🌺အခန်း(၆)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"ဟေ့..ကောင်မလေး..မင်းရေကူးတတ်ရင်လည်း
ငါ့ပခုံးပေါ်က မင်းရဲ့လက်ကိုဖယ်လိုက်တော့.."
ရှိင်းကပြောပြောဆိုဆို ချစ်ပန်းဝေ၏ပခုံးကို
အားမနားတမ်း တွန်းဖယ်လိုက်လေသည်။
ချစ်ပန်းဝေလည်း ရှိုင်း၏ပခုံးပေါ်သို
ကြည့်လိုက်မိတော့ ရေနစ်မှာစိုး၍
ဖမ်းဆွဲရင်း လက်သည်းနှင့်
ကုတ်မိထားတဲ့ ဒဏ်ရာတွေကို
အတိုင်းသားမြင်လိုက်ရသည်။
"မင်းဘယ်လိုမိန်းကလေးလည်း
ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို
ဒီလောက်တောင် ရဲရဲတင်းတင်းကြည့်ရသလား.."
"ရှင်.."
ခပ်ပြင်းပြင်းစောင့်ထွက်လာသော
ရှိုင်း၏လေသံကို ကြားတော့မှသာ ရေစက်တို့
ခိုတွဲပြီး စွဲဆောင်မှုရှိနေသည့် ရှိုင်း၏
မျက်မှောင်ကြုံ့ထားသော မျက်၀န်းတွေကို
စိုက်ကြည့်လိုက်မိတော့သည်။
သူ့မျက်တောင်လေးတွေပေါ်မှာ ရေသီးလေးတွေ
ခိုတွဲနေပြီး ခပ်တင်းတင်းစေ့ထားသော
သူ့နှုတ်ခမ်းဟာ အညိုရောင်သန်းနေလေသည်။
ထို့နောက်မှာ ရေပေါ်၌ပေါ်နေသော
သူ့ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အ၀တ့်စားမဲ့နေသည့်
ရင်အုံနေရာကို ကြည့်လိုက်မိတော့မှသာ
ရှိုင်းဘာကြောင့် အထင်လွဲသွားသလဲဆိုတာ
သိလိုက်ရတော့တယ်။
ချစ်ပန်းဝေလည်း သတိထားမိသည်နှင့်
မျက်နှာလေး နီရဲလာကာ ချက်ချင်းအကြည့်လွှဲ၍
အနောက်သို့ ခြေထောက်ယက်ကန်ယက်ကန်နှင့်
အလိုအလျှောက် ဆုတ်သွားလိုက်မိသည်။
"ကျွန်မအဲ့ဒီ့နေရာအထိ မကြည့်ပါဘူး.."
"ဘာပြောတယ်.."
"ကျွန်မရှင့်ကို တမင်ကြည့်တာမဟုတ်ဘူး..
မတော်တဆဖြစ်သွားတာ.."
"ငါကယုံပေးရမှာလား.."
"အဲ့ဒါဘာစကားလဲ ကျွန်မကရှင့်ကိုလိမ်နေတယ်လို့
ထင်နေတာလား.."
ဒီတစ်ခါတော့ ချစ်ချစ်ပေါက်ကွဲပြီး
လေသံမာသွားမိသည်။
ဘယ်လောက်ပဲ ကိုယ်အရမ်းကြိုက်သည့်
မင်းသားလို့ဆိုဆို ကိုယ့်သိက္ခာကို
လာထိပါးရင်တော့ အတတ်နိုင်ဆုံး
ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ။
"ငါကထင်ကြေးပေးရတာကို မကြိုက်ဘူး
မင်းလိုမိန်းမမျိုးတွေကို ငါအများကြီး
တွေ့ခဲ့ဖူးတယ်..တော်ပြီကွာ..
မင်းနဲ့ဆက်ပြောနေလည်း..အာညောင်းရုံပဲရှိတယ်.."
ချစ်ပန်းဝေလည်း ကိုယ့်ကိုရွံရှာစက်ဆုတ်သည့် အကြည့်မျိုးနှင့်ကြည့်ခဲ့ပြီး
သူကလှည့်ထွက်ရန်ပြင်သည့်
အခါမှာတော့ ပြာပြာသလဲ လှမ်းတားလိုက်မိသည်။
"နေအုံး..ရှင်မသွားနဲ့အုံး..."
"ကျစ်..ဘာကိစ္စကျန်သေးတာလဲ.."
သူကစိတ်ညစ်သလိုလေသံနှင့် ညည်းတွားကာ
ချစ်ချစ်ကို ပြန်ကြည့်လာစဉ်မှာတော့
သူ့အနားသို့ ချက်ချင်းရေကူးသွားလိုက်ပြီး
သူ့ပခုံးပေါ်မှာ တင်နေသည့်လွယ်အိတ်ကို
လှမ်းဆွဲပစ်လိုက်သည်။
"ဘာကိစ္စမှမကျန်ဘူး ကျွန်မလွယ်အိတ်ကို
ကျွန်မပြန်ယူတာ..ရှင်းအောင်တစ်ခါတည်း
ပြောလိုက်မယ်..
......
ခုဏကဒီလွယ်အိတ်ကို
လိုက်ဆယ်ရင်း ရှင်ကရေငုတ်နေတော့
မတော်တဆ ခလုတ်တိုက်မိသွားတာ..
......
ရှင်ကပြန်ပေါ်လာတော့ ရေနစ်မှာဆိုလို့
လှမ်းဆွဲလိုက်မိတာ..တမင်ဖက်ချင်လို့
ဖက်တာလဲမဟုတ်ဘူး ကျွန်မကအဲ့ဒီလို
မိန်းမစားလည်း မဟုတ်ဘူး..."
"ပြောပါအုံး မင်းကဘယ်လိုမိန်းမစားလဲ.."
ဒီလောက်ရှင်းပြနေတာတောင် နည်းနည်းလေးမှ
ယုံကြည်သည့် အရိပ်အယောင်ပေါ်မလာသော
ရှိုင်းကိုကြည့်ကာ ၀မ်းလည်းနည်းသလို
ခံပြင်းစိတ်လည်း ဖြစ်လာမိသည်။
သူ့စိတ်ထဲမှာ သူ့အနားကိုရောက်လာတဲ့
မိန်းမတိုင်းက အတူတူပဲလို့များထင်နေတာလား။
"လွယ်အိတ်ကို လိုက်ဆယ်တာတော့
ငါယုံပေးလို့ရပါတယ်..ဒါပေမဲ့မင်းသာငါ့ကို
တမင်ရည်ရွယ်ချက်ရှိရှိ ဖက်လိုက်တာ
မဟုတ်ဘူးဆိုရင် ငါ့ကိုဘာလို့ချက်ချင်း
မတောင်းပန်ရတာလဲ..ငါ့ပခုံးကိုပါလက်သည်းနဲ့
ကုတ်လိုက်သေးတာနော်..တောင်းပန်သင့်တယ်လို့
မထင်ဘူးလား..."
ရှင်ကဆက်တိုက် ရန်လိုနေတော့ ဘယ်လို
တောင်းပန်ရမှာလဲဟု ပြန်ပြောလိုက်ချင်ပေမဲ့
ဒီအခြေအနေထဲကို စပြီးတိုး၀င်လာတာက
ကိုယ်ဖြစ်နေသလို သူ့ကိုအနာတရဖြစ်အောင်လည်း လုပ်လိုက်မိတယ်။
"ဟေ့..ရှိုင်းရေ..ငါနိုင်သွားပြီနော်.."
ရှိုင်းကို တောင်းပန်စကားဆိုရန်
ပါးစပ်ဟလိုက်စဉ်မှာပဲ ရေထဲမှပေါ်လာသည့်
နောက်တစ်ယောက်၏ ခေါ်သံကြောင့်
လန့်သွားမိလေသည်။
"ရှိုင်း..မင်းအဲ့ဒီ့မှာဘာလုပ်နေတာလဲ..
အဲ့ဒါဘယ်သူလဲ.."
တစ်ဖက်လူသည် ခပ်လှမ်းလှမ်းမှ
လှမ်းအော်ပြောလာပြီး ချစ်ချစ်တို့
ရှိနေရာဘက်သို့ ကူးလာဖို့ဟန်ပြင်နေသောအခါ
ရှိုင်းက ချစ်ချစ်ကို တစ်ဖန်ပြန်လှည့်ကြည့်လာပြီး..
"မင်းနဲ့ငါနောက်မှ စာရင်းရှင်းမယ်.."
"ဟင်.."
ချစ်ချစ်မှာ သူ့စကားကြောင့် အံ့ဩချိန်တောင်
မရလိုက်ပဲ ကြောင်တောင်တောင်လေး
ဖြစ်ကျန်နေခဲ့ရသည်။
ရှိုင်းကတော့ သူ့သူငယ်ချင်းရှိရာသို့
ရေကူးသွားလေတော့သည်။
ချစ်ပန်းဝေလည်း ကိုယ့်အိမ်နောက်ဖေးဘက်သို့
ပြန်ကူးလာလိုက်ပြီး ဝါးတံတားပေါ်သို့
ပြန်တက်လိုက်မိသည်။
စိတ်တွေကတော့ အရင်လိုကြည်လင်မနေတော့ပဲ
ကျေကွဲသလို၊ရင်မောသလို ဖြစ်နေသည်။
"သူကဘာလို့ ဖုန်းထဲမှာမြင်နေရတဲ့
ရှိုင်းနဲ့မတူရတာလဲ..လူမှားနေတာများလား
ဖုန်းထဲမှာလာတဲ့ ရိုက်ကူးရေးနောက်ကွယ်တွေမှာကြတော့ တစ်ဖက်သရုပ်ဆောင်တွေအပေါ်
နွေးနွေးထွေးထွေးနဲ့ ကြင်နာပြနေလိုက်တာ
အပြင်မှာကြတော့
တစ်ခြားလူတစ်ယောက်လိုပဲ.."
ဇာတ်ကားတွေထဲမှာဖြစ်ဖြစ် တီဗွီအစီအစဉ်တွေ
ထဲမှာဖြစ်ဖြစ် ရှိုင်းဟာစကားပြောလျှင်
အလွန်ယဉ်ကျေးပြီး အမျိုးသမီးတွေအပေါ်လည်း
ညှာတာတတ်သည့် ပုံစံလေးဖြစ်၍နေသည်။
ယခုအပြင်မှာ ထိပ်တိုက်တွေ့ရသည့် ရှိုင်းကြတော့
စတွေ့တည်းက စကားပြောတာလည်း
ရင့်သည်းပြီး အရမ်းမာနကြီးနေသလိုပဲ။
"ဇာတ်ကားတွေထဲကလို သူ့မှာအမွှာများ
ရှိနေတာလား..ဒါမှမဟုတ်..
သူကရှိုင်းအစစ် မဟုတ်လို့များလား
ဒီကိစ္စကို သေချာရှင်းအောင် စုံစမ်းရမယ်.."
"ဟဲ့..ချစ်ချစ်ရေ..ငါဗိုက်ဆာနေပြီလို့.."
"ဟာ..အမေ..ဟုတ်သားပဲ အမေဗိုက်ဆာနေတာကို
မေ့သွားတယ်..လာပြီနော်
ဒါလေးကို ရေညှစ်လိုက်အုံးမယ်.."
လွယ်အိတ်ကြီးကိုကိုင်ရင်း ဝါးတံတားပေါ်တွင်
ရေတွေ စိုရွဲနေပေမဲ့ ငြိမ်ပြီးအတွေးများနေမိရာမှ
အမေ့ခေါ်သံကြောင့် အတွေးစအားလုံးကို
ဖြတ်တောက်ပစ်ရလေသည်။
ပြီးတဲ့အခါ လွယ်အိတ်ကိုရေညှစ်ပြီး
ကမ်းပေါ်သို့ ပြန်တက်လာခဲ့လိုက်သည်။
"လာအမေ..ဒီနေ့ဟင်းကောင်းတယ်
ကြက်သားနဲ့ထမင်းစားရမှာ.."
"ဟာ..ဟုတ်လား..ပျော်လိုက်တာ..
ဒါနဲ့..ကြက်သားကဘာကောင်ကြီးလဲဟဲ့..
သီကြားမင်းလား.."
"ဟမ်.."
ကြက်သားနဲ့ စားရမယ်ဆိုလို့ လက်ခုပ်လက်ဝါး
ထတီးပြီးကာမှ ကြက်သားကဘာကောင်ကြီးလဲ
ဆိုတော့ ဖြေရမဲ့အရေးနှုတ်ခမ်းတောင်
ရွဲ့သွားချင်မိတယ်။
"သီကြားမင်းကိုတော့ ဘယ်ချက်စားလို့
ရပါ့မလဲ အမေ့ကိုမိုးကြိုးအတောင့်လိုက်
ပစ်သွားမှာပေါ့အမေရဲ့.."
"အဲ့ဒါဆို ကြက်ကဘာကြီးတုန်းဟဲ့.."
"ကြက်ဆိုတာက အတောင်ပံလေးနဲ့အမေရယ်
ကတွတ်..ကတွတ်လို့အော်တာလေ...
တို့အိမ်မှာတောင် မွေးထားသေးတယ်.."
"ဟယ်..ဘာ..ကတွတ်..ကတွတ်လည်း
အောက်အီးအီးအွတ်လို့ အော်တာပါနော်
နင်ကဒါလေးတောင်မသိဘူး..ငါ့အမေလုပ်နေပြီး
တုံးလိုက်တာ..ငါဗိုက်ဆာနေပြီး
မီးဖိုချောင်ထဲမှာ သွားစောင့်နေမယ်နော်.."
ပြောပြောဆိုဆို အရှေ့မှအရင်ပြေးနှင့်သော
အမေ့ကိုကြည့်ပြီး ချစ်ပန်းဝေလည်း
ခေါင်းခါလိုက်မိတော့သည်။
လွယ်အိတ်လေးတွေကို
ခြေရင်းဘက်ရှိ တန်းတွေမှာလှန်းလိုက်ပြီး
မီးဖိုချောင်ထဲသို့ ၀င်လာလိုက်ကာ
အမေ့ကို ထမင်းခူးကျွေးဖို့ ပြင်ရလေသည်။
"ရော့အမေ..အသားတုံးကြီးကြီးလေး
ထည့်ပေးမယ်နော်..."
"အေး..ထည့်ပေးစမ်းပါ..ငါဗိုက်ဆာနေတာဟ
ဟီးဟီး.."
"အမယ်လေး..ရယ်ပြမနေပါနဲ့ထည့်ပေးမှာပါ..
ဒါပေမဲ့ တစ်ခုတော့ရှိတယ်..
အခုကြက်သားဟင်းနဲ့ စားရတဲ့ကိစ္စကို
ဒေါ်ကြီးကို သွားမပြောရဘူးနော်.."
"မပြောပါဘူးဟယ်..ငါကပြောစရာလား.."
"အင်း..မပြောဘူးမပြောဘူးဆိုပြီး
ဟိုတစ်ခါလည်း ၀က်သားဟင်းနဲ့စားရတဲ့ကိစ္စကို
ဒေါ်ကြီးရဲ့ရှေ့မှာ ၀က်သားတုံးလေးက
စားလို့ကောင်းလိုက်တာလို့ သွားပြောတာ
ဘယ်သူလဲ..ပြီးရင်ဒီကလူပဲအဆူခံရတာ..
ဒီနေ့လည်း သူနေမကောင်းလို့ခိုးကျွေးလို့ရတာ
လုံး၀သွားပြောလို့ မဖြစ်ဘူးနော်.."
"နင်ကလည်းဟယ်..ငါ့ကိုအရမ်းဆူတာပဲ
မပြောပါဘူးလို့ဆိုနေ.."
"ဟယ်..စိတ်တော့မဆိုးလိုက်ပါနဲ့ရှင်..
မပြောနဲ့ဆို မပြောတော့ပါဘူး..
ဒီနေ့ဒေါ်ကြီးကလည်း အိပ်ခန်းထဲမှာပဲ
နားနေမှာဆိုတော့ သိစရာအကြောင်းလည်း
မရှိပါဘူး..လာ..သမီးခွံ့ကျွေးမယ်.."
အမေက စိတ်ဝေဒနာခံစားနေတာဆိုတော့
သူ့စိတ်ဟာ ကလေးတွေလိုပဲဖြစ်နေလေရာ
ထမင်းစားရင်လည်း သေချာမကျွေးပါက
ပါးစပ်ထဲရောက်တာကနည်း၍
ခုနောက်ပိုင်းမှာ ချစ်ပန်းဝေကသာအမြဲ
ခွံ့ကျွေးဖြစ်လေသည်။
"ကုန်သွားပြီ..စားလို့ကောင်းလား.."
"အင်း..ကောင်းတော့ကောင်းပါတယ်..
ဒါပေမဲ့နည်းနည်းတော့ပေါ့တယ်.."
"ဟင်..ပြောစမ်းပါအုံး..ပေါ့တယ်ငန်တယ်ကို
ဘယ်လိုလုပ်သိတာလဲ.."
"သိတာပေါ့ဟဲ့ ငါ့မှာလျှာပါတာပဲဥစ္စာ..
နင့်မှာသာ လျှာမပါလို့ပေါ့မှန်း၊ငန်မှန်း
မသိတာပေါ့..နေပါဟယ်..နောက်နေ့ကြ
ငါကိုယ်တိုင်ပဲချက်ပါတော့မယ်.."
သူကိုယ်တိုင်ချက်မယ်ဆိုပြီး မျက်နှာဟန်ပန်
အမူအယာအမျိုးမျိုးနှင့် ပြောနေ၍
ရယ်ချင်နေမိပေမဲ့ အမေ့ကိုလည်း
မလှောင်ရက်ပြန်ပေ။
အမေဟာ တကယ်လည်းဟင်းချက်ကောင်းခဲ့သူ
တစ်ယောက်ပါပဲ။
ဓနုဖြူမှာ ကျောင်းတက်တုန်းကဆိုရင်
အမေထည့်ပေးလိုက်သည့် ထမင်းချိုင့်ဟာ
ကိုယ့်ကြောင့်ဆိုတာထက်
ကိုယ့်သူငယ်ချင်းတွေကြောင့် ပြောင်တာ
ပိုများတယ်။
အမေက ဟင်းချက်သည့်နေရာမှာ အစပ်အဟပ်
အရမ်းတည့်၍ ဘာလေးချက်ချက်
စားမကောင်းတာ မရှိခဲ့ပေ။
ထို့ကြောင့် ထမင်းဆိုင်လေးတောင်
ဖွင့်ဖြစ်ခဲ့ပါသေးသည်။
အဖေနဲ့ချစ်ချစ်တို့အိမ်လေးသာ မီးလောင်မှုထဲ
မပါခဲ့ရင်...
"ဟဲ့..နင်ငိုနေတာလား.."
"ဟင်..သမီးမငိုပါဘူး..မျက်လုံးထဲကို
အမှုန်၀င်သွားလို့ပါ.."
"အေးပါ..ငါလည်းဗိုက်၀ပြီဆိုတော့
သွားကစားတော့မယ်နော်.."
"အဝေးကြီးတွေတော့ မသွားနဲ့နော်.."
"မသွားပါဘူးဟယ်..နင်ကလည်း
နေ့တိုင်း ဒါပဲပြောနေတော့တာပဲ.."
အမေ့စကားကြောင့် မျက်ရည်ဝဲလျှက်နှင့်ပင်
ရယ်မောလိုက်မိသည်။
အမေ့ကိုစိတ်ပူလွန်းလို့ နေ့တိုင်းပြောနေမိတာကို
အမေတောင် ငြီးငွေ့နေလေပြီ။
"အင်း..အမေ့ကိုထမင်းကျွေးပြီးပြီဆိုတော့
ဒေါ်ကြီးကို ကြက်သားစွပ်ပြုတ်လေး
သွားပို့ဖို့ပဲ ကျန်တော့တယ်.."
ချက်ချင်းပဲ ကြက်သားစွပ်ပြုတ်အိုးကို
ဖွင့်လိုက်ကာ ခွက်အပြည့်ခပ်လိုက်ပြီး
ဒေါ်ကြီး၏ အိပ်ခန်းဆီသို့ ကူးလာခဲ့လိုက်သည်။
အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့်
ဖျာခင်းပေါ်တွင် မှိန်းပြီးနေသော ဒေါ်ကြီးသည်
ချက်ချင်း မျက်လုံးဖွင့်ကြည့်လာလေသည်။
"ဒေါ်ကြီး..သက်သာရဲ့လား..ဗိုက်ဆာနေမယ်ထင်လို့
ဒီမှာ ကြက်သားစွပ်ပြုတ်လေးလာပို့တာ.."
"အင်း..အဲ့ဒီ့ခုံပေါ်မှာ တင်ထားခဲ့..ပြီးရင်
ငါ့ကိုဇက်ကြောဆွဲပေးစမ်းပါ ဇက်ကြောတွေ
တောင့်နေလို့.."
"ဟုတ်ကဲ့.."
ဒေါ်ကြီးက ထထိုင်လိုက်တော့
ချစ်ပန်းဝေလည်း အလိုက်သိစွာပဲ ဒေါ်ကြီး၏
အနောက်သို့ သွားကာ ဇာက်ကြောကို
အသာလေး နှိပ်နယ်ပေးနေလိုက်သည်။
"အား!!ကျွတ်..ကျွတ်..ဟုတ်တယ်..အဲ့နေရာလေး
နာနာလေး နှိပ်ပေးစမ်းပါဟယ်..
အားမရှိတဲ့အတိုင်းပဲ.."
"နှိပ်ပေးနေပါတယ် ဒေါ်ကြီးရဲ့.."
"အံမယ်..ညည်းရဲ့လေသံက မာလှချည်လား
ဘာလဲ..မနေ့ညကငါဆူလိုက်လို့
မကျေမနပ်ဖြစ်နေတာလား.."
"မဖြစ်ရဲပါဘူးဒေါ်ကြီးရယ်..သမီးတို့သားအမိက
ဒေါ်ကြီးတို့ မိသားစုကိုမှီခိုနေရတာပါ..
ဒေါ်ကြီးတို့ရဲ့ကျေးဇူးတွေက သမီးတို့အပေါ်မှာ
အများကြီးပါပဲ.."
"သိရင်ပြီးတာပါပဲအေ..ငါလည်းစိတ်ထဲက
သိပ်ပါတယ်ရယ်လို့လည်း မဟုတ်ပါဘူး
အမြင်မတော်ရင် တစ်ခါတလေပြောမိတာပဲ
ရှိတာပါ.."
ဒေါ်ဌေး၀င်း၏ ဗြောင်လိမ်တတ်သော
အပြောလေးကြောင့် နှုတ်ခမ်းမဲ့ချလိုက်မိသည်။
*စိတ်ထဲက သိပ်မပါလို့ပဲအဒေါ်ရယ်..
ပြောလိုက်တာမှ ပြစ်ပြစ်နှစ်နှစ်ပဲ..
စိတ်ဓာတ်မခိုင်တဲ့လူသာဆို ထွက်ပြေးတာ
ကြာပေါ့..*ဟု ပြောလိုက်ချင်ပေမဲ့
အမေ့အခြေအနေကို သည်းခံပေးနိုင်တာက
ဒီတစ်အိမ်တည်းသာရှိ၍ ပြောချင်တာတွေကို
ပြန်မြိုချလိုက်ရသည်။
"အော်..ဒါနဲ့..ကြက်သားကစွပ်ပြုတ်အပြင်
ထပ်ချက်ထားသေးလား.."
"ချက်ထားပါတယ်.."
"အေး..အေး..ညည်းချက်ထားတယ်ဆိုပြီး
ညည်းအမေကို ပိုကျွေးမယ်တော့မကြံနဲ့နော်
သူ့အတိုင်းအတာနဲ့သူပဲ စားရမယ်..
.......
ကိုတင်မောင်က ထော်လာဂျီမောင်းရတော့
ပင်ပန်းတယ် သူ့အတွက်များများချန်ထား
ကလေးတွေအတွက်လည်း အသားလေးတွေ
ဖယ်ထားလိုက် အဲ့ဒါမှအားရှိမှာ..
........
အင်း..ဒီနေ့ကအရင်လို လူကသိပ်မလန်းတော့..
အတုံးတွေ လာမရေကြည့်တော့ပါဘူး..
ညည်းရော စားပြီးပြီလား.."
"မစားရသေးပါဘူး.."
"အေး..အေး..တို့တွေက ငန်ပိရည်၊တို့စရာနဲ့
စားလည်း ဘာမှမဖြစ်ပါဘူးအေ.."
* ချစ်ပန်းဝေကတော့ ငန်ပိရည်နဲ့ပဲစား..
* အဒေါ့်သားသမီးတွေနဲ့ယောက်ျားကိုတော့ ကြက်သားနဲ့ကျွေး*ဟု
ဆိုလိုချင်မှန်းသိပေမဲ့ တုန့်ပြန်လည်း
ကိုယ်ပဲ ခံရမည့်ဘ၀မို့ ဘာစကားမျှမဆိုပဲ
ငြိမ်၍သာ နေလိုက်သည်။
ချစ်ချစ်က ကိုယ်လွတ်ရုန်း၍
ရနိုင်ပေမဲ့ အမေကတော့မရပေ..
ဦးတင်မောင်နဲ့အမေက မောင်နှမအရင်းတွေဖြစ်၍
ဒေါ်ကြီးအနေနဲ့ ချစ်ချစ်ကိုသာနှိပ်ကွပ်လို့
ရပေမဲ့ အမေ့ကိုတော့အများကြီး မပြောနိုင်ပေ။
ဟိုက စိတ်ဝေဒနာသည်ဆိုတော့ ပြောလည်း
သူအလွန်ပဲ ဖြစ်မှာပေါ့။
*သည်းခံရမယ်..ချစ်ချစ်အားလုံးကိုသည်းခံပါ့မယ်
အမေအသက်ရှင်နေသ၍..အမေကျန်းကျန်းမာမာနဲ့
ရှိနေနိုင်သ၍ ချစ်ချစ်အများကြီးသည်းခံမှာပါ
.............
..အမေကချစ်ချစ်ရဲ့အရာအားလုံးဖြစ်သလို
ရှင်သန်ချင်စိတ်ဖြစ်စေတဲ့ မျှော်လင့်ချက်လည်း
ဖြစ်တယ်..ကိုယ့်ဘ၀ထဲကနေ
အမေပျောက်ကွယ်သွားခဲ့ရင် ချစ်ချစ်လည်း
ရှင်သန်ချင်စိတ် ကင်းမဲ့သွားလိမ့်မယ်..
...............
အမေဟာ ချစ်ချစ်ရဲ့ရှင်သန်ရာပါပဲ..
အမေဟာ ချစ်ချစ်ရဲ့အရာအားလုံးပဲ...**
🌺🌺🌺🌺🌺🌺🌺🌺
"ဒါဒါရေ..ဒီနေ့ဘာဟင်းချက်လဲ.."
"ဆူးပုတ်ရွက်ကို ပဲခြမ်းနဲ့ချိုချိုလေး
ချက်ထားတယ်..ပြီးတော့..တောပုဇွန်လေးတွေကို
ငရုတ်သီးစိမ်းလေးနဲ့ အစပ်ချက်ထားတယ်...
လယ်ကန်ဇွန်းလည်း ကြော်ထားတယ်.."
"ဟင်..အသားဟင်းလေးဘာလေး..
မပါဘူးလားဟ.."
ထက်ယံက ၀င်၍အထွန့်တက်လိုက်ရာ
ချက်ရပြုတ်ရသည့် ဒါဒါတစ်ယောက်
အနည်းငယ်စိတ်တိုသွားလေသည်။
ထို့ကြောင့် ထမင်း၊ဟင်းခူးပေးတာပါ
စေတနာမပါတော့ပဲ စားပွဲပေါ်ကို
ထမင်း၊ဟင်းပန်းကန်များအား အသံမြည်အောင်
စောင့်ချလိုက်တော့သည်။
"ဟဲ့ကောင်မလေး..ငါတို့ကိုထမင်းမကျွေးချင်လည်း
ဒဲ့ပြောပါဟယ်..ကျွေးပုံကျွေးနည်းက
မသိရင်ငါတို့က သူတောင်းစားတွေ
ကြနေတာပဲ.."
"သူတောင်းစားတွေက အဲ့လောက်ဂျီးမများဘူး
ကိုကြီးရဲ့..မနေ့ကတင် ၀က်သားနဲ့
စားပြီးပြီကို ထပ်ပြီးအသားလာတောင်းနေတယ်
ဒါကတောရှင့်..မြို့မဟုတ်ဘူး..နေ့တိုင်းအသားနဲ့
စားချင်နေရင်..၀က်ပေါ်တဲ့နေရာတိုင်းမှာ
ကင်းလိုက်စောင့်ပါလား.."
"ဒါဒါ..မရိုင်းရဘူးလေ.."
ထမင်းပွဲမှာ ညိမ်နေသောရှိုင်းက
၀င်ဟန့်လိုက်တော့မှ ဒါဒါတစ်ယောက်
ထက်ယံကို မျက်စောင်းထိုးကာ မီးဖိုချောင်ထဲမှ
ထွက်သွားလေတော့သည်။
"ရှိုင်း..မင်းညီမလေးကိုကြည့်ရတာ..
ငါ့ကို အမြင်မကြည်သလိုပဲနော်.."
"မင်းကလည်း လှည့်ပတ်ရစ်နေတာကိုကွ
စားစရာရှိတာစားပေါ့.."
"ဟာ..ငါကငါစားချင်တာလေးကို
ပြောတာလေကွာ..ငါကမင်းတို့လိုရုပ်ရှင်မင်းသား
မဟုတ်ဘူးလေ..အဲ့တော့အသီးအရွက်စိမ်းတွေ
စားပြီး ဝိတ်ချစရာလည်း လိုမှမလိုတာ..
နောက်ပြီး ငါကအသားဟင်းမပါရင်
ထမင်းမစားတတ်တာ မင်းလည်းသိရဲ့သားနဲ့..."
"ထက်ယံ မင်း..စကားတော်တော်များတာပဲကွာ..
ဒါကတောကွ..ငါ့လက်စာကိုမြည်းမလား
အခုချက်ချင်း ထိုင်စားမလား.."
"မင်းကလဲကွာ.."
"မင်းကလည်းလုပ်မနေနဲ့ စိတ်ညစ်လာရင်
ဟင်းပွဲတွေအကုန် မြောင်းထဲရောက်ကုန်လိမ့်မယ်"
"အေးပါကွာ..ထိုင်ပါပြီ..မင်းကလည်း
စိတ်ကြီးပဲ..သူခေါ်လို့လည်း လိုက်လာရသေးတယ်
ဧည့်၀တ်မကြေတဲ့အပြင် အိမ်ရှင့်မျက်နှာကြည့်ပြီး
ထမင်းလုတ်တောင် မြိုမကျတော့ဘူး.."
"ထက်ယံ..အခုချက်ချင်းမင်းပါးစပ်ကို
ထမင်းလုတ်နဲ့ ပိတ်ထားလိုက်တော့.."
ရှိုင်း၏ မျက်နှာအရိပ်အကဲကိုကြည့်လိုက်သည်နှင့်
နာခံမှုမရှိရင် တစ်ခုခုလုပ်တော့မည်ဆိုတာ
ကြိုသိနေ၍ ထမင်းဝါးသံတောင်
မထွက်မိအောင် ကြိတ်ဝါးနေရတော့သည်။
ရှိုင်းကတော့ ပုံမှန်ဆိုအကောင်းစားမှ
ကြိုက်တတ်သူဆိုပေမဲ့ သူ့အမေအိမ်က
ထမင်း၊ဟင်းတွေကိုကြ ချိုသည်၊ခါးသည်
လုံး၀မဝေဖန်ပေ။
မျက်နှာတော်တော်လိုက်တဲ့ကောင်..
🌺🌺🌺🌺🌺🌺🌺
"စန္ဒာရေ..အိမ်မှာအန်တီစံပယ်ရှိလား.."
"ဟော..မမချစ်ပန်းဝေပါလား..၀င်ခဲ့လေ..
ဒေါ်လေးတော့မရှိဘူး..ဘုန်းကြီးကျောင်းကို
ခဏသွားတယ်.."
ချစ်ပန်းဝေလည်း စန္ဒာက၀င်ခွင့်ပေးသည်နှင့်
အိမ်ထဲသို့ တစ်လုံးဆင့်ချိုင့်လေးကိုဆွဲကာ
လှမ်း၀င်လိုက်မိလေသည်။
ပြီးနောက် အိမ်ထဲသို့ဟိုကြည့်သည်ကြည့်လုပ်ကာ
တစ်ယောက်သောသူကို ရှာမိလေသည်။
"မမချစ်ပန်းဝေ..ဘာကိုရှာနေတာလဲဟင်.."
"ဟို..ဘာမှမဟုတ်ပါဘူး.."
"အင်း..လက်ထဲမှာလည်း တစ်လုံးဆင့်ချိုင့်နဲ့ပါလား
ဘာတွေလာပို့တာလဲ.."
"အော်..ဒါလား..ဒါကအိမ်မှာ
ကြက်သားချက်လို့လေ အန်တီစံပယ်အတွက်
တစ်ခွက်လာပို့တာ.."
"အင်း..မနေ့ကတင်ဒေါ်လေးက ကြက်သား
စားချင်တယ်လို့ ပြောနေသေးတယ်..
အတော်ပဲပေါ့..မီးဖိုခန်းထဲမှာ မမပဲ
လှယ်ထည့်ခဲ့လိုက်တော့နော်..မီးဖိုခန်းထဲမှာ
ဒါဒါနဲ့ မတည့်တဲ့လူရှိနေလို့..နော်"
"ဘယ်သူတွေရှိတာလဲ.."
"ဧည့်သည်နှစ်ယောက်ပါ မမချစ်ပန်းဝေရယ်..
သူတို့က ဟင်းဂျီးများနေလို့ ခုဏလေးတင်
ရန်ဖြစ်ခဲ့တာလေ..သူများချက်ကျွေးတာကို
မစားချင်ကြဘူးလေ..
အဲ့ဒါကြောင့်ပါ.."
"အေးပါ..ဒါဆို..အစ်မဘာသာပဲ
သွားလှယ်ထည့်လိုက်တော့မယ်.."
တစ်ဖက်တွင်တော့ အိမ်ရှေ့မှကြက်သားဟင်းလို့
စကြားလိုက်တည်းက ထက်ယံတစ်ယောက်
မျက်ခုံးတပင့်ပင့်နှင့် ကြက်သားဟင်းကို
မျှော်လင့်နေလေတော့သည်။
မီးဖိုချောင်ထဲသို့ ကောင်မလေး၀င်အလာကို
ဖင်တကြွကြွနှင့် စောင့်နေမိရာမှ
တံခါး၀ကနေ အရိပ်ကလေးတစ်ခု ဖြတ်သန်းပြီး
အထဲကို ၀င်လာသည့်အခါမှာတော့
သူအင်မတန် အံ့ဩသွားမိလေသည်။
"ဟေ့ကောင်..ရှိုင်း..ကောင်မလေးက
လှတယ်ဟ..."
မီးဖိုခန်းထဲတွင် ရင်းနှီးစွာသွားလာနေပြီး
ကြက်သားဟင်း လှယ်ထည့်နေသည့်
ကောင်မလေးကို ကြည့်၍ ထက်ယံမှာ
မနေနိုင်ပဲ ရှိုင်းကိုလက်တို့လိုက်မိသည်။
ထိုကောင်မလေးတော့ ဘယ်ကြားလို့
ဖြစ်ပါ့မလဲ...
"ရှိုင်းရေ..မင်းရဲ့အနောက်တည့်တည့်မှာကွ
နဲနဲလောက် လှည့်ကြည့်လိုက်ပါအုံး
မင်းရဲ့ပိုပိုထက် အများကြီးပိုလှတယ်နော်
မဟာဆန်တဲ့ နဖူးလေးနဲ့ညိုချောလေးကွ.."
"စိတ်မ၀င်စားဘူး..."
ရှိုင်းထိုင်နေသောနေရာသည် ကောင်မလေးကို
ကျောပေးလျှက်အနေအထား ဖြစ်နေလေရာ
ကောင်မလေး၏မျက်နှာကို မမြင်လို့ပဲ
ဒီစကားပြောသလား မသိပေမဲ့ သူ့မှာက
သူစေ့စပ်ထားသည့် လူရှိနေ၍ ထက်ယံလည်း
အပိုစကား ထပ်မပြောတော့ပေ..
"ကောင်းပြီလေ...မင်းစိတ်မ၀င်စားရင်လည်း
နေပေါ့..ငါတော့စိတ်၀င်စားတယ်...
ဟိ..ဟိ..မင်းတို့ရွာကိုအလည်လိုက်လာမိတာ
အချည်းနည်း မဖြစ်တော့ဘူးပေါ့.."
ရှိုင်းကို ခပ်တိုးတိုးပြောလိုက်ပေမဲ့ ရှိုင်းကတော့
တိတ်ဆိတ်၍သာနေပြီး သူဘယ်တုန်းကမှ
မစားခဲ့ဖူးသည့် ဆူးပုတ်ရွက်နှင့်ပဲဟင်းကို
နှိုက်မြည်းနေလေသည်။
ထက်ယံကတော့ နေရာမှထကာ ချောင်းတစ်ချက်
ဟန့်လိုက်သည်။
"အဟမ်း..အဟမ်း...ဟိုကညီမလေး..
ညီမလေးက ကြက်သားဟင်းလှယ်နေတာလား.."
"ဟင်..ဟုတ်ပါတယ်..ဘာဖြစ်လို့လဲမသိဘူး.."
ထက်ယံသည် သူ့မေးခွန်းကြောင့်
လှည့်ကြည့်လာသော မျက်၀န်းဝိုင်းဝိုင်းလေးများကို
မြင်လိုက်ရသည့်အခါ ပို၍ရင်ခုန်သွားလေသည်။
"ဟို..အစ်ကိုတို့လည်း စားလို့မရဘူးလားဟင်.."
"ရပါတယ်..အိမ်မှာကြက်သားကာလသားဟင်း
ချက်လို့ မင်းသားတို့ကိုရောစားစေချင်လို့
ယူလာပေးတာပဲလေ.."
"ဟင်...အစ်ကိုတို့ကို ညီမကသိတာလား.."
ရှိုင်းကသူမကို ကျောပေးပြီးထိုင်နေတာတောင်
ရုပ်ရှင်မင်းသားမှန်း တန်းသိလိုက်သောကြောင့်
ထက်ယံပို၍ အံ့ဩသွားလေသည်။
"သိတာပေါ့..မနေ့ညက အစ်ကိုတို့နဲ့ထော်လာဂျီ
အတူတူစီးခဲ့တာပဲလေ..မမှတ်မိစရာလား.."
"ဟင်..ဒါဆိုညီမက အဒေါ်ကြီးလိုပုံစံနဲ့
ချစ်ပန်းဝေဆိုတာလား.."
"ဟုတ်တယ်လေ..မနေ့ကအိမ်ကိုမိုးချုပ်မှ
ပြန်ရောက်ရင် အန္တရာယ်များလို့
တမင် သနပ်ခါးတွေအထူကြီးလိမ်းပြီး
ခေါင်းပေါင်းပေါင်းထားခဲ့မိတာ..
အစ်ကိုတို့ မမှတ်မိတာလည်း မထူးဆန်းပါဘူး.."
ကောင်မလေး၏အဖြေကြောင့်
ထက်ယံမအံ့ဩပဲမနေနိုင်တော့ပေ။
မနေ့ညကတင် ရုပ်ဆိုးဆိုးအဒေါ်ကြီးဟု
သူတို့ သတ်မှတ်ထားခဲ့သည့် ကောင်မလေးက
ယခုတော့ ကဗျာဆန်သည့် မဟာဆန်သူလေး
ဖြစ်၍နေသည်။
"ဒီကြက်သားဟင်းက ညီမကိုယ်တိုင်ချက်ထားတာ
စားကြနော်..အားနာစရာမလိုဘူး.."
ထမင်းစားပွဲပေါ်သို့ ကြက်သားဟင်းကို
လာချပေးသည့် ရှည်ရှည်သွယ်သွယ်
လက်ကလေးတစ်စုံရောက်လာလေးရာ
ရှိုင်းတစ်ယောက် သူ့မြင်ကွင်းရှေ့ရှိ
ချစ်ပန်းဝေကို မော့ကြည့်လိုက်မိလေသည်။
ထက်ယံကတော့ စတွေ့ရုံရှိသေးတာတောင်
ချောတယ်၊လှတယ်ဟု ပြောနေပေမဲ့
ရှိုင်းကတော့ လုံး၀အထင်မကြီးနိုင်ပေ။
မနက်အစောပိုင်းကတင် ကိုယ်တွေရဲ့
မျက်နှာချင်းဆိုင်အိမ်မှ သားအမိနှစ်ယောက်
ဒီကောင်မလေးကြောင့် ရန်ဖြစ်တာကို
ကြားခဲ့ပြီးသားမို့ ပွေရှုပ်တတ်သည့်
မိန်းကလေးမှန်း သိလိုက်ရ၍ ပိုရွံသွားမိသည်။
ဒါတင်မကသေးဘူး ရေကူးရင်းနှင့်
မတော်တဆပါဆိုသည့် အကြောင်းပြချက်ပေး၍
ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်ကို
အရှက်မရှိ လာထိကိုင်ကာ အားမနာတမ်း
ကြည့်ခဲ့သည်အထိ အရှက်မဲ့လွန်းသည်။
ပိုးဆိုးတာက မနေ့ကထော်လာဂျီပေါ်မှာ
ကိုယ့်ရဲ့ ကွယ်ဝှက်ထားသည့်ဘက်အခြမ်းကို
သိလိုက်သူမှာလည်း ဒီမိန်းကလေးဖြစ်နေခြင်းပဲ။
ဘာလို့ အမြဲတမ်းဒီကောင်မလေး
ဖြစ်နေရသလဲဆိုတာကို မတွေးတတ်တော့ဘူး။
"မင်းဘာလာလုပ်တာလဲ.."
ရှိုင်းလည်း ကောင်မလေးကိုဘုကြည့်ကြည့်ကာ
ဒဲ့တိုးပဲ မေးပစ်လိုက်သည်။
"အိမ်မှာကြက်သား ကာလသားဟင်းချက်လို့
မင်းသားတို့ကို စားစေချင်လို့လာပို့တာပါ.."
ရှိင်းသည် သူ့ဘက်မှ ဘုဘောက်ပုံစံနှင့်
မေးလိုက်ပေမဲ့အပြုံးမပျက်ပဲ
ပြန်ဖြေသောသူမကြောင့်
ပို၍ စိတ်အလိုမကျတော့ပေ။
ကိုယ့်ကိုရုပ်ရှင်သရုပ်ဆောင်မှန်းသိလို့
ဟန်ဆောင်ပြီး လာကပ်နေတာပဲဟု
သတ်မှတ်လိုက်မိပြီးသား ဖြစ်သွား၍
သူမအပေါ် ဘယ်လိုမှအမြင်မကြည်နိုင်တော့ပေ။
"ကျွန်တော်က ကြက်သားမကြိုက်ဘူး.."
"သူမကြိုက်လည်း အစ်ကိုကြိုက်တယ်...
သူမစားလည်း အစ်ကိုစားမယ်နော်.."
"ဟုတ်ကဲ့ပါ..ဒါဆိုညီမသွားလိုက်ပါအုံးမယ်.."
"ဟင်..သွားတော့မလို့လား.."
"ရှင်.."
ထက်ယံလည်း ကောင်မလေးကို
မသွားစေချင်ပေမဲ့ ဆွဲထားရအောင်လည်း
အရမ်းမခင်သေးတော့ နဲနဲကိုးရို့ကားယား
နိုင်သလို ခံစားလိုက်ရသည်။
"ဟို ညီမကဒီရွာမှာပဲ နေတာလား.."
"ဟုတ်ပါတယ်..အစ်ကိုတို့အိမ်နဲ့ သိပ်မဝေးဘူး
..ဘာဖြစ်လို့လဲဟင်.."
"အော်..ဘာမှမဖြစ်ပါဘူး..သွားလို့ရပါပြီ.."
ထက်ယံလည်း မတတ်နိုင်တော့ပဲ ကောင်မလေးကို
သွားခိုင်းလိုက်ရလေတော့သည်။
ပြီးနောက် ထိုင်ခုံမှာပြန်ထိုင်ကာ
ကြက်သားတုံးလေးကို ခပ်စားကြည့်လိုက်တော့
အရသာကရှယ်ပဲ..
"ဟေ့ကောင်ရေ..ကြက်သားဟင်းလေး
စားကြည့်ပါလား..အရသာကရှယ်ပဲကွ.."
"မင်းဘာသာစား..ငါမစားဘူး.."
"အေးပါ..မစားလည်းနေပေါ့..ချစ်ပန်းဝေလေး
ချက်ထားတာကို ငါတစ်ယောက်တည်းပဲ
စားချင်တာနဲ့ အတော်ပဲဖြစ်သွားတာပေါ့.."
"ထက်ယံ အခုမှတွေ့တဲ့ကောင်မလေးကို
သွားမရောနဲ့နော်..မနက်ကတင်အိမ်ရှေ့က
သားအမိ အဲ့ကောင်မလေးကြောင့်
ရန်ဖြစ်နေတာကို မင်းလည်းကြားလိုက်တယ်
မဟုတ်လား.."
"မင်းကလည်းကွာ သေချာပြန်တွေးကြည့်တော့
ကောင်မလေးက ဒီလောက်လှပြီးဒီလောက်
သိမ်မွေ့တဲ့ပုံစံလေးဖြစ်နေတာ ဟိုအဖွားကြီး
သူ့သားနဲ့ သဘောမတူလို့လျှောက်ပြောတာ
နေမှာပေါ့..မင်းစဉ်းစားကြည့်ကွာ
ဒီလောက်လှတဲ့ မိန်းကလေးကို ကြိုက်တဲ့လူတွေက
သေချာပေါက် ရှိမှာပေါ့.."
"မင်းပါးစပ်က လှတယ်..လှတယ်နဲ့
ဘယ်နားကလှတာလဲ..ပိုကိုပိုတယ်..
နောက်ရက်နည်းနည်း နေပြီးရင်ပြန်ရမှာကိုပဲ
တွေးထား.."
"မင်းကလည်းကွာ..ပြန်ရလည်းဘာဖြစ်လဲ
ဒီကြားထဲမှာရအောင်လိုက်မှာပေါ့
နောက်ပြီး ချစ်ပန်းဝေလေးက ဒီလောက်လှတာကို
မင်းက ဘာဖြစ်နေတာလဲ..
........
အသားလေးက နည်းနည်းညိုနေပေမဲ့
မဟာနဖူးလေးနဲ့ မျက်နှာလေးကလည်း
ငါ့လက်တစ်ဖဝါးစာပဲ ရှိမလားမသိဘူး
သေးသေးလးရယ်..
.........
နှာတံလေးကစင်းနေပြီး
မျက်လုံးလေးကလည်း သမင်ပျိုလေးလိုပဲကွာ
ကြည်လဲ့နေရော..အဓိကအလှဆုံးကတော့
သူ့ရဲ့ နှုတ်ခမ်းလုံးလုံး ပြည့်ပြည့်လေးတွေပဲ
တစိမ့်စိမ့်ကြည့်လေ လှလေပဲသိလား
မင်းရောသူ့ကိုလှတယ်လို့ မမြင်ဘူးလား..."
"ငါကမင်းလို တွေ့ရာလိုက်ဘူးနေတဲ့ကောင်မှ
မဟုတ်တာ.."
"အံမယ်..အေးပါ..မင်းမကြိုက်ရင်ပိုတောင်
ကောင်းသေးတယ် ငါ့အတွက်ပြိုက်ဘက်
တစ်ယောက်လျော့တာပေါ့..ဒါနဲ့
ဒီကြက်သားဟင်းလေး စားကြည့်ပါလား
တောချက်ကလေးကွ..လက်ရာကောင်းတယ်.."
"မင်းပဲစားတော့ ငါတော်ပြီ.."
ရှိုင်းလည်း ထက်ယံနှင့်အတူ ထမင်းဆက်စားရင်
နားပိုညီးရမည်ကိုသိ၍ ထမင်းပန်းကန်ကို
ဆေးခဲ့ကာ အပြင်ထွက်လာခဲ့လိုက်သည်။
"သားရေ..ထမင်းစားရတာအဆင်ပြေရဲ့လား.."
"ဟာ..အမေပြန်ရောက်နေပြီလား.."
ထမင်းစားခန်းထဲမှ ထွက်လိုက်သည်နှင့်
အမေ့ကို တွေ့လိုက်ရ၍ သူ၀မ်းသာသွားမိသည်။
မနက်မိုးလင်းတည်းက အမေဆိုသည်မှာလည်း
ဟိုအိမ်လည် ဒီအိမ်လည်နှင့် အတူအေးဆေး
စကားပြောရသည်ကို မရှိပေ။
"အမေ..အပြင်မသွားတော့ဘူးမဟုတ်လား.."
"မသွားတော့ပါဘူး.."
"ဒါဆိုရင်..ကျွန်တော်ခဏနားပြီး လေ့ကျင့်ခန်း
လုပ်လိုက်အုံးမယ်..ပြီးရင်သားတို့
ခဏလောက် စကားပြောကြရအောင်.."
"ကောင်းပြီလေ..အမေတီဗွီကြည့်ရင်းနဲ့
စောင့်နေမယ်.."
အမေ့ကို ခေါင်းငြိမ့်ပြခဲ့လိုက်ပြီး အပေါ်ထပ်သို့
တက်လာခဲ့လိုက်ကာ အေးအေးလူလူပဲ
အခန်းထဲသို့ ၀င်လာခဲ့မိပေမဲ့ အခန်းထဲသို့
ရောက်သည်နှင့် မထင်မှတ်ထားသည့်
မြင်ကွင်းကို မြင်ရလိမ့်မည်ဟုတော့
မထင်ခဲ့မိပေ။
"မင်း..ဒီအခန်းထဲကို ဘယ်လုပ်ဖို့၀င်လာတာလဲ.."
သူအသံပေးလိုက်သည်နှင့် အခန်းတံခါး၀သို့
အထိတ်ထိတ်အလန့်လန့်နှင့် လှမ်းကြည့်လိုက်သော
မျက်၀န်းဝိုင်းလေးတွေကို မြင်လိုက်ရလေသည်။
"ကျွန်မ..အခန်းတမင်၀င်လာတာမဟုတ်ပါဘူး
ပြန်ထွက်ပေးပါ့မယ်..."
"ငါကယုံမယ်ထင်နေလား.."
ရှိုင်းသည် ထိုကောင်မလေးကို
တရားခံတစ်ယောက်လို စူးစူးရဲရဲကြည့်ပစ်လိုက်ပြီး
တံခါးကို အသံမြည်အောင်ပိတ်ချပစ်လိုက်သည်။
ကောင်မလေးကတော့ ပခုံးလေးတွေ
တုန်တက်သွားပြီး ကြောက်ရွံ့သည့်သဏ္ဍန်
ပြောင်းသွားပေမဲ့ ရှိုင်းကတော့ရှေ့သို့သာ
ခြေလှမ်းတိုးသွားလိုက်သည်။
"ပြောစမ်း..ဘာရည်ရွယ်ချက်နဲ့ငါတို့အခန်းထဲကို
၀င်လာတာလဲ.."
"ဟင့်အင်း..ကျွန်မမှာဘာရည်ရွယ်ချက်မှ
မရှိဘူး..ရှင့်အမေခိုင်းလို့ ငှက်ပျောသီးဖီးကြမ်း
လာထားဖို့၀င်မိတာပဲရှိတာ
..ကျွန်မအခုသွားတော့မယ်.."
"နေအုံး..ငါမင်းကိုသွားခွင့်ပြုသေးလို့လား.."
အခုမှ ဆင်ခြေအမျိုးမျိုးထုတ်ပြီး
အိန္ဒြေရှင်ကြီးကဲ့သို့ အရှက်အကြောက်
ကြီးနေဟန်ဆောင်ကာ ထွက်ပြေးဖို့ကြံနေသည့်
ချစ်ပန်းဝေကို ပခုံးနှစ်ဖက်မှဖမ်းဆွဲပြီး
တရားခံတစ်ယောက်လို ကြည့်ပစ်လိုက်သည်။
"ရှင်ဘာလုပ်တာလဲ..ကျွန်မအသားကိုမထိနဲ့နော်
မကြိုက်ဘူး.."
"အပိုတွေလာပြောမနေနဲ့..ဒီအခန်းထဲကို
မင်းဘာရည်ရွယ်ချက်နဲ့ ၀င်လာတာလဲ
တစ်ခုခုခိုးဖို့ ကြံနေတာဆိုရင်တော့
ငါမင်းကို ရွာလူကြီးနဲ့တိုင်ရလိမ့်မယ်..."
"ရှင်မိုက်ရှိုင်းလှချည်လား..."
(အခန်း၇)ဆက်ရန်ရှိသည်...
🌺🌺🌺🌺🌺🌺🌺🌺🌺
ရှိုင်းကတော့ စလာတည်းက
ချစ်ချစ်ကို အထင်လွဲနေပြီ
(တစ်ခုလောက်ပြောချင်ပါတယ် Facebookမှာ
အခန်း(၃)အထိ တင်နေပေမဲ့
အပိုဒ်အရှည်ကြီး တင်လို့မရတာကြောင့်
Fbမှ(အခန်း၃)ဆိုရင် TNHရဲ့အခန်း(၂)
လောက်ပဲ ရောက်သေးတာပါနော်.."

ချစ်ပန်းဝေလည်းသနားပါတယ်။မင်းသားကိုဇာတ်ကားထဲမှာကိုကြိုက်လွန်းလို့ပိုက်ဆံစုပီပုံတွေဝယ်လိုက်ရတာ။မင်းသားကအထင်သေးတာခံရသေးတယ်စိတ်မကောင်းလိုက်တာချစ်ပန်းဝေရယ်
ReplyDeleteအစဆုံးမရဘူးလားဝယ်ဖတ်ဆိုလည်းဝယ်ဖတ်မယ်လေး
ReplyDeleteမရသေးပါဘူး
Deleteမမြင်ရင်ချောင်းကြည့်
ReplyDeleteထင်တိုင်းကျဲ အနာမခံနိုင်ဘူးရယ်
ကျေးဇူးပါရှင်
ReplyDeleteဖတ္မရပါ
ReplyDeleteဆူးကြိုးလိုတော့အံု့ဘုန်းလုပ်ပီးနောက်ဆုံးမှချစ်တယ်မလုပ်နဲ့နော် စောစောလေချစ်ပေးလိုက်ပါ ဒီတစ်ခါ
ReplyDeleteတော့ မြန်မြန်ချိုပေး
နေ့တိုင်းမျှော်နေဝာာ တစ်ပုဒ်တစ်ပုဒ်စောင့်ရတာအကြာကြီးဘဲ
ReplyDeleteဆရာမရေ အပိုင်းအသစ်လေးကမတင်သေးဘူးလား တပတ်လောက်ဖြစ်နေပြီမျှော်နေရတာ😴😴
ReplyDeleteအပိုင်းကဆက်မတင်တော့တာလားဟင်
ReplyDelete