(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၅)🔥 ဒုတိယပိုင်း
ဆရာတို့ရဲ့ဘုန်းကြီးကျောင်းဟာ ဘကကျောင်းဖြစ် သောကြောင့် ချမ်းသာဆိုသောစာကြည့်
တိုက်ကလေးကို ဘုန်းကြီးကဖွင့်ခိုင်းထားသည်။
အပြင်လူတွေများသောအားဖြင့် လာလှူလေ့ရှိတာကတော့ မဂ္ဂဇင်းစာအုပ်နှင့်ဂျာနယ်လ်တွေကပိုများသည်။ရပ်ကွက်ထဲရှိ အချို့စာဖတ်ဝါသနာပါသူတွေလည်း လာ၍ငှားငှားဖတ်ကြပေမဲ့
ဘကကျောင်းတွင်အနီးကပ်နေသော ကျောင်းသားတွေက ပို၍စာဖတ်ဖြစ်ကြသည်။
ပုံရိပ်သည်လည်း ဆရာနေမျိုး၏အတန်းတွင်
တက်တည်းက တခါတလေကျောင်းသို့စောစောလာပြီး စာကြည့်တိုက်ထဲတွင်၀င်မွှေ၍ဖတ်ဖြစ်သည်။
လွန်ခဲ့သည့် သုံးရက်လောက်တုန်းကဖတ်ဖြစ်ခဲ့သော ဆောင်းပါးတစ်ခုတွင်ရန်ကုန်တိုင်း၏
လူဦးရေ သိပ်သည်းမှုအကြောင်းကို ဖတ်လိုက်ရသည်။
ရန်ကုန်သည် တိုင်းဒေသကြီးများအနက် ကုန်းမြေဧရိယာအသေးဆုံးဖြစ်ပေမဲ့ လူနေထူထပ်မှုအများဆုံးဖြစ်တယ်ဆိုပြီးဖော်ပြထားတယ်။ဒါဟာသိပ်မှန်တယ်လို့ ထင်ပါတယ်။ပုံရိပ်ငယ်ငယ်ကဆိုရင် သင်္ကြန်၊သီတင်းကျွတ်၊ကထိန်စတဲ့ ပွဲတော်ပိတ်ရက်တွေမှာ မေမေတို့ရွာပြန်တိုင်း အဖော်လိုက်ရလေ့ရှိတယ်။ထိုအခါတည်းက ရန်ကုန်နဲ့ကိုယ့်မွေးရပ် မြေ၏ လူဦးရေကွာဟချက်နဲ့ နေထိုင်မှုကွဲပြားတာကိုသတိထားမိခဲ့ပါတယ်။
ရန်ကုန်မှာကဧရိယာ တစ်စတုရန်းကီလိုမီတာလောက်ကို လူဦးရေ၅၀၀ကျော်လောက်နေထိုင်တယ်လို့ ဖတ်ရတယ်။ပုံရိပ်တို့ရဲ့ရပ်ကွက်ထဲမှာဆိုရင် တစ်ခြံနှင့်တစ်ခြံက အိမ်ဆောက်ထားတာများ ကပ်ရက်နေတာပါပဲ။နယ်ဘက်လို တစ်နေရာနဲ့တစ်နေရာ အဝေးကြီးမဟုတ်ပဲ ဟိုဘက်ခြံကစကားတိုးတိုးပြောရင်တောင် ဒီဘက်ခြံကနေကြားနေရတာမျိုးပေါ့။
ပုံရိပ်တို့နေတဲ့ လမ်းဟိုးဘက်အခြမ်းမှာဆိုရင်စည်ပင်မြေပေါ်မှာ ကျူးကျော်တဲလေးတွေ
ဆောက်ထားတာများ စီထွက်နေတာပဲ။
ယခင်ကရန်ကုန်မြို့ကိုမြန်မာနိုင်ငံ၏ အဓိကမြို့တော်အဖြစ်သတ်မှတ်ခဲ့ပေမဲ့ယခုတော့ မြန်မာနိုင်ငံ၏မြို့တော်ဟာ နေပြည်တော်ဖြစ်သွားခဲ့ပါပြီ။ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရန်ကုန်ဟာ ကူးသန်းရောင်း၀ယ်ရေး အချက်အချာမြို့ဖြစ်တဲ့အပြင် စက်မှု၊လက်မှုလည်းထွန်းကားသတဲ့။
ဆောင်းပါးထဲမှာတော့ ရန်ကုန်မြို့ရဲ့လူနေမှုထူထပ်သိပ်သည်းပုံတွေ ၊ ရန်ကုန်မြို့နေလူထုရဲ့ နေ့စဉ်လုပ်ငန်းတွေအကြောင်းကို ဝေဖန်သုံးသပ်ထားခဲ့တယ်။
ရန်ကုန်ဆိုတာ ဟိုယခင်ကတံငါရွာလေးတဲ့။
ဗြိတိသျှတို့လက်ထက်မှာ အများကြီးပြောင်းလဲသွားခဲ့တဲ့ရန်ကုန်...။လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတည်ရှိရာရန်ကုန်၌ ဆယ်စုနှစ်တစ်ခုကြာအောင်နေခဲ့ရပေမဲ့ ဆူးလေဆိုသည့်နေရာကိုတော့ ယခုမှပထမဆုံး ခြေချခွင့်ရသည်။
ဆရာနေမျိုးကို ကျေးဇူးတင်မိပါရဲ့။
"တို့တွေ...စာအုပ်ဟောင်းတန်းမသွားခင်...ဆူးလေဘုရားကို အရင်သွားဖူးရအောင်..."
"ဟုတ်ကဲ့...."
"ဒါပေမဲ့ဆရာ...သမီးကဘောင်းဘီကြီးနဲ့ ဘုရားပေါ်ကိုတက်လို့ရပါ့မလား..'
"ဆူးလေက ရွှေတိဂုံလိုစည်းကမ်းမတင်းကြပ်ထားပါဘူး...ရတယ်..."
ကားဂိတ်မှအနောက်ဘက်သို့ပြန်လှည့်၍ ဆူးလေသို့သွားဖြစ်ကြလေသည်။
ရုတ်တရက် ခိုတွေနားနေသော နေရာမှဖြတ်လျှောက်ရတော့ အထိတ်တလန့်ဖြစ်သွားတဲ့ခိုလေးတွေဟာ အုံလိုက်ကျင်းလိုက်ပြန်တက်ကုန်ကြရာ ရုတ်တရက်ဆိုသလို ပုံရိပ်၏ ဆံပင်ခွဲချောင်းတည့်တည့်သည် ပူခနဲဖြစ်သွားသည်။
ဘာကြီးတုန်းဟဆိုပြီး လက်နဲ့စမ်းကြည့်လိုက်တော့...
"ဟင်...ခိုချေးတွေ....ဆရာ့..ခေါင်းပေါ်ကိုခိုချေးပါချသွားတယ်...."
"ဟ...ဟ...မကြီးပုံတော့ဈေးဦးပေါက်ပြီဟေ့...
ဘာမှမဖြစ်ပါဘူးဗျာ...သိဒ္ဓတ္ထမင်းသားကြင်ယာတော်ရွေးသွားတာပါ...ချေးပါချပြီးတော့...."
"ဟဲ့...ကိုရင်ဖြစ်ပြီးတော့နော်...ဘုရားလောင်းနာမည်ကို...ခိုနဲ့နှိုင်းစရာလား..."
ပုံရိပ်ပြောလိုက်တော့မှ ကိုရင်လေးကပါးစပ်ပိတ်ပြီး တခစ်ခစ်ရယ်သည်။
ကျန်ကိုရင်နှစ်ပါးကလည်း
"ကိုရင်မဟုတ်တာတွေ လျှောက်ပြောမနေနဲ့
ခေါင်းခေါက်လိုက်မယ်..."ဆိုကာ ကိုရင်ငယ်လေးကို ချစ်စနိုးနှင့်စနောက်ကြလေသည်။
ဆရာကတော့ သူ့ကျောပိုးအိတ်၏ချောင်တွင်ကပ်နေသော တစ်ရှူးထုပ်ကိုယူ၍ နှစ်ရွက်လောက်ထုတ်ကာ ပုံရိပ်လက်ထဲသို့လာထည့်သည်။
"သုတ်လိုက်...ဒီနေ့ကံကောင်းမယ်ဆိုတဲ့ သဘောပေါ့...."
"ကံမကောင်းရင်နေပါစေ...ငှက်ချေးစော်မနံရင်
ရပြီ..."
"ဟား...ဟား....ကံလည်းပွင့် အနံ့လည်းလွင့်ပေါ့..."
"ဒီကိုရင်ကတော့လေ...."
"အမြန်လာကြပါကွာ...အပြန်ကြရင်
ကားလမ်းတွေပိတ်လိမ့်မယ် ...."
ဆရာ့နောက်မှလိုက်ရင်း ဘုရားရင်ပြင်ပေါ်သို့ရောက်တော့ ပုံရိပ်လည်းအကြာကြီးဘုရား၀တ်ပြုလိုက်မိသည်။
ကိုယ်၀တ်ပြုပြီး၍ အနောက်သို့ပြန်လှည့်ကြည့်လိုက်မိတော့ အားလုံးကနေရိပ်သည့်နေရာလေးမှာ စုပြုံပြီးသွားထိုင်နေကြလေသည်။
"ကြည့်စမ်း...တစ်ယောက်မှအသံမပေးကြဘူး..."
ထို့နောက်တွင်ဆူးလေကို လက်ယာရစ်ဖြင့်တစ်ပတ်ပတ်လိုက်ကြလေသည်။ကြုံတုန်းလေးဆရာနေမျိုးကလည်း ဗဟုသုတရစရာတွေကို ပြောပြလာသည်။
ဆူးလေစေတီတော်သည် ရန်ုကုန်မြို့၏
အလယ်ဗဟိုတွင် ကွန်းခိုတည်ရှိနေပြီး
ဆူးလေဘုရားကြီး၏အရှေ့မြောက်ထောင့်တွင်
(ရန်ကုန်မြို့၏ရှေးဟောင်းအမွေအနှစ်စာရင်း၀င်)
သည့် ခမ်းနားဖွယ် ဆောက်လုပ်ထားသော
ရန်ကုန်မြို့တော်ခန်းမတည်ရှိသည်။
မြို့တော်၀န်ဟုလည်း ခေါ်တွင်သော
ဤအဆောက်အဦးကြီးအား ဗိသုကာပညာရှင် စည်သူဦးတင်သည် ဆောက်လုပ်ဖို့ရန် ၁၈၂၆ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တယ်။ )
မြန်မာမှုနှင့် အနောက်ပိုင်း၏မတူညီသောလက်ရာ ဟန်ပန်တွေကို ပေါင်းစပ်တတ်သည့် ထင်ရှားသောဗိသုကာပညာရှင် အင်ဂျင်နီယာစည်သူဦးတင်သည် မန္တလေးမြို့ ပုလဲငွေရောင်အရပ်တွင်၁၉၀၃၌
မွေးဖွားခဲ့ပြီး မန္တလေးနန်းတော်၏ အနွယ်အဆက်မှ ဆင်းသက်လာသူလည်းဖြစ်သည်။
သူ၏ဖခင် အင်စပက်တော်ဦးတိုးသည်
ကနောင်မင်းသားကြီး၏အားထားရလောက်သော လက်ရုံးတစ်ဆူဖြစ်ရုံမျှမက ဒင်္ဂါးစက်ရုံနှင့် အမြှောက်စက်ရုံများကိုလည်း ဦးစီးလုပ်ခဲ့သည့် မြန်မာအင်ဂျင်နီယာကြီးလည်းဖြစ်သည် ။
ဆရာက ဗိသုကာပညာရှင်ကြီးစည်သူဦးတင်
တက်ခဲ့သော မန္တလေးအောင်မြသာစံမြို့နယ်ရှိ
စိန့်ပီတာအထက်တန်းကျောင်းနာမည်ကို ပြောပြတဲ့အခါ အဖေပြောခဲ့ဖူးသော ဆရာ၀န်ကြီးအဖိုး
ဦးမိုးမင်းဆိုသူကို သတိရမိသည်။
သူကရောဘယ်လိုကျောင်းမျိုးမှာ တက်ခဲ့တာပါလိမ့်။
မြန်မာ့စောင်းနှင့် စန္ဒယားကိုတီးခတ်ရတာ
နှစ်သက်သောမန္တလေးသူ အဖွားဒေါ်ရိပ်ညိုကိုလည်း မျက်လုံးထဲတွင်မြင်ယောင်မိသည်။
သူတို့ကရော ဘယ်လိုလူမျိုးတွေဖြစ်မလဲ၊
သူတို့၏မျက်နှာသွင်ပြင်ဟာ ဘယ်လိုဆိုတာ သိချင်မိသည်။
မန္တလေးသူတွေဟာ ကျွန်တော်"ကျွန်တော်လို့..."တကယ်ပဲ သုံးနှုန်းတတ်သလားလည်း
သိချင်မိသည်။
ရန်ကုန်မြို့အလယ်တွင်တည်ရှိသော မြန်မာနိုင်ငံ၏အကြီးဆုံးမီးရထားဘူတာတစ်ခုဖြစ်သည့် ရန်ကုန်ဘူတာကြီးသည်လည်း ၁၉၅၄ခုနှစ်တွင် ပြန်လည်ဒီဇိုင်းလ်ရေးဆွဲထားသည့် စည်သူဦးတင်၏ လက်ရာတွေထဲမှတစ်ခုပင်ဖြစ်သည်။
ဆူးလေးဘုရား၏အရှေ့တောင်ထောင့်စွန်းစွန်းတွင် လွတ်လပ်ရေးကျောက်တိုင်ကြီးစိုက်ထူ၍ထားသော မဟာဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ရုံးချုပ်တို့ရှိလေသည်။
မဟာဗန္ဓုလပန်းခြံဟု အမည်ခေါ်တွင်ခြင်းမှာ အင်္ဂလိပ်_မြန်မာစစ်ပွဲတွင် တိုင်းပြည်အတွက်အသက်စွန့်၍တိုက်ခိုက်ခဲ့ရှာသော စစ်သူကြီးမဟာဗန္ဓုလအား ဂုဏ်ပြုသောအားဖြင့် မှည့်ထားခြင်းဖြစ်သည်။ပန်းခြံကြီး၏အလယ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရသောအထိန်းအမှတ်အဖြစ် လွတ်လပ်ရေးကျောက်တိုင်ကြီးအား ၁၉၄၈တည်းကထားရှိခဲ့သည်။ထိုလွတ်လပ်ရေးကျောက်တိုင်၏ ဗိသုကာပညာရှင်တွေထဲတွင်လည်း ရွှေမန်းနွယ်
နန်းဆက်ဖွားစည်သူဦးတင်ပါ၀င်ခဲ့သည်။
ဆရာသည် ဆက်လက်ပြီးဆူးလေဘုရားကြီး၏ ရွှေတိဂုံဘုရားမှအမြင့်ပေဘယ်လောက်ရှိကြောင်းနှင့် ဉာဏ်တော်သည် ရင်ပြင်တော်နှင့်ငှက်မြတ်နားစိန်ဖူးတော်အထိ၁၅၁ခန့်မြင့်သော ဆူးလေဘုရားကြီးသည် ဗိုလ်တစ်ထောင်ဆံတော်ဦးစေတီနှင့် ကွာဝေးသည့်ပေပေါင်းကိုရှင်းပြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီ၊ဗိုလ်တစ်ထောင်ဘုရားနှင့် ဆူလေဘုရားတို့၏ သမိုင်းကြောင်းကို
စပ်ဆက်၍ရှင်းပြသည်။
"ကဲ...နားပြီးသွားပြီဆိုတော့..တို့တွေစာအုပ်အဟောင်းတန်းကို သွားကြတာပေါ့...."
"ဆရာ...ကိုရင်တို့မြို့တော်ခန်းမကို ၀င်ကြည့်လို့မရဘူးလား...."
"မြို့တော်ခန်းမက ၀င်ချင်တိုင်း၀င်လို့မရဘူးလေ...
တို့ တွေစာအုပ်၀ယ်ရအုံးမှာနဲ့ အပြန်ကားကြပ်မှာနဲ့
အချိန်တွေနှောင့်နှေးနေလိမ့်မယ်...."
"ဒါဆို...မဟာဗန္ဓုလပန်းခြံကို ၀င်ကြရအောင်ဆရာရယ်..."
"ကဲ....ပန်းခြံထဲကနေဖြတ်လျှောက်ကြမယ်....
ဟုတ်ပြီလား...."
ပုံရိပ်တို့အဖွဲ့ ဆူးလေဘုရားမှဆင်းခဲ့ကာ
ကားလမ်းကူးပြီးနောက်တွင် မဟာဗန္ဓုလပန်းခြံထဲမှ ဖြတ်လျှောက်ဖြစ်ကြသည်။ပန်းခြံထဲတွင် လူတွေအများကြီးရှိနေပြီး အလှဓာတ်ပုံရိုက်သူတွေလည်းရှိနေသလို မြက်ခင်းပေါ်တွင်ထိုင်၍အနားယူနေကြသူတွေလည်း အများကြီးပါပဲ။
ဘာကြောင့်များ ဒီတစ်နေရာတည်းမှာ လာစုနေရတာပါလိမ့်။
ဆပ်ပြာကုမ္ပဏီတစ်ခုကလည်း ပရိုမိုးရှင်းဆင်းသည့်အနေဖြင့် ကန်ပိန်းတစ်ခုလာလုပ်နေသောကြောင့် သီချင်းတွေလည်းဖွင့်ထားလေသည်။
ဆရာသည် ဖြတ်လျှောက်ရုံပဲဟု ပြောခဲ့သလိုပဲ ဖြတ်လျှောက်ရုံကလွှဲ၍ ခဏတောင်ထိုင်မနားခဲ့ရပေ။
ထို့နောက်တွင်စာပေဗိမာန်စာအုပ်တိုက်၏ မျက်နှာချင်းဆိုင်၃၇လမ်း အလယ်ဘလောက်သို့
ဆက်လျှောက်ခဲ့ကြသည်။ပုံရိပ်ရဲ့ အာရုံထဲမှာတော့ မြင်မြင်သမျှဟာ တကယ့်ကိုအသစ်အဆန်းတွေပါပဲ။
ဓနိမိုး၊ထရံကာမှစ၍တိုက်အိမ်လေးဟိုတစ်စု၊
သည်တစ်စုသာရှိသော လမ်းကျဥ်းလေးထဲမှာသာ လျှောက်ဖူးသည့် ပုံရိပ်ဟာ ဒီလို တိုက်ကြီးတွေနှင့်သာပြည့်နှက်နေသော နေရာမှာလွတ်လပ်ပေါ့ပါးစွာ လမ်းလျှောက်နေမိတယ်။
ဒါ့အပြင် တစ်ခါမျှမတွေ့ဖူးခဲ့သော များပြားလှသည့်စာအုပ်ပုံတွေနှင့် စာအုပ်ဟောင်းတန်းကြီးက
မျက်လုံးထဲမှာ အလင်းရောင်တွေတဖြတ်ဖြတ်လက်သွားသလို တန်ဖိုးရှိလွန်းနေသည်။
စာအုပ်တွေကို မြေကြီးမှာပုံပြီးရောင်းနေတာတွေရော တွေ့ခဲ့ရတော့ အလကားများရရင်ပြေးကောက်ချင်လိုက်တာ။
"ဒီစာအုပ် ဘယ်လောက်လည်းညီ....."
"...တစ်အုပ်တစ်ထောင်ပါ...."
ဆရာသည် ဆိုင်တစ်ခုပြီးတစ်ခုကို၀င်ပြီး ဈေးတွေကိုမေးသည် ။ အချို့စာအုပ်တွေကတော့ ဈေးတန်ပေမဲ့ အချိုစာအုပ်တွေက ဆိုင်ကြီးတွေမှာရောင်းသည့်ဈေးနဲ့ အတူတူဖြစ်နေ၍ မ၀ယ်တာဟုဆရာကဆိုတယ်။
သို့ပေမဲ့ ဘုန်းကြီးကျောင်းရှိချမ်းသာစာကြည့်တိုက်အတွက်ဆိုကာ ပညာရေး ဆောင်းပါးစာအုပ်တွေနှင့် ပုံပြင်၊ကာတွန်းစာအုပ်အများအပြားကိုလည်း ဆရာ၀ယ်လေသည်။
ဒီစာအုပ်တွေကတော့ ဈေးအရမ်းတန်တယ်။
၃၇လမ်းအလယ်ဘလောက်တွင်ရှိသော အုန်းစောစာအုပ်အဟောင်းဆိုင်သို့ရောက်တဲ့အခါမှာတော့
ပုံရိပ်၏အမြင်အာရုံတွေ ပွင့်ထွက်သွားရလောက် အောင်အထိ အံ့ဩမိသည်။ဒီလောက်များတဲ့စာအုပ်တွေကို ဒါပထမဦးဆုံးတွေ့ဖူးခြင်းဆိုတာ ကျိန်ပြီးတောင်ပြောရဲပါတယ်။ဒီလိုစာအုပ်စင်တွေ
ပုံရိပ်၏အိပ်ခန်းကျဉ်းလေးထဲမှာသာရှိရင် အခန်းထဲကကို ထွက်ဖြစ်မှာမဟုတ်ဘူး။
"ဆရာ...ဒီဘက်မှာစာအုပ်တွေကြည့်လိုက်အုံးမယ်...
နဲနဲကြာအုံးမှာဆိုတော့ ကိုရင်တို့ရော..ပုံရိပ်ရော..
အခြားစာအုပ်တွေအမြည်းလိုက်ဖတ်နေလိုက်ကြအုံး...လိုချင်တဲ့စာအုပ်တွေ့ရင်လည်း ဆရာ့ကိုပြောကြပေါ့...."
ပုံရိပ်တို့ကိုထိုသို့ပြောပြီး စာအုပ်ပုံတွေကြားတွင်
သူ့အိမ်သူ့ယာလို ထိုင်ချလျှက် သူရွေးပြီးသားစာအုပ်အချို့ကို ထိုင်ဖတ်ကြည့်နေပါသောဆရာ
ပူလို့ထင်ပါရဲ့ စတိုင်ပဲန်ကိုဒူးအထက်လောက်အထိ လိပ်တင်ထားလေရဲ့။အလုပ်သွားတိုင်း ဆရာဟာ
ဒီလိုပဲ ၀တ်စားတတ်သလားမသိပေမဲ့ ပုံရိပ်အမြဲတမ်းမြင်နေကြကတော့ ပုဆိုးကိုဒူးလောက်အထိ တက်ကာ၀တ်သည့် ပုံစံပါပဲ။
အမှန်တော့ အသက်အစိပ်တောင်မပြည့်သေးသည့် ဆရာသည်ဒီလိုပုံစံမျိုးကမှ ပိုပြီးလူငယ်ဆန်သည်ဟုဆိုရမည်။ ဒါပေမဲ့ ဆရာသည်သူ့လိုရွယ်တူတွေနှင့်မတူပဲ ရင်ကျက်တည်ငြိမ်သည်။သူစိတ်၀င်စားတဲ့အရာက သူ့ကျောင်းသားတွေကိုစာသင်တာရယ် ဘုန်းကြီးကျောင်းကိစ္စအ၀၀ရယ်နှင့် သူ့စာအုပ်တွေကိုပါပဲ။
"ပုံရိပ်....ဖတ်ချင်တဲ့စာအုပ်တွေကို တွေ့လား...."
ဆရာသည် စာအုပ်ပုံထဲမှာ ခေါင်းငိုက်ဆိုက်ချ
လျှက်ရွေးနေရင်းမှ ဘာစိတ်ကူးပေါက်လာသလဲ
မသိပေ။
ပုံရိပ်၏ ဘေးနားသို့ရောက်လာပြီး ပုံရိပ်၏လက်ထဲမှ စာအုပ်ကလေးကိုလှမ်းယူလိုက်သည်။
ဆရာ့မျက်နှာသည် ကြည်လင်နေပြီး ဆရာ့မျက်လုံးတွေက အေးချမ်းမှုအပြည့်ဖြစ်နေသည်။
ပုံရိပ်ရွေးထားသော သိပ္ပံမောင်၀၏ဆောင်းပါးများ စာအုပ်ကိုကြည့်လိုက်ပြီးနောက် ဆရာကပုံရိပ်ကိုပြုံး၍ကြည့်လာလေသည်။
"မဆိုးဘူး...စာအုပ်ရွေးတတ်သားပဲ..."
"ဟုတ်လားဆရာ...."
"အင်း....ဒီဆောင်းပါးထဲက ဇာတ်ကောင်က
မောင်လူအေးလေ....ပုံရိပ်တို့ရဲ့မြန်မာစာမှာလည်း နောက်ကြရင်မောင်လူအေးကိုသင်ရမှာ....ဒီစာအုပ်လေးကိုဆရာရောရှင်းလိုက်မယ်...ပုံရိပ်အတွက်လည်းစာစီစာကုံးစာအုပ်တွေနှင့် levelနိမ့်တဲ့အင်္ဂလိပ်ပုံပြင်စာအုပ်လေးတွေ ရွေးထားတယ်...
ဆရာသင်ပေးထားတဲ့အင်္ဂလိပ်စာအခြေခံကိုသုံးပြီး ဖတ်ပါများရင်...အက်စေးကို
ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးနိုင်သွားလိမ့်မယ်..."
"ဆရာ...တကယ်ပြောတာလား..."
"အင်းပေါ့...ဆရာလည်းဒီလိုပဲကျင့်ယူခဲ့ရတာ
ဆရာကတော့ မြို့ထဲမှာသင်တန်းသွားတတ်ထားသေးတာပေါ့....ဆယ်တန်းအောင်ပြီးရင်တော့ပုံရိပ်သိလာပါလိမ့်မယ်...အခုကျောင်းသင်ခန်းစာက
ဘာမှမဟုတ်ဘူး...နောက်ထပ်လေ့လာရမှာတွေကလည်း အများကြီးရှိသေးတယ်..အခုလည်းတမင်အမြင်ကျယ်အောင်လို့ ခေါ်လာတာ..."
"ကျေးဇူးတင်ပါတယ်ဆိုရာရယ်...သမီးလေဒီနေရာကို သိပ်သဘောကျတယ်...စာအုပ်တွေအများကြီးကိုတွေ့ရတာလည်း တကယ်၀မ်းသာတယ်"
"ဒီလိုဆိုတော့ ဆရာခေါ်လာရကျိုးနပ်တာပေါ့...
ပုံရိပ်လည်းကြိုးစား...ဆရာလည်းအားရင်အားသလို ပုံရိပ်အားနည်းတဲ့ဘာသာတွေကိုကူပေးပါ့မယ်....ပုံရိပ်လုပ်နိုင်ပါတယ် ဟုတ်တယ်မှတ်လား.."
"အင်း...ပုံရိပ်ကဆရာ့လိုဖြစ်ချင်တာ..."
ထိုသို့ပုံရိပ်ပြောလိုက်တော့ ဆရာသည်
သွားတန်းဖွေးဖွေးလေးတွေပေါ်အောင်အထိ
ရယ်သည်။
ဘာကြောင့်ရယ်တာလည်း နားမလည်ပေမဲ့
ဆရာပြောလိုက်သည့် စကားတစ်ခွန်းကတော့
သူ့ကိုယ်သူနှိမ်ချပြီး နေတတ်သူမှန်းသိသာစေသည်။
"ဆရာက...ဘာကြီးမှမဟုတ်ပါဘူးကွာ...ဆရာ့ထက်တော်တဲ့ထက်တဲ့လူတွေမှ အများကြီးပါ..."
"ဟင့်အင်း...ဆရာလည်းအများကြီးတော်ပါတယ်...
ဦးဇင်းပြုံးချိုကတောင်ပြောတယ်...ဆရာကအင်မတန်ဝီရိယ ဇွဲလုံ့လရှိတယ်တဲ့...အရမ်းလည်းကြိုးစားလို့ တစ်နေ့ထွန်းပေါက်အုံးမှာတဲ့လေ...."
"ကဲ...ဟုတ်ပါပြီဗျာ...ဒီကပြန်ရင် စားကောင်းတာလေး၀ယ်ကျွေးပါ့မယ်...."
ဆရာသည် ထိုစကားကိုသာပြောခဲ့ပြီး သူရွေးထားသောစာအုပ်တွေဘေးနားသို့ ပြန်၍သွားထိုင်နေလေသည်။ကိုရင်လေးတွေကလည်း ဆရာ့ဘေးနားမှာ ထိုင်ချပြီးစာအုပ်ရွေးနေကြလေသည်။ပုံရိပ်၏စိတ်ထဲမှာတော့ ဆရာကသူ့ကိုမြှောက်ပြောနေတယ်ဟု ထင်ကာစားကောင်းတာ၀ယ်ကျွေးမယ်လို့ ပြောသွားသည့်စကားအားမကျေမချမ်းဖြစ်နေမိသည်။
အမှန်တော့ ပုံရိပ်သည်ဆရာ့ကို မြှောက်ပေးတာလည်းမဟုတ်သလို ပုံရိပ်အပေါ်ကိုဆရာအထူးတလည်ဂရုစိုက်စေချင်၍လည်း မဟုတ်ပါဘူး။ ပုံရိပ်ရဲ့ရင်းတွင်းမှာ အလိုလိုဖြစ်တည်လာတဲ့စကားကို ပြောလိုက်မိတာပါ။
"...ဒါပေမဲ့ ဆရာကမယုံဘူး။.."
ထိုဆိုင်ကနေပြန်အထွက်မှာ ဆရာ့လက်ထဲ၌စာအုပ်တွေ အစည်းလိုက်ပါလာခဲ့တယ်။
ပုံရိပ်တို့ကလည်း ကူဆွဲရတာပေါ့လေ။
ကိုရင်လေးတွေ ဆွမ်းစားချိန်ကျော်သွားမည်စိုး၍
ဆရာသည် နီးစပ်ရာထမင်းဆိုင်သို့ ခေါ်လာခဲ့သည်။
ပုံရိပ်ကတော့ အားနာလို့ဘာမှမမှာရဲပေ။
ကိုယ့်စားစရိတ်ကိုယ်ရှင်းဆိုပါကလည်း ဘယ်လောက်ကုန်ကျမှန်းမသိတော့ ရှင်းမယ်လို့
မပြောရဲဘူး။
ဆရာကပဲ ဦးဆောင်၍ပုစွန်ဟင်းရယ်၊ကြက်သားရယ်နှင့် အရွက်ကြော်နှစ်ပွဲ အသုတ်တစ်ပွဲမှာလေသည်။ကိုရင်တွေကတော့ နောက်ကနေကျွဲလိုက်သလားမှတ်ရတယ် စားလိုက်ကြတာခေါင်းတောင်မဖော်ကြဘူး။
ဟင်းခွက်တွေထဲမှာဆို သူတို့လက်ကြီးပဲ။
ငရဲကြီးမှာစိုး၍သာ မပြောရဲတာပါ။
"ကိုရင်တို့ ဘယ်ဘ၀ထဲက အငတ်ဘေးဆိုက်လာသလဲလို့ မေးလိုက်ချင်တယ်..."
"ပုံရိပ်....ထည့်စားလေ...အစားနည်းလှချည်လား..."
"ဘာမှမဟုတ်ဘူး...ပဲများနေတာ..."
"ကိုရင်နော်...ဘယ်မှာပဲများလို့လဲ...."
"ကဲ...ကိုရင်ရယ်မစစမ်းပါနဲ့...ပုံရိပ်စားနော်...
အားမနာနဲ့..."
"ဟုတ်ကဲ့...."
ဘေးက ကိုရင်ကိုမကျေမနပ်ကြည့်လိုက်မိတော့
ပုံရိပ်ကိုရယ်ကျဲကျဲလာလုပ်ပြသည်။ဟိုဘက်မှကိုရင်နှစ်ပါးက အိန္ဒြေရသလောက် ဒီကိုရင်ငယ်ကတော့ တော်တော်အစအနောက်သန်သည်။
ထမင်းစားပြီးနောက် အချိုတည်းသည့်အနေဖြင့်
အချိုရေတစ်ယောက်တစ်ခွက်သောက်လိုက်ရတာ ကြောင့် ဗိုက်ကတော့တင်းသွားသည်။
ထမင်းဆိုင်မှာ အညောင်းဖြေပြီးသည်မို့ ပြန်ဖို့ရန်ပဲ ဆုံးဖြတ်လိုက်ကြပြီးနောက် ဆရာကငွေသွားရှင်းပြီး ဆိုင်ထဲမှထွက်လာလိုက်ကြသည်။
"အာ့....ဟာ...ဖိနပ်ပျက်သွားပြီ....ကိုရင်ဘာလို့ဖိနပ်ကို တက်နင်းရတာလဲ...."
"ဟာ...မမြင်လိုက်မိလို့ပါ..."
"မမြင်ရမလား...ရှေ့မှာတစ်ယောက်လုံးလမ်းလျှောက်နေတာကို..."
"ဘာဖြစ်နေကြတာလဲ...."
"ဒီမှာဖိနပ်ပြတ်သွားလို့တဲ့ဆရာ...ဒီကိုရင်
တက်နင်းလိုက်တာ...."
"ဟာ...ကိုရင်ကလည်း လမ်းကိုသေချာကြည့်
မလျှောက်ဘူး...ဆရာ့ကိုဖိနပ်ခဏချွတ်ပေးစမ်းပါ..."
အရှေ့မှ ဦးဆောင်၍သွားနေသော ဆရာသည်လည်း ပုံရိပ်နှင့်ကိုရင်စကားများနေသံကြောင့်
ပြန်လှည့်လာပြီး ငိုမဲမဲ့ဖြစ်နေသည့်ပုံရိပ်ကို ဖိနပ်ချွတ်ခိုင်းလေသည်။ပြတ်သွားသည့်ဖိနပ်ကို သေချာကြည့်လိုက်ပြီးနောက် ဆရာသည်သူ့ပိုက်ဆံအိတ်ကလေးကို ထုတ်ပြီးပိုက်ဆံလေးတွေကို
တွက်နေလေသည်။ပုံရိပ်ကတော့ ဟိုကိုရင်ကိုသာ
မကျေမနပ်တွေဖြစ်ပြီး မျက်စောင်းတွေချည်းလှိမ့်ထိုးနေမိသည်။
ကိုယ့်ကြောင့် ဆရာတို့စိတ်အနှောက်အယှက်ဖြစ်ရတာကိုလည်း တွေးမိကာမျက်ရည်တွေဝဲလာမိသည်။
"ဒီခရီးကို မလိုက်မိခဲ့ရင်ကောင်းသား..."
"ပုံရိပ်...၀မ်းမနည်းနဲ့နော်...ဒီနားမှာပဲစောင့်နေကြ ဆရာပြန်လာခဲ့မယ်....ကိုရင်တို့သူတို့နှစ်ယောက်ကို ရန်မဖြစ်စေနဲ့နော်...ပြန်လာခဲ့မယ်...."
ဆရာထိုနေရာမှ ထွက်သွားသည်နှင့် ပုံရိပ်လည်း မျက်ရည်ဗူးသီးလုံးလောက်ကျလာပြီး ကိုရင်လေးကိုသာ အပြစ်ဖို့နေမိတော့သည်။
"အဲ့ဒါကိုရင့်ကြောင့်သိလား...ကိုရင်ကတစ်ချိန်လုံး
သူများကို ဒုက္ခရောက်အောင်လုပ်နေတယ်..."
"ကိုရင်လည်းမမြင်လိုက်မိလို့ပါ....မငိုပါနဲ့..
ကျောင်းကိုပြန်ရောက်ရင် ဖိနပ်အသစ်ပြန်၀ယ်ပေးပါ့မယ်"
"ကိုရင်ကလည်း ဟိုမှာဆရာသွား၀ယ်တယ်လေ...
ပုံရိပ်လည်းမငိုပါနဲ့တော့...ကဲ..ဒီမှာထိုင်စောင့်ရအောင်..."
လမ်းဘေးရှိ စာအုပ်အဟောင်းဆိုင်တစ်ခုဘေးတွင်ကပ်ပြီး စာအုပ်ထုတ်တွေဘေးမှာ ကိုရင်သုံးပါးနှင့်အတူ ငုတ်တုတ်ထိုင်စောင့်ရလေသည်။
ဆရာဘယ်အထိများ သွား၀ယ်ရသလဲမသိပါဘူး။
မိနှစ်၂၀လောက်ကြာသည်အထိ ရောက်မလာသေးတော့ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေမိသည်။
ပုံရိပ်ဘ၀မှာ မျှော်ရတဲ့အလုပ်ကိုအမုန်းဆုံးပဲ။
တကယ်လို့ ထွက်သွားရရင်တောင် ပုံရိပ်ပဲထွက်သွားချင်ပါတယ်။
စောင့်မျှော်ရတဲ့အလုပ်ဟာ လူကိုစိတ်ပင်ပန်းစေတယ်။
"ဟာ...ဟိုမှာဆရာလာပြီ....ဆရာလာပြီ..."
နေရောင်ထိုးနေသည့်လမ်းကြားထဲတွင် ခြေလှမ်းကျဲများဖြင့် မပြေးရုံတမယ်လှမ်းလာနေသည့်
ဆရာ့ကိုတွေ့လိုက်ကြတော့ ပုံရိပ်တို့လေးဦးလုံးအတွက် မျှော်လင့်ချက်ရောင်ခြည်ကြီးကို
တွေ့လိုက်ရသလို သိပ်ပျော်သွားမိကြတယ်။
ဒီနေ့ကို ပုံရိပ်ဘယ်တော့မှမေ့နိုင်တော့မယ်မထင်ပါဘူး။ ဘယ်ညာညီညီလွှဲယမ်းလာသည့်ဆရာလက်ထဲတွင် ကတ္တီပါဖိနပ်အိတ်ကလေးရှိနေပြီး အနားသို့ရောက်လာသည့်တိုင် ပုံရိပ်ကို၀မ်းမနည်းဖို့ နှစ်သိမ့်ပေးတဲ့ ဆရာ့ရဲ့မေတ္တာစကားလေးတွေက ပုံရိပ်ကိုအင်မတန် အားဖြစ်စေတယ်။
ဆရာ့ကိုလည်း ပိုပြီးကြည်ညိုလေးစားမိတယ်။
ပုံရိပ်ကို အပြစ်တင်သည့်စကားတစ်ခွန်းတောင်
မဆိုခဲ့သည့်အတွက်လည်း ကျေးဇူးတင်မိပါတယ်။
အတွေးထဲမှာ ထိုအချိန်တည်းက၀င်လာခဲ့သည့်
စိတ်ကူးလေးတစ်ခုသည် တချိန်ချိန်မှာဆရာ့ကို ဖိနပ်ကလေးတစ်ရံနှင့် အိင်္ကျီလေးအစားပြန်၀ယ်ပေးနိုင်ဖို့ပါပဲ။
အခန်း(၁၆)ဆက်ရန်ရှိသည်...
(ဆရာနေမျိုးကို ကြွေပါပြီ...)😄
(ဤအပိုင်းတွင်ပါရှိသော အကြောင်းအရာနှင့်အချက်အလက်တစ်ချို့ကို googleကနေပြန်လည်ရှာဖတ်ပြီး ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်...)
========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၅)🔥 ဒုတိယပိုင္း
ဆရာတို႔ရဲ့ဘုန္းႀကီးေက်ာင္းဟာ ဘကေက်ာင္းျဖစ္ ေသာေၾကာင့္ ခ်မ္းသာဆိုေသာစာၾကည့္
တိုက္ကေလးကို ဘုန္းႀကီးကဖြင့္ခိုင္းထားသည္။
အျပင္လူေတြမ်ားေသာအားျဖင့္ လာလႉေလ့ရိွတာကေတာ့ မဂၢဇင္းစာအုပ္ႏွင့္ဂ်ာနယ္လ္ေတြကပိုမ်ားသည္။ရပ္ကြက္ထဲရိွ အခ်ိဳ႕စာဖတ္ဝါသနာပါသူေတြလည္း လာ၍ငွားငွားဖတ္ၾကေပမဲ့
ဘကေက်ာင္းတြင္အနီးကပ္ေနေသာ ေက်ာင္းသားေတြက ပို၍စာဖတ္ျဖစ္ၾကသည္။
ပံုရိပ္သည္လည္း ဆရာေနမ်ိဳး၏အတန္းတြင္
တက္တည္းက တခါတေလေက်ာင္းသို႔ေစာေစာလာၿပီး စာၾကၫ့္တိုက္ထဲတြင္၀င္ေမႊ၍ဖတ္ျဖစ္သည္။
လြန္ခဲ့သၫ့္ သံုးရက္ေလာက္တုန္းကဖတ္ျဖစ္ခဲ့ေသာ ေဆာင္းပါးတစ္ခုတြင္ရန္ကုန္တိုင္း၏
လူဦးေရ သိပ္သည္းမႈအေၾကာင္းကို ဖတ္လိုက္ရသည္။
ရန္ကုန္သည္ တိုင္းေဒသႀကီးမ်ားအနက္ ကုန္းေျမဧရိယာအေသးဆံုးျဖစ္ေပမဲ့ လူေနထူထပ္မႈအမ်ားဆံုးျဖစ္တယ္ဆိုၿပီးေဖာ္ျပထားတယ္။ဒါဟာသိပ္မွန္တယ္လို႔ ထင္ပါတယ္။ပံုရိပ္ငယ္ငယ္ကဆိုရင္ သႀကၤန္၊သီတင္းကၽြတ္၊ကထိန္စတဲ့ ပဲြေတာ္ပိတ္ရက္ေတြမွာ ေမေမတို႔ရြာျပန္တိုင္း အေဖာ္လိုက္ရေလ့ရိွတယ္။ထိုအခါတည္းက ရန္ကုန္နဲ႔ကိုယ့္ေမြးရပ္ ေျမ၏ လူဦးေရကြာဟခ်က္နဲ႔ ေနထိုင္မႈကဲြျပားတာကိုသတိထားမိခဲ့ပါတယ္။
ရန္ကုန္မွာကဧရိယာ တစ္စတုရန္းကီလိုမီတာေလာက္ကို လူဦးေရ၅၀၀ေက်ာ္ေလာက္ေနထိုင္တယ္လို႔ ဖတ္ရတယ္။ပံုရိပ္တို႔ရဲ့ရပ္ကြက္ထဲမွာဆိုရင္ တစ္ၿခံႏွင့္တစ္ၿခံက အိမ္ေဆာက္ထားတာမ်ား ကပ္ရက္ေနတာပါပဲ။နယ္ဘက္လို တစ္ေနရာနဲ႔တစ္ေနရာ အေဝးႀကီးမဟုတ္ပဲ ဟိုဘက္ၿခံကစကားတိုးတိုးေျပာရင္ေတာင္ ဒီဘက္ၿခံကေနၾကားေနရတာမ်ိဳးေပါ့။
ပံုရိပ္တို႔ေနတဲ့ လမ္းဟိုးဘက္အျခမ္းမွာဆိုရင္စည္ပင္ေျမေပၚမွာ က်ူးေက်ာ္တဲေလးေတြ
ေဆာက္ထားတာမ်ား စီထြက္ေနတာပဲ။
ယခင္ကရန္ကုန္ၿမိဳ႔ကိုျမန္မာႏိုင္ငံ၏ အဓိကၿမိဳ႔ေတာ္အျဖစ္သတ္မွတ္ခဲ့ေပမဲ့ယခုေတာ့ ျမန္မာႏိုင္ငံ၏ၿမိဳ႔ေတာ္ဟာ ေနျပည္ေတာ္ျဖစ္သြားခဲ့ပါၿပီ။ကမ္းရိုးတန္းေဒသျဖစ္တဲ့ ရန္ကုန္ဟာ ကူးသန္းေရာင္း၀ယ္ေရး အခ်က္အခ်ာၿမိဳ႔ျဖစ္တဲ့အျပင္ စက္မႈ၊လက္မႈလည္းထြန္းကားသတဲ့။
ေဆာင္းပါးထဲမွာေတာ့ ရန္ကုန္ၿမိဳ႔ရဲ့လူေနမႈထူထပ္သိပ္သည္းပံုေတြ ၊ ရန္ကုန္ၿမိဳ႔ေနလူထုရဲ့ ေန့စဉ္လုပ္ငန္းေတြအေၾကာင္းကို ေဝဖန္သံုးသပ္ထားခဲ့တယ္။
ရန္ကုန္ဆိုတာ ဟိုယခင္ကတံငါရြာေလးတဲ့။
ၿဗိတိသ်ွတို႔လက္ထက္မွာ အမ်ားႀကီးေျပာင္းလဲသြားခဲ့တဲ့ရန္ကုန္...။ေလးဆူဓာတ္ပံု ေရႊတိဂံုေစတီေတာ္ျမတ္ႀကီးတည္ရိွရာရန္ကုန္၌ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ေနခဲ့ရေပမဲ့ ဆူးေလဆိုသၫ့္ေနရာကိုေတာ့ ယခုမွပထမဆံုး ေျခခ်ခြင့္ရသည္။
ဆရာေနမ်ိဳးကို ေက်းဇူးတင္မိပါရဲ့။
"တို႔ေတြ...စာအုပ္ေဟာင္းတန္းမသြားခင္...ဆူးေလဘုရားကို အရင္သြားဖူးရေအာင္..."
"ဟုတ္ကဲ့...."
"ဒါေပမဲ့ဆရာ...သမီးကေဘာင္းဘီႀကီးနဲ႔ ဘုရားေပၚကိုတက္လို႔ရပါ့မလား..'
"ဆူးေလက ေရႊတိဂံုလိုစည္းကမ္းမတင္းၾကပ္ထားပါဘူး...ရတယ္..."
ကားဂိတ္မွအေနာက္ဘက္သို႔ျပန္လွၫ့္၍ ဆူးေလသို႔သြားျဖစ္ၾကေလသည္။
ရုတ္တရက္ ခိုေတြနားေနေသာ ေနရာမျွဖတ္ေလ်ွာက္ရေတာ့ အထိတ္တလန႔္ျဖစ္သြားတဲ့ခိုေလးေတြဟာ အံုလိုက္က်င္းလိုက္ျပန္တက္ကုန္ၾကရာ ရုတ္တရက္ဆိုသလို ပံုရိပ္၏ ဆံပင္ခဲြေခ်ာင္းတၫ့္တၫ့္သည္ ပူခနဲျဖစ္သြားသည္။
ဘာႀကီးတုန္းဟဆိုၿပီး လက္နဲ႔စမ္းၾကၫ့္လိုက္ေတာ့...
"ဟင္...ခိုေခ်းေတြ....ဆရာ့..ေခါင္းေပၚကိုခိုေခ်းပါခ်သြားတယ္...."
"ဟ...ဟ...မႀကီးပံုေတာ့ေဈးဦးေပါက္ၿပီေဟ့...
ဘာမွမျဖစ္ပါဘူးဗ်ာ...သိဒၶတၴမင္းသားၾကင္ယာေတာ္ေရြးသြားတာပါ...ေခ်းပါခ်ၿပီးေတာ့...."
"ဟဲ့...ကိုရင္ျဖစ္ၿပီးေတာ့ေနာ္...ဘုရားေလာင္းနာမည္ကို...ခိုနဲ႔ႏိႈင္းစရာလား..."
ပံုရိပ္ေျပာလိုက္ေတာ့မွ ကိုရင္ေလးကပါးစပ္ပိတ္ၿပီး တခစ္ခစ္ရယ္သည္။
က်န္ကိုရင္ႏွစ္ပါးကလည္း
"ကိုရင္မဟုတ္တာေတြ ေလ်ွာက္ေျပာမေနနဲ႔
ေခါင္းေခါက္လိုက္မယ္..."ဆိုကာ ကိုရင္ငယ္ေလးကို ခ်စ္စႏိုးႏွင့္စေနာက္ၾကေလသည္။
ဆရာကေတာ့ သူ႔ေက်ာပိုးအိတ္၏ေခ်ာင္တြင္ကပ္ေနေသာ တစ္ရႉးထုပ္ကိုယူ၍ ႏွစ္ရြက္ေလာက္ထုတ္ကာ ပံုရိပ္လက္ထဲသို႔လာထၫ့္သည္။
"သုတ္လိုက္...ဒီေန့ကံေကာင္းမယ္ဆိုတဲ့ သေဘာေပါ့...."
"ကံမေကာင္းရင္ေနပါေစ...ငွက္ေခ်းေစာ္မနံရင္
ရၿပီ..."
"ဟား...ဟား....ကံလည္းပြင့္ အနံ႔လည္းလြင့္ေပါ့..."
"ဒီကိုရင္ကေတာ့ေလ...."
"အျမန္လာၾကပါကြာ...အျပန္ၾကရင္
ကားလမ္းေတြပိတ္လိမ့္မယ္ ...."
ဆရာ့ေနာက္မွလိုက္ရင္း ဘုရားရင္ျပင္ေပၚသို႔ေရာက္ေတာ့ ပံုရိပ္လည္းအၾကာႀကီးဘုရား၀တ္ျပဳလိုက္မိသည္။
ကိုယ္၀တ္ျပဳျပီး၍ အေနာက္သို႔ျပန္လွၫ့္ၾကၫ့္လိုက္မိေတာ့ အားလံုးကေနရိပ္သၫ့္ေနရာေလးမွာ စုႃပံုၿပီးသြားထိုင္ေနၾကေလသည္။
"ၾကၫ့္စမ္း...တစ္ေယာက္မွအသံမေပးၾကဘူး..."
ထို႔ေနာက္တြင္ဆူးေလကို လက္ယာရစ္ျဖင့္တစ္ပတ္ပတ္လိုက္ၾကေလသည္။ႄကံုတုန္းေလးဆရာေနမ်ိဳးကလည္း ဗဟုသုတရစရာေတြကို ေျပာျပလာသည္။
ဆူးေလေစတီေတာ္သည္ ရႏ္ုကုန္ၿမိဳ႔၏
အလယ္ဗဟိုတြင္ ကြန္းခိုတည္ရိွေနၿပီး
ဆူးေလဘုရားႀကီး၏အေရ႔ွေျမာက္ေထာင့္တြင္
(ရန္ကုန္ၿမိဳ႔၏ေရွးေဟာင္းအေမြအႏွစ္စာရင္း၀င္)
သည့္ ခမ္းနားဖြယ္ ေဆာက္လုပ္ထားေသာ
ရန္ကုန္ၿမိဳ႔ေတာ္ခန္းမတည္ရိွသည္။
ၿမိဳ႔ေတာ္၀န္ဟုလည္း ေခၚတြင္ေသာ
ဤအေဆာက္အဦးႀကီးအား ဗိသုကာပညာရွင္ စည္သူဦးတင္သည္ ေဆာက္လုပ္ဖို႔ရန္ ၁၈၂၆ခုႏွစ္မွာ အေကာင္အထည္ေဖာ္ခဲ့တယ္။ )
ျမန္မာမႈႏွင့္ အေနာက္ပိုင္း၏မတူညီေသာလက္ရာ ဟန္ပန္ေတြကို ေပါင္းစပ္တတ္သၫ့္ ထင္ရွားေသာဗိသုကာပညာရွင္ အင္ဂ်င္နီယာစည္သူဦးတင္သည္ မႏၲေလးၿမိဳ႔ ပုလဲေငြေရာင္အရပ္တြင္၁၉၀၃၌
ေမြးဖြားခဲ့ၿပီး မႏၲေလးနန္းေတာ္၏ အႏြယ္အဆက္မွ ဆင္းသက္လာသူလည္းျဖစ္သည္။
သူ၏ဖခင္ အင္စပက္ေတာ္ဦးတိုးသည္
ကေနာင္မင္းသားႀကီး၏အားထားရေလာက္ေသာ လက္ရံုးတစ္ဆူျဖစ္ရံုမ်ွမက ဒဂၤါးစက္ရံုႏွင့္ အၿမွောက္စက္ရံုမ်ားကိုလည္း ဦးစီးလုပ္ခဲ့သၫ့္ ျမန္မာအင္ဂ်င္နီယာႀကီးလည္းျဖစ္သည္ ။
ဆရာက ဗိသုကာပညာရွင္ႀကီးစည္သူဦးတင္
တက္ခဲ့ေသာ မႏၲေလးေအာင္ျမသာစံၿမိဳ႔နယ္ရိွ
စိန႔္ပီတာအထက္တန္းေက်ာင္းနာမည္ကို ေျပာျပတဲ့အခါ အေဖေျပာခဲ့ဖူးေသာ ဆရာ၀န္ႀကီးအဖိုး
ဦးမိုးမင္းဆိုသူကို သတိရမိသည္။
သူကေရာဘယ္လိုေက်ာင္းမ်ိဳးမွာ တက္ခဲ့တာပါလိမ့္။
ျမန္မာ့ေစာင္းႏွင့္ စႏၵယားကိုတီးခတ္ရတာ
ႏွစ္သက္ေသာမႏၲေလးသူ အဖြားေဒၚရိပ္ညိုကိုလည္း မ်က္လံုးထဲတြင္ျမင္ေယာင္မိသည္။
သူတို႔ကေရာ ဘယ္လိုလူမ်ိဳးေတျြဖစ္မလဲ၊
သူတို႔၏မ်က္ႏွာသြင္ျပင္ဟာ ဘယ္လိုဆိုတာ သိခ်င္မိသည္။
မႏၲေလးသူေတြဟာ ကၽြန္ေတာ္"ကၽြန္ေတာ္လို႔..."တကယ္ပဲ သံုးႏႈန္းတတ္သလားလည္း
သိခ်င္မိသည္။
ရန္ကုန္ၿမိဳ႔အလယ္တြင္တည္ရိွေသာ ျမန္မာႏိုင္ငံ၏အႀကီးဆံုးမီးရထားဘူတာတစ္ခုျဖစ္သၫ့္ ရန္ကုန္ဘူတာႀကီးသည္လည္း ၁၉၅၄ခုႏွစ္တြင္ ျပန္လည္ဒီဇိုင္းလ္ေရးဆဲြထားသၫ့္ စည္သူဦးတင္၏ လက္ရာေတြထဲမွတစ္ခုပင္ျဖစ္သည္။
ဆူးေလးဘုရား၏အေရ႔ွေတာင္ေထာင့္စြန္းစြန္းတြင္ လြတ္လပ္ေရးေက်ာက္တိုင္ႀကီးစိုက္ထူ၍ထားေသာ မဟာဗႏၶုလပန္းၿခံႏွင့္ တရားလႊတ္ေတာ္ရံုးခ်ဳပ္တို႔ရိွေလသည္။
မဟာဗႏၶုလပန္းၿခံဟု အမည္ေခၚတြင္ျခင္းမွာ အဂၤလိပ္_ျမန္မာစစ္ပဲြတြင္ တိုင္းျပည္အတြက္အသက္စြန႔္၍တိုက္ခိုက္ခဲ့ရွာေသာ စစ္သူႀကီးမဟာဗႏၶုလအား ဂုဏ္ျပဳေသာအားျဖင့္ မွၫ့္ထားျခင္းျဖစ္သည္။ပန္းၿခံႀကီး၏အလယ္တြင္ ၿဗိတိသ်ွတို႔ထံမွ လြတ္လပ္ေရးရေသာအထိန္းအမွတ္အျဖစ္ လြတ္လပ္ေရးေက်ာက္တိုင္ႀကီးအား ၁၉၄၈တည္းကထားရိွခဲ့သည္။ထိုလြတ္လပ္ေရးေက်ာက္တိုင္၏ ဗိသုကာပညာရွင္ေတြထဲတြင္လည္း ေရႊမန္းႏြယ္
နန္းဆက္ဖြားစည္သူဦးတင္ပါ၀င္ခဲ့သည္။
ဆရာသည္ ဆက္လက္ၿပီးဆူးေလဘုရားႀကီး၏ ေရႊတိဂံုဘုရားမွအျမင့္ေပဘယ္ေလာက္ရိွေၾကာင္းႏွင့္ ဉာဏ္ေတာ္သည္ ရင္ျပင္ေတာ္ႏွင့္ငွက္ျမတ္နားစိန္ဖူးေတာ္အထိ၁၅၁ခန႔္ျမင့္ေသာ ဆူးေလဘုရားႀကီးသည္ ဗိုလ္တစ္ေထာင္ဆံေတာ္ဦးေစတီႏွင့္ ကြာေဝးသည့္ေပေပါင္းကိုရွင္းျပသည္။
ဆက္လက္၍ ေရႊတိဂံုေစတီ၊ဗိုလ္တစ္ေထာင္ဘုရားႏွင့္ ဆူေလဘုရားတို႔၏ သမိုင္းေၾကာင္းကို
စပ္ဆက္၍ရွင္းျပသည္။
"ကဲ...နားၿပီးသြားၿပီဆိုေတာ့..တို႔ေတြစာအုပ္အေဟာင္းတန္းကို သြားၾကတာေပါ့...."
"ဆရာ...ကိုရင္တို႔ၿမိဳ႔ေတာ္ခန္းမကို ၀င္ၾကၫ့္လို႔မရဘူးလား...."
"ၿမိဳ႔ေတာ္ခန္းမက ၀င္ခ်င္တိုင္း၀င္လို႔မရဘူးေလ...
တို႔ ေတြစာအုပ္၀ယ္ရအံုးမွာနဲ႔ အျပန္ကားၾကပ္မွာနဲ႔
အခ်ိန္ေတြႏွောင့္ေနွးေနလိမ့္မယ္...."
"ဒါဆို...မဟာဗႏၶုလပန္းၿခံကို ၀င္ၾကရေအာင္ဆရာရယ္..."
"ကဲ....ပန္းၿခံထဲကေနျဖတ္ေလ်ွာက္ၾကမယ္....
ဟုတ္ၿပီလား...."
ပံုရိပ္တို႔အဖဲြ႔ ဆူးေလဘုရားမွဆင္းခဲ့ကာ
ကားလမ္းကူးၿပီးေနာက္တြင္ မဟာဗႏၶုလပန္းၿခံထဲမွ ျဖတ္ေလ်ွာက္ျဖစ္ၾကသည္။ပန္းၿခံထဲတြင္ လူေတြအမ်ားႀကီးရိွေနၿပီး အလွဓာတ္ပံုရိုက္သူေတြလည္းရိွေနသလို ျမက္ခင္းေပၚတြင္ထိုင္၍အနားယူေနၾကသူေတြလည္း အမ်ားႀကီးပါပဲ။
ဘာေၾကာင့္မ်ား ဒီတစ္ေနရာတည္းမွာ လာစုေနရတာပါလိမ့္။
ဆပ္ျပာကုမၸဏီတစ္ခုကလည္း ပရိုမိုးရွင္းဆင္းသၫ့္အေနျဖင့္ ကန္ပိန္းတစ္ခုလာလုပ္ေနေသာေၾကာင့္ သီခ်င္းေတြလည္းဖြင့္ထားေလသည္။
ဆရာသည္ ျဖတ္ေလ်ွာက္ရံုပဲဟု ေျပာခဲ့သလိုပဲ ျဖတ္ေလ်ွာက္ရံုကလႊဲ၍ ခဏေတာင္ထိုင္မနားခဲ့ရေပ။
ထို႔ေနာက္တြင္စာေပဗိမာန္စာအုပ္တိုက္၏ မ်က္ႏွာခ်င္းဆိုင္၃၇လမ္း အလယ္ဘေလာက္သို႔
ဆက္ေလ်ွာက္ခဲ့ၾကသည္။ပံုရိပ္ရဲ့ အာရံုထဲမွာေတာ့ ျမင္ျမင္သမ်ွဟာ တကယ့္ကိုအသစ္အဆန္းေတြပါပဲ။
ဓနိမိုး၊ထရံကာမွစ၍တိုက္အိမ္ေလးဟိုတစ္စု၊
သည္တစ္စုသာရိွေသာ လမ္းက်ဥ္းေလးထဲမွာသာ ေလ်ွာက္ဖူးသည့္ ပံုရိပ္ဟာ ဒီလို တိုက္ႀကီးေတြႏွင့္သာျပၫ့္ႏွက္ေနေသာ ေနရာမွာလြတ္လပ္ေပါ့ပါးစြာ လမ္းေလ်ွာက္ေနမိတယ္။
ဒါ့အျပင္ တစ္ခါမ်ွမေတြ့ဖူးခဲ့ေသာ မ်ားျပားလွသၫ့္စာအုပ္ပံုေတြႏွင့္ စာအုပ္ေဟာင္းတန္းႀကီးက
မ်က္လံုးထဲမွာ အလင္းေရာင္ေတြတျဖတ္ျဖတ္လက္သြားသလို တန္ဖိုးရိွလြန္းေနသည္။
စာအုပ္ေတြကို ေျမၾကီးမွာပံုၿပီးေရာင္းေနတာေတြေရာ ေတြ့ခဲ့ရေတာ့ အလကားမ်ားရရင္ေျပးေကာက္ခ်င္လိုက္တာ။
"ဒီစာအုပ္ ဘယ္ေလာက္လည္းညီ....."
"...တစ္အုပ္တစ္ေထာင္ပါ...."
ဆရာသည္ ဆိုင္တစ္ခုၿပီးတစ္ခုကို၀င္ၿပီး ေဈးေတြကိုေမးသည္ ။ အခ်ိဳ႕စာအုပ္ေတြကေတာ့ ေဈးတန္ေပမဲ့ အခ်ိဳစာအုပ္ေတြက ဆိုင္ႀကီးေတြမွာေရာင္းသၫ့္ေဈးနဲ႔ အတူတူျဖစ္ေန၍ မ၀ယ္တာဟုဆရာကဆိုတယ္။
သို႔ေပမဲ့ ဘုန္းႀကီးေက်ာင္းရိွခ်မ္းသာစာၾကၫ့္တိုက္အတြက္ဆိုကာ ပညာေရး ေဆာင္းပါးစာအုပ္ေတြႏွင့္ ပံုျပင္၊ကာတြန္းစာအုပ္အမ်ားအျပားကိုလည္း ဆရာ၀ယ္ေလသည္။
ဒီစာအုပ္ေတြကေတာ့ ေဈးအရမ္းတန္တယ္။
၃၇လမ္းအလယ္ဘေလာက္တြင္ရိွေသာ အုန္းေစာစာအုပ္အေဟာင္းဆိုင္သို႔ေရာက္တဲ့အခါမွာေတာ့
ပံုရိပ္၏အျမင္အာရံုေတြ ပြင့္ထြက္သြားရေလာက္ ေအာင္အထိ အံ့ဩမိသည္။ဒီေလာက္မ်ားတဲ့စာအုပ္ေတြကို ဒါပထမဦးဆံုးေတြ့ဖူးျခင္းဆိုတာ က်ိန္ၿပီးေတာင္ေျပာရဲပါတယ္။ဒီလိုစာအုပ္စင္ေတြ
ပံုရိပ္၏အိပ္ခန္းက်ဉ္းေလးထဲမွာသာရိွရင္ အခန္းထဲကကို ထြက္ျဖစ္မွာမဟုတ္ဘူး။
"ဆရာ...ဒီဘက္မွာစာအုပ္ေတြၾကၫ့္လိုက္အံုးမယ္...
နဲနဲၾကာအံုးမွာဆိုေတာ့ ကိုရင္တို႔ေရာ..ပံုရိပ္ေရာ..
အျခားစာအုပ္ေတြအျမည္းလိုက္ဖတ္ေနလိုက္ၾကအံုး...လိုခ်င္တဲ့စာအုပ္ေတြ့ရင္လည္း ဆရာ့ကိုေျပာၾကေပါ့...."
ပံုရိပ္တို႔ကိုထိုသို႔ေျပာၿပီး စာအုပ္ပံုေတြၾကားတြင္
သူ႔အိမ္သူ႔ယာလို ထိုင္ခ်လ်ွက္ သူေရြးၿပီးသားစာအုပ္အခ်ိဳ႕ကို ထိုင္ဖတ္ၾကၫ့္ေနပါေသာဆရာ
ပူလို႔ထင္ပါရဲ့ စတိုင္ပဲန္ကိုဒူးအထက္ေလာက္အထိ လိပ္တင္ထားေလရဲ့။အလုပ္သြားတိုင္း ဆရာဟာ
ဒီလိုပဲ ၀တ္စားတတ္သလားမသိေပမဲ့ ပံုရိပ္အၿမဲတမ္းျမင္ေနၾကကေတာ့ ပုဆိုးကိုဒူးေလာက္အထိ တက္ကာ၀တ္သၫ့္ ပံုစံပါပဲ။
အမွန္ေတာ့ အသက္အစိပ္ေတာင္မျပၫ့္ေသးသၫ့္ ဆရာသည္ဒီလိုပံုစံမ်ိဳးကမွ ပိုၿပီးလူငယ္ဆန္သည္ဟုဆိုရမည္။ ဒါေပမဲ့ ဆရာသည္သူ႔လိုရြယ္တူေတြႏွင့္မတူပဲ ရင္က်က္တည္ၿငိမ္သည္။သူစိတ္၀င္စားတဲ့အရာက သူ႔ေက်ာင္းသားေတြကိုစာသင္တာရယ္ ဘုန္းႀကီးေက်ာင္းကိစၥအ၀၀ရယ္ႏွင့္ သူ႔စာအုပ္ေတြကိုပါပဲ။
"ပံုရိပ္....ဖတ္ခ်င္တဲ့စာအုပ္ေတြကို ေတြ့လား...."
ဆရာသည္ စာအုပ္ပံုထဲမွာ ေခါင္းငိုက္ဆိုက္ခ်
လ်ွက္ေရြးေနရင္းမွ ဘာစိတ္ကူးေပါက္လာသလဲ
မသိေပ။
ပံုရိပ္၏ ေဘးနားသို႔ေရာက္လာၿပီး ပံုရိပ္၏လက္ထဲမွ စာအုပ္ကေလးကိုလွမ္းယူလိုက္သည္။
ဆရာ့မ်က္ႏွာသည္ ၾကည္လင္ေနၿပီး ဆရာ့မ်က္လံုးေတြက ေအးခ်မ္းမႈအျပၫ့္ျဖစ္ေနသည္။
ပံုရိပ္ေရြးထားေသာ သိပၸံေမာင္၀၏ေဆာင္းပါးမ်ား စာအုပ္ကိုၾကၫ့္လိုက္ၿပီးေနာက္ ဆရာကပံုရိပ္ကိုႃပံုး၍ၾကၫ့္လာေလသည္။
"မဆိုးဘူး...စာအုပ္ေရြးတတ္သားပဲ..."
"ဟုတ္လားဆရာ...."
"အင္း....ဒီေဆာင္းပါးထဲက ဇာတ္ေကာင္က
ေမာင္လူေအးေလ....ပံုရိပ္တို႔ရဲ့ျမန္မာစာမွာလည္း ေနာက္ၾကရင္ေမာင္လူေအးကိုသင္ရမွာ....ဒီစာအုပ္ေလးကိုဆရာေရာရွင္းလိုက္မယ္...ပံုရိပ္အတြက္လည္းစာစီစာကံုးစာအုပ္ေတြႏွင့္ levelနိမ့္တဲ့အဂၤလိပ္ပံုျပင္စာအုပ္ေလးေတြ ေရြးထားတယ္...
ဆရာသင္ေပးထားတဲ့အဂၤလိပ္စာအေျခခံကိုသံုးၿပီး ဖတ္ပါမ်ားရင္...အက္ေစးကို
ကိုယ့္စိတ္ကူးနဲ႔ကိုယ္ေရးႏိုင္သြားလိမ့္မယ္..."
"ဆရာ...တကယ္ေျပာတာလား..."
"အင္းေပါ့...ဆရာလည္းဒီလိုပဲက်င့္ယူခဲ့ရတာ
ဆရာကေတာ့ ၿမိဳ႔ထဲမွာသင္တန္းသြားတတ္ထားေသးတာေပါ့....ဆယ္တန္းေအာင္ၿပီးရင္ေတာ့ပံုရိပ္သိလာပါလိမ့္မယ္...အခုေက်ာင္းသင္ခန္းစာက
ဘာမွမဟုတ္ဘူး...ေနာက္ထပ္ေလ့လာရမွာေတြကလည္း အမ်ားႀကီးရိွေသးတယ္..အခုလည္းတမင္အျမင္က်ယ္ေအာင္လို႔ ေခၚလာတာ..."
"ေက်းဇူးတင္ပါတယ္ဆိုရာရယ္...သမီးေလဒီေနရာကို သိပ္သေဘာက်တယ္...စာအုပ္ေတြအမ်ားႀကီးကိုေတြ့ရတာလည္း တကယ္၀မ္းသာတယ္"
"ဒီလိုဆိုေတာ့ ဆရာေခၚလာရက်ိဳးနပ္တာေပါ့...
ပံုရိပ္လည္းႀကိဳးစား...ဆရာလည္းအားရင္အားသလို ပံုရိပ္အားနည္းတဲ့ဘာသာေတြကိုကူေပးပါ့မယ္....ပံုရိပ္လုပ္ႏိုင္ပါတယ္ ဟုတ္တယ္မွတ္လား.."
"အင္း...ပံုရိပ္ကဆရာ့လိုျဖစ္ခ်င္တာ..."
ထိုသို႔ပံုရိပ္ေျပာလိုက္ေတာ့ ဆရာသည္
သြားတန္းေဖြးေဖြးေလးေတြေပၚေအာင္အထိ
ရယ္သည္။
ဘာေၾကာင့္ရယ္တာလည္း နားမလည္ေပမဲ့
ဆရာေျပာလိုက္သၫ့္ စကားတစ္ခြန္းကေတာ့
သူ႔ကိုယ္သူႏိွမ္ခ်ၿပီး ေနတတ္သူမွန္းသိသာေစသည္။
"ဆရာက...ဘာႀကီးမွမဟုတ္ပါဘူးကြာ...ဆရာ့ထက္ေတာ္တဲ့ထက္တဲ့လူေတြမွ အမ်ားႀကီးပါ..."
"ဟင့္အင္း...ဆရာလည္းအမ်ားႀကီးေတာ္ပါတယ္...
ဦးဇင္းႃပံုးခ်ိဳကေတာင္ေျပာတယ္...ဆရာကအင္မတန္ဝီရိယ ဇဲြလံု႔လရိွတယ္တဲ့...အရမ္းလည္းႀကိဳးစားလို႔ တစ္ေန့ထြန္းေပါက္အံုးမွာတဲ့ေလ...."
"ကဲ...ဟုတ္ပါၿပီဗ်ာ...ဒီကျပန္ရင္ စားေကာင္းတာေလး၀ယ္ကၽြေးပါ့မယ္...."
ဆရာသည္ ထိုစကားကိုသာေျပာခဲ့ၿပီး သူေရြးထားေသာစာအုပ္ေတြေဘးနားသို႔ ျပန္၍သြားထိုင္ေနေလသည္။ကိုရင္ေလးေတြကလည္း ဆရာ့ေဘးနားမွာ ထိုင္ခ်ၿပီးစာအုပ္ေရြးေနၾကေလသည္။ပံုရိပ္၏စိတ္ထဲမွာေတာ့ ဆရာကသူ႔ကိုၿမွောက္ေျပာေနတယ္ဟု ထင္ကာစားေကာင္းတာ၀ယ္ကၽြေးမယ္လို႔ ေျပာသြားသၫ့္စကားအားမေက်မခ်မ္းျဖစ္ေနမိသည္။
အမွန္ေတာ့ ပံုရိပ္သည္ဆရာ့ကို ၿမွောက္ေပးတာလည္းမဟုတ္သလို ပံုရိပ္အေပၚကိုဆရာအထူးတလည္ဂရုစိုက္ေစခ်င္၍လည္း မဟုတ္ပါဘူး။ ပံုရိပ္ရဲ့ရင္းတြင္းမွာ အလိုလိုျဖစ္တည္လာတဲ့စကားကို ေျပာလိုက္မိတာပါ။
"...ဒါေပမဲ့ ဆရာကမယံုဘူး။.."
ထိုဆိုင္ကေနျပန္အထြက္မွာ ဆရာ့လက္ထဲ၌စာအုပ္ေတြ အစည္းလိုက္ပါလာခဲ့တယ္။
ပံုရိပ္တို႔ကလည္း ကူဆဲြရတာေပါ့ေလ။
ကိုရင္ေလးေတြ ဆြမ္းစားခ်ိန္ေက်ာ္သြားမည္စိုး၍
ဆရာသည္ နီးစပ္ရာထမင္းဆိုင္သို႔ ေခၚလာခဲ့သည္။
ပံုရိပ္ကေတာ့ အားနာလို႔ဘာမွမမွာရဲေပ။
ကိုယ့္စားစရိတ္ကိုယ္ရွင္းဆိုပါကလည္း ဘယ္ေလာက္ကုန္က်မွန္းမသိေတာ့ ရွင္းမယ္လို႔
မေျပာရဲဘူး။
ဆရာကပဲ ဦးေဆာင္၍ပုစြန္ဟင္းရယ္၊ၾကက္သားရယ္ႏွင့္ အရြက္ေၾကာ္ႏွစ္ပဲြ အသုတ္တစ္ပဲြမွာေလသည္။ကိုရင္ေတြကေတာ့ ေနာက္ကေနကၽဲြလိုက္သလားမွတ္ရတယ္ စားလိုက္ၾကတာေခါင္းေတာင္မေဖာ္ၾကဘူး။
ဟင္းခြက္ေတြထဲမွာဆို သူတို႔လက္ႀကီးပဲ။
ငရဲႀကီးမွာစိုး၍သာ မေျပာရဲတာပါ။
"ကိုရင္တို႔ ဘယ္ဘ၀ထဲက အငတ္ေဘးဆိုက္လာသလဲလို႔ ေမးလိုက္ခ်င္တယ္..."
"ပံုရိပ္....ထၫ့္စားေလ...အစားနည္းလွခ်ည္လား..."
"ဘာမွမဟုတ္ဘူး...ပဲမ်ားေနတာ..."
"ကိုရင္ေနာ္...ဘယ္မွာပဲမ်ားလို႔လဲ...."
"ကဲ...ကိုရင္ရယ္မစစမ္းပါနဲ႔...ပံုရိပ္စားေနာ္...
အားမနာနဲ႔..."
"ဟုတ္ကဲ့...."
ေဘးက ကိုရင္ကိုမေက်မနပ္ၾကၫ့္လိုက္မိေတာ့
ပံုရိပ္ကိုရယ္က်ဲက်ဲလာလုပ္ျပသည္။ဟိုဘက္မွကိုရင္ႏွစ္ပါးက အိႁႏၵေရသေလာက္ ဒီကိုရင္ငယ္ကေတာ့ ေတာ္ေတာ္အစအေနာက္သန္သည္။
ထမင္းစားၿပီးေနာက္ အခ်ိဳတည္းသၫ့္အေနျဖင့္
အခ်ိဳေရတစ္ေယာက္တစ္ခြက္ေသာက္လိုက္ရတာ ေၾကာင့္ ဗိုက္ကေတာ့တင္းသြားသည္။
ထမင္းဆိုင္မွာ အေညာင္းေျဖၿပီးသည္မို႔ ျပန္ဖို႔ရန္ပဲ ဆံုးျဖတ္လိုက္ၾကၿပီးေနာက္ ဆရာကေငြသြားရွင္းၿပီး ဆိုင္ထဲမွထြက္လာလိုက္ၾကသည္။
"အာ့....ဟာ...ဖိနပ္ပ်က္သြားၿပီ....ကိုရင္ဘာလို႔ဖိနပ္ကို တက္နင္းရတာလဲ...."
"ဟာ...မျမင္လိုက္မိလို႔ပါ..."
"မျမင္ရမလား...ေရ႔ွမွာတစ္ေယာက္လံုးလမ္းေလ်ွာက္ေနတာကို..."
"ဘာျဖစ္ေနၾကတာလဲ...."
"ဒီမွာဖိနပ္ျပတ္သြားလို႔တဲ့ဆရာ...ဒီကိုရင္
တက္နင္းလိုက္တာ...."
"ဟာ...ကိုရင္ကလည္း လမ္းကိုေသခ်ာၾကၫ့္
မေလ်ွာက္ဘူး...ဆရာ့ကိုဖိနပ္ခဏခၽြတ္ေပးစမ္းပါ..."
အေရ႔ွမွ ဦးေဆာင္၍သြားေနေသာ ဆရာသည္လည္း ပံုရိပ္ႏွင့္ကိုရင္စကားမ်ားေနသံေၾကာင့္
ျပန္လွၫ့္လာၿပီး ငိုမဲမဲ့ျဖစ္ေနသၫ့္ပံုရိပ္ကို ဖိနပ္ခၽြတ္ခိုင္းေလသည္။ျပတ္သြားသၫ့္ဖိနပ္ကို ေသခ်ာၾကၫ့္လိုက္ၿပီးေနာက္ ဆရာသည္သူ႔ပိုက္ဆံအိတ္ကေလးကို ထုတ္ၿပီးပိုက္ဆံေလးေတြကို
တြက္ေနေလသည္။ပံုရိပ္ကေတာ့ ဟိုကိုရင္ကိုသာ
မေက်မနပ္ေတျြဖစ္ၿပီး မ်က္ေစာင္းေတြခ်ည္းလိွမ့္ထိုးေနမိသည္။
ကိုယ့္ေၾကာင့္ ဆရာတို႔စိတ္အေနွာက္အယွက္ျဖစ္ရတာကိုလည္း ေတြးမိကာမ်က္ရည္ေတြဝဲလာမိသည္။
"ဒီခရီးကို မလိုက္မိခဲ့ရင္ေကာင္းသား..."
"ပံုရိပ္...၀မ္းမနည္းနဲ႔ေနာ္...ဒီနားမွာပဲေစာင့္ေနၾက ဆရာျပန္လာခဲ့မယ္....ကိုရင္တို႔သူတို႔ႏွစ္ေယာက္ကို ရန္မျဖစ္ေစနဲ႔ေနာ္...ျပန္လာခဲ့မယ္...."
ဆရာထိုေနရာမွ ထြက္သြားသည္ႏွင့္ ပံုရိပ္လည္း မ်က္ရည္ဗူးသီးလံုးေလာက္က်လာၿပီး ကိုရင္ေလးကိုသာ အျပစ္ဖို႔ေနမိေတာ့သည္။
"အဲ့ဒါကိုရင့္ေၾကာင့္သိလား...ကိုရင္ကတစ္ခ်ိန္လံုး
သူမ်ားကို ဒုကၡေရာက္ေအာင္လုပ္ေနတယ္..."
"ကိုရင္လည္းမျမင္လိုက္မိလို႔ပါ....မငိုပါနဲ႔..
ေက်ာင္းကိုျပန္ေရာက္ရင္ ဖိနပ္အသစ္ျပန္၀ယ္ေပးပါ့မယ္"
"ကိုရင္ကလည္း ဟိုမွာဆရာသြား၀ယ္တယ္ေလ...
ပံုရိပ္လည္းမငိုပါနဲ႔ေတာ့...ကဲ..ဒီမွာထိုင္ေစာင့္ရေအာင္..."
လမ္းေဘးရိွ စာအုပ္အေဟာင္းဆိုင္တစ္ခုေဘးတြင္ကပ္ၿပီး စာအုပ္ထုတ္ေတြေဘးမွာ ကိုရင္သံုးပါးႏွင့္အတူ ငုတ္တုတ္ထိုင္ေစာင့္ရေလသည္။
ဆရာဘယ္အထိမ်ား သြား၀ယ္ရသလဲမသိပါဘူး။
မိႏွစ္၂၀ေလာက္ၾကာသည္အထိ ေရာက္မလာေသးေတာ့ တစ္ခုခုျဖစ္မွာကို စိုးရိမ္ေနမိသည္။
ပံုရိပ္ဘ၀မွာ ေမ်ွာ္ရတဲ့အလုပ္ကိုအမုန္းဆံုးပဲ။
တကယ္လို႔ ထြက္သြားရရင္ေတာင္ ပံုရိပ္ပဲထြက္သြားခ်င္ပါတယ္။
ေစာင့္ေမ်ွာ္ရတဲ့အလုပ္ဟာ လူကိုစိတ္ပင္ပန္းေစတယ္။
"ဟာ...ဟိုမွာဆရာလာၿပီ....ဆရာလာၿပီ..."
ေနေရာင္ထိုးေနသည့္လမ္းၾကားထဲတြင္ ေျခလွမ္းက်ဲမ်ားျဖင့္ မေျပးရံုတမယ္လွမ္းလာေနသၫ့္
ဆရာ့ကိုေတြ့လိုက္ၾကေတာ့ ပံုရိပ္တို႔ေလးဦးလံုးအတြက္ ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ႀကီးကို
ေတြ့လိုက္ရသလို သိပ္ေပ်ာ္သြားမိၾကတယ္။
ဒီေန့ကို ပံုရိပ္ဘယ္ေတာ့မွေမ့ႏိုင္ေတာ့မယ္မထင္ပါဘူး။ ဘယ္ညာညီညီလႊဲယမ္းလာသၫ့္ဆရာလက္ထဲတြင္ ကတၲီပါဖိနပ္အိတ္ကေလးရိွေနၿပီး အနားသို႔ေရာက္လာသၫ့္တိုင္ ပံုရိပ္ကို၀မ္းမနည္းဖို႔ ႏွစ္သိမ့္ေပးတဲ့ ဆရာ့ရဲ့ေမတၲာစကားေလးေတြက ပံုရိပ္ကိုအင္မတန္ အားျဖစ္ေစတယ္။
ဆရာ့ကိုလည္း ပိုၿပီးၾကည္ညိုေလးစားမိတယ္။
ပံုရိပ္ကို အျပစ္တင္သၫ့္စကားတစ္ခြန္းေတာင္
မဆိုခဲ့သၫ့္အတြက္လည္း ေက်းဇူးတင္မိပါတယ္။
အေတြးထဲမွာ ထိုအခ်ိန္တည္းက၀င္လာခဲ့သၫ့္
စိတ္ကူးေလးတစ္ခုသည္ တခ်ိန္ခ်ိန္မွာဆရာ့ကို ဖိနပ္ကေလးတစ္ရံႏွင့္ အိက်ႌေလးအစားျပန္၀ယ္ေပးႏိုင္ဖို႔ပါပဲ။
အခန္း(၁၆)ဆက္ရန္ရိွသည္...
(ဆရာေနမ်ိဳးကို ႂကြေပါၿပီ...)😄
(ဤအပိုင္းတြင္ပါရိွေသာ အေၾကာင္းအရာႏွင့္အခ်က္အလက္တစ္ခ်ိဳ႕ကို googleကေနျပန္လည္ရွာဖတ္ၿပီး ေကာက္ႏႈတ္ထားျခင္းျဖစ္ပါတယ္...)
No comments:
Post a Comment