ ေၾကာက္သည္။ပံုရိပ္ေတာင္ ဒီေလာက္အထိ ေၾကာက္လန႔္ၿပီးငိုခ်င္ေနပါလ်ွင္ ကေလးေသးေသးေလးေတြက ပို၍ဆိုးေတာ့မည္ေပါ့။

ထို႔ေၾကာင့္ ပံုရိပ္သူတို႔ကိုသိုင္းဖက္ၿပီး ကာကြယ္ထားမိသည္။

ေဒၚေလးကေတာ့ သူ႔ဆိုင္ေလးကိုျဖတ္စီးပစ္၍ ရင္ဘတ္စည္းတီးၿပီး ယူႄကံုးမရျဖစ္ေနေလသည္။


"အမယ္ေလး...အရပ္ကတို႔ေရ....ဒီလူ႔ကိုလာဖမ္းလွၫ့္ၾကပါ...တားမဲ့သူမရိွၾကေတာ့ဘူးလား...

ကၽြန္မဆိုင္ေလးေတာ့ ကုန္ပါၿပီ....လူယုတ္မာႀကီး

လူ႔ငႏြားႀကီး....ကၽြန္မဆိုင္ကိုလုပ္ခ်င္အံုး...ရွင့္ကိုအရွင္မထားဘူး...."


ေဒၚေလးသည္နီးရာတုတ္ကိုေျပးဆဲြၿပီး ဦးသက္ေဆြ၏ေက်ာကုန္းကို အသံျမည္ေအာင္ရိုက္ခ်လိုက္ေလသည္။


"ဟာ... ဒီမိန္းမေတာ့...ကဲဟာ...."


"ဟာ...ေမႀကီး....ေမႀကီးကိုမလုပ္ပါနဲ႔....

ေမႀကီးကိုမလုပ္နဲ႔...."


ေဒၚေလးကို မၫွာမတာလက္သီးနဲ႔ထိုးခ်လိုက္ေသာအခါ ပံုရိပ္၏ရင္ခြင္ထဲမွ ကေလးႏွစ္ေယာက္သည္ လံုး၀ခ်ဳပ္ထားလို႔မရေတာ့ပဲ ရုန္းကန္၍

သူတို႔၏အေမလဲေနေသာ ေနရာသို႔ေျပးသြားၾကသည္။


"ဒီလူႀကီးကို သတ္မယ္..."


ထြန္းကိုေလးဟာ နဂိုကမွအေဖကိုမုန္းတီးေနသူျဖစ္ၿပီး အေမ့ကိုလက္သီးႏွင့္ထိုးလိုက္ေတာ့ 

အေဖျဖစ္သူဆီကိုေျပးသြားလ်ွက္ ထုရိုက္ေတာ့

သည္။

အမူးသမားမ်ားသည္ သားမွန္းမသိ၊မယားမွန္းမသိဆိုေသာ စကားဟာသိပ္ကိုမွန္ပါသည္။


"ဟာ...ဒီမေလာက္ေလးမေလာက္စားကမ်ား

အေဖကိုျပန္လုပ္ခ်င္တယ္ေပါ့....ကဲဟာ..."


"ဟမ္း.....!!!!!!!"


"ရွင္ကေလးကိုဘာလုပ္တာလဲ..."


"ကို႔ယ္သားသမီးကိုယ္...ျပန္ႏိွပ္စက္တဲ့ေကာင္...

အမေလး...ငါ့သားေလး..နာသြားၿပီ..."


ကေလးကိုလည္း ၫွာတာရေကာင္းမွန္းမသိ အေနာက္သို႔တြန္းထုတ္ပစ္ေသာလူႀကီး၏ ရင္ဘတ္ကို ပံုရိပ္ေျပး၍ေဆာင့္တြန္းပစ္လိုက္သည္။

ပံုရိပ္ကအေဒၚထပ္ပိုအားသန္၍ ဦးသက္ေဆြသည္အနည္းငယ္ယိုင္က်သြားေသာအခါ ေဒါသမ်က္၀န္းမ်ားျဖင့္ ေၾကာက္မက္စရာေကာင္းေလာက္ေအာင္ ပံုရိပ္ကိုျပန္ၾကၫ့္လာၿပီး ပံုရိပ္ကိုရိုက္ရန္လက္ကိုလႊဲခ်ေလသည္။


ပံုရိပ္အတတ္ႏိုင္ဆံုးသူ႔လက္ေတြကို ဖမ္းဆဲြသည္။ပါးျပင္ေပၚသို႔ အားျပင္းေသာရိုက္ခ်က္မ်ား

က်ေရာက္လာတိုင္း အံႀကိတ္၍မ်က္လံုးေတြကို မိွတ္ထားမိသည္။သူ႔ကိုလည္းျပန္၍ ကုတ္ဆဲြသည္။သို႔ေပမဲ ပံုရိပ္ထက္အရပ္မ်ားစြာရွည္ေသာ

ဦးသက္ေဆြ‌သည္ ဆံပင္ကို ေဆာင့္ဆဲြလာၿပီး အေနာက္သို႔တြန္းထုတ္ေသာအခါ ပံုရိပ္သည္ႀကိဳးဆဲြရုပ္သဖြယ္ လြင့္ထြက္သြားရသည္။


"ကိုသက္ေဆြ....ရွင္ေတာ္ေတာ့...ကၽြန္မတူမကို

မႏိွပ္စက္ပါနဲ႔ေတာ့....အား!!!!!ေသပါၿပီ...

ကၽြန္မတူမေလး...

အရပ္ကတို႔ေရ...ကယ္ၾကပါအံုး...."


မ်က္ႏွာကိုထိမွာစိုး၍ မ်က္လံုးမိွတ္ၿပီးလက္ႏွင့္

အုပ္ကာထား‌မိေပမဲ့ နားရင္းကိုပိတ္ရိုက္ခံလိုက္ရေသာဒဏ္ေၾကာင့္ နားတစ္ဖက္လံုးအူထြက္သြားေလသည္။

ေဒၚေလး၏ေအာ္ေဟ့သံေတြကို ၾကားေနရေပမဲ့မ်က္လံုးေတြကိုဖြင့္မၾကၫ့္ရဲခဲ့ေပ။

တစ္ဆက္တည္းမွာပဲ ရပ္ကြက္ထဲမွလူေတြ၏ ေျဖာင္းဖ်သံမ်ားႏွင့္ တားဆီးေအာ္ေဟ့ဆူညံ‌သံေတြကိုလည္း ၾကားေနရသည္။


"မႀကီးပံု....မႀကီးပံု....အီဟီး...."


 ရိုက္ႏွက္ခံရေသာ ဒဏ္ေၾကာင့္ႏံုးေခြက်လ်ွက္ နာက်င္တာေရာ၊ေၾကာက္ရြံ႔ထိပ္လန႔္တာမ်ားပါေရာေထြးေနေသာ ပံုရိပ္၏ခႏၶာကိုယ္သည္ နံရံနားတြင္ဒူးတုပ္ထိုင္လ်ွက္ေလးႏွင့္ တုန္ယင္ေနေပမဲ့

သတိလြတ္သြားျခင္းေတာ့မရိွခဲ့ေပ။နာက်င္ေနေသာ ေဝဒနာကိုခံစားမိသည္၊ေသေလာက္ေအာင္ေအာ္ပစ္ခ်င္ခဲ့ေပမဲ့ ပံုရိပ္အသံမထြက္ေအာင္ အံႀကိတ္၍တင္းခံခဲ့သည္။


"ပံုရိပ္.....ပံုရိပ္!!!!"


အသံမ်ွင္မ်ွင္ေလးၾကားရာကေန တျဖည္းျဖည္းနီးကပ္လာသည္ႏွင့္ က်ယ္ေလာင္လာေသာေခၚသံတစ္ခုေၾကာင့္ မ်က္၀န္းေတြကိုမ်က္ရည္ေတြၾကားမွ မရရေအာင္ဖြင့္ၾကၫ့္လိုက္မိသည္။ပံုရိပ္၏မ်က္ႏွာမွ ဒဏ္ရာမ်ား တို႔ထိရန္မ၀င့္မရဲျဖစ္ေနေသာ မ်က္၀န္းမ်ားႏွင့္ဆံုေတာ့မွ ရင္ထဲမွာေအာင့္သက္လာလ်ွက္ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်လာခဲ့ၿပီး အားကိုးတႀကီးဖက္တြယ္ထားလိုက္မိသည္။

စံပယ္ရနံ႔သင္းေနေသာ သူ႔အိက်ႌမ်ားသည္ ပံုရိပ္၏

နာက်င္မႈမ်ားကိုအလံုးစံု ႏွစ္သိမ့္မႈမေပးႏိုင္ေပမဲ့

လံုႃခံုမႈေတာ့ ေပးစြမ္းႏိုင္ခဲ့သည္။


"ဆရာ....သမီးကိုဒီေနရာကေနေခၚသြားေပးပါ...

သမီးဒီမွာမေနခ်င္ေတာ့ဘူး...သမီးကိုေခၚသြားေပးပါ...သမီးေၾကာက္တယ္....အဲ့ဒီ့လူႀကီးကိုသမီးေၾကာက္တယ္...."


သူ၏အိက်ႌရင္ဘတ္စကို တင္းတင္းၾကပ္ၾကပ္

ဆုပ္ကိုင္လ်ွက္ ဒီေနရာမွေခၚသြားေပးဖို႔ရန္ 

ဒရဆက္ေရရႊတ္ေနေသာ ကေလးကို ေက်ာကုန္းေလးအားအသာပုတ္ေပးလ်ွက္ ပြေလ်ွာင္းေနေသာ ဆံပင္မ်ားကိုပါသပ္ခ်ေပးလိုက္သည္။

ရပ္ကြက္လူႀကီးမ်ားလာေခၚသြား၍ ဦးသက္ေဆြႏွင့္အတူ ပံုရိပ္၏အေဒၚဆိုသူသည္လိုက္သြားခဲ့ေလၿပီ။


စာေမးပဲြေျဖႏိုင္သလားဆိုတာ သိခ်င္၍လာေမးမိရာမွ အင္မတန္ရင္နာစရာျမင္ကြင္းကိုျမင္လိုက္ရ၍ ကိုယ္တိုင္ ေသြးပ်က္ခ်င္သြားမိသည္။ေၾကာက္ရြံ႔တုန္လႈပ္ၿပီး သူ႔ကိုအားကိုးတႀကီးျဖစ္ေနတဲ့

ကေလးမကို သူဘယ္လိုစကားလံုးမ်ိဳးႏွင့္ ႏွစ္သိမ့္ေပးရပါ့မလဲ။

ေဘးနားမွာလည္း ကေလးေလးႏွစ္ေယာက္ကငိုလို႔။

သနားစရာေကာင္းလိုက္တဲ့ ကေလးေတြပါလား။


မိသားစုရဲ့ ပဍိပကၡေတြၾကားမွာ ဒီကေလးေတြဟာအရြယ္နဲ႔မလိုက္ေအာင္ ပူေလာင္ငိုႂကြေးၾကရတယ္။

မိဘေတြဟာ သူတို႔ရဲ့ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကေလးေတြအေရ႔ွမွာ သိုဝွက္မထားႏိုင္ပဲ

ဘာေၾကာင့္မ်ား မိဘဆိုတဲ့ဂုဏ္ကိုခံယူထားၾကတာပါလိမ့္။အထူးသျဖင့္ ပံုရိပ္ေလးပဲ။


ဆယ္ေက်ာ္သက္အရြယ္ေလးကို ဘယ္လိုစိတ္နဲ႔မ်ား ဒီေလာက္ရိုက္ႏွက္ရတာလဲ။

ေတာ္ေတာ္ယုတ္မာလြန္းပါတယ္။

ဒါဟာ အၾကမ္းဖက္မႈပဲ။

မိမိရင္ခြင္ထဲတြင္ ေခါင္းဝွက္၍အကာအကြယ္ယူကာ ငိုႂကြေးေနေသာ သူ႔တပၫ့္ကိုၾကၫ့္ၿပီး သူ႔ရင္ထဲမွာ ေျဖမဆည္ႏိုင္ေအာင္ျဖစ္ေနမိသည္။


"သမီးကိုမႏၲေလးကအဖြားဆီကိုပို႔ေပးပါ...

အဖြားကေတာ့သမီးကိုရိုက္မွာမဟုတ္ဘူး...

ဦးေလးကလည္းသမီးကိုရိုက္မွာမဟုတ္ေလာက္ဘူး...

သမီးေၾကာက္တယ္ဆရာ..."


ေတာင္စဉ္ေရမရေရရြတ္ေနေသာ ေကာင္မေလးႏွင့္ကေလးႏွစ္ေယာက္ကို ေခၚေဆာင္ၿပီးေဘးလူေတြကို အသိေပးခဲ့ကာ ဘုန္းႀကီးေက်ာင္းသို႔သာေခၚလာခဲ့လိုက္သည္။ဒီကေလးမကို ေဆးခန္းျပေပးရမည္။

ေၾကာက္ရြံ႔ေနေသာ ခေလးမ်ားကိုႏွစ္သိမ့္ေပးရမည္။


ပတ္၀န္းက်င္မွ ဟိုေမး၊ဒီေမးႏွင့္ ျဖစ္ၿပီးသားကိစၥကိုသာ အဖန္တလဲလဲေျပာေနၾကတာကို မၾကားလိုေတာ့ေပ။အနာတရျဖစ္ေနရွာေသာ ကေလးမ်ားကို ဟိုေမး၊ဒီေမးႏွင့္ စပ္စုေနတာကိုလည္း မႀကိဳက္ေပ။အဓိကအခ်က္ကေတာ့ ဒီေနရာမွေခၚသြားေပးပါဆိုေသာ ပံုရိပ္၏ေတာင္းဆိုမႈကို အေလးထားခ်င္၍ျဖစ္သည္။


🌹🌹🌹🌹🌹🌹🌹🌹


(မိမိရဲ့ ကေလးေလးေတြေရ႔ွမွာ ရန္မျဖစ္မိပါေစနဲ႔...

ကေလးေတြဟာ တကယ္ကိုအတုျမင္အတတ္သင္လြယ္သလို...စိတ္ဒဏ္ရာလည္းရလြယ္တတ္ပါတယ္...

ကိုယ္ထိလက္ေရာက္က်ူးလြန္ျခင္းက မေကာင္းတဲ့လုပ္ရပ္ပါ...."


😘ဒုတိယပိုင္း မၾကာခင္လာမည္😘

No comments:

Post a Comment