🔥"ဆူးကြိုး...…"🔥 (အခန်း၂)

🔥"ဆူးကြိုး...…"🔥

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


                        (အခန်း ၂)


နေ့လည်ကျောင်းဆင်းချိန်တွင် ကျောင်းတံခါးကြီးကိုဖွင့်ပေးလိုက်သည်နှင့် အဖြူနှင့်အစိမ်းကို
၀တ်ဆင်ထားကြသော  ကျောင်းသားလေးများဟာ ၀မ်းသာပျော်ရွှင်သောမျက်နှာလေးများဖြင့် ကျောင်း၀န်းထဲမှအသီးသီးထွက်လာကြလေသည်။

"သမီးရေ..မေမေဒီမှာ.."

အချို့မိဘများက သူတို့၏ကလေးများကို လာကြိုကြရာ၀ယ် တ‌စ်နေကုန်စာသင်ကြရတာကြောင့် ပင်ပန်းမှာစိုး၍ဆိုကာ အချိုရည်ဗူးလေးများကိုပါ အသင့်၀ယ်လာကြလေသည်။

အချို့အတန်းကြီးကျူရှင်တူကျောင်းသားများကတော့ အုပ်စုဖွဲ့၍ထွက်လာကြပြီး မိမိတို့နှင့်သက်ဆိုင်သော ကျူရှင်များဆီသို့ စကားတပြောပြောနှင့် ခရီးဆက်နှင်ကြလေသည်။
ကျောင်းသားနှင့်မိဘများ အုံးအုံးကျွတ်ကျွတ်ဖြစ်နေသော ကျောင်းဂိတ်ပေါက်၀တွင် စိတ်ဝိဉာဥ်မပါ၊ခန္ဓာကြီးသပ်သပ် ဗလာနတ္ထိစိတ်တို့ဖြင့် လေးလံနေသော ခြေလှမ်းတို့ကိုသယ်ဆောင်လာသူမှာ ပုံရိပ်ဆိုသည့်ကလေးမလေးပင်ဖြစ်သည်။

ကောင်းကင်ကိုကြည့်လိုက်တော့ ညှို့မှိုင်းနေသည်။
မကြာခင်မှာ သည်တိမ်မည်း၊တိမ်လိပ်များကြားမှ မိုးများသည်းထန်စွာရွာသွန်းတော့မည်ဟုသူမခန့်မှန်းလိုက်သည်။
အစိမ်းပုပ်ရောင် ဘေးလွယ်အိတ်အနွမ်းလေးကို ဆုပ်ကိုင်လိုက်ပြီး ခပ်မှန်မှန်ခြေလှမ်းများအား အရှိန်တင်လိုက်သည်။

လူများစွာကိုတွန်းတိုက်၍ သူမပြေးလွှားနေမိသည်။
လူတွေဟာ ပန်းတိုင်မရှိရင် ဦးတည်ရာကရောက်တတ်ရာရာမဟုတ်ပါလား။
ထို့နည်းတူပင် သူမတွင်ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်ရမည်လို့ ဆန္ဒမရှိ၊ငါသည်မုချအောင်မြင်ရမည်လို့လည်း မဟစ်ကြွေးခဲ့ဖူးပါ။

သူမအတွက် နေ့ရက်တိုင်းဟာ ဆားမပါတဲ့ဟင်းတစ်ခွက်လို အရသာက ပေါ့ပျက်ပျက်ပါပဲ။
ယခုသူမပြေးသွားနေရသည့် ရည်ရွယ်ချက်ကတော့ နေ့စဉ်လုပ်နေကြအရာတစ်ခုဖြစ်တဲ့ ခပ်လှမ်းလှမ်းကမူလတန်းကျောင်းလေးမှာရှိတဲ့ ကလေးငယ်တစ်ယောက်ကို သွားကြိုဖို့ပါပဲ။

အ.မ.က(၂၂)မူလတန်းကျောင်းလေးရဲ့ ဂိတ်၀ကိုရောက်တော့ သူမအတော်‌မောနေလေပြီ။
ချွေးတွေပါစို့လာသည်မို့ ခန္ဓာကိုယ်ကိုအနည်းငယ်ကိုင်းပြီး အသက်ကိုခပ်ပြင်းပြင်းရှူနေမိသည်။

ကျောင်းဂိတ်ပေါက်၀ဆီသို့လှမ်းကြည့်လိုက်တော့အုတ်ခုံလေးတစ်ခုအပေါ်မှာ ထိုင်နေ‌သည့်ကလေးမလေးတစ်ယောက်..အသက်‌ခြောက်ရှိနေလေပြီ။
အသားညိုညို ပါးဖောင်းဖောင်းလေးနဲ့ဖြစ်ပြီး မျက်လုံးလေးကလယ်ကလယ်နဲ့ ဟိုကြည့်သည်ကြည့်လုပ်နေရှာသည်။

ဒီကလေးကစကားတော့ အင်မတန်နားထောင်တယ်။ဒီနေရာမှာပဲ စောင့်နေလို့အမိန့်ပေးခဲ့တဲ့အတိုင်း စောင့်ရှာတယ်။
သူမနာမည်ကမိစုလို့ခေါ်တယ်။
တစ်ခါတစ်လေကြရင် ဒီကလေးလောက်တောင်
မလိမ္မာတဲ့ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ်။
သို့ပေမဲ့ ကလေးဆိုတာနုနယ်တယ်..ဖြူစင်တယ်။
ငိုချင်ရင်ငိုချလိုက်ပြီး အစာစားဖို့၊အိပ်ဖို့နဲ့ကစားဖို့ကသာ သူတို့အတွက်ဘ၀ကြီးတစ်ခုဖြစ်နေတတ်တယ်။

ပုံရိပ်မှာက လေးနက်တဲ့စိတ်ခံစားမှုနဲ့ ဝေဒနာကိုပိုင်းခြားတတ်တဲ့ဦးနှောက်ကအားကောင်းလွန်းနေတယ်။မကောင်းတဲ့အရာတွေကို ခွဲခြားလာနိုင်သလို၊ကောင်းခြင်းတွေကိုလည်း ‌တစ်ခါတစ်လေလောဘတက်လာမိတယ်။
သို့ပေမဲ့ ကောင်းခြင်းဆိုတာ ပုံရိပ်နဲ့အင်မတန်ဝေးကွာပြီး မထိုက်တန်တဲ့တံတားတစ်စင်းပါပဲ။
ဘာကြောင့်လဲလို့ဆိုရင် ပုံရိပ်ကိုယ်တိုင်ကလူကောင်းတစ်ယောက် မဟုတ်လို့ပဲ။

"မိစု..လွယ်အိတ်ပေး..."

"ဟာ...မမပုံ...မိစုစောင့်နေတာကြာလှပြီ..စောင့်ရင်းနဲ့ဗိုက်ဆာနေတာ...ရေခဲမုန့်လေးအရမ်းစားချင်တာပဲ..."

"ကိုယ့်ဟာကိုယ်တောင် ပိုက်ဆံမရှိလို့ဘာမှ၀ယ်မစားနိုင်ဘူး..."

"စုစုမှာ..နှစ်ရာရှိတယ်လေ...ဖေကြီးပေးထားတာ.."

"ဟိုဘက်လမ်းအထိသွား၀ယ်ရမှာ အလုပ်ရှုပ်တယ်...လာ..ပြန်မယ်..."

"ဟင့်...ရေခဲမုန့်စားချင်လို့ပါဆို..."

"ပြန်မယ်လို့ပြောနေတယ်လေ...နှစ်ခါမပြောဘူးနော်..ဒီတစ်ခါဆိုရိုက်တော့မှာ..လာ!!!"

မိစုကအသားနာမှာကို အရမ်းကြောက်တတ်သည်။
နဲနဲလေးခြောက်လိုက်တာနဲ့ မျက်ရည်တွေဝဲတက်လာပြီး နှုတ်ခမ်းလေးပါမဲ့သွားသည်။
ကလေးဆိုပေမဲ့ သူမမှာလည်း ကိုယ်ပိုင်ခံစားချက်ရှိတာကြောင့် ဒေါသထွက်တတ်၊ငိုကျွေးတတ်သည့်လူသားလေးဆိုတာကို ပုံရိပ်မေ့သွားခဲ့သည်။
မိစုက လက်သီးဆုပ်သေးသေးလေးတွေကို ကျစ်နေအောင်ဆုပ်ထားပြီး နှုတ်ခမ်းလေးကိုဖိကိုက်ထားသည်။

သူမတွင်ရှိသော လိုအင်ဆန္ဒလေးတစ်ခုဟာ ဟိုဘက်လမ်းမှာ ရေခဲမုန့်သွား၀ယ်ကျွေးဖို့ပါပဲ။
အဲ့ဒီ့ဆန္ဒတစ်ခုကိုပဲ ပုံရိပ်မလုပ်ပေးနိုင်တာပါ။
လိုအင်ဆန္ဒဆိုတဲ့မီးကျီခဲဟာ ရှို့လေလောင်လေပဲ။
တစ်ခါလောက်လိုက်လျောမိတာနဲ့ နောက်ထပ်အခေါက်ပေါင်းများစွာဟာ အသင့်ပါလာပြီးသားဖြစ်နေမှာ သေချာတယ်။

ကောင်းတဲ့အကျင့်တစ်ခုကို မွေးမြူရခက်ခဲသလောက် မကောင်းတဲ့အကျင့်ကတော့
ဖျောက်ဖြတ်ရသိပ်ခက်တယ်။
ကြာလာတဲ့အခါ အလေ့အကျင့်တစ်ခုအဖြစ်
အမြှစ်တွယ်ပြီးလှိုက်စားလာခဲ့ရင် ပထမဦးဆုံးစတင်ခဲ့တဲ့အချိန်ကို အပြစ်တင်ရလိမ့်မယ်။

မိစုဟာ ကိုယ့်ရဲ့ညီမ၀မ်းကွဲလေးဖြစ်လို့ သံယောဇဉ်ကတော့ အခြားသူစိမ်းတွေထက် အပုံကြီးပိုပါတယ်။ဒါပေမဲ့ ပစားတော့မပေးနိုင်ဘူး။
အဒေါ့်ရဲ့ရုန်းကန်မှုတွေကို မျက်ဝါးထင်ထင်မြင်နေရတဲ့အပြင် ကိုယ်ကပင်ပန်းမှု၊နာကျင်မှုတွေကို စာနာပေးနိုင်တဲ့ အရွယ်ဖြစ်နေတော့ မိစုကိုပိုလို့တောင် လိုက်လျောမပေးနိုင်ဘူး ဖြစ်နေသည်။

"မိစု...ဘာလို့ပေပြီးရပ်နေတာလည်း...သွားမယ်လို့ပြောနေတယ်လေ.."

"အဟင့်..ဟင့်...ရေခဲမုန့်စားချင်တယ်...၀ယ်ကျွေး...
၀ယ်ကျွေးပါဆို..."

"မိစုရယ်...ဘာလို့ဒီလောက်ပြောရခက်နေတာလဲ...
လာ...ပြန်မယ်..."

"ဟင့်အင်း...ဟင့်အင်း...မလိုက်ဘူး...ရေခဲမုန့်၀ယ်ကျွေး...."

"ငါက...လာလို့ပြောနေတယ်နော်!!!!!..."

အတင်းဆွဲခေါ်ပေမဲ့ မလိုက်ပဲပေကပ်ကပ်ရပ်နေသည့် မိစုဟာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်။ကိုယ်ကလည်း စိတ်သိပ်ရှည်တတ်သည့်လူမဟုတ်တော့ ငိုချင်ငိုပါစေဟာဆိုပြီး ပစ်ထားခဲ့လိုက်ချင်သည်။ကလေးတွေဟာ ကမ္ဘာပေါ်မှာ
ဒရမ်မာအခင်းဆုံးလူသားတွေထင်ပါရဲ့။တစ်ခုခုအလိုမကျလည်းငို၊စိတ်ဆိုးလည်းငို၊နဲနဲလေးဆူငေါက်မိရင်လည်း ငိုကြတယ်။

ကိုယ်ငယ်ငယ်တုန်းကလည်း ဒီလိုပဲထင်ပါရဲ့။ကလေးတစ်ယောက်ရဲ့မူရင်းစိတ်ခံက ပန်းပွင့်ဖက်လေးတွေထက်ပင် နုနယ်နေသလား။နုငယ်လွန်းတဲ့နှလုံးသားလေးတွေမှာလည်း အားကောင်းလွန်းတဲ့သိမြင်ခံစားမှုတွေ ရှိနေတတ်တယ်။

ကလေးတစ်ယောက်ရဲ့ မသိစိတ်ဟာ ကိုယ်ပေးတဲ့ဒဏ်ရာထက်ပိုနက်နက်ခြစ်ရာ ထင်တတ်တယ်ဆိုတာ ကိုယ်တိုင်ခံစားဖူးတော့ အသိဆုံးပါပဲ။ကလေးတစ်ယောက်ဟာ အပြင်ဘက်မှာပြုံးရယ်ပြနေတတ်ပေမဲ့ သူမှတ်တေးမထားပဲ ၀င်ရောက်နှင့်ပြီဖြစ်တဲ့ နင့်သီးမှုတွေကတော့ တိုက်ဆိုင်တဲ့အချိန်အခါတစ်ခုခုကို ရောက်ရင်ပေါက်ကွဲထွက်လာတတ်တယ်။

အတွေးအခေါ်အားနည်းသေးတဲ့ အရွယ်လေးမှာ ကိုယ့်စိတ်နဲ့နှိုင်းပြီး ဒဏ်ရာပေးသင့်ရဲ့လား။
ကိုယ်လုပ်လိုက်တာက သေးငယ်တဲ့အပြစ်လေးပေမဲ့ ကလေးရဲ့စိတ်ထဲမှာ နာကျင်မှု၊မုန်းတီးမှုပါ တစ်ပါတည်းခံစားလိုက်ရရင် ဘယ်လိုလုပ်ပါ့မလဲ။
အမျိုးမျိုးစဉ်းစားကြည့်လိုက်ပြီးနောက် စိတ်ခံစားချက်တွေအားလုံးကိုလျှော့ချပစ်လိုက်ပြီး
လမ်းမပေါ်တွင်ဖင်ထိုင်ချကာ ကောက်နေတော်မူသည့် အကောက်စိန်လေးကိုပြန်ကြည့်လိုက်သည်။

"မိစု...သွားကြမယ်..."

"ဟင့်အင်း...ရေခဲမုန့်စားချင်လို့ ၀ယ်ကျွေးပါလို့ဆိုနေ...နောက်တစ်ခါမစားတော့ပါဘူး...ဒီတစ်ခါပဲစားမှာပါ..."

"သေချာလား...ဒီတစ်ခါပဲစားမယ်ဆိုတာ..."

"သေချာပါတယ်..."

"အင်း....ဒါဆိုသွားကြမယ်...

"ဟင်...ဘယ်ကိုသွားမလို့လဲ...သမီးကရေခဲမုန့်စားချင်လို့ပါဆို..."

"အေးလေ...မမပုံကလည်းရေခဲမုန့်၀ယ်ကျွေးမလို့ပဲလေ..မငိုနဲ့တော့နော်...မျက်ရည်မတိတ်ရင်...၀ယ်မကျွေးတော့ဘူးနော်...အခုတိတ်...မငိုနဲ့တော့..."

သူကြားချင်တဲ့စကားကို ကြားတော့ကလေးလေး ခမျာ ချက်ချင်းကိုတိတ်သွားလေသည်။ပုံရိပ်လည်းကလေးကို ချိုင်းကနေထူမပေးလိုက်ပြီး
တစ်ရှူးလေးနဲ့ မျက်ရည်ရော၊နှာရည်တွေရော
သုတ်ပေးလိုက်သည်။ပြီးနောက် ကလေးကိုလက်ဆွဲပြီး သူမ၀ယ်ချင်တဲ့ ရေခဲမုန့်ဆိုင်သို့ သွားရလေသည်။

စတော်ဘယ်ရီသီးအရသာ ရေခဲမုန့်လေးကို ၀ယ်လိုက်ပြီးနောက် ပျော်ရွှင်သွားတဲ့မိစုရဲ့ မျက်နှာလေးကိုကြည့်ပြီး ပုံရိပ်လည်းအနည်းငယ်စိတ်ပျော်ရွှင်သွားမိတယ်။အခြားလူကို ပျော်အောင်လုပ်ပေးနိုင်ရင် ကိုယ်လည်းစိတ်ပျော်ရွှင်ရတယ် ထင်ပါရဲ့။

"ဟဲ့....မိပုံ....ဟဲ့...ငါခေါ်နေတယ်လေ..."

လမ်းထိပ်ကိုရောက်တဲ့အချိန်မှာ ကွမ်းယာဆိုင်မှအဒေါ်ကြီးရဲ့ ခေါ်သံကြောင့် စိတ်ရှုပ်စွာမျက်မှောင်ကြုံ့ပစ်လိုက်မိသည်။ပတ်၀န်းကျင်နဲ့ သဟဇာတဖြစ်အောင် နေရမည်ဆိုပေမဲ့ ကိုယ့်အပေါ်မှာ နိုင့်ထက်စီးနင်းပြုချင်တဲ့လူတွေနဲ့တော့ ရင်းနှီးကျွမ်း၀င်မနေချင်ပါဘူး။
စိတ်ရင်းနဲ့ဆက်ဆံခံရဖို့ အင်မတန်ရှားပါးသွားတဲ့ခောတ်ကြီးထဲမှာ သူများကမကောင်းရင် ကိုယ်ကလည်းကောင်းစရာအကြောင်းကိုမရှိဘူး။

"ဟဲ့...ငါခေါ်နေတယ်လေ...နင့်အဒေါ်..ငါ့ဆီကနေပိုက်ဆံနှစ်သောင်းချေးထားတာ..လာဆက်ပါလို့ပြောလိုက်စမ်း...မဟုတ်ရင်အိမ်အထိရန်လာတွေ့မှာလို့ သေချာပြောလိုက်..."

"ဒီမှာ..လူကြီးတွေကိစ္စကို လူကြီးအချင်းချင်းပဲပြော..ဇယားလာမရှုပ်နဲ့..."

မိစုကိုလက်ဆွဲပြီး ထိုနေရာမှအမြန်လျှောက်လာလိုက်သည်။ပုံရိပ်က မိစုထက်အသက်ပိုကြီးပြီး
ပိုရင့်ကျက်တယ်ဆိုပေမဲ့ လမ်းမကြီးမှာ
အကြွေးအတောင်းခံရတာကိုတော့ ရှက်စိတ်၀င်မိသည်။

သေချာပြန်စဉ်းစားကြည့်ရင် ပုံရိပ်ရှက်သင့်ရဲ့လား။ဒီကိစ္စမျိုးက ရှက်ရမည့်အရာလား။
အခုပုံရိပ်မှီခိုနေရတာက အဒေါ့်ရဲ့အရိပ်အောက်မှာဖြစ်တဲ့အတွက် အဒေါ့်ရဲ့စိတ်ပူပန်ကြောင့်ကြမှုတွေကို မျှဝေခံစားပေးသင့်တယ်။အဒေါ့်မှာ မိစုအပြင်ထွန်းကိုဆိုတဲ့သားလေးလည်းရှိတယ်။

မောင်နှမတွေထဲမှာ ပုံရိပ်ကအကြီးဆုံးဖြစ်ပြီး
အဒေါ့်ရဲ့စိုးစိမ်ပူပန်မှုတွေကို မျှဝေပေးရမဲ့အစား အရှက်တရားဆိုတာကို ခေါင်းစဉ်တပ်ပြီး တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ ခေါင်းရှောင်နေမိတယ်။ခွေးကလေးတွေတောင်မှ တိရိစ္ဆာန်ဆိုပေမဲ့ အစာကျွေးတဲ့သူ့သခင်ကို သစ္စာစောင့်သိတတ်တယ်။
ပုံရိပ်ဟာ လူသားတစ်ယောက်မဟုတ်ပါလား ။

"စကားကို...လူလိုမပြောဘူး..ရိုင်းစိုင်းလိုက်တာပြောမနေနဲ့...ဒါကြောင့်လဲ...သူ့မိဘတွေကတောင်ပစ်ထားခဲ့တာပေါ့...မိမဆုံးမ...ဖမဆုံးမလေး..."

"မသုကလည်း ကလေးပဲရှိသေးတာ...အဲ့လိုမပြောပါနဲ့..."

"ပြောတော့ဘာဖြစ်လဲ...အဲ့ဒါမှမှတ်မှာ..."

အစိမ်းပုပ်ရောင် လွယ်အိတ်ကြိုးလေးဟာ
ခပ်ပြင်းပြင်းဆုပ်ချေခံထားရ၍ လက်သီးဆုပ်ထဲတွင်တွန့်ကျေနေလေသည်။
အေးစက်စက်မိုးဖွဲလေးတွေဟာ ကြိုဆိုခြင်းမခံရပါပဲ ပုံရိပ်ရဲ့ပါးပြင်ပေါ်သို့ ဆင်းသက်လာကြသည်။
အံကိုကြိတ်ပြီး စိတ်ကိုမနဲတင်းနေရသည်။
မိစုကလည်းမျက်လုံးရွဲလေးတွေနဲ့ မော့ကြည့်လာခဲ့သည်။

"မမပုံ...သွားကြမယ်လေ.."လို့တိုက်တွန်းနေပေမဲ့
ကမ္ဘာ့မြေဆွဲအားက ကိုယ့်တစ်ယောက်ထဲအပေါ်မှာပဲ အားပြင်းစွာသက်ရောက်နေသည်ဟု ထင်နေမိသည်။ကျောက်ဆူးကြိုးချထားသလို လေးလံလာပြီး လှုပ်၍မရဖြစ်နေသည်။

ကောင်းကင်သို့ ကြည့်လိုက်တော့ တိမ်ထုကြီးကမီးခိုးရင့်ရောင်သို့ ပြောင်းလဲနေပြီး ပုံရိပ်ကိုလွှမ်းမိုးထားသည်။
မိစုကို တွဲထားသည့်လက်အားဖြုတ်ချလိုက်ပြီး မြေကြီးကိုခပ်ဆောင့်ဆောင့်နင်းကာ ကွမ်းယာ၀ယ်သူတွေနှင့် စုဝေးနေသော ကွမ်းယာဆိုင်ရှေ့မှာ ပိတ်ရပ်လိုက်သည်။

ကွမ်းယာ၀ယ်နေသော လူတွေနှင့်အတူဟိုမိန်းမကြီးကပါ ပုံရိပ်ကိုစိုက်ကြည့်လာသည်။
ပုံရိပ်၏ မျက်၀န်းထဲတွင် မကျေနပ်ချက်တွေဟာ မီးပွားတစ်ခုကဲသို့ ဖြစ်နေသည်။
အံကိုဖိကြိတ်ပြီး ထိုမိန်းမကြီးကို တည့်တည့်ကြည့်ကာ မဲ့ပစ်လိုက်သည်။

"အန်တီ့ရဲ့ အရမ်းကိုလိမ္မာပါတဲ့ သားလေးကကျောင်းရဲ့ကန်ဘေးနားကချောင်မှာ ကော်ခိုးခိုး
ရှူနေတာ အန်တီမသိလောက်သေးဘူးထင်တယ်...
မိဆုံးမ..ဖဆုံးမအရမ်းကိုတော်တာပဲအန်တီရယ်
...သူများကိုမဝေဖန်ခင်..ကိုယ့်သားကိုယ်
အရင်နိုင်အောင်ထိန်းလိုက်အုံး...."

"ဟဲ့...မိပုံ...ညည်းငါ့သားကို ဘာတွေမဟုတ်တာလျှောက်ပြောနေတာလဲ..."

ကွမ်းယာရောင်းသည့် ခုံအနောက်ကနေလက်ညှိုးတစ်ထိုးထိုးနှင့် ပြောနေသောမိန်းမကြီးကို မေးငေါ့ပြီး ခပ်ပြုံးပြုံးလုပ်ပြလိုက်သည်။သူများကိုတော့ ဒဏ်ရာရအောင် လုပ်တတ်ပြီး ကိုယ်တိုင်အထိနာမှာကိုတော့ သိပ်ကြောက်တတ်သတဲ့။
ဘယ်အရာမှာမဆို တန်ပြန်သက်ရောက်မှုဆိုတာ
ရှိတယ်။ကိုယ်လွှင့်ပစ်လိုက်တဲ့ အမှိုက်တစ်စဟာ
လေအဝေ့မှာ ကိုယ့်မျက်နှာပေါ်ကို ပြန်ကျလာတတ်တယ်ဆိုတာ မတွက်ချက်မိဘူးထင်ပါရဲ့။

"လိမ်စရာအကြောင်းကိုမရှိဘူး...ကျောင်းကန်ဘောင်ရဲ့ ဘေးကခြုံကွယ်မှာ သူတို့ကော်ရှူနေတာကို ခဏခဏတွေ့တယ်..မယုံရင်သူ့လွယ်အိတ်တွေနဲ့ သူ့အခန်းကိုစစ်ကြည့်လိုက်ပေါ့...အန်တီ့လိုသူများအတင်းကို ရပ်ကွက်တကာလှည့်ပြီး လိုက်မပြောချင်လို့ ကိုယ့်ဘာသာနေနေတာ..
ကျွန်မကိုမိမဆုံးမ..ဖမဆုံးမလို့ နောက်တစ်ခါလာပြောရဲပြောကြည့်..
အန်တီ့ရဲ့ ချစ်လှစွာသောသားလေးကို ကျောင်းအုပ်ကြီးနဲ့ပါ သွားတိုင်ပေးလိုက်မယ်...မလုပ်ရဲဘူးမထင်နဲ့.."

"မိပုံ...ညည်းဘာစကားပြောသွားတာလဲ...
ငါ့သားကိုတိုင်ရဲတိုင်ကြည့်လိုက်ပါလား..ညည်းတို့အိမ်ကိုပါ မီးပုံရှို့ပစ်မယ်...ဘာမှတ်နေလဲ..."

"ဟုတ်လား....ထောင်ကျချင်ရင် လုပ်လိုက်လေ..."

သည်စကားတစ်ခွန်းသာ ပြောခဲ့လိုက်ပြီး ထိုမိန်းမကြီးကို မျက်စောင်းထိုးခဲ့ကာ လှည့်ထွက်လာလိုက်သည်။အနောက်မှာတော့ ဆွေ့ဆွေ့ခုန်အောင် ဒေါသဖြစ်ပြီး ပုံရိပ်ကိုကြိမ်းဝါးကာ ကျန်ခဲ့လေသည်။ဒီမိန်းမကြီးကိုနာအောင်ပြောနိုင်မဲ့အရာက
သူ့သားနဲ့ပတ်သတ်တဲ့ကိစ္စမှန်းသိလို့ တမင်ကိုဖော်ကောင်လုပ်ပစ်လိုက်တာ။

"လာ..မိစုသွားမယ်..."

မိစုရဲ့လက်ကိုဆွဲပြီး ထိုနေရာမှအမြန်ဆုံးထွက်ခွာလာခဲ့လိုက်သည်။
ဘယ်သူ့ကိုမှ ဒုက္ခမပေးပဲနေတာ‌တောင်
ကိုယ်အမုန်းတီးဆုံးနဲ့ အရှက်ရွံ့ဆုံး အားနည်းချက်တွေကိုဖိနှိပ်လာကြတယ်။အားနည်းချက်ဆိုတာ အနည်းနဲ့အများတော့လူတိုင်းမှာ ရှိတတ်ကြတာပဲ။ဒါကိုပဲ ရိုးမယ်ဖွဲ့ပြီး အစဆွဲထုတ်နေတတ်တဲ့လူကိုလူယုတ်မာလို့ပဲ သတ်မှတ်တယ်။
သူတစ်ပါးကိုတော့ နှုတ်နဲ့ဖြစ်စေ၊အမူအရာနဲ့
ဖြစ်စေ ဆော်ကားပြောဆိုတတ်ကြပြီး ကိုယ့်ကိုနည်းနည်းလောက်ပြန်ထိပါးလာတော့ ဆဲရေးတိုင်းထွာတတ်ကြတယ်။

ဝေဖန်ခွင့်ဆိုတာ လူတိုင်းမှာရှိပေမဲ့ သည်းခံနိုင်တဲ့
 အတိုင်းအတာကိုကျော်လာခဲ့ရင်တော့ တစ်ဖက်လူရဲ့တုန့်ပြန်မှုကိုလည်း ခံနိုင်ရည်ရှိရမယ်။
ပုံရိပ်အတွက်တော့ ကိုယ့်ကိုတစ်ချက်လာရိုက်ရင် ထိုင်ငိုနေမဲ့လူစားမဟုတ်သလို စကားထဲလည်းခဏခဏထည့်ပြောနေမှာမဟုတ်ဘူး ။
တကယ်ပြန်လုပ်မိတဲ့အခါတော့ အဆတစ်ရာလောက်နာသွားစေရမယ်။

🔥🔥🔥🔥🔥🔥🔥🔥🔥

"အမေကြီးရေ...မကြီးပုံနဲ့ မိစုတို့ပြန်လာပြီ..."

ပုံရိပ်နဲ့မိစုတို့နှစ်ယောက် အိမ်ရှေ့ကိုရောက်လာတာနဲ့ ကျောင်းစိမ်း၀တ်စုံလေးကို ၀တ်ထားသော
ထွန်းကိုဟာ အိမ်အပေါက်၀မှနေ၍ သူ့အမေကိုလှမ်းအော်ပြောလေသည်။ပုံရိပ်တို့နေတဲ့
ရပ်ကွက်လေးမှာ လူတန်းစားအမျိုးမျိုးနေထိုင်ကြ တယ်။သစ်အိမ်၊တိုက်အိမ်၊ဓနိမိုး၊သွပ်မိုးအိမ်များရှိသလို ကြူထရံကာအိမ်နဲ့ လိုင်းခန်းဆောင်များ
လည်းမျိုးစုံ ရှိလေသည်။

လမ်းထိပ်ကအမှိုက်ပုံဘေးနားမှာဆိုရင် သားသမီးတွေတစ်စက်မှလှည့်မကြည့်တော့လို့ ရပ်ကွက်က
စုပေါင်းပြီး တဲအိမ်လေးဆောက်ပေးထားရသည့် အဖိုးကြီးနှင့် အဖွားကြီးလင်မယားနှစ်ယောက်နေထိုင်သည်။

ငွေအတိုးချေးစားပြီး ရွှေလက်ကောက် ၊ငွေလက်ကောက် တ၀င်း၀င်းနှင့်နှစ်လုံးဒိုင်၊ချဲဒိုင်လုပ်ကြသည့် သူများမျက်ခုံးမွှေးပေါ်မှာ စင်္ကြန်လျှောက်နေသူများလည်း နေထိုင်သလို အိမ်နောက်ဖေးလမ်းကြားတွေအထိ တောင်းစုတ်၊ပလုံစုတ်လိုက်ကောက်ကာ သမာအာဇီ၀နှင့်လုပ်ကိုင်စားသောက်နေကြသူတွေလည်း နေထိုင်ကြသည်။

အဒေါ်တို့က ဒီရပ်ကွက်မှာနေတာ ရှစ်နှစ်လောက်ရှိပြီဆိုပေမဲ့ ပုံရိပ်ကတော့ဒီရပ်ကွက်ထဲကိုပြောင်းလာခဲ့တာ နှနှစ်ကျော်လောက်သာရှိပါ‌သေးတယ်။
သို့ပေမဲ့ ကိုယ်လမ်းထဲကဘယ်သူကဘာဆိုတာကိုတော့ အိမ်မှာအုပ်စုဖွဲ့ပြီး အတင်းပြန်ပြန်တုပ်တတ်တဲ့အဒေါ့ကြောင့် တော်တော်နှံ့စပ်နေလေပြီ။

ပုံရိပ်တို့နေတဲ့ခြံက ပေနှစ်ဆယ်၊ပေလေးဆယ်ဖြစ်ပြီး ခြံ၀န်းထဲတွင် လုံးချင်းအိမ်လေးသုံးလုံးပူးပြီးဆောက်ထားလေသည်။အိမ်လစာက ခုနှစ်သောင်းခွဲဆိုသည့်အတိုင်း အဆောင်တွေကိုလည်း
ခပ်ကျဉ်းကျဉ်းသာ ဆောက်ထားပေးသည်။
သွပ်မိုးထားသည့် သစ်အိမ်လေးတွေဖြစ်တဲ့အတွက် စုတ်စုတ်ပျက်ပျက်တော့ဖြစ်မနေပဲ အတန်အသင့်တော့သန့်ရှင်းပါတယ်။
သို့ပေမဲ့ ပုံရိပ်အတွက်တော့နို့ဆီဗူးလေးထဲမှာ အိမ်ဆောက်နေရသလိုသာ ခံစားမိသည်။

ပုံရိပ်ရဲ့ မိဘတွေနဲ့အတူနေခဲ့စဉ်က အရမ်းမချမ်းသာပေမဲ့လို့ တိုက်အိမ်ကလေးနဲ့တော့ နေနိုင်ခဲ့သည်။အခုအဒေါ့်အိမ်မှာကတော့ သစ်အိမ်သေးသေးလေးထဲမှာ ထမင်းချက်တဲ့နေရာ၊ထမင်းစားတဲ့နေရာဆိုပြီး ခွဲထားလို့မရတော့ ပစ္စည်းတွေပြွတ်သိပ်ထည့်ထားတဲ့ ဂိုထောင်တစ်ခုနဲ့ခြားနားခြင်းမရှိပေ။

ပုံရိပ်ကအပျိုအရွယ်လေးဖြစ်နေပြီဟုဆိုကာ
အဒေါ်ကအိပ်ခန်းလေးတော့ လုပ်ပေးထားသည်။
လူတစ်ယောက်အိပ်ရုံလောက်သာဖြစ်တာကြောင့်
ကျဉ်းလွန်းပေမဲ့ ပုံရိပ်အတွက်တော့ ခိုလှုံရာနေရာလေးတစ်ခုပါပဲ။

၀မ်းနည်းတဲ့အချိန်လည်း ဒီအခန်းလေးထဲမှာပဲ ကိုယ့်ဘာသာဖြေသိမ့်ခဲ့ရသလို ၊မကျေနပ်ချက်
နာကျည်းချက်တွေကိုလည်း ဒီအခန်းလေးထဲမှာပဲ သိမ်းဆည်းထားမိတယ်။ကိုယ်မှီခိုရှင်သန်နေရတဲ့ နေရာကမိဘအရင်းရဲ့ ရင်ခွင်မှာမဟုတ်ပဲ အဒေါ့်ရဲ့အရိပ်အောက်မှာ ဖြစ်နေလေတော့ စောင့်စည်းရတာတွေကလည်းပိုပြီးများသည်။

ခံစားချက်တွေ ရင်မှာပြည့်သိပ်နေရင်တောင် စိတ်ရှိတိုင်းဖွင့်ထုတ်လို့မရတဲ့ အခြေအနေပါပဲ။အောင့်သက်သက်နဲ့ပဲမျိုသိပ်ထားရပါများလာတော့
တော်ရုံဘယ်သူနဲ့မှ ပျော်ရွှင်စရာဖြစ်ဖြစ်၊၀မ်းနည်းစရာဖြစ်ဖြစ် စိတ်ခံစားချက်အကြောင်းကို ဝေမျှရမဲ့အလုပ်ဆို ရှောင်တတ်လာတယ်။
ကိုယ်တိုင်တောင်ပူလောင်နေရတဲ့ ဝေဒနာတွေကို
သူများကိုပါ အပူကူးစက်အောင် ဘာကြောင့်မျှဝေပေးရမှာလဲ။

ခံစားချက်ဆိုတာ စက္ကန့်မလပ်ပြောင်းလဲတတ်တာကြောင့် ကိုယ့်ကိုကိုယ်လည်းနားမလည်သလို အခြားလူတွေကိုလည်း အတင်းလိုက်ပြီး စာနာနားလည်ပေးပါလို့ မပြောချင်ဘူး။
ပစ်ထားခဲ့ရက်တဲ့ အဖေနဲ့အမေကိုလွမ်းတယ်၊ပြန်လာစေချင်တယ်ဆိုပေမဲ့ ကိုယ့်ပါးစပ်ကနေ တောင်းတတိုင်းဖြစ်မလာနိုင်တဲ့ ကိစ္စမို့ အပိုစကားတွေလည်း မပြောတတ်တော့ဘူး။

"ဟဲ့...ထွန်းကို...မိုးကာအိင်္ကျီ..ယူသွားအုံးနော်..."

"ဟုတ်ကဲ့ပါ...ဒီမှာအိတ်ထဲကိုထည့်ပြီးပြီ..."

အခန်းထဲမှာ အဖေနဲ့အမေရဲ့ဓာတ်ပုံလေးကို
ကြည့်နေမိရင်းနဲ့ သူ့သားကိုလှမ်းအော်ပြောလိုက်တဲ့အဒေါ့်အသံက နားထဲမှာစူးထွက်သွားသည်။
အဒေါ်ကစည်းကမ်းကြီးပြီး အာကျယ်အာကျယ်လုပ်တတ်ပေမဲ့ စိတ်ရင်းတော့ကောင်းရှာသည်။
ပုံရိပ်တို့ရဲ့ ရပ်ကွက်ထဲမှာ ပိုကျယ်ပြီးပိုကောင်းမွန်တဲ့ လုံးချင်းအိမ်တွေငှားလို့ရပါလျှက်နဲ့ ဘာကြောင့် ဒီလိုခုနှစ်သောင်းတန် အိမ်ခန်းကျဉ်းကျဉ်းလေးမှာ ငှားနေရသလဲဆိုရင် အဒေါ့်ယောက်ျား ဦးသက်ရွှေကြောင့်ပါပဲ။

ဦးသက်ရွှေဟာ အရပ်ကဂလန့်ဂလားနဲ့ ပိန်ပိန်ရှည်ရှည်ဖြစ်သည်။အသက်လေးဆယ့်ငါးနှစ်ပဲ ရှိသေးပေမဲ့ အသောက်အစားနဲ့အလုပ်လက်မဲ့နေရတာပဲ ကြိုက်သည့်လူ။
ရိုင်းရိုင်းပြောရရင်မိန်းမထဘီနားခိုစားသူပေါ့။
ရပ်ကွက်ထဲမှာ ဟိုယောင်ယောင်၊
သည်ယောင်ယောင်နဲ့ ဘာအလုပ်အကိုင်မှ အတည်တကျလုပ်တယ်မရှိဘူး။
တစ်ခါတစ်လေ ပန်းရံနေ့စားလိုက်လုပ်တတ်ပေမဲ့
ရတဲ့ လုပ်အားခက အဒေါ့်လက်ထဲကိုတစ်ခါမှပြန်
မရောက်ပဲ သူ့အရပ်ဖိုးပဲဖြစ်ဖြစ်သွားတယ်။

ဒီလိုအချိုးမပြေမှုတွေကြောင့် အဒေါ်နဲ့ခဏခဏရန်ဖြစ်ရတယ်။နေ့တိုင်းမဟုတ်ရင်တောင် သူတို့လင်မယားက နှစ်ရက်တစ်ခါလောက်တော့
နှောင်ချိန်ပလေးနေတာပါပဲ။သူတို့လင်မယားရန်ဖြစ်ရင် အငယ်လေးတွေက ကြောက်ပြီးငိုတတ်တာကြောင့် ပုံရိပ်ကပဲ ဒိုင်ခံချော့ပေးရတယ်။

ရန်ဖြစ်တိုင်းအော်ပြောတတ်တဲ့ အဒေါ့်ရဲ့အသံကြီးက ခုနှစ်အိမ်၊ရှစ်အိမ်ကျော်လောက်အထိ ကြားရတဲ့အသံမျိုးမို့ ပုံရိပ်အရမ်းကိုရှက်မိတယ်။ကိုယ်နဲ့ဖြစ်တာမဟုတ်ပေမဲ့ အဲ့ဒီလိုဆူဆူညံညံ‌တွေဖြစ်တိုင်း
အိမ်ကနေထွက်ပြေးချင်လောက်အောင်ကို စိတ်ညစ်မိတယ်။ပြေး‌စရာနေရာမရှိလို့သာ ညိမ်နေရခြင်းပင်။

အဒေါ်ကလည်းဒီအချက်ကို ရိပ်မိလို့ထင်ပါရဲ့ သူ့ယောက်ျားမူးပြီးရစ်သမျှကို တော်တန်ရုံဆို သည်းခံပေးရှာတယ်။အရမ်းလွန်လာမှသာ ထပြောတတ်ပေမဲ့ အဒေါ်ကလူကောင်သေးတဲ့အပြင် ယောက်ျားနဲ့မိန်းမဆိုတာ အင်အားမမျှတတဲ့အမျိုးမို့ အဒေါ့်မှာခေါင်းပေါက်၊ညိုမဲဆွဲတာတွေအထိ ထိခိုက်ဒဏ်ရာတွေရလေ့ရှိတယ်။

တစ်ခါတစ်လေ အရမ်းလွန်လာရင် ပုံရိပ်ပါကြားကနေ၀င်ပြောမိတယ်။ဦးသက်‌‌ရွှေက ပုံရိပ်ကိုပါရိုက်ဖို့ပြင်ရင် အဒေါ်ဟာအရှေ့ကနေကာပေးပြီး
"ငါ့တူမကို ရိုက်ရင်နင်နဲ့ငါနဲ့...အကွဲပဲ."လို့ပြန်ပြောလေ့ရှိတယ်။တကယ့် တကယ်တော့ အဒေါ်ဟာသူ့ယောက်ျားကိုတစ်ခါမှ ကွာရှင်းဖို့မတွေးခဲ့ဖူးဘူး။
ဒီလောက် အနိုင်ကျင့်တဲ့ယောက်ျားကို ဘာကြောင့်
မကွာရသလဲလို့ ပုံရိပ်မေးချင်ခဲ့တယ်။

မိသားစုစား၀တ်နေရေးနဲ့ အိမ်စားရိတ်ကိုလုံး၀မထောက်ပံ့တဲ့ယောက်ျားကို အတတ်ပညာ၊အတန်းပညာတစ်ခုမှမတတ်တဲ့အဒေါ်က ခဝါသည်အဖြစ်နဲ့သူများအိမ်မှာ အ၀တ်လျှော်တဲ့အလုပ်တွေလုပ်ပြီးရှာကျွေးရတယ်။ဒါပေမဲ့ ဒီယောက်ျားရဲ့အမြင်အာရုံထဲမှာတော့ အမျိုးသမီးအပေါ်ကို ကိုယ်ချင်းစာစိတ်တစ်စက်မှမရှိဘူး။

အဲ့ဒီ့အတွက်လည်း သတ္တိနည်းတဲ့အဒေါ့်ကို ပုံရိပ်
ရှုံ့ချမိတယ်။အိမ်ထောင်ကွဲဆိုတဲ့ အမည်နာမကို အသက်ဆုံးရှုံးမှာထက်ကြောက်နေရသလားလို့လည်း အော်ဟေ့ပစ်လိုက်ချင်တယ်။
ကိုယ်ဖက်တွယ်မိတဲ့အချို့အရာတွေဟာ
ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်နေရင်တောင် ကြိတ်မှိတ်ပြီးသည်းခံပေးနေတည်းက ကမ္ဘာပေါ်မှာအတုံးအဆုံးလူသားတစ်ယောက်ဖြစ်နေပြီ။

ကိုယ့်ကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေရဲ့ရင်ခွင်ကိုတောင် စွန့်ခွာလာခဲ့ပြီးမှ ဒီလိုအမဲစက်စွန်းထင်နေတဲ့ နှောင်ကြိုးတစ်ချောင်းကို ဘာလို့မဖြတ်တောက်နိုင်ရတာလဲ။ပုံရိပ်ဟာအဒေါ့်လို သတ္တိနည်းတဲ့မိန်းမမဖြစ်စေရဘူး။

အဒေါ့်ရဲ့ပင်ပန်းမှုတွေကို မကြည့်နိုင်တော့လို့
ပုံရိပ်လည်း ကျောင်းထွက်ပြီးကူညီပါ့မယ်လို့ ပြောပေမဲ့ အဒေါ်ကလုံး၀လက်မခံဘူး။
အမြဲတမ်းပြောနေကြစကားလုံးက
"ပညာတတ်အဖြစ် ဘွဲ့ရအောင်.."လုပ်ပါတဲ့။
ခက်တာက ပုံရိပ်ကိုယ်တိုင်ကျောင်းပညာရေးကို ခေါင်းထဲမှာထည့်ထားလို့မရတာပဲ။

စာကျက်ပျင်းလို့လားဆိုရင်လည်း မဟုတ်ပြန်ဘူး။
ပုံရိပ်က စာတစ်ပိုဒ်ကို ငါးခေါက်၊ခြောက်ခေါက်လောက်ဖတ်လိုက်ရင်ကို မှတ်မိလွယ်တဲ့လူတစ်ယောက်‌ပေ။အတန်းထဲမှာ ကိုယ်တိုင်စာမလုပ်ပေမဲ့ သူများတွေ ဘေးနားမှာအခေါက်ပေါင်းများစွာ
ရွတ်နေတာကို ကြားရင်တောင် ကိုယ်တိုင်ကျက်စရာမလိုပဲ မှတ်မိနေတတ်တယ်။

သို့ပေမဲ့ ဦးနှောက်ဆိုတာ သွေးပါများမှထက်သလို စာဆိုတာလည်းနွေးပါများမှ စိတ်ထဲမှာစွဲနေတတ်သည့် အရာဖြစ်တယ်။မှတ်ဉာဏ်ကောင်းပေမဲ့ စာကိုတဆိုက်မတ်မတ်ပြန်မလုပ်တာကြောင့် အတန်းထဲတွင် စာမေးတိုင်းအရိုက်ခံရသည့် အုပ်စုထဲတွင်
ပုံရိပ်ကထိပ်ဆုံးမှပါ၀င်သည်။ဒါပေမဲ့ စာမေးပွဲကျတယ်ဆိုတာတော့ ပုံရိပ်ရဲ့ရာဇ၀င်မှာ မရှိခဲ့ဖူးဘူး။

စာမေးပွဲကျလို့ ဆရာမတွေက မိဘခေါ်ခိုင်းခံရတဲ့ လူမျိုးတော့မဖြစ်ချင်ဘူး။ဒါဟာ အိမ်ကလူကြီးတွေကို ကျောင်းအရောက်ခေါ်ပြီး အရှက်ခွဲလိုက်တာနဲ့ အတူတူပဲ။
ကိုယ့်အပေါ်ကို ယုတ်မာတဲ့လူတွေအပေါ်သာ
နှစ်ဆလောက်ပြန်ပြီး ယုတ်မာချင်ယုတ်မာမယ်။
ကိုယ့်အပေါ်ကို ကောင်းပေးတဲ့လူတွေကိုတော့
ဘယ်တော့မှ ဒုက္ခမပေးဘူး။

"ပုံပုံရေ...ဒီမှာဒေါ်လေးဟင်းချက်နေလို့
...ငရုတ်သီးစိမ်းလေး လာထောင်းပေးပါအုံး.."

"ဟုတ်ကဲ့....လာပြီ..."

ဟင်းချက်‌သည့်နေရာမှ အဒေါ့်ရဲ့ခေါ်သံကြောင့်
ပုံရိပ်လည်းအ၀တ်အစားလဲပြီး အိပ်ခန်းထဲမှထွက်လာခဲ့လိုက်သည်။မိစုကတော့ သူ့ရဲ့ဗိုလ်မရုပ်လေးကို ခေါင်းဖီးပေးတမ်းဆော့နေလေသည်။
ဟင်းချက်တဲ့နေရာ‌တွင် အဒေါ်ကငါ့ရံ့ကိုအိုးထဲသို့ထည့်ကာ ငရုတ်သီးနှင့်ရောမွှေနေ‌သည်။
အဒေါ်ဟာ အသက်လေးဆယ်ကျော်သည့် အမျိုးသမီးဖြစ်ပေမဲ့  ဒေါ်ရှင်းသန့်ဆိုသည့်နာမည်နဲ့လိုက်အောင်ကို အသန့်အပြန့်အလွန်ကြိုက်‌သည့်အမျိုးသမီးဖြစ်သည်။

ခန္ဓာကိုယ်ဟာ မပိန်လွန်း၊မ၀လွန်းပဲ ခပ်ပြည့်ပြည့်ဖြစ်ပြီး အရပ်တော့ပုသည်။
လောကဒဏ်ရဲ့ ရိုက်ခက်မှုဒဏ်ကြောင့် ယခင်ကဝါ၀င်း၀င်းအသားအရည်ဟာ ညိုစိမ့်နေလေသည်။သို့ပေမဲ့ နှာတံဖြောင့်ဖြောင့် ၊မျက်နှာဝိုင်းဝိုင်းနှင့်ဖြစ်ပြီး  ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနှင့် မျက်နှာပေါက်ခပ်ဆင်ဆင်ရှိသည်။

"ဟဲ့...ငါ့ကိုဘာကြည့်နေတာလဲ...ငရုတ်သီးစိမ်းညှပ်လေ..."

"ဟုတ်ကဲ့ပါ...ဒေါ်လေးရယ်..."

အဒေါ့်ကိုငေးကြည့်နေမိရာမှ အအော်ခံလိုက်ရတာကြောင့် ငရုတ်သီးစိမ်းကိုသာ ကပ်ကြေးနဲ့ညှပ်နေလိုက်သည်။လူဆိုတာ ကိုယ့်အနားမှာ အမြဲရှိနေတတ်တဲ့ အရာတစ်ခု ကိုယ်အမြဲအရိပ်တကြည့်ကြည့်နေတတ်တဲ့ အရာတစ်ခုအနားမှာ ရှိမနေတဲ့အခါ တစ်ခုခုလိုအပ်နေသလို ခံစားရတတ်တယ်။
ငရုတ်သီးစိမ်းကို အပိုင်းပိုင်းဖြစ်အောင် ညှပ်နေမိပေမဲ့ ပုံရိပ်ရဲ့မျက်လုံးတွေကတော့ ထမင်းချက်တဲ့ နေရာအနီးမှာခွေခွေလေး အိပ်နေလေ့ရှိတဲ့ ကြောင်လေးမျက်ပြူးကိုသာ လိုက်ရှာနေမိတယ်။

ပုံမှန်ဆိုရင် မျက်ပြူးလေးက ပုံရိပ်အပြင်ကိုထွက်လာတိုင်း ဘေးနားမှာလာတိုးဝေ့လေ့ရှိတတ်တယ်။
ပုံရိပ်ရဲ့ပေါင်ပေါ်မှာ လာထိုင်ရင်လည်း ကြောင်လေးရဲ့မေးရိုးအောက်ကို ချစ်စနိုးနဲ့ကုတ်ပေးတတ်တာကလည်း ပုံရိပ်ရဲ့အကျင့်တစ်ခုလို ဖြစ်နေလေပြီ။
အခုတော့ အိမ်ထဲကိုလိုက်ဝေ့ကြည့်ပေမဲ့ လုံး၀မတွေ့ဘူး။

"ဒေါ်လေး...မျက်ပြူးရော.."

ပုံရိပ်ရဲ့ စကားကိုကြားတော့ ဟင်းမွှေနေရင်းနဲ့
 ဒေါ်လေးရဲ့လက်တွေဟာ ရပ်တန့်သွားသည်။
ယောက်မကြီးကိုကိုင်ပြီး ပုံရိပ်ဘက်ကိုလှည့်လာပုံက  တစ်ခုခုကိုဖုံးကွယ်ထား၍ မသိစေချင်သောပုံစံဖြစ်နေသည်။

"ဒေါ်လေးရဲ့ ပုံစံကဘာဖြစ်နေတာလဲ.. ကြောင်လေးအိမ်အောက်ကိုဆင်းသွားသေးလား.. "

"ညည်းကလဲအေ...ကြောင်ပဲဥစ္စာ...ခြေလေးချောင်းသတ္တဝါဟာကို ဆင်းရင်လည်းဆင်းသွားမှာပေါ့..."

လေသံမာမာနဲ့ပြန်ပြောနေပေမဲ့ ဒေါ်လေးရဲ့မျက်၀န်းတွေက တစ်ခုခုကိုလိမ်ညာနေသလိုပဲ ။ဒေါ်လေးကလိမ်ညာတဲ့နေရာမှာ အရမ်းညံ့သည့်လူတစ်ယောက်ပင်။သူတစ်ခုခုကို လိမ်ပြောတဲ့အချိန်ဆိုရင်
မျက်လုံးတွေ၊မျက်နှာအမူအရာတွေက
ဟန်မဆောင်နိုင်လောက်အောင်ကို မူပျက်လေ့ရှိတယ်။
ပုံရိပ်ရဲ့ စိတ်ထဲမှာကြောင်လေးတစ်ခုခုဖြစ်နေပြီလို့ ခံစားနေရသည်။

"ဒေါ်လေး...မျက်ပြူးကို...ဦးသက်ရွှေခေါ်သွားတာလား..."

"ဟင်..ညည်းဘယ်လိုလုပ်ပြီး သိသွားတာလဲ..."

"ဟာ...တကယ်ဟုတ်နေတာပဲ..."

ထိုနေရာမှ ချက်ချင်းထရပ်လိုက်မိသည်။
အဒေါ့်ယောက်ျားက ကြောင်သားကိုအရက်နဲ့မြည်းချင်တယ်လို့ ခဏခဏပြောနေတာကြောင့် သံသယစိတ်နဲ့ မေးလိုက်မိပေမဲ့ တကယ်ပဲ ဦးသက်ရွှေရဲ့လက်ချက်ဖြစ်နေခဲ့တယ်။ပုံရိပ်အဖို့ စိုးရိမ်မှုတွေ လွန်ကဲလာတာကြောင့် အသက်ရှူနှုန်းတွေပါမမှန်ချင်တော့ပေ။အဒေါ်ကလည်း မျက်စိ၊မျက်နှာပျက်စွာဖြင့် ပုံရိပ်ကိုမော့ကြည့်လာသည်။

အဒေါ့်ရဲ့မျက်၀န်းတွေထဲမှာ အားနာမှုတွေနဲ့ တောင်းပန်လိုသော အမူအရာကိုတွေ့နေရပေမဲ့
ပုံရိပ်ရဲ့မျက်၀န်းထဲတွင်တော့ ပေါက်ကွဲလိုသော အပိုင်းအစတွေ ပြန့်ကျဲနေလေသည်။

"ကြောင်လေးကို ဘယ်ခေါ်သွားတာလဲ...ဘာလုပ်လိုက်ပြီလဲ..."

ဒေါ်ရှင်းသန့်သက်ပြင်းချလိုက်မိသည်။ပုံပုံအတွက်လည်း၀မ်းနည်းမိသလို ယောက်ျားဖြစ်သူကိုလည်းမကျေနပ်ပေ။ပုံပုံတို့ကျောင်းကပြန်မလာခင် တစ်နာရီလောက်အလိုကမှ အရက်နဲ့မြည်းဖို့ဆိုကာ ပုံပုံရဲ့‌ ကြောင်လေးကို ရို က် နှက်ပြီးခေါ်ယူသွားခဲ့ကြသည်။ကိုယ်လည်း ငိုယိုပြီးတားဆီးပေမဲ့
ကိုသက်ရွှေက သူ့အပေါင်းအသင်းအဖွဲ့နဲ့လာတာဖြစ်လို့ တားဆီးလို့မရခဲ့ဘူး။

နောက်ဆုံးမှာ ကြောင်လေးရဲ့အသက်မဲ့တဲ့ ခန္ဓာကိုယ်ကို သူတို့ယူသွားခဲ့ကြတယ်။သူ့မိတ်ဆွေ ကိုတင်မောင်တို့အိမ်မှာ ကြောင်သား
ချက်စားမယ်လို့တောင် အော်ပြောခဲ့သေးတယ်။
ပုံပုံက အနေအေးတဲ့ကလေးပေမဲ့ သူ့ကြောင်လေးမျက်ပြူးကို အရမ်းချစ်ရှာတာ ကိုယ်အသိဆုံးပါပဲ။
ကြောင်လေး သေသွားတာကိုသာ သိရင်ဘယ်လောက်တောင် ၀မ်းနည်းလိုက်မလဲ။
နောက်ပြီး ဒီကြောင်လေးကသူ့အဖေနဲ့အမေလက်ဆောင်ပေးထားတဲ့ ကြောင်လေးဖြစ်နေတော့ ပိုလို့ဆိုးတာပေါ့။

"ဒေါ်လေး...သမီးမေးနေတယ်လေ...ကြောင်လေးကိုဘယ်ခေါ်သွားတာလဲလို့..သမီးကိုမြန်မြန်ပြောစမ်းပါ..ဒေါ်လေးမပြောရင် အခုချက်ချင်းရပ်ကွက်ထဲမှာ တစ်အိမ်တက်..တစ်အိမ်ဆင်းလိုက်ရှာလိုက်မှာနော်..."

"အဲ့လိုတော့ မလုပ်ပါနဲ့သမီးရယ်...စိတ်အေးအေးထားပါ..ကြောင်လေးကို ဘုန်းကြီးကျောင်းနဲ့မျက်နှာချင်းဆိုင်မှာနေတဲ့ ကိုတင်မောင်တို့အိမ်ကိုယူသွားကြတယ်..."

"ဦးတင်မောင်တို့အိမ်...ဟုတ်လား..."

ပုံရိပ်အဖို့ လက်သီးတွေကိုကျစ်နေအောင် ဆုပ်ထားမိသည်။စိတ်လှုပ်ရှားလွန်း၍  နှလုံးခုန်နှုန်းတွေပါမြန်လာသည်။ဒေါသကြောင့် မျက်၀န်းတွေပါ
နီအစ်လာကာ အံကိုခပ်နာနာဖိကြိတ်လိုက်မိသည်။
အိမ်ပေါ်မှ ခြေသံပြင်းပြင်းနင်း၍ ပြေးထွက်လိုက်ပြီး တာလမ်းမကြီးအတိုင်း အပြေးနှင်နေမိသည်။
ကံဆိုးမသွားရာမိုးလိုက်လို့လာဆိုသလို ပုံရိပ်၏ခန္ဓာကိုယ်ပေါ်သို့ မိုးသီး၊မိုးစက်တွေဟာ အားမနာတမ်းရက်စက်စွာ ရွာကြလာလေတော့သည်။

🔥🔥🔥🔥🔥🔥🔥🔥🔥🔥

#ဆူးကြိုး
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

 

 

==========================================================================

 

🔥"ဆူးႀကိဳး...…"🔥
                        (အခန္း ၂)

ေန့လည္ေက်ာင္းဆင္းခ်ိန္တြင္ ေက်ာင္းတံခါးႀကီးကိုဖြင့္ေပးလိုက္သည္ႏွင့္ အျဖဴႏွင့္အစိမ္းကို
၀တ္ဆင္ထားၾကေသာ  ေက်ာင္းသားေလးမ်ားဟာ ၀မ္းသာေပ်ာ္ရႊင္ေသာမ်က္ႏွာေလးမ်ားျဖင့္ ေက်ာင္း၀န္းထဲမွအသီးသီးထြက္လာၾကေလသည္။

"သမီးေရ..ေမေမဒီမွာ.."

အခ်ိဳ႕မိဘမ်ားက သူတို႔၏ကေလးမ်ားကို လာႀကိဳၾကရာ၀ယ္ တ‌စ္ေနကုန္စာသင္ၾကရတာေၾကာင့္ ပင္ပန္းမွာစိုး၍ဆိုကာ အခ်ိဳရည္ဗူးေလးမ်ားကိုပါ အသင့္၀ယ္လာၾကေလသည္။

အခ်ိဳ႕အတန္းႀကီးက်ူရွင္တူေက်ာင္းသားမ်ားကေတာ့ အုပ္စုဖဲြ႔၍ထြက္လာၾကၿပီး မိမိတို႔ႏွင့္သက္ဆိုင္ေသာ က်ူရွင္မ်ားဆီသို႔ စကားတေျပာေျပာႏွင့္ ခရီးဆက္ႏွင္ၾကေလသည္။
ေက်ာင္းသားႏွင့္မိဘမ်ား အံုးအံုးကၽြတ္ကၽြတ္ျဖစ္ေနေသာ ေက်ာင္းဂိတ္ေပါက္၀တြင္ စိတ္ဝိဉာဥ္မပါ၊ခႏၶာႀကီးသပ္သပ္ ဗလာနတၴိစိတ္တို႔ျဖင့္ ေလးလံေနေသာ ေျခလွမ္းတို႔ကိုသယ္ေဆာင္လာသူမွာ ပံုရိပ္ဆိုသၫ့္ကေလးမေလးပင္ျဖစ္သည္။

ေကာင္းကင္ကိုၾကၫ့္လိုက္ေတာ့ ၫွို႔မိႈင္းေနသည္။
မၾကာခင္မွာ သည္တိမ္မည္း၊တိမ္လိပ္မ်ားၾကားမွ မိုးမ်ားသည္းထန္စြာရြာသြန္းေတာ့မည္ဟုသူမခန႔္မွန္းလိုက္သည္။
အစိမ္းပုပ္ေရာင္ ေဘးလြယ္အိတ္အႏြမ္းေလးကို ဆုပ္ကိုင္လိုက္ၿပီး ခပ္မွန္မွန္ေျခလွမ္းမ်ားအား အရိွန္တင္လိုက္သည္။

လူမ်ားစြာကိုတြန္းတိုက္၍ သူမေျပးလႊားေနမိသည္။
လူေတြဟာ ပန္းတိုင္မရိွရင္ ဦးတည္ရာကေရာက္တတ္ရာရာမဟုတ္ပါလား။
ထို႔နည္းတူပင္ သူမတြင္ကမ႓ာ့အခ်မ္းသာဆံုးသူေဌးႀကီးျဖစ္ရမည္လို႔ ဆႏၵမရိွ၊ငါသည္မုခ်ေအာင္ျမင္ရမည္လို႔လည္း မဟစ္ႂကြေးခဲ့ဖူးပါ။

သူမအတြက္ ေန့ရက္တိုင္းဟာ ဆားမပါတဲ့ဟင္းတစ္ခြက္လို အရသာက ေပါ့ပ်က္ပ်က္ပါပဲ။
ယခုသူမေျပးသြားေနရသၫ့္ ရည္ရြယ္ခ်က္ကေတာ့ ေန့စဉ္လုပ္ေနၾကအရာတစ္ခုျဖစ္တဲ့ ခပ္လွမ္းလွမ္းကမူလတန္းေက်ာင္းေလးမွာရိွတဲ့ ကေလးငယ္တစ္ေယာက္ကို သြားႀကိဳဖို႔ပါပဲ။

အ.မ.က(၂၂)မူလတန္းေက်ာင္းေလးရဲ့ ဂိတ္၀ကိုေရာက္ေတာ့ သူမအေတာ္‌ေမာေနေလၿပီ။
ခၽြေးေတြပါစို႔လာသည္မို႔ ခႏၶာကိုယ္ကိုအနည္းငယ္ကိုင္းၿပီး အသက္ကိုခပ္ျပင္းျပင္းရႉေနမိသည္။

ေက်ာင္းဂိတ္ေပါက္၀ဆီသို႔လွမ္းၾကၫ့္လိုက္ေတာ့အုတ္ခံုေလးတစ္ခုအေပၚမွာ ထိုင္ေန‌သၫ့္ကေလးမေလးတစ္ေယာက္..အသက္‌ေျခာက္ရိွေနေလၿပီ။
အသားညိုညို ပါးေဖာင္းေဖာင္းေလးနဲ႔ျဖစ္ၿပီး မ်က္လံုးေလးကလယ္ကလယ္နဲ႔ ဟိုၾကၫ့္သည္ၾကၫ့္လုပ္ေနရွာသည္။

ဒီကေလးကစကားေတာ့ အင္မတန္နားေထာင္တယ္။ဒီေနရာမွာပဲ ေစာင့္ေနလို႔အမိန႔္ေပးခဲ့တဲ့အတိုင္း ေစာင့္ရွာတယ္။
သူမနာမည္ကမိစုလို႔ေခၚတယ္။
တစ္ခါတစ္ေလၾကရင္ ဒီကေလးေလာက္ေတာင္
မလိမၼာတဲ့ကိုယ့္ကိုကိုယ္ အျပစ္တင္မိတယ္။
သို႔ေပမဲ့ ကေလးဆိုတာႏုနယ္တယ္..ျဖဴစင္တယ္။
ငိုခ်င္ရင္ငိုခ်လိုက္ၿပီး အစာစားဖို႔၊အိပ္ဖို႔နဲ႔ကစားဖို႔ကသာ သူတို႔အတြက္ဘ၀ႀကီးတစ္ခုျဖစ္ေနတတ္တယ္။

ပံုရိပ္မွာက ေလးနက္တဲ့စိတ္ခံစားမႈနဲ႔ ေဝဒနာကိုပိုင္းျခားတတ္တဲ့ဦးေနွာက္ကအားေကာင္းလြန္းေနတယ္။မေကာင္းတဲ့အရာေတြကို ခဲြျခားလာႏိုင္သလို၊ေကာင္းျခင္းေတြကိုလည္း ‌တစ္ခါတစ္ေလေလာဘတက္လာမိတယ္။
သို႔ေပမဲ့ ေကာင္းျခင္းဆိုတာ ပံုရိပ္နဲ႔အင္မတန္ေဝးကြာၿပီး မထိုက္တန္တဲ့တံတားတစ္စင္းပါပဲ။
ဘာေၾကာင့္လဲလို႔ဆိုရင္ ပံုရိပ္ကိုယ္တိုင္ကလူေကာင္းတစ္ေယာက္ မဟုတ္လို႔ပဲ။

"မိစု..လြယ္အိတ္ေပး..."

"ဟာ...မမပံု...မိစုေစာင့္ေနတာၾကာလွၿပီ..ေစာင့္ရင္းနဲ႔ဗိုက္ဆာေနတာ...ေရခဲမုန႔္ေလးအရမ္းစားခ်င္တာပဲ..."

"ကိုယ့္ဟာကိုယ္ေတာင္ ပိုက္ဆံမရိွလို႔ဘာမွ၀ယ္မစားႏိုင္ဘူး..."

"စုစုမွာ..ႏွစ္ရာရိွတယ္ေလ...ေဖႀကီးေပးထားတာ.."

"ဟိုဘက္လမ္းအထိသြား၀ယ္ရမွာ အလုပ္ရႈပ္တယ္...လာ..ျပန္မယ္..."

"ဟင့္...ေရခဲမုန႔္စားခ်င္လို႔ပါဆို..."

"ျပန္မယ္လို႔ေျပာေနတယ္ေလ...ႏွစ္ခါမေျပာဘူးေနာ္..ဒီတစ္ခါဆိုရိုက္ေတာ့မွာ..လာ!!!"

မိစုကအသားနာမွာကို အရမ္းေၾကာက္တတ္သည္။
နဲနဲေလးေျခာက္လိုက္တာနဲ႔ မ်က္ရည္ေတြဝဲတက္လာၿပီး ႏႈတ္ခမ္းေလးပါမဲ့သြားသည္။
ကေလးဆိုေပမဲ့ သူမမွာလည္း ကိုယ္ပိုင္ခံစားခ်က္ရိွတာေၾကာင့္ ေဒါသထြက္တတ္၊ငိုကၽြေးတတ္သၫ့္လူသားေလးဆိုတာကို ပံုရိပ္ေမ့သြားခဲ့သည္။
မိစုက လက္သီးဆုပ္ေသးေသးေလးေတြကို က်စ္ေနေအာင္ဆုပ္ထားၿပီး ႏႈတ္ခမ္းေလးကိုဖိကိုက္ထားသည္။

သူမတြင္ရိွေသာ လိုအင္ဆႏၵေလးတစ္ခုဟာ ဟိုဘက္လမ္းမွာ ေရခဲမုန႔္သြား၀ယ္ကၽြေးဖို႔ပါပဲ။
အဲ့ဒီ့ဆႏၵတစ္ခုကိုပဲ ပံုရိပ္မလုပ္ေပးႏိုင္တာပါ။
လိုအင္ဆႏၵဆိုတဲ့မီးက်ီခဲဟာ ရိႈ႔ေလေလာင္ေလပဲ။
တစ္ခါေလာက္လိုက္ေလ်ာမိတာနဲ႔ ေနာက္ထပ္အေခါက္ေပါင္းမ်ားစြာဟာ အသင့္ပါလာၿပီးသားျဖစ္ေနမွာ ေသခ်ာတယ္။

ေကာင္းတဲ့အက်င့္တစ္ခုကို ေမြးျမဴရခက္ခဲသေလာက္ မေကာင္းတဲ့အက်င့္ကေတာ့
ေဖ်ာက္ျဖတ္ရသိပ္ခက္တယ္။
ၾကာလာတဲ့အခါ အေလ့အက်င့္တစ္ခုအျဖစ္
အၿမွစ္တြယ္ၿပီးလိႈက္စားလာခဲ့ရင္ ပထမဦးဆံုးစတင္ခဲ့တဲ့အခ်ိန္ကို အျပစ္တင္ရလိမ့္မယ္။

မိစုဟာ ကိုယ့္ရဲ့ညီမ၀မ္းကဲြေလးျဖစ္လို႔ သံေယာဇဉ္ကေတာ့ အျခားသူစိမ္းေတြထက္ အပံုႀကီးပိုပါတယ္။ဒါေပမဲ့ ပစားေတာ့မေပးႏိုင္ဘူး။
အေဒါ့္ရဲ့ရုန္းကန္မႈေတြကို မ်က္ဝါးထင္ထင္ျမင္ေနရတဲ့အျပင္ ကိုယ္ကပင္ပန္းမႈ၊နာက်င္မႈေတြကို စာနာေပးႏိုင္တဲ့ အရြယ္ျဖစ္ေနေတာ့ မိစုကိုပိုလို႔ေတာင္ လိုက္ေလ်ာမေပးႏိုင္ဘူး ျဖစ္ေနသည္။

"မိစု...ဘာလို႔ေပၿပီးရပ္ေနတာလည္း...သြားမယ္လို႔ေျပာေနတယ္ေလ.."

"အဟင့္..ဟင့္...ေရခဲမုန႔္စားခ်င္တယ္...၀ယ္ကၽြေး...
၀ယ္ကၽြေးပါဆို..."

"မိစုရယ္...ဘာလို႔ဒီေလာက္ေျပာရခက္ေနတာလဲ...
လာ...ျပန္မယ္..."

"ဟင့္အင္း...ဟင့္အင္း...မလိုက္ဘူး...ေရခဲမုန႔္၀ယ္ကၽြေး...."

"ငါက...လာလို႔ေျပာေနတယ္ေနာ္!!!!!..."

အတင္းဆဲြေခၚေပမဲ့ မလိုက္ပဲေပကပ္ကပ္ရပ္ေနသၫ့္ မိစုဟာ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်လာသည္။ကိုယ္ကလည္း စိတ္သိပ္ရွည္တတ္သၫ့္လူမဟုတ္ေတာ့ ငိုခ်င္ငိုပါေစဟာဆိုၿပီး ပစ္ထားခဲ့လိုက္ခ်င္သည္။ကေလးေတြဟာ ကမ႓ာေပၚမွာ
ဒရမ္မာအခင္းဆံုးလူသားေတြထင္ပါရဲ့။တစ္ခုခုအလိုမက်လည္းငို၊စိတ္ဆိုးလည္းငို၊နဲနဲေလးဆူေငါက္မိရင္လည္း ငိုၾကတယ္။

ကိုယ္ငယ္ငယ္တုန္းကလည္း ဒီလိုပဲထင္ပါရဲ့။ကေလးတစ္ေယာက္ရဲ့မူရင္းစိတ္ခံက ပန္းပြင့္ဖက္ေလးေတြထက္ပင္ ႏုနယ္ေနသလား။ႏုငယ္လြန္းတဲ့ႏွလံုးသားေလးေတြမွာလည္း အားေကာင္းလြန္းတဲ့သိျမင္ခံစားမႈေတြ ရိွေနတတ္တယ္။

ကေလးတစ္ေယာက္ရဲ့ မသိစိတ္ဟာ ကိုယ္ေပးတဲ့ဒဏ္ရာထက္ပိုနက္နက္ျခစ္ရာ ထင္တတ္တယ္ဆိုတာ ကိုယ္တိုင္ခံစားဖူးေတာ့ အသိဆံုးပါပဲ။ကေလးတစ္ေယာက္ဟာ အျပင္ဘက္မွာႃပံုးရယ္ျပေနတတ္ေပမဲ့ သူမွတ္ေတးမထားပဲ ၀င္ေရာက္ႏွင့္ၿပီျဖစ္တဲ့ နင့္သီးမႈေတြကေတာ့ တိုက္ဆိုင္တဲ့အခ်ိန္အခါတစ္ခုခုကို ေရာက္ရင္ေပါက္ကဲြထြက္လာတတ္တယ္။

အေတြးအေခၚအားနည္းေသးတဲ့ အရြယ္ေလးမွာ ကိုယ့္စိတ္နဲ႔ႏိႈင္းၿပီး ဒဏ္ရာေပးသင့္ရဲ့လား။
ကိုယ္လုပ္လိုက္တာက ေသးငယ္တဲ့အျပစ္ေလးေပမဲ့ ကေလးရဲ့စိတ္ထဲမွာ နာက်င္မႈ၊မုန္းတီးမႈပါ တစ္ပါတည္းခံစားလိုက္ရရင္ ဘယ္လိုလုပ္ပါ့မလဲ။
အမ်ိဳးမ်ိဳးစဉ္းစားၾကၫ့္လိုက္ၿပီးေနာက္ စိတ္ခံစားခ်က္ေတြအားလံုးကိုေလ်ွာ့ခ်ပစ္လိုက္ၿပီး
လမ္းမေပၚတြင္ဖင္ထိုင္ခ်ကာ ေကာက္ေနေတာ္မူသၫ့္ အေကာက္စိန္ေလးကိုျပန္ၾကၫ့္လိုက္သည္။

"မိစု...သြားၾကမယ္..."

"ဟင့္အင္း...ေရခဲမုန႔္စားခ်င္လို႔ ၀ယ္ကၽြေးပါလို႔ဆိုေန...ေနာက္တစ္ခါမစားေတာ့ပါဘူး...ဒီတစ္ခါပဲစားမွာပါ..."

"ေသခ်ာလား...ဒီတစ္ခါပဲစားမယ္ဆိုတာ..."

"ေသခ်ာပါတယ္..."

"အင္း....ဒါဆိုသြားၾကမယ္...

"ဟင္...ဘယ္ကိုသြားမလို႔လဲ...သမီးကေရခဲမုန႔္စားခ်င္လို႔ပါဆို..."

"ေအးေလ...မမပံုကလည္းေရခဲမုန႔္၀ယ္ကၽြေးမလို႔ပဲေလ..မငိုနဲ႔ေတာ့ေနာ္...မ်က္ရည္မတိတ္ရင္...၀ယ္မကၽြေးေတာ့ဘူးေနာ္...အခုတိတ္...မငိုနဲ႔ေတာ့..."

သူၾကားခ်င္တဲ့စကားကို ၾကားေတာ့ကေလးေလး ခမ်ာ ခ်က္ခ်င္းကိုတိတ္သြားေလသည္။ပံုရိပ္လည္းကေလးကို ခ်ိဳင္းကေနထူမေပးလိုက္ၿပီး
တစ္ရႉးေလးနဲ႔ မ်က္ရည္ေရာ၊ႏွာရည္ေတြေရာ
သုတ္ေပးလိုက္သည္။ၿပီးေနာက္ ကေလးကိုလက္ဆဲြၿပီး သူမ၀ယ္ခ်င္တဲ့ ေရခဲမုန႔္ဆိုင္သို႔ သြားရေလသည္။

စေတာ္ဘယ္ရီသီးအရသာ ေရခဲမုန႔္ေလးကို ၀ယ္လိုက္ၿပီးေနာက္ ေပ်ာ္ရႊင္သြားတဲ့မိစုရဲ့ မ်က္ႏွာေလးကိုၾကၫ့္ၿပီး ပံုရိပ္လည္းအနည္းငယ္စိတ္ေပ်ာ္ရႊင္သြားမိတယ္။အျခားလူကို ေပ်ာ္ေအာင္လုပ္ေပးႏိုင္ရင္ ကိုယ္လည္းစိတ္ေပ်ာ္ရႊင္ရတယ္ ထင္ပါရဲ့။

"ဟဲ့....မိပံု....ဟဲ့...ငါေခၚေနတယ္ေလ..."

လမ္းထိပ္ကိုေရာက္တဲ့အခ်ိန္မွာ ကြမ္းယာဆိုင္မွအေဒၚႀကီးရဲ့ ေခၚသံေၾကာင့္ စိတ္ရႈပ္စြာမ်က္ေမွာင္ႄကံု႔ပစ္လိုက္မိသည္။ပတ္၀န္းက်င္နဲ႔ သဟဇာတျဖစ္ေအာင္ ေနရမည္ဆိုေပမဲ့ ကိုယ့္အေပၚမွာ ႏိုင့္ထက္စီးနင္းျပဳခ်င္တဲ့လူေတြနဲ႔ေတာ့ ရင္းႏွီးကၽြမ္း၀င္မေနခ်င္ပါဘူး။
စိတ္ရင္းနဲ႔ဆက္ဆံခံရဖို႔ အင္မတန္ရွားပါးသြားတဲ့ေခာတ္ႀကီးထဲမွာ သူမ်ားကမေကာင္းရင္ ကိုယ္ကလည္းေကာင္းစရာအေၾကာင္းကိုမရိွဘူး။

"ဟဲ့...ငါေခၚေနတယ္ေလ...နင့္အေဒၚ..ငါ့ဆီကေနပိုက္ဆံႏွစ္ေသာင္းေခ်းထားတာ..လာဆက္ပါလို႔ေျပာလိုက္စမ္း...မဟုတ္ရင္အိမ္အထိရန္လာေတြ့မွာလို႔ ေသခ်ာေျပာလိုက္..."

"ဒီမွာ..လူႀကီးေတြကိစၥကို လူႀကီးအခ်င္းခ်င္းပဲေျပာ..ဇယားလာမရႈပ္နဲ႔..."

မိစုကိုလက္ဆဲြၿပီး ထိုေနရာမွအျမန္ေလ်ွာက္လာလိုက္သည္။ပံုရိပ္က မိစုထက္အသက္ပိုႀကီးၿပီး
ပိုရင့္က်က္တယ္ဆိုေပမဲ့ လမ္းမႀကီးမွာ
အႂကြေးအေတာင္းခံရတာကိုေတာ့ ရွက္စိတ္၀င္မိသည္။

ေသခ်ာျပန္စဉ္းစားၾကၫ့္ရင္ ပံုရိပ္ရွက္သင့္ရဲ့လား။ဒီကိစၥမ်ိဳးက ရွက္ရမၫ့္အရာလား။
အခုပံုရိပ္မွီခိုေနရတာက အေဒါ့္ရဲ့အရိပ္ေအာက္မွာျဖစ္တဲ့အတြက္ အေဒါ့္ရဲ့စိတ္ပူပန္ေၾကာင့္ၾကမႈေတြကို မ်ွေဝခံစားေပးသင့္တယ္။အေဒါ့္မွာ မိစုအျပင္ထြန္းကိုဆိုတဲ့သားေလးလည္းရိွတယ္။

ေမာင္ႏွမေတြထဲမွာ ပံုရိပ္ကအႀကီးဆံုးျဖစ္ၿပီး
အေဒါ့္ရဲ့စိုးစိမ္ပူပန္မႈေတြကို မ်ွေဝေပးရမဲ့အစား အရွက္တရားဆိုတာကို ေခါင္းစဉ္တပ္ၿပီး တစ္ကိုယ္ေကာင္းစိတ္ဓာတ္နဲ႔ ေခါင္းေရွာင္ေနမိတယ္။ေခြးကေလးေတြေတာင္မွ တိရိစၧာန္ဆိုေပမဲ့ အစာကၽြေးတဲ့သူ႔သခင္ကို သစၥာေစာင့္သိတတ္တယ္။
ပံုရိပ္ဟာ လူသားတစ္ေယာက္မဟုတ္ပါလား ။

"စကားကို...လူလိုမေျပာဘူး..ရိုင္းစိုင္းလိုက္တာေျပာမေနနဲ႔...ဒါေၾကာင့္လဲ...သူ႔မိဘေတြကေတာင္ပစ္ထားခဲ့တာေပါ့...မိမဆံုးမ...ဖမဆံုးမေလး..."

"မသုကလည္း ကေလးပဲရိွေသးတာ...အဲ့လိုမေျပာပါနဲ႔..."

"ေျပာေတာ့ဘာျဖစ္လဲ...အဲ့ဒါမွမွတ္မွာ..."

အစိမ္းပုပ္ေရာင္ လြယ္အိတ္ႀကိဳးေလးဟာ
ခပ္ျပင္းျပင္းဆုပ္ေခ်ခံထားရ၍ လက္သီးဆုပ္ထဲတြင္တြန႔္ေက်ေနေလသည္။
ေအးစက္စက္မိုးဖဲြေလးေတြဟာ ႀကိဳဆိုျခင္းမခံရပါပဲ ပံုရိပ္ရဲ့ပါးျပင္ေပၚသို႔ ဆင္းသက္လာၾကသည္။
အံကိုႀကိတ္ၿပီး စိတ္ကိုမနဲတင္းေနရသည္။
မိစုကလည္းမ်က္လံုးရဲြေလးေတြနဲ႔ ေမာ့ၾကၫ့္လာခဲ့သည္။

"မမပံု...သြားၾကမယ္ေလ.."လို႔တိုက္တြန္းေနေပမဲ့
ကမ႓ာ့ေျမဆဲြအားက ကိုယ့္တစ္ေယာက္ထဲအေပၚမွာပဲ အားျပင္းစြာသက္ေရာက္ေနသည္ဟု ထင္ေနမိသည္။ေက်ာက္ဆူးႀကိဳးခ်ထားသလို ေလးလံလာၿပီး လႈပ္၍မရျဖစ္ေနသည္။

ေကာင္းကင္သို႔ ၾကၫ့္လိုက္ေတာ့ တိမ္ထုႀကီးကမီးခိုးရင့္ေရာင္သို႔ ေျပာင္းလဲေနၿပီး ပံုရိပ္ကိုလႊမ္းမိုးထားသည္။
မိစုကို တဲြထားသၫ့္လက္အားျဖဳတ္ခ်လိုက္ၿပီး ေျမၾကီးကိုခပ္ေဆာင့္ေဆာင့္နင္းကာ ကြမ္းယာ၀ယ္သူေတြႏွင့္ စုေဝးေနေသာ ကြမ္းယာဆိုင္ေရ႔ွမွာ ပိတ္ရပ္လိုက္သည္။

ကြမ္းယာ၀ယ္ေနေသာ လူေတြႏွင့္အတူဟိုမိန္းမႀကီးကပါ ပံုရိပ္ကိုစိုက္ၾကၫ့္လာသည္။
ပံုရိပ္၏ မ်က္၀န္းထဲတြင္ မေက်နပ္ခ်က္ေတြဟာ မီးပြားတစ္ခုကဲသို႔ ျဖစ္ေနသည္။
အံကိုဖိႀကိတ္ၿပီး ထိုမိန္းမႀကီးကို တၫ့္တၫ့္ၾကၫ့္ကာ မဲ့ပစ္လိုက္သည္။

"အန္တီ့ရဲ့ အရမ္းကိုလိမၼာပါတဲ့ သားေလးကေက်ာင္းရဲ့ကန္ေဘးနားကေခ်ာင္မွာ ေကာ္ခိုးခိုး
ရႉေနတာ အန္တီမသိေလာက္ေသးဘူးထင္တယ္...
မိဆံုးမ..ဖဆံုးမအရမ္းကိုေတာ္တာပဲအန္တီရယ္
...သူမ်ားကိုမေဝဖန္ခင္..ကိုယ့္သားကိုယ္
အရင္ႏိုင္ေအာင္ထိန္းလိုက္အံုး...."

"ဟဲ့...မိပံု...ညည္းငါ့သားကို ဘာေတြမဟုတ္တာေလ်ွာက္ေျပာေနတာလဲ..."

ကြမ္းယာေရာင္းသၫ့္ ခံုအေနာက္ကေနလက္ၫွိုးတစ္ထိုးထိုးႏွင့္ ေျပာေနေသာမိန္းမႀကီးကို ေမးေငါ့ၿပီး ခပ္ႃပံုးႃပံုးလုပ္ျပလိုက္သည္။သူမ်ားကိုေတာ့ ဒဏ္ရာရေအာင္ လုပ္တတ္ၿပီး ကိုယ္တိုင္အထိနာမွာကိုေတာ့ သိပ္ေၾကာက္တတ္သတဲ့။
ဘယ္အရာမွာမဆို တန္ျပန္သက္ေရာက္မႈဆိုတာ
ရိွတယ္။ကိုယ္လႊင့္ပစ္လိုက္တဲ့ အမိႈက္တစ္စဟာ
ေလအေဝ့မွာ ကိုယ့္မ်က္ႏွာေပၚကို ျပန္က်လာတတ္တယ္ဆိုတာ မတြက္ခ်က္မိဘူးထင္ပါရဲ့။

"လိမ္စရာအေၾကာင္းကိုမရိွဘူး...ေက်ာင္းကန္ေဘာင္ရဲ့ ေဘးကႃခံုကြယ္မွာ သူတို႔ေကာ္ရႉေနတာကို ခဏခဏေတြ့တယ္..မယံုရင္သူ႔လြယ္အိတ္ေတြနဲ႔ သူ႔အခန္းကိုစစ္ၾကၫ့္လိုက္ေပါ့...အန္တီ့လိုသူမ်ားအတင္းကို ရပ္ကြက္တကာလွၫ့္ၿပီး လိုက္မေျပာခ်င္လို႔ ကိုယ့္ဘာသာေနေနတာ..
ကၽြန္မကိုမိမဆံုးမ..ဖမဆံုးမလို႔ ေနာက္တစ္ခါလာေျပာရဲေျပာၾကၫ့္..
အန္တီ့ရဲ့ ခ်စ္လွစြာေသာသားေလးကို ေက်ာင္းအုပ္ႀကီးနဲ႔ပါ သြားတိုင္ေပးလိုက္မယ္...မလုပ္ရဲဘူးမထင္နဲ႔.."

"မိပံု...ညည္းဘာစကားေျပာသြားတာလဲ...
ငါ့သားကိုတိုင္ရဲတိုင္ၾကၫ့္လိုက္ပါလား..ညည္းတို႔အိမ္ကိုပါ မီးပံုရိႈ႔ပစ္မယ္...ဘာမွတ္ေနလဲ..."

"ဟုတ္လား....ေထာင္က်ခ်င္ရင္ လုပ္လိုက္ေလ..."

သည္စကားတစ္ခြန္းသာ ေျပာခဲ့လိုက္ၿပီး ထိုမိန္းမႀကီးကို မ်က္ေစာင္းထိုးခဲ့ကာ လွၫ့္ထြက္လာလိုက္သည္။အေနာက္မွာေတာ့ ေဆြ့ေဆြ့ခုန္ေအာင္ ေဒါသျဖစ္ၿပီး ပံုရိပ္ကိုႀကိမ္းဝါးကာ က်န္ခဲ့ေလသည္။ဒီမိန္းမႀကီးကိုနာေအာင္ေျပာႏိုင္မဲ့အရာက
သူ႔သားနဲ႔ပတ္သတ္တဲ့ကိစၥမွန္းသိလို႔ တမင္ကိုေဖာ္ေကာင္လုပ္ပစ္လိုက္တာ။

"လာ..မိစုသြားမယ္..."

မိစုရဲ့လက္ကိုဆဲြၿပီး ထိုေနရာမွအျမန္ဆံုးထြက္ခြာလာခဲ့လိုက္သည္။
ဘယ္သူ႔ကိုမွ ဒုကၡမေပးပဲေနတာ‌ေတာင္
ကိုယ္အမုန္းတီးဆံုးနဲ႔ အရွက္ရြံ႔ဆံုး အားနည္းခ်က္ေတြကိုဖိႏိွပ္လာၾကတယ္။အားနည္းခ်က္ဆိုတာ အနည္းနဲ႔အမ်ားေတာ့လူတိုင္းမွာ ရိွတတ္ၾကတာပဲ။ဒါကိုပဲ ရိုးမယ္ဖဲြ႔ၿပီး အစဆဲြထုတ္ေနတတ္တဲ့လူကိုလူယုတ္မာလို႔ပဲ သတ္မွတ္တယ္။
သူတစ္ပါးကိုေတာ့ ႏႈတ္နဲ႔ျဖစ္ေစ၊အမူအရာနဲ႔
ျဖစ္ေစ ေဆာ္ကားေျပာဆိုတတ္ၾကၿပီး ကိုယ့္ကိုနည္းနည္းေလာက္ျပန္ထိပါးလာေတာ့ ဆဲေရးတိုင္းထြာတတ္ၾကတယ္။

ေဝဖန္ခြင့္ဆိုတာ လူတိုင္းမွာရိွေပမဲ့ သည္းခံႏိုင္တဲ့
 အတိုင္းအတာကိုေက်ာ္လာခဲ့ရင္ေတာ့ တစ္ဖက္လူရဲ့တုန႔္ျပန္မႈကိုလည္း ခံႏိုင္ရည္ရိွရမယ္။
ပံုရိပ္အတြက္ေတာ့ ကိုယ့္ကိုတစ္ခ်က္လာရိုက္ရင္ ထိုင္ငိုေနမဲ့လူစားမဟုတ္သလို စကားထဲလည္းခဏခဏထၫ့္ေျပာေနမွာမဟုတ္ဘူး ။
တကယ္ျပန္လုပ္မိတဲ့အခါေတာ့ အဆတစ္ရာေလာက္နာသြားေစရမယ္။

🔥🔥🔥🔥🔥🔥🔥🔥🔥

"အေမႀကီးေရ...မႀကီးပံုနဲ႔ မိစုတို႔ျပန္လာၿပီ..."

ပံုရိပ္နဲ႔မိစုတို႔ႏွစ္ေယာက္ အိမ္ေရ႔ွကိုေရာက္လာတာနဲ႔ ေက်ာင္းစိမ္း၀တ္စံုေလးကို ၀တ္ထားေသာ
ထြန္းကိုဟာ အိမ္အေပါက္၀မွေန၍ သူ႔အေမကိုလွမ္းေအာ္ေျပာေလသည္။ပံုရိပ္တို႔ေနတဲ့
ရပ္ကြက္ေလးမွာ လူတန္းစားအမ်ိဳးမ်ိဳးေနထိုင္ၾက တယ္။သစ္အိမ္၊တိုက္အိမ္၊ဓနိမိုး၊သြပ္မိုးအိမ္မ်ားရိွသလို ၾကဴထရံကာအိမ္နဲ႔ လိုင္းခန္းေဆာင္မ်ား
လည္းမ်ိဳးစံု ရိွေလသည္။

လမ္းထိပ္ကအမိႈက္ပံုေဘးနားမွာဆိုရင္ သားသမီးေတြတစ္စက္မွလွၫ့္မၾကၫ့္ေတာ့လို႔ ရပ္ကြက္က
စုေပါင္းၿပီး တဲအိမ္ေလးေဆာက္ေပးထားရသၫ့္ အဖိုးႀကီးႏွင့္ အဖြားႀကီးလင္မယားႏွစ္ေယာက္ေနထိုင္သည္။

ေငြအတိုးေခ်းစားၿပီး ေရႊလက္ေကာက္ ၊ေငြလက္ေကာက္ တ၀င္း၀င္းႏွင့္ႏွစ္လံုးဒိုင္၊ခ်ဲဒိုင္လုပ္ၾကသၫ့္ သူမ်ားမ်က္ခံုးေမႊးေပၚမွာ စႀကၤန္ေလ်ွာက္ေနသူမ်ားလည္း ေနထိုင္သလို အိမ္ေနာက္ေဖးလမ္းၾကားေတြအထိ ေတာင္းစုတ္၊ပလံုစုတ္လိုက္ေကာက္ကာ သမာအာဇီ၀ႏွင့္လုပ္ကိုင္စားေသာက္ေနၾကသူေတြလည္း ေနထိုင္ၾကသည္။

အေဒၚတို႔က ဒီရပ္ကြက္မွာေနတာ ရွစ္ႏွစ္ေလာက္ရိွၿပီဆိုေပမဲ့ ပံုရိပ္ကေတာ့ဒီရပ္ကြက္ထဲကိုေျပာင္းလာခဲ့တာ ႏွႏွစ္ေက်ာ္ေလာက္သာရိွပါ‌ေသးတယ္။
သို႔ေပမဲ့ ကိုယ္လမ္းထဲကဘယ္သူကဘာဆိုတာကိုေတာ့ အိမ္မွာအုပ္စုဖဲြ႔ၿပီး အတင္းျပန္ျပန္တုပ္တတ္တဲ့အေဒါ့ေၾကာင့္ ေတာ္ေတာ္ႏွံ႔စပ္ေနေလၿပီ။

ပံုရိပ္တို႔ေနတဲ့ၿခံက ေပႏွစ္ဆယ္၊ေပေလးဆယ္ျဖစ္ၿပီး ၿခံ၀န္းထဲတြင္ လံုးခ်င္းအိမ္ေလးသံုးလံုးပူးၿပီးေဆာက္ထားေလသည္။အိမ္လစာက ခုႏွစ္ေသာင္းခဲြဆိုသၫ့္အတိုင္း အေဆာင္ေတြကိုလည္း
ခပ္က်ဉ္းက်ဉ္းသာ ေဆာက္ထားေပးသည္။
သြပ္မိုးထားသၫ့္ သစ္အိမ္ေလးေတျြဖစ္တဲ့အတြက္ စုတ္စုတ္ပ်က္ပ်က္ေတာ့ျဖစ္မေနပဲ အတန္အသင့္ေတာ့သန႔္ရွင္းပါတယ္။
သို႔ေပမဲ့ ပံုရိပ္အတြက္ေတာ့ႏို႔ဆီဗူးေလးထဲမွာ အိမ္ေဆာက္ေနရသလိုသာ ခံစားမိသည္။

ပံုရိပ္ရဲ့ မိဘေတြနဲ႔အတူေနခဲ့စဉ္က အရမ္းမခ်မ္းသာေပမဲ့လို႔ တိုက္အိမ္ကေလးနဲ႔ေတာ့ ေနႏိုင္ခဲ့သည္။အခုအေဒါ့္အိမ္မွာကေတာ့ သစ္အိမ္ေသးေသးေလးထဲမွာ ထမင္းခ်က္တဲ့ေနရာ၊ထမင္းစားတဲ့ေနရာဆိုၿပီး ခဲြထားလို႔မရေတာ့ ပစၥည္းေတြႁပြတ္သိပ္ထၫ့္ထားတဲ့ ဂိုေထာင္တစ္ခုနဲ႔ျခားနားျခင္းမရိွေပ။

ပံုရိပ္ကအပ်ိဳအရြယ္ေလးျဖစ္ေနၿပီဟုဆိုကာ
အေဒၚကအိပ္ခန္းေလးေတာ့ လုပ္ေပးထားသည္။
လူတစ္ေယာက္အိပ္ရံုေလာက္သာျဖစ္တာေၾကာင့္
က်ဉ္းလြန္းေပမဲ့ ပံုရိပ္အတြက္ေတာ့ ခိုလႈံရာေနရာေလးတစ္ခုပါပဲ။

၀မ္းနည္းတဲ့အခ်ိန္လည္း ဒီအခန္းေလးထဲမွာပဲ ကိုယ့္ဘာသာေျဖသိမ့္ခဲ့ရသလို ၊မေက်နပ္ခ်က္
နာက်ည္းခ်က္ေတြကိုလည္း ဒီအခန္းေလးထဲမွာပဲ သိမ္းဆည္းထားမိတယ္။ကိုယ္မွီခိုရွင္သန္ေနရတဲ့ ေနရာကမိဘအရင္းရဲ့ ရင္ခြင္မွာမဟုတ္ပဲ အေဒါ့္ရဲ့အရိပ္ေအာက္မွာ ျဖစ္ေနေလေတာ့ ေစာင့္စည္းရတာေတြကလည္းပိုၿပီးမ်ားသည္။

ခံစားခ်က္ေတြ ရင္မွာျပၫ့္သိပ္ေနရင္ေတာင္ စိတ္ရိွတိုင္းဖြင့္ထုတ္လို႔မရတဲ့ အေျခအေနပါပဲ။ေအာင့္သက္သက္နဲ႔ပဲမ်ိဳသိပ္ထားရပါမ်ားလာေတာ့
ေတာ္ရံုဘယ္သူနဲ႔မွ ေပ်ာ္ရႊင္စရာျဖစ္ျဖစ္၊၀မ္းနည္းစရာျဖစ္ျဖစ္ စိတ္ခံစားခ်က္အေၾကာင္းကို ေဝမ်ွရမဲ့အလုပ္ဆို ေရွာင္တတ္လာတယ္။
ကိုယ္တိုင္ေတာင္ပူေလာင္ေနရတဲ့ ေဝဒနာေတြကို
သူမ်ားကိုပါ အပူကူးစက္ေအာင္ ဘာေၾကာင့္မ်ွေဝေပးရမွာလဲ။

ခံစားခ်က္ဆိုတာ စကၠန႔္မလပ္ေျပာင္းလဲတတ္တာေၾကာင့္ ကိုယ့္ကိုကိုယ္လည္းနားမလည္သလို အျခားလူေတြကိုလည္း အတင္းလိုက္ၿပီး စာနာနားလည္ေပးပါလို႔ မေျပာခ်င္ဘူး။
ပစ္ထားခဲ့ရက္တဲ့ အေဖနဲ႔အေမကိုလြမ္းတယ္၊ျပန္လာေစခ်င္တယ္ဆိုေပမဲ့ ကိုယ့္ပါးစပ္ကေန ေတာင္းတတိုင္းျဖစ္မလာႏိုင္တဲ့ ကိစၥမို႔ အပိုစကားေတြလည္း မေျပာတတ္ေတာ့ဘူး။

"ဟဲ့...ထြန္းကို...မိုးကာအိက်ႌ..ယူသြားအံုးေနာ္..."

"ဟုတ္ကဲ့ပါ...ဒီမွာအိတ္ထဲကိုထၫ့္ၿပီးၿပီ..."

အခန္းထဲမွာ အေဖနဲ႔အေမရဲ့ဓာတ္ပံုေလးကို
ၾကၫ့္ေနမိရင္းနဲ႔ သူ႔သားကိုလွမ္းေအာ္ေျပာလိုက္တဲ့အေဒါ့္အသံက နားထဲမွာစူးထြက္သြားသည္။
အေဒၚကစည္းကမ္းႀကီးၿပီး အာက်ယ္အာက်ယ္လုပ္တတ္ေပမဲ့ စိတ္ရင္းေတာ့ေကာင္းရွာသည္။
ပံုရိပ္တို႔ရဲ့ ရပ္ကြက္ထဲမွာ ပိုက်ယ္ၿပီးပိုေကာင္းမြန္တဲ့ လံုးခ်င္းအိမ္ေတြငွားလို႔ရပါလ်ွက္နဲ႔ ဘာေၾကာင့္ ဒီလိုခုႏွစ္ေသာင္းတန္ အိမ္ခန္းက်ဉ္းက်ဉ္းေလးမွာ ငွားေနရသလဲဆိုရင္ အေဒါ့္ေယာက္်ား ဦးသက္ေရႊေၾကာင့္ပါပဲ။

ဦးသက္ေရႊဟာ အရပ္ကဂလန႔္ဂလားနဲ႔ ပိန္ပိန္ရွည္ရွည္ျဖစ္သည္။အသက္ေလးဆယ့္ငါးႏွစ္ပဲ ရိွေသးေပမဲ့ အေသာက္အစားနဲ႔အလုပ္လက္မဲ့ေနရတာပဲ ႀကိဳက္သၫ့္လူ။
ရိုင္းရိုင္းေျပာရရင္မိန္းမထဘီနားခိုစားသူေပါ့။
ရပ္ကြက္ထဲမွာ ဟိုေယာင္ေယာင္၊
သည္ေယာင္ေယာင္နဲ႔ ဘာအလုပ္အကိုင္မွ အတည္တက်လုပ္တယ္မရိွဘူး။
တစ္ခါတစ္ေလ ပန္းရံေန့စားလိုက္လုပ္တတ္ေပမဲ့
ရတဲ့ လုပ္အားခက အေဒါ့္လက္ထဲကိုတစ္ခါမျွပန္
မေရာက္ပဲ သူ႔အရပ္ဖိုးပဲျဖစ္ျဖစ္သြားတယ္။

ဒီလိုအခ်ိဳးမေျပမႈေတြေၾကာင့္ အေဒၚနဲ႔ခဏခဏရန္ျဖစ္ရတယ္။ေန့တိုင္းမဟုတ္ရင္ေတာင္ သူတို႔လင္မယားက ႏွစ္ရက္တစ္ခါေလာက္ေတာ့
ေနွာင္ခ်ိန္ပေလးေနတာပါပဲ။သူတို႔လင္မယားရန္ျဖစ္ရင္ အငယ္ေလးေတြက ေၾကာက္ၿပီးငိုတတ္တာေၾကာင့္ ပံုရိပ္ကပဲ ဒိုင္ခံေခ်ာ့ေပးရတယ္။

ရန္ျဖစ္တိုင္းေအာ္ေျပာတတ္တဲ့ အေဒါ့္ရဲ့အသံႀကီးက ခုႏွစ္အိမ္၊ရွစ္အိမ္ေက်ာ္ေလာက္အထိ ၾကားရတဲ့အသံမ်ိဳးမို႔ ပံုရိပ္အရမ္းကိုရွက္မိတယ္။ကိုယ္နဲ႔ျဖစ္တာမဟုတ္ေပမဲ့ အဲ့ဒီလိုဆူဆူညံညံ‌ေတျြဖစ္တိုင္း
အိမ္ကေနထြက္ေျပးခ်င္ေလာက္ေအာင္ကို စိတ္ညစ္မိတယ္။ေျပး‌စရာေနရာမရိွလို႔သာ ညိမ္ေနရျခင္းပင္။

အေဒၚကလည္းဒီအခ်က္ကို ရိပ္မိလို႔ထင္ပါရဲ့ သူ႔ေယာက္်ားမူးၿပီးရစ္သမ်ွကို ေတာ္တန္ရံုဆို သည္းခံေပးရွာတယ္။အရမ္းလြန္လာမွသာ ထေျပာတတ္ေပမဲ့ အေဒၚကလူေကာင္ေသးတဲ့အျပင္ ေယာက္်ားနဲ႔မိန္းမဆိုတာ အင္အားမမ်ွတတဲ့အမ်ိဳးမို႔ အေဒါ့္မွာေခါင္းေပါက္၊ညိုမဲဆဲြတာေတြအထိ ထိခိုက္ဒဏ္ရာေတြရေလ့ရိွတယ္။

တစ္ခါတစ္ေလ အရမ္းလြန္လာရင္ ပံုရိပ္ပါၾကားကေန၀င္ေျပာမိတယ္။ဦးသက္‌‌ေရႊက ပံုရိပ္ကိုပါရိုက္ဖို႔ျပင္ရင္ အေဒၚဟာအေရ႔ွကေနကာေပးၿပီး
"ငါ့တူမကို ရိုက္ရင္နင္နဲ႔ငါနဲ႔...အကဲြပဲ."လို႔ျပန္ေျပာေလ့ရိွတယ္။တကယ့္ တကယ္ေတာ့ အေဒၚဟာသူ႔ေယာက္်ားကိုတစ္ခါမွ ကြာရွင္းဖို႔မေတြးခဲ့ဖူးဘူး။
ဒီေလာက္ အႏိုင္က်င့္တဲ့ေယာက္်ားကို ဘာေၾကာင့္
မကြာရသလဲလို႔ ပံုရိပ္ေမးခ်င္ခဲ့တယ္။

မိသားစုစား၀တ္ေနေရးနဲ႔ အိမ္စားရိတ္ကိုလံုး၀မေထာက္ပံ့တဲ့ေယာက္်ားကို အတတ္ပညာ၊အတန္းပညာတစ္ခုမွမတတ္တဲ့အေဒၚက ခဝါသည္အျဖစ္နဲ႔သူမ်ားအိမ္မွာ အ၀တ္ေလ်ွာ္တဲ့အလုပ္ေတြလုပ္ၿပီးရွာကၽြေးရတယ္။ဒါေပမဲ့ ဒီေယာက္်ားရဲ့အျမင္အာရံုထဲမွာေတာ့ အမ်ိဳးသမီးအေပၚကို ကိုယ္ခ်င္းစာစိတ္တစ္စက္မွမရိွဘူး။

အဲ့ဒီ့အတြက္လည္း သတၲိနည္းတဲ့အေဒါ့္ကို ပံုရိပ္
ရႈံ႔ခ်မိတယ္။အိမ္ေထာင္ကဲြဆိုတဲ့ အမည္နာမကို အသက္ဆံုးရႈံးမွာထက္ေၾကာက္ေနရသလားလို႔လည္း ေအာ္ေဟ့ပစ္လိုက္ခ်င္တယ္။
ကိုယ္ဖက္တြယ္မိတဲ့အခ်ိဳ႕အရာေတြဟာ
ကိုယ့္အတြက္ အဆိပ္အေတာက္ျဖစ္ေနရင္ေတာင္ ႀကိတ္မိွတ္ၿပီးသည္းခံေပးေနတည္းက ကမ႓ာေပၚမွာအတံုးအဆံုးလူသားတစ္ေယာက္ျဖစ္ေနၿပီ။

ကိုယ့္ကို ေမြးထုတ္ေပးခဲ့တဲ့ မိဘေတြရဲ့ရင္ခြင္ကိုေတာင္ စြန႔္ခြာလာခဲ့ၿပီးမွ ဒီလိုအမဲစက္စြန္းထင္ေနတဲ့ ေနွာင္ႀကိဳးတစ္ေခ်ာင္းကို ဘာလို႔မျဖတ္ေတာက္ႏိုင္ရတာလဲ။ပံုရိပ္ဟာအေဒါ့္လို သတၲိနည္းတဲ့မိန္းမမျဖစ္ေစရဘူး။

အေဒါ့္ရဲ့ပင္ပန္းမႈေတြကို မၾကၫ့္ႏိုင္ေတာ့လို႔
ပံုရိပ္လည္း ေက်ာင္းထြက္ၿပီးကူညီပါ့မယ္လို႔ ေျပာေပမဲ့ အေဒၚကလံုး၀လက္မခံဘူး။
အၿမဲတမ္းေျပာေနၾကစကားလံုးက
"ပညာတတ္အျဖစ္ ဘဲြ႔ရေအာင္.."လုပ္ပါတဲ့။
ခက္တာက ပံုရိပ္ကိုယ္တိုင္ေက်ာင္းပညာေရးကို ေခါင္းထဲမွာထၫ့္ထားလို႔မရတာပဲ။

စာက်က္ပ်င္းလို႔လားဆိုရင္လည္း မဟုတ္ျပန္ဘူး။
ပံုရိပ္က စာတစ္ပိုဒ္ကို ငါးေခါက္၊ေျခာက္ေခါက္ေလာက္ဖတ္လိုက္ရင္ကို မွတ္မိလြယ္တဲ့လူတစ္ေယာက္‌ေပ။အတန္းထဲမွာ ကိုယ္တိုင္စာမလုပ္ေပမဲ့ သူမ်ားေတြ ေဘးနားမွာအေခါက္ေပါင္းမ်ားစြာ
ရြတ္ေနတာကို ၾကားရင္ေတာင္ ကိုယ္တိုင္က်က္စရာမလိုပဲ မွတ္မိေနတတ္တယ္။

သို႔ေပမဲ့ ဦးေနွာက္ဆိုတာ ေသြးပါမ်ားမွထက္သလို စာဆိုတာလည္းေနြးပါမ်ားမွ စိတ္ထဲမွာစဲြေနတတ္သည့္ အရာျဖစ္တယ္။မွတ္ဉာဏ္ေကာင္းေပမဲ့ စာကိုတဆိုက္မတ္မတ္ျပန္မလုပ္တာေၾကာင့္ အတန္းထဲတြင္ စာေမးတိုင္းအရိုက္ခံရသၫ့္ အုပ္စုထဲတြင္
ပံုရိပ္ကထိပ္ဆံုးမွပါ၀င္သည္။ဒါေပမဲ့ စာေမးပဲြက်တယ္ဆိုတာေတာ့ ပံုရိပ္ရဲ့ရာဇ၀င္မွာ မရိွခဲ့ဖူးဘူး။

စာေမးပဲြက်လို႔ ဆရာမေတြက မိဘေခၚခိုင္းခံရတဲ့ လူမ်ိဳးေတာ့မျဖစ္ခ်င္ဘူး။ဒါဟာ အိမ္ကလူႀကီးေတြကို ေက်ာင္းအေရာက္ေခၚၿပီး အရွက္ခဲြလိုက္တာနဲ႔ အတူတူပဲ။
ကိုယ့္အေပၚကို ယုတ္မာတဲ့လူေတြအေပၚသာ
ႏွစ္ဆေလာက္ျပန္ၿပီး ယုတ္မာခ်င္ယုတ္မာမယ္။
ကိုယ့္အေပၚကို ေကာင္းေပးတဲ့လူေတြကိုေတာ့
ဘယ္ေတာ့မွ ဒုကၡမေပးဘူး။

"ပံုပံုေရ...ဒီမွာေဒၚေလးဟင္းခ်က္ေနလို႔
...ငရုတ္သီးစိမ္းေလး လာေထာင္းေပးပါအံုး.."

"ဟုတ္ကဲ့....လာၿပီ..."

ဟင္းခ်က္‌သၫ့္ေနရာမွ အေဒါ့္ရဲ့ေခၚသံေၾကာင့္
ပံုရိပ္လည္းအ၀တ္အစားလဲၿပီး အိပ္ခန္းထဲမွထြက္လာခဲ့လိုက္သည္။မိစုကေတာ့ သူ႔ရဲ့ဗိုလ္မရုပ္ေလးကို ေခါင္းဖီးေပးတမ္းေဆာ့ေနေလသည္။
ဟင္းခ်က္တဲ့ေနရာ‌တြင္ အေဒၚကငါ့ရံ့ကိုအိုးထဲသို႔ထၫ့္ကာ ငရုတ္သီးႏွင့္ေရာေမႊေန‌သည္။
အေဒၚဟာ အသက္ေလးဆယ္ေက်ာ္သၫ့္ အမ်ိဳးသမီးျဖစ္ေပမဲ့  ေဒၚရွင္းသန႔္ဆိုသၫ့္နာမည္နဲ႔လိုက္ေအာင္ကို အသန႔္အျပန႔္အလြန္ႀကိဳက္‌သၫ့္အမ်ိဳးသမီးျဖစ္သည္။

ခႏၶာကိုယ္ဟာ မပိန္လြန္း၊မ၀လြန္းပဲ ခပ္ျပၫ့္ျပၫ့္ျဖစ္ၿပီး အရပ္ေတာ့ပုသည္။
ေလာကဒဏ္ရဲ့ ရိုက္ခက္မႈဒဏ္ေၾကာင့္ ယခင္ကဝါ၀င္း၀င္းအသားအရည္ဟာ ညိုစိမ့္ေနေလသည္။သို႔ေပမဲ့ ႏွာတံေျဖာင့္ေျဖာင့္ ၊မ်က္ႏွာဝိုင္းဝိုင္းႏွင့္ျဖစ္ၿပီး  ရုပ္ရွင္မင္းသမီး ထက္ထက္မိုးဦးႏွင့္ မ်က္ႏွာေပါက္ခပ္ဆင္ဆင္ရိွသည္။

"ဟဲ့...ငါ့ကိုဘာၾကၫ့္ေနတာလဲ...ငရုတ္သီးစိမ္းၫွပ္ေလ..."

"ဟုတ္ကဲ့ပါ...ေဒၚေလးရယ္..."

အေဒါ့္ကိုေငးၾကၫ့္ေနမိရာမွ အေအာ္ခံလိုက္ရတာေၾကာင့္ ငရုတ္သီးစိမ္းကိုသာ ကပ္ေၾကးနဲ႔ၫွပ္ေနလိုက္သည္။လူဆိုတာ ကိုယ့္အနားမွာ အၿမဲရိွေနတတ္တဲ့ အရာတစ္ခု ကိုယ္အၿမဲအရိပ္တၾကၫ့္ၾကၫ့္ေနတတ္တဲ့ အရာတစ္ခုအနားမွာ ရိွမေနတဲ့အခါ တစ္ခုခုလိုအပ္ေနသလို ခံစားရတတ္တယ္။
ငရုတ္သီးစိမ္းကို အပိုင္းပိုင္းျဖစ္ေအာင္ ၫွပ္ေနမိေပမဲ့ ပံုရိပ္ရဲ့မ်က္လံုးေတြကေတာ့ ထမင္းခ်က္တဲ့ ေနရာအနီးမွာေခြေခြေလး အိပ္ေနေလ့ရိွတဲ့ ေၾကာင္ေလးမ်က္ျပဴးကိုသာ လိုက္ရွာေနမိတယ္။

ပံုမွန္ဆိုရင္ မ်က္ျပဴးေလးက ပံုရိပ္အျပင္ကိုထြက္လာတိုင္း ေဘးနားမွာလာတိုးေဝ့ေလ့ရိွတတ္တယ္။
ပံုရိပ္ရဲ့ေပါင္ေပၚမွာ လာထိုင္ရင္လည္း ေၾကာင္ေလးရဲ့ေမးရိုးေအာက္ကို ခ်စ္စႏိုးနဲ႔ကုတ္ေပးတတ္တာကလည္း ပံုရိပ္ရဲ့အက်င့္တစ္ခုလို ျဖစ္ေနေလၿပီ။
အခုေတာ့ အိမ္ထဲကိုလိုက္ေဝ့ၾကၫ့္ေပမဲ့ လံုး၀မေတြ့ဘူး။

"ေဒၚေလး...မ်က္ျပဴးေရာ.."

ပံုရိပ္ရဲ့ စကားကိုၾကားေတာ့ ဟင္းေမႊေနရင္းနဲ႔
 ေဒၚေလးရဲ့လက္ေတြဟာ ရပ္တန႔္သြားသည္။
ေယာက္မႀကီးကိုကိုင္ၿပီး ပံုရိပ္ဘက္ကိုလွၫ့္လာပံုက  တစ္ခုခုကိုဖံုးကြယ္ထား၍ မသိေစခ်င္ေသာပံုစံျဖစ္ေနသည္။

"ေဒၚေလးရဲ့ ပံုစံကဘာျဖစ္ေနတာလဲ.. ေၾကာင္ေလးအိမ္ေအာက္ကိုဆင္းသြားေသးလား.. "

"ညည္းကလဲေအ...ေၾကာင္ပဲဥစၥာ...ေျခေလးေခ်ာင္းသတၲဝါဟာကို ဆင္းရင္လည္းဆင္းသြားမွာေပါ့..."

ေလသံမာမာနဲ႔ျပန္ေျပာေနေပမဲ့ ေဒၚေလးရဲ့မ်က္၀န္းေတြက တစ္ခုခုကိုလိမ္ညာေနသလိုပဲ ။ေဒၚေလးကလိမ္ညာတဲ့ေနရာမွာ အရမ္းညံ့သၫ့္လူတစ္ေယာက္ပင္။သူတစ္ခုခုကို လိမ္ေျပာတဲ့အခ်ိန္ဆိုရင္
မ်က္လံုးေတြ၊မ်က္ႏွာအမူအရာေတြက
ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ကို မူပ်က္ေလ့ရိွတယ္။
ပံုရိပ္ရဲ့ စိတ္ထဲမွာေၾကာင္ေလးတစ္ခုခုျဖစ္ေနၿပီလို႔ ခံစားေနရသည္။

"ေဒၚေလး...မ်က္ျပဴးကို...ဦးသက္ေရႊေခၚသြားတာလား..."

"ဟင္..ညည္းဘယ္လိုလုပ္ၿပီး သိသြားတာလဲ..."

"ဟာ...တကယ္ဟုတ္ေနတာပဲ..."

ထိုေနရာမွ ခ်က္ခ်င္းထရပ္လိုက္မိသည္။
အေဒါ့္ေယာက္်ားက ေၾကာင္သားကိုအရက္နဲ႔ျမည္းခ်င္တယ္လို႔ ခဏခဏေျပာေနတာေၾကာင့္ သံသယစိတ္နဲ႔ ေမးလိုက္မိေပမဲ့ တကယ္ပဲ ဦးသက္ေရႊရဲ့လက္ခ်က္ျဖစ္ေနခဲ့တယ္။ပံုရိပ္အဖို႔ စိုးရိမ္မႈေတြ လြန္ကဲလာတာေၾကာင့္ အသက္ရႉႏႈန္းေတြပါမမွန္ခ်င္ေတာ့ေပ။အေဒၚကလည္း မ်က္စိ၊မ်က္ႏွာပ်က္စြာျဖင့္ ပံုရိပ္ကိုေမာ့ၾကၫ့္လာသည္။

အေဒါ့္ရဲ့မ်က္၀န္းေတြထဲမွာ အားနာမႈေတြနဲ႔ ေတာင္းပန္လိုေသာ အမူအရာကိုေတြ့ေနရေပမဲ့
ပံုရိပ္ရဲ့မ်က္၀န္းထဲတြင္ေတာ့ ေပါက္ကဲြလိုေသာ အပိုင္းအစေတြ ျပန႔္က်ဲေနေလသည္။

"ေၾကာင္ေလးကို ဘယ္ေခၚသြားတာလဲ...ဘာလုပ္လိုက္ၿပီလဲ..."

ေဒၚရွင္းသန႔္သက္ျပင္းခ်လိုက္မိသည္။ပံုပံုအတြက္လည္း၀မ္းနည္းမိသလို ေယာက္်ားျဖစ္သူကိုလည္းမေက်နပ္ေပ။ပံုပံုတို႔ေက်ာင္းကျပန္မလာခင္ တစ္နာရီေလာက္အလိုကမွ အရက္နဲ႔ျမည္းဖို႔ဆိုကာ ပံုပံုရဲ့‌ ေၾကာင္ေလးကို ရို က္ ႏွက္ၿပီးေခၚယူသြားခဲ့ၾကသည္။ကိုယ္လည္း ငိုယိုၿပီးတားဆီးေပမဲ့
ကိုသက္ေရႊက သူ႔အေပါင္းအသင္းအဖဲြ႔နဲ႔လာတာျဖစ္လို႔ တားဆီးလို႔မရခဲ့ဘူး။

ေနာက္ဆံုးမွာ ေၾကာင္ေလးရဲ့အသက္မဲ့တဲ့ ခႏၶာကိုယ္ကို သူတို႔ယူသြားခဲ့ၾကတယ္။သူ႔မိတ္ေဆြ ကိုတင္ေမာင္တို႔အိမ္မွာ ေၾကာင္သား
ခ်က္စားမယ္လို႔ေတာင္ ေအာ္ေျပာခဲ့ေသးတယ္။
ပံုပံုက အေနေအးတဲ့ကေလးေပမဲ့ သူ႔ေၾကာင္ေလးမ်က္ျပဴးကို အရမ္းခ်စ္ရွာတာ ကိုယ္အသိဆံုးပါပဲ။
ေၾကာင္ေလး ေသသြားတာကိုသာ သိရင္ဘယ္ေလာက္ေတာင္ ၀မ္းနည္းလိုက္မလဲ။
ေနာက္ၿပီး ဒီေၾကာင္ေလးကသူ႔အေဖနဲ႔အေမလက္ေဆာင္ေပးထားတဲ့ ေၾကာင္ေလးျဖစ္ေနေတာ့ ပိုလို႔ဆိုးတာေပါ့။

"ေဒၚေလး...သမီးေမးေနတယ္ေလ...ေၾကာင္ေလးကိုဘယ္ေခၚသြားတာလဲလို႔..သမီးကိုျမန္ျမန္ေျပာစမ္းပါ..ေဒၚေလးမေျပာရင္ အခုခ်က္ခ်င္းရပ္ကြက္ထဲမွာ တစ္အိမ္တက္..တစ္အိမ္ဆင္းလိုက္ရွာလိုက္မွာေနာ္..."

"အဲ့လိုေတာ့ မလုပ္ပါနဲ႔သမီးရယ္...စိတ္ေအးေအးထားပါ..ေၾကာင္ေလးကို ဘုန္းႀကီးေက်ာင္းနဲ႔မ်က္ႏွာခ်င္းဆိုင္မွာေနတဲ့ ကိုတင္ေမာင္တို႔အိမ္ကိုယူသြားၾကတယ္..."

"ဦးတင္ေမာင္တို႔အိမ္...ဟုတ္လား..."

ပံုရိပ္အဖို႔ လက္သီးေတြကိုက်စ္ေနေအာင္ ဆုပ္ထားမိသည္။စိတ္လႈပ္ရွားလြန္း၍  ႏွလံုးခုန္ႏႈန္းေတြပါျမန္လာသည္။ေဒါသေၾကာင့္ မ်က္၀န္းေတြပါ
နီအစ္လာကာ အံကိုခပ္နာနာဖိႀကိတ္လိုက္မိသည္။
အိမ္ေပၚမွ ေျခသံျပင္းျပင္းနင္း၍ ေျပးထြက္လိုက္ၿပီး တာလမ္းမႀကီးအတိုင္း အေျပးႏွင္ေနမိသည္။
ကံဆိုးမသြားရာမိုးလိုက္လို႔လာဆိုသလို ပံုရိပ္၏ခႏၶာကိုယ္ေပၚသို႔ မိုးသီး၊မိုးစက္ေတြဟာ အားမနာတမ္းရက္စက္စြာ ရြာၾကလာေလေတာ့သည္။

🔥🔥🔥🔥🔥🔥🔥🔥🔥🔥

#ဆူးႀကိဳး
#စာေရးသူ_ေဆာင္း‌ေငြ့ေဝ
#ေဆာင္းေငြ့ေဝရဲ့၀တၴုမ်ားpageမွတင္ဆက္သည္

 

No comments:

Post a Comment