အခန်း၄ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 



(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း၄

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


တက္ကစီအဖြူလေးသည် လမ်းကျဉ်းလေးထဲသို့

မောင်း၀င်လိုက်ပြီးနောက်မှာ ဝိုင်းလေးတို့၏

နှစ်ထပ်အိမ်လေးရှေ့တွင် ရပ်သွားလေသည်။

တက္ကစီဒရိုင်ဘာကို ကားခရှင်းပေးလိုက်ပြီး

ခြံပေါက်၀မှာ ခြေချမိတယ်ဆိုရင်ပဲ

အိမ်သားတွေကို ဘယ်လိုရှင်းပြ၊ပြောပြရမလဲ

ဆိုတာကိုသာ အသည်းအသန်စဉ်းစားနေရသည်။


ဒီအချိန်ဆိုရင် အမေကအဖေ့ကိုထမင်းကျွေးပြီး၍

မိသားစုလက်စုံညီထမင်းစားဖို့ 

ပြင်ဆင်နေလောက်ပေမည်။

အဖွားကတော့ စောစောဘုရားရှိခိုးတတ်သူမို့

ဒီအချိန်လောက်ဆို ဘုရားရှိခိုးပြီးလောက်ပေမည်။

အန်တီလေးကတော့ စက်ချုပ်နေအုံးမှာပေါ့...

သူ့အလုပ်နဲ့သူ ၊သူ့အတွေးနဲ့သူကျေနပ်စရာ

ဖြစ်နေတဲ့ ဘ၀လေးကိုဝိုင်းလေးနှောက်ယှက်

လိုက်ရင် ဘယ်လိုများဖြစ်သွားကြမလဲ..။


"မသိတော့ဘူးဟာ..အမှန်အတိုင်းပဲပြောပြီး

မင်္ဂလာပွဲကို ဖြတ်သိမ်းခိုင်းလိုက်တော့မယ်..

မဟုတ်ရင် ယောက်ျားရဲ့တစ်သက်လုံး

အနိုင်ကျင့်တာကိုခံရပြီး

ငါပဲစိတ်ဆင်းရဲရမှာ.."


ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချမှ

ရတော့မည်မို့ အတတ်နိုင်ဆုံးစိတ်ကိုတင်းထားကာ

အိမ်အပေါ်၀ဆီသို့ တစ်လှမ်းချင်း

လျှောက်နေမိလေသည်။

မိဘတွေရဲ့ဆုံးဖြတ်ချက်ကို ဝိုင်းလေး

တစ်ခါမှ မငြင်းဆန်ခဲ့ဖူးပေ။

မိသားစုအားလုံးရဲ့ အကြိုက်တွေ၊ဆန္ဒတွေကိုသာ

တိတ်တိတ်လေးဖြည်းဆည်းပေးတတ်ပေမဲ့

ဝိုင်းလေးဘာကြိုက်တတ်သလဲ၊ဘာဖြစ်ချင်သလဲ

ဆိုတာကိုတော့ အန်တီလေးကလွဲပြီး

ဘယ်သူ့ကိုမှ ထဲထဲ၀င်၀င်မပြောပြခဲ့ဖူးပ။


ဝိုင်းလေးဟာ ငယ်ငယ်တည်းကအလိုက်သိသော

ကလေးတစ်ယောက်ဟု အန်တီလေးကတော့

ခဏခဏပြောပြဖူးတယ်။

သိတတ်စအရွယ်တည်းက ကိုယ့်ထက်နှနှစ်မျှ

ကြီးသော မမခင်ထိပ်ထားဦးကို

အမြဲဦးစားပေးတတ်တာဟာ ဝိုင်းလေးရဲ့

အကျင့်တစ်ခုလို ဖြစ်နေခဲ့တယ်။


မမထိပ်ထားက အကြီးဆိုပေမဲ့ဝိုင်းလေးကို

လုံး၀ညှာတာခြင်းမရှိခဲ့ဘူး။

အရုပ်ဖြစ်ဖြစ်၊အစားအစာဖြစ်ဖြစ် သူ့ဟာက

ပိုကောင်းနေ၊ပိုကြီးနေမှ ကြိုက်တဲ့လူ...။

ငယ်ငယ်ကဆိုရင်ဝိုင်းလေးကို ညီအစ်မအဖြစ်

မသတ်မှတ်နိုင်ဘူးဟု ခဏ၊ခဏငိုယိုခဲ့ပြီး

မိဘတွေကို စိတ်ကောက်လေ့ရှိတတ်တယ်။


အဆူခံရလွန်းလို့သာ လူကြီးတွေရှေ့မှာဆို

ကောင်းကောင်းမွန်မွန်ဆက်ဆံပြတတ်ပေမဲ့

ကျောင်းမှာဆိုရင် လမ်းဘေးအမှိုက်ပုံ‌ကနေ

ကောက်လာသော ကလေးတစ်ယောက်ကဲ့သို့

ရွံစရာကောင်းတယ်ဆိုကာ

လူတိုင်းကိုလိုက်ပြောပြလေ့ရှိတယ်။

သူ့ကြောင့်ပဲ ဝိုင်းလေးကို၀တ်ရည်ကလွဲလို့

ဘယ်သူမှ မပေါင်းချင်ကြတာပေါ့..။


ငယ်ငယ်တည်းက‌နေ အခုအချိန်အထိ

မမထိပ်ထားဦးကို အလျော့ပေးနိုင်ခဲ့သလို

မိဘတွေ ဖြစ်ချင်တဲ့အရာကိုပဲလိုက်လျော

ပေးခဲ့တဲ့ အယူအဆလေးကို

ဒီတစ်ခါလောက်လေးပဲဖြစ်ဖြစ်

ဆန့်ကျင်ပါရစေ။


"ဟင်..ဒီဒေါက်မြင့်ဖိနပ်ကဘယ်သူ့ဟာပါလိမ့်.."


အိမ်ဖိနပ်ချွတ်တွင် သုံးလက်မအမြင့်ရှိသော

ဒေါက်ဖိနပ်တစ်ခုကို ထူးဆန်းစွာတွေ့

လိုက်ရလေသည်။

ဒီအိမ်မှာ ဝိုင်းလေးတောင်တစ်လက်မ

ဒေါက်လောက်ပဲ စီးတတ်တာပါ။

မမထိပ်ထားရှိတုန်းကသာ ဒီလိုဒေါက်တွေကို

၀ယ်စီးတတ်တာဆိုတော့..မမထိပ်ထားများ..

ပြန်ရောက်နေတာလား..


"အမေတို့က..ဒါတော့မတရားဘူး..

ကိုယ်ကမွေးတဲ့..သားသမီးအရင်းလည်းမဟုတ်ပဲ

ဘာလို့ ဒီလိုစီစဉ်လိုက်ရတာလဲ..ထိပ်ထားကို

ဆက်သွယ်ဖို့တော့ ကောင်းပါတယ်.."


ဧည့်ခန်းဘက်ဆီသို့ ရောက်ခါနီးတွင်

ကြားလိုက်ရသော မမထိပ်ထား၏အသံကြောင့်

အကွယ်တစ်နေရာ၌ ဝိုင်းလေး၏ခြေလှမ်းများကို

ရပ်တန့်လိုက်မိသည်။


*မမထိပ်ထားက..ဂျပန်ကနေ

တကယ်ပြန်ရောက်လာတာပဲ..

အကြောင်းမကြားပဲ ဘာကြောင့်ရုတ်တရက်ကြီး

ရောက်ချလာတာများလဲ..

ဂျပန်မှာကျောင်းသွားတက်ဖို့ထွက်သွားပြီးတာနဲ့

နှနှစ်လောက်ကို အိမ်ကနေကျောင်းစရိတ်တွေ

ထောက်ပံ့ခဲ့ရတယ်..ကျောင်းနှနှစ်လောက်

တက်လို့လည်းပြီးရော..အလုပ်၀င်နေတယ်

ဆိုတာလောက်ပဲ သိလိုက်ရပြီး

အဆက်အသွယ်ဖြတ်သွားခဲ့တယ်..

သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာတော့ 

သူ့ရည်းစားနဲ့ပုံတွေ..သူငယ်ချင်းတွေနဲ့ပျော်နေတဲ့

ပုံတွေကိုတင်ထားပြီ..အိမ်ကအန်တီလေးတို့၊

ဝိုင်းလေးတို့ကိုတော့..စာပို့ရင်တောင်

 လုံး၀စာမပြန်ပဲ..ဘလော့ခ်ထားလေရဲ့..

အခုမှ ရုတ်တရက်ကြီးအိမ်ကိုပြန်လာတာပါလား"


အသံတွေကို ကြားရသလောက်တော့

အဖေကလွဲပြီး ကျန်တဲ့မိသားစု၀င်တွေအားလုံး

ဧည့်ခန်းထဲမှာရောက်နေပြီး မမထိပ်ထားနဲ့

စကားများနေကြပုံပဲ။

ရန်ဖြစ်နေရင်တော့ ၀င်မပါသင့်ဘူးလို့ထင်မိတယ်။

အထူးသဖြင့် ဝိုင်းလေး၀င်ပါရင်မမထိပ်ထားက

လုံး၀မကြိုက်တော့ ပိုဆိုးလိမ့်မယ်။


"ထိပ်ထားဦး..လူကြီးတွေစီစဉ်ထားတဲ့ကိစ္စကို

နင်ဘာမှလာပြီးဝေဖန်စရာမလိုဘူး..

နင့်လိုမိဘစကားကို နားမထောင်ပဲလုပ်ချင်ရာတွေ

လုပ်ခဲ့တဲ့အပြင် မိသားစုကိုပါအဆက်အသွယ်

ဖြတ်ထားတဲ့လူက..အခုမှဟို၀င်ပါ..ဒီ၀င်ပါ

လာမလုပ်ချင်စမ်းနဲ့...


"အမေဘာလို့..အဲ့ဒီ့လိုပြောရက်ရတာလဲ..

သမီးက..ဟို၀င်ပါဒီ၀င်ပါလုပ်တယ်ပေါ့လေ..

သမီးကဒီအိမ်ရဲ့ မိသားစု၀င်မဟုတ်ဘူးလား..

ဘာလဲ..အမေတို့နဲ့သုံးနှစ်လောက်လေး

အနေဝေးသွားရုံနဲ့...မွေးစားသမီးကို

လူရာသွင်းပြီး..သမီးအရင်းကိုတော့စွန့်ပစ်လိုက်မဲ့

သဘောလားအမေ..အခြေအမြင့်မရှိတဲ့

မိသားစုက မိန်းမကိုတော့အိမ်ပေါ်မှာ

ခေါ်တင်ထားပြီး..သမီးအရင်းကိုတော့

ဖြစ်ချင်ရာဖြစ်ဆိုတဲ့သဘောလား.."


"ခင်ထိပ်ထားဦး..နင်ဘာစကားတွေပြောနေတာလဲ

ဒါကနင့်ကိုမွေးထားခဲ့တဲ့ အမေပါဟဲ့

ဘယ်မိဘကများ ကိုယ့်သားသမီးအရင်းကို

စွန့်ပစ်ရက်လို့လဲ..နင်မဟုတ်တာတွေ

မပြောစမ်းနဲ့.."


မိခင်ဖြစ်သူကို ခွန်းတုန့်ပြန်ကာအော်ဟစ်နေသောကြောင့် ဒေါ်ရွှေရည်၀င်းလည်း

တူမဖြစ်သူကို ထပြောရလေတော့သည်။

ခင်ထိပ်ထားဦးဟာ သူလိုချင်တာတစ်ခုခုကို

ရဖို့ဆိုရင် ဘယ်သူ့မျက်နှာမှမထောက်တတ်မှန်း

သိပ်သိတာပေါ့။


အခုလည်း ပြန်ရောက်ရောက်ချင်း မေဝိုင်းလေးရဲ့

မင်္ဂလာသတင်းကို ၀မ်းသာပေးမလားဆိုပြီး

ပြောမိခါမှ ဘီလူးဆိုင်းထတီးတော့တာပဲ။

မေဝိုင်းလေးယူမဲ့လူက အရမ်းချမ်းသာတဲ့အကြောင်းကို ကြားလိုက်ရတည်းက

မနာလိုအူတိုစိတ်တွေက ထကြွလာပုံရတယ်။


"မဟုတ်တာမပြောစေချင်ရင်..မဟုတ်တာ

မလုပ်ကြနဲ့ပေါ့..ဘာလို့အဲ့ကောင်မကို

ကိုစက်နဲ့သဘောတူလိုက်ရတာလဲ..

ဟိုကသမီးအရင်းထင်လို့ မေဝိုင်းလေးကို

လက်ခံတာဆိုရင် အမေတို့ဘယ်လိုလုပ်ကြမလဲ.."


"ဟဲ့..ဝိုင်းလေးကငါတို့အမွေစားအမွေခံ

စာချုပ်နဲ့မွေးစားထားတဲ့ ကလေးပဲလေ

သူတို့လည်းသိပြီးသားပဲ.."


"ဒါပေမဲ့သူ့မှာ လူအသိမခံနိုင်တဲ့

ချို့ယွင်းချက်တစ်ခုရှိနေတယ်လေ..

သူလိုမိန်းမက..မင်းစက်အာဏာနဲ့ထိုက်တန်တယ်လို့

အမေတို့ကထင်နေတာလား..လျှို့ဝှက်ချက်တွေ

အားလုံးကို တစ်နေ့သိသွားရင်အမေတို့ပဲ

ဒုက္ခရောက်မှာနော်..ဝိုင်းလေးလိုလူမျိုးကို

အမေတို့မို့လို့ ပွဲထုတ်ရဲတယ်..အဖြစ်မှန်တွေ

အားလုံးကိုသိသွားတဲ့တစ်နေ့..

သိက္ခာကျမှာက ဒီမိသားစုပဲမဟုတ်ဘူးလား..."


"ခင်ထိပ်ထားဦး..နင့်ပါးစပ်ကိုပိတ်ထားလိုက်စမ်း!!"


ထိပ်ထားဦး၏ သတိပေးလိုက်သောစကားကြောင့်

ဒေါ်တင်မမတစ်ယောက် အံကိုကြိတ်ကာ

ထိုင်ခုံပေါ်တွင် သတိလက်လွတ်

ထိုင်ချလိုက်မိလေသည်။

သမီးငယ်လေးအကြောင်းကို ပြန်တွေးမိတဲ့အခါတိုင်း အသဲနင့်အောင်ကိုခံစားရသည်။

အ၀င်းကတော့ မျက်ရည်များဖြင့် ရင်ထုမနာ

ဖြစ်နေရှာသော ညီမဖြစ်သူကိုတတ်နိုင်သလောက်

နှစ်သိမ့်ပေးရှာသည်။


ဒေါ်တင်မမသည် အစ်မဖြစ်သူ၏ရင်ခွင်ထဲသို့

၀င်၍ မချိတင်ကဲဖြစ်လျှက်ငိုနေမိရင်းမှ..

မျက်ရည်လေးများဝဲနေသော အမေဖြစ်သူ

မိမိစံဘက်ကို ကြည့်လျှက်..


"အမေရယ်..မေဝိုင်းလေးက..

ကျွန်မရဲ့သမီးအရင်းမဟုတ်ပေမဲ့

သမီးအရင်းလေးတစ်ယောက်လိုပဲ ဂရုတစိုက်နဲ့

ပြုစုပျိုးထောင်ခဲ့တာပါ..ဒါပေမဲ့ဘာကြောင့်များ

သူ့မှာ ဒီလိုကံကြမ္မာဆိုးကြီးက

ဖြစ်တည်လာရတာလဲ..ကျွန်မရဲ့ယောက်ျားက

သူလေးကို ဆိုးဝါးတဲ့ဘ၀ကနေဆွဲထုတ်လာခဲ့ရတာ

 ကံမကောင်းခဲ့ရှာတဲ့ကလေးပါ

သူကအကောင်းဆုံးတွေနဲ့ မထိုက်တန်တော့ဘူးလား

ကောင်းမွန်တဲ့ အိမ်ထောင်ဘက်နဲ့တွေ့ပြီး

ပြီးပြည့်စုံတဲ့ ဘ၀နဲ့မထိုက်တန်တော့ဘူးလား...

‌ခင်ထိပ်ထားဦးရယ်..နင်လည်းတော်ပါတော့

ကိုယ့်ညီမလို သဘောမထားနိုင်ရင်တောင်

စိတ်ကောင်းလေးတော့ ထားပေးပါဟယ်..

ငါမွေးထားတဲ့သမီးဖြစ်ပြီး စိတ်ဓာတ်

အောက်တန်းကျလိုက်ပုံများ ငါသိပ်ရှက်တာပဲ..."


"အား!!!!"


ဒေါ်တင်မမဟာ လက်အုပ်ချီသည့်ပုံစံနှင့်

ပြောလိုက်သောကြောင့် ထိပ်ထားဦးဟာ

ပို၍ ဒေါသထွက်သွားကာ ခုံပေါ်မှပစ္စည်းတွေကို

ကြမ်းပြင်ပေါ်သို့ ပြစ်ပေါက်ချလိုက်လေသည်။


မေဝိုင်းလေးကတော့ အခန်းအကွယ်လေး၌

နံရံကိုကျောမှီကာ ထိုင်ချလိုက်ရင်း

ခေါင်းမှောက်ကာ ခန္ဓာကိုယ်လေးတသိမ့်သိမ့်

တုန်သည်အထိ ငိုနေမိတော့သည်။

အခုအချိန်အထိ မေမေတို့ဟာဝိုင်းလေးကြောင့်

စိတ်ဆင်းရဲနေကြသေးမှန်း

ဝိုင်းလေးတကယ်ကိုမရိပ်မိခဲ့ဘူး။


"ဘာကိုစိတ်ထားကောင်းပေးရမှာလဲ..

ဘာကိုရှက်ရမှာလည်းအမေ..

သမီးကိုငရဲကြီးအောင်လို့ လက်အုပ်ကြီး

တချီချီနဲ့မပြောစမ်းပါနဲ့..တကယ်ဆိုရင်

အမေတို့ကသာရှက်ရမှာသိရဲ့လား..

သမီးအရင်းထက်..မွေးစားသမီးကို

လူရာသွင်းထားတဲ့..အမေတို့ကသာရှက်ရမှာ

သူ့ကြောင့်အမေတို့ဘယ်နှစ်ခါများ

မျက်နှာပွင့်ခဲ့ရဖူးလို့..အခုအချိန်အထိအိမ်မှာ

ခေါ်ထားရတာလဲဆိုတာ..နားကိုမလည်တော့ဘူး

သမီးဂျပန်ကိုသွားတာက..သူ့လိုမိန်းမမျိုးနဲ့

တစ်ခန်းထဲမှာ အတူမနေချင်လို့..သိရဲ့လား..

အဟင်း..ဂျပန်ရောက်နေတာကို

အခွင့်ကောင်းယူပြီး..သမီးနေရာကို၀င်ယူတဲ့အပြင်

ကိုစက်နဲ့မတန်မရာလက်ထက်ချင်နေတဲ့မိန်းမ

အမေတို့ကလည်း..ဒီလိုစုတ်ပဲ့တဲ့မိသားစုက

စာရိတ္တမကောင်းတဲ့မိန်းမကို သမီးအရင်းထက်ကျော်ပြီး..ဘာကြောင့်ပွဲထုတ်ရတာလဲ..

လုံး၀မကျေနပ်ဘူး..."


"ဖြန်း!!!!"


မအေက မျက်ရည်တွေကျကာ ဒီလောက်ငိုပြီး

တောင်းပန်နေ‌တာကိုတောင် မတော်နိုင်သေးတဲ့

တူမဖြစ်သူ၏ပါးကို အားကုန်လွှဲရိုက်လိုက်မိလေသည်။‌

ရွှေရည်၀င်းရဲ့ဘ၀မှာ တူမတွေကိုဆုံးမတဲ့အခါ

ဘယ်တော့မှ လက်ပါခဲ့တယ်ဆိုတာမျိုးမရှိခဲ့ဘူး။

ဒီလိုဆုံးမနည်းက တစ်ယောက်ကိုတော့

လိမ္မာယဉ်ကျေးစေခဲ့ပေမဲ့

ကျန်တစ်ယောက်ကိုတော့ ဆိုးသွမ်း၊မောက်မာ

သွားစေလိမ့်လို့ မထင်ခဲ့မိပေ။


ခင်ထိပ်ထားဦးကတော့ အသားတွေ

တဆက်ဆက်တုန်က မျက်ရည်ဝဲလျှက်

အဒေါ်ကို မော့ကြည့်လာခဲ့လေသည်။

ဘယ်တုန်းကမှ မရိုက်နှက်ဖူးခဲ့သည့်အန်တီလေးရဲ့

ရိုက်ချက်ဟာ သူ့နှလုံးသားထဲအထိတောင်

ရိုက်ခတ်တုန်လှုပ်သွားစေသည်။

အံကိုဖိကြိတ်လိုက်ကာ အဒေါ့်ကိုမုန်းတီးစွာ

ပြန်ကြည့်လိုက်သောအခါမှာ..


"နင့်အကြည့်တွေကိုပြင်လိုက်..မိထိပ်ထား..

ငါနင်တို့ညီအစ်မကို ဘယ်တုန်းကမှ

မရိုက်ခဲ့ဘူးပေမဲ့..နင့်ရဲ့လုပ်ရပ်က

ထိန်းကြောင်းခဲ့တဲ့..ငါ့ကိုယ်ငါရှက်မိတဲ့အထိ

မိုက်ရိုင်းလွန်းနေပြီ..

.......

ကျောင်းတက်နေတုန်းကတော့ အိမ်ကရှိသမျှကို

အကုန်သဲ့ယူပြီး..ကျောင်းလည်းပြီးရော

ငါတို့ကိုအဆက်အသွယ်ဖြတ်သွားခဲ့တာက

ဘယ်သူလဲ..

နင့်ကိုထောက်ပံ့ခဲ့ရလို့..အိမ်မှာ

အကြွေးတွေတင်နေတာကိုရော သိရဲ့လား,

စာနာပေးရမှန်းနားမလည်တဲ့အပြင်..

နင်လှည့်တောင်မကြည့်ခဲ့ဖူးလေ..

.........

နင့်အမေအခုရောင်းနေတဲ့ ဈေးထဲက

အထည်ဆိုင်ကို နင်ဂျပန်မှာ

ကျောင်းသွားတက်တော့

နှစ်ဆယ့်ငါးကျပ်တိုးနဲ့ ပေါင်ထားခဲ့ရပြီး..

မရွေးနိုင်လို့ဆုံးခါနီးမှာ..နင့်အဖွားရဲ့သူငယ်ချင်းက

ပြန်ရွေးပေးခဲ့ရတာဟဲ့..

.........


ဒီခြံကိုတစ်ခြမ်းရောင်းပြီး

နင့်အဖေရဲ့ရောဂါကို ကုခဲ့ရတယ်..

ဒေါ်နုယဉ်က သူ့မြေးနဲ့လက်ထက်ဖို့

ကမ်းလှမ်းလာတာကို ငါတို့ဘယ်လိုငြင်းရမှာလဲ..

သူ့အကြွေးတောင်မဆပ်ရသေးဘူးလေ..

.........

ငါတို့လက်ခံရုံအပြင်မတတ်နိုင်ဘူးဟဲ့..အဟင့်

နင်တို့ညီအစ်မတွေကို ငါကမမွေးခဲ့ရုံပါဟယ်..

ဂုဏ်သိက္ခာရှိရှိပဲ သူများလက်ထဲကိုထည့်ချင်ခဲ့တာ

ဒါပေမဲ့ ငါတို့မှမတတ်နိုင်တာ..

ဘယ်လောက်ပဲ‌ ကောင်းတဲ့လူနဲ့လက်ထက်ရပါစေပိုက်ဆံနဲ့လူကိုလဲလိုက်ရသလိုပဲ..ငါတို့ရင်ထဲမှာ

အချိန်နဲ့အမျှ ပူလောင်နေတာကို..နင်တို့မသိကြဘူး

ခင်ထိပ်ထားဦးရယ်..ငါတို့ကိုစိတ်ဆင်းရဲအောင်

ပြန်လာလုပ်တာလားဟယ်..မေဝိုင်းလေးကို

ညီအစ်မအဖြစ်မသတ်မှတ်နိုင်ရင်တောင်

ပျော်ချင်ဟန်ဆောင်နေရတဲ့ ငါ့တို့ကို

စိတ်ဒုက္ခတော့ထပ်မပေးပါနဲ့..ထိုင်ရှိခိုးပါရဲ့.."


"တကယ်ပဲ..ငွေကြောင့်..အဲ့ဒီ့လူနဲ့

လက်ထပ်ခိုင်းတာလား.."


"သမီး...!!!" "ဝိုင်းလေး..!!!" "မြေး!!!!"


ဧည့်ခန်းပေါက်၀တွင် အိတ်လေးကိုကျစ်နေအောင်

ဆုပ်ကိုင်ထားလျှက် ကြောက်ရွံနေသော

မျက်၀န်းညိုလေးသည် ငိုကာဖြင့်မေးလိုက်သောကြောင့် မိသားစုအားလုံးအံ့ဩ

တုန်လှုပ်သွားကြတော့သည်။

ပါးပြင်မှာ မျက်ရည်လေးတွေရွှဲနစ်နေသော

မေဝိုင်းလေးသည် နာကျင်မှုအပြည့်ဖြင့်ခပ်ဟဟ

တစ်ချက်ရယ်လိုက်ပြီး အိမ်ပေါ်သို့

ပြေးတက်သွားရာ...


"ဝိုင်းလေး...!!!!"


အနောက်မှ ဒေါ်ဝိုင်းရွှေရည်ကလည်းအပြေး

လိုက်သွားလေတော့သည်။

မေဝိုင်းလေး၏အိပ်ခန်းထဲသို့ ပြေး၀င်လိုက်သောအခါမှာ သစ်သားကုတင်လေးပေါ်တွင်

မှောက်လျှက်လေးဖြင့် ငိုရှိုက်နေသောတူမလေး၏

ခေါင်းလေးအား ပုတ်လျှက်နှစ်သိမ့်ပေးဖို့

ကြိုးစားရလေတော့သည်။


"ဝိုင်းလေးရယ်..ငါ့တူမလေးအခုဘယ်လောက်

စိတ်မကောင်းဖြစ်နေမလဲ အန်တီလေး

နားလည်ပါတယ်..ဒါပေမဲ့လေ..အန်တီလေးတို့က

ဘယ်တုန်းကမှ ငွေကြောင့်

လက်ထက်လိုက်ရတာမျိုးတော့

မဖြစ်စေချင်ခဲ့ဘူးဆိုတာတော့ ယုံစေချင်တယ်

..အမှန်တော့

ဈေးထဲကဆိုင်လေးကိုပြန်ရွေးဖို့ ဒီအိမ်ကို

ရောင်းပြစ်ဖို့အထိ တွေးခဲ့ကြသေးတယ်..

မထင်မှတ်ပဲ..ဒေါ်နုယဉ်က၀င်ကူညီပေးခဲ့တော့

အားလုံးပြန်အဆင်ပြေသွားခဲ့တယ်..

သူ့မြေးနဲ့လက်ထက်ဖို့ ကမ်းလှမ်းလာတဲ့အချိန်မှာ

ချက်ချင်းသဘောမတူခဲ့ပါဘူးကွယ်..

ကောင်လေးနဲ့ပတ်သတ်ပြီး စုံစမ်းပြီးမှသာ

သင့်တော်တယ်ထင်လို့ သဘောတူခဲ့ကြတာပါ.."


"ဒါပေမဲ့..အဲ့ဒီ့လူကဝိုင်းလေးကိုမှ

သဘောမကျတာ"


မေဝိုင်းလေးက မှောက်လျှက်လေးငိုနေရာမှ

ဒူးတုပ်ထိုင်လိုက်ပြီး အငိုနှင့်အဒေါ်ကို

ရင်ဖွင့်လေတော့သည်။


"ဒီနေ့..ကောင်လေးနဲ့တွေ့ခဲ့ရတာ

အဆင်မပြေဘူးလား.."


"သူကမောက်မာလွန်းတယ်ဒေါ်လေးရဲ့..

သမီးတို့က သူ့ကိုငွေကြောင့်လက်ထက်လိုက်တယ်

ဆိုတာ သူသိနေပုံပဲ..ယူပြီးတဲ့အခါမှအဆင်မပြေ

တာမျိုးတွေ မဖြစ်ချင်ဘူး..

ပြီးတော့အိမ်ထောင်သည်ဘ၀ကြီးကိုလက်ခံဖို့

ဝိုင်းလေးအဆင်သင့်မဖြစ်သေးဘူး..

ဒါပေမဲ့ အိမ်ရဲ့အခက်အခဲတွေကိုလည်း

ပြေလည်စေချင်တယ်..."


"သမီးရယ်..ကိုစက်ရဲ့အကြောင်းကိုအန်တီလေးတို့

သိသင့်သလောက်တော့ သိပါတယ်..

ဒေါ်နုယဉ်ကလည်း ပြောပြထားတယ်..

ကိုစက်ကတကယ်တော့ အငယ်ဆုံးဖြစ်ပြီး

အရမ်းသနားစရာကောင်းတာ..

ကိုစက်ရဲ့အမေနဲ့အဖေက

သူငယ်ငယ်လေးတည်းကတင်

 ကွဲသွားခဲ့ကြတာလေ

သူ့အဖေကစင်္ကာပူကိုပြန်ဖို့လုပ်တော့

ကလေးသုံး‌ယောက်ထဲကနေ ကိုစက်ကို

ခေါ်သွားခဲ့တယ်..နောက်ပိုင်းသူ့အ‌ဖေက

နောက်မိန်းမယူလိုက်‌တော့ ကိုစက်က

မိခင်အရင်းရှိလျှက်နဲ့ မိထွေးနဲ့နေခဲ့ရရှာတယ်

 သူ့အသက်ဆယ့်သုံးနှစ်တုန်းက သူ့အ‌မေနဲ့အတူ

နေချင်လွန်းလို့ တစ်ယောက်တည်း

လေယာဉ်နဲ့မြန်မာနိုင်ငံကို

ပြန်လာခဲ့တာလေ..အဲ့နှစ်က

ကလောကိုတောင်သူ့အမေခေါ်လာခဲ့သေးတယ်..

သူ့အဖေကရိုက်နှက်ပြီး ပြန်လာခေါ်လို့

သူ့ခမျာ..ငိုပြီးပြန်လိုက်သွားခဲ့ရရှာတယ်..

သူ့အမေကလည်း သူ့ယောက်ျားကိုမုန်းတဲ့စိတ်နဲ့

သားကို လျစ်လျှူရှုထားခဲ့တော့ ကလေးက

ပိုသနားစရာကောင်းခဲ့တာပေါ့...သူ့အဖွားဒေါ်နုယဉ်ပြောတာတော့ ကောင်လေးရဲ့ကျောကုန်းမှာ

ခါးပတ်နဲ့ရိုက်ခံရတဲ့ဒဏ်ရာတွေကို

အမြဲတွေ့တယ်တဲ့လေ.."


"အဲ့လောက်တောင်ပဲလား..သူတော်တော်

နာခဲ့မှာပဲနော်..ဒါကြောင့်သူ့ပုံစံကခက်ထန်နေတာလားမသိဘူး.."


"တကယ်တော့ ကိုစက်နဲ့သဘောတူတာကလေ

ငွေကြောင့်ချည်းပဲမဟုတ်ဘူး..သမီးလေးနဲ့

ငယ်ငယ်ကသိကျွမ်းခဲ့ဖူးတဲ့အခံလေးရှိတာရော

ကိုစက်ကို အန်တီလေးတို့ကိုယ်တိုင်‌လည်း

သဘောကျမိတာကြောင့် လက်ခံခဲ့ကြတာ

ခင်ထိပ်ထားဦး ဒီလောက်ပေါက်ကွဲပြနေတယ်

ဆိုတာကလေ..သမီးရဲ့သတို့သားလောင်းက

အကောင်းစားဖြစ်နေလို့ပဲ.."


"မမကသဘောကျရင်..မမနဲ့ပေးစားလိုက်ပါလား

အန်တီလေးရယ်..."


"မဖြစ်ဘူးလေ..သူတို့ဘက်ကဝိုင်းလေးကိုပဲ

တောင်းတာလေ..အမှန်တော့‌ဒေါ်နုယဉ်ကို

ထိပ်ထားနဲ့ဝိုင်းလေးရဲ့ပုံကို ပို့ခဲ့တာ

အစကတော့ ပုံတွေကိုရိုးရိုးတောင်းတယ်လို့

ထင်ခဲ့ပေမဲ့ ဒေါ်နုယဉ်ကသူ့မြေးနဲ့ပေးစားချင်လို့တောင်းခဲ့တာတဲ့လေ.."


"ဒါဆိုရင်..၀ိုင်း‌လေးကိုအဖွား‌ဒေါ်နုယဥ်က

ရွေးချယ်ခဲ့တာပေါ့..."


"မဟုတ်ဘူး..မင်းစက်အာဏာကိုယ်တိုင်ပဲ..


"ရှင်.."


ပါးစပ်အဟောင်းသားဖြင့် ဝိုင်းလေး

အံ့ဩနေမိစဉ်မှာပဲ အမေကအခန်းထဲသို့

ဖုန်းလေးကိုကိုင်ပြီး ၀င်လာခဲ့လေသည်။


"သမီး..ကိုစက်ရဲ့အမေကသမီးနဲ့စကားပြောချင်လို့တဲ့ ဖုန်းဆက်လာတယ်..."


ဝိုင်းလေးဆီသို့ မျက်နှာမကောင်းစွာဖြင့်

ဖုန်းလေးကို ကမ်းပေးလာသောကြောင့်

ဝိုင်းလေးလည်း သက်ပြင်းချလိုက်ကာ

ဖုန်းကို ကိုင်လိုက်ရလေသည်။


"ဟယ်လို..အန်တီ..."


"ဟယ်လို..အန်တီကမင်းစက်ရဲ့အမေပါကွယ်..

သမီးလေးဒီနေ့သူနဲ့တွေ့ခဲ့တာ အဆင်ရော

ပြေခဲ့ရဲ့လား..သူကသမီးကို

ဘာတွေပြောလိုက်သေးလဲဟင်"


"အဆင်ပြေခဲ့ရဲ့လား.."တဲ့..ဝိုင်းလေးဘယ်လို

ပြန်ဖြေရပါ့မလဲ။

ဒေါ်လေးကလည်း ဝိုင်းလေးပြောမဲ့စကားကို

ကြားလိုဟန်နှင့် စောင့်ဆိုင်းနေသလို

အမေကလည်း မျက်နှာမကောင်းပေ။


ဝိုင်းလေးတစ်ယောက်တည်းအတွက်ဆိုရင်တော့

အခုအချိန်ဟာ အမှန်အတိုင်းပြောပြီး

မင်္ဂလာပွဲနဲ့ပတ်သတ်၍ ငြင်းလို့အ‌ကောင်းဆုံး

အခြေအနေတစ်ရပ်ပဲ။

ဒါပေမဲ့ ဒီမိသားစုအတွက်တော့ ဝိုင်းလေးရဲ့ဆုံးဖြတ်ချက်ဟာ အားလုံးကို

ချောက်နက်ထဲအထိ ဆွဲချလိုက်သလို ဖြစ်နေမှာပဲ။


ထိုအချိန်မှာ မမထိပ်ထားကလည်း

အိပ်ခန်းအပေါက်၀မှာ လာရပ်၍စူးစိုက်ကာကြည့်နေခဲ့လေသည်။

သူ့မျက်၀န်းထဲက မကျေနပ်ချက်တွေကို

ဝိုင်းလေးမြင်နေရတယ်။

ဝိုင်းလေးကိုမိသားစုအဖြစ် မသတ်မှတ်နိုင်တဲ့အပြင် မင်းစက်အာဏာနှင့်မထိုက်တန်ဘူးဟု

သူပြောခဲ့တယ်။


အချိန်‌တွေအကြာကြီး

အတူနေခဲ့တာတောင် ဝိုင်းလေးကို

ရေကြည်တစ်ပေါက် ပမာဏလောက်တောင်‌

သူမေတ္တာမထားနိုင်ခဲ့ဘူး။

*အနည်းဆုံးတော့ မင်းစက်အာဏာဟာ

ဝိုင်းလေးကို ရွေးချယ်ခဲ့တာပဲ..*


ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ဖို့

မျက်၀န်းတွေကို မှိတ်ချလိုက်မိလေသည်။

၀ိုင်း‌လေးရဲ့ ဆုံးဖြတ်ချက်ဟာ

တစ်ဘ၀လုံးအတွက် မှားယွင်းသွားတာမျိုး

ဖြစ်နိုင်ပေမဲ့။

ချစ်ရသူတွေအဆင်ပြေသွားဖို့အတွက်..

ပြီးတော့ တစ်စုံတစ်ယောက်ကို

အထိနာစေဖို့အတွက်...


"အဆင်ပြေခဲ့ပါတယ်အန်တီ..သူနဲ့သမီးနဲ့

ကောင်းကောင်းမွန်မွန်ပဲ စကားပြောခဲ့ရပါတယ်.."


*ထင်တဲ့အတိုင်း..မမထိပ်ထားကတော့

အခန်းအရှေ့မှ ချက်ချင်း

ပြန်လှည့်ထွက်သွားခဲ့သည်..*


"ဒါပေမဲ့..သမီးမှာတောင်းဆိုချင်တာ

တစ်ခုတော့ရှိတယ်.."


စကားကို ခဏရပ်လိုက်ပြီးဖုန်းကိုဆုပ်ကိုင်ထားကာ

အားတင်း၍ ပြောလိုက်မိသောမေဝိုင်းလေး၏

တောင်းဆိုမှုသည် အားလုံးကိုအံ့အားသင့်သွား

စေခဲ့တာတော့ အမှန်ပါပဲ။


🌹🌹🌹🌹🌹🌹🌹


မင်းစက်သည် သူ့ကိုယ်ပိုင်ဗီလာရှိရာ

ခြံ၀န်းကြီးထဲသို့ ကားကိုမောင်း၀င်လိုက်ပြီး

ဂိုထောင်ထဲသို့ကားကို တစ်ခါတည်းသွင်းကာ

ဥယျာဉ်ထဲ၌ ခဏလောက်လမ်းလျှောက်ရင်းနှင့် ဆေးလိပ်ကိုထုတ်၍ မှီးညှိလိုက်သသည်။

ဆေးလိပ်အငွေ့များသည် သူ့ထိုင်နေသော

နေရာတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်အထိ

အငွေ့များအားရှူထုတ်နေမိသည်။


ဘယ်အချိန်တည်းက ဆေးလိပ်သောက်တာကို

စွဲသွားမှန်း မသိတော့ပေမဲ့

သူဆေးလိပ်သောက်သော အချိန်တိုင်းသည်

သူတစ်ယောက်တည်းသာရှိသော

အချိန်များ ဖြစ်နေတတ်သည်။

လက်တစ်ဖက်က ဆေးလိပ်ကိုသူ့ရဲ့

စွဲမက်စရာ နှုတ်ခမ်းနားတွင်တေ့ထားလိုက်ပြီး

ကျန်လက်တစ်ဖက်ကတော့ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ထည့်ကာဖြင့် ညိမ်သက်စွာ ထိုင်နေခဲ့သည်။


သူ့ရဲ့ကိုယ်ပိုင် ဥယျာဉ်ထဲတွင်ရှိသော လမ်းမီးတိုင်၏ အလင်းရောင်ထဲတွင်

ဘယ်ကလမ်းမှား၍ ရောက်လာမှန်းမသိသော လိပ်ပြာတစ်ကောင်ဟာ

ဟိုပြန်ဒီလူးဖြစ်နေတာကို စိတ်၀င်တစား

ကြည့်နေမိသည်။


လှပတဲ့လိပ်ပြာလေး သူ့ဥယျာဉ်ထဲကို

ရောက်လာခဲ့တယ်။

အဲ့ဒီ့မီးရောင်ကို မှိတ်ပစ်လိုက်ရင်

လမ်းပျောက်သွားမလား။

သူ့မှာ မိသားစုရောမရှိဘူးလား။

ဘာကြောင့် တစ်ကောင်တည်းဖြစ်နေရသလဲ။


"အဟင်း..ငါဘာလို့အဲ့ဒီ့အတွေး

၀င်လာရပြန်တာလဲ"


ထိုစဉ်မှာပဲ သူ့ဖုန်းမြည်လာသောကြောင့်

အဓိပ္ပာယ်မရှိသော အတွေးများကို

ဝဲထုတ်လိုက်ပြီး ဖုန်းပြန်ဖြေလိုက်သည်။


"ဟယ်လို..အမေသူတို့ကိုဖုန်းဆက်ပြီးပြီလား.."


"ဆက်ပြီးပြီ..အခုငါနင့်ကို

ဒေါသအရမ်းထွက်နေတယ်..အနားမှာသာရှိရင်

နားရွက်ကိုနာနာလေး 

လိမ်ဆွဲပြစ်လိုက်ချင်တဲ့အထိပဲ.."


"အဟင်း..ဘာလို့လဲ..."


အမေဘာကြောင့် စိတ်ဆိုးနေသလဲရိပ်မိပေမဲ့

တမင်ပဲ မေးလိုက်သည်။

သူ့ကိုအိမ်ထောင်ချပေးဖို့ဆုံးဖြတ်ပြီးကြရင်

နည်းနည်းတော့လည်း စိတ်ညစ်တာကို

ခံလိုက်ကြအုံးပေါ့..။


"နင်ငါ့ကိုဘာမှဟန်ဆောင်ပြီး လာမေးမနေနဲ့

မေဝိုင်းလေးကို နင်ဘာတွေ

သွားပြောလိုက်တာလဲ

အခုချက်ချင်း တစ်လုံးမကျန်ပြန်ပြောပြစမ်း.."


"နေပါဦး..သူကဘာပြောလိုက်လို့..

အမေကအသည်းအသန်လာမေးနေရတာလဲ

ကျွန်တော်ယူမဲ့မိန်းမကို

ကျွန်တော်ဘာပြောလိုက်သလဲဆိုတာ

တကယ်ပဲ တစ်လုံးမကျန်ပြန်ပြောခိုင်းနေတာလား"


"ဟဲ့..ကောင်မလေးကတစ်သက်မှတစ်ခါပဲ

ဆောင်ရမဲ့ မင်္ဂလာပွဲကိုနှစ်ဦးသဘောတူ

စာချုပ်မှာ လက်မှတ်ထိုးရုံပဲလုပ်မယ်တဲ့

မင်္ဂလာဆောင်မဲ့ငွေကိုလည်း

ဘုန်းကြီးကျောင်းမှာပဲလှူဒါန်းပြီး

နှစ်ဖက်မိသားစုလောက်ပဲဖိတ်..

မင်္ဂလာဆွမ်းလောက်ပဲ ကျွေးမယ်လို့

တောင်းဆိုလာတည်းက

နင်တစ်ခုခု နစ်နစ်နာနာပြောလိုက်လို့ပဲနေမှာပေါ့

ဘယ်မိန်းကလေးကမှ ကိုယ့်မင်္ဂလာဆောင်ကို

ဖြစ်သလိုလုပ်ချင်မှာမဟုတ်ဘူး..

နင်တစ်ခုခုပြောထားရင်..ပြန်တောင်းပန်လိုက်တာ

ကောင်းမယ်..ငါလည်းလေ..နင့်ကြောင့်

မျက်နှာပူရလွန်းလို့..ခေါင်းမွှေးပါပြောင်ချင်တယ်.."


မင်းစက်ကတော့ မဲ့ပြုံးပြုံးလိုက်ပြီး

လိပ်ပြာလေးမရှိတော့သည့် မီးတိုင်လေးကိုသာ

ငေးကြည့်နေလိုက်သည်။


"တောင်းပန်တာမျိုးတော့ ကျွန်တော်မလုပ်နိုင်ဘူး

သူကဒီလိုတောင်းဆိုလာရင်

ဒီအတိုင်းပဲစီမံပေးလိုက်ပေါ့...

ကျွန်တော်ဖုန်းချပြီ..."


"ဟဲ့!!!!"


အမေ့ရဲ့အော်လိုက်သောအသံဟာ

နားထဲမှာစူးထွက်သွား၍ နားကိုတစ်ချက်

ပွတ်လိုက်ပြီး ဥယျာဉ်ခုံတန်းလေးမှ

ထလာခဲ့လိုက်သည်။

အိမ်ကြီးဆီသို့ လျှောက်လာနေရင်းမှ

နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး

သူရေရွတ်လိုက်သည်က...


"မကြာခင်မှာ ငါ့ဥယျာဉ်ထဲကို လိပ်ပြာလေး

တစ်ကောင် ပျံသန်းလာတော့မှာပေါ့..

တမင်သိသိလျှက်နဲ့ ဒီထောင်ချောက်ထဲကို

ဇွတ်တိုးပြီး၀င်လာခဲ့တာလား..

ဒါမှမဟုတ်..လမ်းမှားပြီးရောက်လာခဲ့တာလား

မင်းဟာတကယ်ပဲ လောဘနည်းတဲ့

လိပ်ပြာငယ်လေးပဲလား..

ဟန်ဆောင်နေတဲ့ မိစ္ဆာတစ်ကောင်လားဆိုတာ..

ငါသိပ်သိချင်တယ်.."


🌹🌹🌹🌹🌹🌹🌹


လိပ်ပြာလေးက မုဆိုးကြီးရဲ့ဘ၀ထဲကို

ပျံသန်းဖို့အစပြုလာပြီနော်..


ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို

ကျေးဇူးအထူးတင်ရှိပါတယ်

========================================================================



အခန္း၄

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


တကၠစီအျဖဴေလးသည္ လမ္းက်ဉ္းေလးထဲသို႔

ေမာင္း၀င္လိုက္ၿပီးေနာက္မွာ ဝိုင္းေလးတို႔၏

ႏွစ္ထပ္အိမ္ေလးေရ႔ွတြင္ ရပ္သြားေလသည္။

တကၠစီဒရိုင္ဘာကို ကားခရွင္းေပးလိုက္ၿပီး

ၿခံေပါက္၀မွာ ေျခခ်မိတယ္ဆိုရင္ပဲ

အိမ္သားေတြကို ဘယ္လိုရွင္းျပ၊ေျပာျပရမလဲ

ဆိုတာကိုသာ အသည္းအသန္စဉ္းစားေနရသည္။


ဒီအခ်ိန္ဆိုရင္ အေမကအေဖ့ကိုထမင္းကၽြေးၿပီး၍

မိသားစုလက္စံုညီထမင္းစားဖို႔ 

ျပင္ဆင္ေနေလာက္ေပမည္။

အဖြားကေတာ့ ေစာေစာဘုရားရိွခိုးတတ္သူမို႔

ဒီအခ်ိန္ေလာက္ဆို ဘုရားရိွခိုးၿပီးေလာက္ေပမည္။

အန္တီေလးကေတာ့ စက္ခ်ဳပ္ေနအံုးမွာေပါ့...

သူ႔အလုပ္နဲ႔သူ ၊သူ႔အေတြးနဲ႔သူေက်နပ္စရာ

ျဖစ္ေနတဲ့ ဘ၀ေလးကိုဝိုင္းေလးေနွာက္ယွက္

လိုက္ရင္ ဘယ္လိုမ်ားျဖစ္သြားၾကမလဲ..။


"မသိေတာ့ဘူးဟာ..အမွန္အတိုင္းပဲေျပာၿပီး

မဂၤလာပဲြကို ျဖတ္သိမ္းခိုင္းလိုက္ေတာ့မယ္..

မဟုတ္ရင္ ေယာက္်ားရဲ့တစ္သက္လံုး

အႏိုင္က်င့္တာကိုခံရၿပီး

ငါပဲစိတ္ဆင္းရဲရမွာ.."


ဆံုးျဖတ္ခ်က္ကို ျပတ္ျပတ္သားသားခ်မွ

ရေတာ့မည္မို႔ အတတ္ႏိုင္ဆံုးစိတ္ကိုတင္းထားကာ

အိမ္အေပၚ၀ဆီသို႔ တစ္လွမ္းခ်င္း

ေလ်ွာက္ေနမိေလသည္။

မိဘေတြရဲ့ဆံုးျဖတ္ခ်က္ကို ဝိုင္းေလး

တစ္ခါမွ မျငင္းဆန္ခဲ့ဖူးေပ။

မိသားစုအားလံုးရဲ့ အႀကိဳက္ေတြ၊ဆႏၵေတြကိုသာ

တိတ္တိတ္ေလးျဖည္းဆည္းေပးတတ္ေပမဲ့

ဝိုင္းေလးဘာႀကိဳက္တတ္သလဲ၊ဘာျဖစ္ခ်င္သလဲ

ဆိုတာကိုေတာ့ အန္တီေလးကလဲြၿပီး

ဘယ္သူ႔ကိုမွ ထဲထဲ၀င္၀င္မေျပာျပခဲ့ဖူးပ။


ဝိုင္းေလးဟာ ငယ္ငယ္တည္းကအလိုက္သိေသာ

ကေလးတစ္ေယာက္ဟု အန္တီေလးကေတာ့

ခဏခဏေျပာျပဖူးတယ္။

သိတတ္စအရြယ္တည္းက ကိုယ့္ထက္ႏွႏွစ္မ်ွ

ႀကီးေသာ မမခင္ထိပ္ထားဦးကို

အၿမဲဦးစားေပးတတ္တာဟာ ဝိုင္းေလးရဲ့

အက်င့္တစ္ခုလို ျဖစ္ေနခဲ့တယ္။


မမထိပ္ထားက အႀကီးဆိုေပမဲ့ဝိုင္းေလးကို

လံုး၀ၫွာတာျခင္းမရိွခဲ့ဘူး။

အရုပ္ျဖစ္ျဖစ္၊အစားအစာျဖစ္ျဖစ္ သူ႔ဟာက

ပိုေကာင္းေန၊ပိုႀကီးေနမွ ႀကိဳက္တဲ့လူ...။

ငယ္ငယ္ကဆိုရင္ဝိုင္းေလးကို ညီအစ္မအျဖစ္

မသတ္မွတ္ႏိုင္ဘူးဟု ခဏ၊ခဏငိုယိုခဲ့ၿပီး

မိဘေတြကို စိတ္ေကာက္ေလ့ရိွတတ္တယ္။


အဆူခံရလြန္းလို႔သာ လူႀကီးေတြေရ႔ွမွာဆို

ေကာင္းေကာင္းမြန္မြန္ဆက္ဆံျပတတ္ေပမဲ့

ေက်ာင္းမွာဆိုရင္ လမ္းေဘးအမိႈက္ပံု‌ကေန

ေကာက္လာေသာ ကေလးတစ္ေယာက္ကဲ့သို႔

ရြံစရာေကာင္းတယ္ဆိုကာ

လူတိုင္းကိုလိုက္ေျပာျပေလ့ရိွတယ္။

သူ႔ေၾကာင့္ပဲ ဝိုင္းေလးကို၀တ္ရည္ကလဲြလို႔

ဘယ္သူမွ မေပါင္းခ်င္ၾကတာေပါ့..။


ငယ္ငယ္တည္းက‌ေန အခုအခ်ိန္အထိ

မမထိပ္ထားဦးကို အေလ်ာ့ေပးႏိုင္ခဲ့သလို

မိဘေတြ ျဖစ္ခ်င္တဲ့အရာကိုပဲလိုက္ေလ်ာ

ေပးခဲ့တဲ့ အယူအဆေလးကို

ဒီတစ္ခါေလာက္ေလးပဲျဖစ္ျဖစ္

ဆန႔္က်င္ပါရေစ။


"ဟင္..ဒီေဒါက္ျမင့္ဖိနပ္ကဘယ္သူ႔ဟာပါလိမ့္.."


အိမ္ဖိနပ္ခၽြတ္တြင္ သံုးလက္မအျမင့္ရိွေသာ

ေဒါက္ဖိနပ္တစ္ခုကို ထူးဆန္းစြာေတြ့

လိုက္ရေလသည္။

ဒီအိမ္မွာ ဝိုင္းေလးေတာင္တစ္လက္မ

ေဒါက္ေလာက္ပဲ စီးတတ္တာပါ။

မမထိပ္ထားရိွတုန္းကသာ ဒီလိုေဒါက္ေတြကို

၀ယ္စီးတတ္တာဆိုေတာ့..မမထိပ္ထားမ်ား..

ျပန္ေရာက္ေနတာလား..


"အေမတို႔က..ဒါေတာ့မတရားဘူး..

ကိုယ္ကေမြးတဲ့..သားသမီးအရင္းလည္းမဟုတ္ပဲ

ဘာလို႔ ဒီလိုစီစဉ္လိုက္ရတာလဲ..ထိပ္ထားကို

ဆက္သြယ္ဖို႔ေတာ့ ေကာင္းပါတယ္.."


ဧၫ့္ခန္းဘက္ဆီသို႔ ေရာက္ခါနီးတြင္

ၾကားလိုက္ရေသာ မမထိပ္ထား၏အသံေၾကာင့္

အကြယ္တစ္ေနရာ၌ ဝိုင္းေလး၏ေျခလွမ္းမ်ားကို

ရပ္တန႔္လိုက္မိသည္။


*မမထိပ္ထားက..ဂ်ပန္ကေန

တကယ္ျပန္ေရာက္လာတာပဲ..

အေၾကာင္းမၾကားပဲ ဘာေၾကာင့္ရုတ္တရက္ႀကီး

ေရာက္ခ်လာတာမ်ားလဲ..

ဂ်ပန္မွာေက်ာင္းသြားတက္ဖို႔ထြက္သြားၿပီးတာနဲ႔

ႏွႏွစ္ေလာက္ကို အိမ္ကေနေက်ာင္းစရိတ္ေတြ

ေထာက္ပံ့ခဲ့ရတယ္..ေက်ာင္းႏွႏွစ္ေလာက္

တက္လို႔လည္းၿပီးေရာ..အလုပ္၀င္ေနတယ္

ဆိုတာေလာက္ပဲ သိလိုက္ရၿပီး

အဆက္အသြယ္ျဖတ္သြားခဲ့တယ္..

သူ႔ရဲ့ကိုယ္ပိုင္အေကာင့္မွာေတာ့ 

သူ႔ရည္းစားနဲ႔ပံုေတြ..သူငယ္ခ်င္းေတြနဲ႔ေပ်ာ္ေနတဲ့

ပံုေတြကိုတင္ထားၿပီ..အိမ္ကအန္တီေလးတို႔၊

ဝိုင္းေလးတို႔ကိုေတာ့..စာပို႔ရင္ေတာင္

 လံုး၀စာမျပန္ပဲ..ဘေလာ့ခ္ထားေလရဲ့..

အခုမွ ရုတ္တရက္ႀကီးအိမ္ကိုျပန္လာတာပါလား"


အသံေတြကို ၾကားရသေလာက္ေတာ့

အေဖကလဲြၿပီး က်န္တဲ့မိသားစု၀င္ေတြအားလံုး

ဧၫ့္ခန္းထဲမွာေရာက္ေနၿပီး မမထိပ္ထားနဲ႔

စကားမ်ားေနၾကပံုပဲ။

ရန္ျဖစ္ေနရင္ေတာ့ ၀င္မပါသင့္ဘူးလို႔ထင္မိတယ္။

အထူးသျဖင့္ ဝိုင္းေလး၀င္ပါရင္မမထိပ္ထားက

လံုး၀မႀကိဳက္ေတာ့ ပိုဆိုးလိမ့္မယ္။


"ထိပ္ထားဦး..လူႀကီးေတြစီစဉ္ထားတဲ့ကိစၥကို

နင္ဘာမွလာၿပီးေဝဖန္စရာမလိုဘူး..

နင့္လိုမိဘစကားကို နားမေထာင္ပဲလုပ္ခ်င္ရာေတြ

လုပ္ခဲ့တဲ့အျပင္ မိသားစုကိုပါအဆက္အသြယ္

ျဖတ္ထားတဲ့လူက..အခုမွဟို၀င္ပါ..ဒီ၀င္ပါ

လာမလုပ္ခ်င္စမ္းနဲ႔...


"အေမဘာလို႔..အဲ့ဒီ့လိုေျပာရက္ရတာလဲ..

သမီးက..ဟို၀င္ပါဒီ၀င္ပါလုပ္တယ္ေပါ့ေလ..

သမီးကဒီအိမ္ရဲ့ မိသားစု၀င္မဟုတ္ဘူးလား..

ဘာလဲ..အေမတို႔နဲ႔သံုးႏွစ္ေလာက္ေလး

အေနေဝးသြားရံုနဲ႔...ေမြးစားသမီးကို

လူရာသြင္းၿပီး..သမီးအရင္းကိုေတာ့စြန႔္ပစ္လိုက္မဲ့

သေဘာလားအေမ..အေျခအျမင့္မရိွတဲ့

မိသားစုက မိန္းမကိုေတာ့အိမ္ေပၚမွာ

ေခၚတင္ထားၿပီး..သမီးအရင္းကိုေတာ့

ျဖစ္ခ်င္ရာျဖစ္ဆိုတဲ့သေဘာလား.."


"ခင္ထိပ္ထားဦး..နင္ဘာစကားေတြေျပာေနတာလဲ

ဒါကနင့္ကိုေမြးထားခဲ့တဲ့ အေမပါဟဲ့

ဘယ္မိဘကမ်ား ကိုယ့္သားသမီးအရင္းကို

စြန႔္ပစ္ရက္လို႔လဲ..နင္မဟုတ္တာေတြ

မေျပာစမ္းနဲ႔.."


မိခင္ျဖစ္သူကို ခြန္းတုန႔္ျပန္ကာေအာ္ဟစ္ေနေသာေၾကာင့္ ေဒၚေရႊရည္၀င္းလည္း

တူမျဖစ္သူကို ထေျပာရေလေတာ့သည္။

ခင္ထိပ္ထားဦးဟာ သူလိုခ်င္တာတစ္ခုခုကို

ရဖို႔ဆိုရင္ ဘယ္သူ႔မ်က္ႏွာမွမေထာက္တတ္မွန္း

သိပ္သိတာေပါ့။


အခုလည္း ျပန္ေရာက္ေရာက္ခ်င္း ေမဝိုင္းေလးရဲ့

မဂၤလာသတင္းကို ၀မ္းသာေပးမလားဆိုၿပီး

ေျပာမိခါမွ ဘီလူးဆိုင္းထတီးေတာ့တာပဲ။

ေမဝိုင္းေလးယူမဲ့လူက အရမ္းခ်မ္းသာတဲ့အေၾကာင္းကို ၾကားလိုက္ရတည္းက

မနာလိုအူတိုစိတ္ေတြက ထႂကြလာပံုရတယ္။


"မဟုတ္တာမေျပာေစခ်င္ရင္..မဟုတ္တာ

မလုပ္ၾကနဲ႔ေပါ့..ဘာလို႔အဲ့ေကာင္မကို

ကိုစက္နဲ႔သေဘာတူလိုက္ရတာလဲ..

ဟိုကသမီးအရင္းထင္လို႔ ေမဝိုင္းေလးကို

လက္ခံတာဆိုရင္ အေမတို႔ဘယ္လိုလုပ္ၾကမလဲ.."


"ဟဲ့..ဝိုင္းေလးကငါတို႔အေမြစားအေမြခံ

စာခ်ဳပ္နဲ႔ေမြးစားထားတဲ့ ကေလးပဲေလ

သူတို႔လည္းသိၿပီးသားပဲ.."


"ဒါေပမဲ့သူ႔မွာ လူအသိမခံႏိုင္တဲ့

ခ်ိဳ႕ယြင္းခ်က္တစ္ခုရိွေနတယ္ေလ..

သူလိုမိန္းမက..မင္းစက္အာဏာနဲ႔ထိုက္တန္တယ္လို႔

အေမတို႔ကထင္ေနတာလား..လ်ိႈ႔ဝွက္ခ်က္ေတြ

အားလံုးကို တစ္ေန့သိသြားရင္အေမတို႔ပဲ

ဒုကၡေရာက္မွာေနာ္..ဝိုင္းေလးလိုလူမ်ိဳးကို

အေမတို႔မို႔လို႔ ပဲြထုတ္ရဲတယ္..အျဖစ္မွန္ေတြ

အားလံုးကိုသိသြားတဲ့တစ္ေန့..

သိကၡာက်မွာက ဒီမိသားစုပဲမဟုတ္ဘူးလား..."


"ခင္ထိပ္ထားဦး..နင့္ပါးစပ္ကိုပိတ္ထားလိုက္စမ္း!!"


ထိပ္ထားဦး၏ သတိေပးလိုက္ေသာစကားေၾကာင့္

ေဒၚတင္မမတစ္ေယာက္ အံကိုႀကိတ္ကာ

ထိုင္ခံုေပၚတြင္ သတိလက္လြတ္

ထိုင္ခ်လိုက္မိေလသည္။

သမီးငယ္ေလးအေၾကာင္းကို ျပန္ေတြးမိတဲ့အခါတိုင္း အသဲနင့္ေအာင္ကိုခံစားရသည္။

အ၀င္းကေတာ့ မ်က္ရည္မ်ားျဖင့္ ရင္ထုမနာ

ျဖစ္ေနရွာေသာ ညီမျဖစ္သူကိုတတ္ႏိုင္သေလာက္

ႏွစ္သိမ့္ေပးရွာသည္။


ေဒၚတင္မမသည္ အစ္မျဖစ္သူ၏ရင္ခြင္ထဲသို႔

၀င္၍ မခ်ိတင္ကဲျဖစ္လ်ွက္ငိုေနမိရင္းမွ..

မ်က္ရည္ေလးမ်ားဝဲေနေသာ အေမျဖစ္သူ

မိမိစံဘက္ကို ၾကၫ့္လ်ွက္..


"အေမရယ္..ေမဝိုင္းေလးက..

ကၽြန္မရဲ့သမီးအရင္းမဟုတ္ေပမဲ့

သမီးအရင္းေလးတစ္ေယာက္လိုပဲ ဂရုတစိုက္နဲ႔

ျပဳစုပ်ိဳးေထာင္ခဲ့တာပါ..ဒါေပမဲ့ဘာေၾကာင့္မ်ား

သူ႔မွာ ဒီလိုကံၾကမၼာဆိုးႀကီးက

ျဖစ္တည္လာရတာလဲ..ကၽြန္မရဲ့ေယာက္်ားက

သူေလးကို ဆိုးဝါးတဲ့ဘ၀ကေနဆဲြထုတ္လာခဲ့ရတာ

 ကံမေကာင္းခဲ့ရွာတဲ့ကေလးပါ

သူကအေကာင္းဆံုးေတြနဲ႔ မထိုက္တန္ေတာ့ဘူးလား

ေကာင္းမြန္တဲ့ အိမ္ေထာင္ဘက္နဲ႔ေတြ့ၿပီး

ၿပီးျပၫ့္စံုတဲ့ ဘ၀နဲ႔မထိုက္တန္ေတာ့ဘူးလား...

‌ခင္ထိပ္ထားဦးရယ္..နင္လည္းေတာ္ပါေတာ့

ကိုယ့္ညီမလို သေဘာမထားႏိုင္ရင္ေတာင္

စိတ္ေကာင္းေလးေတာ့ ထားေပးပါဟယ္..

ငါေမြးထားတဲ့သမီးျဖစ္ၿပီး စိတ္ဓာတ္

ေအာက္တန္းက်လိုက္ပံုမ်ား ငါသိပ္ရွက္တာပဲ..."


"အား!!!!"


ေဒၚတင္မမဟာ လက္အုပ္ခ်ီသၫ့္ပံုစံႏွင့္

ေျပာလိုက္ေသာေၾကာင့္ ထိပ္ထားဦးဟာ

ပို၍ ေဒါသထြက္သြားကာ ခံုေပၚမွပစၥည္းေတြကို

ၾကမ္းျပင္ေပၚသို႔ ျပစ္ေပါက္ခ်လိုက္ေလသည္။


ေမဝိုင္းေလးကေတာ့ အခန္းအကြယ္ေလး၌

နံရံကိုေက်ာမွီကာ ထိုင္ခ်လိုက္ရင္း

ေခါင္းေမွာက္ကာ ခႏၶာကိုယ္ေလးတသိမ့္သိမ့္

တုန္သည္အထိ ငိုေနမိေတာ့သည္။

အခုအခ်ိန္အထိ ေမေမတို႔ဟာဝိုင္းေလးေၾကာင့္

စိတ္ဆင္းရဲေနၾကေသးမွန္း

ဝိုင္းေလးတကယ္ကိုမရိပ္မိခဲ့ဘူး။


"ဘာကိုစိတ္ထားေကာင္းေပးရမွာလဲ..

ဘာကိုရွက္ရမွာလည္းအေမ..

သမီးကိုငရဲႀကီးေအာင္လို႔ လက္အုပ္ႀကီး

တခ်ီခ်ီနဲ႔မေျပာစမ္းပါနဲ႔..တကယ္ဆိုရင္

အေမတို႔ကသာရွက္ရမွာသိရဲ့လား..

သမီးအရင္းထက္..ေမြးစားသမီးကို

လူရာသြင္းထားတဲ့..အေမတို႔ကသာရွက္ရမွာ

သူ႔ေၾကာင့္အေမတို႔ဘယ္ႏွစ္ခါမ်ား

မ်က္ႏွာပြင့္ခဲ့ရဖူးလို႔..အခုအခ်ိန္အထိအိမ္မွာ

ေခၚထားရတာလဲဆိုတာ..နားကိုမလည္ေတာ့ဘူး

သမီးဂ်ပန္ကိုသြားတာက..သူ႔လိုမိန္းမမ်ိဳးနဲ႔

တစ္ခန္းထဲမွာ အတူမေနခ်င္လို႔..သိရဲ့လား..

အဟင္း..ဂ်ပန္ေရာက္ေနတာကို

အခြင့္ေကာင္းယူၿပီး..သမီးေနရာကို၀င္ယူတဲ့အျပင္

ကိုစက္နဲ႔မတန္မရာလက္ထက္ခ်င္ေနတဲ့မိန္းမ

အေမတို႔ကလည္း..ဒီလိုစုတ္ပဲ့တဲ့မိသားစုက

စာရိတၲမေကာင္းတဲ့မိန္းမကို သမီးအရင္းထက္ေက်ာ္ၿပီး..ဘာေၾကာင့္ပဲြထုတ္ရတာလဲ..

လံုး၀မေက်နပ္ဘူး..."


"ျဖန္း!!!!"


မေအက မ်က္ရည္ေတြက်ကာ ဒီေလာက္ငိုၿပီး

ေတာင္းပန္ေန‌တာကိုေတာင္ မေတာ္ႏိုင္ေသးတဲ့

တူမျဖစ္သူ၏ပါးကို အားကုန္လႊဲရိုက္လိုက္မိေလသည္။‌

ေရႊရည္၀င္းရဲ့ဘ၀မွာ တူမေတြကိုဆံုးမတဲ့အခါ

ဘယ္ေတာ့မွ လက္ပါခဲ့တယ္ဆိုတာမ်ိဳးမရိွခဲ့ဘူး။

ဒီလိုဆံုးမနည္းက တစ္ေယာက္ကိုေတာ့

လိမၼာယဉ္ေက်းေစခဲ့ေပမဲ့

က်န္တစ္ေယာက္ကိုေတာ့ ဆိုးသြမ္း၊ေမာက္မာ

သြားေစလိမ့္လို႔ မထင္ခဲ့မိေပ။


ခင္ထိပ္ထားဦးကေတာ့ အသားေတြ

တဆက္ဆက္တုန္က မ်က္ရည္ဝဲလ်ွက္

အေဒၚကို ေမာ့ၾကၫ့္လာခဲ့ေလသည္။

ဘယ္တုန္းကမွ မရိုက္ႏွက္ဖူးခဲ့သၫ့္အန္တီေလးရဲ့

ရိုက္ခ်က္ဟာ သူ႔ႏွလံုးသားထဲအထိေတာင္

ရိုက္ခတ္တုန္လႈပ္သြားေစသည္။

အံကိုဖိႀကိတ္လိုက္ကာ အေဒါ့္ကိုမုန္းတီးစြာ

ျပန္ၾကၫ့္လိုက္ေသာအခါမွာ..


"နင့္အၾကၫ့္ေတြကိုျပင္လိုက္..မိထိပ္ထား..

ငါနင္တို႔ညီအစ္မကို ဘယ္တုန္းကမွ

မရိုက္ခဲ့ဘူးေပမဲ့..နင့္ရဲ့လုပ္ရပ္က

ထိန္းေၾကာင္းခဲ့တဲ့..ငါ့ကိုယ္ငါရွက္မိတဲ့အထိ

မိုက္ရိုင္းလြန္းေနၿပီ..

.......

ေက်ာင္းတက္ေနတုန္းကေတာ့ အိမ္ကရိွသမ်ွကို

အကုန္သဲ့ယူၿပီး..ေက်ာင္းလည္းၿပီးေရာ

ငါတို႔ကိုအဆက္အသြယ္ျဖတ္သြားခဲ့တာက

ဘယ္သူလဲ..

နင့္ကိုေထာက္ပံ့ခဲ့ရလို႔..အိမ္မွာ

အႂကြေးေတြတင္ေနတာကိုေရာ သိရဲ့လား,

စာနာေပးရမွန္းနားမလည္တဲ့အျပင္..

နင္လွၫ့္ေတာင္မၾကၫ့္ခဲ့ဖူးေလ..

.........

နင့္အေမအခုေရာင္းေနတဲ့ ေဈးထဲက

အထည္ဆိုင္ကို နင္ဂ်ပန္မွာ

ေက်ာင္းသြားတက္ေတာ့

ႏွစ္ဆယ့္ငါးက်ပ္တိုးနဲ႔ ေပါင္ထားခဲ့ရၿပီး..

မေရြးႏိုင္လို႔ဆံုးခါနီးမွာ..နင့္အဖြားရဲ့သူငယ္ခ်င္းက

ျပန္ေရြးေပးခဲ့ရတာဟဲ့..

.........


ဒီၿခံကိုတစ္ျခမ္းေရာင္းၿပီး

နင့္အေဖရဲ့ေရာဂါကို ကုခဲ့ရတယ္..

ေဒၚႏုယဉ္က သူ႔ေျမးနဲ႔လက္ထက္ဖို႔

ကမ္းလွမ္းလာတာကို ငါတို႔ဘယ္လိုျငင္းရမွာလဲ..

သူ႔အႂကြေးေတာင္မဆပ္ရေသးဘူးေလ..

.........

ငါတို႔လက္ခံရံုအျပင္မတတ္ႏိုင္ဘူးဟဲ့..အဟင့္

နင္တို႔ညီအစ္မေတြကို ငါကမေမြးခဲ့ရံုပါဟယ္..

ဂုဏ္သိကၡာရိွရိွပဲ သူမ်ားလက္ထဲကိုထၫ့္ခ်င္ခဲ့တာ

ဒါေပမဲ့ ငါတို႔မွမတတ္ႏိုင္တာ..

ဘယ္ေလာက္ပဲ‌ ေကာင္းတဲ့လူနဲ႔လက္ထက္ရပါေစပိုက္ဆံနဲ႔လူကိုလဲလိုက္ရသလိုပဲ..ငါတို႔ရင္ထဲမွာ

အခ်ိန္နဲ႔အမ်ွ ပူေလာင္ေနတာကို..နင္တို႔မသိၾကဘူး

ခင္ထိပ္ထားဦးရယ္..ငါတို႔ကိုစိတ္ဆင္းရဲေအာင္

ျပန္လာလုပ္တာလားဟယ္..ေမဝိုင္းေလးကို

ညီအစ္မအျဖစ္မသတ္မွတ္ႏိုင္ရင္ေတာင္

ေပ်ာ္ခ်င္ဟန္ေဆာင္ေနရတဲ့ ငါ့တို႔ကို

စိတ္ဒုကၡေတာ့ထပ္မေပးပါနဲ႔..ထိုင္ရိွခိုးပါရဲ့.."


"တကယ္ပဲ..ေငြေၾကာင့္..အဲ့ဒီ့လူနဲ႔

လက္ထပ္ခိုင္းတာလား.."


"သမီး...!!!" "ဝိုင္းေလး..!!!" "ေျမး!!!!"


ဧၫ့္ခန္းေပါက္၀တြင္ အိတ္ေလးကိုက်စ္ေနေအာင္

ဆုပ္ကိုင္ထားလ်ွက္ ေၾကာက္ရြံေနေသာ

မ်က္၀န္းညိုေလးသည္ ငိုကာျဖင့္ေမးလိုက္ေသာေၾကာင့္ မိသားစုအားလံုးအံ့ဩ

တုန္လႈပ္သြားၾကေတာ့သည္။

ပါးျပင္မွာ မ်က္ရည္ေလးေတြရႊဲနစ္ေနေသာ

ေမဝိုင္းေလးသည္ နာက်င္မႈအျပၫ့္ျဖင့္ခပ္ဟဟ

တစ္ခ်က္ရယ္လိုက္ၿပီး အိမ္ေပၚသို႔

ေျပးတက္သြားရာ...


"ဝိုင္းေလး...!!!!"


အေနာက္မွ ေဒၚဝိုင္းေရႊရည္ကလည္းအေျပး

လိုက္သြားေလေတာ့သည္။

ေမဝိုင္းေလး၏အိပ္ခန္းထဲသို႔ ေျပး၀င္လိုက္ေသာအခါမွာ သစ္သားကုတင္ေလးေပၚတြင္

ေမွာက္လ်ွက္ေလးျဖင့္ ငိုရိႈက္ေနေသာတူမေလး၏

ေခါင္းေလးအား ပုတ္လ်ွက္ႏွစ္သိမ့္ေပးဖို႔

ႀကိဳးစားရေလေတာ့သည္။


"ဝိုင္းေလးရယ္..ငါ့တူမေလးအခုဘယ္ေလာက္

စိတ္မေကာင္းျဖစ္ေနမလဲ အန္တီေလး

နားလည္ပါတယ္..ဒါေပမဲ့ေလ..အန္တီေလးတို႔က

ဘယ္တုန္းကမွ ေငြေၾကာင့္

လက္ထက္လိုက္ရတာမ်ိဳးေတာ့

မျဖစ္ေစခ်င္ခဲ့ဘူးဆိုတာေတာ့ ယံုေစခ်င္တယ္

..အမွန္ေတာ့

ေဈးထဲကဆိုင္ေလးကိုျပန္ေရြးဖို႔ ဒီအိမ္ကို

ေရာင္းျပစ္ဖို႔အထိ ေတြးခဲ့ၾကေသးတယ္..

မထင္မွတ္ပဲ..ေဒၚႏုယဉ္က၀င္ကူညီေပးခဲ့ေတာ့

အားလံုးျပန္အဆင္ေျပသြားခဲ့တယ္..

သူ႔ေျမးနဲ႔လက္ထက္ဖို႔ ကမ္းလွမ္းလာတဲ့အခ်ိန္မွာ

ခ်က္ခ်င္းသေဘာမတူခဲ့ပါဘူးကြယ္..

ေကာင္ေလးနဲ႔ပတ္သတ္ၿပီး စံုစမ္းၿပီးမွသာ

သင့္ေတာ္တယ္ထင္လို႔ သေဘာတူခဲ့ၾကတာပါ.."


"ဒါေပမဲ့..အဲ့ဒီ့လူကဝိုင္းေလးကိုမွ

သေဘာမက်တာ"


ေမဝိုင္းေလးက ေမွာက္လ်ွက္ေလးငိုေနရာမွ

ဒူးတုပ္ထိုင္လိုက္ၿပီး အငိုႏွင့္အေဒၚကို

ရင္ဖြင့္ေလေတာ့သည္။


"ဒီေန့..ေကာင္ေလးနဲ႔ေတြ့ခဲ့ရတာ

အဆင္မေျပဘူးလား.."


"သူကေမာက္မာလြန္းတယ္ေဒၚေလးရဲ့..

သမီးတို႔က သူ႔ကိုေငြေၾကာင့္လက္ထက္လိုက္တယ္

ဆိုတာ သူသိေနပံုပဲ..ယူၿပီးတဲ့အခါမွအဆင္မေျပ

တာမ်ိဳးေတြ မျဖစ္ခ်င္ဘူး..

ၿပီးေတာ့အိမ္ေထာင္သည္ဘ၀ႀကီးကိုလက္ခံဖို႔

ဝိုင္းေလးအဆင္သင့္မျဖစ္ေသးဘူး..

ဒါေပမဲ့ အိမ္ရဲ့အခက္အခဲေတြကိုလည္း

ေျပလည္ေစခ်င္တယ္..."


"သမီးရယ္..ကိုစက္ရဲ့အေၾကာင္းကိုအန္တီေလးတို႔

သိသင့္သေလာက္ေတာ့ သိပါတယ္..

ေဒၚႏုယဉ္ကလည္း ေျပာျပထားတယ္..

ကိုစက္ကတကယ္ေတာ့ အငယ္ဆံုးျဖစ္ၿပီး

အရမ္းသနားစရာေကာင္းတာ..

ကိုစက္ရဲ့အေမနဲ႔အေဖက

သူငယ္ငယ္ေလးတည္းကတင္

 ကဲြသြားခဲ့ၾကတာေလ

သူ႔အေဖကစကၤာပူကိုျပန္ဖို႔လုပ္ေတာ့

ကေလးသံုး‌ေယာက္ထဲကေန ကိုစက္ကို

ေခၚသြားခဲ့တယ္..ေနာက္ပိုင္းသူ႔အ‌ေဖက

ေနာက္မိန္းမယူလိုက္‌ေတာ့ ကိုစက္က

မိခင္အရင္းရိွလ်ွက္နဲ႔ မိေထြးနဲ႔ေနခဲ့ရရွာတယ္

 သူ႔အသက္ဆယ့္သံုးႏွစ္တုန္းက သူ႔အ‌ေမနဲ႔အတူ

ေနခ်င္လြန္းလို႔ တစ္ေယာက္တည္း

ေလယာဉ္နဲ႔ျမန္မာႏိုင္ငံကို

ျပန္လာခဲ့တာေလ..အဲ့ႏွစ္က

ကေလာကိုေတာင္သူ႔အေမေခၚလာခဲ့ေသးတယ္..

သူ႔အေဖကရိုက္ႏွက္ၿပီး ျပန္လာေခၚလို႔

သူ႔ခမ်ာ..ငိုၿပီးျပန္လိုက္သြားခဲ့ရရွာတယ္..

သူ႔အေမကလည္း သူ႔ေယာက္်ားကိုမုန္းတဲ့စိတ္နဲ႔

သားကို လ်စ္လ်ွူရႈထားခဲ့ေတာ့ ကေလးက

ပိုသနားစရာေကာင္းခဲ့တာေပါ့...သူ႔အဖြားေဒၚႏုယဉ္ေျပာတာေတာ့ ေကာင္ေလးရဲ့ေက်ာကုန္းမွာ

ခါးပတ္နဲ႔ရိုက္ခံရတဲ့ဒဏ္ရာေတြကို

အၿမဲေတြ့တယ္တဲ့ေလ.."


"အဲ့ေလာက္ေတာင္ပဲလား..သူေတာ္ေတာ္

နာခဲ့မွာပဲေနာ္..ဒါေၾကာင့္သူ႔ပံုစံကခက္ထန္ေနတာလားမသိဘူး.."


"တကယ္ေတာ့ ကိုစက္နဲ႔သေဘာတူတာကေလ

ေငြေၾကာင့္ခ်ည္းပဲမဟုတ္ဘူး..သမီးေလးနဲ႔

ငယ္ငယ္ကသိကၽြမ္းခဲ့ဖူးတဲ့အခံေလးရိွတာေရာ

ကိုစက္ကို အန္တီေလးတို႔ကိုယ္တိုင္‌လည္း

သေဘာက်မိတာေၾကာင့္ လက္ခံခဲ့ၾကတာ

ခင္ထိပ္ထားဦး ဒီေလာက္ေပါက္ကဲြျပေနတယ္

ဆိုတာကေလ..သမီးရဲ့သတို႔သားေလာင္းက

အေကာင္းစားျဖစ္ေနလို႔ပဲ.."


"မမကသေဘာက်ရင္..မမနဲ႔ေပးစားလိုက္ပါလား

အန္တီေလးရယ္..."


"မျဖစ္ဘူးေလ..သူတို႔ဘက္ကဝိုင္းေလးကိုပဲ

ေတာင္းတာေလ..အမွန္ေတာ့‌ေဒၚႏုယဉ္ကို

ထိပ္ထားနဲ႔ဝိုင္းေလးရဲ့ပံုကို ပို႔ခဲ့တာ

အစကေတာ့ ပံုေတြကိုရိုးရိုးေတာင္းတယ္လို႔

ထင္ခဲ့ေပမဲ့ ေဒၚႏုယဉ္ကသူ႔ေျမးနဲ႔ေပးစားခ်င္လို႔ေတာင္းခဲ့တာတဲ့ေလ.."


"ဒါဆိုရင္..ဝိုင္း‌ေလးကိုအဖြား‌ေဒၚႏုယဥ္က

ေရြးခ်ယ္ခဲ့တာေပါ့..."


"မဟုတ္ဘူး..မင္းစက္အာဏာကိုယ္တိုင္ပဲ..


"ရွင္.."


ပါးစပ္အေဟာင္းသားျဖင့္ ဝိုင္းေလး

အံ့ဩေနမိစဉ္မွာပဲ အေမကအခန္းထဲသို႔

ဖုန္းေလးကိုကိုင္ၿပီး ၀င္လာခဲ့ေလသည္။


"သမီး..ကိုစက္ရဲ့အေမကသမီးနဲ႔စကားေျပာခ်င္လို႔တဲ့ ဖုန္းဆက္လာတယ္..."


ဝိုင္းေလးဆီသို႔ မ်က္ႏွာမေကာင္းစြာျဖင့္

ဖုန္းေလးကို ကမ္းေပးလာေသာေၾကာင့္

ဝိုင္းေလးလည္း သက္ျပင္းခ်လိုက္ကာ

ဖုန္းကို ကိုင္လိုက္ရေလသည္။


"ဟယ္လို..အန္တီ..."


"ဟယ္လို..အန္တီကမင္းစက္ရဲ့အေမပါကြယ္..

သမီးေလးဒီေန့သူနဲ႔ေတြ့ခဲ့တာ အဆင္ေရာ

ေျပခဲ့ရဲ့လား..သူကသမီးကို

ဘာေတြေျပာလိုက္ေသးလဲဟင္"


"အဆင္ေျပခဲ့ရဲ့လား.."တဲ့..ဝိုင္းေလးဘယ္လို

ျပန္ေျဖရပါ့မလဲ။

ေဒၚေလးကလည္း ဝိုင္းေလးေျပာမဲ့စကားကို

ၾကားလိုဟန္ႏွင့္ ေစာင့္ဆိုင္းေနသလို

အေမကလည္း မ်က္ႏွာမေကာင္းေပ။


ဝိုင္းေလးတစ္ေယာက္တည္းအတြက္ဆိုရင္ေတာ့

အခုအခ်ိန္ဟာ အမွန္အတိုင္းေျပာၿပီး

မဂၤလာပဲြနဲ႔ပတ္သတ္၍ ျငင္းလို႔အ‌ေကာင္းဆံုး

အေျခအေနတစ္ရပ္ပဲ။

ဒါေပမဲ့ ဒီမိသားစုအတြက္ေတာ့ ဝိုင္းေလးရဲ့ဆံုးျဖတ္ခ်က္ဟာ အားလံုးကို

ေခ်ာက္နက္ထဲအထိ ဆဲြခ်လိုက္သလို ျဖစ္ေနမွာပဲ။


ထိုအခ်ိန္မွာ မမထိပ္ထားကလည္း

အိပ္ခန္းအေပါက္၀မွာ လာရပ္၍စူးစိုက္ကာၾကၫ့္ေနခဲ့ေလသည္။

သူ႔မ်က္၀န္းထဲက မေက်နပ္ခ်က္ေတြကို

ဝိုင္းေလးျမင္ေနရတယ္။

ဝိုင္းေလးကိုမိသားစုအျဖစ္ မသတ္မွတ္ႏိုင္တဲ့အျပင္ မင္းစက္အာဏာႏွင့္မထိုက္တန္ဘူးဟု

သူေျပာခဲ့တယ္။


အခ်ိန္‌ေတြအၾကာႀကီး

အတူေနခဲ့တာေတာင္ ဝိုင္းေလးကို

ေရၾကည္တစ္ေပါက္ ပမာဏေလာက္ေတာင္‌

သူေမတၲာမထားႏိုင္ခဲ့ဘူး။

*အနည္းဆံုးေတာ့ မင္းစက္အာဏာဟာ

ဝိုင္းေလးကို ေရြးခ်ယ္ခဲ့တာပဲ..*


ဆံုးျဖတ္ခ်က္တစ္ခုကို ခ်ႏိုင္ဖို႔

မ်က္၀န္းေတြကို မိွတ္ခ်လိုက္မိေလသည္။

ဝိုင္း‌ေလးရဲ့ ဆံုးျဖတ္ခ်က္ဟာ

တစ္ဘ၀လံုးအတြက္ မွားယြင္းသြားတာမ်ိဳး

ျဖစ္ႏိုင္ေပမဲ့။

ခ်စ္ရသူေတြအဆင္ေျပသြားဖို႔အတြက္..

ၿပီးေတာ့ တစ္စံုတစ္ေယာက္ကို

အထိနာေစဖို႔အတြက္...


"အဆင္ေျပခဲ့ပါတယ္အန္တီ..သူနဲ႔သမီးနဲ႔

ေကာင္းေကာင္းမြန္မြန္ပဲ စကားေျပာခဲ့ရပါတယ္.."


*ထင္တဲ့အတိုင္း..မမထိပ္ထားကေတာ့

အခန္းအေရ႔ွမွ ခ်က္ခ်င္း

ျပန္လွၫ့္ထြက္သြားခဲ့သည္..*


"ဒါေပမဲ့..သမီးမွာေတာင္းဆိုခ်င္တာ

တစ္ခုေတာ့ရိွတယ္.."


စကားကို ခဏရပ္လိုက္ၿပီးဖုန္းကိုဆုပ္ကိုင္ထားကာ

အားတင္း၍ ေျပာလိုက္မိေသာေမဝိုင္းေလး၏

ေတာင္းဆိုမႈသည္ အားလံုးကိုအံ့အားသင့္သြား

ေစခဲ့တာေတာ့ အမွန္ပါပဲ။


🌹🌹🌹🌹🌹🌹🌹


မင္းစက္သည္ သူ႔ကိုယ္ပိုင္ဗီလာရိွရာ

ၿခံ၀န္းႀကီးထဲသို႔ ကားကိုေမာင္း၀င္လိုက္ၿပီး

ဂိုေထာင္ထဲသို႔ကားကို တစ္ခါတည္းသြင္းကာ

ဥယ်ာဉ္ထဲ၌ ခဏေလာက္လမ္းေလ်ွာက္ရင္းႏွင့္ ေဆးလိပ္ကိုထုတ္၍ မွီးၫွိလိုက္သသည္။

ေဆးလိပ္အေငြ့မ်ားသည္ သူ႔ထိုင္ေနေသာ

ေနရာတစ္ခုလံုးကိုဖံုးလႊမ္းသြားသည္အထိ

အေငြ့မ်ားအားရႉထုတ္ေနမိသည္။


ဘယ္အခ်ိန္တည္းက ေဆးလိပ္ေသာက္တာကို

စဲြသြားမွန္း မသိေတာ့ေပမဲ့

သူေဆးလိပ္ေသာက္ေသာ အခ်ိန္တိုင္းသည္

သူတစ္ေယာက္တည္းသာရိွေသာ

အခ်ိန္မ်ား ျဖစ္ေနတတ္သည္။

လက္တစ္ဖက္က ေဆးလိပ္ကိုသူ႔ရဲ့

စဲြမက္စရာ ႏႈတ္ခမ္းနားတြင္ေတ့ထားလိုက္ၿပီး

က်န္လက္တစ္ဖက္ကေတာ့ ေဘာင္းဘီအိတ္ကပ္ထဲသို႔ လက္ထၫ့္ကာျဖင့္ ညိမ္သက္စြာ ထိုင္ေနခဲ့သည္။


သူ႔ရဲ့ကိုယ္ပိုင္ ဥယ်ာဉ္ထဲတြင္ရိွေသာ လမ္းမီးတိုင္၏ အလင္းေရာင္ထဲတြင္

ဘယ္ကလမ္းမွား၍ ေရာက္လာမွန္းမသိေသာ လိပ္ျပာတစ္ေကာင္ဟာ

ဟိုျပန္ဒီလူးျဖစ္ေနတာကို စိတ္၀င္တစား

ၾကၫ့္ေနမိသည္။


လွပတဲ့လိပ္ျပာေလး သူ႔ဥယ်ာဉ္ထဲကို

ေရာက္လာခဲ့တယ္။

အဲ့ဒီ့မီးေရာင္ကို မိွတ္ပစ္လိုက္ရင္

လမ္းေပ်ာက္သြားမလား။

သူ႔မွာ မိသားစုေရာမရိွဘူးလား။

ဘာေၾကာင့္ တစ္ေကာင္တည္းျဖစ္ေနရသလဲ။


"အဟင္း..ငါဘာလို႔အဲ့ဒီ့အေတြး

၀င္လာရျပန္တာလဲ"


ထိုစဉ္မွာပဲ သူ႔ဖုန္းျမည္လာေသာေၾကာင့္

အဓိပၸာယ္မရိွေသာ အေတြးမ်ားကို

ဝဲထုတ္လိုက္ၿပီး ဖုန္းျပန္ေျဖလိုက္သည္။


"ဟယ္လို..အေမသူတို႔ကိုဖုန္းဆက္ၿပီးၿပီလား.."


"ဆက္ၿပီးၿပီ..အခုငါနင့္ကို

ေဒါသအရမ္းထြက္ေနတယ္..အနားမွာသာရိွရင္

နားရြက္ကိုနာနာေလး 

လိမ္ဆဲြျပစ္လိုက္ခ်င္တဲ့အထိပဲ.."


"အဟင္း..ဘာလို႔လဲ..."


အေမဘာေၾကာင့္ စိတ္ဆိုးေနသလဲရိပ္မိေပမဲ့

တမင္ပဲ ေမးလိုက္သည္။

သူ႔ကိုအိမ္ေထာင္ခ်ေပးဖို႔ဆံုးျဖတ္ၿပီးၾကရင္

နည္းနည္းေတာ့လည္း စိတ္ညစ္တာကို

ခံလိုက္ၾကအံုးေပါ့..။


"နင္ငါ့ကိုဘာမွဟန္ေဆာင္ၿပီး လာေမးမေနနဲ႔

ေမဝိုင္းေလးကို နင္ဘာေတြ

သြားေျပာလိုက္တာလဲ

အခုခ်က္ခ်င္း တစ္လံုးမက်န္ျပန္ေျပာျပစမ္း.."


"ေနပါဦး..သူကဘာေျပာလိုက္လို႔..

အေမကအသည္းအသန္လာေမးေနရတာလဲ

ကၽြန္ေတာ္ယူမဲ့မိန္းမကို

ကၽြန္ေတာ္ဘာေျပာလိုက္သလဲဆိုတာ

တကယ္ပဲ တစ္လံုးမက်န္ျပန္ေျပာခိုင္းေနတာလား"


"ဟဲ့..ေကာင္မေလးကတစ္သက္မွတစ္ခါပဲ

ေဆာင္ရမဲ့ မဂၤလာပဲြကိုႏွစ္ဦးသေဘာတူ

စာခ်ဳပ္မွာ လက္မွတ္ထိုးရံုပဲလုပ္မယ္တဲ့

မဂၤလာေဆာင္မဲ့ေငြကိုလည္း

ဘုန္းႀကီးေက်ာင္းမွာပဲလႉဒါန္းၿပီး

ႏွစ္ဖက္မိသားစုေလာက္ပဲဖိတ္..

မဂၤလာဆြမ္းေလာက္ပဲ ကၽြေးမယ္လို႔

ေတာင္းဆိုလာတည္းက

နင္တစ္ခုခု နစ္နစ္နာနာေျပာလိုက္လို႔ပဲေနမွာေပါ့

ဘယ္မိန္းကေလးကမွ ကိုယ့္မဂၤလာေဆာင္ကို

ျဖစ္သလိုလုပ္ခ်င္မွာမဟုတ္ဘူး..

နင္တစ္ခုခုေျပာထားရင္..ျပန္ေတာင္းပန္လိုက္တာ

ေကာင္းမယ္..ငါလည္းေလ..နင့္ေၾကာင့္

မ်က္ႏွာပူရလြန္းလို႔..ေခါင္းေမႊးပါေျပာင္ခ်င္တယ္.."


မင္းစက္ကေတာ့ မဲ့ႃပံုးႃပံုးလိုက္ၿပီး

လိပ္ျပာေလးမရိွေတာ့သၫ့္ မီးတိုင္ေလးကိုသာ

ေငးၾကၫ့္ေနလိုက္သည္။


"ေတာင္းပန္တာမ်ိဳးေတာ့ ကၽြန္ေတာ္မလုပ္ႏိုင္ဘူး

သူကဒီလိုေတာင္းဆိုလာရင္

ဒီအတိုင္းပဲစီမံေပးလိုက္ေပါ့...

ကၽြန္ေတာ္ဖုန္းခ်ၿပီ..."


"ဟဲ့!!!!"


အေမ့ရဲ့ေအာ္လိုက္ေသာအသံဟာ

နားထဲမွာစူးထြက္သြား၍ နားကိုတစ္ခ်က္

ပြတ္လိုက္ၿပီး ဥယ်ာဉ္ခံုတန္းေလးမွ

ထလာခဲ့လိုက္သည္။

အိမ္ႀကီးဆီသို႔ ေလ်ွာက္လာေနရင္းမွ

ေနာက္သို႔ ျပန္လွၫ့္ၾကၫ့္လိုက္ၿပီး

သူေရရြတ္လိုက္သည္က...


"မၾကာခင္မွာ ငါ့ဥယ်ာဉ္ထဲကို လိပ္ျပာေလး

တစ္ေကာင္ ပ်ံသန္းလာေတာ့မွာေပါ့..

တမင္သိသိလ်ွက္နဲ႔ ဒီေထာင္ေခ်ာက္ထဲကို

ဇြတ္တိုးၿပီး၀င္လာခဲ့တာလား..

ဒါမွမဟုတ္..လမ္းမွားၿပီးေရာက္လာခဲ့တာလား

မင္းဟာတကယ္ပဲ ေလာဘနည္းတဲ့

လိပ္ျပာငယ္ေလးပဲလား..

ဟန္ေဆာင္ေနတဲ့ မိစၧာတစ္ေကာင္လားဆိုတာ..

ငါသိပ္သိခ်င္တယ္.."


🌹🌹🌹🌹🌹🌹🌹


လိပ္ျပာေလးက မုဆိုးႀကီးရဲ့ဘ၀ထဲကို

ပ်ံသန္းဖို႔အစျပဳလာၿပီေနာ္..


ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကို

ေက်းဇူးအထူးတင္ရိွပါတယ္



4 comments:

  1. မေဝိုင်းလေးကသိတက်လိုက်တာ သနားဖို့ကောင်းတယ် ဒို့မင်းသားလေးလဲချစ်စရာကြီးနော်

    ReplyDelete
  2. မျှော်နေပီ

    ReplyDelete
  3. ကျေးဇူးပါ

    ReplyDelete
  4. မမရေ ၂မတွေ့လို့

    ReplyDelete