(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၄)🔥 ပထမပိုင်း
ဆရာနေမျိုးဆီမှာစာသင်နေတာ ဘာလိုလိုနှင့်
ငါးရက်မြောက်ခဲ့လေပြီ။ဒီနေ့တော့ အဒေါ်ကစာသွားသင်လျှင် သက်သက်ရက်ရက်၀တ်သွားစမ်းပါဟုဆိုသဖြင့် မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီအောင် စပဲန့်အပျော့သား အညို၀မ်းဆက်လေးကို မီးပူထိုး၍၀တ်ခဲ့သည်။
အိမ်မှာက လျှက်စစ်မီးပူမ၀ယ်ရသေးသောကြောင့် အဒေါ်တို့လင်မယားအိမ်ထောင်ကျခါစအချိန်မှာ နယ်ဘယ်ကနေ၀ယ်ထားသည့် ကြေးမီးပူကိုသာသုံးရသည်။ကြေးမီးပူသုံးလိုလျှင် မီးသွေးကိုမွှေး၍ မီးပူထဲသို့ထည့်ကာ မီးတောက်အောင်ယပ်ခပ်
ရသည်။အတန်အသင့်ပူလာတော့မှ အဖုံးပိတ်
ချိတ်ချိပ်ကာ တိုက်ရသောကြောင့်
အင်မတန်လက်ရှုပ်သည်။
ပုံမှန်ဆိုရင် အဒေါ်မီးပူတိုက်သည့်အချိန်တွေမှာ ကိုယ့်အ၀တ်အစားကိုနွမ်းချင်နွမ်းစုတ်ချင်စုတ်
၀င်တိုက်ပစ်လိုက်ပေမဲ့ ယနေ့၀တ်တဲ့ ၀တ်စုံလေးကတော့ လှန်းထားပြီးသားအား ချက်ချင်းခြောက်တယ်ဆို ရုတ်ပြီး ၀တ်မယ်စိတ်ကူးရခဲ့တာကြောင့် မျက်နှာချင်းဆိုင်ရှိ တိုက်လိုင်းခန်းအပေါ်ထပ်မှ ဘယ်တော့များမှ စားရမှန်းမသိသေးသော
အသက်လေးဆယ်အပျိုကြီးများထံတွင်သာ
မီးပူငှားဖို့အပူတိုက်ရသည်။
အပျိုကြီးတွေဆိုတာကြောင့် ဟောင်ပွာဟောင်ပွာဖြင့် စကားကိုတော့ကျွဲလိုက်၊နွားလိုက်ပြောတတ်ကြသည်။သို့ပေမဲ့ စိတ်ရင်းကောင်းပြီး သူတစ်ပါးအားကူညီလိုစိတ်အပြည့်ရှိကြသည်။အထူးသဖြင့် တစ်ယောက်တည်းရုန်းကန်နေရသည့်
အဒေါ့်ကိုပိုခင်မင်ကြသည်။
မိစုဆိုသည်မှာ သူတို့မျက်စိရှေ့တွင်ပဲ ကြီးပြင်းလာရသူဖြစ်၍ သူတို့အိမ်သည် မိစု၏ စားအိမ်၊အိပ်အိမ်ဖြစ်၍နေသည်။
မိစုဆိုလျှင် အ၀တ်အစားသစ်တွေပါ ၀ယ်ဆင်ပေးလောက်အောင်အထိ ချစ်သဲပိုကြသည်။
ဘုရားသွား၍ ယတြာချေရင်တောင် မိစုကိုခေါ်သွားတတ်တာကြောင့် အဒေါ့်အတွက်လည်း ကလေးထိန်းရတစ်လုပ်လျော့သည်ဟု ဆိုရမည်။
ထိုအပျိုကြီးတို့သည် ညီအစ်မသုံးယောက်စု၍နေကြခြင်းဖြစ်ပြီး လိုင်းခန်းငှားစားပေမဲ့ ငွေအတိုးချေးစားကြသော ချစ်တီးများအဖွဲ့ဖြစ်ကြသည် ။ချစ်တီးတွေလောက်တော့ ငွေအတိုးအမြတ်ကြီး
မစားကြပေမဲ့ သည်ရပ်ကွက်ထဲတွင် သူတို့နှင့်ကြွေးမှီကင်းသူကခပ်ရှားရှားရယ်ပါ။အဒေါ်ကတောင်
သူတို့ဆီမှ မိစုဖျားတုန်းကနှင့်ပုံရိပ်ဆေးရုံတက်တုန်းက နှစ်သောင်းတစ်ခါ၊ငါးသောင်းတစ်ခါ
ငွေဆွဲထား၍ သူတို့နှင့်အကြွေးမလွတ်ကင်းပေ။
သို့ပေမဲ့ အဒေါ့်ကိုတော့ သက်ညှာသောအားဖြင့် အတိုးကို ငါးကျပ်နှုန်းဖြင့်သာ ယူလေသည် ။
အခြားသူတွေကိုတော့ ဆယ့်ငါးကျပ်တိုးယူလေ့
ရှိသောကြောင့် အဒေါ်သည်ပုံရိပ်ကို အားသည့်အချိန်တွေမှာ အပျိုကြီးတို့အိမ်သို့သွားကာ
"ဘာကူလုပ်ပေးရမလဲ...ဘာညာ.."မေးမြန်းကူညီပေးဖို့ စေခိုင်းတတ်သည် ။
"ဒုန်း))))...ဒုန်း)))))"
"ဟဲ့..မိပုံရယ်...ငရုတ်သီးထောင်းနေတာလား
ထင်းခွဲနေတာလားဟယ်...အောက်ထပ်ကအိမ်ရှင်တွေက အဖိုးကြီး၊အဖွားကြီးတွေဟဲ့...
တော်ကြာထအော်နေအုံးမယ်...အဖွားကြီးရဲ့
ပုစွန်ဆိတ်ကို ဂဏန်းကိုက်ခံရသလို အသံကြီးများ မကြားပါရစေနဲ့ဟယ်..ပေး..ပေး...
ငါပဲဆက်ထောင်းပါ့မယ်...."
ထိုကဲ့သို့ ငရုတ်သီးထောင်းလျှင်လည်း ဆူလို့ ပန်ကာပိတ်လျှင်လည်းပူလို့ဆိုသည့် အပျိုကြီးတို့ဗီဇအရ ပွမ်ပွမ်မြည်တဲ့ကားအိုကြီးတွေလိုတော့ ပူညံပူညံလုပ်တတ်လေသည်။သူတို့ခမျာလည်း သူများတိုက်ကိုငှားနေရတော့ အပြောခံရလွတ်အောင် ဒါတွေကိုကြိုဆင်ခြင်သည်ဟုပဲ နားလည်ထားလိုက်ရသည်။
အဆောင်မှာနေခြင်းဖြစ်၍ ကြောင်ချစ်သော အပျိုကြီးမလှိုင်သည် ကြောင်တစ်ကောင်တလေတောင် မမွေးရဲပေ။ကြောင်ချေးနံသည့်ကိစ္စနှင့်
ညဘက်ကြောင်အော်၍ အိမ်ဆူသည့်အသံများကို အိမ်ရှင်တွေမကြိုက်မှာစိုး၍ ဖြစ်သည် ။
ပြောသာပြောရတယ် ။အိမ်ရှင်လင်မယားသည် အိမ်ငှားတွေကိုသာ တိရိစ္ဆာန်မမွေးခိုင်းတာ။
သူတို့အောက်ထက်တွင်တော့ မွေးထားတဲ့ခွေးတွေဆိုတာ ခြောက်ကောင်လောက်ရှိသည်။
ခွေးအင်မတန်ချစ်သလောက် အထားအသိုကြပြန်တော့လည်း ညံ့သည်။
သူတို့အောက်ထပ်ဆိုတာ ခွေးချေးဆော်တွေကိုမွှန်နေတာပါပဲ။
သူများကိုကိုက်လို့ ဆေးဖိုးလျှော်ရတာကတစ်မျိုး၊ညကြီးအချိန်မတော် ခြံတခါးအောက်ကတိုးထွက်ကြပြီး မဲမဲမြင်ရာဟောင်တတ်ကြ၍ ရပ်ကွက်ဆူမည်စိုးကာ အိမ်ထဲသို့အချိန်မရှိကြီး ခွေးမောင်းသွင်းရသည့်အလုပ်ကတဖုံဖြင့် သူတို့မို့မပင်ပန်းနိုင်တယ်။
ယခုတော့ဖြင့် ထိုခွေးတွေလည်းအိမ်တွင်မရှိကြတော့ပေ။ သင်္ဘောလိုက်သွားသည့်
သူတို့၏သား ဦးမြတ်ကြီးသည် သင်္ဘောလိုက်မှပြန်လာတည်းကပင် ခွေးတွေအားလုံးအား ခွေးဂေဟာသို့ပို့လွှတ်လိုက်လေသည်။
အဖိုးကြီးနှင့်အဖွားကြီးသည် မျက်ရည်ဝဲကာ
စိတ်မကောင်းဖြစ်ကြပေမဲ့ ခွေးတွေ၏ဒဏ်ကိုမခံ
နိုင်ကြတော့၍ ရင်နာနာနှင့် လက်ခံလိုက်ရသည် ။
တစ်ခြံလုံးကိုလည်း သင်္ဘောသားကြီး
ကိုယ်တိုင်လှည်းကျင်းဆေးကြောပစ်တာကြောင့် စက္ကူပန်းများနှင့် တမာပင်ကြီးသာအုံ့၍နေလေ့ရှိပြီး ကျေးငှက်တမာတို့နှစ်သက်သောပန်းအလှအိုးများဖြင့် ဝေနေတတ်သည့် သူတို့ခြံသည် မွှေးကြူ၍ ရှုမောစရာတောင် ကောင်းသေးသည်။
"ဟယ်....မီးပျက်သွားပြီ...."
"စိတ်ညစ်ပါတယ်...အဖွားကြီးတွေကလည်း
ကပ်စေးနဲနေတာနဲ့ ရေကမတင်ပေးသေးဘူး..
အခုမီးကပျက်ပြီ...ဟော့သည်နှစ်ထပ်တိုက်ပေါ်ကနေပဲ ခုန်ချဖို့သာကောင်းတော့တယ်..."
အကြီးဆုံးအပျိုကြီး၏ ငြီးငြူသံကိုမနဲအံတင်း၍ နားထောင်ခဲ့ကာ မီးပျက်၍မီးပူတိုက်ပြီးတ၀က်
မပြီးတ၀က်ဖြစ်နေရသော ၀မ်းဆက်လေးကို အခန်းထဲသို့သွားလိုက်ကာ လှဲ၀တ်လိုက်သည်။
ကိုယ်ပေါ်မှအိင်္ကျီတွေကို အပျိုကြီးတို့အိပ်ခန်းထဲမှာပဲ ခဏခေါက်တင်ခဲ့ပြီး ဘေးလွယ်အိတ်ကို
စလွယ်သိုင်းလျှက် တိုက်အပေါ်မှ ဆင်းလာခဲ့လိုက်သည်။
အောက်ထပ်တွင်တော့ ဦးမြတ်ကြီးသည် ထုံးစံအတိုင်း သူ့ပန်းပင်တွေကို ရေလောင်းပေါင်းသင်နေသည်။
ထူးတော့ထူးဆန်းသား။ရေထဲကနေပြန်တက်လာမှ စိုက်လိုက်တဲ့အပင်တွေဆိုတာ။
မြေကို အသာလေးစွပြီး နုနုယွယွလုပ်နေတာများ စိတ်ရှည်လက်ရှည်နိုင်လှသည်။
"ဦးမြတ်ကြီး...ဘာအပင်တွေစိုက်နေတာလဲ..."
"အေး...ဒီမှာ...ရှားစောင်းပင်စိုက်နေတာလေ ..ညည်းရော..ကျူရှင်သွားမလို့လား..."
"ဟုတ်ကဲ့...ဒါနဲ့လေဦးမြတ်က ဘာလို့သင်္ဘောသားအလုပ်ကို စွန့်လွှတ်လိုက်ရတာလဲဟင်..ပင်လယ်မှာပျော်စရာမကောင်းလို့လား...."
ကိုယ်သဘောပေါက်သလိုလေး ပွင့်ပွင့်လင်းလင်းမေးလိုက်မိပေမဲါ ဦးမြတ်သည်စိတ်တိုခြင်းအလျှင်းမရှိပဲ ပုံရိပ်ကိုသာ ဖြေးဖြေးညင်ညင်ပြုံးပြလာပြီး နေရိပ်ဖြင့်လင်းလက်နေသည့် စက္ကူပန်းအဖြူရောင်လေးတွေကိုသာ ရီဝေဝေစိုက်ကြည့်လိုက်သည်။
မျက်ခုံးတန်းနှစ်ဖက်ကို အရေးအကြောင်းထင်ဟပ်လောက်သည်အထိ သူတွန့်ကြုံ့လိုက်ပုံက
အကြောင်းအရာတစ်ခုအား စိတ်နာနေဟန်ရှိသည်။ခက်ခဲပင်ပန်းခဲ့ရသည့်အတွေ့အကြုံတွေကိုလည်း တရစ်ချင်းပြန်ဖော်နေဟန်လည်း ထင်ရစေသည်။
"ပုံရိပ်ရယ်...ညည်းတို့အသက်အရွယ်ကတော့ အပေါ်ယံလောက်ပဲတွေးပြီးပြောကြတာပေါ့...
တကယ့်တကယ် တို့တွေပင်လယ်မှာဘယ်လောက်ခက်ခဲကြမ်းတမ်းစွာ ဒုက္ခပင်လယ်ဝေခဲ့ရသလဲ ညည်းမသိပါဘူး...
ဒီတစ်သတ်လည်း သိခွင့်ရမယ်မထင်ပါဘူး..."
"ဘာဖြစ်လို့လဲ ဦးမြတ်ရဲ့...ပင်လယ်ဆိုတာသိပ်လှတဲ့နေရာမဟုတ်ဘူးလား...ဦးမြတ်ကဘာလို့သိပ်မုန်းသလို ပုံစံဖြစ်နေရတာလဲ .."
ပုံရိပ်၏စကားသည် ဦးမြတ်ကိုနာကျင်စေလိုစိတ်အလျှင်းမရှိပေမဲ့ ဦးမြတ်သည် ပုံရိပ်အားစိတ်ဆိုးသွားပုံရလေသည်။
"ဒီမှာပုံရိပ်...မမြင်ဘူးတော့ မူးကိုမြစ်ထင်နေတာတော့ သဘာ၀ပါပဲ...တို့ကအစပိုင်းကတော့ကုန်းပတ်မှာအလုပ်လုပ်ရတာ သင်္ဘောကြီးရဲ့ကိုယ်ထည်တစ်ခုလုံးကို သန့်ရှင့်ရေးလုပ်ရတာ ဘယ်လောင်ပင်ပန်းတယ်ထင်သလဲ..သင်္ဘောလိုက်ရအောင် ကြိုးစားပြီးတော့လည်း ပိုတောင်ဆိုးသေးတယ်..အစားအသောက်နဲ့လှိုင်းမူးတာကိုတောင် မနည်းကျင့်သားရအောင် လုပ်ယူခဲ့ရတာ...
ကမ်းမမြင်လမ်းမမြင်နဲ့ ဘယ်နေ့ဘာဖြစ်မလဲ..
သေသွားခဲ့ရင်တောင် မိဘမောင်ဖွားတွေ မသိလိုက်မှာကို စိုးရိမ်နေရတဲ့ဘ၀ကြီးပါ...
အိမ်ကိုလွမ်းလို့ ဖုန်းဆက်ချင်ရင်တောင်
လပေါင်းချီပြီး အလွမ်းသယ်ခွင့်မရတဲ့ဘ၀ကြီးကို ညည်းဆိုရင်ရောလိုချင်ပါအုံးမလား...စဉ်းစားကြည့်ပေါ့...."
ဦးမြတ်ပြောတာလည်း မှန်ကောင်းမှန်နိုင်ပါတယ်။ပင်လယ်လို့ပြောလိုက်တာနှင့် သာမာန်လူတွေရဲ့ အတွေးအာရုံထဲမှာတော့ မနက်နဲ့ညနေရဲ့ ဆည်းဆာအလှသည် စိတ်ကူးနှင့်ပင် တွေးရုံဖြင့် လှပလွန်းသည့်ပင်လယ်ရေပြင်ပြာကိုသာ မြင်တတ်ကြပေမဲ့ သင်္ဘောသားတွေရဲ့ အမြင်မှာတော့ ငုတ်တုတ်ထိုင်ရင်း စိတ်ကူးယဉ်စရာကောင်းတဲ့ နေရာမဟုတ်မှာတော့ သေချာတယ်။
နောက်ပိုင်းတွင် အပျိုကြီးတို့ကိုမေးကြည့်တော့မှ သိလိုက်ရတာကတော့ ဦးမြတ်သည် ပင်လယ်ကိုမုန်းတီးသည်လည်းမဟုတ်သလို နားကျည်းနေသူလည်းမဟုတ်ကြောင်းသိခဲ့ရသည်။ ဦးမြတ်တွင် အရမ်းချစ်ရသော ငယ်ချစ်ဦးတစ်ယောက်ရှိခဲ့သည်။
ဆယ်ကျော်သက်အရွယ်တည်းက ချစ်ကျွမ်း၀င်ခဲ့ကြပေမဲ့ သင်္ဘောပေါ်တွင်ပဲရွက်လွှင့်၍ ရုန်းကန်နေသောဦးမြတ်ကို စွန့်ခွာပြီး အချစ်သစ်ရှိရာဆီသို့ နှုတ်မဆက်ပဲ ရက်စက်စွာ ထွက်ခွာသွားခဲ့သော
ထိုအမျိုးသမီးကို ဦးမြတ်သိပ်နာကျည်းသွားခဲ့တယ်။
ကမ်းမမြင်ပဲ ဘယ်သောင်ဆီလွှမ်းရမလဲ တွေဝေနေသည့်အချိန်တိုင်းမှာ သူ့စိတ်ကူးကမ်းကပ်လိုရာ အချစ်ဆိပ်ကမ်းလေး ပြိုပျက်သွားသလို ခံစားလိုက်ရတဲ့ဦးမြတ်တစ်ယောက် ပင်လယ်ပြင်ကိုစွန့်ခွာလာခဲ့တဲ့အထိပါပဲ။
သူ့ဘ၀ရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ ကျိုးပျက်ပြီး ခံစားချက်တွေ ပျက်ပြယ်ခဲ့ရမှာသေချာပါတယ်။ဦးမြတ်နေရာမှ ပုံရိပ်သာဆိုရင် ထိုမိန်းမကိုမုန်းမိမှာ သေချာပါတယ်။
ဦးမြတ်မှာက တွယ်တာစရာ မိအို၊ဖအိုတွေက
ရှိနေသေးတော့ ပြန်စရာနွေးထွေးသည့် အိမ်ကလေးရှိနေသေး၍ ဖြေသာပါသေးတယ်။
🔥ဆူးကြိုး...🔥အခန်း(၁၄)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
🔥🔥🔥🔥🔥🔥🔥🔥🔥
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၄)🔥 ပထမပိုင္း
ဆရာေနမ်ိဳးဆီမွာစာသင္ေနတာ ဘာလိုလိုႏွင့္
ငါးရက္ေျမာက္ခဲ့ေလၿပီ။ဒီေန့ေတာ့ အေဒၚကစာသြားသင္လ်ွင္ သက္သက္ရက္ရက္၀တ္သြားစမ္းပါဟုဆိုသျဖင့္ ျမန္မာႏိုင္ငံရာသီဥတုႏွင့္ကိုက္ညီေအာင္ စပဲန႔္အေပ်ာ့သား အညို၀မ္းဆက္ေလးကို မီးပူထိုး၍၀တ္ခဲ့သည္။
အိမ္မွာက လ်ွက္စစ္မီးပူမ၀ယ္ရေသးေသာေၾကာင့္ အေဒၚတို႔လင္မယားအိမ္ေထာင္က်ခါစအခ်ိန္မွာ နယ္ဘယ္ကေန၀ယ္ထားသၫ့္ ေၾကးမီးပူကိုသာသံုးရသည္။ေၾကးမီးပူသံုးလိုလ်ွင္ မီးေသြးကိုေမႊး၍ မီးပူထဲသို႔ထၫ့္ကာ မီးေတာက္ေအာင္ယပ္ခပ္
ရသည္။အတန္အသင့္ပူလာေတာ့မွ အဖံုးပိတ္
ခ်ိတ္ခ်ိပ္ကာ တိုက္ရေသာေၾကာင့္
အင္မတန္လက္ရႈပ္သည္။
ပံုမွန္ဆိုရင္ အေဒၚမီးပူတိုက္သၫ့္အခ်ိန္ေတြမွာ ကိုယ့္အ၀တ္အစားကိုႏြမ္းခ်င္ႏြမ္းစုတ္ခ်င္စုတ္
၀င္တိုက္ပစ္လိုက္ေပမဲ့ ယေန့၀တ္တဲ့ ၀တ္စံုေလးကေတာ့ လွန္းထားၿပီးသားအား ခ်က္ခ်င္းေျခာက္တယ္ဆို ရုတ္ၿပီး ၀တ္မယ္စိတ္ကူးရခဲ့တာေၾကာင့္ မ်က္ႏွာခ်င္းဆိုင္ရိွ တိုက္လိုင္းခန္းအေပၚထပ္မွ ဘယ္ေတာ့မ်ားမွ စားရမွန္းမသိေသးေသာ
အသက္ေလးဆယ္အပ်ိဳႀကီးမ်ားထံတြင္သာ
မီးပူငွားဖို႔အပူတိုက္ရသည္။
အပ်ိဳႀကီးေတြဆိုတာေၾကာင့္ ေဟာင္ပြာေဟာင္ပြာျဖင့္ စကားကိုေတာ့ကၽဲြလိုက္၊ႏြားလိုက္ေျပာတတ္ၾကသည္။သို႔ေပမဲ့ စိတ္ရင္းေကာင္းၿပီး သူတစ္ပါးအားကူညီလိုစိတ္အျပၫ့္ရိွၾကသည္။အထူးသျဖင့္ တစ္ေယာက္တည္းရုန္းကန္ေနရသၫ့္
အေဒါ့္ကိုပိုခင္မင္ၾကသည္။
မိစုဆိုသည္မွာ သူတို႔မ်က္စိေရ႔ွတြင္ပဲ ႀကီးျပင္းလာရသူျဖစ္၍ သူတို႔အိမ္သည္ မိစု၏ စားအိမ္၊အိပ္အိမ္ျဖစ္၍ေနသည္။
မိစုဆိုလ်ွင္ အ၀တ္အစားသစ္ေတြပါ ၀ယ္ဆင္ေပးေလာက္ေအာင္အထိ ခ်စ္သဲပိုၾကသည္။
ဘုရားသြား၍ ယၾတာေခ်ရင္ေတာင္ မိစုကိုေခၚသြားတတ္တာေၾကာင့္ အေဒါ့္အတြက္လည္း ကေလးထိန္းရတစ္လုပ္ေလ်ာ့သည္ဟု ဆိုရမည္။
ထိုအပ်ိဳႀကီးတို႔သည္ ညီအစ္မသံုးေယာက္စု၍ေနၾကျခင္းျဖစ္ၿပီး လိုင္းခန္းငွားစားေပမဲ့ ေငြအတိုးေခ်းစားၾကေသာ ခ်စ္တီးမ်ားအဖဲြ႔ျဖစ္ၾကသည္ ။ခ်စ္တီးေတြေလာက္ေတာ့ ေငြအတိုးအျမတ္ႀကီး
မစားၾကေပမဲ့ သည္ရပ္ကြက္ထဲတြင္ သူတို႔ႏွင့္ႂကြေးမွီကင္းသူကခပ္ရွားရွားရယ္ပါ။အေဒၚကေတာင္
သူတို႔ဆီမွ မိစုဖ်ားတုန္းကႏွင့္ပံုရိပ္ေဆးရံုတက္တုန္းက ႏွစ္ေသာင္းတစ္ခါ၊ငါးေသာင္းတစ္ခါ
ေငြဆဲြထား၍ သူတို႔ႏွင့္အႂကြေးမလြတ္ကင္းေပ။
သို႔ေပမဲ့ အေဒါ့္ကိုေတာ့ သက္ၫွာေသာအားျဖင့္ အတိုးကို ငါးက်ပ္ႏႈန္းျဖင့္သာ ယူေလသည္ ။
အျခားသူေတြကိုေတာ့ ဆယ့္ငါးက်ပ္တိုးယူေလ့
ရိွေသာေၾကာင့္ အေဒၚသည္ပံုရိပ္ကို အားသည့္အခ်ိန္ေတြမွာ အပ်ိဳႀကီးတို႔အိမ္သို႔သြားကာ
"ဘာကူလုပ္ေပးရမလဲ...ဘာညာ.."ေမးျမန္းကူညီေပးဖို႔ ေစခိုင္းတတ္သည္ ။
"ဒုန္း))))...ဒုန္း)))))"
"ဟဲ့..မိပံုရယ္...ငရုတ္သီးေထာင္းေနတာလား
ထင္းခဲြေနတာလားဟယ္...ေအာက္ထပ္ကအိမ္ရွင္ေတြက အဖိုးႀကီး၊အဖြားႀကီးေတြဟဲ့...
ေတာ္ၾကာထေအာ္ေနအံုးမယ္...အဖြားႀကီးရဲ့
ပုစြန္ဆိတ္ကို ဂဏန္းကိုက္ခံရသလို အသံႀကီးမ်ား မၾကားပါရေစနဲ႔ဟယ္..ေပး..ေပး...
ငါပဲဆက္ေထာင္းပါ့မယ္...."
ထိုကဲ့သို႔ ငရုတ္သီးေထာင္းလ်ွင္လည္း ဆူလို႔ ပန္ကာပိတ္လ်ွင္လည္းပူလို႔ဆိုသၫ့္ အပ်ိဳႀကီးတို႔ဗီဇအရ ပြမ္ပြမ္ျမည္တဲ့ကားအိုႀကီးေတြလိုေတာ့ ပူညံပူညံလုပ္တတ္ေလသည္။သူတို႔ခမ်ာလည္း သူမ်ားတိုက္ကိုငွားေနရေတာ့ အေျပာခံရလြတ္ေအာင္ ဒါေတြကိုႀကိဳဆင္ျခင္သည္ဟုပဲ နားလည္ထားလိုက္ရသည္။
အေဆာင္မွာေနျခင္းျဖစ္၍ ေၾကာင္ခ်စ္ေသာ အပ်ိဳႀကီးမလိႈင္သည္ ေၾကာင္တစ္ေကာင္တေလေတာင္ မေမြးရဲေပ။ေၾကာင္ေခ်းနံသၫ့္ကိစၥႏွင့္
ညဘက္ေၾကာင္ေအာ္၍ အိမ္ဆူသၫ့္အသံမ်ားကို အိမ္ရွင္ေတြမႀကိဳက္မွာစိုး၍ ျဖစ္သည္ ။
ေျပာသာေျပာရတယ္ ။အိမ္ရွင္လင္မယားသည္ အိမ္ငွားေတြကိုသာ တိရိစၧာန္မေမြးခိုင္းတာ။
သူတို႔ေအာက္ထက္တြင္ေတာ့ ေမြးထားတဲ့ေခြးေတြဆိုတာ ေျခာက္ေကာင္ေလာက္ရိွသည္။
ေခြးအင္မတန္ခ်စ္သေလာက္ အထားအသိုၾကျပန္ေတာ့လည္း ညံ့သည္။
သူတို႔ေအာက္ထပ္ဆိုတာ ေခြးေခ်းေဆာ္ေတြကိုမႊန္ေနတာပါပဲ။
သူမ်ားကိုကိုက္လို႔ ေဆးဖိုးေလ်ွာ္ရတာကတစ္မ်ိဳး၊ညႀကီးအခ်ိန္မေတာ္ ၿခံတခါးေအာက္ကတိုးထြက္ၾကၿပီး မဲမဲျမင္ရာေဟာင္တတ္ၾက၍ ရပ္ကြက္ဆူမည္စိုးကာ အိမ္ထဲသို႔အခ်ိန္မရိွႀကီး ေခြးေမာင္းသြင္းရသၫ့္အလုပ္ကတဖံုျဖင့္ သူတို႔မို႔မပင္ပန္းႏိုင္တယ္။
ယခုေတာ့ျဖင့္ ထိုေခြးေတြလည္းအိမ္တြင္မရိွၾကေတာ့ေပ။ သေဘၤာလိုက္သြားသၫ့္
သူတို႔၏သား ဦးျမတ္ႀကီးသည္ သေဘၤာလိုက္မျွပန္လာတည္းကပင္ ေခြးေတြအားလံုးအား ေခြးေဂဟာသို႔ပို႔လႊတ္လိုက္ေလသည္။
အဖိုးႀကီးႏွင့္အဖြားႀကီးသည္ မ်က္ရည္ဝဲကာ
စိတ္မေကာင္းျဖစ္ၾကေပမဲ့ ေခြးေတြ၏ဒဏ္ကိုမခံ
ႏိုင္ၾကေတာ့၍ ရင္နာနာႏွင့္ လက္ခံလိုက္ရသည္ ။
တစ္ၿခံလံုးကိုလည္း သေဘၤာသားႀကီး
ကိုယ္တိုင္လွည္းက်င္းေဆးေၾကာပစ္တာေၾကာင့္ စကၠူပန္းမ်ားႏွင့္ တမာပင္ႀကီးသာအံု႔၍ေနေလ့ရိွၿပီး ေက်းငွက္တမာတို႔ႏွစ္သက္ေသာပန္းအလွအိုးမ်ားျဖင့္ ေဝေနတတ္သၫ့္ သူတို႔ၿခံသည္ ေမႊးၾကဴ၍ ရႈေမာစရာေတာင္ ေကာင္းေသးသည္။
"ဟယ္....မီးပ်က္သြားၿပီ...."
"စိတ္ညစ္ပါတယ္...အဖြားႀကီးေတြကလည္း
ကပ္ေစးနဲေနတာနဲ႔ ေရကမတင္ေပးေသးဘူး..
အခုမီးကပ်က္ၿပီ...ေဟာ့သည္ႏွစ္ထပ္တိုက္ေပၚကေနပဲ ခုန္ခ်ဖို႔သာေကာင္းေတာ့တယ္..."
အႀကီးဆံုးအပ်ိဳႀကီး၏ ၿငီးျငဴသံကိုမနဲအံတင္း၍ နားေထာင္ခဲ့ကာ မီးပ်က္၍မီးပူတိုက္ၿပီးတ၀က္
မၿပီးတ၀က္ျဖစ္ေနရေသာ ၀မ္းဆက္ေလးကို အခန္းထဲသို႔သြားလိုက္ကာ လွဲ၀တ္လိုက္သည္။
ကိုယ္ေပၚမွအိက်ႌေတြကို အပ်ိဳႀကီးတို႔အိပ္ခန္းထဲမွာပဲ ခဏေခါက္တင္ခဲ့ၿပီး ေဘးလြယ္အိတ္ကို
စလြယ္သိုင္းလ်ွက္ တိုက္အေပၚမွ ဆင္းလာခဲ့လိုက္သည္။
ေအာက္ထပ္တြင္ေတာ့ ဦးျမတ္ႀကီးသည္ ထံုးစံအတိုင္း သူ႔ပန္းပင္ေတြကို ေရေလာင္းေပါင္းသင္ေနသည္။
ထူးေတာ့ထူးဆန္းသား။ေရထဲကေနျပန္တက္လာမွ စိုက္လိုက္တဲ့အပင္ေတြဆိုတာ။
ေျမကို အသာေလးစြၿပီး ႏုႏုယြယြလုပ္ေနတာမ်ား စိတ္ရွည္လက္ရွည္ႏိုင္လွသည္။
"ဦးျမတ္ႀကီး...ဘာအပင္ေတြစိုက္ေနတာလဲ..."
"ေအး...ဒီမွာ...ရွားေစာင္းပင္စိုက္ေနတာေလ ..ညည္းေရာ..က်ူရွင္သြားမလို႔လား..."
"ဟုတ္ကဲ့...ဒါနဲ႔ေလဦးျမတ္က ဘာလို႔သေဘၤာသားအလုပ္ကို စြန႔္လႊတ္လိုက္ရတာလဲဟင္..ပင္လယ္မွာေပ်ာ္စရာမေကာင္းလို႔လား...."
ကိုယ္သေဘာေပါက္သလိုေလး ပြင့္ပြင့္လင္းလင္းေမးလိုက္မိေပမဲါ ဦးျမတ္သည္စိတ္တိုျခင္းအလ်ွင္းမရိွပဲ ပံုရိပ္ကိုသာ ေျဖးေျဖးညင္ညင္ႃပံုးျပလာၿပီး ေနရိပ္ျဖင့္လင္းလက္ေနသၫ့္ စကၠူပန္းအျဖဴေရာင္ေလးေတြကိုသာ ရီေဝေဝစိုက္ၾကၫ့္လိုက္သည္။
မ်က္ခံုးတန္းႏွစ္ဖက္ကို အေရးအေၾကာင္းထင္ဟပ္ေလာက္သည္အထိ သူတြန႔္ႄကံု႔လိုက္ပံုက
အေၾကာင္းအရာတစ္ခုအား စိတ္နာေနဟန္ရိွသည္။ခက္ခဲပင္ပန္းခဲ့ရသည့္အေတြ့အႄကံုေတြကိုလည္း တရစ္ခ်င္းျပန္ေဖာ္ေနဟန္လည္း ထင္ရေစသည္။
"ပံုရိပ္ရယ္...ညည္းတို႔အသက္အရြယ္ကေတာ့ အေပၚယံေလာက္ပဲေတြးၿပီးေျပာၾကတာေပါ့...
တကယ့္တကယ္ တို႔ေတြပင္လယ္မွာဘယ္ေလာက္ခက္ခဲၾကမ္းတမ္းစြာ ဒုကၡပင္လယ္ေဝခဲ့ရသလဲ ညည္းမသိပါဘူး...
ဒီတစ္သတ္လည္း သိခြင့္ရမယ္မထင္ပါဘူး..."
"ဘာျဖစ္လို႔လဲ ဦးျမတ္ရဲ့...ပင္လယ္ဆိုတာသိပ္လွတဲ့ေနရာမဟုတ္ဘူးလား...ဦးျမတ္ကဘာလို႔သိပ္မုန္းသလို ပံုစံျဖစ္ေနရတာလဲ .."
ပံုရိပ္၏စကားသည္ ဦးျမတ္ကိုနာက်င္ေစလိုစိတ္အလ်ွင္းမရိွေပမဲ့ ဦးျမတ္သည္ ပံုရိပ္အားစိတ္ဆိုးသြားပံုရေလသည္။
"ဒီမွာပံုရိပ္...မျမင္ဘူးေတာ့ မူးကိုျမစ္ထင္ေနတာေတာ့ သဘာ၀ပါပဲ...တို႔ကအစပိုင္းကေတာ့ကုန္းပတ္မွာအလုပ္လုပ္ရတာ သေဘၤာႀကီးရဲ့ကိုယ္ထည္တစ္ခုလံုးကို သန႔္ရွင့္ေရးလုပ္ရတာ ဘယ္ေလာင္ပင္ပန္းတယ္ထင္သလဲ..သေဘၤာလိုက္ရေအာင္ ႀကိဳးစားၿပီးေတာ့လည္း ပိုေတာင္ဆိုးေသးတယ္..အစားအေသာက္နဲ႔လိႈင္းမူးတာကိုေတာင္ မနည္းက်င့္သားရေအာင္ လုပ္ယူခဲ့ရတာ...
ကမ္းမျမင္လမ္းမျမင္နဲ႔ ဘယ္ေန့ဘာျဖစ္မလဲ..
ေသသြားခဲ့ရင္ေတာင္ မိဘေမာင္ဖြားေတြ မသိလိုက္မွာကို စိုးရိမ္ေနရတဲ့ဘ၀ႀကီးပါ...
အိမ္ကိုလြမ္းလို႔ ဖုန္းဆက္ခ်င္ရင္ေတာင္
လေပါင္းခ်ီၿပီး အလြမ္းသယ္ခြင့္မရတဲ့ဘ၀ႀကီးကို ညည္းဆိုရင္ေရာလိုခ်င္ပါအံုးမလား...စဉ္းစားၾကၫ့္ေပါ့...."
ဦးျမတ္ေျပာတာလည္း မွန္ေကာင္းမွန္ႏိုင္ပါတယ္။ပင္လယ္လို႔ေျပာလိုက္တာႏွင့္ သာမာန္လူေတြရဲ့ အေတြးအာရံုထဲမွာေတာ့ မနက္နဲ႔ညေနရဲ့ ဆည္းဆာအလွသည္ စိတ္ကူးႏွင့္ပင္ ေတြးရံုျဖင့္ လွပလြန္းသၫ့္ပင္လယ္ေရျပင္ျပာကိုသာ ျမင္တတ္ၾကေပမဲ့ သေဘၤာသားေတြရဲ့ အျမင္မွာေတာ့ ငုတ္တုတ္ထိုင္ရင္း စိတ္ကူးယဉ္စရာေကာင္းတဲ့ ေနရာမဟုတ္မွာေတာ့ ေသခ်ာတယ္။
ေနာက္ပိုင္းတြင္ အပ်ိဳႀကီးတို႔ကိုေမးၾကၫ့္ေတာ့မွ သိလိုက္ရတာကေတာ့ ဦးျမတ္သည္ ပင္လယ္ကိုမုန္းတီးသည္လည္းမဟုတ္သလို နားက်ည္းေနသူလည္းမဟုတ္ေၾကာင္းသိခဲ့ရသည္။ ဦးျမတ္တြင္ အရမ္းခ်စ္ရေသာ ငယ္ခ်စ္ဦးတစ္ေယာက္ရိွခဲ့သည္။
ဆယ္ေက်ာ္သက္အရြယ္တည္းက ခ်စ္ကၽြမ္း၀င္ခဲ့ၾကေပမဲ့ သေဘၤာေပၚတြင္ပဲရြက္လႊင့္၍ ရုန္းကန္ေနေသာဦးျမတ္ကို စြန႔္ခြာၿပီး အခ်စ္သစ္ရိွရာဆီသို႔ ႏႈတ္မဆက္ပဲ ရက္စက္စြာ ထြက္ခြာသြားခဲ့ေသာ
ထိုအမ်ိဳးသမီးကို ဦးျမတ္သိပ္နာက်ည္းသြားခဲ့တယ္။
ကမ္းမျမင္ပဲ ဘယ္ေသာင္ဆီလႊမ္းရမလဲ ေတြေဝေနသၫ့္အခ်ိန္တိုင္းမွာ သူ႔စိတ္ကူးကမ္းကပ္လိုရာ အခ်စ္ဆိပ္ကမ္းေလး ၿပိဳပ်က္သြားသလို ခံစားလိုက္ရတဲ့ဦးျမတ္တစ္ေယာက္ ပင္လယ္ျပင္ကိုစြန႔္ခြာလာခဲ့တဲ့အထိပါပဲ။
သူ႔ဘ၀ရဲ့ ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ေတြ က်ိဳးပ်က္ၿပီး ခံစားခ်က္ေတြ ပ်က္ျပယ္ခဲ့ရမွာေသခ်ာပါတယ္။ဦးျမတ္ေနရာမွ ပံုရိပ္သာဆိုရင္ ထိုမိန္းမကိုမုန္းမိမွာ ေသခ်ာပါတယ္။
ဦးျမတ္မွာက တြယ္တာစရာ မိအို၊ဖအိုေတြက
ရိွေနေသးေတာ့ ျပန္စရာေနြးေထြးသၫ့္ အိမ္ကေလးရိွေနေသး၍ ေျဖသာပါေသးတယ္။
🔥ဆူးႀကိဳး...🔥အခန္း(၁၄)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္
🔥🔥🔥🔥🔥🔥🔥🔥🔥
No comments:
Post a Comment