(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၂)🔥 ပထမပိုင်း
လူတစ်ယောက်၏ နောက်ဆုံးခရီးကိုတောင် ပို့ဆောင်ခွင့်မရလိုက်ပါပဲ အဲ့ဒီ့လူကိုအမြဲသတိရနေ၊တမ်းတနေတဲ့အပြင် အဲ့ဒီ့လူအတွက်ပူဆွေးနေပါ
တယ်ဆိုရင် ယုံကြည်နိုင်ကြပါ့မလား။
လူတိုင်းသည် အမှားနဲ့မကင်းပေမဲ့ မှားမိသူတိုင်းလည်း ပြန်ပြင်ခွင့်မရှိတာ ရင်နာဖို့သိပ်ကောင်းတယ်။တချို့ကဒုတိယအခွင့်အရေးဆိုတာကို
ရရှိကြပြီး အချို့ကတော့ပထမအကြိမ်မှာတင် နောင်တကြီးစွာနဲ့ ရှုံးနိမ့်သွားကြရတယ်။
အချို့အမှားများသည် ပြန်ပြင်ရန်လွယ်ကူပြီး
အချို့အမှားများကတော့ ပြန်ပြင်ဖို့ သိပ်ကိုခက်ခဲသွားကြတယ်။
ဆောင်းနံနက်ခင်း၏ မြူတွေရစ်သိုင်းနေသော လမ်းမကြီးပေါ်တွင် အေးချမ်းစွာတစ်ယောက်တည်းလျှောက်နေမိသည်။
အနွေးထည်ကို ထပ်၍၀တ်ထားမိပေမဲ့ ချမ်းအေးမှုက နှလုံးသားထဲအထိ သက်ရောက်သည်။
လူသွားလူလာကင်းရှင်းနေသော လမ်းမကျယ်ကြီးအပေါ်တွင် ပုံရိပ်တစ်ယောက်ထဲသာ ရှိနေခဲ့သည်။မြူခိုးငွေ့များ၏ လွှမ်းခြုံထားပေးမှုကြောင့်
မြင်မြင်သမျှ နေရာတိုင်းသည် မှုန်ဝါးဝါးသဏ္ဍန်များသာဖြစ်နေသည်။
ဒီအခိုက်အတန့်ဟာ ပုံရိပ်ကိုပို၍လွတ်လပ်စေသည်။ပျော်ပွဲစားထွက်ရသည်ထက်ပင် ပိုပျော်စရာကောင်းနေသေးသည်။ပတ်၀န်းကျင်တစ်ဝိုက်တွင် ဝန်းရံကာစီးထားသော မြူခိုးတို့သည် ပုံရိပ်ကိုမတူညီသော ကမ္ဘာတစ်ခုသို့သယ်ဆောင်သွားပေးသလို လုံခြုံသောခံစားချက်ရစေသည်။
ဘယ်သူမှ အပြစ်တင်မဝေဖန်နိုင်သောနေရာ၊ချစ်သူမရှိ၊မုန်းသူမရှိသော ရပ်၀န်းလေးတစ်ခုကိုပေါ့။
အဒေါ်ကလည်း ဈေးဆိုင်လေးဖွင့်၍ ၀င်ငွေအတည်တကျရှိနေသောကြောင့် အရင်လိုအစောကြီးထပြီး အပြင်ထွက်၍ပဲပြုတ်ထွက်ရောင်းစရာမလိုတော့ပေ။ထို့အတွက်ကြောင့်
ပုံရိပ်လည်း မနက်ဖက်တွင် ထွန်းကိုနှင့်မိစုကိုနှိုးရသက်သာသွားခဲ့သည်။ထို့ကြောင့် ကျောင်းကိုတစ်ယောက်တည်း အစောကြီးထွက်လာမိသည်။
ကျောင်း၀န်းထဲသို့ ရောက်သောအခါ ကိုယ်လိုသူလိုကျောင်းသားတစ်ယောက်စ၊နှစ်ယောက်စကိုသာ တွေ့ရလေသည်။ကျောင်း၀န်းကြီးတစ်ခုလုံးက တိတ်ဆိတ်နေပြီး အပ်ကျသံပင်ကြားရသည့် အနေအထားဖြစ်နေခဲ့သည်။ကျောင်း၀န်းထဲတွင် သစ်ပင်အများအပြားနှင့် အလှပန်းပင်များစိုက်ထားပေမဲ့ မြူခိုးတို့ယှက်သိုင်း၍ ညှို့မှိုင်းမှိုင်းသာဖြစ်နေသည်။ပုံရိပ်၏ စိတ်ခံစားမှုတို့သည်လည်း
ထိုသစ်ပင်တို့၏ အရောင်နှင့်ထပ်တူကျနေပါသည်။
ကိုယ့်အတန်းထဲသို့ ရောက်သောအခါတွင် အတန်းသားများ တစ်ယောက်မှမရောက်သေး၍ အတန်းအရှေ့ဆုံးမှာရပ်ကာ အလယ်တန်း၏နောက်ဆုံးခုံသို့ ကြည့်လိုက်မိသည်။ယမင်းနှင့်အတူ သူငယ်ချင်းနှစ်ယောက် အတူထိုင်ခဲ့သောနေရာလေးသည်
ယခုတော့ပုံရိပ်တစ်ယောက်သာ ကျန်ရှိတော့သည်။
ပုံရိပ်၏ မျက်၀န်းစပ်များသည် စွတ်စိုစပြုလာခဲ့ပြီး
ပါးပြင်ပေါ်သို့ ပူနွေးနွေးမျက်ရည်စီးကြောင်းလေး ဖြတ်ဆင်းလာခဲ့သည်။
ကိုယ့်ထိုင်ခုံသို့ ပြန်သွားလိုက်ကာ အခန်းထဲတွင်တစ်ယောက်တည်းရှိနေသည်ဟူသော ခံစားချက်နှင့် ခေါင်းမှောက်၍ ရှိုက်သံထွက်သည်အထိ
ငိုမိသည်။အဲ့ဒီ့နေ့က ကိစ္စအတွက် ပုံရိပ်ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတုန်းပါပဲ။
သေဆုံးသွားတဲ့လူဟာ ပုံရိပ်သာဖြစ်ခဲ့လျှင် အားလုံးဒီလောက်ပူဆွေးရမှာမဟုတ်လောက်ဘူး။
"....ယမင်းရယ်...ငါတမင်လုပ်ခဲ့တာမဟုတ်ပါဘူးဟာ...ဒါပေမဲ့ငါ့ကိုနင်ခွင့်မလွှတ်ပါနဲ့...."
ဆိတ်ငြိမ်နေသောအခန်းထဲတွင် အေးစိမ့်သော လေစိမ်းတစ်ချက်တိုက်ခက်သွားခဲ့၍ ပုံရိပ်၏တစ်ကိုယ်လုံးတုန်တက်သွားခဲ့သည်။
ငိုနေသောပုံရိပ်၏ခန္ဓာကိုယ်သည်
ခေါင်းမှောက်ထား၍ တစ်ချက်ရှိုက်လိုက်တိုင်း
နိမ့်ချည်မြင့်ချည်ဖြစ်၍နေသည်။
ထိုစဉ် ကျောပေါ်သို့ လာထိခတ်သောအေးစက်စက်အထိ အတွေ့တစ်ခုကြောင့် ချက်ချင်းခေါင်းထောင်၍ တစ်ခန်းလုံးကို ဝေ့ဝဲ၍သူကြည့်လိုက်မိသည်။
အခန်းထဲတွင်ပုံရိပ်တစ်ယောက်တည်းသာ ရှိနေသောကြောင့် ခုဏကအေးစက်စက်အထိအတွေ့ဟာ
စိတ်ထင်နေလို့များလားဟု သံသယ၀င်မိသည်။ယမင်းထိုင်ခဲ့သော ခုံစွန်းလေးကို စူးစိုက်၍ကြည့်လိုက်မိပြီး ပုံရိပ်၏မျက်၀န်းတွေ ၀မ်းနည်းရိပ်သန်းသွားမိသည်။
ကျောင်းမှာ အမိန့်စာပြန်ထားပေမဲ့ ယမင်းက
ဒီနေရာမှာပဲ ရှိနေသေးတာလား။
ခုရက်ပိုင်းတွေမှာ ယမင်းကိုခဏခဏအိပ်မက်မက်သည်။အိပ်မက်ထဲမှာ ယမင်းကဘာစကားမှမပြောပဲ ငြိမ်သက်နေလေ့ရှိသည်။ပုံရိပ် သူ့ကိုစကားသွားပြောပေမဲ့ သူ့ကပြန်ပြောလေ့မရှိဘူး။
နောက်ဆုံးမက်ခဲ့တဲ့ အိပ်မက်ထဲမှာတော့..
"ပုံရိပ်ရယ်...နင်ငါ့ဘေးနားမှာပဲထိုင်ပါနော်...
နင်အခြားအတန်းမှာ ပြောင်းထိုင်ရင်...
ငါတစ်ယောက်တည်း အဖော်မဲ့နေလို့ပါ..."ဟု
ယမင်းသည် အိပ်မက်ထဲတွင် ငို၍ပြောလာခဲ့သည်။
ထို့ကြောင့် ယမင်းမရှိတော့၍ အခြားအတန်းမှာပြောင်းထိုင်နေမိရာမှ နောက်ဆုံးခုံတွင်သာ ပြန်၍ထိုင်မိပါသည်။
"ပုံရိပ်...နင်အစောကြီးရောက်နေပါလား...."
"အေး...နင်လည်းဒီနေ့စောတယ်နော်..."
ပုံရိပ်တို့၏အတန်းအရှေ့တွင် ၀င်ထိုင်လိုက်သော ကောင်မလေးကို နှုတ်ဆတ်လိုက်မိသည်။
ပုံရိပ်အတွက် အရာအားလုံးကနေသားကျသွားပေမဲ့ ယမင်းမရှိတော့သော ထိုင်ခုံကတော့ ခြောက်ကပ်မှုအတိဖြစ်နေခဲ့သည်။
"ကလင်....ကလင်...."
နိုင်ငံတော်အလံအားအလေးပြုရန် ဘဲလ်မြည်သောအခါ ကျောင်းသားတွေအားလုံး ကိုယ့်အခန်းအရှေ့သို့ကသောမမျော ထွက်ကြလေသည်။ယောက်ျားလေး သပ်သပ်၊မိန်းကလေးသပ်သပ်စီရခြင်းဖြစ်ပြီး ပုံရိပ်သည် အစွန်ဘက်ဖြစ်နေ၍ ယောက်ျားလေးအတန်းနှင့် နီးကပ်နေလေသည်။
"ကိုထက်....."
တိုက်ဆိုင်စွာပဲ ကိုထက်သည် ပုံရိပ်၏အနားတွင်ဖြစ်နေ၍ သူ့ကိုနှုတ်ဆက်လိုက်မိသည်။
သို့ပေမဲ့ သူ့မျက်နာသည် ပုံရိပ်၏အသံကိုကြားသည်နှင့် တည်တင်းသွားကာ ရှေ့တည့်တည့်ကိုသာ ကြည့်၍ တောင့်တောင့်ကြီးရပ်၍နေသည်။
စာမေးပွဲအဆင့်ကြီးဖြေရန်အချိန်လည်း သိပ်မလိုတော့၍ အတန်းထဲတွင် ကျောင်းသားများသည် စာမေးပွဲအတွက်သာ ကုန်းရုန်း၍ကြိုးပမ်းနေကြရသည်။ဆရာ၊ဆရာမများသည်လည်း သင်ပြီးသားသင်ရိုးတွေကိုသာ ပြန်၍နွေးပေးကြလေသည်။
ပုံရိပ်ကတော့ ကျောင်းတွင်ကျက်စာကို မကျက်တတ်၍ တွက်စာများကိုသာ ဦးစားပေး၍
အခေါက်ခေါက် အခါခါပြန်၍တွက်သည်။
ဓာတုဗေဒတွင် Laboratoryများကို ပုံများဆွဲကြည့်ပြီး ဓာတ်ပြုမှုအဆင့်ဆင့်ကို ဆရာမသင်ပေးထားသည့်အတိုင်းချရေးတတ်အောင်လေ့ကျင့်သည်။ကိုယ်တိုင် အင်္ဂလိပ်အဆင့်(၂)စာအုပ်လောက်လေးတွေအထိဖတ်တတ်နေပြီဖြစ်၍ ဓာတ်ပြုမှုအဆင့်များသည် လုံး၀အခက်အခဲ မရှိတော့ပေ။
ဆရာနေမျိုး ပြောဖူးတာတော့ တက္ကသိုလ်မှာဆိုလျှင် ကိုယ်တိုင်ဓာတ်ခွဲခန်းသို့၀င်၍
(တိုက်ထရေးရှင်း)titrationတွေလုပ်ရသည်ဟုဆိုသည်။ သာမန်state(စတိတ်)ကျောင်းတွေမှာကတော့ ကွန်ပျူတာဆိုလည်း အခန်းကြီးထဲမှာထည့်ပြီး တံခါးအလုံပိတ်ထားလျှက် မြင်သာမြင်ရမကြင်ရသည့် ဘ၀တွေဖြစ်နေသည်။
တခါတလေ ဒီကွန်ပျူတာတွေဟာ ဟန်ပြသက်သက်ထားထားသော အစုတ်ကြီးတွေလားဟုထင်မိသည်။
ပုံရိပ်တို့နှစ်မှာ သိပ္ပံဓာတ်ခွဲခန်းအတွက် ဖန်နယ်လ်တွေဘာတွေနှင့် စမ်းသပ်ပစ္စည်းတွေရောက်လာကြောင်းကို ဆရာမပြော၍သာသိရတယ်။
ကိုးတန်းပြီးခါနီးသည်အထိ တစ်ခါမှမမြင်ဖူးလိုက်ပေ။
စာအုပ်ထဲမှာ ပုံတွေပါပေမဲ့ မဲမဲတူးတူးနှင့်မိတ္ထူပုံများသာဖြစ်၍ ဆရာနေမျိုးပြောသောတက္ကသိုလ်သို့ရောက်မှသာ မြင်ဖူးတော့မည်ထင်သည်။
မြို့ထဲကျောင်းများကတော့ နိုင်ငံပိုင်တီဗွီချန်နယ်လ်များတွင် ကျောင်းသားများကွန်ပျူတာသုံးနေသော ပုံများကို နောက်ခံသီချင်းများနှင့် ပြထားပေမဲ့
ပုံရိပ်တို့၏ ကျောင်းတွင်တော့ ကွန်ပျူတာ
သင်ရဖို့မပြောနဲ့ စာကြည့်တိုက်ကိုတောင်
၀င်ခွင့်မရှိပေ။
စာအုပ်တွေကို ဖုန်တက်မည်စိုး၍ သော့ခတ်ထားသည်ထင်ပါရဲ့။
ကိုယ့်အတွေးနှင့်ကိုယ် စာလုပ်ရင်းသဘောတကျရှိနေလျှက်ဖြင့် အတန်းအရှေ့ကိုငေးကြည့်လိုက်မိတော့ ကိုထက်သည်အတန်းအပြင်သို့ ထွက်နေလေသည်။မုန့်စားဆင်းချိန်ဖြစ်၍ သူမုန့်ထွက်၀ယ်ခြင်းဖြစ်နိုင်သည်။ပုံရိပ်လည်း အစိမ်းပုပ်ရောင်လွယ်အိပ်လေးထဲမှ ချောကလက်သကြားလုံးလေးတွေကို ယူလိုက်ကာအခန်းအပြင်သို့ပြေးထွက်လိုက်ပြီး
သူ့အနောက်သို့ အမှီလိုက်ကာ သူ့လက်မောင်းကိုလှမ်းဆွဲလိုက်သည်။
"ပုံရိပ်...နင်ဘာလုပ်တာလဲ..."
ပုံရိပ်ကို မြင်သည်နှင့်ဒေါသမျက်၀န်းတို့ဖြင့် အရောင်တောက်လာသော သူ့ကိုလျစ်လျှူရှုလျှက် လက်ထဲတွင်ဆုပ်ကိုင်ထားသော ချောကလက်သကြားလုံးလေးကို ပြလိုက်သည်။
"ငါနင်နဲ့အရင်လို ပြန်ခင်မင်ချင်ပါတယ်...
နင်အရင်လိုငါ့ကိုမခင်တော့ဘူးလားဟင်...
ဘာလို့ ငါ့ကိုဒီလောက်တောင်မုန်းနေသလို ဖြစ်နေရတာလဲ...ယမင်းကိစ္စကလည်းငါတမင်လုပ်တာမှမဟုတ်ပဲ..နင်ကဒီလိုလုပ်နေတော့
ငါလုံး၀စိတ်မကောင်းဘူး..."
"စိတ်မကောင်းရင် လဲသေလိုက်လေ..."
"နင်...နင်ဘယ်လိုပြောလိုက်တာလဲ..."
သူ့စကားကြောင့် ပုံရိပ်မျက်ရည်ဝဲနေတာကို မြင်နေရပေမဲ့ စိတ်ထဲမှာမသနားဖို့သာဖိအားပေးနေမိသည်။အရာအားလုံးကို သိလိုက်တဲ့အချိန်ကစပြီး ပုံရိပ်ပေါ်တွင်ရှိသော သူ့ရဲ့စိတ်တွေ ပြောင်းလဲသွားခဲ့သည်။
မျက်ရည်စတွေကို လက်နှင့်တို့သုတ်နေသော ပုံရိပ်သည် နှာသီးဖျားလေးများပါ နီတက်လာပြီး နာကျင်ခံစားနေရသော မျက်၀န်းများဖြင့် သူ့ကိုကြည့်လာသည်။ကိုယ့်စကားက သူ့အတွက်အရမ်းရက်စက်ရာကျနေပေမဲ့ သူကမှပိုပြီးရက်စက်တတ်သည့် မိန်းမပင်ဖြစ်သည်။ပုံရိပ်၏ မျက်ရည်တွေကို မမြင်ချင်သောကြောင့် ကွင်းပြင်ဘက်သို့သာကြည့်နေလိုက်သည်။
"နင်က ငါတကယ်သေပေးမှကျေနပ်မှာလား..
ငါ့သူငယ်ချင်းကို ငါကသိပ်သေစေချင်နေတယ်ထင်နေတာလား...ငါ့ဘက်ကိုလည်းကြည့်ပေးပါအုံး...ငါကနင်သိပ်ကိုမုန်းနေရလောက်အောင် ဘယ်လိုအပြစ်မျိုးလုပ်ထားလို့လဲ..."
"ပုံရိပ်...နင်သိပ်ဟန်ဆောင်ကောင်းလွန်းတယ်...
ငါ့အရှေ့မှာမျက်ရည်လာကျနေလည်းအပိုပဲ...နင့်လိုမိန်းမမျိုးကို ငါရွံလို့..လျှာရိုးမရှိတိုင်း လျှောက်ပြောမနေပါနဲ့ဟာ...နင်ငါ့အရှေ့ကနေထွက်သွားစမ်းပါ
...မျက်နှာနှစ်မျိုးလာလုပ်ပြနေလည်း ငါမသနားတတ်ဘူး.."
စာနာမှုကင်းမဲ့လိုက်တဲ့ စကားလုံးတွေပါလား။ရုတ်တရက်ကြီး ပုံရိပ်ကိုအမည်ပေါင်းစုံတပ်၍
မခံမရပ်နိုင်လောက်အောင် စကားလုံးနဲ့နှိပ်စက်နေသည်။
"နင်ပြောနေတဲ့စကားတွေက ငါ့သိက္ခာကိုတော်တော်ထိခိုက်နေပြီ...ငါနင်နဲ့ယမင်းကို
ဘယ်နှခါများ နစ်နာအောင်လုပ်ခဲ့ဖူးလို့လည်း...
ငါနင်တို့ကိုအစပိုင်းမှာမခင်ချင်ခဲ့တာက ငါ့မိသားစုအခြေအနေကြောင့်...ငါ့ရဲ့စိတ်ဒဏ်ရာတွေကြောင့် အေးစက်စက်နေခဲ့မိတာ..
နင်နဲ့ယမင်းက ငါအရင်းနှီးဆုံးစိတ်နှစ်ပြီး ပေါင်းခဲ့သူတွေပဲ...ငါနင်တို့ကိုဘယ်တုန်းကမှမထိခိုက်စေချင်ခဲ့ဘူး...ဘာကြောင့်ငါ့ကိုဒီလိုပက်ပက်စက်စက်ပြောထွက်ရတာလဲ ကိုထက်ရယ်...
ဘာလဲငါ့ကိုယ်ငါတစ်သက်လုံး အပြစ်တင်နေစေချင်လို့လား..."
"ဒီမှာပုံရိပ်...သူငယ်ချင်းဆိုတာ...တစ်ယောက်နဲ့
တစ်ယောက် နွေးထွကြင်နာပေးပြီး..အားငယ်နေချိန်မှာဖေးမပေးရမှာ...၀မ်းနည်းနေချိန်မှာ နှစ်သိမ့်ပေးရမှာ....ဒါပေမဲ့နင်ကတော့ ပြောင်းပြန်ပဲ...
သူငယ်ချင်းရဲ့နောက်ကျောကို ဓားနဲ့ထိုးပြီး..အပြစ်ရှောင်လွှဲနေတယ်...နင်ဟန်ဆောင်ပြီး၀မ်းနည်းပြရုံနဲ့ ငါကကျေနပ်ရမှာလား...နင်ငါ့ရှေ့ကနေ ဖယ်စမ်းပါဟာ...ကြာရင်ငါ့စိတ်ကိုငါမထိန်းနိုင်ပဲနေမိလိမ့်မယ်..."
ဟန်ဆောင်ကောင်းပြတယ်တဲ့။ပုံရိပ်ဘယ်တုန်းကမှ ဘယ်သူ့ကိုမှဟန်ဆောင်မပြခဲ့ဖူးဘူး။
သူကဘာကြောင့်ဒီလိုထင်နေရတာလဲ။တပါးသူကိုကူညီမိရင်လည်း စိတ်နှစ်ပြီး ကိုယ်ကျိုးမကြည့်ပဲကူညီပေးသလို အားနည်းသူများကိုကြင်နာသနားတတ်သောစိတ်လည်း ပုံရိပ်တွင်အပြည့်ရှိသည်။အခုတော့ သူ့စွပ်စွဲချက်တွေက ပုံရိပ်ကိုဗီလိန်တစ်ယောက်အဖြစ် ဇာတ်သွင်းနေသလိုဖြစ်နေလေပြီ။
"ကိုထက်...နင်ငါ့ကိုဘာကြောင့် ဒီလိုစွပ်စွဲနေရတာလည်း...ယမင်းကနှလုံးရပ်ပြီးဆုံးရတာလေ..
သူ့ရောဂါကမွေးရာပါဆို...ဘာကြောင့်ငါ့မှာအပြစ်ရှိသွားရတာလဲ..နင့်စကားတွေကတစ်ဖက်သတ်ဆန်လွန်းအားကြီးတယ်..."
"ဘာ!!!!!!တစ်ဖက်သတ်ဆန်တယ်ဟုတ်လား...."
"ကိုထက်...နင်ဘာလုပ်တာလဲ...တခြားသူတွေကြည့်နေတယ်..."
ဒေါသမျက်၀န်းတွေနှင့် မျက်နှာတစ်ခုလုံးနီတက်လာပြီး ပုံရိပ်၏လက်မောင်းကနေ သူ့ဘက်သို့ဆွဲဆောင့်လိုက်သောကြောင့် အခြားသူများကပါ ပုံရိပ်တို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်။
ပုံရိပ်က အတင်းပြန်ရုံးတော့ ဒေါသမျက်လုံးများဖြင့် မျက်မှောင်ကြီးတွန့်ကြုံ့၍ ကြည့်လာပြီး
သူဆုပ်ကိုင်ထားသော ပုံရိပ်၏လက်မောင်းကိုပြန်လွှတ်ပေးသည်။
ပုံရိပ်သည်လည်း အသက်ရှူဖို့တောင်သတိမရတော့သလို အံ့ဩတုန်လှုပ်လျှက် လက်ရန်းပေါ်သို့
လက်နှစ်ဖက်ထောက်ပြီး ဒေါသတွေကိုဖြေလျှော့နေသည့်သူ့ကိုသာ ငူငိုင်လျှက် ငေးကြည့်နေမိသည်။
*သူအဲ့သလောက်ပဲ ပုံရိပ်ကိုမုန်းနေခဲ့တာပေါ့...
သူ့ပုံစံက ပုံရိပ်ကိုတစ်ခုခုလုပ်မိမှာစိုး၍ ထိန်းချုပ်နေရသလိုဖြစ်နေသည်။
"ပုံရိပ်...ငါကနင့်ကိုသိပ်အထင်ကြီးခဲ့တာ...
နင်ကငါ့အတွက်တော့ ပန်းခင်းကြီးထဲကအများနဲ့
မတူတဲ့အရောင်အဝါနဲ့ ပန်းလေးတစ်ပွင့်လို့ သတ်မှတ်ခဲ့မိတာ..ပန်းလေးမှာဆူးတွေနဲ့ပြည့်နေပေမဲ့ အဲ့ဒီ့ဆူးတွေကိုတောင် လှတယ်လို့ချီးကျူးမိတာ...
အခုတော့ နင်ကငါ့နှလုံးသားထဲမှာ ကျက်သရေမရှိတဲ့ခေါင်ရန်းပန်းတစ်ပွင့်ဖြစ်သွားပြီ...နင်နဲ့ပတ်သတ်တဲ့လူကြောင့် ယမင်းအခုလိုနာကျင်နေရတာ...
ငါနင့်ကိုဘယ်လိုနည်းနဲ့မှ ခွင့်မလွှတ်ပေးနိုင်ဘူး..
နင်အခု...ငါ့အရှေ့ကနေဖယ်လိုက်တော့...."
ပုံရိပ်ကို ဘေးသို့အတင်းတွန်းပြီးသွားဖို့ကြိုးစားနေသည့် သူ့လက်မောင်းကို ပုံရိပ်မရမကဖမ်းဆွဲထားလိုက်မိပြန်သည်။ပုံရိပ်သူ့ကိုသွားခွင့်မပြုနိုင်ဘူး။
အကြောင်းအရင်းမဲ့ သက်သက်ကြီးအမုန်းပွားနေတာကိုလည်း လက်မခံနိုင်ဘူး။
"နင်...ဘာလုပ်တာလဲ..."
"နင်ခုဏကပြောတဲ့ ငါနဲ့ပတ်သတ်တဲ့လူဆိုတာ ဘယ်သူ့ကိုပြောတာလဲ...ငါကနင်ပြောသလို မျက်နှာနှစ်ဖက်လည်းမလုပ်တတ်သလို...
ဟန်ဆောင်ကောင်းတဲ့လူလည်းမဟုတ်ဘူး...
ကြိုက်ရင်ကြိုက်တယ်...မကြိုက်ရင်လည်းလှည့်တောင်မကြည့်ဘူး...ငါ့ကိုမျက်နှာနှစ်ဖက်နဲ့လူလို့ စွပ်စွဲတာကို ငါလုံး၀မကျေနပ်ဘူး...နင်ဘာကြောင့် ငါ့ကိုဒီလို ခါးခါးသီးသီးဆက်ဆံနေရတာလဲ...
အကြောင်းပြချက်တစ်ခုကို ငါသိချင်တယ်..."
"အဟင်း...နင်ကလူလည်မပဲ...လိမ်တဲ့ညာတဲ့နေရာမှာ သိပ်တော်လွန်းတယ်...ယမင်းရဲ့ဒိုင်ယာရီစာအုပ်ထဲမှာ ရေးထားခဲ့တဲ့အတိုင်း နင်ကဟန်ဆောင်တဲ့နေရာမှာ သိပ်တော်တယ်...."
"ဘာ...ယမင်းရဲ့ဒိုင်ယာရီထဲမှာ ဘာရေးထားလို့လဲ...
ယမင်းကငါ့အကြောင်းကို ဘယ်လိုရေးထားတာလဲ..."
"နင်ကမျက်နှာဗြောင်တိုက်ပြီးမေးတော့လည်း ငါကပြန်ပြောပြရတာပေါ့...."
ကိုထက်သည် မျက်နှာကိုမဲ့ပြလျှက် ပုံရိပ်ဆုပ်ကိုင်ထားသော လက်မောင်းကိုဆောင့်ရုန်းလိုက်သည်။
"နင်နဲ့ဟိန်းကိုဆိုတဲ့ကောင်ရဲ့ အကြောင်းတွေကို
သူအကုန်ရေးထားခဲ့တယ်..အဲ့အကောင်ကနင့်ကိုကြိုက်နေတာကိုသိလျှက်နဲ့..နင်ကကြိုးရှည်ရှည်နဲ့လှန်ထားပြီး အသဲခွဲခဲ့တာမဟုတ်လား...
အခုတော့ ယမင်းကိုသူကပြန်ချည်းကပ်ပြီး နင့်ကိုသူ့ဘက်စိတ်ပြန်လည်လာအောင်
ပြန်လုပ်ချင်တာနဲ့ပဲ ယမင်းကိုသူအသုံးချခဲ့တာ...
ယမင်းကနှလုံးရောဂါသည်လေးပါဟာ...
ဒိုင်ယာရီထဲမှာ အဲ့အကြောင်းတွေကို သူချရေးတော့ ဘယ်လောက်အထိနာကျင်နေလိုက်မလဲ...
နင်တို့ရဲ့ အရှုပ်တွေကြားမှာငါ့ညီမလေးက ဓားစားခံဖြစ်သွားရှာတယ်...နင်နဲ့မပတ်သတ်မိရင် သူအဲ့လိုဖြစ်မှာ မဟုတ်ဘူး..."
"မဟုတ်ဘူး...နင်အထင်မှားနေပြီ....ငါနဲ့ဟိန်းကိုကဘယ်တုန်းကမှ အဲ့ဒီ့လိုဆက်ဆံရေးမျိုးမရှိခဲ့ဖူးဘူး..
ငါကပိုက်ဆံမရှိလို့ အခမဲ့သင်ပေးတဲ့ဆရာ့ဆီ
ကျူရှင်ယူတယ်...အဲ့ဒီ့မှာဟိန်းကိုနဲ့တွေ့ခဲ့တာ...
အခုသူလည်းကျူရှင်ပြောင်းသွားပြီ...ငါနဲ့သူကြားမှာဘယ်လိုလေးနက်တဲ့ ဆက်ဆံရေးမှမရှိခဲ့ဘူး...
ငါကသူ့ကိုကြိုးရှည်ရှည်နဲ့ လှန်ထားပါတယ်လို့
တကယ်ပဲ ယမင်းကရေးထားတာလား...
ဘာတွေလဲ...ငါကိုယ်တိုင်တောင်နားမလည်တော့ဘူး..."
"အခုမှ အရူးကွက်လာနင်းမနေနဲ့...နင်လိမ်တိုင်း
ငါကယုံစရာလား..အဲ့ဒီ့ကိစ္စကိုနင့်အကောင်ကိုယ်တိုင်ပြောလို့ ယမင်းကသိတာပေါ့...
နင်တို့နှစ်ယောက်ရဲ့ လှိမ့်လုံးတွေကြားမှာ ယမင်းကမြေစာပင်ဖြစ်ရတာ..နင်တို့နှစ်ယောက်လုံးကို
ငါမကျေနပ်ဘူး...."
"အေး....ငါလည်း...ဟိန်းကိုဆိုတဲ့ကောင်ကို
မကျေနပ်ဘူး...ငါအခုသူနဲ့သွားရှင်းမယ်...."
ကိုထက်ကိုကျောခိုင်းခဲ့ပြီး မုန့်ဈေးတန်းလမ်းကလေးကို ဖြတ်လျှောက်ကာ အီကိုအဆောင်ဘက်သို့ ဒေါနှင့်မောနှင့်ထွက်လာခဲ့လိုက်သည်။
ယမင်းကို ပုံရိပ်ဆုံးရှုံးလိုက်ရတဲ့ အဓိကတရားခံက ဟိန်းကိုပဲ။သူဘာကြောင့် ဒီလိုလုပ်ရပ်မျိုးကိုလုပ်ရတာလဲ။ယမင်းကိုလည်း နာကျင်စေသလို ပုံရိပ်ကိုလည်းတကယ်မဟုတ်တဲ့ အကြောင်းအရာတွေနှင့် ထိခိုက်စော်ကားခဲ့တယ်။သူသိပ်ကို တရားလွန်သွားပြီ။
သူဟာ တကယ်ကိုကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးလိုလူပါလား။ဒီလိုလူမျိုးနဲ့ ပတ်သတ်မိတာကိုက
ပုံရိပ်အမှားကြီးမှားခဲ့တာပါ။သေချာပြန်စဉ်းစားကြည့်ရင် ပုံရိပ်သူ့ကို သာမန်သူငယ်ချင်းတစ်ယောက်ထပ်ပိုပြီး ထူးထူးခြားခြားဆက်ဆံခဲ့ခြင်း လုံး၀မရှိခဲ့ဘူး။ဒါကိုပဲ ပုံရိပ်ကကြိုးရှည်ရှည်နဲ့ လှန်ထားပါသည်တဲ့။
သိပ်ကြောက်ဖို့ကောင်းတာပဲ။
ဟိန်းကိုဆိုတဲ့လူက ပစ္စည်းတစ်ခုကိုသူ မပိုင်ရရင် နင်းချေပစ်တတ်သောအကျင့်ရှိသည်။
ဥပမာ သူပေးတဲ့ချောကလက်ကို ပုံရိပ်ကမစားလို့ မြောင်းထဲကို လွှင့်ပစ်လိုက်တာကသက်သေဖြစ်သည်။တကိုယ်ကောင်းဆန်ပြီး အတ္တကိုသာပန်ဆင်ထားတတ်သည့် ယောက်ျားတစ်ယောက်ပါလား။
ဒုတိယပိုင်း မကြာခင်လာပါမယ်🥰
=======================================================================
🔥ဆူးႀကိဳး...🔥အခန္း(၃၂)🔥 ပထမပိုင္း
လူတစ္ေယာက္၏ ေနာက္ဆံုးခရီးကိုေတာင္ ပို႔ေဆာင္ခြင့္မရလိုက္ပါပဲ အဲ့ဒီ့လူကိုအၿမဲသတိရေန၊တမ္းတေနတဲ့အျပင္ အဲ့ဒီ့လူအတြက္ပူေဆြးေနပါ
တယ္ဆိုရင္ ယံုၾကည္ႏိုင္ၾကပါ့မလား။
လူတိုင္းသည္ အမွားနဲ႔မကင္းေပမဲ့ မွားမိသူတိုင္းလည္း ျပန္ျပင္ခြင့္မရိွတာ ရင္နာဖို႔သိပ္ေကာင္းတယ္။တခ်ိဳ႕ကဒုတိယအခြင့္အေရးဆိုတာကို
ရရိွၾကၿပီး အခ်ိဳ႕ကေတာ့ပထမအႀကိမ္မွာတင္ ေနာင္တႀကီးစြာနဲ႔ ရႈံးနိမ့္သြားၾကရတယ္။
အခ်ိဳ႕အမွားမ်ားသည္ ျပန္ျပင္ရန္လြယ္ကူၿပီး
အခ်ိဳ႕အမွားမ်ားကေတာ့ ျပန္ျပင္ဖို႔ သိပ္ကိုခက္ခဲသြားၾကတယ္။
ေဆာင္းနံနက္ခင္း၏ ျမဴေတြရစ္သိုင္းေနေသာ လမ္းမႀကီးေပၚတြင္ ေအးခ်မ္းစြာတစ္ေယာက္တည္းေလ်ွာက္ေနမိသည္။
အေနြးထည္ကို ထပ္၍၀တ္ထားမိေပမဲ့ ခ်မ္းေအးမႈက ႏွလံုးသားထဲအထိ သက္ေရာက္သည္။
လူသြားလူလာကင္းရွင္းေနေသာ လမ္းမက်ယ္ႀကီးအေပၚတြင္ ပံုရိပ္တစ္ေယာက္ထဲသာ ရိွေနခဲ့သည္။ျမဴခိုးေငြ့မ်ား၏ လႊမ္းႃခံုထားေပးမႈေၾကာင့္
ျမင္ျမင္သမ်ွ ေနရာတိုင္းသည္ မႈန္ဝါးဝါးသ႑န္မ်ားသာျဖစ္ေနသည္။
ဒီအခိုက္အတန႔္ဟာ ပံုရိပ္ကိုပို၍လြတ္လပ္ေစသည္။ေပ်ာ္ပဲြစားထြက္ရသည္ထက္ပင္ ပိုေပ်ာ္စရာေကာင္းေနေသးသည္။ပတ္၀န္းက်င္တစ္ဝိုက္တြင္ ဝန္းရံကာစီးထားေသာ ျမဴခိုးတို႔သည္ ပံုရိပ္ကိုမတူညီေသာ ကမ႓ာတစ္ခုသို႔သယ္ေဆာင္သြားေပးသလို လံုႃခံုေသာခံစားခ်က္ရေစသည္။
ဘယ္သူမွ အျပစ္တင္မေဝဖန္ႏိုင္ေသာေနရာ၊ခ်စ္သူမရိွ၊မုန္းသူမရိွေသာ ရပ္၀န္းေလးတစ္ခုကိုေပါ့။
အေဒၚကလည္း ေဈးဆိုင္ေလးဖြင့္၍ ၀င္ေငြအတည္တက်ရိွေနေသာေၾကာင့္ အရင္လိုအေစာႀကီးထၿပီး အျပင္ထြက္၍ပဲျပဳတ္ထြက္ေရာင္းစရာမလိုေတာ့ေပ။ထို႔အတြက္ေၾကာင့္
ပံုရိပ္လည္း မနက္ဖက္တြင္ ထြန္းကိုႏွင့္မိစုကိုႏိႈးရသက္သာသြားခဲ့သည္။ထို႔ေၾကာင့္ ေက်ာင္းကိုတစ္ေယာက္တည္း အေစာႀကီးထြက္လာမိသည္။
ေက်ာင္း၀န္းထဲသို႔ ေရာက္ေသာအခါ ကိုယ္လိုသူလိုေက်ာင္းသားတစ္ေယာက္စ၊ႏွစ္ေယာက္စကိုသာ ေတြ့ရေလသည္။ေက်ာင္း၀န္းႀကီးတစ္ခုလံုးက တိတ္ဆိတ္ေနၿပီး အပ္က်သံပင္ၾကားရသၫ့္ အေနအထားျဖစ္ေနခဲ့သည္။ေက်ာင္း၀န္းထဲတြင္ သစ္ပင္အမ်ားအျပားႏွင့္ အလွပန္းပင္မ်ားစိုက္ထားေပမဲ့ ျမဴခိုးတို႔ယွက္သိုင္း၍ ၫွို႔မိႈင္းမိႈင္းသာျဖစ္ေနသည္။ပံုရိပ္၏ စိတ္ခံစားမႈတို႔သည္လည္း
ထိုသစ္ပင္တို႔၏ အေရာင္ႏွင့္ထပ္တူက်ေနပါသည္။
ကိုယ့္အတန္းထဲသို႔ ေရာက္ေသာအခါတြင္ အတန္းသားမ်ား တစ္ေယာက္မွမေရာက္ေသး၍ အတန္းအေရ႔ွဆံုးမွာရပ္ကာ အလယ္တန္း၏ေနာက္ဆံုးခံုသို႔ ၾကၫ့္လိုက္မိသည္။ယမင္းႏွင့္အတူ သူငယ္ခ်င္းႏွစ္ေယာက္ အတူထိုင္ခဲ့ေသာေနရာေလးသည္
ယခုေတာ့ပံုရိပ္တစ္ေယာက္သာ က်န္ရိွေတာ့သည္။
ပံုရိပ္၏ မ်က္၀န္းစပ္မ်ားသည္ စြတ္စိုစျပဳလာခဲ့ၿပီး
ပါးျပင္ေပၚသို႔ ပူေနြးေနြးမ်က္ရည္စီးေၾကာင္းေလး ျဖတ္ဆင္းလာခဲ့သည္။
ကိုယ့္ထိုင္ခံုသို႔ ျပန္သြားလိုက္ကာ အခန္းထဲတြင္တစ္ေယာက္တည္းရိွေနသည္ဟူေသာ ခံစားခ်က္ႏွင့္ ေခါင္းေမွာက္၍ ရိႈက္သံထြက္သည္အထိ
ငိုမိသည္။အဲ့ဒီ့ေန့က ကိစၥအတြက္ ပံုရိပ္ကိုယ့္ကိုကိုယ္အျပစ္တင္ေနမိတုန္းပါပဲ။
ေသဆံုးသြားတဲ့လူဟာ ပံုရိပ္သာျဖစ္ခဲ့လ်ွင္ အားလံုးဒီေလာက္ပူေဆြးရမွာမဟုတ္ေလာက္ဘူး။
"....ယမင္းရယ္...ငါတမင္လုပ္ခဲ့တာမဟုတ္ပါဘူးဟာ...ဒါေပမဲ့ငါ့ကိုနင္ခြင့္မလႊတ္ပါနဲ႔...."
ဆိတ္ၿငိမ္ေနေသာအခန္းထဲတြင္ ေအးစိမ့္ေသာ ေလစိမ္းတစ္ခ်က္တိုက္ခက္သြားခဲ့၍ ပံုရိပ္၏တစ္ကိုယ္လံုးတုန္တက္သြားခဲ့သည္။
ငိုေနေသာပံုရိပ္၏ခႏၶာကိုယ္သည္
ေခါင္းေမွာက္ထား၍ တစ္ခ်က္ရိႈက္လိုက္တိုင္း
နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္၍ေနသည္။
ထိုစဉ္ ေက်ာေပၚသို႔ လာထိခတ္ေသာေအးစက္စက္အထိ အေတြ့တစ္ခုေၾကာင့္ ခ်က္ခ်င္းေခါင္းေထာင္၍ တစ္ခန္းလံုးကို ေဝ့ဝဲ၍သူၾကၫ့္လိုက္မိသည္။
အခန္းထဲတြင္ပံုရိပ္တစ္ေယာက္တည္းသာ ရိွေနေသာေၾကာင့္ ခုဏကေအးစက္စက္အထိအေတြ့ဟာ
စိတ္ထင္ေနလို႔မ်ားလားဟု သံသယ၀င္မိသည္။ယမင္းထိုင္ခဲ့ေသာ ခံုစြန္းေလးကို စူးစိုက္၍ၾကၫ့္လိုက္မိၿပီး ပံုရိပ္၏မ်က္၀န္းေတြ ၀မ္းနည္းရိပ္သန္းသြားမိသည္။
ေက်ာင္းမွာ အမိန႔္စာျပန္ထားေပမဲ့ ယမင္းက
ဒီေနရာမွာပဲ ရိွေနေသးတာလား။
ခုရက္ပိုင္းေတြမွာ ယမင္းကိုခဏခဏအိပ္မက္မက္သည္။အိပ္မက္ထဲမွာ ယမင္းကဘာစကားမွမေျပာပဲ ၿငိမ္သက္ေနေလ့ရိွသည္။ပံုရိပ္ သူ႔ကိုစကားသြားေျပာေပမဲ့ သူ႔ကျပန္ေျပာေလ့မရိွဘူး။
ေနာက္ဆံုးမက္ခဲ့တဲ့ အိပ္မက္ထဲမွာေတာ့..
"ပံုရိပ္ရယ္...နင္ငါ့ေဘးနားမွာပဲထိုင္ပါေနာ္...
နင္အျခားအတန္းမွာ ေျပာင္းထိုင္ရင္...
ငါတစ္ေယာက္တည္း အေဖာ္မဲ့ေနလို႔ပါ..."ဟု
ယမင္းသည္ အိပ္မက္ထဲတြင္ ငို၍ေျပာလာခဲ့သည္။
ထို႔ေၾကာင့္ ယမင္းမရိွေတာ့၍ အျခားအတန္းမွာေျပာင္းထိုင္ေနမိရာမွ ေနာက္ဆံုးခံုတြင္သာ ျပန္၍ထိုင္မိပါသည္။
"ပံုရိပ္...နင္အေစာႀကီးေရာက္ေနပါလား...."
"ေအး...နင္လည္းဒီေန့ေစာတယ္ေနာ္..."
ပံုရိပ္တို႔၏အတန္းအေရ႔ွတြင္ ၀င္ထိုင္လိုက္ေသာ ေကာင္မေလးကို ႏႈတ္ဆတ္လိုက္မိသည္။
ပံုရိပ္အတြက္ အရာအားလံုးကေနသားက်သြားေပမဲ့ ယမင္းမရိွေတာ့ေသာ ထိုင္ခံုကေတာ့ ေျခာက္ကပ္မႈအတိျဖစ္ေနခဲ့သည္။
"ကလင္....ကလင္...."
ႏိုင္ငံေတာ္အလံအားအေလးျပဳရန္ ဘဲလ္ျမည္ေသာအခါ ေက်ာင္းသားေတြအားလံုး ကိုယ့္အခန္းအေရ႔ွသို႔ကေသာမေမ်ာ ထြက္ၾကေလသည္။ေယာက္်ားေလး သပ္သပ္၊မိန္းကေလးသပ္သပ္စီရျခင္းျဖစ္ၿပီး ပံုရိပ္သည္ အစြန္ဘက္ျဖစ္ေန၍ ေယာက္်ားေလးအတန္းႏွင့္ နီးကပ္ေနေလသည္။
"ကိုထက္....."
တိုက္ဆိုင္စြာပဲ ကိုထက္သည္ ပံုရိပ္၏အနားတြင္ျဖစ္ေန၍ သူ႔ကိုႏႈတ္ဆက္လိုက္မိသည္။
သို႔ေပမဲ့ သူ႔မ်က္နာသည္ ပံုရိပ္၏အသံကိုၾကားသည္ႏွင့္ တည္တင္းသြားကာ ေရ႔ွတၫ့္တၫ့္ကိုသာ ၾကၫ့္၍ ေတာင့္ေတာင့္ႀကီးရပ္၍ေနသည္။
စာေမးပဲြအဆင့္ႀကီးေျဖရန္အခ်ိန္လည္း သိပ္မလိုေတာ့၍ အတန္းထဲတြင္ ေက်ာင္းသားမ်ားသည္ စာေမးပဲြအတြက္သာ ကုန္းရုန္း၍ႀကိဳးပမ္းေနၾကရသည္။ဆရာ၊ဆရာမမ်ားသည္လည္း သင္ၿပီးသားသင္ရိုးေတြကိုသာ ျပန္၍ေနြးေပးၾကေလသည္။
ပံုရိပ္ကေတာ့ ေက်ာင္းတြင္က်က္စာကို မက်က္တတ္၍ တြက္စာမ်ားကိုသာ ဦးစားေပး၍
အေခါက္ေခါက္ အခါခါျပန္၍တြက္သည္။
ဓာတုေဗဒတြင္ Laboratoryမ်ားကို ပံုမ်ားဆဲြၾကၫ့္ၿပီး ဓာတ္ျပဳမႈအဆင့္ဆင့္ကို ဆရာမသင္ေပးထားသၫ့္အတိုင္းခ်ေရးတတ္ေအာင္ေလ့က်င့္သည္။ကိုယ္တိုင္ အဂၤလိပ္အဆင့္(၂)စာအုပ္ေလာက္ေလးေတြအထိဖတ္တတ္ေနၿပီျဖစ္၍ ဓာတ္ျပဳမႈအဆင့္မ်ားသည္ လံုး၀အခက္အခဲ မရိွေတာ့ေပ။
ဆရာေနမ်ိဳး ေျပာဖူးတာေတာ့ တကၠသိုလ္မွာဆိုလ်ွင္ ကိုယ္တိုင္ဓာတ္ခဲြခန္းသို႔၀င္၍
(တိုက္ထေရးရွင္း)titrationေတြလုပ္ရသည္ဟုဆိုသည္။ သာမန္state(စတိတ္)ေက်ာင္းေတြမွာကေတာ့ ကြန္ပ်ူတာဆိုလည္း အခန္းႀကီးထဲမွာထၫ့္ၿပီး တံခါးအလံုပိတ္ထားလ်ွက္ ျမင္သာျမင္ရမၾကင္ရသၫ့္ ဘ၀ေတျြဖစ္ေနသည္။
တခါတေလ ဒီကြန္ပ်ူတာေတြဟာ ဟန္ျပသက္သက္ထားထားေသာ အစုတ္ႀကီးေတြလားဟုထင္မိသည္။
ပံုရိပ္တို႔ႏွစ္မွာ သိပၸံဓာတ္ခဲြခန္းအတြက္ ဖန္နယ္လ္ေတြဘာေတြႏွင့္ စမ္းသပ္ပစၥည္းေတြေရာက္လာေၾကာင္းကို ဆရာမေျပာ၍သာသိရတယ္။
ကိုးတန္းၿပီးခါနီးသည္အထိ တစ္ခါမွမျမင္ဖူးလိုက္ေပ။
စာအုပ္ထဲမွာ ပံုေတြပါေပမဲ့ မဲမဲတူးတူးႏွင့္မိတၴူပံုမ်ားသာျဖစ္၍ ဆရာေနမ်ိဳးေျပာေသာတကၠသိုလ္သို႔ေရာက္မွသာ ျမင္ဖူးေတာ့မည္ထင္သည္။
ၿမိဳ႔ထဲေက်ာင္းမ်ားကေတာ့ ႏိုင္ငံပိုင္တီဗီြခ်န္နယ္လ္မ်ားတြင္ ေက်ာင္းသားမ်ားကြန္ပ်ူတာသံုးေနေသာ ပံုမ်ားကို ေနာက္ခံသီခ်င္းမ်ားႏွင့္ ျပထားေပမဲ့
ပံုရိပ္တို႔၏ ေက်ာင္းတြင္ေတာ့ ကြန္ပ်ူတာ
သင္ရဖို႔မေျပာနဲ႔ စာၾကၫ့္တိုက္ကိုေတာင္
၀င္ခြင့္မရိွေပ။
စာအုပ္ေတြကို ဖုန္တက္မည္စိုး၍ ေသာ့ခတ္ထားသည္ထင္ပါရဲ့။
ကိုယ့္အေတြးႏွင့္ကိုယ္ စာလုပ္ရင္းသေဘာတက်ရိွေနလ်ွက္ျဖင့္ အတန္းအေရ႔ွကိုေငးၾကၫ့္လိုက္မိေတာ့ ကိုထက္သည္အတန္းအျပင္သို႔ ထြက္ေနေလသည္။မုန႔္စားဆင္းခ်ိန္ျဖစ္၍ သူမုန႔္ထြက္၀ယ္ျခင္းျဖစ္ႏိုင္သည္။ပံုရိပ္လည္း အစိမ္းပုပ္ေရာင္လြယ္အိပ္ေလးထဲမွ ေခ်ာကလက္သၾကားလံုးေလးေတြကို ယူလိုက္ကာအခန္းအျပင္သို႔ေျပးထြက္လိုက္ၿပီး
သူ႔အေနာက္သို႔ အမွီလိုက္ကာ သူ႔လက္ေမာင္းကိုလွမ္းဆဲြလိုက္သည္။
"ပံုရိပ္...နင္ဘာလုပ္တာလဲ..."
ပံုရိပ္ကို ျမင္သည္ႏွင့္ေဒါသမ်က္၀န္းတို႔ျဖင့္ အေရာင္ေတာက္လာေသာ သူ႔ကိုလ်စ္လ်ွူရႈလ်ွက္ လက္ထဲတြင္ဆုပ္ကိုင္ထားေသာ ေခ်ာကလက္သၾကားလံုးေလးကို ျပလိုက္သည္။
"ငါနင္နဲ႔အရင္လို ျပန္ခင္မင္ခ်င္ပါတယ္...
နင္အရင္လိုငါ့ကိုမခင္ေတာ့ဘူးလားဟင္...
ဘာလို႔ ငါ့ကိုဒီေလာက္ေတာင္မုန္းေနသလို ျဖစ္ေနရတာလဲ...ယမင္းကိစၥကလည္းငါတမင္လုပ္တာမွမဟုတ္ပဲ..နင္ကဒီလိုလုပ္ေနေတာ့
ငါလံုး၀စိတ္မေကာင္းဘူး..."
"စိတ္မေကာင္းရင္ လဲေသလိုက္ေလ..."
"နင္...နင္ဘယ္လိုေျပာလိုက္တာလဲ..."
သူ႔စကားေၾကာင့္ ပံုရိပ္မ်က္ရည္ဝဲေနတာကို ျမင္ေနရေပမဲ့ စိတ္ထဲမွာမသနားဖို႔သာဖိအားေပးေနမိသည္။အရာအားလံုးကို သိလိုက္တဲ့အခ်ိန္ကစၿပီး ပံုရိပ္ေပၚတြင္ရိွေသာ သူ႔ရဲ့စိတ္ေတြ ေျပာင္းလဲသြားခဲ့သည္။
မ်က္ရည္စေတြကို လက္ႏွင့္တို႔သုတ္ေနေသာ ပံုရိပ္သည္ ႏွာသီးဖ်ားေလးမ်ားပါ နီတက္လာၿပီး နာက်င္ခံစားေနရေသာ မ်က္၀န္းမ်ားျဖင့္ သူ႔ကိုၾကၫ့္လာသည္။ကိုယ့္စကားက သူ႔အတြက္အရမ္းရက္စက္ရာက်ေနေပမဲ့ သူကမွပိုၿပီးရက္စက္တတ္သၫ့္ မိန္းမပင္ျဖစ္သည္။ပံုရိပ္၏ မ်က္ရည္ေတြကို မျမင္ခ်င္ေသာေၾကာင့္ ကြင္းျပင္ဘက္သို႔သာၾကၫ့္ေနလိုက္သည္။
"နင္က ငါတကယ္ေသေပးမွေက်နပ္မွာလား..
ငါ့သူငယ္ခ်င္းကို ငါကသိပ္ေသေစခ်င္ေနတယ္ထင္ေနတာလား...ငါ့ဘက္ကိုလည္းၾကၫ့္ေပးပါအံုး...ငါကနင္သိပ္ကိုမုန္းေနရေလာက္ေအာင္ ဘယ္လိုအျပစ္မ်ိဳးလုပ္ထားလို႔လဲ..."
"ပံုရိပ္...နင္သိပ္ဟန္ေဆာင္ေကာင္းလြန္းတယ္...
ငါ့အေရ႔ွမွာမ်က္ရည္လာက်ေနလည္းအပိုပဲ...နင့္လိုမိန္းမမ်ိဳးကို ငါရြံလို႔..လ်ွာရိုးမရိွတိုင္း ေလ်ွာက္ေျပာမေနပါနဲ႔ဟာ...နင္ငါ့အေရ႔ွကေနထြက္သြားစမ္းပါ
...မ်က္ႏွာႏွစ္မ်ိဳးလာလုပ္ျပေနလည္း ငါမသနားတတ္ဘူး.."
စာနာမႈကင္းမဲ့လိုက္တဲ့ စကားလံုးေတြပါလား။ရုတ္တရက္ႀကီး ပံုရိပ္ကိုအမည္ေပါင္းစံုတပ္၍
မခံမရပ္ႏိုင္ေလာက္ေအာင္ စကားလံုးနဲ႔ႏိွပ္စက္ေနသည္။
"နင္ေျပာေနတဲ့စကားေတြက ငါ့သိကၡာကိုေတာ္ေတာ္ထိခိုက္ေနၿပီ...ငါနင္နဲ႔ယမင္းကို
ဘယ္ႏွခါမ်ား နစ္နာေအာင္လုပ္ခဲ့ဖူးလို႔လည္း...
ငါနင္တို႔ကိုအစပိုင္းမွာမခင္ခ်င္ခဲ့တာက ငါ့မိသားစုအေျခအေနေၾကာင့္...ငါ့ရဲ့စိတ္ဒဏ္ရာေတြေၾကာင့္ ေအးစက္စက္ေနခဲ့မိတာ..
နင္နဲ႔ယမင္းက ငါအရင္းႏွီးဆံုးစိတ္ႏွစ္ၿပီး ေပါင္းခဲ့သူေတြပဲ...ငါနင္တို႔ကိုဘယ္တုန္းကမွမထိခိုက္ေစခ်င္ခဲ့ဘူး...ဘာေၾကာင့္ငါ့ကိုဒီလိုပက္ပက္စက္စက္ေျပာထြက္ရတာလဲ ကိုထက္ရယ္...
ဘာလဲငါ့ကိုယ္ငါတစ္သက္လံုး အျပစ္တင္ေနေစခ်င္လို႔လား..."
"ဒီမွာပံုရိပ္...သူငယ္ခ်င္းဆိုတာ...တစ္ေယာက္နဲ႔
တစ္ေယာက္ ေနြးထြၾကင္နာေပးၿပီး..အားငယ္ေနခ်ိန္မွာေဖးမေပးရမွာ...၀မ္းနည္းေနခ်ိန္မွာ ႏွစ္သိမ့္ေပးရမွာ....ဒါေပမဲ့နင္ကေတာ့ ေျပာင္းျပန္ပဲ...
သူငယ္ခ်င္းရဲ့ေနာက္ေက်ာကို ဓားနဲ႔ထိုးၿပီး..အျပစ္ေရွာင္လႊဲေနတယ္...နင္ဟန္ေဆာင္ၿပီး၀မ္းနည္းျပရံုနဲ႔ ငါကေက်နပ္ရမွာလား...နင္ငါ့ေရ႔ွကေန ဖယ္စမ္းပါဟာ...ၾကာရင္ငါ့စိတ္ကိုငါမထိန္းႏိုင္ပဲေနမိလိမ့္မယ္..."
ဟန္ေဆာင္ေကာင္းျပတယ္တဲ့။ပံုရိပ္ဘယ္တုန္းကမွ ဘယ္သူ႔ကိုမွဟန္ေဆာင္မျပခဲ့ဖူးဘူး။
သူကဘာေၾကာင့္ဒီလိုထင္ေနရတာလဲ။တပါးသူကိုကူညီမိရင္လည္း စိတ္ႏွစ္ၿပီး ကိုယ္က်ိဳးမၾကၫ့္ပဲကူညီေပးသလို အားနည္းသူမ်ားကိုၾကင္နာသနားတတ္ေသာစိတ္လည္း ပံုရိပ္တြင္အျပၫ့္ရိွသည္။အခုေတာ့ သူ႔စြပ္စဲြခ်က္ေတြက ပံုရိပ္ကိုဗီလိန္တစ္ေယာက္အျဖစ္ ဇာတ္သြင္းေနသလိုျဖစ္ေနေလၿပီ။
"ကိုထက္...နင္ငါ့ကိုဘာေၾကာင့္ ဒီလိုစြပ္စဲြေနရတာလည္း...ယမင္းကႏွလံုးရပ္ၿပီးဆံုးရတာေလ..
သူ႔ေရာဂါကေမြးရာပါဆို...ဘာေၾကာင့္ငါ့မွာအျပစ္ရိွသြားရတာလဲ..နင့္စကားေတြကတစ္ဖက္သတ္ဆန္လြန္းအားႀကီးတယ္..."
"ဘာ!!!!!!တစ္ဖက္သတ္ဆန္တယ္ဟုတ္လား...."
"ကိုထက္...နင္ဘာလုပ္တာလဲ...တျခားသူေတြၾကၫ့္ေနတယ္..."
ေဒါသမ်က္၀န္းေတြႏွင့္ မ်က္ႏွာတစ္ခုလံုးနီတက္လာၿပီး ပံုရိပ္၏လက္ေမာင္းကေန သူ႔ဘက္သို႔ဆဲြေဆာင့္လိုက္ေသာေၾကာင့္ အျခားသူမ်ားကပါ ပံုရိပ္တို႔ကို ကြက္ၾကၫ့္ကြက္ၾကၫ့္လုပ္လာၾကသည္။
ပံုရိပ္က အတင္းျပန္ရံုးေတာ့ ေဒါသမ်က္လံုးမ်ားျဖင့္ မ်က္ေမွာင္ႀကီးတြန္႔ႄကံု႔၍ ၾကၫ့္လာၿပီး
သူဆုပ္ကိုင္ထားေသာ ပံုရိပ္၏လက္ေမာင္းကိုျပန္လႊတ္ေပးသည္။
ပံုရိပ္သည္လည္း အသက္ရႉဖို႔ေတာင္သတိမရေတာ့သလို အံ့ဩတုန္လႈပ္လ်ွက္ လက္ရန္းေပၚသို႔
လက္ႏွစ္ဖက္ေထာက္ၿပီး ေဒါသေတြကိုေျဖေလ်ွာ့ေနသၫ့္သူ႔ကိုသာ ငူငိုင္လ်ွက္ ေငးၾကၫ့္ေနမိသည္။
*သူအဲ့သေလာက္ပဲ ပံုရိပ္ကိုမုန္းေနခဲ့တာေပါ့...
သူ႔ပံုစံက ပံုရိပ္ကိုတစ္ခုခုလုပ္မိမွာစိုး၍ ထိန္းခ်ဳပ္ေနရသလိုျဖစ္ေနသည္။
"ပံုရိပ္...ငါကနင့္ကိုသိပ္အထင္ႀကီးခဲ့တာ...
နင္ကငါ့အတြက္ေတာ့ ပန္းခင္းႀကီးထဲကအမ်ားနဲ႔
မတူတဲ့အေရာင္အဝါနဲ႔ ပန္းေလးတစ္ပြင့္လို႔ သတ္မွတ္ခဲ့မိတာ..ပန္းေလးမွာဆူးေတြနဲ႔ျပၫ့္ေနေပမဲ့ အဲ့ဒီ့ဆူးေတြကိုေတာင္ လွတယ္လို႔ခ်ီးက်ူးမိတာ...
အခုေတာ့ နင္ကငါ့ႏွလံုးသားထဲမွာ က်က္သေရမရိွတဲ့ေခါင္ရန္းပန္းတစ္ပြင့္ျဖစ္သြားၿပီ...နင္နဲ႔ပတ္သတ္တဲ့လူေၾကာင့္ ယမင္းအခုလိုနာက်င္ေနရတာ...
ငါနင့္ကိုဘယ္လိုနည္းနဲ႔မွ ခြင့္မလႊတ္ေပးႏိုင္ဘူး..
နင္အခု...ငါ့အေရ႔ွကေနဖယ္လိုက္ေတာ့...."
ပံုရိပ္ကို ေဘးသို႔အတင္းတြန္းၿပီးသြားဖို႔ႀကိဳးစားေနသၫ့္ သူ႔လက္ေမာင္းကို ပံုရိပ္မရမကဖမ္းဆဲြထားလိုက္မိျပန္သည္။ပံုရိပ္သူ႔ကိုသြားခြင့္မျပဳႏိုင္ဘူး။
အေၾကာင္းအရင္းမဲ့ သက္သက္ႀကီးအမုန္းပြားေနတာကိုလည္း လက္မခံႏိုင္ဘူး။
"နင္...ဘာလုပ္တာလဲ..."
"နင္ခုဏကေျပာတဲ့ ငါနဲ႔ပတ္သတ္တဲ့လူဆိုတာ ဘယ္သူ႔ကိုေျပာတာလဲ...ငါကနင္ေျပာသလို မ်က္ႏွာႏွစ္ဖက္လည္းမလုပ္တတ္သလို...
ဟန္ေဆာင္ေကာင္းတဲ့လူလည္းမဟုတ္ဘူး...
ႀကိဳက္ရင္ႀကိဳက္တယ္...မႀကိဳက္ရင္လည္းလွၫ့္ေတာင္မၾကၫ့္ဘူး...ငါ့ကိုမ်က္ႏွာႏွစ္ဖက္နဲ႔လူလို႔ စြပ္စဲြတာကို ငါလံုး၀မေက်နပ္ဘူး...နင္ဘာေၾကာင့္ ငါ့ကိုဒီလို ခါးခါးသီးသီးဆက္ဆံေနရတာလဲ...
အေၾကာင္းျပခ်က္တစ္ခုကို ငါသိခ်င္တယ္..."
"အဟင္း...နင္ကလူလည္မပဲ...လိမ္တဲ့ညာတဲ့ေနရာမွာ သိပ္ေတာ္လြန္းတယ္...ယမင္းရဲ့ဒိုင္ယာရီစာအုပ္ထဲမွာ ေရးထားခဲ့တဲ့အတိုင္း နင္ကဟန္ေဆာင္တဲ့ေနရာမွာ သိပ္ေတာ္တယ္...."
"ဘာ...ယမင္းရဲ့ဒိုင္ယာရီထဲမွာ ဘာေရးထားလို႔လဲ...
ယမင္းကငါ့အေၾကာင္းကို ဘယ္လိုေရးထားတာလဲ..."
"နင္ကမ်က္ႏွာေျဗာင္တိုက္ၿပီးေမးေတာ့လည္း ငါကျပန္ေျပာျပရတာေပါ့...."
ကိုထက္သည္ မ်က္ႏွာကိုမဲ့ျပလ်ွက္ ပံုရိပ္ဆုပ္ကိုင္ထားေသာ လက္ေမာင္းကိုေဆာင့္ရုန္းလိုက္သည္။
"နင္နဲ႔ဟိန္းကိုဆိုတဲ့ေကာင္ရဲ့ အေၾကာင္းေတြကို
သူအကုန္ေရးထားခဲ့တယ္..အဲ့အေကာင္ကနင့္ကိုႀကိဳက္ေနတာကိုသိလ်ွက္နဲ႔..နင္ကႀကိဳးရွည္ရွည္နဲ႔လွန္ထားၿပီး အသဲခဲြခဲ့တာမဟုတ္လား...
အခုေတာ့ ယမင္းကိုသူကျပန္ခ်ည္းကပ္ၿပီး နင့္ကိုသူ႔ဘက္စိတ္ျပန္လည္လာေအာင္
ျပန္လုပ္ခ်င္တာနဲ႔ပဲ ယမင္းကိုသူအသံုးခ်ခဲ့တာ...
ယမင္းကႏွလံုးေရာဂါသည္ေလးပါဟာ...
ဒိုင္ယာရီထဲမွာ အဲ့အေၾကာင္းေတြကို သူခ်ေရးေတာ့ ဘယ္ေလာက္အထိနာက်င္ေနလိုက္မလဲ...
နင္တို႔ရဲ့ အရႈပ္ေတြၾကားမွာငါ့ညီမေလးက ဓားစားခံျဖစ္သြားရွာတယ္...နင္နဲ႔မပတ္သတ္မိရင္ သူအဲ့လိုျဖစ္မွာ မဟုတ္ဘူး..."
"မဟုတ္ဘူး...နင္အထင္မွားေနၿပီ....ငါနဲ႔ဟိန္းကိုကဘယ္တုန္းကမွ အဲ့ဒီ့လိုဆက္ဆံေရးမ်ိဳးမရိွခဲ့ဖူးဘူး..
ငါကပိုက္ဆံမရိွလို႔ အခမဲ့သင္ေပးတဲ့ဆရာ့ဆီ
က်ူရွင္ယူတယ္...အဲ့ဒီ့မွာဟိန္းကိုနဲ႔ေတြ့ခဲ့တာ...
အခုသူလည္းက်ူရွင္ေျပာင္းသြားၿပီ...ငါနဲ႔သူၾကားမွာဘယ္လိုေလးနက္တဲ့ ဆက္ဆံေရးမွမရိွခဲ့ဘူး...
ငါကသူ႔ကိုႀကိဳးရွည္ရွည္နဲ႔ လွန္ထားပါတယ္လို႔
တကယ္ပဲ ယမင္းကေရးထားတာလား...
ဘာေတြလဲ...ငါကိုယ္တိုင္ေတာင္နားမလည္ေတာ့ဘူး..."
"အခုမွ အရူးကြက္လာနင္းမေနနဲ႔...နင္လိမ္တိုင္း
ငါကယံုစရာလား..အဲ့ဒီ့ကိစၥကိုနင့္အေကာင္ကိုယ္တိုင္ေျပာလို႔ ယမင္းကသိတာေပါ့...
နင္တို႔ႏွစ္ေယာက္ရဲ့ လိွမ့္လံုးေတြၾကားမွာ ယမင္းကေျမစာပင္ျဖစ္ရတာ..နင္တို႔ႏွစ္ေယာက္လံုးကို
ငါမေက်နပ္ဘူး...."
"ေအး....ငါလည္း...ဟိန္းကိုဆိုတဲ့ေကာင္ကို
မေက်နပ္ဘူး...ငါအခုသူနဲ႔သြားရွင္းမယ္...."
ကိုထက္ကိုေက်ာခိုင္းခဲ့ၿပီး မုန႔္ေဈးတန္းလမ္းကေလးကို ျဖတ္ေလ်ွာက္ကာ အီကိုအေဆာင္ဘက္သို႔ ေဒါႏွင့္ေမာႏွင့္ထြက္လာခဲ့လိုက္သည္။
ယမင္းကို ပံုရိပ္ဆံုးရႈံးလိုက္ရတဲ့ အဓိကတရားခံက ဟိန္းကိုပဲ။သူဘာေၾကာင့္ ဒီလိုလုပ္ရပ္မ်ိဳးကိုလုပ္ရတာလဲ။ယမင္းကိုလည္း နာက်င္ေစသလို ပံုရိပ္ကိုလည္းတကယ္မဟုတ္တဲ့ အေၾကာင္းအရာေတြႏွင့္ ထိခိုက္ေစာ္ကားခဲ့တယ္။သူသိပ္ကို တရားလြန္သြားၿပီ။
သူဟာ တကယ္ကိုေကာက္က်စ္စဉ္းလဲတဲ့ ေျမေခြးလိုလူပါလား။ဒီလိုလူမ်ိဳးနဲ႔ ပတ္သတ္မိတာကိုက
ပံုရိပ္အမွားႀကီးမွားခဲ့တာပါ။ေသခ်ာျပန္စဉ္းစားၾကၫ့္ရင္ ပံုရိပ္သူ႔ကို သာမန္သူငယ္ခ်င္းတစ္ေယာက္ထပ္ပိုၿပီး ထူးထူးျခားျခားဆက္ဆံခဲ့ျခင္း လံုး၀မရိွခဲ့ဘူး။ဒါကိုပဲ ပံုရိပ္ကႀကိဳးရွည္ရွည္နဲ႔ လွန္ထားပါသည္တဲ့။
သိပ္ေၾကာက္ဖို႔ေကာင္းတာပဲ။
ဟိန္းကိုဆိုတဲ့လူက ပစၥည္းတစ္ခုကိုသူ မပိုင္ရရင္ နင္းေခ်ပစ္တတ္ေသာအက်င့္ရိွသည္။
ဥပမာ သူေပးတဲ့ေခ်ာကလက္ကို ပံုရိပ္ကမစားလို႔ ေျမာင္းထဲကို လႊင့္ပစ္လိုက္တာကသက္ေသျဖစ္သည္။တကိုယ္ေကာင္းဆန္ၿပီး အတၲကိုသာပန္ဆင္ထားတတ္သၫ့္ ေယာက္်ားတစ္ေယာက္ပါလား။
ဒုတိယပိုင္း မၾကာခင္လာပါမယ္🥰
No comments:
Post a Comment