(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၃)🔥 ပထမပိုင်း
"ဖိုးလမင်းကြီးရေ...ရွှေလင်ဗန်းနဲ့ထမင်းဆီစမ်းလေးပေးပါဗျို့...ဝါ..ဝါ..ဝါ..."
ကလေးငယ်သည် ဖယောင်းတိုင်မီးမှိန်ပျပျသာလင်းသောအခန်းလေးထဲမှနေ၍ ပြူတင်းပေါက်ကိုမေးထောက်ကာထားလျှက် ပါးစပ်ကိုလက်ဖဝါးဖြင့် ပိတ်လိုက်ဖွင့်လိုက်လုပ်၍ လမင်းကြီးအား ကြည်ရွှင်သောမျက်၀န်းအစုံဖြင့်ကြည့်နေရှာသည်။
လမင်းသည် ကမ္ဘာမြေပြင်မှ မိုင်ပေါင်းနှစ်သိန်းကျော်လောက်ဝေးကွာသော အရန်ဂြိုလ်တစ်ခုဆိုတာထက် သူ့စိတ်ထဲတွင်လမင်းသည် ဝိုင်းဝိုင်းစက်စက်ဖြင့် သိပ်လှသည်ဟုသာ တွေးမိသည်။
လ၏မျက်နှာပြင်ပေါ်တွင် မြင်နေရသော
ဆန်ထောင်းနေသောအဖိုးအိုနှင့်ယုန်ငယ်လေးတို့သည် ကမ္ဘာ့အကျော်အမော် ပန်းချီဆရာတစ်ယောက်ယောက် ရေးခြစ်ထားသော သိပ်လှသည့်ပန်းချီကားတစ်ချက်
ဟုသာ စိတ်တွင်မှတ်၍ထားမိသည်။
သူ့အတွေးထဲတွင် ပေါ်လာသည်က မေမေဆိုနေကြကဗျာလေးနှင့် ပြူးတင်းပေါက်မှ အနီးကပ်မြင်နေရသလိုရှိသည့် လပြည့်၀န်းကြီးအကြောင်းသာဖြစ်သည်။ စန္ဒာလမင်း၏ ပတ်ပတ်လည်နှင့် သူမြင်နိုင်သမျှ ပမာဏလေးထဲတွင်တော့ ကြယ်အစုအဝေးလေးတွေဟာလည်း စိန်ရောင်စုံကိုမီးရိပ်ထိုးသည့်နယ် တဖြတ်ဖြတ်လက်နေကြသည်။
ကျောင်းပြူတင်းပေါက်၏ ခပ်လှမ်းလှမ်းတွင်ရှိသော အစိမ်းရောင်ခပ်ရင့်ရင့်မြရာပင်အရွက်အခက်တို့သည် လရောင်ဝါ၀င်း၀င်းကြောင့် ညတွင်းအခါမှာပင် အပွင့်နှင့်အသီးတို့အား ထင်းထင်စွာမြင်ရနိုင်သည်။
မြရာသီးတို့သည် သူတို့အတွက်တော့
ဘောင်ဘောင်လုပ်၍ ကစားစရာကောင်းသော အရာတစ်ခုပင်ဖြစ်သည်။
ပုရစ်နှင့်ပုစဉ်းရင်ကွဲတို့သည် ဟိုခုန်သည်ကူးဖြင့် စိန်ပြေးတိုင်းကစားနေကြသည်။
ရှေ့ဆက်၍ ကြည့်ပါက ခပ်အုံ့အုံ့ဖြစ်၍
နေသော အင်ကြင်ပင်၏ခွကြားထဲတွင် ဇီးကွက်တစ်ကောင် မှောင်ရိပ်ခိုနေသည်ကို ရိပ်ခနဲလှမ်းမြင်လိုက်ရသည်။
ဇီးကွယ်ငယ်၏ မျက်၀န်းတွေသည် လပြည့်၀န်းကဲ့သို့ ဝိုင်းစက်ကာအရောင်တောက်နေပြီး
ဂဏှာမငြိမ်ဖြစ်နေသည်။
သိပ်မကြာလိုက်ပါ။သူ၏သားကောင်အား
ရှာတွေ့သွားပြီထင်ပါရဲ့အတောင်ပံကိုခပ်လေးလေးဖြန့်ကျက်လျှက် မာန်ဟုန်ဆိုင်းကာ
တဖျပ်ဖျပ် ပျံသန်းပျောက်ကွယ်သွားလေသည်။
အမေပြောဖူးတာကတော့ ဇီးကွက်တွေဟာ
အင်းစက်တွေကို အမဲလိုက်သတဲ့။
ဒီကြောက်စရာညမုဆိုး၏ သားကောင်ကတော့ ၎င်း၏လက်သည်းချွန်ချွန်တွေနစ်၀င်သည့်ဒဏ်ကို အချိန်ခဏလေးတောင် ခံနိုင်ရည်ရှိကြမယ်မထင်ပါဘူး။
"အော်...လပြည့်၀န်းဟာ အမှောင်ထု၏အတွင်းသားကို ထင်းလင်းစွာ သရုပ်ပြနိုင်တဲ့ နတ်တစ်ပါးဖြစ်နေမလား..."
"ဖိုးလမင်းကြီးရေ...ရွှေလင်ဗန်းနဲ့ထမင်းဆီစမ်းလေးပေးပါဗျို့...ဝါ..ဝါ..ဝါ..."
ဘယ်လိုအရာမျိုးကပဲ သူ့ကိုဆွဲဆောင်နေပါစေ နောက်ဆုံးတွင်လပြည့်၀န်းကြီးဆီသို့သာ တဖန်အာရုံလည်၍ ရွှေလင်ဗန်းနှင့် ထမင်းဆီစမ်းကိုသာ တောင်းခံမိပြန်သည်။
"ဟဲ့..၀တုတ်..လမင်းဆီကနေ ထမင်းတောင်းစားလို့ရတယ်လို့နင့်ကိုဘယ်သူကပြောလိုက်တာလဲ...."
"နင်ဘာသိလို့လည်..ငါ့အမေကငါ့ညီလေး
ငိုတဲ့အခါဆိုရင်"ရွှေလမှာယုန်၀ပ်လို့ ဆန်ဖွပ်တဲ့အဖိုးအို..."ဆိုတဲ့ကဗျာလေးကိုရွတ်ပြပြီး ချော့တတ်တာဟ...ဟော..လမင်းကြီးထဲမှာ ဆန်ထောင်းနေတဲ့အဖိုးကြီးနဲ့ ယုန်ကလေးကိုတွေ့တယ်မဟုတ်လား
....သူတို့ဆီကနေ ရွှေလင်ဗန်းနဲ့ ထမင်းဆီစမ်းကိုတောင်းစားလို့ရတယ်တဲ့...."
"ဟုတ်ပါပြီ...ဒါဆိုရင် အဖိုးအိုကနင့်ကို ထမင်းဆီစမ်း ဘယ်နှစ်ခါကျွေးဖူးသလဲ..."
ဒီလိုဆိုတော့လည်း ၀တ်တုတ်တစ်ယောက်အတွေးရကြပ်သွားမိသည်။
လမင်းကိုတလှည့် မေးခွန်းထုတ်သူကိုတလှည့်
ကြည့်၍ မဲဇာတောင်ခြေတွင် အတွေးနယ်ချဲ့၍စဉ်းစားခန်းထုတ်နေသည့်အလား ခေါင်းကိုဘယ်ညာယိမ်းနေလေသည်။
"အင်း...အမေပြောတာတော့ အိပ်မက်ထဲမှာလာကျွေးလိမ့်မယ်တဲ့...ငါတော့ရွှေလပေါ်မှာဆန်ဖွပ်တဲ့ အဖိုးကိုလည်းအိပ်မက် မမက်ဖူးသလို ...ယုန်လေးကိုလည်းမမက်ဖူးဘူး...
ငါ့အထင်သူတို့က ထမင်းဆီစမ်းမကျွေးချင်လို့နေမယ်နော်..."
"ဟား...ဟား...၀တုတ်တော့သူ့အမေဂျင်းထည့်တာကို အတုံးလိုက်အတစ်လိုက်ကိုမိသွားပြီ
...လပေါ်မှာအဖိုးကြီးလည်းမရှိသလို
၀ပ်တွားနေတဲ့ယုန်လည်းတစ်ကောင်မှမရှိဘူးဟဲ့...လပေါ်မှာက ဖုန်မှုန့်တွေနဲ့ကျောက်ဆောင်တွေပဲရှိတာ သိရဲ့လား..."
"ဟုတ်လည်းဟုတ်ပဲနဲ့..."
"ဟာ..ဘာလို့မဟုတ်ရမှာလည်း..ကဗျာထဲမှာပဲပါတဲ့ဥစ္စာ...
"ရွှေလမှာယုန်၀ပ်လို့ ဆန်ဖွပ်တဲ့အဖိုးအို ..
ဟောကြည့်ပါဆို..
ဆိုသာဆို ပိုမိုသည့်စကား...
ကလေးအငိုတိတ်အောင် အရိပ်အရောင်ပြတယ်...ဖိုးလနတ်သားတဲ့...."
ကဲ အဲ့ဒီ့မှာတင်ပေါ်နေပြီမဟုတ်လား..
ကလေးအငိုတိတ်အောင် လသာတာကို
အရောင်ပြပြီးချော့ရတာပါတဲ့
...နောက်ပြီးတော့လကမ္ဘာပေါ်မှာ ဘာယုန်၊ဘာအဖိုးအိုမှမရှိဘူး...."
"မကြီးက ဘယ်လိုသိလဲ....ရှိလို့မြင်နေရတာပေါ့....ကျွန်တော်တို့ကိုလာနှပ်မချပါနဲ့"
"မယုံရင် ဆရာမျိုးကိုမေးကြည့်လိုက်ပေါ့
နင်တို့ကျောင်းလာမတတ်တဲ့ညက ဆရာပြောပြတာသိရဲ့လား...လဟာတို့အခုနေတဲ့ကမ္ဘာထက် လေးပုံတစ်ပုံလောက်ကြီးတယ်တဲ့...
ပြီးတောာ တို့တွေရဲ့ကမ္ဘာကို လှည့်ပတ်နေတာတဲ့...လပေါ်မှာကဖုန်မှုန့်နဲ့ကျောက်ဆောင်တွေပဲရှိတာ...တို့မြင်နေရတဲ့အဖိုးကြီးနဲ့ယုန်ကလည်း အဝေးကနေလှမ်းမြင်နေရလို့ ထင်ရောင်ထင်မှားဖြစ်နေတာ...ညဘက်ဆိုရင်မြင်နေရတဲ့လရဲ့အလင်းရောင်ကလည်း လရဲ့ကိုယ်ပိုင်အလင်းရောင်မဟုတ်ပဲ
နေဆီကနေရတာ...ကဲ...သိပြီလား...
ငါကတစ်နေ့ကြရင်အာကာသယာဉ်မှူးကြီးလုပ်မှာ ပြီးရင်လကမ္ဘာပေါ်ကို သွားလည်မယ်
...ဟား..ဟား..."
အသဲကျယ်ကျယ်ဖြင့် ဆရာကြီးလေသံဖမ်းနေသော စုရည်ဆိုသည့်ကောင်မလေးသည် ပြူတင်းပေါက်ဘေးနားရှိ ကလေးနှစ်ယောက်ကို
သူဘယ်လောက်သိကြောင်း ကြွားလုံးထုတ်ကာ
ထရယ်လိုက်သည်။
ကလေးနှစ်ယောက်ကတော့ အာကာသယာဉ်မှူးဆိုတာ ဘာမှန်းမသိလေတော့ မျက်လုံး
လေးတွေပြူးပြီး ခေါင်းကုတ်၊ဖင်ကုတ်ဖြင့်သာ နားထောင်နေကြလေသည် ။
ဆရာနေမျိုးကတော့ ဒီကလေးမကို ကြီးကျယ်တတ်အောင် သင်ပေးလိုက်ပါပြီ။
စုရည်ဆိုသည့် ကောင်မလေးသည် ပုံရိပ်ကိုသူ၏ မွေးနေ့လက်ဆောင်ပေးလိုက်ရ၍
မကျေမနပ်ဖြစ်ဖူးသည့် ကောင်မလေးဖြစ်သည်။အခုများတော့ သူနှင့်ပုံရိပ်ဟာ ခင်မင်ရင်းနှီးမှုရနေပါပြီ။
ဆရာနေမျိုး၏ စာသင်၀ိုင်းကို လေးရက်လောက် တက်အပြီးမှာတော့ လက်ချိုးရေလို့ရလောက်သည့် ဒီအခန်းထဲမှ ကလေးတွေနှင့် ပုံရိပ်ဟာညီအစ်ကို၊မောင်နှမတွေလို ဖြစ်နေလေသည်။
အဒေါ်ကအိမ်မှာလုပ်သည့် လက်ဖက်သုတ်လေးကို ကော်ဗူးလေးနှင့် ထည့်ပေးလိုက်တဲ့အခါမျိုးမှာ
သူတို့ကိုပါကျွေးလျှင်
"မကြီးပုံပုံက သိပ်သဘောကောင်းတာပဲ"ဟု ရယ်သံနှော၍ ချီးကျူးတတ်ကြသည်။
ညဝိုင်းတွင် ကျောင်းသားအားလုံးပေါင်း
ခုနှစ်ယောက်တိတိရှိပေမဲ့ အတန်းတော့မတူကြပေ။
၀တုတ်နှင့်နှင်းမြတ်သည် သုံးတန်းသာရှိကြသေးပြီး မြတ်မင်းဦး၊ဇင်သုတနှင့် စုရည် ကတော့ ၅တန်းသာရှိသေးသည်။
ကြယ်ရောင်နှင့်လရောင်တို့ အမွှာညီအစ်ကိုကတော့ ၇တန်းကျောင်းသားများဖြစ်ကြသည်။
အတန်းအကြီးဆုံးကျောင်းသားဟာ ပုံရိပ်တစ်ယောက်တည်းသာရှိလေသည်။
စုရည်တို့ပြောပုံအရဆိုရင် အရင်ကတော့
ညဝိုင်းမှာ ကျောင်းသားဆယ့်ငါးယောက်လောက်ရှိပေမဲ့ ဆရာနေမျိုးကအလုပ်တစ်ဖက်နှင့်ဖြစ်သွား၍ အချို့ကျောင်းသားတွေ၏ မိဘတွေကစိတ်မချကြတော့ပေ။
ည၇နာရီမထိုးသေးတာကြောင့် စာသင်ပြပေးမည့်ဆရာဟာ ရောက်မလာနိုင်သေးပေ။အလုပ်တစ်ဖက်နှင့် အပြင်ကျောင်းသားတွေကို စာသင်ပြပေးရတာကြောင့် ဆရာသိပ်ပင်ပန်းမှာပဲဟု တွေးဆမိသည်။
၆နာရီကျော်လောက်မှ သူ့အခန်းသို့ပြန်ရောက်သည့် ဆရာဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်အပြီးမှာ ညစာအမြန်စာရပြီး ဆရာတော်ကြီးကို
ဗမာလိမ်းဆေးတွေလိမ်းပေးပြီးမှ စာသင်ခန်းသို့လာလေ့ရှိသည်။
ဆရာနေမျိုး၏အတန်းကို စတက်သည့်နေကတော့ အနည်းငယ်ရှိန်မိပေမဲ့ နှစ်ရက်မြောက်နေ့မှာတော့ အရမ်းသဘောကောင်းပြီးစာအသင်အပြ ကောင်းတဲ့ဆရာ့ကြောင့် ညဝိုင်းတက်ရတာကိုတောင်
ပိုနှစ်ခြိုက်လာမိသည်။
အခန်း(၁၃) ဒုတိယပိုင်းဆက်ဖတ်ရန်
==========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၃)🔥 ပထမပိုင္း
"ဖိုးလမင္းႀကီးေရ...ေရႊလင္ဗန္းနဲ႔ထမင္းဆီစမ္းေလးေပးပါဗ်ိဳ႕...ဝါ..ဝါ..ဝါ..."
ကေလးငယ္သည္ ဖေယာင္းတိုင္မီးမိွန္ပ်ပ်သာလင္းေသာအခန္းေလးထဲမွေန၍ ျပဴတင္းေပါက္ကိုေမးေထာက္ကာထားလ်ွက္ ပါးစပ္ကိုလက္ဖဝါးျဖင့္ ပိတ္လိုက္ဖြင့္လိုက္လုပ္၍ လမင္းႀကီးအား ၾကည္ရႊင္ေသာမ်က္၀န္းအစံုျဖင့္ၾကၫ့္ေနရွာသည္။
လမင္းသည္ ကမ႓ာေျမျပင္မွ မိုင္ေပါင္းႏွစ္သိန္းေက်ာ္ေလာက္ေဝးကြာေသာ အရန္ၿဂိဳလ္တစ္ခုဆိုတာထက္ သူ႔စိတ္ထဲတြင္လမင္းသည္ ဝိုင္းဝိုင္းစက္စက္ျဖင့္ သိပ္လွသည္ဟုသာ ေတြးမိသည္။
လ၏မ်က္ႏွာျပင္ေပၚတြင္ ျမင္ေနရေသာ
ဆန္ေထာင္းေနေသာအဖိုးအိုႏွင့္ယုန္ငယ္ေလးတို႔သည္ ကမ႓ာ့အေက်ာ္အေမာ္ ပန္းခ်ီဆရာတစ္ေယာက္ေယာက္ ေရးျခစ္ထားေသာ သိပ္လွသၫ့္ပန္းခ်ီကားတစ္ခ်က္
ဟုသာ စိတ္တြင္မွတ္၍ထားမိသည္။
သူ႔အေတြးထဲတြင္ ေပၚလာသည္က ေမေမဆိုေနၾကကဗ်ာေလးႏွင့္ ျပဴးတင္းေပါက္မွ အနီးကပ္ျမင္ေနရသလိုရိွသၫ့္ လျပၫ့္၀န္းႀကီးအေၾကာင္းသာျဖစ္သည္။ စႏၵာလမင္း၏ ပတ္ပတ္လည္ႏွင့္ သူျမင္ႏိုင္သမ်ွ ပမာဏေလးထဲတြင္ေတာ့ ၾကယ္အစုအေဝးေလးေတြဟာလည္း စိန္ေရာင္စံုကိုမီးရိပ္ထိုးသၫ့္နယ္ တျဖတ္ျဖတ္လက္ေနၾကသည္။
ေက်ာင္းျပဴတင္းေပါက္၏ ခပ္လွမ္းလွမ္းတြင္ရိွေသာ အစိမ္းေရာင္ခပ္ရင့္ရင့္ျမရာပင္အရြက္အခက္တို႔သည္ လေရာင္ဝါ၀င္း၀င္းေၾကာင့္ ညတြင္းအခါမွာပင္ အပြင့္ႏွင့္အသီးတို႔အား ထင္းထင္စြာျမင္ရႏိုင္သည္။
ျမရာသီးတို႔သည္ သူတို႔အတြက္ေတာ့
ေဘာင္ေဘာင္လုပ္၍ ကစားစရာေကာင္းေသာ အရာတစ္ခုပင္ျဖစ္သည္။
ပုရစ္ႏွင့္ပုစဉ္းရင္ကဲြတို႔သည္ ဟိုခုန္သည္ကူးျဖင့္ စိန္ေျပးတိုင္းကစားေနၾကသည္။
ေရ႔ွဆက္၍ ၾကၫ့္ပါက ခပ္အံု႔အံု႔ျဖစ္၍
ေနေသာ အင္ၾကင္ပင္၏ခြၾကားထဲတြင္ ဇီးကြက္တစ္ေကာင္ ေမွာင္ရိပ္ခိုေနသည္ကို ရိပ္ခနဲလွမ္းျမင္လိုက္ရသည္။
ဇီးကြယ္ငယ္၏ မ်က္၀န္းေတြသည္ လျပၫ့္၀န္းကဲ့သို႔ ဝိုင္းစက္ကာအေရာင္ေတာက္ေနၿပီး
ဂဏွာမၿငိမ္ျဖစ္ေနသည္။
သိပ္မၾကာလိုက္ပါ။သူ၏သားေကာင္အား
ရွာေတြ့သြားၿပီထင္ပါရဲ့အေတာင္ပံကိုခပ္ေလးေလးျဖန္႔က်က္လ်ွက္ မာန္ဟုန္ဆိုင္းကာ
တဖ်ပ္ဖ်ပ္ ပ်ံသန္းေပ်ာက္ကြယ္သြားေလသည္။
အေမေျပာဖူးတာကေတာ့ ဇီးကြက္ေတြဟာ
အင္းစက္ေတြကို အမဲလိုက္သတဲ့။
ဒီေၾကာက္စရာညမုဆိုး၏ သားေကာင္ကေတာ့ ၄၏လက္သည္းခၽြန္ခၽြန္ေတြနစ္၀င္သည့္ဒဏ္ကို အခ်ိန္ခဏေလးေတာင္ ခံႏိုင္ရည္ရိွၾကမယ္မထင္ပါဘူး။
"ေအာ္...လျပၫ့္၀န္းဟာ အေမွာင္ထု၏အတြင္းသားကို ထင္းလင္းစြာ သရုပ္ျပႏိုင္တဲ့ နတ္တစ္ပါးျဖစ္ေနမလား..."
"ဖိုးလမင္းႀကီးေရ...ေရႊလင္ဗန္းနဲ႔ထမင္းဆီစမ္းေလးေပးပါဗ်ိဳ႕...ဝါ..ဝါ..ဝါ..."
ဘယ္လိုအရာမ်ိဳးကပဲ သူ႔ကိုဆဲြေဆာင္ေနပါေစ ေနာက္ဆံုးတြင္လျပၫ့္၀န္းႀကီးဆီသို႔သာ တဖန္အာရံုလည္၍ ေရႊလင္ဗန္းႏွင့္ ထမင္းဆီစမ္းကိုသာ ေတာင္းခံမိျပန္သည္။
"ဟဲ့..၀တုတ္..လမင္းဆီကေန ထမင္းေတာင္းစားလို႔ရတယ္လို႔နင့္ကိုဘယ္သူကေျပာလိုက္တာလဲ...."
"နင္ဘာသိလို႔လည္..ငါ့အေမကငါ့ညီေလး
ငိုတဲ့အခါဆိုရင္"ေရႊလမွာယုန္၀ပ္လို႔ ဆန္ဖြပ္တဲ့အဖိုးအို..."ဆိုတဲ့ကဗ်ာေလးကိုရြတ္ျပၿပီး ေခ်ာ့တတ္တာဟ...ေဟာ..လမင္းႀကီးထဲမွာ ဆန္ေထာင္းေနတဲ့အဖိုးႀကီးနဲ႔ ယုန္ကေလးကိုေတြ့တယ္မဟုတ္လား
....သူတို႔ဆီကေန ေရႊလင္ဗန္းနဲ႔ ထမင္းဆီစမ္းကိုေတာင္းစားလို႔ရတယ္တဲ့...."
"ဟုတ္ပါၿပီ...ဒါဆိုရင္ အဖိုးအိုကနင့္ကို ထမင္းဆီစမ္း ဘယ္ႏွစ္ခါကၽြေးဖူးသလဲ..."
ဒီလိုဆိုေတာ့လည္း ၀တ္တုတ္တစ္ေယာက္အေတြးရၾကပ္သြားမိသည္။
လမင္းကိုတလွၫ့္ ေမးခြန္းထုတ္သူကိုတလွၫ့္
ၾကၫ့္၍ မဲဇာေတာင္ေျခတြင္ အေတြးနယ္ခ်ဲ႔၍စဉ္းစားခန္းထုတ္ေနသၫ့္အလား ေခါင္းကိုဘယ္ညာယိမ္းေနေလသည္။
"အင္း...အေမေျပာတာေတာ့ အိပ္မက္ထဲမွာလာကၽြေးလိမ့္မယ္တဲ့...ငါေတာ့ေရႊလေပၚမွာဆန္ဖြပ္တဲ့ အဖိုးကိုလည္းအိပ္မက္ မမက္ဖူးသလို ...ယုန္ေလးကိုလည္းမမက္ဖူးဘူး...
ငါ့အထင္သူတို႔က ထမင္းဆီစမ္းမကၽြေးခ်င္လို႔ေနမယ္ေနာ္..."
"ဟား...ဟား...၀တုတ္ေတာ့သူ႔အေမဂ်င္းထၫ့္တာကို အတံုးလိုက္အတစ္လိုက္ကိုမိသြားၿပီ
...လေပၚမွာအဖိုးႀကီးလည္းမရိွသလို
၀ပ္တြားေနတဲ့ယုန္လည္းတစ္ေကာင္မွမရိွဘူးဟဲ့...လေပၚမွာက ဖုန္မႈန႔္ေတြနဲ႔ေက်ာက္ေဆာင္ေတြပဲရိွတာ သိရဲ့လား..."
"ဟုတ္လည္းဟုတ္ပဲနဲ႔..."
"ဟာ..ဘာလို႔မဟုတ္ရမွာလည္း..ကဗ်ာထဲမွာပဲပါတဲ့ဥစၥာ...
"ေရႊလမွာယုန္၀ပ္လို႔ ဆန္ဖြပ္တဲ့အဖိုးအို ..
ေဟာၾကၫ့္ပါဆို..
ဆိုသာဆို ပိုမိုသၫ့္စကား...
ကေလးအငိုတိတ္ေအာင္ အရိပ္အေရာင္ျပတယ္...ဖိုးလနတ္သားတဲ့...."
ကဲ အဲ့ဒီ့မွာတင္ေပၚေနၿပီမဟုတ္လား..
ကေလးအငိုတိတ္ေအာင္ လသာတာကို
အေရာင္ျပၿပီးေခ်ာ့ရတာပါတဲ့
...ေနာက္ၿပီးေတာ့လကမ႓ာေပၚမွာ ဘာယုန္၊ဘာအဖိုးအိုမွမရိွဘူး...."
"မႀကီးက ဘယ္လိုသိလဲ....ရိွလို႔ျမင္ေနရတာေပါ့....ကၽြန္ေတာ္တို႔ကိုလာႏွပ္မခ်ပါနဲ႔"
"မယံုရင္ ဆရာမ်ိဳးကိုေမးၾကၫ့္လိုက္ေပါ့
နင္တို႔ေက်ာင္းလာမတတ္တဲ့ညက ဆရာေျပာျပတာသိရဲ့လား...လဟာတို႔အခုေနတဲ့ကမ႓ာထက္ ေလးပံုတစ္ပံုေလာက္ႀကီးတယ္တဲ့...
ၿပီးေတာ တို႔ေတြရဲ့ကမ႓ာကို လွၫ့္ပတ္ေနတာတဲ့...လေပၚမွာကဖုန္မႈန႔္နဲ႔ေက်ာက္ေဆာင္ေတြပဲရိွတာ...တို႔ျမင္ေနရတဲ့အဖိုးႀကီးနဲ႔ယုန္ကလည္း အေဝးကေနလွမ္းျမင္ေနရလို႔ ထင္ေရာင္ထင္မွားျဖစ္ေနတာ...ညဘက္ဆိုရင္ျမင္ေနရတဲ့လရဲ့အလင္းေရာင္ကလည္း လရဲ့ကိုယ္ပိုင္အလင္းေရာင္မဟုတ္ပဲ
ေနဆီကေနရတာ...ကဲ...သိၿပီလား...
ငါကတစ္ေန့ၾကရင္အာကာသယာဉ္မွဴးႀကီးလုပ္မွာ ၿပီးရင္လကမ႓ာေပၚကို သြားလည္မယ္
...ဟား..ဟား..."
အသဲက်ယ္က်ယ္ျဖင့္ ဆရာႀကီးေလသံဖမ္းေနေသာ စုရည္ဆိုသၫ့္ေကာင္မေလးသည္ ျပဴတင္းေပါက္ေဘးနားရိွ ကေလးႏွစ္ေယာက္ကို
သူဘယ္ေလာက္သိေၾကာင္း ႂကြားလံုးထုတ္ကာ
ထရယ္လိုက္သည္။
ကေလးႏွစ္ေယာက္ကေတာ့ အာကာသယာဉ္မွဴးဆိုတာ ဘာမွန္းမသိေလေတာ့ မ်က္လံုး
ေလးေတျြပဴးၿပီး ေခါင္းကုတ္၊ဖင္ကုတ္ျဖင့္သာ နားေထာင္ေနၾကေလသည္ ။
ဆရာေနမ်ိဳးကေတာ့ ဒီကေလးမကို ႀကီးက်ယ္တတ္ေအာင္ သင္ေပးလိုက္ပါၿပီ။
စုရည္ဆိုသၫ့္ ေကာင္မေလးသည္ ပံုရိပ္ကိုသူ၏ ေမြးေန့လက္ေဆာင္ေပးလိုက္ရ၍
မေက်မနပ္ျဖစ္ဖူးသၫ့္ ေကာင္မေလးျဖစ္သည္။အခုမ်ားေတာ့ သူႏွင့္ပံုရိပ္ဟာ ခင္မင္ရင္းႏွီးမႈရေနပါၿပီ။
ဆရာေနမ်ိဳး၏ စာသင္ဝိုင္းကို ေလးရက္ေလာက္ တက္အၿပီးမွာေတာ့ လက္ခ်ိဳးေရလို႔ရေလာက္သၫ့္ ဒီအခန္းထဲမွ ကေလးေတြႏွင့္ ပံုရိပ္ဟာညီအစ္ကို၊ေမာင္ႏွမေတြလို ျဖစ္ေနေလသည္။
အေဒၚကအိမ္မွာလုပ္သၫ့္ လက္ဖက္သုတ္ေလးကို ေကာ္ဗူးေလးႏွင့္ ထၫ့္ေပးလိုက္တဲ့အခါမ်ိဳးမွာ
သူတို႔ကိုပါကၽြေးလ်ွင္
"မႀကီးပံုပံုက သိပ္သေဘာေကာင္းတာပဲ"ဟု ရယ္သံေနွာ၍ ခ်ီးက်ူးတတ္ၾကသည္။
ညဝိုင္းတြင္ ေက်ာင္းသားအားလံုးေပါင္း
ခုႏွစ္ေယာက္တိတိရိွေပမဲ့ အတန္းေတာ့မတူၾကေပ။
၀တုတ္ႏွင့္ႏွင္းျမတ္သည္ သံုးတန္းသာရိွၾကေသးၿပီး ျမတ္မင္းဦး၊ဇင္သုတႏွင့္ စုရည္ ကေတာ့ ၅တန္းသာရိွေသးသည္။
ၾကယ္ေရာင္ႏွင့္လေရာင္တို႔ အမႊာညီအစ္ကိုကေတာ့ ၇တန္းေက်ာင္းသားမ်ားျဖစ္ၾကသည္။
အတန္းအႀကီးဆံုးေက်ာင္းသားဟာ ပံုရိပ္တစ္ေယာက္တည္းသာရိွေလသည္။
စုရည္တို႔ေျပာပံုအရဆိုရင္ အရင္ကေတာ့
ညဝိုင္းမွာ ေက်ာင္းသားဆယ့္ငါးေယာက္ေလာက္ရိွေပမဲ့ ဆရာေနမ်ိဳးကအလုပ္တစ္ဖက္ႏွင့္ျဖစ္သြား၍ အခ်ိဳ႕ေက်ာင္းသားေတြ၏ မိဘေတြကစိတ္မခ်ၾကေတာ့ေပ။
ည၇နာရီမထိုးေသးတာေၾကာင့္ စာသင္ျပေပးမၫ့္ဆရာဟာ ေရာက္မလာႏိုင္ေသးေပ။အလုပ္တစ္ဖက္ႏွင့္ အျပင္ေက်ာင္းသားေတြကို စာသင္ျပေပးရတာေၾကာင့္ ဆရာသိပ္ပင္ပန္းမွာပဲဟု ေတြးဆမိသည္။
၆နာရီေက်ာ္ေလာက္မွ သူ႔အခန္းသို႔ျပန္ေရာက္သၫ့္ ဆရာဟာ တစ္ကိုယ္ရည္သန႔္ရွင္းေရးလုပ္အၿပီးမွာ ညစာအျမန္စာရၿပီး ဆရာေတာ္ႀကီးကို
ဗမာလိမ္းေဆးေတြလိမ္းေပးၿပီးမွ စာသင္ခန္းသို႔လာေလ့ရိွသည္။
ဆရာေနမ်ိဳး၏အတန္းကို စတက္သၫ့္ေနကေတာ့ အနည္းငယ္ရိွန္မိေပမဲ့ ႏွစ္ရက္ေျမာက္ေန့မွာေတာ့ အရမ္းသေဘာေကာင္းၿပီးစာအသင္အျပ ေကာင္းတဲ့ဆရာ့ေၾကာင့္ ညဝိုင္းတက္ရတာကိုေတာင္
ပိုႏွစ္ၿခိဳက္လာမိသည္။
အခန္း(၁၃) ဒုတိယပိုင္းဆက္ဖတ္ရန္
No comments:
Post a Comment