🌺အခန်း(၄)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
ည၇နာရီကျော်ဆိုသောအချိန်သည် မြို့ကြီးပြကြီး
များတွင်တော့ မီးထိန်ထိန်လင်းကာ
လူများစည်းကားနေသော အချိန်ပင်ဖြစ်လင့်ကစား
အုန်းပင်စုရွာလေးသည်တော့ လူသွားလူလာ
နည်းကာ အလွန်တိတ်ဆိတ်နေလေသည်။
အချို့အိမ်များကတော့ ဆိုလာမီးကို
အသုံးပြုကြလေရာ အဖြူရောင်အလင်းတန်း
မှိန်ပျပျလေးကို မြင်နေရလေသည်။
ထိုအထဲတွင် ဤရွာ၌ချမ်းသာသော
စာရင်း၀င်သည့် ဒေါ်စံပယ်မွှေးတို့အိမ်လေးသည်
တစ်ခြံလုံး လင်းထိန်နေကာ အိမ်ထဲမှလည်း
တီဗွီကြည့်နေသံ အကျယ်ကြီးကိုတောင်
ကြားနိုင်သည်
"မောင်ရင်တို့ရှာနေတဲ့ မစံပယ်ရဲ့အိမ်ကဒီအိမ်ပဲ.."
ရှိုင်းနှင့်ထက်ယံသည် ဦးတင်မောင်၏
လမ်းပြမှုနှင့်အတူ ခြံရှေ့ကိုရောက်လာကြလေသည်။
ခြံ၀န်းကြီးသည် အလွန်ကျယ်ပြီး ခြံထဲမှာ
အသီးအနှံတွေ စိုက်ထားတာကိုပါတွေ့လိုက်ရသည်။
အခြားအိမ်တွေလို့ ဝါးတွေ၊သစ်သားတွေနဲ့
ခြံဝိုင်းခတ်ထားတာမျိုးမဟုတ်ပဲ အုတ်နှင့်
သေချာဘောင်ခတ်ထားခြင်းဖြစ်ပြီး
သံပန်းတံခါးလည်း ရှိလေသည်။
လောလောဆယ်တော့ ခြံတံခါးကို
သော့ခတ်မထားပဲ ဟထားလေရာအထဲသို့
အရံသင့် ၀င်သွားရုံသာလိုသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးရယ်..
ဦးလေးသာ မကူညီရင်..ကျွန်တော်တို့ဒီကို
အဆင်ပြေပြေ ရောက်နိုင်မှာမဟုတ်လောက်ဘူး"
"ရပါတယ်ကွာ..ဒါဆိုဦးလေးလည်း
ပင်ပန်းနေလို့ ပြန်နားတော့မယ်နော်
မစံပယ်ကိုသာ ဦးလေးကနှုတ်ဆက်သွားတယ်လို့
ပြောပေးပါ..."
"ဟုတ်ကဲ့ ပြောလိုက်ပါမယ်..."
ရှိုင်းက ငြိမ်နေလေတော့ ထက်ယံကပဲ
ဦးဆောင်၍ ဦးတင်မောင်ကိုနှုတ်ဆက်စကား
ဆိုလိုက်ရလေသည်။
ဦးတင်မောင်သည် တကယ်ကိုစိတ်ရင်းစေတနာ
ကောင်းသူဟု ဆိုရမည်။
ကိုယ်တွေကို ဒုက္ခခံပြီးသူ့ထော်လာဂျီနှင့်
ခေါ်လာခဲ့ပြီးတာတောင် ပိုက်ဆံလုံး၀
မတောင်းခဲ့ပေ။
"ရှိုင်း..ငါတို့ခြဲထဲအမြန်၀င်ကြမယ်...
ငါအရမ်းနားနေချင်ပြီကွာ..အရက်ရှိန်ကြောင့်
အခုထိအမူးတောင် မပြေချင်သေးဘူး.."
"စကားမများနဲ့ ခြံထဲကိုအမြန်၀င်.."
ထက်ယံသည် ရှိုင်းထက်အရပ်ပိုပုနေလေရာ
ဂုတ်မှဆွဲပြီး ခြံထဲသို့အသွင်းခံလိုက်ရလေသည်။
ရှိုင်းသည် အရပ်ခြောက်ပေတစ်လက်မလောက်
ရှိသောကြောင့် ဘယ်သူနဲ့ပဲယှဉ်ယှဉ်
အမြဲထင်ပေါ်နေတတ်သည်။
အရပ်ရှည်ရုံတင်မကပဲ သရုပ်ဆောင်အရည်အချင်း
ပြည့်၀ပြီး စွဲဆောင်မှုရှိသောမျက်နှာလေးကိုပါ
ပိုင်ဆိုင်ထားတော့ သူ့မိန်းကလေးပုရိတ်သတ်တွေ
သဲသဲကဲကဲဖြစ်ကြတာလည်း မဆန်းတော့ပေ။
မိန်းကလေးဖန် တော်တော်များများက
ရှိုင်းကို လူလွတ်အဖြစ်သာမြင်ချင်ကြပြီး
သူ့မှာ စေ့စပ်ထားသည့်သူရှိနေမှန်းသာ
သိသွားကြလျှင် သောင်းကျန်းကြမှာ
သေချာတယ်..။
"အိမ်ရှင်တို့...တံခါးလာဖွင့်ပေးပါအုံး..
အိမ်ရှင်တို့..."
ထက်ယံက အသံအကျယ်ကြီးနှင့်
အော်ခေါ်ပြီး တံခါးခေါက်လိုက်ရာ
ခဏအကြာမှာတော့ အထဲကနေအသံပေးလာပြီး
ကျွန်းတံခါးကြီးလည်း တဖြည်းဖြည်း
ပွင့်လာခဲ့သည်။
"ဘယ်သူတွေလည်းမသိဘူး..."
တံခါးပွင့်လာပြီးနောက် ကောင်မလေးတစ်ယောက်ထွက်လာလေသည်။
ထိုကောင်မလေးသည် အခြားသူမဟုတ်ပဲ
ရှိုင်း၏အဒေါ် အန်တီသဇင်မွှေး၏
သမီးအငယ်ဆုံး အေးစန္ဒာပင်ဖြစ်သည်။
သူမကိုတော့ မောင်နှမတွေကဒါဒါဟု
ခေါ်ကြလေသည်။
"ကိုကြီး...ဒီလိုဘယ်လိုလုပ်ပြီးညဘက်ကြီး
ရောက်လာရတာလဲ.."
"မေမေအထဲမှာရှိလား.."
"ရှိတယ်လေ..."
အမေအထဲမှာရှိမှန်း သိလိုက်ရသည်နှင့်
ရှိုင်းလည်း အိမ်ထဲသို့အမြန်၀င်လိုက်သည်။
မကြာခင် ရက်တွေအတွင်းမှာ ရိုက်ကူးရေး
တစ်ခု စဖို့ရှိသည်မို့အလုပ်တွေများလာတော့မှာ
သေချာသည်။
သို့ဖြစ်၍ အမေ့ကိုမြန်မြန်နားချပြီး
မနက်ဖြန်မနက် မိုးလင်းသည်နှင့် ရန်ကုန်ကို
အမြန်ပြန်ခေါ်သွားမည်ဟု တွေးလိုက်သည်။
ရှိုင်းနှင့်ထက်ယံတို့နှစ်ယောက် အိမ်ထဲသို့
၀င်လိုက်သည်နှင့် ထိုင်ခုံမှာအကျအနထိုင်ရင်း
ဟာသကား ကြည့်နေသောအမေ့ကို
တွေ့လိုက်ရသည်။
အရှေ့စားပွဲပေါ်မှာတော့ နေကြာစေ့အခွံများနှင့်
မုန့်ထုပ်အခွံများ ပြန့်ကျဲနေပေမဲ့
အသက်ငါးဆယ်နားကပ်နေသည့် အဒေါ်ကြီး
စံပယ်မွှေးသည် ခုံပေါ်တွင်ဒူးတုတ်ထိုင်လျှက်
တီဗွီကိုသာ အာရုံရောက်နေပြီး တစ်ချက်တစ်ချက်
ထထရယ်လိုက်သေးဟည်။
ကိုယ့်မှာတော့ သူတို့လင်မယားရန်ဖြစ်၍
စိတ်တွေဆင်းရဲပြီး အစိုးရိမ်လွန်ကာ
ချက်ချင်း လိုက်လာခဲ့မိတာ ဒီရောက်တော့
အမေက မျက်နှာတောင်တစ်ချက်မပျက်ဘူး။
"အမေ..."
တီဗွီအသံက တော်တော်လေးကျယ်လွန်းနေ၍
ရှိုင်းလည်း တီဗွီအသံကိုဖုံးအောင် ကျယ်ကျယ်လေး
အော်လိုက်ရသည်။
"ဟင်..မောင်မောင်..သားလိုက်လာတယ်.."
ဒေါ်စံပယ်မွှေးသည် မျက်နှာအပြည့်
သနပ်ခါးအမြစ်တုံးကို ပြစ်နှစ်နေအောင်သွေးပြီး
လိမ်းထားမိသောကြောင့် မျက်နှာတစ်ခုလုံး
ဖြူစွတ်နေလေသည်။
ညဘက်ဖြစ်နေ၍ ဆံထုံးလည်းထုံးမထားတော့ပဲ
ထူထဲသော ဆံပင်များကိုဖြည်ချထားရာ
ခြေဒကောက်ကွေးရောက်သည်အထိ
နက်မှောင်သော ဆံနွယ်များသည်
လှပစွာ ဖြာကျလျှက်ရှိနေသည်။
အသားအရည်အလွန်ကောင်းသော အမေသည်
အသက်၅၀နားနီးနေပေမဲ့ လှပဆဲဖြစ်ပြီး
ကလေးဆန်သည့် စိတ်တွေကလည်းရှိနေဆဲပါပဲ။
တကယ်တော့ အဖေနှင့်အမေဟာ
လုံး၀မလိုက်ဖက်သည့် လူနှစ်ယောက်ဖြစ်သည်။
အမေကတောမှာကြီးပြင်းခဲ့သူမို့ တောသဘာ၀ကို
နှစ်သက်ပြီး အဖေကတော့မြို့မှာပဲ
နေသားကျနေသူဖြစ်သည်။
ချစ်ခြင်းမေတ္တာနှင့်သားသမီးတွေကြောင့်သာ
သံယောဇဉ်တွေ ခိုင်မြဲလာပြီးတစ်ယောက်ကို
တစ်ယောက် နားလည်နိုင်အောင်
ကြိုးစားနေကြပေမဲ့ နှစ်ယောက်သားက
အတွေးအခေါ်ရော၊နေထိုင်မှုစရိုက်ပါ
လုံး၀ကွဲပြားကြသည်။
အမေဟာ အဖေ့ကိုရော၊မိသားစုကိုရော
အင်မတန်အလေးထားပြီးချစ်ပေးတယ်၊
ဂရုစိုက်ပေးတယ်ဆိုပေမဲ့ ရှေးရိုးစွဲကာ
တားမြစ်ချုပ်ခြယ်မှု အားပြင်းသည့်
စရိုက်ဆိုးရှိသည်။
အခုခောတ်တွင် အောင်မြင်နေတဲ့လုပ်ငန်းရှင်
တစ်ယောက်အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ
ယမကာကို သောက်ရတာဟာပုံမှန်ပဲဆိုပေမဲ့
အမေ့အတွက်တော့ အလွန်ကြီးမားသည့်
အပြစ်တစ်ခုဖြစ်သည်။
ထို့ကြောင့် အဖေ့ဆီမှအရက်နံ့နဲနဲလေး
ရသည်နှင့် အမေကပေါက်ကွဲပြတော့တာပဲ။
အဖေကလည်း အမေ့ကိုသည်းသည်းလှုပ်
ချစ်သူဆိုတော့ အလွန်သည်းခံပေးခဲ့တာ
လက်ဖျားနှင့်တောင် မတို့ရက်ခဲ့ပေ။
သို့ပေမဲ့ အခုတစ်ခါမှာတော့ ကိစ္စက
ပိုကြီးသွားလေသည်။
အမေသည် အဖေနှင့်သူ့လုပ်ငန်းတူပါတနာတွေ
တွေ့ဆုံကြသည့် နေရာအထိလိုက်သွားကာ
သောင်းကျန်းခဲ့ခြင်းဖြစ်သည်။
ဦးနေဂုဏ်မာန်ဆိုတာ စီးပွားရေးလောကမှာ
အင်မတန်ပါဝါကြီးပြီး လက်ဇောင်းထက်သူ
ဖြစ်လေရာ လူအများရှေ့မှာမိန်းမ၏
မာန်မဲခြင်းခံလိုက်ရတဲ့အခါ အလွန်ရှက်ပြီး
အမေ့ကို လက်ရွယ်လိုက်မိသည်။
နောက်ဆုံးရလဒ်ကတော့ အမေကပဲဦးစွာ
အိမ်ပေါ်ကနေ ဆင်းလာခဲ့ပြီး သူ့ရွာကို
ပြန်လာခဲ့သတဲ့။
ရှိုင်း၏အမြင်မှာတော့ အမေဟာတစ်ဖက်သား၏
ခံစားချက်ကို မတွေးပေးတတ်ပဲ အနည်းငယ်
တစ်ကိုယ်ကောင်းဆန်သည်ဟု ထင်မိသည်။
သို့ပေမဲ့ မိခင်အရှေ့မှာတော့ ထိုသို့တိုက်ရိုက်
ထုတ်မပြောရဲပေ။
အမေကစည်းကမ်းတင်းကြပ်ပြီး
ရှေးရိုးစွဲတတ်တာကလွဲလို့ သားသမီးတွေအပေါ်မှာ
အလွန်ကောင်းခဲ့သည်။
ထို့ကြောင့် အမေနဲ့အဖေပြဿနာဖြစ်သည့်ကြားမှာ
အရမ်း၀င်မပါပဲ အလိမ္မာနည်းဖြင့်
ရင်ကြားစေ့ပေးဖို့သာ တွေးထားလိုက်သည်။
"မလာစဖူး အလာထူးလို့ပါလား..ဘာလဲ
နင့်အဖေက ငါ့မကောင်းကြောင်းတွေပြောပြီး
ငါ့ကိုဆူဖို့ လွှတ်လိုက်တာလား..."
အမေ့ဘက်ကနေစပြီး တိုက်စစ်ဆင်နေပြီမို့
ရှိုင်းလည်း စပြီးရှောင်ရှားရတော့ပေမည်။
အမေက ကိုယ့်ကိုအဖေ့ရဲ့ဘက်တော်သားလို့
ထင်နေပုံပဲ။
"အမေ့ကိုဆူဖို့လွှတ်လိုက်တာမဟုတ်ပါဘူး
အမေ့ကို အိမ်ပြန်ခေါ်လာဖို့ခိုင်းလိုက်တာပါ.."
"အပိုတွေ..အစောကြီးတည်းကငါ့ကို
အိမ်ပေါ်က မဆင်းစေချင်ရင်ငါ့ကိုရိုက်ဖို့
လက်ရွယ်ခဲ့မှာမဟုတ်ဘူး..."
ထုံးစံအတိုင်း အမေကမဲ့ကာရွဲ့ကာဖြင့် အဖေ့ကို
အပြစ်တင်နေလေသည်။
သူတို့လင်မယားနှစ်ယောက်က အဲ့လိုပါပဲ။
တစ်ယောက်ကိုတစ်ယောက် တစ်ခါမှ
အကောင်းမပြောကြဘူး။
"ဒီကိစ္စမှာတော့ အမေ့ဘက်ကနေစပြီးမှားတာလို့
သားထင်တယ်..တကယ်ဆိုရင်အဖေ့ကို
ပြောချင်ရင်တောင် အိမ်ရောက်မှပြောသင့်တာပေါ့
အခုတော့ လူအများအရှေ့မှာ
သွားပြောမိတာကိုး..."
"အော်..နင့်အဖေကအဲ့သလိုပဲ ပြောလိုက်တယ်ပေါ့
အဟင်း..ဆင်သားရည်ကိုဆိတ်သားရည်နဲ့
ဖုံးဖို့ကြိုးစားနေတာပဲ..အလကားလူ
ကိုယ်ဘက်ကိုယ်ယက်တဲ့လိပ်ကြီး..."
"အမေကလည်းဗျာ..အရက်သောက်မိတဲ့
ပြဿနာလေးပဲဥစ္စာကို အရင်ကလည်း
အဖေမလုပ်ဖူးတာကြတာနေတာပဲ..
ဒီတစ်ခါလည်း အရင်လိုပဲ
စိတ်လျော့လိုက်ပါတော့ဗျာ..."
"ဘာလို့စိတ်လျော့ရမှာလဲ...မောင်မောင်..
နင်ဘာမှသေချာမသိပဲ လူကြီးတွေကိစ္စကို
၀င်မပါနဲ့.."
"ဒါပေမဲ့အမေရာ ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့
အမေနဲ့အဖေအခုလို ပြဿနာဖြစ်နေတာတော့
မကောင်းပါဘူး...."
"ဘာမှမဟုတ်တဲ့ ကိစ္စလေးဟုတ်လားမောင်မောင်"
ရှိုင်းသည်လည်း ထိုစကားကိုပြောပြီးမှ
နောင်တရသွားမိလေသည်။
အမေ့မျက်၀န်းများသည် ချက်ချင်းပဲ
ရှိုင်းကိုထပေါက်ချင်နေသည့် မြွေကြီးသဏ္ဍန်
ပြောင်းလဲသွားပြီး သားဖြစ်သူကိုပါ
ရန်သူကြီးတစ်ယောက်ကဲ့သို့ ကြည့်လာလေသည်။
ထက်ယံသည်လည်း သားအမိနှစ်ယောက်
ရန်ဖြစ်နေတာကို ကြည့်ပြီးအမူးတောင်
ပြေသွားကာ ထတောင်ပြေးချင်နေမိသည်။
"ဒီမှာမောင်မောင်..သားပြောသလိုသားအဖေ
နေ့တိုင်းနီးပါး ဝီစကီလေးသောက်လိုက်၊
ရှန်ပိန်လေးသောက်လိုက်လုပ်နေတာက
ဘာမှမဟုတ်တဲ့ ကိစ္စဆိုရင်...
အမေကနေ့တိုင်း အဲ့အရာတွေသောက်နေမယ်
ဆိုရင်ရော...သားတို့ကပြုံးပြီးကြည့်နေကြမှာလား
သားအဖေကရော ဘာမှမပြောပဲနေမှာလား..."
အမေက တောသူဆိုပေမဲ့ စကားနှင့်ပြန်ချေပသည့်
နေရာမှာ အဖေဘယ်တော့မှမနိုင်ခဲ့တာကို
ရှိုင်းတစ်ယောက် သတိရသွားလေသည်။
ရှိုင်းလည်း အမေ့ကိုမနိုင်ပါဘူး။
ရှိုင်းသည် အမေ့ကိုဘယ်လိုနားလည်အောင်
ရှင်းပြရမလဲ မသိတော့ပေ။
"အမေကလည်းဗျာ..မတူတာကိုတော့
ယှဉ်ပြီးမပြောနဲ့လေ..."
"ငါ့သားရဲ့အမြင်မှာတော့အမေက
အရက်သောက်တာလေးကိုတောင်
ပြဿနာအမြဲရှာနေတဲ့ စိတ်ရှုပ်စရာမိန်းမကြီးလို့
မြင်နေမှာပေါ့...ဒါပေမဲ့အမေ့မှာ
အကြောင်းအရင်းရှိတယ်သား...ထားလိုက်ပါတော့
သားကိုပါ ပိုစိတ်ရှုပ်အောင်
အမေမလုပ်ချင်တော့ဘူး...
ခရီးပန်းလာတယ်မဟုတ်လား...ထက်ယံလည်း
နားချင်နေမှာပေါ့..ဧည့်သည်တွေအတွက်
ပြင်ထားတဲ့ အခန်းအပိုရှိတယ်..
သားတို့တွေ ရေမိုးချိုးပြီးနားလိုက်ကြအုံးပေါ့..."
အမေ့မျက်နှာထက်တွင် ကိုယ်တွေ
ရောက်မလာခင်က တီဗွီကြည့်ပြီးပြုံးနေသော
အပြုံးလေးများ ကင်းစင်နေကာ တီဗွီကို
ချက်ချင်းပိတ်လိုက်ပြီး အောက်ထပ်ရှိ
သူ့အခန်းထဲသို့ ၀င်သွားလေသည်။
"ကိုကြီးတို့ရေချိုးချင်လား...ဒါဒါရေချိူးခန်းကို
လိုက်ပြပေးမယ်လေ..."
အားလုံးအခြေအနေတွေ ငြိမ်းအေးသွားတော့မှသာ
ဘေးမှာရပ်ကြည့်နေသော ဒါဒါလည်း
အသံထွက်လာနိုင်လေသည်။
"အေး..လုပ်စမ်းပါအုံးညီမရယ်..
ထော်လာဂျီစီးလာရတော့ တစ်ကိုယ်လုံး
နုံးချိနေပြီ..."
ထက်ယံမှ ၀င်ပြောလိုက်တော့ ဒါဒါလည်း
ခေါင်းညိမ့်ပြပြီး ရေချိုးခန်းနှင့်အိမ်သာကို
လိုက်ပြလေသည်။
"ဒါက..မီးဖိုခန်းလေ..ဟိုဘက်မှာက
ရေချိုးခန်းနဲ့အိမ်သာ..ရေကစက်နဲ့
မောင်းတင်ထားတာမို့လို့ အ၀ချိုးလို့ရတယ်သိလား
ကုန်လည်း မနက်မှစက်မောင်းပြီး
ပြန်တင်လိုက်မယ်..ကိုကြီးတို့ဗိုက်ရော
စာနေကြပြီလား.."
သူတို့လည်း တကယ်ဗိုက်ဆာနေကြပြီမို့
ဒါဒါမေးတာနှင့် အတော်ပဲဖြစ်သွားရာ
နှစ်ယောက်လုံး ခေါင်းညိမ့်ပြလိုက်မိကြသည်။
ဒါဒါကတော့ မျက်လုံးလေးများ
မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်ကာ
ထမင်းခူးဖို့ လုပ်နေလေတော့သည်။
"ကိုကြီးတို့ကံကောင်းတာပဲ အိမ်မှာဒီနေ့
ဟင်းကောင်းတယ်လေ..၀က်သားနှပ်နဲ့
ပုစွန်ငန်ပြာရည်ချက်..ဒီမှာခူးပြီး
အုပ်ဆောင်းနဲ့အုပ်ထားလိုက်မယ်နော်..."
ဒါဒါသည် အလုပ်လုပ်ရင်ဖြတ်လတ်မြန်ဆန်သူ
ဖြစ်၍ ချက်ချင်းပဲထမင်းပွဲများကို
ပြင်ဆင်လိုက်ကာ အုပ်ဆောင်းအောက်မှာ
အဆင်သင့် ထားထားလိုက်သည်။
"ညီမလေး..အစ်ကိုတို့ကို နေရမဲ့နေရာ
လိုက်ပြအုံးလေ..."
"အော်..ဟုတ်သားပဲ..ကိုကြီးတို့တွေနေရမဲ့
အိပ်ခန်းက အပါ်ထပ်ရဲ့ဘုရားခန်းဘေးနားက
အခန်းပဲ..."
"အေး..အေး..ကျေးဇူးပဲ.."
ထက်ယံကတော့ ချက်ချင်းပဲအပေါ်ထပ်သို့
ပြေးတက်သွားပေမဲ့ ရှိုင်းကတော့
ဒါဒါ့ကို မေးမြန်းစရာများရှိ၍ ကျန်နေခဲ့လိုက်သည်။
"ကိုကြီး..သမီးကိုဘာခိုင်းအုံးမလဲ.."
"ခိုင်းစရာမရှိပါဘူး..မေးစရာရှိလို့..."
"ဟင်..ဘာမေးမလို့လဲ.."
"ဒီအိမ်မှာ နင်နဲ့မေမေနှစ်ယောက်ပဲနေနေတာလား"
"ဟုတ်တယ်လေ...ဒေါ်လေးကမနက်ကမှ
ဒီရွာကိုရောက်တာ..မေမေ့ကိုလှမ်းပြောတော့
မေမေက ဒါဒါ့ကိုဒေါ်လေးနဲ့
အဖော်သွားလုပ်ပေးစမ်းဆိုလို့
ခဏလာနေပေးတာ..ကိုကြီးတို့ကဒီကို
ဘယ်အချိန်ကလာလို့ ညမိုးချုပ်မှ
ရောက်ကြတာလဲ"
"ငါတို့က နေစောင်းခါနီးတော့မှ ထွက်လာမိလို့..."
"ဟင်..အဲ့ဒါဆိုရင်ဓနုဖြူမှာရှိတဲ့ အမေတို့အိမ်မှာ
၀င်နားလိုက်ပြီးရောကို..."
"ငါလည်း..မေ့သွားလို့.."
"အင်းပါ..အဲ့ဒါဆိုခိုင်းစရာမရှိရင်..ဒါဒါလည်း
အခန်းထဲ၀င်တော့မယ်နော်.."
"အေး..အေး..သွားနားတော့.."
ဒါဒါကိုသွားခိုင်းလိုက်ပြီး ရှိုင်းလည်း
လေးလံထိုင်းမှိုင်းနေသည့် ခြေလှမ်းများနှင့်
အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။
ထက်ယံကတော့ ရေလဲပုဆိုးကိုလဲကာ
ရေချိုးဖို့ အောက်ထပ်သို့ဆင်းသွားခဲ့ပေမဲ့
ရှိုင်းကတော့ အဖေ့ဆီမှဖုန်းလာ၍
အကျိုးအကြောင်းရှင်းပြရင်း လသာဆောင်သို့
ထွက်လာခဲ့လိုက်သည်။
"ကြည့်ရတာ ကျွန်တော်ဒီမှာနောက်နှစ်ရက်လောက်
ဆက်နေရမဲ့ပုံပဲ အမေကအခုထိ
စိတ်မပြေသေးဘူး..."
"အင်းပါ...ကျွန်တော်သေချာပေါက်
ပြန်ခေါ်လာခဲ့ပါ့မယ်..အဖေ့ဘက်ကလည်း
နည်းနည်းလျော့ပေးလိုက်ပါ..မဟုတ်ရင်
အခြေအနေပိုဆိုးလိမ့်မယ်.."
အဖေလည်း ဒီတစ်ခါတော့သိပ်ပြီး
အလျော့မပေးချင်ပုံပေါ်နေ၍ သူ့ကိုတစ်လှည့်
စိတ်လျော့ရန်ပြောနေရသေးသည်။
အဖေ့ဘက်မှ ဖုန်းချသွားသည်နှင့် သူလည်း
အာခေါင်တွေခြောက်လာ၍ ဆေးလိပ်ကို
မီးညှိလိုက်ကာ လသာဆောင်လက်ရန်းကိုမှီ၍
အဝေးတစ်နေရာသို့ ငေးကြည့်နေလိုက်သည်။
ဒါဒါမှ ဓနုဖြူမှာနေသည့် ဒေါ်လေးသဇင်မွှေးတို့
အိမ်ကို ဘာလို့မ၀င်တာလည်းမေးတုန်းက
ကြည့်ကောင်းအောင် ဖြေလိုက်ရပေမဲ့
တကယ့်တကယ်မှာ အဒေါ့်အိမ်သည်
ဓနုဖြူမြို့၏ ဘယ်နေရာမှာရှိမှန်းတောင်မသိပေ။
အထက်တန်းရောက်ခါစမှာ အင်္ဂလန်မှာ
ပြောင်းရွေ့နေထိုင်သည့် အဖိုးဟာ
သူတစ်ယောက်တည်းဖြစ်နေတာရော ကျန်းမာရေး
သိပ်မကောင်းသောကြောင့်ပါ
အတူလာနေပေးပါဟု တောင်းဆို၍
သွားနေပေးခဲ့ရတယ်။
တစ်ချိန်လုံး မိသားစုနဲ့ဝေးရာမှာ နေခဲ့ရာကနေ
အဖိုးဆုံးတဲ့အခါမှ ဒီကိုပြန်လာပြီးဆယ်တန်း
ပြန်ဖြေကာ မြို့ပြအင်ဂျာနီဘွဲ့ရအောင်ယူခဲ့တယ်။
ဘွဲ့ရပြီးတာနဲ့ အနုပညာလောကထဲသို့
တန်း၀င်ခဲ့ပြီး ကိုယ်ပိုင်၀င်ငွေလည်းရှိလာတော့
ကိုယ့်ဘာသာ ရပ်တည်ချင်သည်ဟု
မိဘတွေကို တောင်းဆိုခဲ့ပြီး အပြင်မှာပဲ
သီးသန့်နေခဲ့တယ်။
ကိုယ့်ပုံစံနဲ့ကိုယ်ပဲ ရှင်သန်ရပ်တည်နေခဲ့မိ၍
ကိုယ့်ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေဟာ
ဘယ်နေရာမှာ ရှိမှန်းတောင်သိတော့ပေ။
တကယ်တော့ လျစ်လျှူရှုထားခဲ့မိတာပါ။
ဒီရွာလေးကိုတောင် ဟိုငယ်ငယ်က
ရောက်ခဲ့ဖူးသလိုတော့ ရှိပေမဲ့အင်္ဂလန်ကို
သွားပြီးနောက်ပိုင်းမှာ လုံး၀ကို
ပြန်မလာဖြစ်တော့ပေ။
သေချာပြန်တွေးကြည့်တော့ ဒီနေရာက
ကိုယ့်ရဲ့ မွေးရပ်မြေပဲ။
*မင်းအမေက မင်းကိုဘာပစ္စည်းကိရိယာမှ
မစုံလင်တဲ့ ဆေးခန်းလေးထဲမှာ
သူ့အသက်ကိုတောင် မမှုပဲရအောင်မွေးခဲ့တာ*
ဆိုသော အဖေပြောနေကြစကားကို
ပြန်ကြားယောင်နေမိသည်။
ထိုသို့ပြန်တွေးမိတော့ အမေ့ကိုအတတ်နိုင်ဆုံး
ဖြည်းဖြည်းအေးအေးပဲ နားချဖို့ဆုံးဖြတ်လိုက်သည်။
နေရာတိုင်းနီးပါး အမှောင်ထုလွှမ်းနေသော
ရွာငယ်လေးကို အပေါ်စီးမှကြည့်နေရင်းနှင့်
ဆေးလိပ်ကို ဖွာရှိုက်ဖို့ပြင်လိုက်စဉ်
တရွေ့ရွေ့သွားနေသော အလင်းထုလေးကို
တွေ့လိုက်၍ မျက်လုံးတွေကိုမှေးကျဉ်းလိုက်ကာ
စူးစမ်းလိုက်မိသည်။
"ဘာလဲဟ..."
ရှိုင်းတစ်ယောက် ထိုအလင်းရောင်နောက်သို့
လိုက်ကြည့်နေစဉ်မှာပဲ ထိုးမီးအလင်းရောင်သည်
ချောင်းစပ်နားမှာ ရပ်တန့်သွားလေသည်။
ထိုအလင်းရောင်လေးက တဖြည်းဖြည်း
မြေကြီးပေါ်သို့ ရောက်သွားပြီးငြိမ်သွားမှသာ
လူတစ်ယောက်က ဓာတ်မီးထွန်းလာတာပဲဟု
တွေးကြည့်လိုက်မိသည်။
ဒါပေမဲ့ သူ့အကြည့်တွေကိုနေရာမရွှေ့ပဲ
ထိုလူဘာလုပ်မလဲဟု သိလိုစိတ်ဖြင့်
ဆက်ကြည့်နေမိစဉ် ချောင်းစပ်မှ
ဝါးတံတားလေးပေါ်သို့ လှမ်းတက်လိုက်သော
လူရိပ်တစ်ခုကို ရှင်းရှင်းလင်းလင်း
မြင်လိုက်ရလေသည်။
ဓာတ်မီးသည် အကြီးဖြစ်ပုံရသောကြောင့်
မီးအရောင်မှာ စူးရှလွန်းနေ၍ထိုလူရိပ်သည်
မိန်းမလား ယောက်ျားလားဆိုတာ
သူသေချာမြင်နေရပါသည်။
ထိုလူရိပ်သည် မိန်းမတစ်ယောက်ဖြစ်နေပြီး
ဆံပင်များကို ထုံးဖွဲ့ထားသောကြောင့်
သူမ၏နောက်ကျော ဖွေးဖွေးလေးက
ပေါ်လွှင်နေလေသည်။
မိန်းကလေးသည် ဝါးတံခါးပေါ်တွင်
ထိုင်ချလိုက်ကာ ချောင်းရေကိုခွက်နှင့်ခပ်လိုက်ပြီး
သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကို စိုစွတ်စေလိုက်သည်။
ရှိုင်းသည်လည်း ရုတ်တရက်ကြောင်ကြည့်နေမိရာမှ
ထိုမိန်းကလေးက သူ့ရေလဲထမီကို
ပြင်၀တ်လိုက်သည့်အချိန်မှာတော့ ထိုမြင်ကွင်းကို
ချက်ချင်း ကျောခိုင်းလိုက်မိတော့သည်။
"ရှိုင်း..မင်းရေချိုးလို့ရပြီ..."
မိန်းကလေးတစ်ယောက်ကို ခွင့်ပြုချက်မရှိပဲ
ကြည့်လိုက်မိသည့် သူ့ရဲ့အပြစ်ရှိစိတ်ကို
၀င်ချေဖြတ်ပေးလိုက်တာကတော့
ထက်ယံ၏ အသံခပ်စူးစူးကြီးသာဖြစ်သည်။
"အေး...ငါချိုးလိုက်မယ်..ထမင်းစာရင်
မင်းအရင်စားနှင့်လိုက်..."
ရှိုင်းသည် ထက်ယံကိုစကားပြန်ပြောပြီးသည်နှင့်
၀ရံတာဘက်မှ သစ်သားတံခါးက်ုပိတ်ပစ်လိုက်ကာ
ဂျက်ပါထိုးပစ်လိုက်သည်။
ကိုယ်မြင်ခဲ့သော မြင်ကွင်းကိုထပ်ယံ
မြင်သွားမည်စိုးသောကြောင့်ပါပဲ။
ထိုမိန်းကလေးသည် မိန်းမငယ်လေးလား၊
အသက်ကြီးသူလား မသေချာပေမဲ့
ကာယကံရင်မသိပဲ ဒီလိုပြုမူတာက
အလွန် မယဉ်ကျေးရာရောက်သည်ဟု
သူတွေးမိလိုက်လို့ပါပဲ။
ဒီနှစ်ထပ်တိုက်အိမ်လေးသည် အဖေကိုယ်တိုင်
သေချာစီမံပြီး ဆောက်ခိုင်းထားခြင်းဖြစ်၍
ဤရွာထဲတွင်တော့ အခမ်းနားဆုံး
ဖြစ်လေသည်။
ရေချိုးခန်းထဲတွင်လည်း ရေပန်းပါတပ်ပေးထား၍
ရှိုင်းလည်း ရေပန်းခလုတ်ကိုနှိပ်ကာ
ခေါင်းလျှော်ဖို့ လုပ်လိုက်သည်။
"ငါ့အတွေးထဲမှာ ဘာလို့အဲ့ဒီ့မြင်ကွင်းက
ပြန်ရောက်လာရတာလဲ.."
ခေါင်းလျှော်ရေတွေကို ကုန်စင်သွားအောင်
ရေဆေးချပြီးသည်အထိ ခုဏကအမှတ်တမဲ့
မြင်ခဲ့သော ပုံရိပ်လေးသည်သူ့အာရုံတွေထဲမှ
ထွက်မသွားသေး၍ ခေါင်းကိုခါယမ်းလိုက်ပြီး
အမျိုးမျိုး မောင်းထုတ်နေမိသည်။
ထိုမိန်းကလေးကို မျက်နှာတောင်မမြင်လိုက်ရပေမဲ့
မဆီမဆိုင် သူမအတွက်စိုးရိမ်သွားမိသည်။
*မိန်းကလေးတစ်ယောက်တည်း ညဘက်ကြီး
တစ်ယောက်တည်း ချောင်းရိုးဘေးမှာ
ရေဆင်းချိုးနေတာဟာ ဘယ်လောက်
အန္တာရယ်များလိုက်သလဲ...မသမာသူတွေဟာ
နေရာတိုင်းမှာ ရှိနေတတ်တယ်..
ဒါပေမဲ့ အဲ့ဒါကငါနဲ့မှမဆိုင်ပဲ
လူဆိုတာ ကိုယ့်အန္တရာယ် ကိုယ်သိရမှာပေါ့.."
ရှိုင်းဆိုသည်မှာ ဆန့်ကျင်ဘက်လိင်များအပေါ်
သိပ်အစွဲအလန်းကြီးသည့်လူမဟုတ်၍
ရေချိုးပြီးနောက်တွင်တော့ ထိုမိန်းကလေးနှင့်
ပတ်သတ်သည့် ကိစ္စကိုအလွယ်တကူ
မေ့သွားခဲ့လေသည်။
သို့ပမဲ့ ထိုခဏတာပုံရိပ်လေးသည့် သူ့နှလုံးသား၏
အနက်ရှိုင်းဆုံးနေရာတွင် ထာ၀ရတည်ရှိသွားမည့်
ပုံရိပ်လေးဆိုတာကိုတော့ သူကြိုမသိခဲ့ပေ။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ချောင်းစပ်တွင်ရှိသည့် ဝါးတံတားလေး
ပေါ်တွင်တော့ ချစ်ပန်းဝေသည် ရေချိုးပြီး၍
မြေပေါ်တွင် ချထားခဲ့သော ဓာတ်မီးကို
ကောက်ကိုင်လိုက်ကာ ကမ်းပေါ်သို့
ပြန်တက်လာခဲ့လိုက်သည်။
ဦးလေး၏အိမ်သည် သစ်သားအိမ်လေးဖြစ်ပြီး
မိသားစု ရှစ်ယောက်နေထိုင်ကြပေမဲ့
သူ့ဟာနှင့်သူ အဆင်ပြေပါသည်။
တောအိမ်ဆိုသည့်အတိုင်း မီးဖိုဆောင်နှင့်
ထင်းစင်ကို သက်သက်စီထုတ်ထားသောကြောင့်
ပိုကျယ်သွားလေသည်။
အိမ်က ခြေတန်ရှည်အိမ်မဟုတ်ပေမဲ့
တောမှာက အိမ်တွေကိုခပ်မြင့်မြင့်သာ
ဆောက်လေ့ရှိသည့်အတွက် နေ့ခင်းဘက်
ပူတဲ့အခါမျိုးဆိုရင် အိမ်အောက်မှာဖျာခင်းပြီး
ဆင်းအိပ်ကြမြဲဖြစ်သည်။
ချစ်ပန်းဝေလည်း ထုံးစံအတိုင် အပေါ်ပိုင်းကို
သပါတ်ဖြင့် လွှမ်းခြုံထားလိုက်ကာ
ဓာတ်မီးတစ်လတ်နှင့် အိမ်တစ်ပတ်ပြည့်အောင်
ပတ်ပြီး လိုက်ကြည့်ရလေသည်။
နွားတင်းကုတ်ဘက်မှ နို့စားနွားနှစ်ကောင်ကို
ကြည့်လိုက်ပြီး တင်းကုတ်ကို
သေချာစစ်ဆေးလိုက်သည်။
ရွာမှာက ခုနောက်ပိုင်းနွားမွေးတာရှားပေမဲ့
ဒီနိုးစားနွားနှစ်ကောင်ကတော့
ဒေါ်လေး အကြွေးနှင့်သိမ်းလာခဲ့ခြင်းဖြစ်သည်။
နွားတွေကို ကြည့်ပြီးနောက် ၀က်ခြံကို
သွားကြည့်လိုက်ကာ ကြက်တွေများ
အုပ်ဆောင်းအပြင် ထွက်နေသလား
စစ်ဆေးရသေးပြန်သည်။
အားလုံးပြီးစီးသွားတော့မှသာ ခြေထောက်ဆေးပြီး
နောက်ဖေးပေါက်မှတက်ကာ မမလှိုင်နှင့်
အမေအိပ်နေသည့် အိပ်ခန်းထဲသို့
၀င်သွားလိုက်သည်။
မမခိုင်ကတော့ ဖုန်းသုံးနေပေမဲ့ အမေကတော့
အိပ်မောကျနေလေသည်။
"ချစ်ချစ်...ဒီနေ့မိုးမိလာတယ်မဟုတ်လား
ထမင်းစားပြီးရင် အစ်မဆီမှာ
ဆေးလာယူသောက်နော်..."
"ဟုတ်ကဲ့ပါ.."
ချစ်ပန်းဝေလည်း မမလှိုင်၏စကားကို
နာခံလိုက်ပြီး ညအိပ်ခါနီးဖြစ်၍ စပန့်သား
၀မ်းဆက်ပန်းရောင်လေးကို ၀တ်လိုက်ကာ
ဆံပင်တွေကိုလည်း ဖြန့်ချထားလိုက်သည်။
ချစ်ပန်းဝေ၏ ဆံပင်များသည်
ခါးနားအထိရှည်နေပြီဖြစ်ကာ မဲနက်၍
အုံထူးသောကြောင့် ထိုဆံပင်များကို
ဖြန့်ချထားတိုင်း ယုယလှိုင်သည်အမြဲတမ်း
လိုက်ငေးယူရခဲ့သည်။
ယခုလည်း ဆံပင်ထူကြီးတွေကို ဖြန့်ချထားပြီး
သူကြိုက်သည့် မင်းသားရှိုင်း၏ပိုစတာကို
ထုတ်ကာ နံရံမှာကပ်နေ၍ လှိုင်လည်း
ဖုန်းသုံးနေရာမှ လှည့်ကြည့်လိုက်မိသည်။
"အဲ့မင်းသားကို နင်တော်တော်ကြိုက်တာပဲနော်
အားတဲ့အချိန်လည်း သူ့ဇာတ်ကားပဲကြည့်တယ်
ဇီးထုပ်ထဲကပုံတွေလည်း စာအုပ်တွေထဲမှာ
ကပ်လို့ကပ်နဲ့...နင့်ကိုယ်နင်အရမ်းအစွဲအလမ်း
ကြီးလွန်းနေတယ်လို့ မထင်ဘူးလား.."
"မထင်ပါဘူး..ညီမကိုယ်ညီမတော့
အရမ်းကံကောင်းတဲ့လူလို့ပဲထင်တယ်.."
လှိုင်က အပြစ်တင်ဝေဖန်လိုက်ပေမဲ့
ချစ်ပန်းဝေကတော့ လုံး၀စိတ်အနှောက်အယှက်
မဖြစ်ပဲ သွားစွယ်ကလေးတွေပေါ်သည်အထိ
ပြုံးပျော်နေလေသည်။
"ညီမကပဲ စိတ်အားထက်သန်နေလို့လားမသိဘူး
နောက်ဆုံးတော့ ရှိုင်းကိုအပြင်မှာပါ
မြင်ခွင့်ရခဲ့ပြီလေ..."
"ဘယ်လို...မဖြစ်နိုင်တာမပြောစမ်းပါနဲ့ဟာ..
နင်ရူးသွားရင် နင့်အမေကိုဘယ်သူကြည့်မှာလဲ.."
"ဟာ..မမလှိုင်ကလည်း သမီးကရူးစရာလား
တကယ်ပြောနေတာ..တကယ်..တကယ်
ဒီနေ့ရှိုင်းကို အပြင်မှာအရှင်လတ်လတ်
တွေ့ခဲ့တယ်...အဲ့ဒါတင်မကဘူး
သူနဲ့ထီးတစ်လတ်တည်းကို အတူဆောင်းရပြီး
မိုးကာပါအတူခြုံခွင့်ရခဲ့တာ..
သူနဲ့စကားတွေလည်း အများကြီး
ပြောခွင့်ရခဲ့သေးတယ်.."
အလွန်ပျော်ရွှင်မြူးထူးနေသောပုံစံနှင့်
ပြောပြနေသော ချစ်ပန်းဝေကိုကြည့်ပြီး
လှိုင်တစ်ယောက် ဖုန်းဆက်သုံးမနေနိုင်တော့ပဲ
လန့်သွားမိလေသည်။
ထို့ကြောင့် ချက်ချင်းပဲ ချစ်ပန်းဝေ၏
မျက်နှာကို လိုက်စမ်းသပ်ကြည့်လိုက်မိသည်။
"ကိုယ်လည်းမပူပါဘူး..ဒါပေမဲ့နင့်ကြည့်ရတာ
တစ်ခုခု မူမမှန်သလိုပဲ..."
ချစ်ပန်းဝေကတော့ မမလှိုင်၏ပြုမူပုံကို
နားလည်၍ စိတ်မဆိုးမိပေ။
ချစ်ပန်းဝေကိုယ်တိုင်လည်း အခြားသူသာ
ဒီလိုစကားမျိုးလာပြောလျှင် ယုံမည်မဟုတ်ပေ။
"ဟုတ်လား..မဟုတ်လားဆိုတာ မနက်ရောက်မှ
မမလှိုင်ကို သက်သေပြမယ်..အခုတော့
ထမင်းသွားစားလိုက်အုံးမယ်..."
"အေးပါ..အိပ်မက်မက်တာလေးလည်း
နည်းနည်းလျော့...အဲ့ရုပ်ရှင်မင်းသားကို
သိပ်လည်းရူးသွပ်မနေနဲ့ သူကကိုယ့်ကို
ထမင်းလာကျွေးမှာမဟုတ်ဘူး..ကိုယ့်ဘာသာ
ရှာစားရမှာ..."
"အဲ့ဒီ့မမလှိုင်ကတော့လေ..သူပြောတာနဲ့
စိတ်ကူးယဉ်နေမိတာလေးတွေတောင်
ကြက်ပျောက်၊ငှက်ပျောက်ဖြစ်ကုန်ပြီ
ဘာမှန်းလည်း မသိဘူး..."
မမလှိုင်ကို မျက်စောင်းထိုးခဲ့ကာ မီးဖိုခန်းထဲသို့
၀င်လာလိုက်ပြီး အိုးတွေကို
လှန်လှောကြည့်လိုက်တော့ ဟင်းရော၊
ထမင်းရော ကုန်နေ၍ စိတ်ပျက်သွားရသည်။
"ဗိုက်ဆာပါတယ်ဆိုနေမှ ဘာမှလည်း
စားစရာမကျန်တော့ဘူး စိတ်ကုန်လိုက်တာ.."
ချစ်ပန်းဝေလည်း ဗိုက်ဆာလွန်း၍ အူတွေပါ
လှိမ့်တက်နေသည်ဟု ခံစားနေရကာ
မီးဖိုထဲသို့ လူ၀င်လာမှန်းမသိပဲ
ညည်းလိုက်မိသည်။
"ညည်းကပဲစိတ်ကုန်ရတယ်ရှိသေး...
ငါကလည်း ညည်းတို့သားအမိကို စိတ်ကုန်နေတာ
ကြာလှပြီဟဲ့ သိရဲ့လား..."
"ဟင်..ဒေါ်လေး..ဘာတည်းကရောက်နေတာလဲ.."
"ငါ့ဘာသာ ဘယ်တည်းကရောက်နေနေပေါ့..
ညည်းစကားပြောတာ သတိထားနေနော်
သူများအိမ်မှာကပ်နေပြီး..စကားကို
စည်းလွတ်ဝါးလွတ်မပြောနဲ့...ရှုတ်ရှုတ်ရှပ်ရှပ်
လာလုပ်ရင် နင့်အမေမျက်နှာလည်း
ငါကထောက်မယ်မထင်နဲ့..လူနှစ်ယောက်ရဲ့
စရိတ်ဆိုတာ ဘယ်လောက်ကြီးလည်းသိရဲ့လား..
နေစရာနေရာ ရှိတာပဲကျေးဇူးတင်ဦး.."
ဒေါ်ဌေး၀င်း၏စကားကြောင့် ချစ်ပန်းဝေ၏
ရင်ဘတ်တစ်ခုလုံး ဆူးအောင့်နေသည်အထိ
နာကျင်လာရသည်။
ထို့ကြောင့် ဒေါ်ဌေး၀င်းမမြင်အောင်
လက်သီးတွေကို ခပ်တင်းတင်း
ဆုပ်ထားမိလေသည်။
သည်းခံနေရသည့် အကြောင်းအရင်းဟာ
အမေ့ကြောင့်ဖြစ်ပြီး ကိုယ်ပြန်ခံပြောလိုက်မိရင်
အမေဒုက္ခရောက်သွားမည်စိုး၍ မနည်း
တင်းခံနေရသည်။
ဒေါ်လေးက နဂိုတည်းကနှုတ်ကြမ်း၊လျှာကြမ်းမို့
မပြောတော့ပါဘူးဟုပဲ ဖြေသိမ့်လိုက်သည်။
"တောင်းပန်ပါတယ်ဒေါ်လေး..သမီးက
အခြားအဓိပ္ပာယ်နဲ့ပြောတာ မဟုတ်ပါဘူး..
ဗိုက်ဆာနေလို့ လွတ်ခနဲပြောလိုက်မိတာပါ.."
"အမယ်လေး..ညည်းအကြောင်းကို
ငါမသိရင်ခက်မယ်..ထားလိုက်ပါတော့
ပြောနေလည်း ကျွဲပါးစောင်းတီးတာပဲ
အဖက်တင်မယ်...ထမင်းတွေရော၊ဟင်းတွေရော
ညည်းရေချိုးနေတုန်းက နင့်ဦးလေးကို
ကျွေးလိုက်ပြီ
စားချင်ရင်တော့ မနက်ကကျန်တဲ့
ထမင်းကြမ်းရှိသေးတယ်..ငန်ပိရည်လည်း
ရှိတယ်..အဆင်ပြေသလိုစားလိုက်
နောက်ပြီး ငါနေသိပ်မကောင်းလို့
မနက်ဖြန်ကြရင် ကြက်စွတ်ပြုတ်လေး
လုပ်ပေးထားအုံး ကြားလား.."
"ဟုတ်ကဲ့ ကြားပါတယ်..."
၀မ်းနည်းလွန်းလို့ မျက်ရည်ဝဲနေမိပေမဲ့
စိတ်ကို မနည်းအားတင်းထားလိုက်ပြီး
ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။
မီးဖိုချောင်ထဲမှ ဒေါ်လေးထွက်သွားသည်နှင့်
ထမင်းကြမ်းခဲကို လိုက်ရှာရလေသည်။
ထမင်းကြမ်းခဲက ၀က်စာအိုးနားမှာရှိနေ၍
၀က်စာအိုးထဲသို့ မထည့်ထားကြသေးတာကိုတောင်
ကံကောင်းသည်ဟု ဆိုရမလိုဖြစ်နေသည်။
ဒီအိမ်မှာ နေရင်လက်သွက်မှသာ ရလိမ့်မည်
မဟုတ်ရင်တော့ နောက်ချေးနဲ့သဲသာစားရလိမ့်မည်။
"တော်ပါသေးရဲ့ ထမင်းတွေကမသိုးသေးလို့.."
အရင်ကဆို နောက်ကျ၍ထမင်းသိုးတွေသာ
ကိုယ့်အတွက် ကျန်ခဲ့လေ့ရှိသည်။
ဒီနေ့တော့ ထမင်းကမသိုးသေး၍
စတီးလ်ဇလုံထဲသို့ ထည့်လိုက်ကာ
ငန်ပိရည်နှင့်နယ်ပြီး ကြက်သွန်နီကို
အတို့လုပ်၍ ဗိုက်၀ရင်ပြီးရောစားပစ်လိုက်သည်။
For Me, [7/12/2025 2:19 PM]
တက္ကသိုလ်နောက်ဆုံးနှစ်ပြီးတည်းက
ဒီအိမ်ကို ရောက်လာခဲ့ခြင်းဖြစ်ပြီး ၂နှစ်လုံးလုံး
အမျိုးမျိုး သည်းခံပြီးနေလာခဲ့ရတာ အခုဆို
အသက်(၂၂)နှစ်တောင် ပြည့်ပြီးလေပြီ။
အိမ်အလုပ်တင်မကပဲ လယ်ထဲတွေပါဆင်းပေးပြီး
ဘယ်နေရာဖြစ်ဖြစ် ဒီအိမ်မှာချစ်ပန်းဝေ
မပါရင်မပြီးပေမဲ့ များသောအားဖြင့်
ငန်ပိရည်နှင့်သာ နှစ်ပါးသွားရသည်ကများတယ်။အသားတွေလည်း ဖြူရာကနေညိုကုန်လေပြီ။
အလုပ်သာ မလုပ်ပေးရင်တော့ ထမင်းတောင်
ကျွေးပါ့မလား မသိဘူး။
တော်သေးသည်က ကိုယ့်အသားအရည်ဟာ
အငန်စားလည်း အဖုသိပ်မပေါက်တတ်သည့်
အသားအရည်မျိုးဖြစ်နေသောကြောင့်ပင်။
မဟုတ်ရင်တော့ နာမည်ကို"ဘုဝေဝေ"ဟု
ပြောင်းရလောက်သည်။
"ဒီ၀ဋ်ကြွေးတွေကနေ ငါဘယ်တော့မှ
လွတ်မြောက်နိုင်ပါ့မလဲ...မေမေသာ
အကောင်းပကတိအတိုင်း ပြန်ဖြစ်ရင်
သိပ်ကောင်းမှာပဲ"
အခန်း(၅)ဆက်ရန်ရှိသည်
🌺🌺🌺🌺🌺🌺🌺🌺
တစ်ယောက်ရဲ့ ထမင်းပွဲက"၀က်သားနဲ့ငါ့ရံ့ခြောက်
နောက်တစ်ယောက်ကတော့
"ငန်ပိရည်နဲ့ထမင်းကြမ်းခဲ"
ဘဝတွေကလည်းတစ်ယောက်နဲ့တစ်ယောက်မတူညီကြဘူးလေ။ကံစီမံတဲ့အတိုင်းဘဲနေကြရတာ
ReplyDeleteလူ့သဘာဝ တောသဘာဝ
ReplyDeleteနှလုံးသားနဲ့အတွေးခေါ်ကသာ တစ်နေ့လွတ်မြောက်မှာပါ..ချစ်ပန်းဝေ