🌺အခန်း(၅)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"အောက်...အီး..အီး..အွတ်.."
မနက်လေးနာရီထိုးသည်နှင့်
အိမ်ရှေ့ခြံစည်းရိုးပေါ်မှ ကြက်ဖကြီးက
အမောက်တထောင်ထောင်နှင့် ထ၍
တွန်လေသည်။
အိပ်ကောင်းနေသော ချစ်ပန်းဝေကတော့
ကြက်တွန်သံကြားပေမဲ့ ထဖို့အားမယူနိုင်သေးပေ။
ထို့ကြောင့် အကြီးမလှိုင်ကပဲ ချစ်ပန်းဝေကို
အတင်းဆွဲထူရတော့သည်။
"ချစ်ချစ်ရေ..ထတော့လေ..တော်ကြာ
အမေဆူနေပါအုံးမယ်.."
"မမလှိုင်ကလည်း အိပ်လို့ကောင်းနေတဲ့ဥစ္စာကို"
"အိပ်လို့ ကောင်းမနေနဲ့ အမေက
နေသိပ်မကောင်းလို့ တို့မြန်မြန်ချက်ပြုတ်ပြီး
လုပ်စရာရှိတာ လုပ်ရမယ်လေ..
တော်ကြာသူနိုးလာလို့ ဘာမှအဆင်သင့်
မဖြစ်သေးရင် ငါကလွတ်တယ်..နင်သာ
အဆူခံရမှာ.."
"အင်းပါ..ထပြီ..ထပြီ..."
မျက်လုံးတွေကို ဖိပွတ်ပြီးခြင်ထောင်အပြင်ဘက်သို့
ထွက်လိုက်စဉ်မှာတော့ ဖယောင်းတိုင်၏
အလင်းရောင်ကြောင့် အခန်းလေးက
မှိုင်းပျပျလေး လင်းနေလေသည်။
အမေ့ကို တစ်ချက်ကြည့်လိုက်တော့
အမေက အိပ်ပျော်နေသေးသည်။
ထို့ကြောင့် အမြန်ထကာ အိမ်ဘေးမှာရှိသည့်
စဉ့်အိုးဘေးသို့သွားပြီး သွားတိုက်၊မျက်နှာသစ်ကာ
အခန်းထဲသို့ ပြန်၀င်လာခဲ့လိုက်သည်။
"ဗိုက်ဆာတယ်...ချစ်ချစ်..ငါဗိုက်ဆာတယ်.."
ကျစ်စံမြှီးကျစ်နေတုန်းမှာပဲ အမေကနိုးလာပြီး
နှုတ်ခမ်းကြီးဆူကာ ဗိုက်ဆာကြောင်း
အချက်ပြနေလေသည်။
အမေက စိတ်ဝေဒနာသည်ဆိုပေမဲ့
သွက်သွက်ခါအောင် ရူးသွပ်နေသူတော့မဟုတ်ပေ။
သူဗိုက်ဆာရင်လည်း ပြောပြသလို
သူဖြစ်ချင်တဲ့ ဆန္ဒလေးတွေကိုလည်း
ဖော်ပြတတ်သည်။
သို့ပေမဲ့ သူ့အပြုအမူတွေကတော့ လူကြီးမဆန်ပဲ
ကလေးတွေလို ဖြစ်၍နေသည်။
"ဟင်းတော့ မချက်ရသေးဘူး ခဏနေ
ထမင်းကျက်ရင် ထမင်းကျော်ပေးမယ်နော်
စားမလား.."
"ဟင်..နင်ကလည်း..ငါကအခုဗိုက်ဆာနေတာကို..
အခုချက်ချင်းမကျွေးဘူးနော်..စိတ်ပုပ်လိုက်တာ.."
လက်ညှိုးတထိုးထိုးနှင့် စိတ်ကောက်နေသော
အမေ့ကြောင့် ချစ်ပန်းဝေလည်း
ပြုံးလိုက်မိလေသည်။
"အမေကလည်း..သမီးကအစွမ်းရှိတဲ့
လူမှမဟုတ်တာ..ချက်ချင်းလုပ်လို့ဘယ်ရပါ့မလဲ
နဲနဲတော့ စောင့်ပေးရမှာပေါ့...
သဲသဲတုန်တို့ ယုယချစ်တို့ကိုတောင်
ကျွေးတာမဟုတ်ဘူး..
အမေ့တစ်ယောက်တည်းကိုပဲ..ကျွေးမှာလေ"
"ဟုတ်လား..သူတို့မစားရဘူးဆိုတော့
ပျော်လိုက်တာ..ငါစောင့်ပါ့မယ်..
ဒါပေမဲ့ နှစ်ယောက်စာတော့ပြင်ပေးနော်
နင့်အဖေက ထမင်းကြော်ဆိုသိပ်ကြိုက်တာ.."
အဖေဆိုသော နာမ်စားကိုအမေကိုယ်တိုင်
ပြောလိုက်သောကြောင့် အမေ့ကိုထူးဆန်းစွာ
ကြည့်လိုက်မိသည်။
အမေ့မျက်၀န်းတွေကတော့ ကလေးတစ်ယောက်လို
ကြည်လဲ့နေလေသည်။
အိမ်မီးလောင်ပြီး အဖေမီးထဲကိုပါသွားတဲ့
နေ့တည်းက အမေ့အခြေအနေဟာ ကြာလေ
ဆိုးလေ ဖြစ်လာခဲ့ပေမဲ့ နောက်ပိုင်းမှာ
ကိုယ်က အမေ့အနားမှာအနီးကပ်နေပေးခဲ့လို့
အရင်လောက် အခြေအနေမဆိုးတော့ပေ။
အရင်လို ကလန်ကဆန်မလုပ်တော့ပဲ
ဆေးကုသမှုကို လက်ခံပေးလာလို့
အမေ့အခြေအနေတွေ တိုးတက်လာတာထင်ပါရဲ့။
အဖေ့ကို မမှတ်မိသေးသော်ငြားလည်း
သူ့ရဲ့မသိစိတ်မှလှုံ့ဆော်မှုကြောင့်
အဖေဆိုတဲ့ စကားကိုပြောထွက်လာတာနဲ့တင်
၀မ်းသာစရာကောင်းနေပါပြီ။
"အမေ..အဖေ့ကိုမှတ်မိပြီလားဟင်.."
အရင်အကြောင်းတွေ ပြန်တွေးမိတဲ့အခါ
အလိုလို၀မ်းနည်းလာမိ၍ မျက်ရည်လေးဝိုင်းကာ
မေးလိုက်တော့ အမေကချက်ချင်းပဲ
ခေါင်းငြိမ့်ပြလာသည်။
"မှတ်မိတာပေါ့ဟဲ့..အဖေဆိုတာ..အိမ်ရှေ့က
ကြက်ဖကြီးရဲ့နာမည်လေ.."
"ဟာ..အမေကလည်းလုပ်ပြီ.."
ချစ်ပန်းဝေအဖို့ အမေ့စကားကြောင့်
ငိုရမှာလိုလိုနှင့် ရယ်လိုက်မိလေသည်။
အမေက စိတ်ပုံမှန်မဟုတ်ပေမဲ့
တအားချစ်ဖို့ကောင်းတယ်။
"ကဲ..ထမင်းကြော်စားချင်ရင်
မျက်နှာသစ်၊သွားတိုက်ရမယ်နော်.."
"ဟင်..သွားမတိုက်ချင်ပါဘူး.."
"သွားမတိုက်လို့မရဘူးလေ..သွားမတိုက်ရင်
သွားပိုးတွေစားပြီး..
သွားတွေကျွတ်ထွက်လိမ့်မယ်နော်..
အဲ့ခါကြ..ထမင်းကြော်ဘယ်လိုစားမလဲ.."
"အင်း..ဟုတ်သားပဲနော်...တိုက်မယ်..တိုက်မယ်
သွားပိုးတွေကုန်သွားတဲ့အထိ တိုက်ပစ်မယ်.."
ဒီတစ်ခါတော့ ရှင်းပြရတာ တစ်ခါတည်းနှင့်
ရသွား၍တော်သေးသည်။
တစ်ခါတစ်လေဆို အတင်းငြင်းဆန်လို့
ရှင်းပြရတာ မောနေတာပဲ။
ကိုယ်က သမီးဆိုပေမဲ့ အမေကိုကလေးလိုမျိုး
သွားလေရာ လိုက်စိတ်ပူနေရတာလည်း
အလုပ်တစ်လုပ် ဖြစ်၍နေသည်။
🌺🌺🌺🌺🌺
အမေ့ကို မျက်နှာသစ်၊သွားတိုက်ဖို့
ကူညီပေးပြီးနောက် မီးဖိုချောင်ထဲသို့
၀င်လိုက်တော့ မမလှိုင်ကထမင်းအိုးတည်၍
အလုပ်ရှုပ်နေလေသည်။
ထို့ကြောင့် ချစ်ပန်းဝေလည်း မနေ့ကမဆေးပဲ
ထားထားသည့် အိုးခွက်၊ပန်းကန်များအား
ဆေးဖို့ ယူလိုက်ကာ ထထွက်လာဖို့
ဟန်ပြင်လိုက်သည်။
ထမင်း၊ဟင်းတွေ ချက်ပြီးတဲ့အခါ
ကြက်စာကျွေး၊၀က်စာကျွေးတာအပြင်
နွားစာပါကျွေးရအုံးမည်ဖြစ်သည်။
မမလှိုင်က ထမင်းချက်ပြီးရင်
သူ့လုပ်အားခနှင့် သူ၀ယ်ချင်တာ၀ယ်ရအောင်
သူများလယ်မှာ ကောက်သွားရိတ်တတ်သည်။
ထို့ကြောင့် မမလှိုင်မရှိတဲ့အခါ ဒီအိမ်၏
ကိစ္စအ၀၀ကို အကူမပါပဲ ဖက်ဖက်မောအောင်
လုပ်ရတော့တာပေါ့။
"ချစ်ချစ်ရေ..ပန်းကန်တွေဆေးတာကို
ငါလုပ်လိုက်မယ်..နင်ကအမေ့အတွက်
ကြက်သားဆန်ပြုတ်လုပ်ဖို့ ပြင်တော့လေ
ပန်းကန်ဆေးပြီးရင် ငါရေနွေးအိုး
တည်ပေးထားခဲ့မယ်..ဒါပေမဲ့
အေးရီတို့ကလာခေါ်တဲ့အခါ
ငါလိုက်သွားရမှာမို့လို့
ကြက်မွှေးဝိုင်းမနှုတ်ပေးအားတော့ဘူးဟယ်.."
"ရပါတယ်မမလှိုင်ရယ်..အဲ့ဒါဆိုပန်းကန်တွေကို
ဒီမှာထားခဲ့ပြီနော်..ကြက်တစ်ကောင်
သွားဆွဲလိုက်အုံးမယ်.."
"အေး..အေး..အရမ်းလည်းဆူမနေနဲ့အုံးနော်..
အမေထအော်နေအုံးမယ်.."
"စိတ်ချပါ.."
အစ်မ၀မ်းကွဲ ယုယလှိုင်ကိုနှုတ်ဆက်ပြီး
မီးဖိုချောင်ထဲမှထွက်ကာ ကြက်တွေရှိသည့်
နေရာသို့ ရောက်လာခဲ့ပေမဲ့ ကြက်ကိုဖမ်းဖို့ရာ
အခက်တွေ့နေသည်။
အဘယ်ကြောင့်ဆိုသော ချစ်ချစ်ဖမ်းချင်သော
ကြက်မှာ ခြံထဲ၌အစာလှည့်ကောက်နေသော
ကြက်မနှင့် ကြက်သားပေါက်လေးတွေ
မဟုတ်ပဲ ခြံစည်းရိုးပေါ်တွင်
အမောက်တထောင်ထောင်နှင့် သွားနေသော
ကြက်ဖကြီးကိုဖြစ်သည်။
"ဟဲ့..ကြက်ဖ..နင်ညိမ်ညိမ်နေစမ်း..
နင့်ကိုဖမ်းရတာ ချွေးတောင်ထွက်တယ်.."
ပါးစပ်မှလည်း တတွတ်တွတ်ပြောရင်း
ကြက်ဖကြီးကို လိုက်ဖမ်းနေမိပေမဲ့
ကြက်မွှေးတွေကိုသာ ဖမ်းဆုပ်မိပြီး
ကြက်ဖကြီးက တော်တော်နှင့်လက်ထဲသို့
ရောက်မလာပေ။
"ချစ်ချစ်ရေ...နင်ဘာလုပ်နေတာလဲ.."
"အော်..ထွန်းသူ..ဘာကိစ္စရှိလို့လာတာလဲ.."
"ငါတို့အိမ်မှာ ညတည်းကငါးတွေရောက်နေတာ
နင်ဘာလို့ လာမခုတ်တာလဲ..
ဟင်းစားမလိုချင်တာ့ဘူးလား..နင်ကြိုက်တဲ့
ငါးခုံးမတွေအများကြီး ပါလာတယ်နာ်.."
"တော်ပါပြီဟယ်..ငါးလိုက်ခုတ်ဖို့မပြောနဲ့
ဒီမှာ ကြက်သားဟင်းချက်ဖို့တောင်
ကြက်ကို မနဲလိုက်ဖမ်းနေရတာ..
နင်ရောက်နေတာနဲ့အတော်ပဲဟာ..
ငါ့ကို ကြက်ဖမ်းပေးသွားစမ်းပါ.."
"ဟမ်.."
"လာပါဟာ..လုပ်ပါ..အဲ့ဒီ့ကြက်ကိုဖမ်းနိုင်ရင်
ငါ..ငါရည်းစားထားချင်တဲ့အခါ
နင့်ကိုထိပ်ဆုံးက စဉ်းစားပေးမယ်.."
"နင်တကယ်စဉ်းစားပေးမှာလား..."
"လိမ်ပြောစရာလား ကြက်ဖကိုသာ
အရင်မိအောင်ဖမ်း.."
ထွန်းသူဆိုတာ ချစ်ပန်းဝေကို သဘောကျ၍
ရည်းစား စကားပြောထားသူဖြစ်လေသည်။
တောမှာ လယ်အလုပ်၊တံငါအလုပ်သာ
လုပ်သည့်အတွက် အသားကတော့ညိုစိမ့်နေပြီး
လက်မောင်သားပေါ်တွင်လည်း
မြွေနဂါးအရုပ်ထိုးထားသူဖြစ်သည်။
ရုပ်ရည်ချောသည်ဆိုတာထက် နှာတံစင်းစင်းနှင့်
ထူထဲသော မျက်ခုံးတို့ရှိကာ
အရပ်ငါးပေကိုးလက်မလောက်ရှိသည့်အတွက်
အရပ်ရှည်သော ကာလသားထဲတွင်
ပါ၀င်လေသည်။
ချစ်ပန်းဝေကို နှနှစ်ကျော်လောက်ကြာသည်အထိ
ခံနိုင်ရည်အားကောင်းစွာ လိုက်ပိုးပန်းနေခဲ့ပေမဲ့
ချစ်ပန်းဝေကတော့ ရည်းစားထားချင်စိတ်
မရှိသေးလို့ပါဆိုကာ ရိုးရိုးတန်းတန်း
ငြင်းပစ်ခဲ့လေသည်။
သို့ပေမဲ့ ထွန်းသူဟာလုံး၀လက်မလျော့ပဲ
တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို
ပိတောက်ဆိုသလို ချစ်ပန်းဝေအား
အမြဲ၀န်းရံကာ စောင့်ရှောက်နေလေ့ရှိသည်။
"ချစ်ချစ် နင်စဉ်းစားပေးမယ်ဆိုတာကို
မယုံပေမဲ့ နင်သာအလိုရှိရင်လေ
ငါက မိုးကောင်းကင်ပေါ်က
နေမင်းကြီးကိုတောင်
ခုန်တက်ပြီး ဒူးနဲ့တိုက်ပစ်မဲ့လူမျိုးပါဟာ.."
"အေးပါ..ဒူးနဲ့တိုက်ချင်ရင်နောက်မှတိုက်
အခုတော့..
ဖမ်းစရာရှိတာမြန်မြန်ဖမ်းစမ်းပါဟဲ့..
"ဒါနဲ့ချစ်ချစ်..အဲ့ဒီ့ကြက်ဖက
နင့်အစ်ကိုလှိုင်မြင့်ဦးရဲ့ ကြက်ဖမဟုတ်လား.."
"အေးလေ..ဘာဖြစ်လို့လဲ.."
"ဟာ..နင်ကလည်း..နင့်အစ်ကိုရဲ့ကြက်ဖဆိုရင်
ငါမလုပ်ရဲဘူးနော်..သူကလက်ရဲဇက်ရဲဟ..
သူကြက်ဖကို ငါဖမ်းပေးမှန်းသာသိရင်
ငါ့ကိုသတ်လိမ့်မယ်.."
"ဟင်..နင်ပဲခုဏကပြောတော့..
မိုးကောင်းကင်ပေါ်က နေမင်းကိုတောင်
ဒူးနဲ့တိုက်ပေးမှာဆို..အခုကြမှ
လှိုင်မြင့်ဦးရဲ့ ကြက်ဆိုတာနဲ့ဒူးတောင်
ကြောက်နေရသလားဟဲ့..
......
ထွန်းသူ..နင်ဘာလို့အဲ့လောက်တောင်
သူရဲဘောကြောင်နေရတာလဲ...
အဲ့ဒါကြောင့်မို့ ငါနင့်ကိုပြန်မကြိုက်တာသိလား..
ဖယ်..နင်မဖမ်းရဲရင်..ငါပဲဖမ်းတော့မယ်.."
"အဲ့လိုတော့ စိတ်မဆိုးပါနဲ့ဟာ..ငါဖမ်းပေးပါ့မယ်
ဒါပေမဲ့ အစ်ကိုလှိုင်မြင့်ဦးကိုတော့
ငါလုပ်ပေးတာလို့ သွားမပြောနဲ့နော်.."
"ပြောစရာလား..ဖမ်းစရာရှိတာဖမ်းပေး..
ပြီးရင်တစ်ခါတည်း ကြက်ကိုင်ပေးခဲ့အုံး.."
"အေးပါဟာ..အစ်ကိုလှိုင်မြင့်ဦးကိုသာ
နင်သွားမပြောနဲ့နော်.."
"ဟာ..မပြောပါဘူးဆို..စကားကိုရှည်တယ်
နင်နဲ့ပြောနေရတာနဲ့ မိုးလင်းတော့မယ်.."
ထွန်းသူလည်း ချစ်ပန်းဝေဆီမှ အဖြေပြန်ရဖို့အရေး
ခြံစည်းရိုးပေါ်က ကြက်ကိုလိုက်ဖမ်းရလေတော့သည်။
ကြက်ဖမ်းပေးရရုံတင်မကပဲ အစစ်အနေနဲ့
ကြက်ပါကိုင်ပေးပြီး အမွှေးကူနှုတ်ပေးလိုက်ရလေသည်။
အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ အမေက
ခါးထောက်ပြီး တန်းဆူပါတော့တယ်။
"ဟဲ့ထွန်းသူ..နင့်ကိုငါးခုတ်မဲ့လူတွေ ရွာထဲမှာ
လိုက်ခေါ်ခိုင်းရုံလေးတင်ကို ဘာလို့
ဒီလောက်ကြာနေရတာလဲ.."
"ဟိုလေ..ချစ်ချစ်တို့အိမ်မှာ
ကြက်ကူဖမ်းပေးခဲ့ရလို့ပါ..."
ထွန်းသူသည် ရိုးရိုးအအသမားဖြစ်၍
အမေ့ကိုလည်း မလိမ်ပဲအမှန်အတိုင်း
ပြောမိသွားလေသည်။
ထိုအခါ ဒေါ်မေသူတစ်ယောက်
တအံ့တဩဖြစ်ကာ စိတ်ဆိုးဆိုးနှင့်ထွန်းသူကို
ခေါင်းခေါက်ပစ်လိုက်တော့သည်။
"အမေကလည်း..ဘာလို့သားကို
ခေါင်းခေါက်ရတာလဲ..."
"ခေါက်မှာပေါ့..ငါကနင့်ကိုအသက်နဲ့ရင်းပြီး
မွေးထားရတာတောင် နင်ကဒီအမေရဲ့စကားကြ
မေ့ပစ်ပြီး..သူများအိမ်မှာကြက်သွားဖမ်းနေတာလေ
ခေါင်းခေါက်ရုံတင်မကဘူး
အမွှေးတစ်မွှေးမှ မကျန်အောင်ကို
ဆွဲနှုတ်ပစ်ချင်တာဟဲ့သိရဲ့လား..."
"အမေကလည်း သူများကမိန်းကလေးဆိုတော့
ကြက်ဖမ်းတာ အခက်အခဲဖြစ်နေလို့
ကူညီပေးလိုက်မိတဲ့ဥစ္စာကို ဘာလို့ဒီလောက်
အပြစ်လိုက်ပြောနေရတာလဲ..
အမေတို့က အကုသိုလ်အလုပ်ကြီးပဲလုပ်နေလို့
သားက ကုသိုလ်ယူပေးခဲ့တဲ့ဟာကို.."
"အောင်မယ်..နင်ပြောချင်တဲ့သဘောက
ငါအခုလုပ်နေတာတွေက အကုသိုလ်
အလုပ်တွေပေါ့လေ.."
"မဟုတ်လို့လား..ငါးတွေကိုပိုက်ချပြီး
ပြန်ရောင်းတာက အကုသိုလ်ပဲကို..."
"ထွန်းသူ နင့်ပါးစပ်ပေါက်ကိုပိတ်လိုက်ရင်
ကောင်းမယ်နော်..နင်ကသူများအတွက်နဲ့
ဒီမအေကို ဆော်ကားချင်နေပြီပေါ့လေ..
.......
ငါ့အလုပ်ကိုများ အကုသိုလ်အလုပ်တဲ့
အဲ့ဒီ့အကုသိုလ်အလုပ်နဲ့ နင်တို့တစ်မိသားစုလုံး
မျိုစို့နေတာလည်း ထည့်ပြောအုံးလေ..
........
အဲ့ချစ်ပန်းဝေဆိုတဲ့ကောင်မက ရုပ်လေးလှရုံအပြင်
ဘာကောင်းလို့..နင်ကတန်းတန်းဆွဲဖြစ်နေရတာလဲ
အဖေမရှိပဲ..အမေအရူးမနဲ့ နေတဲ့သူကများ
........
ငါ့သားကို သူ့ခိုင်းဖက်လုပ်ပြီး..ခိုင်းစားတဲ့အပြင်
ငါ့နဲ့ပါ ရန်တိုက်ပေးနေတယ်...
တွေ့မယ်..ဒင်းနဲ့ငါနဲ့တွေ့မယ်.. "
"ဟာ..အမေ့...ဘာသွားလုပ်မလို့လဲ...
ချစ်ချစ်က ရန်မတိုက်ပေးပါဘူး
အမေအထင်လွဲနေတာပါ.."
"ဘာအထင်လွဲတာလည်း ဟုတ်ကိုဟုတ်တယ်
ကာလသားတွေ တစ်ယောက်ပြီးတစ်ယောက်
ဒင်းကိုကြိုက်နေကြမှန်းသိလို့ မာန်တက်နေတာလေ
အဲ့လိုယောက်ျားမှန်သမျှ တန်းတန်းစွဲဖြစ်အောင်
အောက်လမ်းနည်းတွေ သုံးနေတာပဲနေမှာ.."
"အမေရယ်..တော်ပါတော့ သားရှိခိုးပြီး
တောင်းပန်ပါတယ်..အဲ့လိုတွေမပြောပါနဲ့တော့
ပတ်၀န်းကျင်ကြားရင် ချစ်ချစ်ရဲ့သိက္ခာကို
ထိခိုက်လိမ့်မယ်..."
"ထွန်းသူ!!!"
ချစ်ပန်းဝေကို တစ်စက်ကလေးမှ အထိခိုက်မခံပဲ
မအေကိုသာ မာန်ဖီချင်နေသည့် ထွန်းသူကို
ဒေါ်မေသူစိတ်တိုလာ၍ အော်ပစ်လိုက်ကာ
ပါးတွေ၊နားတွေပါ ချပစ်လိုက်မိတော့သည်။
ထွန်းသူကတော့ ဘာမှပြန်မလုပ်ပဲ
အမေဖြစ်သူကိုသာ ဘာမှအပြစ်မရှိသည့်
ချစ်ချစ်ကို ပြဿနာသွားမရှာစေရန်
ဆွဲထားရလေသည်။
မိုးမလင်းသေးပေမဲ့ ခြံထဲတွင်ငါးခုတ်နေကြသော
ဟိုဘက်ရွာ၊ဒီဘက်ရွာမှ အပျို၊အအိုအစုံရှိနေရာ
အကုန်လုံးသည် အလုပ်လုပ်နေကြရင်းနှင့်
ရန်ပွဲ အစ၊အဆုံးကို နားထောင်ရင်း
အချင်းချင်းတီးတိုး ရေရွတ်နေကြလေသည်။
ထွန်းသူစိတ်ပူနေသည်မှာ ထိုအမျိုးသမီးတွေမှ
တစ်ဆင့် အမေပြောသည့်စကားများ
အရပ်ထဲသို့ ပျံ့သွားပြီး ချစ်ချစ်ကိုစိတ်ဒုက္ခ
ပေးမိမှာကိုပဲ။
"ချစ်ချစ်က လိမ္မာရေးခြားရှိတဲ့ ကောင်မလေးပါ
အမေရယ်..အမေဘာလို့သူ့ကိုအရမ်း
မုန်းနေရတာလဲ..."
"ဘာလို့ မုန်းတာလဲဆိုတော့ နင့်ကြောင့်မုန်းတာ
နင့်ကြောင့်..ဘယ့်နှယ်ငါ့မှာတော့
သားယောက်ျားမို့ ကြီးလာရင်အားကိုးရမှာပဲ
မှတ်တာ..အခုတော့နင်ကသူများကို
အလုပ်အကျွေးသွားလုပ်ပြီး
ငါ့ကျေးဇူးတွေကို အတောင့်လိုက်ဆပ်နေတာလေ.."
"အမေရာ..မိဘဆိုတဲ့ခေါင်းစဉ်ကြီးနဲ့
ကျွန်တော့်ဘ၀တစ်ခုလုံးကိုတော့
မချုပ်ခြယ်ချင်ပါနဲ့...အခုလည်းအိမ်ရဲ့
စီးပွားရေးကို နိုင်သလောက်ကူနေတာပဲလေ
အချစ်ရေးမှာတော့ သားကြိုက်တဲ့လူကိုပဲ
ရွေးပါရစေ.."
"ဟဲ့..နင်ကြိုက်တဲ့လူက အခြေအမြစ်ရှိရင်
ငါကပြောစရာလား....အခုတော့အဖေမရှိတဲ့
အရူးမရဲ့သမီးတဲ့..နေစရာတောင်မရှိလို့
သူများအိမ်မှာ ကပ်နေရတဲ့လူကို
နင်ကဘာတွေ အထင်ကြီးနေရတာလဲ..."
"အမေက ချစ်ချစ်ရဲ့ အားနည်းချက်တွေပဲမြင်ပြီး
အားသာချက်ကြတော့ ဘာလို့မမြင်ရတာလဲ
ချစ်ချစ်က ဒီရွာမှာအချောဆုံး၊အလှဆုံး
ဒီရွာမှာ သူ့လိုပညာတတ်ဘွဲ့ရမျိုး
ဘယ်နှစ်ယောက်များ ရှိလို့လဲ..
အမေသာသူ့ကို ချွေးမတော်ရင် ပိုပြီးတောင်
ဂုဏ်တက်အုံးမယ်.."
"အမယ်လေး..ဘာကိုဂုဏ်တက်မှာလည်း
သူ့ကိုချွေးမတော်ရင် သူ့အမေအရူးမကြီးကိုပါ
အိမ်ပေါ်ခေါ်တင်ရမှာဟဲ့..ထွန်းသူနင့်မျက်စိ
ကန်းနေတာလား...နင့်မှာကြိုက်စရာ
အဲ့သလောက်တောင် ရှားသလားဟယ်.."
သားအမိနှစ်ယောက် တကြိတ်ကြိတ်နှင့်
ရန်ဖြစ်နေသံတွေက ပိုကျယ်လာရာ
အိမ်ရှေ့ခုံတန်းတွင် ရေနွေးသောက်နေသည့်
ထွန်းသူ၏အဖေသည်လည်း မနေနိုင်ပဲ
၀င်ဟန့်ရတော့သည်။
"ဟဲ့..မေသူ..ဘာလို့အရေးမပါတဲ့
ကိစ္စနဲ့ ရန်ဖြစ်နေရတာလဲ..
နင်အဲ့လောက်ပြောနေရအောင် နင့်သားက
ဆိုးသွမ်းနေတာလည်းမဟုတ်ဘူး.."
"တော်ဘာသိလို့လဲ...တော့်သားက
ဒီလိုဆုံးမထားမှ..ရမှာ.."
"တော်စမ်းပါဟယ်..ဆုံးမချင်လည်း
ကိုယ့်အိမ်ထဲမှာ တိုးတိုးတိတ်တိတ်သွားပြီး
ဆုံးမပါလား..ဟိုမှာငါးခုတ်နေတဲ့လူတွေ
ဝိုင်းကြည့်နေကြတာ..နင်တို့မရှက်ကြဘူးလား.."
ဦးထွန်းဘိုက လေသံမာမာနှင့်
ဟောက်လိုက်တော့မှပဲ ဒေါ်မေသူလည်း
ဘေးပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး
ခြေဆောင့်၍ အိမ်ထဲသို့၀င်သွားလေတော့သည်။
❤️❤️❤️❤️❤️❤️
တစ်ဖက်လသာဆောင်တွင်တော့
မျက်နှာချင်းဆိုင် ခြံ၀န်းထဲမှ
ရန်ဖြစ်သံတွေကြား၍ နိုးလာကြသော
ရှိုင်းနှင့်ထက်ယံသည်လည်း အသံတွေငြိမ်သွားသည်နှင့် အခန်းထဲသို့ ပြန်၀င်ကာ
လှဲအိပ်လိုက်ကြသည်။
ကုတင်တစ်ခုတည်း အိပ်ရသောကြောင့်
နှစ်ယောက်သား အိပ်ရာပေါ်သို့ ၀င်လှဲလိုက်ကြပေမဲ့
အိပ်၍မပျော်ကြတော့ပေ။
တဖြည်းဖြည်း နေကလည်းထွက်လာပြီမို့
ရေချိုးရန်သာ ပြင်ဆင်လိုက်ကြသည်။
"အလုပ်ကလေးနားလို့ အပန်းဖြေခရီးလေး
ထွက်ရမလားမှတ်တယ်...ဘာမှမရှိတဲ့
တောကို ရောက်နေရတယ်..အင်တာနက်လိုင်းလဲ
သိပ်မမိ..စားသောက်ဆိုင်ကောင်းကောင်းတောင်
မရှိဘူး..မြို့တက်ရင်လည်း ကြာအုံးမှာ
ဟား..မင်းတို့ရွာက တော်တော်ခေါင်တာပဲ..."
"အဲ့စကားကို ပြန်ပြောကြည့်စမ်း.."
ဘေးနားမှ မာန်မဲချင်သလို လေသံဖြစ်နေသော
ရှိုင်းကို ကြည့်လိုက်တော့ ကိုယ်တော်ချောက
ရေချိုးသပါတ်ကို ပုခုံးပေါ်တင်ပြီး
မျက်မှောင်ကြီး ကြုံ့နေလေပြီ။
*အော်လူတွေက ကိုယ့်မွေးရပ်မြေကို
ထိရင် ဇာတိသွေးဇာတိမာန် တက်ကြွလာကြတယ်
ဆိုတာ တယ်မှန်တာပဲ..*
"ဟဲ..ဟဲ..ငါကနောက်တာပါကွာ..မင်းတို့ရွာက
တော်တော်သာယာပါတယ်..နောက်ဖေးမှာ
ချောင်းလေးလည်းရှိတယ်..ငါတို့တွေ
ချောင်းထဲမှာ ရေဆင်းကူးကြရင်မကောင်းဘူးလား"
"သွားမယ်လေ..ဒီလိုသဘာ၀ချောင်းထဲမှာ
ရေကူးရဖို့ အမြဲတမ်းဖြစ်နိုင်တာမဟုတ်ဘူး.."
"အမယ်လေး..သူ့ရွာတော့သူချစ်တယ်နော်
မထွက်တဲ့ မျှစ်စို့ကိုအမွှန်းတင်နေတယ်.."
ထက်ယံက မဲ့ကာရွဲ့ကာနှင့်ပြောလိုက်တော့
ရှိုင်းသည်လည်း ထက်ယံအားအမြင်ကပ်လာ၍
ရေချိုးသပါတ်နှင့် ကျောကုန်းကို
လှမ်းရိုက်လိုက်တော့သည်။
ပြီးနောက် နှစ်ယောက်သား နောက်ဖေးတံခါးမှ
ကမ်းနားသို့ ဆင်းလာခဲ့လိုက်ကြသည်။
"ရှိုင်း..ခုဏကရန်ဖြစ်နေတဲ့ သားအမိပြောတဲ့
အထဲမှာ ချစ်ပန်းဝေဆိုတဲ့နာမည်ပါတယ်နော်
ကြားရသလောက်တော့..ကောင်မလေးက
တော်တော်ရှုပ်ပုံပဲ..အပြင်ပန်းကရိုးမလိုလိုနဲ့
တကယ့်ငပွေလေးလား မသိဘူး..
အဲ့ဒါ မနေ့ညကတို့နဲ့တွေ့ခဲ့တဲ့
ကောင်မလေးမဟုတ်လား..
"ဟုတ်မှာပေါ့.."
"မင်းကလည်း မင်းကိုယ်တိုင်ချောကလက်
ပေးခဲ့ပြီး မသိချင်ယောင်တော့ဆောင်မနေနဲ့
လေကွာ.."
"မသိချင်ယောင် ဆောင်နေတာမဟုတ်ဘူး
စိတ်ကိုမ၀င်စားတာ..သိလည်းမသိချင်ဘူး.."
"အေးပါ..ပြီးမှငါ့ဟာလေးလို့ဆိုလာကြည့်
သေပြီသာမှတ်.."
"အဲ့လိုလုံး၀ ဖြစ်လာစရာအကြောင်းမရှိဘူး.."
ထက်ယံသည် စကားပြောလျှင်
ပေါက်ကရလေးဆယ်ပြောတတ်လွန်း၍
ရှိုင်းလည်း သိပ်ပြီးခွန်းတုန့်ပြန်မနေတော့ပဲ
အပြတ်သာငြင်းလိုက်သည်။
ဒါပေမဲ့ ညတုန်းကအဖြစ်အပျက်တွေကိုတော့
အခုထိ ပြတ်ပြတ်သားသား မှတ်မိနေတုန်းပါပဲ။
အစကတော့ အဒေါ်ကြီးတစ်ယောက်ထင်ပြီး
ဂရုတောင်စိုက်ပေးခဲ့မိသေးတယ်။
ထော်လာဂျီပျက်တဲ့အချိန်ရောက်မှ
ကိုယ်တစ်ချိန်လုံး အဒေါ်ကြီးလို့ထင်နေတဲ့
လူဟာ မိန်းမငယ်လေး တစ်ယောက်မှန်း
သိလိုက်ရတယ်။
ဒါတင်မကသေးပဲ အဲ့ဒီ့မိန်းကလေးဆီကနေ
အကူအညီတွေ ယူခဲ့မိသလို၊
အဲ့ကောင်မလေးရှေ့မှာ အရှက်လည်း
ကွဲခဲ့ရတယ်။အခုလောက်ဆိုရင် သူ့သူငယ်ချင်း
တွေကြားမှာ ကိုယ့်အတင်းကို ပြောရင်လည်း
ပြောနေနိုင်တယ်။
***ဒီကမ္ဘာပေါ်မယ် ကိုယ်ပြန်မတွေ့ချင်တဲ့
မိန်းကလေးထဲမှာ အဲ့ဒီ့ချစ်ပန်းဝေဆိုတဲ့
တစ်ယောက်က ထိပ်ဆုံးပဲ..
သူနဲ့ ဘယ်တော့မှပြန်မဆုံချင်ဘူး..***
"ဟေ့..ရှိုင်း..လာလေကွာ..မင်းနဲ့ငါနဲ့
ရေပြိုင်ငုတ်ကြမလား..နိုင်တဲ့လူ
ဆိုင်ကယ်တစ်စီး၀ယ်ပေးကြေး.."
ချောင်းစပ်ရှိ ကုက္ကလ်ပင်ဘေးနားတွင်
ရှိုင်းတစ်ယောက် ကျန်နေခဲ့တုန်း ထက်ယံက
ရေထဲတောင်ရောက်နေပြီး ရှိုင်းကို
စိန်ခေါ်နေလေသည်။
ရှိုင်းလည်း မဲ့ပြုံးပြုံးလိုက်ပြီး
ပုဆိုးကွင်းသိုင်းထားတာကို ဆွဲချွတ်လိုက်ကာ
ဘောင်းဘီတိုလေးနှင့် ရေကူးဖို့
ပြင်ဆင်လိုက်သည်။
"ဘယ်လိုလဲရှိုင်း..မင်းလောင်းရဲလား.."
"စိန်လိုက်လေ.."
ပြောပြီးသည်နှင့် နှစ်ယောက်သား
ခပ်ဝေးဝေးရောက်သည်အထိ ရေပြိုင်ကူးကြပြီး
ရေငုတ်ပြိုင်ကြလေတော့သည်။
🌺🌺🌺🌺🌺🌺
"ချစ်ချစ်ရေ..ငါဗိုက်ဆာနေပြီ..မပြီးသေးဘူးလား"
"အမေကလည်း ထမင်းကြော်ကျွေးပြီးတာမှ
မကြာသေးဘူး..ထပ်ပြီးဗိုက်ဆာပြန်ပြီလား..
ဒီမှာ လွယ်အိတ်လျှော်ပေးနေလို့ပါ
ခဏလေးပဲနော်..."
သစ်ရွက်ကလေးတွေကြားမှ ဖြတ်သန်းသွားသော
နေရောင်ခြည်နုနုသည် ရေပြင်ပေါ်တွင်
လင်းလက်နေကာ စိန်ရောင်ကဲ့သို့ တဖြတ်ဖြတ်
ဖြစ်နေပြီး ခြေပန်းဝေ၏လှပသော
မျက်နှာလေးပေါ်သို့ ရောင်ပြန်ဟပ်၍
နေလေသည်။
ဝါးတံတားလေးပေါ်တွင် စောင့်ကြောင့်လေး
ထိုင်နေသော ချစ်ပန်းဝေ၏ပုံရိပ်လေးသည်
လှိုင်းတွန့်လေးတွေပေါ်တွင် ထင်ဟပ်၍နေသည်။
ခန္ဓာကိုယ်လှုပ်ယမ်းလိုက်တိုင်း ကျောဘက်ရှိ
ကျစ်ဆံမြှီးလေးနှစ်ဖက်က လှုပ်ယမ်းသွားသလို
သူထိုင်နေသော အနီးအနားတွင်လည်း
ဆပ်ပြာမြှုပ်လေးများ ဝေ့သီနေလေသည်။
ထိုပုံစံလေးကို စိတ်မကျေမနပ်ဖြစ်စွာ
ငေးကြည့်နေသူမှာတော့ ချစ်ပန်းဝေ၏အမေ
ဒေါ်ဝေဝေခိုင်သာ ဖြစ်လေသည်။
ခဲလုံးလေးတွေကို လိုက်ကောက်ပြီး
ရေထဲသို့ ပစ်နေရင်းမှ ဗိုက်အလွန်ဆာလာလေရာ
စိတ်မရှည်ဖြစ်ပြီး ဝါးတံတားလေးပေါ်သို့
ခြေစောင့်၍ တက်သွားလိုက်ကာ ချစ်ပန်းဝေ
လျှော်ပြီး၍ ဘေးပို့ထားသော ဘေးလွယ်အိတ်
အနီလေးကို ဆွဲယူလိုက်လေတော့သည်။
"ဟင်..အမေ့ဘာလုပ်တာတုန်း..အဲ့ဟာကခုမှ
လျှော်ထားတာလေ ထပ်ပြီးညစ်ပတ်လို့
မရဘူးနော်.."
"ဒီဟာတွေ လျှော်မနေပါနဲ့တော့ဆို..
ငါဗိုက်ဆာတယ်လို့.."
"အမေကလည်း မလျှော်လို့မဖြစ်ဘူးလေ..
သဲသဲတို့က ဒီနေ့လွယ်အိတ်အသစ်လေးတွေ
လွယ်သွားကြလို့ အဒေါ်ကြီးကအဟောင်းတွေကို
လျှော်ပြီး သိမ်းထားရမယ်တဲ့..အဒေါ့်စကားကို
နားမထောင်ရင်..သမီးတို့နှစ်ယောက်လုံး
ထမင်းမစားရပဲနေမှာပေါ့.."
"ဟာ..မသိဘူး..မသိဘူး..ငါအခုဗိုက်ဆာတယ်
နင်အခုငါ့ကို ထမင်းကျွေးမှာလား
မကျွေးဘူးလားပြော.."
"ကျွေးပါ့မယ်..ဒါပေမဲ့ဒီလွယ်အိတ်လေးတွေကို
ရေဆေးပါရစေအုံးနော်..အမေလည်းခုဏလေးမှ
ထမင်းကြော်စားထားတာပဲ ဥစ္စာ..."
အမှန်တော့ အမေဟာဗိုက်မဆာသေးပဲ
ကလေးဆိုးကြီးလို တမင်ဂျီကျနေမှန်း
သိလိုက်၍ ချစ်ပန်းဝေလည်း လှည့်ပတ်ပြီး
ဖြေနေရသည်။
သို့ပေမဲ့ ထိုအဖြေကိုမကျေနပ်သည့် အမေသည်
မျက်နှာကြီး နီလာပြီးပို၍ဒေါသထွက်သွားလေသည်။
"နင်ငါ့ကို ထမင်းမကျွေးတဲ့အတွက်
ငါလည်း နင့်လွယ်အိတ်ကို လွှင့်ပစ်တယ်ဟယ်.."
"ဟာ..အမေ့..ဘာလို့လွယ်အိတ်ကို
လွှင့်ပစ်ရတာလဲ..."
ချက်ချင်းပဲ လိုက်ကောက်မိပေမဲ့
လွယ်အိတ်ကလေးက
ရေအလျှင်နှင့် မျောပါသွားလေသည်။
ဒေါ်ကြီးက စည်းကမ်းသိပ်ကြီးတာ
သူ့ပစ္စည်းဆို သေးသေးကြီးကြီးပျောက်တာရှတာ
လုံး၀ လက်မခံနိုင်ပေ။
ချစ်ပန်းဝေလည်း တဖြည်းဖြည်းနှင့်
သူများအိမ်ဘက်သို့ မျောသွားသော
လွယ်အိတ်လေးကို လိုက်ကြည့်ပြီး
စိတ်ဆင်းရဲသွားရသည်။
"မဖြစ်ပါဘူး..ဒေါ်ကြီးဆူတာကို ခံရမှာထက်
ရေအစိုပဲ ခံလိုက်တော့မယ်.."
လုပ်စရာအလုပ်တွေ တန်းစီနေ၍ရေမစိုချင်
သေးပေမဲ့ မတတ်နိုင်တော့တဲ့အခြေအနေမို့
ရေထဲသို့ ခုန်ချလိုက်ပြီး လွယ်အိတ်ကို
လိုက်ဖမ်းရလေတော့သည်။
လွယ်အိတ်က ရေစီးကြောင်းအတိုင်း
ပါသွားခြင်းဖြစ်၍ မျောတာမြန်ပေမဲ့
ချစ်ပန်းဝေဆိုတာကလည်း ဒီချောင်းနှင့်
သူငယ်ချင်း ဖြစ်နေသူဆိုတော့
အမြန်ကူးသွားနိုင်လိုက်သည်။
လွယ်အိတ်ကို လှမ်းယူလိုက်သည့်အချိန်မှာတော့
ခြေထောက်နှင့်တစ်ခုခုကို ကန်လိုက်မိသလို
ဖြစ်သွား၍ လန့်သွားမိစဉ်မှာပဲ...
*ဗွမ်း..!!!!"
"ဟင်..ဘယ်သူကြီးလဲ.."
ရုတ်တရက်ဆိုသလို လူတစ်ယောက်ရေပေါ်သို့
ဗွားကနဲပေါ်လာလေရာ ကိုယ့်မျက်လုံးထဲကိုတောင်
ရေတွေ၀င်သွား၍ မျက်စိကိုချက်ချင်း
မှိတ်ချလိုက်မိသည်။
ချစ်ပန်းဝေလည်း သတိလက်လွတ်
ဖြစ်သွားချိန်တွင် ရေနစ်သွားမည်ဆို၍
အနီးအနားမှ ထိုလူကိုလှမ်းဆွဲလိုက်ပြီးခါမှ
မျက်လုံးတွေကို ဖြည်းဖြည်းချင်း
ဖွင့်ကြည့်လိုက်မိသောအခါမှာတော့...
မြင်လိုက်ရသည့် မျက်နှာကြောင့်
အံ့ဩမှင်သက်သွားရတော့သည်။
"ရှိုင်း!!!"
"အား..!!!မင်းဘာလို့ငါ့ပခုံးကို လက်သည်းနဲ့
ကုတ်နေတာလဲ.."
"ဟင်.."
ရှိုင်း၏ ပန်းပုထုထားသလို ချောလွန်းသည့်
မျက်နှာလေးကိုငေးကြည့်ရင်း
အံ့ဩနေစဉ်မှာ ရှိုင်း၏အသံကို
ကြားလိုက်ရ၍ မယုံကြည်နိုင်စရာကောင်းသည့်လက်ရှိကမ္ဘာသို့ ပြန်ရောက်လာလေတော့သည်။
မကျေမနပ်ဖြစ်နေသည့် ရှိုင်း၏မျက်လုံးများမှ
တစ်ဆင့် ရှိုင်း၏ပခုံးနှစ်ဖက်ပေါ်သို့
ကြည့်လိုက်မိရာ ပိုပြီးထိတ်လန့်သွားရလေသည်။
ခုဏက ကိုယ်ရေနစ်မှာစိုးလို့
လှမ်းဆွဲလိုက်မိတာဟာ ရှိုင်း၏ပခုံးကို
ဖြစ်ပြီး အတင်းဖိကိုင်ထားမိ၍ ကိုယ့်ရဲ့
လက်သည်းတွေတောင် သူ့အသားထဲ
ဆိုက်၀င်နေတော့မလိုပဲ...။
*အိုး...ငါ့ရဲ့အိပ်မက်မင်းသားလေးကို
ငါကိုယ်တိုင် အနာတရဖြစ်အောင်
လုပ်နေမိတာပါလား..*
ဆက်ရန်ရှိသည်..*
🌺🌺🌺🌺🌺🌺🌺
ချစ်ပန်းဝေကတော့ တလွဲချည်းပဲနော်..
ချစ်ပန်းဝေလည်းအမေ့ကြောင့်တစ်ဒုက္ခပါဘဲ။
ReplyDeleteအမရေစာကဖတ်မရဘူးဖြစ်နေတယ်
Deleteပြန်မတွေ့ချင်တဲ့သူကို
ReplyDeleteပြန်တွေနေ့ရပြီ မင်းသားရေ