🔥"ဆူးကြိုး...…"🔥 (အခန်း၄)


                                                 🔥"ဆူးကြိုး...…"🔥   

 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

                                                                     (အခန်း ၄)
                      

"သမီးလေးရေ...သမီးလေး...."

နားထဲတွင်လေပြေအေးနှင့်ခေါ်နေသော အသံကိုကြားနေရလေသည်။ဒီအသံကိုပုံရိပ်အရမ်းရင်းနှီးတယ်။
မျက်လုံးကို ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်မိတော့
အမျိုးသမီးတစ်ယောက်က ပုံရိပ်ကိုငုံ့ကြည့်နေလေသည်။ထိုအမျိုးသမီးရဲ့ မျက်နှာကိုပုံရိပ်
ကြောင်အစွာစိုက်ကြည့်နေမိသည်။ပုံရိပ်အရမ်းကိုရင်းနှီးလွန်းတဲ့မျက်နှာပါပဲ။အသားဖြူဖြူ မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ ချိုမြတဲ့အပြုံးတွေကိုပိုင်ဆိုင်ထားသူဟာ ပုံရိပ်အမြဲတမ်းစောင့်စားနေတဲ့တစ်ဦးတည်းသော မိခင်ပါပဲ။
အမေ့ကိုမြင်တာနဲ့ ပုံရိပ်ရဲ့မျက်၀န်းမှာ မျက်ရည်တွေရစ်သိုင်းလာသည်။

"အမေ..…အမေသမီးကိုဘာလို့ထားခဲ့ရတာလဲ
...သမီးကအဖေနဲ့အမေ့ကိုအရမ်းသတိရနေတာ....
ဒီတစ်ခါသမီးကိုမထားခဲ့ပါနဲ့နော်...သမီးကိုပါတစ်ခါတည်းခေါ်သွားပေးပါနော်...သမီးတောင်းပန်ပါတယ်..."

အိပ်ယာပေါ်ကနေချက်ချင်းထထိုင်မိလိုက်ပြီး
အမေ့ရဲ့ခါးကိုဖက်ကာ အားရပါးရငိုမိလေသည်။အားငယ်နေတဲ့အချိန်မှာ အမေ့ရင်ခွင်ထဲကိုတိုး၀င်ပြီး ငိုကျွေးရတဲ့အရသာက ပုံရိပ်အတွက်တကယ်ကိုနှစ်သိမ့်မှုအကြီးကြီးဖြစ်စေတယ်။

"သမီးလေးရယ်...အမေလည်းခေါ်သွားချင်တာပေါ့...ဒါပေမဲ့အမေတို့နေနေရတဲ့နေရာကိုသမီးလိုက်လို့လုံး၀မရဘူး...သမီးလေးပင်ပန်းလိမ့်မယ်...သမီးဒီမှာပဲ လိမ်လိမ်မာမာနေပါနော်..တစ်နေ့နေ့တော့မေမေလာခေါ်ပါ့မယ်...ကတိပေးပါတယ်ကွယ်..."

"ဟင့်အင်း...ဟင့်အင်း...သမီးအမေတို့နဲ့တစ်ခါတည်းလိုက်ပါရစေ....သမီးကိုခေါ်သွားပေးပါနော်..."

အထပ်ထပ်တောင်းဆိုနေမိပေမဲ့ တိတ်ဆိတ်သွားသည့်အမေ့ရဲ့ စကားသံနောက်တွင် အမေ့ရဲ့
ပုံရိပ်တွေကလည်း ပျောက်ကွယ်သွားခဲ့သည်။
အိမ်တစ်အိမ်လုံးကိုအနှံ့လိုက်ရှာကြည့်နေမိပေမဲ့
အမေ့ရဲ့ကိုယ်သင်းရနံ့လေးကိုတောင် ရှာမရဘူး။
မျက်ရည်တွေဟာ ပါးပြင်ထက်မှာအတိုင်းအဆမရှိ စီးကျလာခဲ့ပြီး နေရာမှာတင်ထိုင်ချလိုက်မိသည်။

အားကိုးစရာမရှိတော့သလိုခံစားချက်နှင့်အတူ အေးစက်လာသည့်နှလုံးသားက တွယ်တာစရာကိုရှာဖွေဖို့ကြောက်ရွံ့လာခဲ့တယ်။သံယောဇဉ်ထားမိတဲ့လူတိုင်း ချစ်ရတဲ့လူတိုင်းကတစ်နေ့မှာ
နည်းအမျိုးမျိုးနဲ့ အဝေးကိုထွက်သွားကြမှာပဲ။
သံယောဇဉ်ဆိုတာ ဆူးကြိုးတစ်ချောင်းနဲ့ရစ်ပတ်မိသလိုပဲ။ပိုရုန်းလေ နာကျင်မှုပိုတိုးလေဖြစ်ပြီး
ဆူးရဲ့နစ်၀င်မှုကလည်း ပိုနက်လေပဲ။
ဒါကြောင့် မနာကျင်ချင်ရင် မတွယ်‌တာမိအောင်နေမှပဲ ရလိမ့်မည်။

အိပ်ရာကနေနိုးလာတော့ပုံရိပ်ရဲ့ပါးပြင်နဲ့ခေါင်းအုံး‌ ပေါ်တွင် ယောင်ပြီးငိုထားမိ၍ စိုစွတ်နေသည့် အထိအတွေ့ကိုခံစားနေရသည်။
အမေနဲ့အဖေကိုပုံရိပ်အိပ်မက်မက်လိုက်မိတိုင်းအမြဲတမ်းငိုရတာချည်းပါပဲ။အိပ်ရာပေါ်မှ
ငုတ်တုတ်ထထိုင်လိုက်ပြီးအပြင်ဘက်မှအသံတွေကိုနား‌ထောင်ကြည့်လိုက်မိတော့ ကြမ်းပြင်က
တသိမ့်သိမ့်တုန်နေသည့်နည်းတူ လှုပ်ရှားသွားလာနေသံကို အတိုင်းသားကြားနေရလေသည်။
စောင်ကိုသေချာခေါက်လိုက်ပြီးနောက်
အခန်းတံခါးကိုဖွင့်လိုက်တော့ဒေါ်လေးက
လမ်းထဲရှိ ဦးပုတို့အိမ်မှဖောက်သည်ယူထားသည့်
စမူဆာနဲ့အီကြာ‌ကွေးတွေကိုလင်ဗန်းထဲသို့ သေချာလေးထည့်ပြီး ဈေးထွက်ဖို့ပြင်ဆင်နေလေသည်။

"ဟော ပုံပုံနိုးနေပြီလား...."

သူ့ယောက်ျားရဲ့ပုဆိုးအဟောင်းစကို ခေါင်းပေါင်းလုပ်ဖို့ခွေနေရင်းမှ ပုံရိပ်ကိုလှည့်ပြီးမေးလေသည်။
ပုံရိပ်လည်း ရေအိုးစင်မှာရေခပ်သောက်နေရင်းကနေ ခေါင်းငြိမ့်ပြလိုက်သည်။ရေကကုန်ခါနီးနေပြီမို့ အနယ်မပါအောင် သေချာလေးခပ်လိုက်ရသည်။
အိုးနံရံနှင့် ရေခွက်သွားထိသည့် အသံထွက်လာသည့်အချိန်မှာ ဒေါ်လေးကလည်းအလိုက်သိစွာပင်
ပိုက်ဆံငါးရာတန်တစ်ရွက်ကို လင်ဗန်းအောက်မှနှိုက်လိုက်လေသည်။

"ရော့....မိုးလင်းလို့ရေသည်လာရင်...တစ်ပုံးယူထားလိုက်...အော်...ပဲပြုတ်နှစ်ရာဖိုး၀ယ်ထားတယ်...
ထမင်းချမ်းကျန်တာကိုခြေပြီး...ပဲပြုတ်နဲ့ကြော်လိုက်....ပြီးရင်မောင်နှမသုံးယောက်ခွဲစားကြပေါ့...
ထမင်းချိုင့်ကတော့ ကြက်ဥကြော်ထားတာ...
ညီမလေးကို တစ်ချက်ပဲထည့်ပေးလိုက်..သူကသိပ်စားတာမဟုတ်ဘူး...ပုံပုံကနှစ်ချပ်ထည့်သွား
...ကြားလား...."

"ဟုတ်..."

"ဟိုအကောင့်ကိုလည်း စောစောနှိုးသွားနော်..
တော်ကြာငါပြန်မလာခင်...အိမ်မှာစောင့်မဲ့လူမရှိလို့...သူခိုး၀င်ခိုးသွားအုံးမယ်..."

"ဒေါ်လေးရယ်...အဲ့ကောင်လေးကိုနှိုးရတာထက် ခြင်္သေ့ဂူထဲပဲ ပြေး၀င်လိုက်ချင်တော့တယ်...
အဲ့‌ကောင် တအားအအိပ်ပုပ်တာ...
ခိုးစရာလည်း ဒေါ်လေးအိမ်မှာ ဒယ်အိုးဖင်မဲတွေပဲရှိတဲ့ဥစ္စာ....ဘာတွေစိတ်ပူနေတာလဲ...."

"ဟဲ့...ဒယ်အိုးဖင်မဲလည်း တန်ဖိုးရှိတာပဲ..အဲ့ဒီ့ဒယ်အိုးတွေက ညည်းအသက်ထက်တောင်ကြီးသေးတယ်...ညညဆို ထိုင်မကန်တော့ခိုင်းတာတောင်ကံ‌ကောင်း....ညည်းနဲ့ပြောနေရတာ အချိန်တွေပုပ်လိုက်တာအေ...ငါခိုင်းတဲ့အတိုင်းပဲလုပ်စမ်းပါ....ငါသွားပြီ..."

ခြံထဲမှဒေါ်လေးထွက်သွားပြီးသည်နှင့် ပုံရိပ်လည်းအိမ်တံခါးကို ဂျက်ထိုးထားလိုက်ပြီး မျက်နှာသစ်၊သွားတိုက်ခြင်းကို လုပ်ပြီးနောက် ကော်ခွက်နှင့် အုပ်ထားသောထမင်းချမ်းတွေကို  ချေကာဆားဖြူး၍နယ်လိုက်ကာ ပဲပြုတ်နဲ့ရောလိုက်သည်။လျှပ်စစ်မီးဖို၀ယ်ထားသည်‌ကြောင့် အရင်လို
မီးမမွှေးရတာက အလုပ်တစ်ခုလျှော့စေသည်။

အိုးထဲသို့ ဆီအနည်းငယ်ထည့်လိုက်ပြီး ဆီဆူလာတာနှင့်ထမင်းကိုထည့်၍ ခဏမျှမွှေပေးလိုက်သည်။ထမင်းကြော်ခြင်း ပြီးစီးသည်နှင့် စတီးလ်ပန်းကန်ထဲသို့ ခပ်ထည့်လိုက်ပြီး ပုံရိပ်အတွက်ဝေစုကို ပန်းကန်ပြားထဲသို့ ထည့်လိုက်ကာ ကိုယ့်အခန်းကိုယ်ပြန်သွား၍ စာကျက်သည့် ခုံလေးရှေ့မှာ ထိုင်လိုက်သည်။ပုံရိပ်ရဲ့ စိတ်ကူးကတော့ ထမင်းကြော်စားရင်းနှင့် စာကျက်ဖို့ပါပဲ။ပုံမှန်ဆိုရင် စာပြန်လုပ်လေ့မရှိပေမဲ့ လပတ်စာမေးပွဲကနီးလာပြီမို့ စာမေးပွဲမကျအောင်တော့ စာလုပ်ရပေတော့မည်။

ဆရာမတွေက စာမေးပွဲနီးလာတိုင်း ဘယ်နှစ်ခန်းအပြတ်ကျက်ရမယ်။ဘယ်အခန်းတွေကနေမေးမယ်ဆိုပြီး မှတ်စုပေးတတ်တာကြောင့် ရှေ့အခန်းတွေကတော့ ပြန်မနွေးပေမဲ့ စာမေးပွဲမှာမေးမဲ့ အခန်းတွေကိုတော့ ပြန်ကြည့်ဖြစ်သည်။
ပုံရိပ်ကဖြတ်ထိုးဉာဏ်ကောင်းသူမို့ အောင်မှတ်ဘယ်လိုရအောင် လုပ်ရမလဲဆိုတာတော့ သိသည်။

ကိုးတန်းအောင်ရင် အဒေါ်ကဆယ်တန်းမှာကျူရှင် ထားမည်လို့ပြောတော့ ပုံရိပ်သိပ်စိတ်ညစ်တာပဲ။
ဖြစ်နိုင်ရင် ကိုးတန်းကိုတောင် ကျအောင်ဖြေလိုက်ချင်သည်။ဒီလိုဆိုရင် အ‌ဒေါ်လည်းအပင်ပန်းခံပြီးကျောင်းထားပေးစရာ မလိုတော့သလို ပုံရိပ်လည်းအဒေါ့်ကို ငွေကူရှာပေးလို့ရလိမ့်မည်။
ပုံရိပ်ရဲ့စိတ်ထဲမှာ ယခုတစ်လောဖြစ်တည်နေတဲ့ ခံစားချက်ကတော့ အသက်အမြန်ကြီးပြီး ပိုက်ဆံ
အမြန်ရှာဖို့ပါပဲ။

နာရီလက်တံလေးဟာ ငါးနာရီခွဲမှခြောက်နာရီသို့တဖြည်းဖြည်းရွေ့လျှားသွားလေသည်။
ရက်ကွက်ထဲရှိ တိုက်ကြက်ဖတွေကိုသီးသန့်မွေးထားသောအိမ်မှ ကြက်ဖကြီးကလည်း တွန်မြည်သံပေးလာသည်။ပြင်ပပတ်၀န်းကျင်တစ်ခုလုံးလည်း အလင်းရောင်စိုးမိုးလာတာကြောင့်
ရပ်ကွက်က‌လေးဟာလည်း သွားလာလှုပ်ရှားနေကြသူများရဲ့အသံတွေနှင့် ဆူညံကုန်တော့သည်။
ခေါင်းရင်းဘက်ခြံရှိ လိုင်းခန်းဘက်မှ ‌အလုပ်ဆင်းမည့်လူတွေရဲ့ စကားပြောသံတွေကလည်း ဆူထွက်နေလေသည်။
လိုင်းခန်းတွေဆိုတော့ လူမျိုးစုံ၍အသံလည်းစုံသည်။
ပုံရိပ်လည်း ကလေး‌တွေမနိုးခင် ရေအမြန်ပြေးချိုးလိုက်ပြီး သနပ်ခါးအမြန်လိမ်းကာ ကျောင်းစိမ်းကိုလဲလိုက်သည်။

"မမပုံ...မေကြီးရော..."

ခြင်ထောင်ထဲကနေ အိပ်ချင်မူးထူးနဲ့ထွက်လာတဲ့
မိစုဟာဆံပင်လေးတွေဖွာလံကျဲနေလေသည်။‌
မိစုကအသက်သာငယ်ပေမဲ့ ထွန်းကိုထက်လိမ္မာ‌သည်။သူကျောင်းသွားရမဲ့အချိန်ဆို တမင်
နှိုးစရာတောင်မလိုပဲ သူ့အလိုလိုအိပ်ယာနိုးလာတတ်သည်။

"လာ..မိစု...မျက်နှာသွားသစ်ရအောင်..."

မိစုကို ‌မျက်နှာသစ်၊သွားတိုက်ဖို့ကူပေးလိုက်ပြီးနောက် ရေပါတစ်ခါတည်းချိုးပေးလိုက်ကာ ကျောင်းသွားဖို့ပြင်ဆင်ပေးရလေသည်။
မနက်စာပါကျွေးပြီးသွားတဲ့နောက်မှာပုံရိပ်ကိုယ်တိုင်သနပ်ခါးလိမ်းပေးလိုက်ပြီး ငယ်ထိပ်မှာကြက်တောင်စည်းလေးစုစည်းထားသည့် မိစုဟာ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေလေပြီ။
မိစုအလှည့်ပြီးတော့ နောက်ထပ်၀တ္တရားတစ်ခုကတော့ ထွန်းကိုအားအိပ်ယာနှိုးခဲ့ဖို့ပါပဲ။

"ဟဲ့....ထွန်းကို...ဟဲ့...အိပ်ယာထတော့လေ..."

"ဟာ...မမပုံကလည်း အိပ်လို့ကောင်းနေတဲ့ဥစ္စာ..
ကျောင်းကနေ့လည်ဘက်မှသွားရမှာကို ခုတည်းကမထချင်ပါဘူး..."

"ဟဲ့...ငါနှိုးလို့မထရင်...နင့်အမေပြန်လာတဲ့အချိန်ကြ..တက်နင်းပြီးနှိုးခံရမှာနော်...ငါတို့ကျောင်းသွားတော့မယ်...နင်ကအိပ်နေတော့ အိမ်ပေါ်ကိုသူခိုးတက်ခိုးသွားရင်ဘယ်လိုလုပ်မလဲ...."

"ဟာ...ခိုးချင်တဲ့ဟာခိုးသွားပါစေဗျာ...
တစ်ခုမှ သားမပိုင်ဘူး...."

"ဟာ...ဒီခွေးစုတ်ကတော့...နင်မပိုင်ပေမဲ့ နင့်မအေပိုင်တဲ့ဟာတွေလေ...ငနာလေးရဲ့...ခွက်တစ်လုံးနဲ့ထွက်တောင်းချင်လို့ ဒီစကားပြောနေတာလား...
နင်လုပ်တာနဲ့ငါကျောင်းနောက်ကျတော့မယ်နော်..."

"တောင်းချင်လည်းတောင်းရပါစေတော့ဗျာ...
နောင်ခါလာနောင်ခါဈေး..အခုတော့အိပ်ရေး၀၀အိပ်ရရင်ပြီးရော...."

ညဘက်ဆိုခုနှစ်နာရီထိုးလောက်တည်းက အိပ်ယာထဲကို၀င်ပြီး ဟောက်နေတတ်တဲ့ကာလနဂါးက
သူတောင်းစားဘ၀ကိုရောက်ရင်တောင် အိပ်ရပြီးရောဆိုပါလား။ထွန်းကိုဆိုသည်မှာ အဲ့သည်လို
ငဂျစ်ကလေးပင်။စကားနားထောင်သလားဆိုတော့
မထောင်ဘူး။ပြန်မပြောဘူးလားဆိုတော့လည်း သာလိကာကသူ့ကိုအဖေပြန်တော်ရမည့်ကောင်ပင်။ပုံရိပ်ဆိုသည်မှာလည်း စိတ်ကလက်တစ်ဆစ်လောက်သာရှိသူမို့ ထွန်းကိုအားပြောနေရတာ စိတ်မရှည်ဖြစ်လာသည်။ချက်ချင်းပဲ ခြင်ထောင်ကြိုးတွေကိုဖြုတ်ပစ်လိုက်ပြီး ထွန်းကိုရဲ့ကိုယ်ပေါ်မှ စောင်ကိုဆွဲလှန်ပစ်လိုက်သည်။

"အား...မကြီးပုံရာ...ဘာလုပ်တာလဲ..."

"ထတော့လို့.....ထတော့..."

ပါးစပ်ကလည်းပြောရင်း လူကောင်သေးတဲ့ထွန်းကိုရဲ့ပခုံးကနေလည်း ဆွဲထူပစ်လိုက်သည်။ငုတ်တုတ်ထိုင်လျက်ဖြစ်သွားသည့်ထွန်းကိုဟာ မျက်လုံးတွေကို ဖိပွတ်လိုက်ပြီး  နှုတ်ခမ်းကလည်းတစ်တောင်လောက်စူထွက်နေသည်။

"ခစ်....ခစ်..."

"ဟဲ့...အငယ်မ.…နင်ကငါ့ကိုဘာလာရယ်တာလဲ...
လက်သီးပျံစာမိသွားမယ်နော်...."

"အဟင့်...မကြီးပုံ..."

မိစုကသူ့အစ်ကိုကို ကြည့်ပြီးလှောင်တော့ ဒင်းကကလေးကိုခြိမ်းခြောက်လာတယ်။
ပုံရိပ်လည်း ထွန်းကိုရဲ့နောက်စေ့ကိုဖက်ကနဲ ပိတ်တီးပစ်လိုက်သည်။

"အား...မကြီးပုံကလည်း သားကိုဘာလို့ရိုက်တာလဲ..."

"ရိုက်မှာပေါ့...လူကြည့်တော့လက်သန်းလောက်ရှိတယ်....ကလေးကိုခြိမ်းချောက်ရတာနဲ့ဘာနဲ့...
မြန်မြန်ထ...မဟုတ်ရင်...ထမင်းကြော်တွေအကုန်လုံးကျောင်းကို ငါထည့်သွားလိုက်မှာ..."

"ဟာ...အဲ့လိုတော့မလုပ်နဲ့လေ..သားထပြီ....သားအခုပဲထပြီ.…ဟင့်...သူများကိုတော့ပြောပြီး သူကြတော့ အစားနဲ့လာခြိမ်းချောက်နေတယ်..."

အစားအကြောင်းကိုပြောလိုက်တော့ ချက်ချင်းပဲမျက်နှာသစ်ဖို့ထပြေးတဲ့ ထွန်းကိုအားကြည့်၍ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။
ပုံရိပ်က တစ်ဦးတည်းသောသမီးဆိုပေမဲ့ ဒီကလေးနှစ်ယောက်နဲ့ အနေများလာတော့ သူတို့ကိုဘယ်လိုထိန်းချုပ်ရမလဲ ကောင်းကောင်းသိလာသည်။
အဒေါ်က မနက်ဖက်ဆို အီကြာကွေးတို့ စမူဆာတို့လှည့်ရောင်းရပြီး ပြန်လာရင် ရပ်ကွက်ထဲကအိမ်အချို့မှာ အ၀တ်လိုက်လျှော်ပေးရသည်။

သူ့ယောက်ျားရှိတုန်းကလည်း ဘာအပို၀င်ငွေမှ
ရှာမပေးပါဘူး။ လူလေးယောက်စာအတွက် ရှာဖွေရတာကြောင့်  သူမအတွက်အလုပ်တစ်ခုတည်းနှင့် မတင်းတိမ်ပေ။
ပုံရိပ်အပါအ၀င်ကလေးသုံးယောက်လုံးက ကျောင်းသားတွေချည်းပဲဆိုတော့
အကုန်အကျပိုများပြီး စရိတ်ကပိုကုန်သည်။
ကျောင်းမှာကလည်း ဘာကြေးညာကြေးက ခဏခဏကောက်တော့ ပိုဆိုးတာပေါ့။

မုန့်ဖိုးမရလို့ မုန့်ဈေးတန်းကိုတောင်မသွားတဲ့လူကို
အသင်းအတွက် တံမြက်စည်းဖိုးထည့်ပါအုံး၊ဘုရားပန်းဖိုးထည့်ပါအုံး၊မှင်အိုးဖိုးထည့်ပါအုံးဆိုရင် ပုံရိပ်ပြန်ပြောနေကြစကားကတော့
"လာမပြောနဲ့တစ်ပြားမထည့်နိုင်ဘူး.."ဆိုတဲ့စကားပါပဲ။
အဲ့သည်လိုပြောမိရင် လူမှုရေးမသိတတ်ဘူးဆိုပြီး
စောင်းမြောင်းခံရတယ်။ဒါပေမဲ့ ပုံရိပ်ကတော့ အေးဆေးပါပဲ။
မရှိတာကို အရှိလုပ်ပြီးအဒေါ့်ဆီကနေ ပြန်မတောင်းချင်သလို ခဏတာဖြစ်တည်လာတဲ့ ဆန္ဒလေးတစ်ခုအတွက်နဲ့လည်း မုန့်ဈေးတန်းမှာအဒေါ့်ပိုက်ဆံကို သွားမ‌ဖြုန်းချင်ဘူး။
အဒေါ်နဲ့အတူနေရတဲ့အချိန်နှနှစ်ကျော်အတွင်းမှာ
ကျေးဇူးတရားတွေက ပုံရိပ်ရဲ့အပေါ်မှာ တောင်လိုပုံနေပါပြီ။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

မိစုကိုမူလတန်းကျောင်းသို့ပို့ခဲ့ပြီးနောက် ကျောင်းတက်ခေါင်းလောင်မထိုးခင် ကျောင်းထဲသို့
အမြန်၀င်ပြေးရလေသည်။‌ကံဆိုးစွာပဲ ပုံရိပ်ကျောင်းထဲသို့ စ၀င်သည့်အချိန်ဟာ နိုင်ငံတော်အလံကို အလေးပြုရသည့်အချိန်မို့
လမ်းတစ်၀က်မှာတင် မတ်တပ်ရပ်‌လိုက်ရသေးသည်။

ခေါင်းလောင်းထိုး၍ ကျောင်းသားတွေအားလုံး ကိုယ့်အတန်းကိုယ် ပြန်၀င်ကြရတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ဘိုင်အိုအခန်းသို့ ပြေးရလေတော့သည်။
အချို့ကျောင်းသူ သုံးယောက်လောက်ဟာ
 မိမိအခန်းအတွက် ဘုရားပန်းအိုးထိုးဖို့
ရေလဲနေကြရင်းမှ ပုံရိပ်ကိုလှမ်းကြည့်လာကြသည်။

"မင်္ဂလာပါဆရာမ..."

ဘိုင်အိုစီခန်းရဲ့တံခါး၀ကိုရောက်တော့ အတန်းပိုင်ဆရာမက ၀င်နှင့်နေလေပြီ။
အခန်းထဲရှိ ဆရာမကိုထ၍နှုတ်ဆက်နေကြသော  ကျောင်းသားတွေကို ဆရာမကထိုင်ခိုင်းလိုက်ပြီးနောက် ပုံရိပ်ဘက်သို့လှည့်ကြည့်လာလေသည်။

အခန်းထဲကို ၀င်ခွင့်ပြုဖို့ လက်ညှိုးထောင်ပြီး
ဟန်အမူအယာနဲ့လုပ်ပြလိုက်တော့ ဆရာမကခေါင်းငြိမ့်ပြလာသည်။ထူးဆန်းတာက ပုံရိပ်အမြဲတမ်းထိုင်နေကြ အလယ်တန်းရဲ့နောက်ဆုံးခုံတွင် အသားဖြူဖြူနဲ့မိန်းကလေးတစ်ယောက်ထိုင်နေတာပါပဲ။
ဒီမိန်းကလေးကို ဒီနေ့မှစတွေ့ဖူးတာကြောင့် သူမရဲ့မျက်နှာကို ထူးဆန်းသလို တစ်ချက်ကြည့်လိုက်ပြီး
ခုံတစ်ဖက်စွန်းမှာ ၀င်ထိုင်လိုက်သည်။

"အိအိမိုး...."

"ရှိ.…"

"ခန့်မင်း...."

"ရှိ...."

ဆရာမက အတန်းတက်သည့်ကျောင်းသားစာရင်းကို ခေါ်နေစဉ်မှာ စာမေးပွဲအတွက်သင်္ချာပုဒ်စာကို တွက်နေသည့် ပုံရိပ်၏အနားသို့ တစ်ဖက်ခုံစွန်းမှကောင်မလေးက တိုးကပ်လာသည်။
ဘောပန်င်ကိုချပြီး ဘေးကိုလှည့်ကြည့်လိုက်တော့
ထိုကောင်မလေးက ပုံရိပ်ကိုပြုံးပြလာသည်။
သူမရဲ့အပြုံးက ဖြူစင်ပေမဲ့ဘာကြောင့်အကြောင်းမဲ့သက်သက်လာပြုံးပြနေရသလဲဆိုတာကိုတော့ နားမ‌လည်ပေ။
မျက်ခုံးတန်း‌တွေကို တမင်ကြုံ့ပစ်လိုက်ပြီး
ကိုယ်တွက်ရမဲ့ပုစ္ဆာကိုသာ ဆက်တွက်နေလိုက်သည်။

"နင်...သင်္ချာတွက်နေတာလား...နင့်နာမည်ဘယ်သူလဲ... ငါ့နာမည်က  ယမင်းရွှေ..."

"အင်း...."

စကားနဲတဲ့ ပုံရိပ်၏"အင်း..."ဆိုသောတုန့်ပြန်မှုက ယမင်းရွှေကို အောင့်သက်သက်ဖြစ်သွားစေသည်။မိသားစု၀င်တွေအားလုံးက ပစားပေးထားတဲ့ကလေးဖြစ်သည့်အပြင် ဘိုမရုပ်ကလေးလို ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ သွက်လက်သည့်အမူအရာလေးတွေကြောင့် သူမနှင့်ခင်မင်ချင်သူတွေဟာ အများသားပင်။

သို့ပေမဲ့ ယခုသူမနှင့် တစ်ခုံထဲထိုင်နေသော ကျောင်းသူကတော့ ဒီလောက်ပြုံးဖြီးပြပြီး နှုတ်ဆက်နေတာတောင် မခေါ်မပြောချင်သလို ဆက်ဆံနေလေသည်။သူမရဲ့ဘ၀မှာ ပထမဆုံးသော သူစိမ်းတစ်ယောက်ရဲ့ လျစ်လျှူရှုမှုကို ခံရခြင်းပါပဲ။

"ငါကဒီကျောင်းကို ဒီနေ့မှစပြောင်းလာတာလေ..
တစ်ခြားခုံတွေကလူတွေပြည့်နေလို့ နောက်ဆုံးတန်းမှာလာထိုင်လိုက်တာ အစကလူမရှိဘူးထင်ပြီး
တစ်ယောက်တည်းထိုင်ရတော့မယ်ထင်လို့
စိတ်ပျက်နေတာ....ရှေ့အတန်းကဒီမှာတစ်ယောက်ထိုင်တယ်လို့‌ပြောမှ စိတ်အေးသွားတာ....
ဒီနေ့မှစရောက်တာဆိုတော့ ငါ့မှာသူငယ်ချင်းမရှိဘူး...နင်နဲ့ခင်လို့ရမလားဟင်...."

ကိုယ့်ကိုစကားပြန်မပြောတဲ့လူကို စကားတွေရေ
မထိအောင် လာပြောနေသည့်ယမင်း‌ရွှေဆိုသူအား ပုံရိပ်သေချာပြန်ကြည့်လိုက်မိသည်။
မျက်နှာလေးကတော့ ဘယ်သူမဆို မြင်မြင်ချင်း
ခင်မင်ချင်စရာကောင်းမဲ့ရုပ်ရည်မျိုးပါပဲ။
ဒါပေမဲ့ စကားအရမ်းများလွန်းတယ်။

ပုံရိပ်ဘက်ကနေ မေးခွန်းတစ်ခုမှမထုတ်မိပေမဲ့
သူဖြေသွားတာတွေကအများကြီးပဲ။
ပုံရိပ်ရဲ့ စိတ်ထဲမှာတော့ ဒီလိုလူမျိုးတွေကပိုပြီးမယုံချင်စရာကောင်းတယ်လို့ ထင်မိတယ်။
ပုံရိပ်ကသူမကိုစူးစမ်းစွာ ကြည့်နေတဲ့အချိန်မှာ
သူမကထပ်ပြုံးပြလာပြန်သည်။
ဘာလို့ အကြောင်းမဲ့ခဏခဏလာပြုံးပြနေရသလဲ
မသိဘူး။
ဒါမှမဟုတ် အရမ်းဖော်ရွေတတ်တဲ့သူမို့လို့များလား။တစ်ခါတစ်လေမှာ လူတစ်ယောက်ကိုအပေါ်ယံကြည့်ရုံနဲ့  ဆုံးဖြတ်လို့မရဘူး ထင်ပါတယ်။

"...ငါကဒီနေ့မှရောက်လို့ အဖော်မရှိလို့ပါဟာ
...စကားလေးဘာလေး ပြန်ပြောပါအုံး...."

"နေဦး....အစမ်းစာမေးပွဲတောင် နှစ်ခါဖြေပြီးသွားပြီ....ကျောင်းပြောင်းတာဘာလို့နောက်ကျနေတာလဲ...."

"ဟာ....နောက်ဆုံးတော့ နင်စကားပြန်ပြောပြီ...."

တစ်ချိန်လုံးတိတ်ဆိတ်နေသောပုံရိပ်ထံမှ စကားသံကိုကြားလိုက်ရတော့ ယမင်းတစ်ယောက်
၀မ်းသာသွားကာ စားရေးခုံကိုလက်ဖဝါးနဲ့တစ်ချက်ပုတ်မိသွားလေသည်။
အရှေ့အတန်းမှ ကောင်မလေးတစ်ယောက်ကတောင် လှည့်ကြည့်လာသည်အထိပင်။
သို့ပေမဲ့ စာမသင်သေးသည့်အချိန်မို့ သူမတို့၏စကားပြောသံက အခြားလူတွေရဲ့ဆူညံသံကို မဖုံးအုပ်နိုင်ပါဘူး။

"ငါ့အဖေက ကျောင်းဖွင့်ပြီးတစ်လကျော်လောက်မှ အလုပ်ကိစ္စနဲ့ဒီဘက်ကို လာဖို့အကြောင်းဖန်လာတာလေ...ဒါပေမဲ့အဖေကလူကြီးပိုင်းတွေနဲ့ရင်းနှီး‌တော့ ငါတို့ကျောင်းပြောင်းဖို့က သိပ်မခက်ခဲဘူးလို့ပြောတာပဲ...ငါလည်းသေချာတော့မသိဘူး..
ဒါနဲ့ငါ့အကြောင်းပဲ ‌ပြောပြနေရတာ နင့်နာမည်ကိုတော့ ငါအခုထိမသိရသေးဘူး...နင့်နာမည်လည်းပြောပြအုံးလေ...."

သင်္ချာတွက်နေတာကို ဘေးကနေစကားတွေ တတွတ်တွတ်လာအပြောခံနေရတာကြောင့် စိတ်တွေတစ်အားရှုပ်လာသည်။အိမ်ကမိသားစုမှလွဲပြီး အပြင်သူစိမ်းကပုံရိပ်ကို အရေးတယူလုပ်ပြီး
လာမိတ်ဆက်တဲ့ကိစ္စမျိုးက ရှားပါးသည့်အဖြစ်မို့ အထူးအဆန်းလိုလည်းဖြစ်နေသည်။

"ပုံရိပ်...."     "ရှိ...."

ဆရာမကနာမည်ခေါ်လိုက်တာကြောင့် လက်ညှိုးထောင်ပြပြီး အတန်းတတ်ကြောင်းအသိပေးပြီးနောက်မှာ ဘေးကတစ်ယောက်ကပုံရိပ်ရဲ့လက်မောင်းကို အတင်းလာကိုင်လေသည်။
ပုံရိပ်လည်းအခုမှတွေ့တဲ့လူတစ်ယောက်က ငယ်ပေါင်းကြီးဖော်တစ်ယောက်လို ရင်းနှီးတဲ့ပုံစံနဲ့ပြုမူလိုက်တာကြောင့် လန့်ပြီးသူမကိုပြန်ကြည့်လိုက်မိသည်။

"နင့်နာမည်က ပုံရိပ်လား....နာမည်ကလှတယ်နော်
...ဟိုလေ..မုန့်စားဆင်းတဲ့အချိန်ကျရင် ငါလွတ်သွားတဲ့စာတွေပြန်ကူးချင်လို့ နင့်စာအုပ်တွေခဏငှားပေးပါနော်.."

"ကျေးဇူးပြုပြီး ဟိုဘက်ကိုတိုးပေးပါလား...ဟိုမှာနေရာအကျယ်ကြီးပဲ..."

"အေးပါဟာ....နင်ကလည်း...."

ခုံတန်းရှည်ပေါ်မှာ နှစ်ယောက်တည်းထိုင်ရတာကို‌
ပုံရိပ်ဘက်သို့ အတင်းတိုးလာတာကြောင့်
စိတ်မရှည်ဖြစ်လာပြီး လေသံမာမာနဲ့ပြောလိုက်မိပေမဲ့ ယမင်း‌ရွှေကတော့ အပြုံးအရယ်မပျက်ပေ။
သူများက မခေါ်ချင်မပြောချင်သလို အမူအရာမျိုးပြနေတာတောင် မျက်နှာတစ်ချက်မပျက်သွားတဲ့လူမျိုးကို ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။

ပုံရိပ်သာဆိုရင် ပထမဆုံးစကားပြန်မပြောတဲ့အချိန်တည်းက စိတ်တိုတိုနဲ့နှုတ်ဆိတ်နေလိုက်မိမှာပဲ။
သူမကတော့ တမင်မျက်နှာပြောင်တိုက်နေတာလား၊ဒေါသတရားမရှိတာပဲလား ခန့်မှန်းရခက်နေသည်။သူမကပုံရိပ်ကို ပိုပြုံးပြလာလေ ကိုယ့်ကိုတမင်အရွှဲ့လာတိုက်နေသလို ခံစားရလေပဲ။
ပုံရိပ်သူငယ်ချင်းမထားချင်ဘူး။
တော်တော်များများက ကိုယ်ရဲ့မိသားစုနောက်ခံကို သိပြီးရင်အထင်သေးသွားကြတဲ့ လူတွေချည်းပဲ။

"ဟုတ်တယ်...ငါ့နာမည်ပုံရိပ်...အဲ့ဒါပဲသိထားရင်ရပြီ...ငါ့ကိုစာလာမေးဖို့တော့ မကြိုးစားနဲ့...ဒီအခန်းထဲက စာအညံ့ဆုံးကျောင်းသားတွေထဲမှာ ငါလည်းပါလို့ပဲ...."

ယမင်း‌ရွှေရဲ့ ပြုံးရွှင်နေတဲ့မျက်နှာလေးဟာ စကားကိုတုံးတိပြောပြီး စာပြန်လုပ်နေသည့်ပုံရိပ်ကြောင့် ၀မ်းနည်းမှုလေးယှက်သန်းသွားလေသည်။
သူ့ကိုယ်သူစာညံ့တယ်လို့ ပြောနေတဲ့လူက
သင်္ချာအတွဲနှစ်ကို ဖတ်စာအုပ်မှမေးခွန်းကိုပဲကြည့်ပြီး လက်တန်းတွက်နေတာများ သင်္ချာအရမ်းကျွမ်းမှန်း သိသာသည်။ဒါကိုတောင် သူကစာညံ့တဲ့ကျောင်းသားမို့ စာမေးဖို့မကြိုးစားပါနဲ့တဲ့လေ။

စာတော်တဲ့လူတွေက ဒီလိုပဲမာနကြီးတတ်ကြတယ်ထင်ပါတယ်။
သူမလည်း ထိုင်ခုံအတူထိုင်သည့် အတန်းဖော်ကအရေးမလုပ်တော့ ယောက်ျားလေးတွေထိုင်တဲ့အတန်းအရှေ့ဆုံးမှာ ထိုင်နေသည့် အစ်ကိုဖြစ်သူကိုလှမ်းကြည့်လိုက်မိသည်။အစ်ကိုဆိုပေမဲ့ သူမနဲ့အသက်ကတစ်လလောက်ပဲကွာလေသည်။

နာမည်က ဟိန်းဇေယျာထက်ဖြစ်ပြီး အရပ်ရှည်ရှည် ခပ်ပိန်ပိန်ဖြစ်လေသည်။ကိုထက်ဆိုသည်မှာလည်း
သူငယ်ချင်းတွေ ရသွားလေတော့ သူမကိုတောင်လှည့်ကြည့်ဖော်မရတော့ပေ။
သူမအတွက်တော့ အစ်ကိုကလည်းတစ်စက်မှလှည့်မကြည့်လာသလို အတန်းဖော်ကလည်း အရေး
မလုပ်တာကြောင့် သက်ပြင်းတွေကိုသာအကြိမ်ကြိမ်ချနေမိတော့သည်။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹

အချိန်အားဖြင့် ဆယ့်တစ်နာရီထိုးနေလေပြီ။အပူချိန်က ပိုပြင်းထန်လာတာကြောင့် ကျောင်း၀န်းထဲရှိ ကျောင်းအုပ်ကြီးရုပ်ခန်းနားတွင် စိုက်ထားသော စံပယ်ပန်းရုံမှ ပန်းပွင့်ချက်ကလေးတွေဟာ ညှိုးလျှော်ချင်နေကြလေသည်။
ကျောင်း၀န်း၏ တောင်ဘက်အခြမ်းတွင်တည်ရှိနေသော ကန်ကြီးရဲ့‌ရေမျက်နှာပြင်ပေါ်သို့ သစ်ရွက်အမှုန်အမွှား‌လေးတွေကြကြနေသည်ကပင် ကဗျာဆန်သည့် မြင်ကွင်း‌ လေးတစ်ခုအလား ထင်မှတ်မိစေသည်။
‌ကျောင်းသားများအားလုံးကလည်း မိမိတို့နှင့်သက်ဆိုင်ရာစာသင်ခန်းအသီးသီးမှာ ရှိနေကြရသည့်အချိန်ဖြစ်တာကြောင့် ကျောင်း၀န်းထဲရှိ လမ်းမတစ်ခုဆီတိုင်းဟာ တိတ်ဆိတ်မှုအတိဖုံးလွှမ်းနေလေသည်။

ထိုအချိန်တွင် ကျောင်းဂိတ်စောင့်အားခွင့်တောင်း၍
ကျောင်းတံခါးကိုဖွင့်ကာ ၀င်လာသည့်အမျိုးသားတစ်ယောက်ဟာ ကြွေကျနေသော သစ်ရွက်ဝါလေးများကို ဖြတ်နင်းပြီး ခြေလှမ်းမှန်မှန်နှင့် ဆရာမများ နားနေဆောင်သို့ သွားနေလေသည်။သူ့လက်ထဲတွင်လည်း စာအုပ်ငါးအုပ်လောက်ပါသည့်အထုပ်တစ်ထုပ်ကိုဆွဲကိုင်ထားလေသည်။

အသားအရမ်းဖြူတာမျိုးမဟုတ်ပဲ ဝါ၀င်း၀င်းအသားအရည်က သူ့အားနေရောင်ထဲတွင် ပို၍ရောင်ဝါထွက်နေစေသလို ထင်မှတ်ရစေသည်။အနက်ရောင် ချည်ပုဆိုးကို၀တ်ဆင်ထားပြီး
အပြာနုရောင် တီရှပ်လက်တိုကို ၀တ်ဆင်ထားသည့် ထိုအမျိုးသားဟာ လျှပ်တစ်ပြတ်ကြည့်လိုက်လျှင်တောင် လူရည်သန့်သည့် ပုဂ္ဂိုလ်တစ်ယောက်မှန်းသိသာစေသည်။

"ဒီအခန်းထဲမှာ ကိုးတန်းကဓာတုဗေဒသင်တဲ့
ဆရာမဒေါ်စန္ဒာရှိလားခင်ဗျာ....."

ထိုလူငယ်လေး၏အမေးကြောင့် နားနေခန်းထဲတွင် ရှိနေသောဆရာမသုံးယောက်သား ပြိုင်တူအကြည့်စုံသွားလေသည်။ထိုစဉ်ဆရာမဒေါ်ခိုင်ခိုင်၀င်းက သူမ၏ခုံမှထလိုက်ပြီး ထိုလူငယ်ရှိရာတံခါးပေါက်ဆီသို့ သွားလိုက်သည်။

"မင်းက...ဆရာမစန္ဒာကိုလာရှာတာလား....."

"ဟုတ်ပါတယ်....ကျွန်တော်ကဆရာမစန္ဒာရဲ့ကျောင်းသားဟောင်းနေမျိုးပါ....ဆရာမက
...ကျွန်တော်မြို့ထဲသွားရင်စာအုပ်၀ယ်လာဖို့
ဖုန်းဆက်ပြီးပြောထားလို့ အဲ့ဒါ၀ယ်လာပေးတာပါ...."

"အော်...ဟုတ်လား...အေး...အေး..အဲ့ဒါဆိုတစ်ခါတည်းသူ့ကိုပေးသွားလိုက်ပေါ့...သူကအခုဘိုင်အိုအခန်းမှာ ၀င်နေတာလေ...ဆရာမရဲ့အခန်းပဲ...လာ...လာ....ဟိုနားလေးတင်...."

နေမျိုးလည်း ဖော်ရွေလွန်းသည့်ဆရာမ၏
အနောက်မှ လိုက်လာခဲ့လိုက်သည်။
ဘိုင်အိုအခန်းတွေရှိရာအဆောင်နာမည်ကို အင်း၀ဆောင်လို့အမည်‌ပေးထားလေသည်။
 အရင်က ဒီကျောင်း၀န်းကြီးထဲမှာ ကိုယ်တွေရဲ့ခြေရာတွေကြီးပါပဲ။အားလပ်ချိန်တွေဆိုရင် ဘုန်းကြီးကျောင်းသားဖြစ်လို့ ကျောင်းကနေ
ထမင်းချိုင့်ပဲ ထည့်လာတတ်တာကြောင့် ထမင်းစားပြီးတာနဲ့ ကျောင်းရှေ့ကကွင်းပြင်ထဲကိုဆင်းပြီး ဘောလုံးကန်တော့တာပဲ။

ကိုယ်တွေတက်တုန်းက အဆောင်တွေဟာတစ်ထပ်ဆောင်တွေဖြစ်ပြီး ဆေးတွေကအစကျွတ်ပြီး အရောင်ကိုမှိန်နေတာပါပဲ။
အခုများကြတော့ ကွင်းရဲ့တောင်ဘက်မှာအစိမ်း‌ ရောင်သုံးထပ်အ‌ဆောင်ကြီးကဟီးထွက်နေသည်။‌ သို့ပေမဲ့ ကျောင်း၀န်းကြီးကကိုယ်‌ တွေ‌တက်ခဲ့တုန်းကလို အပင်အလျှင်တွေနဲ့ စိမ်းစိုမှုမရှိတော့ပဲ အနည်းငယ်ခြောက်သွေ့သွားသလိုပါပဲ။

ခပ်လှမ်းလှမ်းမှ မြေလမ်းကလေးဟာ အခုတော့အုတ်၊သဲ၊‌‌ ကျောက်တွေအစားထိုးနေရာယူနေပြီး လမ်းတစ်ဖက်တစ်ချက်ဆီက ဟိုးအရင်ခရေပင်တန်းကလေးကလည်း ယခုတော့တစ်ပင်တစ်‌လေတောင်မတွေ့ရတော့ဘူး။ခောတ်မှီလာတာနဲ့အမျှ
 ပိုပြီးသန့်ရှင်းလာတယ် ၊အမြင်ရှင်းလာတယ်ဆိုပေမဲ့ အသက်၀င်မှုတွေ လျှော့နည်းသွားခဲ့သလိုပါပဲ။
ရှူရှိုက်ရတဲ့ လေကိုကအရင်ကထက်ပိုပူပြင်းနေသလိုခံစားရတယ်။
ကိုယ်ပဲ စိတ်ထင်နေလို့လားတော့ မသိပေမဲ့
ကျောင်းတော်ကြီးရဲ့ အခုအခြေအနေကို သဘောတော့မကျမိဘူး။

ဘိုင်အိုအခန်းက အခန်း(D)အထိပဲ ရှိတာကြောင့်
လမ်းသိပ်မလျှောက်လိုက်ရပဲ ဆရာမဒေါ်စန္ဒာစာသင်နေသော အခန်းအရှေ့သို့ရောက်လာလေသည်။
လမ်းပြပေးတဲ့ ဆရာမရဲ့"ဒီအခန်းပဲလို့"
ပြောလိုက်တဲ့ အသံကိုတောင်မှိန်ဖျဖျပဲ သတိကပ်မိလောက်သည်အထိ နေမျိုး၏အာရုံကို တစ်ယောက်ယောက်ကဖမ်းစားထားသည်။
ထိုသူမှာ အခြားသူမဟုတ်ပဲ လွန်ခဲ့တဲ့ရက်က
 မိုးကြီးရွာတဲ့ညမှာ ဘုရားရင်ပြင်ပေါ်ထိုင်နေတဲ့ ကောင်မလေးပါပဲ။

သူ့အဒေါ်ကတော့ ပုံပုံလို့ခေါ်တာကို ကြားလိုက်ရတယ်။ကောင်မလေးက နောက်ဆုံးတန်းမှာ မတ်တပ်ရပ်ပြီးလက်ပိုက်ထားလေသည်။
သူမရဲ့မျက်နှာက သိပ်မကောင်းပုံထောက်ရင် ဆရာမစာမေးတာကို မဖြေနိုင်လို့ပဲနေလိမ့်မယ်။
မျက်နှာမကောင်းဘူးဆိုပေမဲ့ အကြောတင်းနေတဲ့သူမရဲ့မျက်နှာက ဆရာမရိုက်ရင်တောင်ဖြုံမဲ့ပုံမပေါ်ဘူး။

မှတ်မိပါသေးတယ်။
မိုးတွေရွာတဲ့ ညကြီးမှာ ကိုယ်တွေသွားခေါ်ခဲ့တုန်းက ဒီ့ထက်အကြောတင်းခဲ့တဲ့ မျက်နှာပေးကို သိပ်မှတ်မိတာ‌ပေါ့။ဘာကိုမှ အကြောက်အရွံ့မရှိသလို အဓိပ္ပာယ်ပျောက်ဆုံးနေတဲ့ မျက်၀န်းတွေကို နေမျိုးအခုထိမှတ်မိနေပါသေးတယ်။

"စန္ဒာရေ....ခဏလာပါအုံး..."

ဆရာမဒေါ်ခိုင်ခိုင်၀င်း၏ ခေါ်သံကြောင့် အတန်းထဲမှ ဆရာမစန္ဒာရော မတ်တပ်ရပ်နေသော
ထိုကောင်မလေးပါ နေမျိုးတို့ဘက်သို့လှည့်ကြည့်လာခဲ့သည်။ဘာကြောင့်ရယ်မသိ ကောင်မလေးက သူ့ကိုမြင်တော့ စိတ်ရှုပ်သွားသလိုဟန်ပန်နဲ့ မျက်ခုံးတွေ တွန့်ကြုံ့သွားကာ မျက်နှာလွှဲသွားလေသည်။
သူမစာမရတာကို မြင်သွားလို့ရှက်သွားတာများလား။မဟုတ်ရင်တော့ ကိုယ့်ကို အစောတည်းကအမြင်မကြည်နေတာလည်း ဖြစ်နိုင်တာပဲ။

"ဟယ်...သား...နေမျိုး..."

သူ့ကိုမြင်သည်နှင့် ဆရာမစန္ဒာ၏ဒေါသမျက်နှာဟာ ချက်ချင်း၀င်းပသွားပြီး တပည့်ဖြစ်သူအား၀မ်းသာပီတိဖြစ်သော ချိုမြမြအပြုံးလေးကိုပေးရှာသည်။
ဆရာမစန္ဒာဟာ ခန္ဓာကိုယ်ခပ်ပြည့်ပြည့်နှင့် အသက်ငါးဆယ်ကျော်ရှိနေပြီဖြစ်ကာ စာသင်ချိန်မဟုတ်ပါက အင်မတန်သဘောထားကြီးသော သူဖြစ်‌လေသည်။သို့ပေမဲ့ စာသင်ချိန်အတွင်းတွင်တော့ သူချမှတ်ထားသည့် စည်းကမ်းတွေကိုမလိုက်နာပါက အင်မတန်စိတ်ဆိုးတတ်သူလည်းဖြစ်သည်။ကိုယ်တွေ ကျောင်းသားဘ၀တုန်းကလည်း အရမ်းမလိမ္မာခဲ့ပေမဲ့ စာနဲ့ပတ်သတ်ရင်တော့ အရမ်းကြိုးစားခဲ့တာကြောင့် ကိုယ်တွေဆိုရင် ဆရာမက အမြဲချီးကျူးနေကြပေ။
ထို့ကြောင့်လည်း ကျောင်းပြီးတာကြာနေပေမဲ့ ဆရာမနဲ့အဆက်အသွယ်မပြတ်ပဲ ရှိနေခဲ့ခြင်းပါပဲ။

"နေမျိုး....သား...လမ်းကြုံလို့၀င်လာတာလား..."

"ဟုတ်တယ်ဆရာမ....ဆရာမဟိုတစ်ခါမှာထားတဲ့ စံလွဲစိတ်ပညာစာအုပ်လေ....ကျွန်တော်ဒီနေ့မြို့ထဲကိုသွားရင်းနဲ့ လမ်းကြုံလို့၀ယ်လာလိုက်တယ်...."

အထုပ်ထဲမှ ဆရာဦးအုန်းဖေရဲ့စံလွဲစိတ်ပညာဆိုတဲ့စာအုပ်ကို ထုတ်ယူလိုက်ပြီး ဆရာမကိုပေးလိုက်တော့ ဆရာမက စာအုပ်ကိုလှန်လှောကြည့်လိုက်ပြီးနောက် သဘောကျသွားလေသည်။
 နေမျိုးလည်းအတန်းထဲရှိ ကျောင်းသား‌တွေဘက်ကို တစ်ချက်ကြည့်လိုက်တော့ ဟိုကောင်မလေးက မတ်တပ်ရပ်နေရသေးသည်။
ဆရာမနဲ့ အချိန်အကြာကြီးစကားပြောနေမိရင်
ဒီကောင်မလေး ထိုင်ရတော့မှာ မဟုတ်တာသေချာတာကြောင့် အမြန်ပြန်ဖို့ကိုပဲစိတ်ဆုံးဖြတ်လိုက်သည်။

"ဆရာမ...ကျွန်တော်...ကျောင်းမှာဘုန်းကြီးခိုင်းထားတာလေးတွေရှိလို့ နောက်နေ့မှပဲ ဆရာမဆီကိုထပ်လာခဲ့ပါ့မယ်.…"

"အေး...အေး...ကျေးဇူးပါပဲကွယ်...ကိုယ့်ဘာသာ
ဆိုရင်မြို့ထဲကို မသွားနိုင်တာနဲ့ တော်တော်နဲ့၀ယ်ဖြစ်မှာမဟုတ်ဘူး..."

"ရပါတယ်ဆရာမ...ဒါဆိုကျွန်တော်သွားတော့မယ်နော်..…"

"အေးအေး.…အားရင်ဆရာမရဲ့အိမ်ကိုလာခဲ့ပေါ့ စားကောင်းတာလေးတွေ ချက်ကျွေးပါ့မယ်.…"

"ဟာ...ဆရာမရယ်...အားနာစရာကြီး...."

"ဒါဆိုမစားတော့ဘူးပေါ့...."

"ဟင်းကောင်းလေးချက်ထားလို့...."

"ဟား..ဟား....နေမျိုးတို့ကတော့ လူကြီးဖြစ်နေပြီနောက်တုန်းပါလားဟေ့....ကဲ..ကဲ..တော်ကြာစောစောပြန်မလာလို့ ဘုန်းကြီးကြိမ်းနေအုံးမယ်...
သွားတော့...သွားတော့..."

"ဟုတ်ကဲ့ဆရာမ...."

နေမျိုးလည်း ဆရာမစန္ဒာကိုနှုတ်ဆက်ခဲ့လိုက်ပြီး ဆရာမခိုင်ခိုင်၀င်းနှင့်အတူ နောက်ကြောင်းသို့ပြန်လှည့်လာခဲ့လိုက်သည်။
နေမျိုး၏စိတ်ထဲတွင်တော့ ခုဏကအခန်းထဲမှာ မတ်တပ်ရပ်ပြီး မျက်နှာလွှဲသွားတဲ့ ကလေးမလေးကိုသာမြင်ယောင်နေမိတယ်။
ဟိုညကကိစ္စကို ပြန်တွေးကြည့်ရင် ဒီကောင်မလေးကအဒေါ်ဖြစ်သူနဲ့အတူနေရတာပဲနေလိမ့်မယ်။
ဒါဆိုရင် မိဘတွေမရှိတော့တာဖြစ်နိုင်တယ်။
မိဘမဲ့ဆိုရင်တော့ ကိုယ်နဲ့ဘ၀‌တူတွေပဲ။

ဒါပေမဲ့ ကိုယ်တွေတုန်းကတော့ မိဘမဲ့ဆိုတဲ့ဘ၀နဲ့
ဘုန်းကြီးကျောင်းသားဆိုရင် အထင်သေးချင်တဲ့လူတွေကို "ငါလည်းဒီလိုလုပ်နိုင်တယ်"ဆိုပြီး ဝံ့ကြွားပြချင်တာကြောင့် ပညာရေးကိုကျားကုတ်ကျားခဲကြိုးစားခဲ့တယ်။
သို့ပေမဲ့ ဆရာတော်ကြီးသာ ကျောင်းမထားပေးခဲ့ရင် ဒီဘ၀ကိုရောက်လာခဲ့မှာမဟုတ်သလို့  တက္ကသိုလ်ဆိုတာလည်း ဘယ်ဆီမှာနေမှန်းသိခဲ့ရမှာမဟုတ်ဘူး။
ဒီကောင်မလေးကိုကြည့်ရတာတော့ ခံမပြောနားမ‌ထောင်နဲ့ဂျစ်ကန်ကန်လေးပဲ နေလိမ့်မယ်။

"ဒါနဲ့ဆရာမ....ကျွန်တော်တစ်ခုလောက်မေးလို့ရမလား...."

ဆရာ၊ဆရာမများနားနေဆောင်ထဲသို့ ၀င်ဖို့ပြင်နေသည့် ဆရာမဒေါ်ခိုင်ခိုင်၀င်းလည်း နေမျိုး၏စကားကြောင့် ပြန်လှည့်ကြည့်လာလေသည်။
နေမျိုးလည်း ယခုမှနှစ်ခါပဲတွေ့ရသေးတဲ့ ကလေးမအကြောင်းကို မေးလိုက်ရင်စပ်စုသလိုဖြစ်နေမှာလည်း စိုးမိသည်။
သိချင်စိတ်ကလည်း ပြင်းပြနေ‌တာကြောင့်
သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးဖို့သာဆုံးဖြတ်လိုက်သည်။

"ခုဏက ဆရာမဒေါ်စန္ဒာသင်နေတဲ့  အတန်းထဲမှာ မတ်တပ်ရပ်နေတဲ့ကောင်မလေးကို ဆရာမသိလား....သူ့နာမည်က ပုံပုံ...."

"အော်...ပုံရိပ်လား....."

"ဟုတ်တယ်...ဟုတ်တယ်...."

ဒီကောင်မလေးရဲ့နာမည်ကိုသေချာမသိပေမဲ့ဆရာမက စကားထောက်လိုက်တာကြောင့်
ဖြစ်နိုင်သည်ဟုတွေးပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"သားကပုံရိပ်နဲ့ ရင်းနှီးတာလား...."

"အဲ..သူ့အဒေါ်နဲ့ရင်းနှီးတာပါ.."

တကယ်တမ်းတော့ သူမရဲ့အဒေါ်ဆိုသူနဲ့လည်း
မရင်းနှီးပါဘူး။မုသားမပါ လင်္ကာမချောဆိုတဲ့အတိုင်း စကားဆိုတာဒဲ့တိုးပြောတိုင်းလည်း
မကောင်းတာကြောင့် မုသာဝါဒကိုတော့ကျူးလွန်လိုက်မိလေပြီ။ကိုယ်နဲ့မရင်းနှီးတဲ့ လူတစ်ယောက်အကြောင်းကို စပ်စုရတာမျိုး ဝါသနာမပါပေမဲ့
ဒီကလေးမအကြောင်းကိုတော့ သိချင်နေမိတယ်။

"သူ...ကျောင်းမှာစာရောလိုက်နိုင်ရဲ့လား...."

"အင်း..စာလိုက်နိုင်လားဆိုတော့ ခုဏကသားတွေ့ခဲ့တဲ့အတိုင်းပဲလေ စာသင်ချိန်တွေမှာ စာသေချာလိုက်နားမထောင်ဘူး...အိမ်စာတွေဆိုလည်းမလုပ်လာလို့ ခဏခဏအရိုက်ခံရတဲ့အဖွဲ့ထဲမှာ
ဒီကောင်မလေးအမြဲပါတယ်...ဟိုတစ်လောကပဲ...
သူနဲ့အတူထိုင်တဲ့အတန်းဖော်နဲ့ ရန်ဖြစ်လို့ နောက်ဆုံးအတန်းမှာသွားထိုင်နေတာပဲ
ကြည့်တော့...အတန်းထဲမှာဘယ်သူနဲ့မှလည်း
စကားကောင်းကောင်းမပြောတော့ ဘယ်အတန်းဖော်ကမသူ့ကို ခေါ်ပြောလုပ်ချင်တော့မှာလဲ...
ဒီကောင်မလေးကိုကြည့်ရတာ တစ်ခုခုကိုအရွဲ့တိုက်နေသလိုပဲ..."

ဆရာမဆီကနေ ကြားလိုက်ရတဲ့စကားတွေက
တစ်ခုမှကောင်းတာရှိမနေတော့ နေမျိုးတောင်အလကားနေရင်းစိတ်ညစ်လာရသည်။
ဒီကောင်မလေးက ဒီလောက်တောင်ပဲဆိုးတာလား။
ဟိုတစ်ခါတွေ့တုန်းက "အိမ်မှာမတွေ့ချင်တဲ့လူရှိလို့ မပြန်တာ"လို့ သူမပြောသွားခဲ့တယ်။
ဒါဆိုရင် သူမဒီလိုဖြစ်နေတာက သူမရဲ့အိမ်နဲ့များပတ်သတ်နေမလား။

"ဆရာမ....ပုံရိပ်ကစာမေးပွဲမှာ ကျတဲ့ဘာသာတွေရော ရှိလား...သူဘယ်ဘာသာရပ်တွေမှာအားနည်းလဲ ဆရာမသိလား...."

"အင်း....အဲ့ဒါကတော့ဆရာမလည်း ကျောင်းသားတွေအများကြီးကို ကိုင်တွယ်ရတာမို့ တစ်ယောက်ချင်းဆီကို လိုက်မကြည့်နိုင်ဘူးကွယ်
...ဒါပေမဲ့ ပြီးခဲ့တဲ့လပတ်စာမေးပွဲနှစ်ခုလုံးမှာတော့
ပုံရိပ်က တစ်ဘာသာမှကျတာမတွေ့ရဘူး...တစ်ချို့ကျောင်းသားတွေဆို အတန်းထဲမှာအိမ်စာလည်း
ပုံမှန်ထပ်ကြတယ်...စာကျက်လာဆိုရင်လည်း ကျက်လာကြပေမဲ့ တစ်ဘာသာ၊နှစ်ဘာသာလောက်
ကျတာတွေ့ရတယ်...ဆရာမအထင်တော့
ဒီကလေးမက ကျန်တဲ့အချိန်စာမလုပ်ပဲ စာမေးပွဲနီးမှလုပ်တာလားလို့တွေးမိတယ်...ပုံရိပ်ရဲ့ပုံစံက ဉာဏ်ကောင်းပေမဲ့မကြိုးစားဘူး...ဆရာ၊ဆရာမတွေရဲ့စကားကိုနားမထောင်ပဲ
သူနေချင်သလိုနေနေတာမျိုး....
ဟိုတစ်နေ့ကတစ်တန်းတည်းသားချင်း
နောက်တစ်ခါရန်မဖြစ်နဲ့ ဖြစ်ရင်မိဘခေါ်ခိုင်းမယ်လို့ ပြောလိုက်တာကို နောက်ဆုံးအတန်းမှာ တစ်ယောက်တည်းသွားထိုင်နေတာပဲကြည့်တော့...."

ဆရာမပြောတဲ့စကားတွေကို သေချာလေးနားထောင်ပြီးနောက်မှာ သူ့စိတ်ထဲတစ်ခုခုကို သေချာသိလိုက်ရလေသည်။
ဒီကောင်မလေးက မကြိုးစားချင်တာမဟုတ်ပဲ
သူမဆီမှာ ကြိုးစားချင်စိတ်တွေပျောက်ဆုံးနေတာပိုဖြစ်နိုင်တယ်။
စာမေးပွဲတွေမှာ တစ်ခါမှမကျခဲ့ဘူးဆိုကတည်းက သူမကစာမလုပ်တဲ့ကျောင်းသားစာရင်းမှာ
ပါ၀င်မနေတော့ဘူး။
လူတစ်ယောက်ဟာ ရည်မှန်းချက်ရှိမှအောင်မြင်နိုင်တာပါ။သူမရဲ့ ရင်ထဲမှာရည်မှန်းချက်တွေပျောက်‌ဆုံးနေတာဖြစ်နိုင်သလို၊ရည်မှန်းချက်ဆိုတဲ့အရာ ၊ပန်းတိုင်ဆိုတဲ့အရာကို သူမတစ်ခါမှ
မတွေးတောကြည့်ခဲ့ဖူးတာလဲ ဖြစ်နိုင်တယ်။
ဒီကလေးမနဲ့ ကိုယ်နဲ့ကလည်းမရင်း‌နှီးတော့
ဖျောင်းဖျပေးလို့ကလည်း အဆင်ပြေမယ်မထင်ဘူး။

"ကျေးဇူးပါနော်ဆရာမ....ကျွန်တော်သွားလိုက်ပါအုံး‌မယ်..."

"အေး...အေး...အော်..ဒါနဲ့တစ်လက်စတည်းပုံရိပ်ရဲ့အုပ်ထိန်းသူကိုလေ ကျောင်းကိုအားတဲ့အချိန်လာခဲ့ပေးဖို့ ပြောပေးနိုင်မလားကွယ်...ဆရာမသူ့ရဲ့အုပ်ထိန်းသူနဲ့တွေ့ပြီး စကားပြောချင်လို့..."

"ဟုတ်ကဲ့....ဆရာမ....သွားလိုက်ပါအုံးမယ်"

ဆရာမကိုနှုတ်ဆတ်ပြီး အမြန်ပြန်လှည့်လာခဲ့လိုက်သည်။
 ပုံရိပ်ရဲ့အဒေါ်နဲ့ရင်းနှီးတယ်ဆိုပြီး နှုတ်ကျွံမိတဲ့ ကိုယ့်ပါးစပ်ကိုသာ ပိတ်ရိုက်လိုက်ချင်တော့တယ်။
သူ့အဒေါ်ကို ကျောင်းလာဖို့ပြောပေးရအောင်
သူတို့ဘယ်မှာနေမှန်းတောင် ကိုယ်မသိဘူး။
သူများအကြောင်းကို စပ်စပ်စုစုသိချင်မိသည့် ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိတော့သည်။
ကိုယ်တိုင်က "ဘက"ကျောင်းမှာ ယာယီစာသင်ပေးနေသူဖြစ်တော့ ကျောင်းသားတစ်ယောက်မူမမှန်ရင်ကို စိတ်ကတစ်ခုခုရင်ခံနေသလိုဖြစ်နေတတ်သည်။
အခုတော့ ပုံရိပ်ရဲ့အဒေါ်သာကျောင်းကို ရောက်မလာခဲ့ရင် ကိုယ်ကမခေါ်ပေးလို့ဆိုပြီး ထင်သွားနိုင်တယ်။

"နေမျိုး...နေမျိုး....မင်းတော်တော်လျှာရှည်တဲ့ကောင်ပဲ....‌ကိုယ်တိုင်‌တောင်ဘုန်းကြီးကျောင်းကထမင်းကိုကပ်စားနေရပြီး ငြိမ်ငြိမ်ကိုမနေ နိုင်ဘူး..."

နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပြန်ကြိမ်ဆဲမိတဲ့ အဖြစ်သို့ ရောက်ကုန်လေတော့သည်။
ပုံရိပ်တို့ရဲ့ အိမ်ကို‌ရှာပုံတော်ထွက်ပေးရမည့်အလုပ်လည်း တစ်ခုပိုလာခဲ့လေသည်။
.🔥🔥🔥

===============================================================================

🔥"ဆူးႀကိဳး...…"🔥   

                                                                     (အခန္း ၄)
                      
"သမီးေလးေရ...သမီးေလး...."

နားထဲတြင္ေလေျပေအးႏွင့္ေခၚေနေသာ အသံကိုၾကားေနရေလသည္။ဒီအသံကိုပံုရိပ္အရမ္းရင္းႏွီးတယ္။
မ်က္လံုးကို ခပ္ျဖည္းျဖည္းဖြင့္ၾကၫ့္လိုက္မိေတာ့
အမ်ိဳးသမီးတစ္ေယာက္က ပံုရိပ္ကိုငံု႔ၾကၫ့္ေနေလသည္။ထိုအမ်ိဳးသမီးရဲ့ မ်က္ႏွာကိုပံုရိပ္
ေၾကာင္အစြာစိုက္ၾကၫ့္ေနမိသည္။ပံုရိပ္အရမ္းကိုရင္းႏွီးလြန္းတဲ့မ်က္ႏွာပါပဲ။အသားျဖဴႁဖူ မ်က္လံုးမ်က္ဖန္ေကာင္းေကာင္းနဲ႔ ခ်ိဳျမတဲ့အႃပံုးေတြကိုပိုင္ဆိုင္ထားသူဟာ ပံုရိပ္အၿမဲတမ္းေစာင့္စားေနတဲ့တစ္ဦးတည္းေသာ မိခင္ပါပဲ။
အေမ့ကိုျမင္တာနဲ႔ ပံုရိပ္ရဲ့မ်က္၀န္းမွာ မ်က္ရည္ေတြရစ္သိုင္းလာသည္။

"အေမ..…အေမသမီးကိုဘာလို႔ထားခဲ့ရတာလဲ
...သမီးကအေဖနဲ႔အေမ့ကိုအရမ္းသတိရေနတာ....
ဒီတစ္ခါသမီးကိုမထားခဲ့ပါနဲ႔ေနာ္...သမီးကိုပါတစ္ခါတည္းေခၚသြားေပးပါေနာ္...သမီးေတာင္းပန္ပါတယ္..."

အိပ္ယာေပၚကေနခ်က္ခ်င္းထထိုင္မိလိုက္ၿပီး
အေမ့ရဲ့ခါးကိုဖက္ကာ အားရပါးရငိုမိေလသည္။အားငယ္ေနတဲ့အခ်ိန္မွာ အေမ့ရင္ခြင္ထဲကိုတိုး၀င္ၿပီး ငိုကၽြေးရတဲ့အရသာက ပံုရိပ္အတြက္တကယ္ကိုႏွစ္သိမ့္မႈအႀကီးႀကီးျဖစ္ေစတယ္။

"သမီးေလးရယ္...အေမလည္းေခၚသြားခ်င္တာေပါ့...ဒါေပမဲ့အေမတို႔ေနေနရတဲ့ေနရာကိုသမီးလိုက္လို႔လံုး၀မရဘူး...သမီးေလးပင္ပန္းလိမ့္မယ္...သမီးဒီမွာပဲ လိမ္လိမ္မာမာေနပါေနာ္..တစ္ေန့ေန့ေတာ့ေမေမလာေခၚပါ့မယ္...ကတိေပးပါတယ္ကြယ္..."

"ဟင့္အင္း...ဟင့္အင္း...သမီးအေမတို႔နဲ႔တစ္ခါတည္းလိုက္ပါရေစ....သမီးကိုေခၚသြားေပးပါေနာ္..."

အထပ္ထပ္ေတာင္းဆိုေနမိေပမဲ့ တိတ္ဆိတ္သြားသၫ့္အေမ့ရဲ့ စကားသံေနာက္တြင္ အေမ့ရဲ့
ပံုရိပ္ေတြကလည္း ေပ်ာက္ကြယ္သြားခဲ့သည္။
အိမ္တစ္အိမ္လံုးကိုအႏွံ႔လိုက္ရွာၾကၫ့္ေနမိေပမဲ့
အေမ့ရဲ့ကိုယ္သင္းရနံ႔ေလးကိုေတာင္ ရွာမရဘူး။
မ်က္ရည္ေတြဟာ ပါးျပင္ထက္မွာအတိုင္းအဆမရိွ စီးက်လာခဲ့ၿပီး ေနရာမွာတင္ထိုင္ခ်လိုက္မိသည္။

အားကိုးစရာမရိွေတာ့သလိုခံစားခ်က္ႏွင့္အတူ ေအးစက္လာသၫ့္ႏွလံုးသားက တြယ္တာစရာကိုရွာေဖြဖို႔ေၾကာက္ရြံ႔လာခဲ့တယ္။သံေယာဇဉ္ထားမိတဲ့လူတိုင္း ခ်စ္ရတဲ့လူတိုင္းကတစ္ေန့မွာ
နည္းအမ်ိဳးမ်ိဳးနဲ႔ အေဝးကိုထြက္သြားၾကမွာပဲ။
သံေယာဇဉ္ဆိုတာ ဆူးႀကိဳးတစ္ေခ်ာင္းနဲ႔ရစ္ပတ္မိသလိုပဲ။ပိုရုန္းေလ နာက်င္မႈပိုတိုးေလျဖစ္ၿပီး
ဆူးရဲ့နစ္၀င္မႈကလည္း ပိုနက္ေလပဲ။
ဒါေၾကာင့္ မနာက်င္ခ်င္ရင္ မတြယ္‌တာမိေအာင္ေနမွပဲ ရလိမ့္မည္။

အိပ္ရာကေနႏိုးလာေတာ့ပံုရိပ္ရဲ့ပါးျပင္နဲ႔ေခါင္းအံုး‌ ေပၚတြင္ ေယာင္ၿပီးငိုထားမိ၍ စိုစြတ္ေနသၫ့္ အထိအေတြ့ကိုခံစားေနရသည္။
အေမနဲ႔အေဖကိုပံုရိပ္အိပ္မက္မက္လိုက္မိတိုင္းအၿမဲတမ္းငိုရတာခ်ည္းပါပဲ။အိပ္ရာေပၚမွ
ငုတ္တုတ္ထထိုင္လိုက္ၿပီးအျပင္ဘက္မွအသံေတြကိုနား‌ေထာင္ၾကၫ့္လိုက္မိေတာ့ ၾကမ္းျပင္က
တသိမ့္သိမ့္တုန္ေနသၫ့္နည္းတူ လႈပ္ရွားသြားလာေနသံကို အတိုင္းသားၾကားေနရေလသည္။
ေစာင္ကိုေသခ်ာေခါက္လိုက္ၿပီးေနာက္
အခန္းတံခါးကိုဖြင့္လိုက္ေတာ့ေဒၚေလးက
လမ္းထဲရိွ ဦးပုတို႔အိမ္မွေဖာက္သည္ယူထားသၫ့္
စမူဆာနဲ႔အီၾကာ‌ေကြးေတြကိုလင္ဗန္းထဲသို႔ ေသခ်ာေလးထၫ့္ၿပီး ေဈးထြက္ဖို႔ျပင္ဆင္ေနေလသည္။

"ေဟာ ပံုပံုႏိုးေနၿပီလား...."

သူ႔ေယာက္်ားရဲ့ပုဆိုးအေဟာင္းစကို ေခါင္းေပါင္းလုပ္ဖို႔ေခြေနရင္းမွ ပံုရိပ္ကိုလွၫ့္ၿပီးေမးေလသည္။
ပံုရိပ္လည္း ေရအိုးစင္မွာေရခပ္ေသာက္ေနရင္းကေန ေခါင္းၿငိမ့္ျပလိုက္သည္။ေရကကုန္ခါနီးေနၿပီမို႔ အနယ္မပါေအာင္ ေသခ်ာေလးခပ္လိုက္ရသည္။
အိုးနံရံႏွင့္ ေရခြက္သြားထိသၫ့္ အသံထြက္လာသၫ့္အခ်ိန္မွာ ေဒၚေလးကလည္းအလိုက္သိစြာပင္
ပိုက္ဆံငါးရာတန္တစ္ရြက္ကို လင္ဗန္းေအာက္မွႏိႈက္လိုက္ေလသည္။

"ေရာ့....မိုးလင္းလို႔ေရသည္လာရင္...တစ္ပံုးယူထားလိုက္...ေအာ္...ပဲျပဳတ္ႏွစ္ရာဖိုး၀ယ္ထားတယ္...
ထမင္းခ်မ္းက်န္တာကိုေျခၿပီး...ပဲျပဳတ္နဲ႔ေၾကာ္လိုက္....ၿပီးရင္ေမာင္ႏွမသံုးေယာက္ခဲြစားၾကေပါ့...
ထမင္းခ်ိဳင့္ကေတာ့ ၾကက္ဥေၾကာ္ထားတာ...
ညီမေလးကို တစ္ခ်က္ပဲထၫ့္ေပးလိုက္..သူကသိပ္စားတာမဟုတ္ဘူး...ပံုပံုကႏွစ္ခ်ပ္ထၫ့္သြား
...ၾကားလား...."

"ဟုတ္..."

"ဟိုအေကာင့္ကိုလည္း ေစာေစာႏိႈးသြားေနာ္..
ေတာ္ၾကာငါျပန္မလာခင္...အိမ္မွာေစာင့္မဲ့လူမရိွလို႔...သူခိုး၀င္ခိုးသြားအံုးမယ္..."

"ေဒၚေလးရယ္...အဲ့ေကာင္ေလးကိုႏိႈးရတာထက္ ျခေသၤ့ဂူထဲပဲ ေျပး၀င္လိုက္ခ်င္ေတာ့တယ္...
အဲ့‌ေကာင္ တအားအအိပ္ပုပ္တာ...
ခိုးစရာလည္း ေဒၚေလးအိမ္မွာ ဒယ္အိုးဖင္မဲေတြပဲရိွတဲ့ဥစၥာ....ဘာေတြစိတ္ပူေနတာလဲ...."

"ဟဲ့...ဒယ္အိုးဖင္မဲလည္း တန္ဖိုးရိွတာပဲ..အဲ့ဒီ့ဒယ္အိုးေတြက ညည္းအသက္ထက္ေတာင္ႀကီးေသးတယ္...ညညဆို ထိုင္မကန္ေတာ့ခိုင္းတာေတာင္ကံ‌ေကာင္း....ညည္းနဲ႔ေျပာေနရတာ အခ်ိန္ေတြပုပ္လိုက္တာေအ...ငါခိုင္းတဲ့အတိုင္းပဲလုပ္စမ္းပါ....ငါသြားၿပီ..."

ၿခံထဲမွေဒၚေလးထြက္သြားၿပီးသည္ႏွင့္ ပံုရိပ္လည္းအိမ္တံခါးကို ဂ်က္ထိုးထားလိုက္ၿပီး မ်က္ႏွာသစ္၊သြားတိုက္ျခင္းကို လုပ္ၿပီးေနာက္ ေကာ္ခြက္ႏွင့္ အုပ္ထားေသာထမင္းခ်မ္းေတြကို  ေခ်ကာဆားျဖဴး၍နယ္လိုက္ကာ ပဲျပဳတ္နဲ႔ေရာလိုက္သည္။လ်ွပ္စစ္မီးဖို၀ယ္ထားသည္‌ေၾကာင့္ အရင္လို
မီးမေမႊးရတာက အလုပ္တစ္ခုေလ်ွာ့ေစသည္။

အိုးထဲသို႔ ဆီအနည္းငယ္ထၫ့္လိုက္ၿပီး ဆီဆူလာတာႏွင့္ထမင္းကိုထၫ့္၍ ခဏမ်ွေမႊေပးလိုက္သည္။ထမင္းေၾကာ္ျခင္း ၿပီးစီးသည္ႏွင့္ စတီးလ္ပန္းကန္ထဲသို႔ ခပ္ထၫ့္လိုက္ၿပီး ပံုရိပ္အတြက္ေဝစုကို ပန္းကန္ျပားထဲသို႔ ထၫ့္လိုက္ကာ ကိုယ့္အခန္းကိုယ္ျပန္သြား၍ စာက်က္သၫ့္ ခံုေလးေရ႔ွမွာ ထိုင္လိုက္သည္။ပံုရိပ္ရဲ့ စိတ္ကူးကေတာ့ ထမင္းေၾကာ္စားရင္းႏွင့္ စာက်က္ဖို႔ပါပဲ။ပံုမွန္ဆိုရင္ စာျပန္လုပ္ေလ့မရိွေပမဲ့ လပတ္စာေမးပဲြကနီးလာၿပီမို႔ စာေမးပဲြမက်ေအာင္ေတာ့ စာလုပ္ရေပေတာ့မည္။

ဆရာမေတြက စာေမးပဲြနီးလာတိုင္း ဘယ္ႏွစ္ခန္းအျပတ္က်က္ရမယ္။ဘယ္အခန္းေတြကေနေမးမယ္ဆိုၿပီး မွတ္စုေပးတတ္တာေၾကာင့္ ေရ႔ွအခန္းေတြကေတာ့ ျပန္မေနြးေပမဲ့ စာေမးပဲြမွာေမးမဲ့ အခန္းေတြကိုေတာ့ ျပန္ၾကၫ့္ျဖစ္သည္။
ပံုရိပ္ကျဖတ္ထိုးဉာဏ္ေကာင္းသူမို႔ ေအာင္မွတ္ဘယ္လိုရေအာင္ လုပ္ရမလဲဆိုတာေတာ့ သိသည္။

ကိုးတန္းေအာင္ရင္ အေဒၚကဆယ္တန္းမွာက်ူရွင္ ထားမည္လို႔ေျပာေတာ့ ပံုရိပ္သိပ္စိတ္ညစ္တာပဲ။
ျဖစ္ႏိုင္ရင္ ကိုးတန္းကိုေတာင္ က်ေအာင္ေျဖလိုက္ခ်င္သည္။ဒီလိုဆိုရင္ အ‌ေဒၚလည္းအပင္ပန္းခံၿပီးေက်ာင္းထားေပးစရာ မလိုေတာ့သလို ပံုရိပ္လည္းအေဒါ့္ကို ေငြကူရွာေပးလို႔ရလိမ့္မည္။
ပံုရိပ္ရဲ့စိတ္ထဲမွာ ယခုတစ္ေလာျဖစ္တည္ေနတဲ့ ခံစားခ်က္ကေတာ့ အသက္အျမန္ႀကီးၿပီး ပိုက္ဆံ
အျမန္ရွာဖို႔ပါပဲ။

နာရီလက္တံေလးဟာ ငါးနာရီခဲြမွေျခာက္နာရီသို႔တျဖည္းျဖည္းေရြ့လ်ွားသြားေလသည္။
ရက္ကြက္ထဲရိွ တိုက္ၾကက္ဖေတြကိုသီးသန႔္ေမြးထားေသာအိမ္မွ ၾကက္ဖႀကီးကလည္း တြန္ျမည္သံေပးလာသည္။ျပင္ပပတ္၀န္းက်င္တစ္ခုလံုးလည္း အလင္းေရာင္စိုးမိုးလာတာေၾကာင့္
ရပ္ကြက္က‌ေလးဟာလည္း သြားလာလႈပ္ရွားေနၾကသူမ်ားရဲ့အသံေတြႏွင့္ ဆူညံကုန္ေတာ့သည္။
ေခါင္းရင္းဘက္ၿခံရိွ လိုင္းခန္းဘက္မွ ‌အလုပ္ဆင္းမၫ့္လူေတြရဲ့ စကားေျပာသံေတြကလည္း ဆူထြက္ေနေလသည္။
လိုင္းခန္းေတြဆိုေတာ့ လူမ်ိဳးစံု၍အသံလည္းစံုသည္။
ပံုရိပ္လည္း ကေလး‌ေတြမႏိုးခင္ ေရအျမန္ေျပးခ်ိဳးလိုက္ၿပီး သနပ္ခါးအျမန္လိမ္းကာ ေက်ာင္းစိမ္းကိုလဲလိုက္သည္။

"မမပံု...ေမႀကီးေရာ..."

ျခင္ေထာင္ထဲကေန အိပ္ခ်င္မူးထူးနဲ႔ထြက္လာတဲ့
မိစုဟာဆံပင္ေလးေတြဖြာလံက်ဲေနေလသည္။‌
မိစုကအသက္သာငယ္ေပမဲ့ ထြန္းကိုထက္လိမၼာ‌သည္။သူေက်ာင္းသြားရမဲ့အခ်ိန္ဆို တမင္
ႏိႈးစရာေတာင္မလိုပဲ သူ႔အလိုလိုအိပ္ယာႏိုးလာတတ္သည္။

"လာ..မိစု...မ်က္ႏွာသြားသစ္ရေအာင္..."

မိစုကို ‌မ်က္ႏွာသစ္၊သြားတိုက္ဖို႔ကူေပးလိုက္ၿပီးေနာက္ ေရပါတစ္ခါတည္းခ်ိဳးေပးလိုက္ကာ ေက်ာင္းသြားဖို႔ျပင္ဆင္ေပးရေလသည္။
မနက္စာပါကၽြေးၿပီးသြားတဲ့ေနာက္မွာပံုရိပ္ကိုယ္တိုင္သနပ္ခါးလိမ္းေပးလိုက္ၿပီး ငယ္ထိပ္မွာၾကက္ေတာင္စည္းေလးစုစည္းထားသၫ့္ မိစုဟာ ေက်ာင္းသြားဖို႔ အဆင္သင့္ျဖစ္ေနေလၿပီ။
မိစုအလွၫ့္ၿပီးေတာ့ ေနာက္ထပ္၀တၲရားတစ္ခုကေတာ့ ထြန္းကိုအားအိပ္ယာႏိႈးခဲ့ဖို႔ပါပဲ။

"ဟဲ့....ထြန္းကို...ဟဲ့...အိပ္ယာထေတာ့ေလ..."

"ဟာ...မမပံုကလည္း အိပ္လို႔ေကာင္းေနတဲ့ဥစၥာ..
ေက်ာင္းကေန့လည္ဘက္မွသြားရမွာကို ခုတည္းကမထခ်င္ပါဘူး..."

"ဟဲ့...ငါႏိႈးလို႔မထရင္...နင့္အေမျပန္လာတဲ့အခ်ိန္ၾက..တက္နင္းၿပီးႏိႈးခံရမွာေနာ္...ငါတို႔ေက်ာင္းသြားေတာ့မယ္...နင္ကအိပ္ေနေတာ့ အိမ္ေပၚကိုသူခိုးတက္ခိုးသြားရင္ဘယ္လိုလုပ္မလဲ...."

"ဟာ...ခိုးခ်င္တဲ့ဟာခိုးသြားပါေစဗ်ာ...
တစ္ခုမွ သားမပိုင္ဘူး...."

"ဟာ...ဒီေခြးစုတ္ကေတာ့...နင္မပိုင္ေပမဲ့ နင့္မေအပိုင္တဲ့ဟာေတြေလ...ငနာေလးရဲ့...ခြက္တစ္လံုးနဲ႔ထြက္ေတာင္းခ်င္လို႔ ဒီစကားေျပာေနတာလား...
နင္လုပ္တာနဲ႔ငါေက်ာင္းေနာက္က်ေတာ့မယ္ေနာ္..."

"ေတာင္းခ်င္လည္းေတာင္းရပါေစေတာ့ဗ်ာ...
ေနာင္ခါလာေနာင္ခါေဈး..အခုေတာ့အိပ္ေရး၀၀အိပ္ရရင္ၿပီးေရာ...."

ညဘက္ဆိုခုႏွစ္နာရီထိုးေလာက္တည္းက အိပ္ယာထဲကို၀င္ၿပီး ေဟာက္ေနတတ္တဲ့ကာလနဂါးက
သူေတာင္းစားဘ၀ကိုေရာက္ရင္ေတာင္ အိပ္ရၿပီးေရာဆိုပါလား။ထြန္းကိုဆိုသည္မွာ အဲ့သည္လို
ငဂ်စ္ကေလးပင္။စကားနားေထာင္သလားဆိုေတာ့
မေထာင္ဘူး။ျပန္မေျပာဘူးလားဆိုေတာ့လည္း သာလိကာကသူ႔ကိုအေဖျပန္ေတာ္ရမၫ့္ေကာင္ပင္။ပံုရိပ္ဆိုသည္မွာလည္း စိတ္ကလက္တစ္ဆစ္ေလာက္သာရိွသူမို႔ ထြန္းကိုအားေျပာေနရတာ စိတ္မရွည္ျဖစ္လာသည္။ခ်က္ခ်င္းပဲ ျခင္ေထာင္ႀကိဳးေတြကိုျဖဳတ္ပစ္လိုက္ၿပီး ထြန္းကိုရဲ့ကိုယ္ေပၚမွ ေစာင္ကိုဆဲြလွန္ပစ္လိုက္သည္။

"အား...မႀကီးပံုရာ...ဘာလုပ္တာလဲ..."

"ထေတာ့လို႔.....ထေတာ့..."

ပါးစပ္ကလည္းေျပာရင္း လူေကာင္ေသးတဲ့ထြန္းကိုရဲ့ပခံုးကေနလည္း ဆဲြထူပစ္လိုက္သည္။ငုတ္တုတ္ထိုင္လ်က္ျဖစ္သြားသၫ့္ထြန္းကိုဟာ မ်က္လံုးေတြကို ဖိပြတ္လိုက္ၿပီး  ႏႈတ္ခမ္းကလည္းတစ္ေတာင္ေလာက္စူထြက္ေနသည္။

"ခစ္....ခစ္..."

"ဟဲ့...အငယ္မ.…နင္ကငါ့ကိုဘာလာရယ္တာလဲ...
လက္သီးပ်ံစာမိသြားမယ္ေနာ္...."

"အဟင့္...မႀကီးပံု..."

မိစုကသူ႔အစ္ကိုကို ၾကၫ့္ၿပီးေလွာင္ေတာ့ ဒင္းကကေလးကိုၿခိမ္းေျခာက္လာတယ္။
ပံုရိပ္လည္း ထြန္းကိုရဲ့ေနာက္ေစ့ကိုဖက္ကနဲ ပိတ္တီးပစ္လိုက္သည္။

"အား...မႀကီးပံုကလည္း သားကိုဘာလို႔ရိုက္တာလဲ..."

"ရိုက္မွာေပါ့...လူၾကၫ့္ေတာ့လက္သန္းေလာက္ရိွတယ္....ကေလးကိုၿခိမ္းေခ်ာက္ရတာနဲ႔ဘာနဲ႔...
ျမန္ျမန္ထ...မဟုတ္ရင္...ထမင္းေၾကာ္ေတြအကုန္လံုးေက်ာင္းကို ငါထၫ့္သြားလိုက္မွာ..."

"ဟာ...အဲ့လိုေတာ့မလုပ္နဲ႔ေလ..သားထၿပီ....သားအခုပဲထၿပီ.…ဟင့္...သူမ်ားကိုေတာ့ေျပာၿပီး သူၾကေတာ့ အစားနဲ႔လာၿခိမ္းေခ်ာက္ေနတယ္..."

အစားအေၾကာင္းကိုေျပာလိုက္ေတာ့ ခ်က္ခ်င္းပဲမ်က္ႏွာသစ္ဖို႔ထေျပးတဲ့ ထြန္းကိုအားၾကၫ့္၍ ႏႈတ္ခမ္းတြန႔္ရံု ႃပံုးလိုက္မိသည္။
ပံုရိပ္က တစ္ဦးတည္းေသာသမီးဆိုေပမဲ့ ဒီကေလးႏွစ္ေယာက္နဲ႔ အေနမ်ားလာေတာ့ သူတို႔ကိုဘယ္လိုထိန္းခ်ဳပ္ရမလဲ ေကာင္းေကာင္းသိလာသည္။
အေဒၚက မနက္ဖက္ဆို အီၾကာေကြးတို႔ စမူဆာတို႔လွၫ့္ေရာင္းရၿပီး ျပန္လာရင္ ရပ္ကြက္ထဲကအိမ္အခ်ိဳ႕မွာ အ၀တ္လိုက္ေလ်ွာ္ေပးရသည္။

သူ႔ေယာက္်ားရိွတုန္းကလည္း ဘာအပို၀င္ေငြမွ
ရွာမေပးပါဘူး။ လူေလးေယာက္စာအတြက္ ရွာေဖြရတာေၾကာင့္  သူမအတြက္အလုပ္တစ္ခုတည္းႏွင့္ မတင္းတိမ္ေပ။
ပံုရိပ္အပါအ၀င္ကေလးသံုးေယာက္လံုးက ေက်ာင္းသားေတြခ်ည္းပဲဆိုေတာ့
အကုန္အက်ပိုမ်ားၿပီး စရိတ္ကပိုကုန္သည္။
ေက်ာင္းမွာကလည္း ဘာေၾကးညာေၾကးက ခဏခဏေကာက္ေတာ့ ပိုဆိုးတာေပါ့။

မုန႔္ဖိုးမရလို႔ မုန႔္ေဈးတန္းကိုေတာင္မသြားတဲ့လူကို
အသင္းအတြက္ တံျမက္စည္းဖိုးထၫ့္ပါအံုး၊ဘုရားပန္းဖိုးထၫ့္ပါအံုး၊မွင္အိုးဖိုးထၫ့္ပါအံုးဆိုရင္ ပံုရိပ္ျပန္ေျပာေနၾကစကားကေတာ့
"လာမေျပာနဲ႔တစ္ျပားမထၫ့္ႏိုင္ဘူး.."ဆိုတဲ့စကားပါပဲ။
အဲ့သည္လိုေျပာမိရင္ လူမႈေရးမသိတတ္ဘူးဆိုၿပီး
ေစာင္းေျမာင္းခံရတယ္။ဒါေပမဲ့ ပံုရိပ္ကေတာ့ ေအးေဆးပါပဲ။
မရိွတာကို အရိွလုပ္ၿပီးအေဒါ့္ဆီကေန ျပန္မေတာင္းခ်င္သလို ခဏတာျဖစ္တည္လာတဲ့ ဆႏၵေလးတစ္ခုအတြက္နဲ႔လည္း မုန႔္ေဈးတန္းမွာအေဒါ့္ပိုက္ဆံကို သြားမ‌ျဖဳန္းခ်င္ဘူး။
အေဒၚနဲ႔အတူေနရတဲ့အခ်ိန္ႏွႏွစ္ေက်ာ္အတြင္းမွာ
ေက်းဇူးတရားေတြက ပံုရိပ္ရဲ့အေပၚမွာ ေတာင္လိုပံုေနပါၿပီ။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

မိစုကိုမူလတန္းေက်ာင္းသို႔ပို႔ခဲ့ၿပီးေနာက္ ေက်ာင္းတက္ေခါင္းေလာင္မထိုးခင္ ေက်ာင္းထဲသို႔
အျမန္၀င္ေျပးရေလသည္။‌ကံဆိုးစြာပဲ ပံုရိပ္ေက်ာင္းထဲသို႔ စ၀င္သၫ့္အခ်ိန္ဟာ ႏိုင္ငံေတာ္အလံကို အေလးျပဳရသၫ့္အခ်ိန္မို႔
လမ္းတစ္၀က္မွာတင္ မတ္တပ္ရပ္‌လိုက္ရေသးသည္။

ေခါင္းေလာင္းထိုး၍ ေက်ာင္းသားေတြအားလံုး ကိုယ့္အတန္းကိုယ္ ျပန္၀င္ၾကရတဲ့အခ်ိန္မွာေတာ့ ကိုယ့္ရဲ့ဘိုင္အိုအခန္းသို႔ ေျပးရေလေတာ့သည္။
အခ်ိဳ႕ေက်ာင္းသူ သံုးေယာက္ေလာက္ဟာ
 မိမိအခန္းအတြက္ ဘုရားပန္းအိုးထိုးဖို႔
ေရလဲေနၾကရင္းမွ ပံုရိပ္ကိုလွမ္းၾကၫ့္လာၾကသည္။

"မဂၤလာပါဆရာမ..."

ဘိုင္အိုစီခန္းရဲ့တံခါး၀ကိုေရာက္ေတာ့ အတန္းပိုင္ဆရာမက ၀င္ႏွင့္ေနေလၿပီ။
အခန္းထဲရိွ ဆရာမကိုထ၍ႏႈတ္ဆက္ေနၾကေသာ  ေက်ာင္းသားေတြကို ဆရာမကထိုင္ခိုင္းလိုက္ၿပီးေနာက္ ပံုရိပ္ဘက္သို႔လွၫ့္ၾကၫ့္လာေလသည္။

အခန္းထဲကို ၀င္ခြင့္ျပဳဖို႔ လက္ၫွိုးေထာင္ၿပီး
ဟန္အမူအယာနဲ႔လုပ္ျပလိုက္ေတာ့ ဆရာမကေခါင္းၿငိမ့္ျပလာသည္။ထူးဆန္းတာက ပံုရိပ္အၿမဲတမ္းထိုင္ေနၾက အလယ္တန္းရဲ့ေနာက္ဆံုးခံုတြင္ အသားျဖဴႁဖူနဲ႔မိန္းကေလးတစ္ေယာက္ထိုင္ေနတာပါပဲ။
ဒီမိန္းကေလးကို ဒီေန့မွစေတြ့ဖူးတာေၾကာင့္ သူမရဲ့မ်က္ႏွာကို ထူးဆန္းသလို တစ္ခ်က္ၾကၫ့္လိုက္ၿပီး
ခံုတစ္ဖက္စြန္းမွာ ၀င္ထိုင္လိုက္သည္။

"အိအိမိုး...."

"ရိွ.…"

"ခန႔္မင္း...."

"ရိွ...."

ဆရာမက အတန္းတက္သည့္ေက်ာင္းသားစာရင္းကို ေခၚေနစဉ္မွာ စာေမးပဲြအတြက္သခ်ၤာပုဒ္စာကို တြက္ေနသၫ့္ ပံုရိပ္၏အနားသို႔ တစ္ဖက္ခံုစြန္းမွေကာင္မေလးက တိုးကပ္လာသည္။
ေဘာပန္င္ကိုခ်ၿပီး ေဘးကိုလွၫ့္ၾကၫ့္လိုက္ေတာ့
ထိုေကာင္မေလးက ပံုရိပ္ကိုႃပံုးျပလာသည္။
သူမရဲ့အႃပံုးက ျဖဴစင္ေပမဲ့ဘာေၾကာင့္အေၾကာင္းမဲ့သက္သက္လာႃပံုးျပေနရသလဲဆိုတာကိုေတာ့ နားမ‌လည္ေပ။
မ်က္ခံုးတန္း‌ေတြကို တမင္ႄကံု႔ပစ္လိုက္ၿပီး
ကိုယ္တြက္ရမဲ့ပုစၧာကိုသာ ဆက္တြက္ေနလိုက္သည္။

"နင္...သခ်ၤာတြက္ေနတာလား...နင့္နာမည္ဘယ္သူလဲ... ငါ့နာမည္က  ယမင္းေရႊ..."

"အင္း...."

စကားနဲတဲ့ ပံုရိပ္၏"အင္း..."ဆိုေသာတုန႔္ျပန္မႈက ယမင္းေရႊကို ေအာင့္သက္သက္ျဖစ္သြားေစသည္။မိသားစု၀င္ေတြအားလံုးက ပစားေပးထားတဲ့ကေလးျဖစ္သၫ့္အျပင္ ဘိုမရုပ္ကေလးလို ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးနဲ႔ သြက္လက္သၫ့္အမူအရာေလးေတြေၾကာင့္ သူမႏွင့္ခင္မင္ခ်င္သူေတြဟာ အမ်ားသားပင္။

သို႔ေပမဲ့ ယခုသူမႏွင့္ တစ္ခံုထဲထိုင္ေနေသာ ေက်ာင္းသူကေတာ့ ဒီေလာက္ႃပံုးၿဖီးျပၿပီး ႏႈတ္ဆက္ေနတာေတာင္ မေခၚမေျပာခ်င္သလို ဆက္ဆံေနေလသည္။သူမရဲ့ဘ၀မွာ ပထမဆံုးေသာ သူစိမ္းတစ္ေယာက္ရဲ့ လ်စ္လ်ွူရႈမႈကို ခံရျခင္းပါပဲ။

"ငါကဒီေက်ာင္းကို ဒီေန့မွစေျပာင္းလာတာေလ..
တစ္ျခားခံုေတြကလူေတျြပၫ့္ေနလို႔ ေနာက္ဆံုးတန္းမွာလာထိုင္လိုက္တာ အစကလူမရိွဘူးထင္ၿပီး
တစ္ေယာက္တည္းထိုင္ရေတာ့မယ္ထင္လို႔
စိတ္ပ်က္ေနတာ....ေရ႔ွအတန္းကဒီမွာတစ္ေယာက္ထိုင္တယ္လို႔‌ေျပာမွ စိတ္ေအးသြားတာ....
ဒီေန့မွစေရာက္တာဆိုေတာ့ ငါ့မွာသူငယ္ခ်င္းမရိွဘူး...နင္နဲ႔ခင္လို႔ရမလားဟင္...."

ကိုယ့္ကိုစကားျပန္မေျပာတဲ့လူကို စကားေတြေရ
မထိေအာင္ လာေျပာေနသၫ့္ယမင္း‌ေရႊဆိုသူအား ပံုရိပ္ေသခ်ာျပန္ၾကၫ့္လိုက္မိသည္။
မ်က္ႏွာေလးကေတာ့ ဘယ္သူမဆို ျမင္ျမင္ခ်င္း
ခင္မင္ခ်င္စရာေကာင္းမဲ့ရုပ္ရည္မ်ိဳးပါပဲ။
ဒါေပမဲ့ စကားအရမ္းမ်ားလြန္းတယ္။

ပံုရိပ္ဘက္ကေန ေမးခြန္းတစ္ခုမွမထုတ္မိေပမဲ့
သူေျဖသြားတာေတြကအမ်ားႀကီးပဲ။
ပံုရိပ္ရဲ့ စိတ္ထဲမွာေတာ့ ဒီလိုလူမ်ိဳးေတြကပိုၿပီးမယံုခ်င္စရာေကာင္းတယ္လို႔ ထင္မိတယ္။
ပံုရိပ္ကသူမကိုစူးစမ္းစြာ ၾကၫ့္ေနတဲ့အခ်ိန္မွာ
သူမကထပ္ႃပံုးျပလာျပန္သည္။
ဘာလို႔ အေၾကာင္းမဲ့ခဏခဏလာႃပံုးျပေနရသလဲ
မသိဘူး။
ဒါမွမဟုတ္ အရမ္းေဖာ္ေရြတတ္တဲ့သူမို႔လို႔မ်ားလား။တစ္ခါတစ္ေလမွာ လူတစ္ေယာက္ကိုအေပၚယံၾကၫ့္ရံုနဲ႔  ဆံုးျဖတ္လို႔မရဘူး ထင္ပါတယ္။

"...ငါကဒီေန့မွေရာက္လို႔ အေဖာ္မရိွလို႔ပါဟာ
...စကားေလးဘာေလး ျပန္ေျပာပါအံုး...."

"ေနဦး....အစမ္းစာေမးပဲြေတာင္ ႏွစ္ခါေျဖၿပီးသြားၿပီ....ေက်ာင္းေျပာင္းတာဘာလို႔ေနာက္က်ေနတာလဲ...."

"ဟာ....ေနာက္ဆံုးေတာ့ နင္စကားျပန္ေျပာၿပီ...."

တစ္ခ်ိန္လံုးတိတ္ဆိတ္ေနေသာပံုရိပ္ထံမွ စကားသံကိုၾကားလိုက္ရေတာ့ ယမင္းတစ္ေယာက္
၀မ္းသာသြားကာ စားေရးခံုကိုလက္ဖဝါးနဲ႔တစ္ခ်က္ပုတ္မိသြားေလသည္။
အေရ႔ွအတန္းမွ ေကာင္မေလးတစ္ေယာက္ကေတာင္ လွၫ့္ၾကၫ့္လာသည္အထိပင္။
သို႔ေပမဲ့ စာမသင္ေသးသၫ့္အခ်ိန္မို႔ သူမတို႔၏စကားေျပာသံက အျခားလူေတြရဲ့ဆူညံသံကို မဖံုးအုပ္ႏိုင္ပါဘူး။

"ငါ့အေဖက ေက်ာင္းဖြင့္ၿပီးတစ္လေက်ာ္ေလာက္မွ အလုပ္ကိစၥနဲ႔ဒီဘက္ကို လာဖို႔အေၾကာင္းဖန္လာတာေလ...ဒါေပမဲ့အေဖကလူႀကီးပိုင္းေတြနဲ႔ရင္းႏွီး‌ေတာ့ ငါတို႔ေက်ာင္းေျပာင္းဖို႔က သိပ္မခက္ခဲဘူးလို႔ေျပာတာပဲ...ငါလည္းေသခ်ာေတာ့မသိဘူး..
ဒါနဲ႔ငါ့အေၾကာင္းပဲ ‌ေျပာျပေနရတာ နင့္နာမည္ကိုေတာ့ ငါအခုထိမသိရေသးဘူး...နင့္နာမည္လည္းေျပာျပအံုးေလ...."

သခ်ၤာတြက္ေနတာကို ေဘးကေနစကားေတြ တတြတ္တြတ္လာအေျပာခံေနရတာေၾကာင့္ စိတ္ေတြတစ္အားရႈပ္လာသည္။အိမ္ကမိသားစုမွလဲြၿပီး အျပင္သူစိမ္းကပံုရိပ္ကို အေရးတယူလုပ္ၿပီး
လာမိတ္ဆက္တဲ့ကိစၥမ်ိဳးက ရွားပါးသၫ့္အျဖစ္မို႔ အထူးအဆန္းလိုလည္းျဖစ္ေနသည္။

"ပံုရိပ္...."     "ရိွ...."

ဆရာမကနာမည္ေခၚလိုက္တာေၾကာင့္ လက္ၫွိုးေထာင္ျပၿပီး အတန္းတတ္ေၾကာင္းအသိေပးၿပီးေနာက္မွာ ေဘးကတစ္ေယာက္ကပံုရိပ္ရဲ့လက္ေမာင္းကို အတင္းလာကိုင္ေလသည္။
ပံုရိပ္လည္းအခုမွေတြ့တဲ့လူတစ္ေယာက္က ငယ္ေပါင္းႀကီးေဖာ္တစ္ေယာက္လို ရင္းႏွီးတဲ့ပံုစံနဲ႔ျပဳမူလိုက္တာေၾကာင့္ လန႔္ၿပီးသူမကိုျပန္ၾကၫ့္လိုက္မိသည္။

"နင့္နာမည္က ပံုရိပ္လား....နာမည္ကလွတယ္ေနာ္
...ဟိုေလ..မုန႔္စားဆင္းတဲ့အခ်ိန္က်ရင္ ငါလြတ္သြားတဲ့စာေတျြပန္ကူးခ်င္လို႔ နင့္စာအုပ္ေတြခဏငွားေပးပါေနာ္.."

"ေက်းဇူးျပဳျပီး ဟိုဘက္ကိုတိုးေပးပါလား...ဟိုမွာေနရာအက်ယ္ႀကီးပဲ..."

"ေအးပါဟာ....နင္ကလည္း...."

ခံုတန္းရွည္ေပၚမွာ ႏွစ္ေယာက္တည္းထိုင္ရတာကို‌
ပံုရိပ္ဘက္သို႔ အတင္းတိုးလာတာေၾကာင့္
စိတ္မရွည္ျဖစ္လာၿပီး ေလသံမာမာနဲ႔ေျပာလိုက္မိေပမဲ့ ယမင္း‌ေရႊကေတာ့ အႃပံုးအရယ္မပ်က္ေပ။
သူမ်ားက မေခၚခ်င္မေျပာခ်င္သလို အမူအရာမ်ိဳးျပေနတာေတာင္ မ်က္ႏွာတစ္ခ်က္မပ်က္သြားတဲ့လူမ်ိဳးကို ဒီတစ္ခါပဲေတြ့ဖူးေသးတယ္။

ပံုရိပ္သာဆိုရင္ ပထမဆံုးစကားျပန္မေျပာတဲ့အခ်ိန္တည္းက စိတ္တိုတိုနဲ႔ႏႈတ္ဆိတ္ေနလိုက္မိမွာပဲ။
သူမကေတာ့ တမင္မ်က္ႏွာေျပာင္တိုက္ေနတာလား၊ေဒါသတရားမရိွတာပဲလား ခန႔္မွန္းရခက္ေနသည္။သူမကပံုရိပ္ကို ပိုႃပံုးျပလာေလ ကိုယ့္ကိုတမင္အရႊဲ႔လာတိုက္ေနသလို ခံစားရေလပဲ။
ပံုရိပ္သူငယ္ခ်င္းမထားခ်င္ဘူး။
ေတာ္ေတာ္မ်ားမ်ားက ကိုယ္ရဲ့မိသားစုေနာက္ခံကို သိၿပီးရင္အထင္ေသးသြားၾကတဲ့ လူေတြခ်ည္းပဲ။

"ဟုတ္တယ္...ငါ့နာမည္ပံုရိပ္...အဲ့ဒါပဲသိထားရင္ရၿပီ...ငါ့ကိုစာလာေမးဖို႔ေတာ့ မႀကိဳးစားနဲ႔...ဒီအခန္းထဲက စာအညံ့ဆံုးေက်ာင္းသားေတြထဲမွာ ငါလည္းပါလို႔ပဲ...."

ယမင္း‌ေရႊရဲ့ ႃပံုးရႊင္ေနတဲ့မ်က္ႏွာေလးဟာ စကားကိုတံုးတိေျပာၿပီး စာျပန္လုပ္ေနသၫ့္ပံုရိပ္ေၾကာင့္ ၀မ္းနည္းမႈေလးယွက္သန္းသြားေလသည္။
သူ႔ကိုယ္သူစာညံ့တယ္လို႔ ေျပာေနတဲ့လူက
သခ်ၤာအတဲြႏွစ္ကို ဖတ္စာအုပ္မွေမးခြန္းကိုပဲၾကၫ့္ၿပီး လက္တန္းတြက္ေနတာမ်ား သခ်ၤာအရမ္းကၽြမ္းမွန္း သိသာသည္။ဒါကိုေတာင္ သူကစာညံ့တဲ့ေက်ာင္းသားမို႔ စာေမးဖို႔မႀကိဳးစားပါနဲ႔တဲ့ေလ။

စာေတာ္တဲ့လူေတြက ဒီလိုပဲမာနႀကီးတတ္ၾကတယ္ထင္ပါတယ္။
သူမလည္း ထိုင္ခံုအတူထိုင္သၫ့္ အတန္းေဖာ္ကအေရးမလုပ္ေတာ့ ေယာက္်ားေလးေတြထိုင္တဲ့အတန္းအေရ႔ွဆံုးမွာ ထိုင္ေနသၫ့္ အစ္ကိုျဖစ္သူကိုလွမ္းၾကၫ့္လိုက္မိသည္။အစ္ကိုဆိုေပမဲ့ သူမနဲ႔အသက္ကတစ္လေလာက္ပဲကြာေလသည္။

နာမည္က ဟိန္းေဇယ်ာထက္ျဖစ္ၿပီး အရပ္ရွည္ရွည္ ခပ္ပိန္ပိန္ျဖစ္ေလသည္။ကိုထက္ဆိုသည္မွာလည္း
သူငယ္ခ်င္းေတြ ရသြားေလေတာ့ သူမကိုေတာင္လွၫ့္ၾကၫ့္ေဖာ္မရေတာ့ေပ။
သူမအတြက္ေတာ့ အစ္ကိုကလည္းတစ္စက္မွလွၫ့္မၾကၫ့္လာသလို အတန္းေဖာ္ကလည္း အေရး
မလုပ္တာေၾကာင့္ သက္ျပင္းေတြကိုသာအႀကိမ္ႀကိမ္ခ်ေနမိေတာ့သည္။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹

အခ်ိန္အားျဖင့္ ဆယ့္တစ္နာရီထိုးေနေလၿပီ။အပူခ်ိန္က ပိုျပင္းထန္လာတာေၾကာင့္ ေက်ာင္း၀န္းထဲရိွ ေက်ာင္းအုပ္ႀကီးရုပ္ခန္းနားတြင္ စိုက္ထားေသာ စံပယ္ပန္းရံုမွ ပန္းပြင့္ခ်က္ကေလးေတြဟာ ၫွိုးေလ်ွာ္ခ်င္ေနၾကေလသည္။
ေက်ာင္း၀န္း၏ ေတာင္ဘက္အျခမ္းတြင္တည္ရိွေနေသာ ကန္ႀကီးရဲ့‌ေရမ်က္ႏွာျပင္ေပၚသို႔ သစ္ရြက္အမႈန္အမႊား‌ေလးေတြၾကၾကေနသည္ကပင္ ကဗ်ာဆန္သၫ့္ ျမင္ကြင္း‌ ေလးတစ္ခုအလား ထင္မွတ္မိေစသည္။
‌ေက်ာင္းသားမ်ားအားလံုးကလည္း မိမိတို႔ႏွင့္သက္ဆိုင္ရာစာသင္ခန္းအသီးသီးမွာ ရိွေနၾကရသၫ့္အခ်ိန္ျဖစ္တာေၾကာင့္ ေက်ာင္း၀န္းထဲရိွ လမ္းမတစ္ခုဆီတိုင္းဟာ တိတ္ဆိတ္မႈအတိဖံုးလႊမ္းေနေလသည္။

ထိုအခ်ိန္တြင္ ေက်ာင္းဂိတ္ေစာင့္အားခြင့္ေတာင္း၍
ေက်ာင္းတံခါးကိုဖြင့္ကာ ၀င္လာသၫ့္အမ်ိဳးသားတစ္ေယာက္ဟာ ႂကြေက်ေနေသာ သစ္ရြက္ဝါေလးမ်ားကို ျဖတ္နင္းၿပီး ေျခလွမ္းမွန္မွန္ႏွင့္ ဆရာမမ်ား နားေနေဆာင္သို႔ သြားေနေလသည္။သူ႔လက္ထဲတြင္လည္း စာအုပ္ငါးအုပ္ေလာက္ပါသၫ့္အထုပ္တစ္ထုပ္ကိုဆဲြကိုင္ထားေလသည္။

အသားအရမ္းျဖဴတာမ်ိဳးမဟုတ္ပဲ ဝါ၀င္း၀င္းအသားအရည္က သူ႔အားေနေရာင္ထဲတြင္ ပို၍ေရာင္ဝါထြက္ေနေစသလို ထင္မွတ္ရေစသည္။အနက္ေရာင္ ခ်ည္ပုဆိုးကို၀တ္ဆင္ထားၿပီး
အျပာႏုေရာင္ တီရွပ္လက္တိုကို ၀တ္ဆင္ထားသၫ့္ ထိုအမ်ိဳးသားဟာ လ်ွပ္တစ္ျပတ္ၾကၫ့္လိုက္လ်ွင္ေတာင္ လူရည္သန႔္သၫ့္ ပုဂၢိုလ္တစ္ေယာက္မွန္းသိသာေစသည္။

"ဒီအခန္းထဲမွာ ကိုးတန္းကဓာတုေဗဒသင္တဲ့
ဆရာမေဒၚစႏၵာရိွလားခင္ဗ်ာ....."

ထိုလူငယ္ေလး၏အေမးေၾကာင့္ နားေနခန္းထဲတြင္ ရိွေနေသာဆရာမသံုးေယာက္သား ၿပိဳင္တူအၾကၫ့္စံုသြားေလသည္။ထိုစဉ္ဆရာမေဒၚခိုင္ခိုင္၀င္းက သူမ၏ခံုမွထလိုက္ၿပီး ထိုလူငယ္ရိွရာတံခါးေပါက္ဆီသို႔ သြားလိုက္သည္။

"မင္းက...ဆရာမစႏၵာကိုလာရွာတာလား....."

"ဟုတ္ပါတယ္....ကၽြန္ေတာ္ကဆရာမစႏၵာရဲ့ေက်ာင္းသားေဟာင္းေနမ်ိဳးပါ....ဆရာမက
...ကၽြန္ေတာ္ၿမိဳ႔ထဲသြားရင္စာအုပ္၀ယ္လာဖို႔
ဖုန္းဆက္ၿပီးေျပာထားလို႔ အဲ့ဒါ၀ယ္လာေပးတာပါ...."

"ေအာ္...ဟုတ္လား...ေအး...ေအး..အဲ့ဒါဆိုတစ္ခါတည္းသူ႔ကိုေပးသြားလိုက္ေပါ့...သူကအခုဘိုင္အိုအခန္းမွာ ၀င္ေနတာေလ...ဆရာမရဲ့အခန္းပဲ...လာ...လာ....ဟိုနားေလးတင္...."

ေနမ်ိဳးလည္း ေဖာ္ေရြလြန္းသၫ့္ဆရာမ၏
အေနာက္မွ လိုက္လာခဲ့လိုက္သည္။
ဘိုင္အိုအခန္းေတြရိွရာအေဆာင္နာမည္ကို အင္း၀ေဆာင္လို႔အမည္‌ေပးထားေလသည္။
 အရင္က ဒီေက်ာင္း၀န္းႀကီးထဲမွာ ကိုယ္ေတြရဲ့ေျခရာေတြႀကီးပါပဲ။အားလပ္ခ်ိန္ေတြဆိုရင္ ဘုန္းႀကီးေက်ာင္းသားျဖစ္လို႔ ေက်ာင္းကေန
ထမင္းခ်ိဳင့္ပဲ ထၫ့္လာတတ္တာေၾကာင့္ ထမင္းစားၿပီးတာနဲ႔ ေက်ာင္းေရ႔ွကကြင္းျပင္ထဲကိုဆင္းၿပီး ေဘာလံုးကန္ေတာ့တာပဲ။

ကိုယ္ေတြတက္တုန္းက အေဆာင္ေတြဟာတစ္ထပ္ေဆာင္ေတျြဖစ္ၿပီး ေဆးေတြကအစကၽြတ္ၿပီး အေရာင္ကိုမိွန္ေနတာပါပဲ။
အခုမ်ားၾကေတာ့ ကြင္းရဲ့ေတာင္ဘက္မွာအစိမ္း‌ ေရာင္သံုးထပ္အ‌ေဆာင္ႀကီးကဟီးထြက္ေနသည္။‌ သို႔ေပမဲ့ ေက်ာင္း၀န္းႀကီးကကိုယ္‌ ေတြ‌တက္ခဲ့တုန္းကလို အပင္အလ်ွင္ေတြနဲ႔ စိမ္းစိုမႈမရိွေတာ့ပဲ အနည္းငယ္ေျခာက္ေသြ့သြားသလိုပါပဲ။

ခပ္လွမ္းလွမ္းမွ ေျမလမ္းကေလးဟာ အခုေတာ့အုတ္၊သဲ၊‌‌ ေက်ာက္ေတြအစားထိုးေနရာယူေနၿပီး လမ္းတစ္ဖက္တစ္ခ်က္ဆီက ဟိုးအရင္ခေရပင္တန္းကေလးကလည္း ယခုေတာ့တစ္ပင္တစ္‌ေလေတာင္မေတြ့ရေတာ့ဘူး။ေခာတ္မွီလာတာနဲ႔အမ်ွ
 ပိုၿပီးသန႔္ရွင္းလာတယ္ ၊အျမင္ရွင္းလာတယ္ဆိုေပမဲ့ အသက္၀င္မႈေတြ ေလ်ွာ့နည္းသြားခဲ့သလိုပါပဲ။
ရႉရိႈက္ရတဲ့ ေလကိုကအရင္ကထက္ပိုပူျပင္းေနသလိုခံစားရတယ္။
ကိုယ္ပဲ စိတ္ထင္ေနလို႔လားေတာ့ မသိေပမဲ့
ေက်ာင္းေတာ္ႀကီးရဲ့ အခုအေျခအေနကို သေဘာေတာ့မက်မိဘူး။

ဘိုင္အိုအခန္းက အခန္း(D)အထိပဲ ရိွတာေၾကာင့္
လမ္းသိပ္မေလ်ွာက္လိုက္ရပဲ ဆရာမေဒၚစႏၵာစာသင္ေနေသာ အခန္းအေရ႔ွသို႔ေရာက္လာေလသည္။
လမ္းျပေပးတဲ့ ဆရာမရဲ့"ဒီအခန္းပဲလို႔"
ေျပာလိုက္တဲ့ အသံကိုေတာင္မိွန္ဖ်ဖ်ပဲ သတိကပ္မိေလာက္သည္အထိ ေနမ်ိဳး၏အာရံုကို တစ္ေယာက္ေယာက္ကဖမ္းစားထားသည္။
ထိုသူမွာ အျခားသူမဟုတ္ပဲ လြန္ခဲ့တဲ့ရက္က
 မိုးႀကီးရြာတဲ့ညမွာ ဘုရားရင္ျပင္ေပၚထိုင္ေနတဲ့ ေကာင္မေလးပါပဲ။

သူ႔အေဒၚကေတာ့ ပံုပံုလို႔ေခၚတာကို ၾကားလိုက္ရတယ္။ေကာင္မေလးက ေနာက္ဆံုးတန္းမွာ မတ္တပ္ရပ္ၿပီးလက္ပိုက္ထားေလသည္။
သူမရဲ့မ်က္ႏွာက သိပ္မေကာင္းပံုေထာက္ရင္ ဆရာမစာေမးတာကို မေျဖႏိုင္လို႔ပဲေနလိမ့္မယ္။
မ်က္ႏွာမေကာင္းဘူးဆိုေပမဲ့ အေၾကာတင္းေနတဲ့သူမရဲ့မ်က္ႏွာက ဆရာမရိုက္ရင္ေတာင္ႃဖံုမဲ့ပံုမေပၚဘူး။

မွတ္မိပါေသးတယ္။
မိုးေတြရြာတဲ့ ညႀကီးမွာ ကိုယ္ေတြသြားေခၚခဲ့တုန္းက ဒီ့ထက္အေၾကာတင္းခဲ့တဲ့ မ်က္ႏွာေပးကို သိပ္မွတ္မိတာ‌ေပါ့။ဘာကိုမွ အေၾကာက္အရြံ႔မရိွသလို အဓိပၸာယ္ေပ်ာက္ဆံုးေနတဲ့ မ်က္၀န္းေတြကို ေနမ်ိဳးအခုထိမွတ္မိေနပါေသးတယ္။

"စႏၵာေရ....ခဏလာပါအံုး..."

ဆရာမေဒၚခိုင္ခိုင္၀င္း၏ ေခၚသံေၾကာင့္ အတန္းထဲမွ ဆရာမစႏၵာေရာ မတ္တပ္ရပ္ေနေသာ
ထိုေကာင္မေလးပါ ေနမ်ိဳးတို႔ဘက္သို႔လွၫ့္ၾကၫ့္လာခဲ့သည္။ဘာေၾကာင့္ရယ္မသိ ေကာင္မေလးက သူ႔ကိုျမင္ေတာ့ စိတ္ရႈပ္သြားသလိုဟန္ပန္နဲ႔ မ်က္ခံုးေတြ တြန႔္ႄကံု႔သြားကာ မ်က္ႏွာလႊဲသြားေလသည္။
သူမစာမရတာကို ျမင္သြားလို႔ရွက္သြားတာမ်ားလား။မဟုတ္ရင္ေတာ့ ကိုယ့္ကို အေစာတည္းကအျမင္မၾကည္ေနတာလည္း ျဖစ္ႏိုင္တာပဲ။

"ဟယ္...သား...ေနမ်ိဳး..."

သူ႔ကိုျမင္သည္ႏွင့္ ဆရာမစႏၵာ၏ေဒါသမ်က္ႏွာဟာ ခ်က္ခ်င္း၀င္းပသြားၿပီး တပၫ့္ျဖစ္သူအား၀မ္းသာပီတိျဖစ္ေသာ ခ်ိဳျမျမအႃပံုးေလးကိုေပးရွာသည္။
ဆရာမစႏၵာဟာ ခႏၶာကိုယ္ခပ္ျပၫ့္ျပၫ့္ႏွင့္ အသက္ငါးဆယ္ေက်ာ္ရိွေနၿပီျဖစ္ကာ စာသင္ခ်ိန္မဟုတ္ပါက အင္မတန္သေဘာထားႀကီးေသာ သူျဖစ္‌ေလသည္။သို႔ေပမဲ့ စာသင္ခ်ိန္အတြင္းတြင္ေတာ့ သူခ်မွတ္ထားသၫ့္ စည္းကမ္းေတြကိုမလိုက္နာပါက အင္မတန္စိတ္ဆိုးတတ္သူလည္းျဖစ္သည္။ကိုယ္ေတြ ေက်ာင္းသားဘ၀တုန္းကလည္း အရမ္းမလိမၼာခဲ့ေပမဲ့ စာနဲ႔ပတ္သတ္ရင္ေတာ့ အရမ္းႀကိဳးစားခဲ့တာေၾကာင့္ ကိုယ္ေတြဆိုရင္ ဆရာမက အၿမဲခ်ီးက်ူးေနၾကေပ။
ထို႔ေၾကာင့္လည္း ေက်ာင္းၿပီးတာၾကာေနေပမဲ့ ဆရာမနဲ႔အဆက္အသြယ္မျပတ္ပဲ ရိွေနခဲ့ျခင္းပါပဲ။

"ေနမ်ိဳး....သား...လမ္းႄကံုလို႔၀င္လာတာလား..."

"ဟုတ္တယ္ဆရာမ....ဆရာမဟိုတစ္ခါမွာထားတဲ့ စံလဲြစိတ္ပညာစာအုပ္ေလ....ကၽြန္ေတာ္ဒီေန့ၿမိဳ႔ထဲကိုသြားရင္းနဲ႔ လမ္းႄကံုလို႔၀ယ္လာလိုက္တယ္...."

အထုပ္ထဲမွ ဆရာဦးအုန္းေဖရဲ့စံလဲြစိတ္ပညာဆိုတဲ့စာအုပ္ကို ထုတ္ယူလိုက္ၿပီး ဆရာမကိုေပးလိုက္ေတာ့ ဆရာမက စာအုပ္ကိုလွန္ေလွာၾကၫ့္လိုက္ၿပီးေနာက္ သေဘာက်သြားေလသည္။
 ေနမ်ိဳးလည္းအတန္းထဲရိွ ေက်ာင္းသား‌ေတြဘက္ကို တစ္ခ်က္ၾကၫ့္လိုက္ေတာ့ ဟိုေကာင္မေလးက မတ္တပ္ရပ္ေနရေသးသည္။
ဆရာမနဲ႔ အခ်ိန္အၾကာႀကီးစကားေျပာေနမိရင္
ဒီေကာင္မေလး ထိုင္ရေတာ့မွာ မဟုတ္တာေသခ်ာတာေၾကာင့္ အျမန္ျပန္ဖို႔ကိုပဲစိတ္ဆံုးျဖတ္လိုက္သည္။

"ဆရာမ...ကၽြန္ေတာ္...ေက်ာင္းမွာဘုန္းႀကီးခိုင္းထားတာေလးေတြရိွလို႔ ေနာက္ေန့မွပဲ ဆရာမဆီကိုထပ္လာခဲ့ပါ့မယ္.…"

"ေအး...ေအး...ေက်းဇူးပါပဲကြယ္...ကိုယ့္ဘာသာ
ဆိုရင္ၿမိဳ႔ထဲကို မသြားႏိုင္တာနဲ႔ ေတာ္ေတာ္နဲ႔၀ယ္ျဖစ္မွာမဟုတ္ဘူး..."

"ရပါတယ္ဆရာမ...ဒါဆိုကၽြန္ေတာ္သြားေတာ့မယ္ေနာ္..…"

"ေအးေအး.…အားရင္ဆရာမရဲ့အိမ္ကိုလာခဲ့ေပါ့ စားေကာင္းတာေလးေတြ ခ်က္ကၽြေးပါ့မယ္.…"

"ဟာ...ဆရာမရယ္...အားနာစရာႀကီး...."

"ဒါဆိုမစားေတာ့ဘူးေပါ့...."

"ဟင္းေကာင္းေလးခ်က္ထားလို႔...."

"ဟား..ဟား....ေနမ်ိဳးတို႔ကေတာ့ လူႀကီးျဖစ္ေနၿပီေနာက္တုန္းပါလားေဟ့....ကဲ..ကဲ..ေတာ္ၾကာေစာေစာျပန္မလာလို႔ ဘုန္းႀကီးႀကိမ္းေနအံုးမယ္...
သြားေတာ့...သြားေတာ့..."

"ဟုတ္ကဲ့ဆရာမ...."

ေနမ်ိဳးလည္း ဆရာမစႏၵာကိုႏႈတ္ဆက္ခဲ့လိုက္ၿပီး ဆရာမခိုင္ခိုင္၀င္းႏွင့္အတူ ေနာက္ေၾကာင္းသို႔ျပန္လွၫ့္လာခဲ့လိုက္သည္။
ေနမ်ိဳး၏စိတ္ထဲတြင္ေတာ့ ခုဏကအခန္းထဲမွာ မတ္တပ္ရပ္ၿပီး မ်က္ႏွာလႊဲသြားတဲ့ ကေလးမေလးကိုသာျမင္ေယာင္ေနမိတယ္။
ဟိုညကကိစၥကို ျပန္ေတြးၾကၫ့္ရင္ ဒီေကာင္မေလးကအေဒၚျဖစ္သူနဲ႔အတူေနရတာပဲေနလိမ့္မယ္။
ဒါဆိုရင္ မိဘေတြမရိွေတာ့တာျဖစ္ႏိုင္တယ္။
မိဘမဲ့ဆိုရင္ေတာ့ ကိုယ္နဲ႔ဘ၀‌တူေတြပဲ။

ဒါေပမဲ့ ကိုယ္ေတြတုန္းကေတာ့ မိဘမဲ့ဆိုတဲ့ဘ၀နဲ႔
ဘုန္းႀကီးေက်ာင္းသားဆိုရင္ အထင္ေသးခ်င္တဲ့လူေတြကို "ငါလည္းဒီလိုလုပ္ႏိုင္တယ္"ဆိုၿပီး ဝံ့ႂကြားျပခ်င္တာေၾကာင့္ ပညာေရးကိုက်ားကုတ္က်ားခဲႀကိဳးစားခဲ့တယ္။
သို႔ေပမဲ့ ဆရာေတာ္ႀကီးသာ ေက်ာင္းမထားေပးခဲ့ရင္ ဒီဘ၀ကိုေရာက္လာခဲ့မွာမဟုတ္သလို႔  တကၠသိုလ္ဆိုတာလည္း ဘယ္ဆီမွာေနမွန္းသိခဲ့ရမွာမဟုတ္ဘူး။
ဒီေကာင္မေလးကိုၾကၫ့္ရတာေတာ့ ခံမေျပာနားမ‌ေထာင္နဲ႔ဂ်စ္ကန္ကန္ေလးပဲ ေနလိမ့္မယ္။

"ဒါနဲ႔ဆရာမ....ကၽြန္ေတာ္တစ္ခုေလာက္ေမးလို႔ရမလား...."

ဆရာ၊ဆရာမမ်ားနားေနေဆာင္ထဲသို႔ ၀င္ဖို႔ျပင္ေနသၫ့္ ဆရာမေဒၚခိုင္ခိုင္၀င္းလည္း ေနမ်ိဳး၏စကားေၾကာင့္ ျပန္လွၫ့္ၾကၫ့္လာေလသည္။
ေနမ်ိဳးလည္း ယခုမွႏွစ္ခါပဲေတြ့ရေသးတဲ့ ကေလးမအေၾကာင္းကို ေမးလိုက္ရင္စပ္စုသလိုျဖစ္ေနမွာလည္း စိုးမိသည္။
သိခ်င္စိတ္ကလည္း ျပင္းျပေန‌တာေၾကာင့္
သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ေမးဖို႔သာဆံုးျဖတ္လိုက္သည္။

"ခုဏက ဆရာမေဒၚစႏၵာသင္ေနတဲ့  အတန္းထဲမွာ မတ္တပ္ရပ္ေနတဲ့ေကာင္မေလးကို ဆရာမသိလား....သူ႔နာမည္က ပံုပံု...."

"ေအာ္...ပံုရိပ္လား....."

"ဟုတ္တယ္...ဟုတ္တယ္...."

ဒီေကာင္မေလးရဲ့နာမည္ကိုေသခ်ာမသိေပမဲ့ဆရာမက စကားေထာက္လိုက္တာေၾကာင့္
ျဖစ္ႏိုင္သည္ဟုေတြးၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။

"သားကပံုရိပ္နဲ႔ ရင္းႏွီးတာလား...."

"အဲ..သူ႔အေဒၚနဲ႔ရင္းႏွီးတာပါ.."

တကယ္တမ္းေတာ့ သူမရဲ့အေဒၚဆိုသူနဲ႔လည္း
မရင္းႏွီးပါဘူး။မုသားမပါ လကၤာမေခ်ာဆိုတဲ့အတိုင္း စကားဆိုတာဒဲ့တိုးေျပာတိုင္းလည္း
မေကာင္းတာေၾကာင့္ မုသာဝါဒကိုေတာ့က်ူးလြန္လိုက္မိေလၿပီ။ကိုယ္နဲ႔မရင္းႏွီးတဲ့ လူတစ္ေယာက္အေၾကာင္းကို စပ္စုရတာမ်ိဳး ဝါသနာမပါေပမဲ့
ဒီကေလးမအေၾကာင္းကိုေတာ့ သိခ်င္ေနမိတယ္။

"သူ...ေက်ာင္းမွာစာေရာလိုက္ႏိုင္ရဲ့လား...."

"အင္း..စာလိုက္ႏိုင္လားဆိုေတာ့ ခုဏကသားေတြ့ခဲ့တဲ့အတိုင္းပဲေလ စာသင္ခ်ိန္ေတြမွာ စာေသခ်ာလိုက္နားမေထာင္ဘူး...အိမ္စာေတြဆိုလည္းမလုပ္လာလို႔ ခဏခဏအရိုက္ခံရတဲ့အဖဲြ႔ထဲမွာ
ဒီေကာင္မေလးအၿမဲပါတယ္...ဟိုတစ္ေလာကပဲ...
သူနဲ႔အတူထိုင္တဲ့အတန္းေဖာ္နဲ႔ ရန္ျဖစ္လို႔ ေနာက္ဆံုးအတန္းမွာသြားထိုင္ေနတာပဲ
ၾကၫ့္ေတာ့...အတန္းထဲမွာဘယ္သူနဲ႔မွလည္း
စကားေကာင္းေကာင္းမေျပာေတာ့ ဘယ္အတန္းေဖာ္ကမသူ႔ကို ေခၚေျပာလုပ္ခ်င္ေတာ့မွာလဲ...
ဒီေကာင္မေလးကိုၾကၫ့္ရတာ တစ္ခုခုကိုအရဲြ႔တိုက္ေနသလိုပဲ..."

ဆရာမဆီကေန ၾကားလိုက္ရတဲ့စကားေတြက
တစ္ခုမွေကာင္းတာရိွမေနေတာ့ ေနမ်ိဳးေတာင္အလကားေနရင္းစိတ္ညစ္လာရသည္။
ဒီေကာင္မေလးက ဒီေလာက္ေတာင္ပဲဆိုးတာလား။
ဟိုတစ္ခါေတြ့တုန္းက "အိမ္မွာမေတြ့ခ်င္တဲ့လူရိွလို႔ မျပန္တာ"လို႔ သူမေျပာသြားခဲ့တယ္။
ဒါဆိုရင္ သူမဒီလိုျဖစ္ေနတာက သူမရဲ့အိမ္နဲ႔မ်ားပတ္သတ္ေနမလား။

"ဆရာမ....ပံုရိပ္ကစာေမးပဲြမွာ က်တဲ့ဘာသာေတြေရာ ရိွလား...သူဘယ္ဘာသာရပ္ေတြမွာအားနည္းလဲ ဆရာမသိလား...."

"အင္း....အဲ့ဒါကေတာ့ဆရာမလည္း ေက်ာင္းသားေတြအမ်ားႀကီးကို ကိုင္တြယ္ရတာမို႔ တစ္ေယာက္ခ်င္းဆီကို လိုက္မၾကၫ့္ႏိုင္ဘူးကြယ္
...ဒါေပမဲ့ ၿပီးခဲ့တဲ့လပတ္စာေမးပဲြႏွစ္ခုလံုးမွာေတာ့
ပံုရိပ္က တစ္ဘာသာမွက်တာမေတြ့ရဘူး...တစ္ခ်ိဳ႕ေက်ာင္းသားေတြဆို အတန္းထဲမွာအိမ္စာလည္း
ပံုမွန္ထပ္ၾကတယ္...စာက်က္လာဆိုရင္လည္း က်က္လာၾကေပမဲ့ တစ္ဘာသာ၊ႏွစ္ဘာသာေလာက္
က်တာေတြ့ရတယ္...ဆရာမအထင္ေတာ့
ဒီကေလးမက က်န္တဲ့အခ်ိန္စာမလုပ္ပဲ စာေမးပဲြနီးမွလုပ္တာလားလို႔ေတြးမိတယ္...ပံုရိပ္ရဲ့ပံုစံက ဉာဏ္ေကာင္းေပမဲ့မႀကိဳးစားဘူး...ဆရာ၊ဆရာမေတြရဲ့စကားကိုနားမေထာင္ပဲ
သူေနခ်င္သလိုေနေနတာမ်ိဳး....
ဟိုတစ္ေန့ကတစ္တန္းတည္းသားခ်င္း
ေနာက္တစ္ခါရန္မျဖစ္နဲ႔ ျဖစ္ရင္မိဘေခၚခိုင္းမယ္လို႔ ေျပာလိုက္တာကို ေနာက္ဆံုးအတန္းမွာ တစ္ေယာက္တည္းသြားထိုင္ေနတာပဲၾကၫ့္ေတာ့...."

ဆရာမေျပာတဲ့စကားေတြကို ေသခ်ာေလးနားေထာင္ၿပီးေနာက္မွာ သူ႔စိတ္ထဲတစ္ခုခုကို ေသခ်ာသိလိုက္ရေလသည္။
ဒီေကာင္မေလးက မႀကိဳးစားခ်င္တာမဟုတ္ပဲ
သူမဆီမွာ ႀကိဳးစားခ်င္စိတ္ေတြေပ်ာက္ဆံုးေနတာပိုျဖစ္ႏိုင္တယ္။
စာေမးပဲြေတြမွာ တစ္ခါမွမက်ခဲ့ဘူးဆိုကတည္းက သူမကစာမလုပ္တဲ့ေက်ာင္းသားစာရင္းမွာ
ပါ၀င္မေနေတာ့ဘူး။
လူတစ္ေယာက္ဟာ ရည္မွန္းခ်က္ရိွမွေအာင္ျမင္ႏိုင္တာပါ။သူမရဲ့ ရင္ထဲမွာရည္မွန္းခ်က္ေတြေပ်ာက္‌ဆံုးေနတာျဖစ္ႏိုင္သလို၊ရည္မွန္းခ်က္ဆိုတဲ့အရာ ၊ပန္းတိုင္ဆိုတဲ့အရာကို သူမတစ္ခါမွ
မေတြးေတာၾကည့္ခဲ့ဖူးတာလဲ ျဖစ္ႏိုင္တယ္။
ဒီကေလးမနဲ႔ ကိုယ္နဲ႔ကလည္းမရင္း‌ႏွီးေတာ့
ေဖ်ာင္းဖ်ေပးလို႔ကလည္း အဆင္ေျပမယ္မထင္ဘူး။

"ေက်းဇူးပါေနာ္ဆရာမ....ကၽြန္ေတာ္သြားလိုက္ပါအံုး‌မယ္..."

"ေအး...ေအး...ေအာ္..ဒါနဲ႔တစ္လက္စတည္းပံုရိပ္ရဲ့အုပ္ထိန္းသူကိုေလ ေက်ာင္းကိုအားတဲ့အခ်ိန္လာခဲ့ေပးဖို႔ ေျပာေပးႏိုင္မလားကြယ္...ဆရာမသူ႔ရဲ့အုပ္ထိန္းသူနဲ႔ေတြ့ၿပီး စကားေျပာခ်င္လို႔..."

"ဟုတ္ကဲ့....ဆရာမ....သြားလိုက္ပါအံုးမယ္"

ဆရာမကိုႏႈတ္ဆတ္ၿပီး အျမန္ျပန္လွၫ့္လာခဲ့လိုက္သည္။
 ပံုရိပ္ရဲ့အေဒၚနဲ႔ရင္းႏွီးတယ္ဆိုၿပီး ႏႈတ္ကၽြံမိတဲ့ ကိုယ့္ပါးစပ္ကိုသာ ပိတ္ရိုက္လိုက္ခ်င္ေတာ့တယ္။
သူ႔အေဒၚကို ေက်ာင္းလာဖို႔ေျပာေပးရေအာင္
သူတို႔ဘယ္မွာေနမွန္းေတာင္ ကိုယ္မသိဘူး။
သူမ်ားအေၾကာင္းကို စပ္စပ္စုစုသိခ်င္မိသၫ့္ ကိုယ့္ကိုကိုယ္သာ အျပစ္တင္ေနမိေတာ့သည္။
ကိုယ္တိုင္က "ဘက"ေက်ာင္းမွာ ယာယီစာသင္ေပးေနသူျဖစ္ေတာ့ ေက်ာင္းသားတစ္ေယာက္မူမမွန္ရင္ကို စိတ္ကတစ္ခုခုရင္ခံေနသလိုျဖစ္ေနတတ္သည္။
အခုေတာ့ ပံုရိပ္ရဲ့အေဒၚသာေက်ာင္းကို ေရာက္မလာခဲ့ရင္ ကိုယ္ကမေခၚေပးလို႔ဆိုၿပီး ထင္သြားႏိုင္တယ္။

"ေနမ်ိဳး...ေနမ်ိဳး....မင္းေတာ္ေတာ္လ်ွာရွည္တဲ့ေကာင္ပဲ....‌ကိုယ္တိုင္‌ေတာင္ဘုန္းႀကီးေက်ာင္းကထမင္းကိုကပ္စားေနရၿပီး ၿငိမ္ၿငိမ္ကိုမေန ႏိုင္ဘူး..."

ေနာက္ဆံုးေတာ့ ကိုယ့္ကိုကိုယ္ျပန္ႀကိမ္ဆဲမိတဲ့ အျဖစ္သို႔ ေရာက္ကုန္ေလေတာ့သည္။
ပံုရိပ္တို႔ရဲ့ အိမ္ကို‌ရွာပံုေတာ္ထြက္ေပးရမၫ့္အလုပ္လည္း တစ္ခုပိုလာခဲ့ေလသည္။
....🔥🔥🔥

No comments:

Post a Comment