🔥ဆူးကြိုး...🔥အခန်း(၄၃)

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၄၃)


မနက်လေးနာရီထိုးသည်နှင့် ပုံရိပ်တို့၏အိမ်လေးထဲတွင် လှုပ်ရှားသွားလာသံတွေ စုံလင်နေလေသည်။

ပိစိမနှင့် ပုံရိပ်သည်ရေကိုလည်း ပြိုင်ချိုးရသလို အလှပြင်သောနေရာတွင်လည်း နှစ်ယောက်သား

မပြင်တတ်သောကြောင့် တစ်ယောက်နှင့်

တစ်ယောက်ထိုင်လှောင်ရင်း အပီအပြင်ကဲ့ရဲ့

မိကြသည်။


မိစုနှင့်ထွန်းကိုသည် အိပ်နေကြသောကြောင့်

ရယ်သံကျယ်သွားလျှင် ဒေါ်လေးကထဆူ၍ပြန်ငြိမ်နေလိုက်ရသေးသည်။သင်္ကြန်ပိတ်ရက်ဖြစ်၍

တစ်ရပ်ကွက်လုံးငြိမ်ကျနေပေမဲ့ ပုံရိပ်တို့၏

အိမ်လေးသည်တော့ ဆူညံပွက်လောရိုက်နေလေသည်။


"ဟဲ့..ပိစိမ...ကိုယ့်မျက်နှာလည်းကိုယ်ပြန်ကြည့်လိုက်အုံး....မျောက်ဖင်နီရုပ်ပေါက်နေပြီ...

ငါ့ပါးနီတွေလည်း ကုန်ပြီလားမသိဘူး...."


"အမယ်...သူများကြတော့ပြောတယ်...သူကြတော့

မျက်လုံးတွေခြယ်ထားတာက ပန်ဒါ၀က်ဝံမျက်လုံးဖြစ်နေပြီ...နှုတ်ခမ်းနီကလည်းအညိုရောင်ကြီး

ဆိုးထားသေးတယ်...ဆံပင်ဖားလျားကြီးနဲ့ဆိုတော့...မဖဲဝါကြီး...နယ်လှည့်မဲ့ပုံနဲ့..."


"ဖီ...မင်္ဂလာမရှိလိုက်တာ...နင့်ရုပ်ကသာ

ကျီးကန်းကိုပေါင်ဒါရိုက်ပေးထားတဲ့ရုပ်သိရဲ့လား

...."


"မမရုပ်ကရော...မုန်လာဥဖြူကိုပါးရိုက်ထားလို့

နီနေတဲ့ရုပ်နဲ့...ဟား...ဟား..."


"ပိစိမနင်နော်..."


ပိစိမကို စကားနိုင်အောင်လုမပြောနိုင်တော့၍

လိမ်းဖြီးနေတာတွေကို အကုန်ဘေးသို့ချပြီး ငုတ်တုတ်ကြီးထိုင်ကာ ငြိမ်နေမိတော့သည်။

အလှမပြင်တတ်သော ကိုယ့်ကိုကိုယ်လည်းစိတ်ပျက်မိ၍ မျက်ရည်တောင်ဝဲချင်လာသည်။


မမနေခြည်တို့မမနန္ဒာတို့ဆိုလျှင် အပြင်တစ်နေရာသို့သွားတိုင်း မျက်နှာမှာရောင်စုံကာခြယ်လေးတွေနဲ့ ပြင်ထားလိုက်တာများ မင်းသမီးလေးတွေလိုပဲ။

ကိုယ့်အလှည့်ကြတော့ အိုင်းလိုင်နာဆွဲတာတောင်ဓာတ်လိုက်နေသလို တုန်တုန်ယင်ယင်ဖြစ်နေသည်။

ပုံရိပ်နှင့်အလှပြင်ပစ္စည်းတွေဟာ ပြဒါးတစ်လမ်း၊သံတစ်လမ်းလိုဖြစ်နေသည်။


"မမ...မလိမ်းတော့ဘူးလား..."


"မလိမ်းချင်တော့ဘူး...မိတ်ကပ်တွေလည်း

ဖျက်လိုက်တော့မယ်....ပေါင်ဒါလိမ်းပြီး နှုတ်ခမ်းနီပဲဆိုးသွားတော့မယ်..."


"ဟယ်....မမကလည်း မိတ်ကပ်ပစ္စည်းတွေနှမျောစရာကြီး...အန်တီယဉ်တင့်ကဖွက်ပြီးတော့တောင် တမင်ထည့်ပေးလိုက်ရတဲ့ဥစ္စာကို...."


"ထားလိုက်တော့ဟာ..ငါအ၀တ်အစားလဲလိုက်အုံးမယ်..."


စူစူအောင့်အောင့်ဖြင့်  မိတ်ကပ်ပစ္စည်းတွေကို

ပစ်ချထားခဲ့ပြီး အ၀တ်ဗီဒိုထဲမှဂျင်းဘောင်းဘီအရှည်နှင့် တီရှပ်ပန်းရောင်လေးကိုထုတ်၀တ်လိုက်ကာ အပေါ်မှကုတ်အိင်္ကျီခါးတိုလေးကို ထပ်၀တ်လိုက်သည်။

အမှန်တွင်တော့ ပုံရိပ်သည်စာလုပ်ဖို့နှင့်အဖွားခိုင်းသော တာ၀န်များကိုကျေပွန်အောင်လုပ်ပေးဖို့မှလွဲ၍ အလှအပရေးရာဘက်တွင်ဗဟုသုတအားနည်းလွန်းသည်။


အခုတောင် အန်တီယဉ်တင့်ထည့်ပေးလိုက်သော ၀တ်စုံတွေနှင့်မိတ်ကပ်တွေသာ ရှိလေသည်။

ပုံရိပ်၏အသက်က ယခုမှ၁၆နှစ်သာရှိသေးသည်မို့ နောင်တွင် အလှအပကိစ္စအတွက်လည်း ပိုသိအောင်လုပ်ရမည်ဟု စဉ်းစားထားလိုက်သည်။


"ပိစိမ...ငါ့ကိုကြည့်လိုက်စမ်း...ဘယ်လိုနေလဲ...."


"ဟယ်...မမကကိုယ်လုံးလေးသွယ်တော့...

ဂျင်းဘောင်းဘီနဲ့....ကုတ်လေးနဲ့ဆိုတော့ ဗိုလ်မရုပ်လေးလိုပဲ..ဒါပေမဲ့မျက်နှာကပြောင်ရှင်းနေတယ်..

ပါးနီလေးဘာလေး လူးသွားမှလှမှာပေါ့...."


"ငါမှမလိမ်းတတ်တာဟယ်...‌ကာခြယ်လ်လည်း

မခြယ်တတ်ဘူး...သူများတွေလှောင်မှာကြောက်တယ်ဟ..."


ပေါင်ဒါလေးတို့ရင်းနှင့် ပုံရိပ်ကစိတ်ညစ်ငြူးစွာပြောတော့ ပိစိမသည်လည်း သူ့မျက်နှာကိုမှန်ထဲမှာပြန်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

ပါးနီတွေက ရဲတွတ်နေပြီး နှုတ်ခမ်းနီဆိုးထားတာကလည်း မညီမညာနှင့်ဖြစ်နေသည်။မျက်ခုံးမွှေးဆွဲထားတာကလည်း တစ်ဖက်ကမိုးပေါ်တက်နေပြီး တစ်ဖက်မြေကြီးပေါ်သို့ပြုတ်ကျနေသလို

မညီမညာနှင့်ဖြစ်နေသည်။

အသားကညိုတော့ ပေါင်ဒါအထူကြီးရိုက်ထား၍ မျက်နှာကြီးတစ်ခုထဲ ကွက်၍ဖြူနေလေသည်။


ပုံရိပ်ကတော့ မျက်ခုံးမွှေးဆွဲစရာမလိုလောက်အောင် မျက်ခုံးမွှေးကောင်းပေမဲ့ ‌မဆွဲထားတော့ပုံစံလှလှလေးဖြစ်‌မနေပေ။မျက်ခုံးမွှေးမရိတ်တတ်သောကြောင့် အပြန့်လိုက်ကြီးဖြစ်နေသည်။

မျက်တောင်တွေကလည်း ထူပြီးကော့ညွှတ်ပေမဲ့ မျက်တောင်ကော့တံလေးနှင့် ကော့လိုက်လျှင် ပို၍အရောင်နက်သွားနိုင်သည်။

အခုတော့ မျက်နှာကြီးကဖြူဖက်ဖြူလျှော်နှင့်

ဖြစ်နေ၍ သင်္ကြန်တောင်လည်ချင်စိတ်မရှိတော့ပေ။


"ဟဲ့....ခြောက်နာရီထိုးနေပြီနော်....မပြီးကြသေးဘူးလား...မနက်စာစားသွားကြအုံးလေ...နင်တို့ဟာကလည်း...မနက်လေးနာရီထဲကနေပြင်ဆင်နေကြတာ

အခုထိမပြီးနိုင်ကြသေးဘူး...ကြည့်အုံး...

ဘယ်လောက်ပဲဖြီးလိမ်းနေပါစေ...

ပြီးတော့လည်း..ဒီငတက်ပြားရုပ်တွေပဲ...ပိစိမရေ..

ကိုယ့်ရုပ်ကိုယ်လည်းမှန်ထဲမှာ ပြန်ကြည့်လိုက်အုံး...


သရဲမကတောင်..နင့်ကိုပြန်လန့်ပြီးတက်သေနိုင်တဲ့

ရုပ်နဲ့...နှုတ်ခမ်းနီဆိုးထားတာလည်းရဲလို့...ပါးနီကြီးကလည်း...ပါးကွက်ကွက်သလို ကွက်ထားလိုက်တာအေ...တိုင်နဲ့ပြေးဆောင့်ထားတဲ့အတိုင်းပဲ...ဘယ်လိုဟာကြီးလဲဟယ်...."


"ဒေါ်လေးပြောမှပဲ...သမီးရဲ့မျက်နှာက

မသာအိမ်မှာ..ပြင်ထားတဲ့အလောင်းကောင်လောက်တောင်..မသားနားတော့ဘူး...အီဟီး..."


"ဟယ်...ငိုကုန်ပြီ..."


ဒေါ်လေးဆိုသည်မှာ အခန်းအပေါက်၀မှရပ်ပြီး

ပိစိမကိုပြစ်ပြစ်နှစ်နှစ်ဝေဖန်ရေးထုတ်နေလေတော့သည်။ဟိုကလည်း ဒေါ်လေးပြောတာကို နားထောင်လိုက် မှန်ထဲသို့ပြန်ကြည့်လိုက်နှင့်ငိုနေလေသည်။

ပုဲရိပ်ကတော့ ပိစိမကိုကြည့်၍ငိုအားထက်ရယ်အားသာသန်နေရတော့သည်။

ဆယ်ကျော်သက်အရွယ်တွေဆိုတော့ အလှအပနဲ့

ထိတွေ့ခါစမှာ စိတ်တိုင်းမကျရင်ငိုဖို့သာတွေးတတ်ကြလေသည်။ပုံရိပ်ကတော့ ငိုပြီးလေပြီ။


"ဟဲ့...ဟဲ့...ငိုတော့မငိုလိုက်ပါနဲ့...ကျုပ်ပြင်ပေးပါ့မယ်..."


"ဒေါ်လေး...ပိစိမကိုပြင်ပေးပြီးရင်...သမီးကိုလည်းပြင်ပေးရမယ်နော်..."


"ညည်းကဘာပြင်စရာရှိလို့လဲ...ပြီးပြီမဟုတ်လား

..."


"မပြီးသေးပါဘူး...သမီးကိုမျက်ခုံးမွှေးရိတ်ပြီးဆွဲပေး....မျက်လုံးလည်းခြယ်ပေးရမယ်...."


"အမယ်လေး...ပြီးကိုအပြီးနိုင်ကြတော့ဘူး...

ဟိုက‌..မြို့ထဲကိုရောက်တာတောင်ညည်းတို့

နှစ်ယောက် အိမ်ကနေထွက်နိုင်ကြပါအုံးမလား...."


"ပြီးပါတယ်ဒေါ်လေးရယ်...ခုနှစ်နာရီ...ရှစ်နာရီလောက်မှသွားကြမှာ..."


"အေးပါ...ညည်းတို့ခောတ်...ညည်းတို့ခောတ်..."


ဒေါ်လေးသည် ပိစိမကိုပြင်ပေးနေရင်းနှင့် ညည်းတွားနေသောကြောင့် ပုံရိပ်လည်းဟက်ဟက်ပက်ပက်ရယ်ချလိုက်မိတော့သည်။

ဟိုဘက်အိမ်ကလူကြီးလည်း အခုလောက်ဆိုပြင်ဆင်လို့ပြီးနေလောက်ပြီပေါ့။ခြောက်နာရီကျော်လောက်ပဲ ရှိသေးတော့အိပ်ရာတောင်ထချင်မှ

ထသေးအုံးမှာ။


မနေ့က အိမ်မှာမုန့်လုံးရေပေါ်ကျွေး၍ သူတို့အိမ်မှ လူတွေအကုန်လုံးဝိုင်း၍ကူပေးကြလေသည်။

သူတို့အမေကတော့ သူ့သားမှန်သမျှနှင့် ပုံရိပ်ကိုမိတ်ဆက်ပေးပေမဲ့ အခြားသူတွေက အကုန်တည်ကြည်ကြပြီး အဲ့ဒီ့ဦးလင်းခောတ်ရုပ်ကပြောင်စပ်စပ်လို ဖြစ်နေသည်။


ဆရာပါလိုက်ရင်ပုံရိပ် ထခုန်မိမတတ်ပျော်သွားနိုင်ပေမဲ့ ဆရာကဒီလိုလည်ပတ်ရတာဝါသနာမပါဘူးတဲ့လေ။ဦးလင်းခောတ်ပါ၍ သိပ်မလိုက်ချင်ပေမဲ့

ရန်ကုန်သင်္ကြန်ကို တစ်ခါလောက်တော့လည်ပတ်ဖူးချင်သည်။နောက်တစ်ခါဆို ဒီလိုအခွင့်အရေးကို

ရနိုင်မည်မထင်ပေ။


"ကဲ...တစ်ယောက်တော့ပြီးသွားပြီ...

နောက်တစ်ယောက်လာခဲ့..."


ပြင်ဆင်ပြီးသော ပိစိမကိုကြည့်လိုက်တော့ 

သူကိုယ်တိုင်ပြင်ထားတာထက်အများကြီးပိုကြည့်ကောင်းသွားသည်။ပါးနီတွေလည်း သိပ်မရဲတော့ပဲနှုတ်ခမ်းနီလေးဆိုထားတာက သေသေသပ်သပ်ဖြစ်နေကာ မျက်ခုံးတန်းလေးကလည်းညီညီညာညာဖြစ်သွားလေသည်။


"ဟဲ့...မိပုံလာလေ...အချိန်ကြာအောင်တော်တော်လုပ်တာပဲ...."


"မဟုတ်ဘူး...မမကပိစိရဲ့အလှမှာမျောသွားတာ..."


"အမယ်လေးဖြစ်ရမယ်..."


ပိစိမကိုမျက်စောင်းထိုးပြီး ဒေါ်လေးပြင်ဆင်ပေးတာကို ငြိမ်၍ခံနေလိုက်သည်။မျက်ခုံးမွှေးတွေလည်းရိတ်ပေးသလို ပါးနီလေးခပ်ပါးပါးလည်း ခြယ်ပေးလိုက်၍ ပန်းသွေးရောင်နှုတ်ခမ်းနီလေးကိုရေးရေးလေးဆိုးလိုက်သောပုံရိပ်သည် ဖူးဖူးကြွကြွနှင့် အရုပ်လေးကဲ့သို့ချစ်စရာကောင်းလွန်းနေတော့သည်။


မျက်တောင်တွေကိုတော့ ရေစိုလျှင်မျက်လုံးတွေမဲကုန်မည်စိုး၍ မခြယ်ပေးပေမယ် အိုင်းလိုင်နာလေးဆွဲထား၍ နဂိုစူးရှ၍ဝိုင်းနေသော မျက်၀န်းလေးတွေသည် မျက်တောင်တစ်ခါခတ်လိုက်တိုင်း အကြည့်မလွှဲချင်လောက်အောင် ဆွဲဆောင်မှုပိုနေသည်။


ပန်းနုရောင် ပါးပြင်လေးသည် ပန်းသီးလေးတစ်ခုကဲ့သို့ဖူးကြွနေကာ ပိစိမကတော့ကြည့်နေရင်းနှင့် *အသဲယား၍ကိုက်စားချင်သည်*ဟု

စလေတော့သည်။

နှာတံလေးကလည်း ‌စင်း၍သေးသေးလေးမို့

နှာတံဆွဲစရာတောင် မလိုအောင်ထင်းနေလေသည်။


"အမယ်လေး...ငါ့တူမလေးရဲ့မျက်နှာကသိပ်ပြီးတောင်ပြင်စရာမလိုဘူး...သူ့အလှနဲ့သူရှိပြီးသားမို့ 

ပြင်လိုက်တော့ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ...ဆံပင်ကိုထိပ်မှာထုံးသွား...ချမသွားနဲ့ရေစိုရင်ကပ်ကုန်ပြီး နေရခက်လိမ့်မယ်..."


"ဒေါ်လေးရေ...သေချာတာကတော့...သမီးတော့နွားကျောင်းသလိုလိုက်ကြည့်ရတော့မှာပဲ...

ကိုယ့်မမကဒီလောက်လှနေရင်....

ကျားချောင်းချောင်းနေတဲ့ဟာတွေကိုပဲ လိုက်ကြည့်ရတော့မှာပေါ့...လည်ရမှာကိုမဟုတ်ဘူး...."


"ကြည့်စမ်း...ငါ့ကိုများနွားနဲ့နှိုင်းတာ...နင်ထိန်းစရာမလိုပါဘူး...မိန်းမတွေလည်းအများကြီးပါတဲ့ဥစ္စာ.

ကဲ...ထမင်းသွားစားကြမယ်...."


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


မနက်စာစားပြီး အိမ်ကနေထွက်လာတော့ ခုနှစ်နာရီထိုးခါနီးလေပြီ။တိုက်ဆိုင်စွာပဲ ဟိုဘက်အိမ်က

ဦးလင်းခောတ်သည်လည်း သူတို့၏အိမ်ထဲမှ

ထွက်လာတာနှင့်ဆုံ‌မိကြ၍ ပုံရိပ်ကတော့

နှာခေါင်းကိုရှုံ့ပစ်လိုက်သည်။၀တ်ထားတဲ့ဘောင်းဘီကြီးသည် လူကြီးဆန်ဆန်မဟုတ်ပဲ

အိတ်အကြီးကြီးတွေနှင့် သံကြိုးတွေကလည်းရှုပ်ရှက်ခတ်နေသည်။


မျက်နှာကလည်း ဖြီးလိမ်းထားလိုက်တာများ ရုပ်ရှင်မင်းသားရှုံးလောက်သည်။ဆံပင်တွေကိုလည်း ‌ဂျယ်နှင့်ထောင်ထားပြီး မျက်မှန်အမဲကြီးကို လည်ပင်းမှာချိတ်ထားကာ ကုဒ်အိင်္ကျီအနက်ရောင်အပြောင်သားကိုလည်း စမတ်ကျကျ၀တ်ထားသေးသည်။


"ပုံရိပ်တို့...ကျောင်းရှေ့ကစုရပ်ကိုသွားကြမှာမဟုတ်လား...အတူသွားကြမယ်လေ..."


ဦးလင်းခောတ်သည် ပုံရိပ်တစ်ယောက်တည်းကိုသာကြည့်၍ ပြုံးတုန့်တုန့်နှင့်ပြောလိုက်သည်မို့

ပိစိမလည်းချက်ချင်းအလည်မှာ ၀င်နေလိုက်ပြီး

ထိုလူကြီးကိုရယ်ပြလိုက်သည်။

မဟုတ်ရင် ဒင်းကမမအနားကိုကပ်တော့မည်လေ။

မမကတော့ ဦးလင်းခောတ်ကြီးစကားတွေဘယ်လောက်ပဲ ဖောဖောသီသီ‌လာပြောပါစေ "အင်း.."တစ်လုံးသာဆောင်နေတော့သည်။

ပိစိမကတော့ ကြားထဲကနေကန့်လန့်ကာကြီးလို လိုက်လိုက်ပြီးကာနေရတော့တာပေါ့။


"ဟိုမှာ...ကားစောင့်နေတယ်....."


ထော်လာဂျီပုံသဏ္ဍန်အကာအရံမရှိသော သင်္ကြန်လည်မည့်ကားကိုတွေ့တော့ ပုံရိပ်တို့သုံးယောက်ပြေးသွားမိကြလေသည်။ကားကလည်း စက်နှိုးနေပြီဖြစ်၍ ကျန်ခဲ့လို့လုံး၀မဖြစ်ပေ။

ပိစိမနှင့်ပုံရိပ်တို့ နှစ်ယောက်သားလက်ချင်းတွဲပြီး ကားနောက်ဘက်သို့ ပြေးသွားလိုက်မိတော့ 

ပုံရိပ်အဖို့အံ့ဩလွန်း၍ မျက်လုံးအပြူးသားနှင့် ကားပေါ်သို့တောင်မတက်နိုင်တော့ပဲ စွံ့အနေမိသည်။


"ဆရာ...."


ကားကြီး၏ အရှေ့ဘက်အခြမ်းတွင်ထိုင်၍ ပုံရိပ်ကိုကြည့်နေသော ဆရာနှင့်မျက်၀န်းအကြည့်ချင်းထပ်တူကြမိသောအခါ ပုံရိပ်၏နှလုံးသားလေး ထပ်မံရုန်းကြွလာပြန်သည်။ဆရာသည် အဖြူရောင်ဂျင်းဘောင်းဘီအပွကို၀တ်ဆင်ထားပြီး စပို့ရှပ်အနက်ရောင်လေးမှာ ပန်းရောင်အစင်းကျားလေးတွေပါတာကို ၀တ်ဆင်ထားလေသည်။


ဆံပင်တိုလေးတွေက ယခုတော့ဂျယ်လိမ်း

မထား၍ နဖူးပေါ်တောင်အုပ်ချင်နေသည်။

ရှူးဖိနပ်အဖြူရောင်လေးကို စီးထားသောဆရာ့ပုံစံသည် ပုံရိပ်ထက်တောင်လူငယ်ဆန်ပြီး ချစ်စရာကောင်းနေသေးသည်။

လည်ပင်းမှလည်းဖုန်းလေးကို ရေမစိုအောင်အိတ်ကလေးနဲ့ထည့်ပြီး ဆွဲထားသေးသည်။

ဆရာ့ပုံစံသည် နွေဦးမှာပွင့်သော ပန်းကလေးလိုပင်။


"မမရေ...ကားထွက်တော့မယ်...တက်လေ.

.စွတ်ငေးမနေနဲ့..."


"ငါသိပါတယ်..."


ပုံရိပ်၏ဘေးနားသို့ကပ်၍ တိုးတိုးသတိပေးလာသော ပိစိမကိုမကျေကြည့်ကြည့်လိုက်ပြီး ကားပေါ်သို့တက်လိုက်သည်။ဆရာ့ဘေးမှာထိုင်ချင်ပေမဲ့

ပုံရိပ်မရင်းနှီးသော အစ်မကြီးတစ်ယောက်သည်

ဆရာ့ဘေးမှာထိုင်နေပြီး ဦးလင်းခောတ်က

ဆရာ့တစ်ဖက်ခြမ်းမှာသွားထိုင်လိုက်၍ ပုံရိပ်ကတော့ဆရာနှင့် မျက်နှာချင်းဆိုင်မှာသာ 

ဆရာမနုနုနှင့်ပိစိမ၏ အလယ်တွင်၀င်ထိုင်လိုက်ရသည်။


"မမ...သားမမရဲ့ပေါင်ပေါ်မှာထိုင်ချင်တယ်..."


ပုံရိပ်၏အင်္ကျီစကိုလာဆွဲသော ကလေးလေးကိုကြည့်လိုက်တော့ ဆံပင်လေးကို‌ထိပ်မှာစုချည်ထားပြီး ပါး‌ဖောင်းဖောင်းလေးတွေကရဲတက်နေကာ ဖိုး၀လုံးလေးကဲ့သို့ ချစ်စရာကောင်းလွန်းနေသည်။

ဒါက ဆရာမကြည်ပြာရဲ့သားလေးဖြစ်လိမ့်မည်။

ပုံရိပ်လည်း ကလေးချစ်တတ်သူမို့ ခေါင်းဘေးညိမ့်ပြလိုက်ပြီး ကလေး၏ပါးလေးကိုနမ်းပစ်လိုက်သည်။

ပြီးနောက် အရှေ့သို့ကြည့်လိုက်တော့ ဆရာလင်းခောတ်ကပုံရိပ်ကို ပြုံး၍ကြည့်နေလေသည်။


"အဲ့ဒါပဲကြည့်တော့ ပုံရိပ်ရေ...ဒီကလေးကရုပ်ချောတဲ့မမတွေဆို သိပ်ကပ်တာနော်...ခေါ်ထားပြီးရင်တော့ တစ်နေကုန်ကပ်နေတော့မှာ..."


"ဟုတ်လားကလေး...မမကချောလို့လား...."


"အင်းမမကချောတယ်...အာဘွား...."


"အမယ်...ကြည့်စမ်းဖိုးလမင်းကတော့...သူများကိုတောင်ကပ်ချွဲပြီး အာဘွားပေးလိုက်သေးတယ်...

နှာဘူး!!!!"


"ဟား...ဟား..."


"မကြည်ပြာရဲ့သားကတော့...ဒီအရွယ်တောင်

ဒီလောက်တတ်နေရင်း...ကြီးလာရင်တော့

တုတ်တစ်ချောင်းနဲ့ လိုက်နေရမယ်ဟေ့..."


"ဟား..ဟား..သေချာတာပေါ့နုနုရေ...အခုပဲကြည့်ပါလား...သူ့မမလှလှပေါင်ပေါ်ကနေကို မဆင်းတော့ဘူး...."


အားလုံးကဝိုင်းရယ်နေကြတော့ ပုံရိပ်ကိုအားဘွားပေးပြီး သူ့ဘာသာသူရှက်နေပုံလေးကအစ ချစ်ဖို့ကောင်းနေသည်။ကားလေးကလည်း မောင်းနေပြီဖြစ်၍ ကလေးပြုတ်ကျမည်စိုးပြီး သေချာပွေ့ထားကာ အရှေ့သို့အကြည့်ရောက်သွားတော့

ဆရာလင်းခောတ်က ပုံရိပ်ကိုပြုံး၍ကြည့်နေပြန်လေသည်။မျက်နှာရူးဟု တီးတိုးရွတ်လိုက်သည်။


ဆရာ့ကိုကြည့်လိုက်တော့ ခုဏကဆရာမ

ကြည်ပြာ၏စကားကြောင့် ထရယ်လိုက်ပေမဲ့

အခုတော့ ဘေးကအစ်မတစ်ယောက်နှင့်

ဇာတ်ကြီးစောင်းပြီး စကားပြောနေလိုက်တာများ

ပုံရိပ်ကိုတောင်ရှိတယ်လို့ ထင်သေးရဲ့လားမသိပေ။


"ဆရာမနုနု...ဆရာနေမျိုးရဲ့ဘေးမှာထိုင်နေတာကဘယ်သူလဲဟင်...တစ်ခါမှမတွေ့ဖူးဘူး...."


"အဲ့ဒါ့ဆရာ့အသိလေ...နာမည်ကခင်ရူပလှိုင်တဲ့...

ဆရာ၀န်မလေးလေ...ဆရာ့ထက်တော့ကြီးတယ်..."


"ဒါနဲ့...ဆရာကမနေ့ကတော့မလိုက်ဘူးဆိုပြီး...

အခုကြတော့ ဘာလို့လိုက်သလဲမသိဘူးနော်..."


"ဟိုဆရာ၀န်မလိုက်မယ်ဆိုလို့လေ...ဆရာမ

ကြည်ပြာတို့နဲ့လည်းရင်းနှီးတယ်လေ...အဲ့ဒါကြောင့်မနေ့ကညနေပိုင်းမှ...လိုက်ဖြစ်တယ်ဆိုပြီးအကြောင်းကြားတာ...သူတို့နှစ်ယောက်ကတစ်ခုခုပဲ..."


ဆရာမနုနုသည်လည်း ပြောပြနေရပေမဲ့မျက်နှာ

မကောင်းတာကို ပုံရိပ်ခံစားမိသည်။ဆရာ့ဘက်သို့ ပုံရိပ်ကြည့်လိုက်မိတော့ ကားစက်သံတွေနှင့်လေတိုးသံ‌တွေ သိပ်ပြင်းနေတာတောင်ဟိုဆရာ၀န်မနှင့်စကားပြောလို့ သိပ်ကောင်းနေပုံရသည်။


အခုမှ ခင်ရူပဆိုသောဆရာ၀န်မကို သေချာကြည့်လိုက်မိသည်။သူက ပုံရိပ်ဆေးရုံတက်ရတုန်းက

ကုပေးခဲ့သော ဆရာမဖြစ်နေ‌သည်။

ဒါဆိုရင် ဒီဆရာ၀န်မနှင့်ဆရာ၏ခင်မင်မှုသည်

ပုံရိပ်ထက်တောင်စောနိုင်ပါသေးသည်။

သင်္ကြန်လည်ရတာ ဝါသနာမပါဘူးဆိုသောဆရာနေမျိုးသည် ဆရာ၀န်မလေးကြောင့်စိတ်ပြောင်းသွားခဲ့ပါသည်တဲ့လေ။

ပုံရိပ်အတွက်ဆိုရင် ဘယ်လောင်ကောင်းလိုက်

မလဲ။စိတ်ကူးတွေအရမ်း ယဉ်လွန်းနေမိပြီထင်ပါတယ်..။


ခင်ရူပဆိုသော အစ်မသည်ဘောင်းဘီတိုလေးနှင့်ဖြစ်ပြီး အိင်္ကျီခါးတိုလေးကို အပေါ်မှလက်ရှည်နှင့်တွဲ၍ ၀တ်ထားလေသည်။အခြားဆရာမတွေအားလုံးလည်း ပျိုပျို၊အိုအို  ဘောင်းဘီ

ပေါင်တစ်၀က်လောက်လေးတွေနှင့် ဖြစ်နေကြ၍

အံ့ဩမိရသည်။ပုံရိပ်မှာသာ ဂျင်းဘောင်းဘီအရှည်ကြီးနှင့် ဖြစ်နေတာတောင် မလုံမလဲဖြစ်နေရသည်။

သူတို့အတွက်တော့ ရိုးနေပြီထင်ပါရဲ့။


"ပုံရိပ်ရေ....မုန့်စားအုံးမလား...ရော့..."


ဆရာမကြည်ပြာသည် အဖွဲ့ထဲတွင်ခေါင်းဆောင်ဖြစ်၍ သူ၀ယ်ထားသောကိတ်မုန့်များကို

ကားပေါ်ရှိလူတိုင်းကိုလိုက်၍ ဝေပေးလေသည်။

ကားပေါ်တွင်ဆရာမကြည်ပြာတို့ လင်မယား

အပါအ၀င်အခြားဆရာမနှစ်ယောက်၏ယောက်ျားနှစ်ယောက်လည်းရှိနေလေသည်။

လူပျိုဆိုရင် ဆရာနေမျိုးနှင့် ဆရာလင်းခောတ်တို့နှစ်ယောက်သာရှိပြီး အပျိုကတော့ဆရာမနုနုနှင့်

ပိစိမရယ်၊ပုံရိပ်ရယ်သာ ရှိလေသည်။


"ဆရာ....ကိတ်မုန့်စားအုံးမလား..."


"မစားတော့ပါဘူး...ပုံရိပ်ပဲစားပါ..."


ဆရာ့ဆီသို့ကိတ်မုန့်ထုပ်လေးကို ကမ်းပေးလိုက်ပေမဲ့ ဆရာကစကားနည်းနည်းသာပြောပြီးငြင်းလွှတ်သည်။ဆရာက ပုံရိပ်တစ်ခုခုပေးတိုင်း လက်မခံ‌

တတ်ပေမဲ့ ဒီတစ်ခါလောက်၀မ်းမနည်းဖူးပေ။

ပုံရိပ်သက်ပြင်းချလိုက်မိပြီး ဆရာ့ဘေးနားကဆရာမခင်ရူပကို ကိတ်မုန့်လေးကမ်းပေးလိုက်သည်။ဆရာ့ကိုပဲကျွေးပြီး သူ့ကိုမကျွေးတော့

ဘယ်ကောင်းပါ့မလဲ။


"ဆရာမကိတ်မုန့်စားပါအုံးလား...ဆရာမကြည်ပြာကျွေးတာပါ..."


"ညီမလေးပဲစားပါ...မမကမနက်စာစားလာခဲ့တယ်..."


"အော်...မစားချင်တဲ့လူတွေကိုပဲလိုက်ကျွေးနေတယ်...စားချင်တဲ့လူကိုကြတော့မကျွေးဘူး..."


လင်းခောတ်ဆိုတဲ့လူကြီးက မုန့်ထုပ်ကိုအတင်းဆွဲယူလိုက်စဉ် တမင်လုပ်တာလားမရည်ရွယ်ပဲဖြစ်သွားတာလားမသိပေမဲ့ ပုံရိပ်၏လက်ကိုပါဆုပ်ကိုင်သလိုဖြစ်သွား၍ ဆက်ခနဲပြန်ရုန်းပစ်လိုက်မိသည်။


ဆရာ့ကိုကြည့်လိုက်မိတော့ ပုံရိပ်ကိုမျက်မှောင်ကြုံ့၍ကြည့်နေပြီး မျက်နှာပြန်လွှဲသွားခဲ့သည်။

ပုံရိပ်ကပဲ စိတ်ထင်နေ၍လားမသိပေမဲ့ ဆရာ၏

ပုံရိပ်ကိုကြည့်တဲ့အကြည့်သည် ဒေါသထွက်နေသလိုဖြစ်နေသည်။

ပုံရိပ် ဘာအမှားများလုပ်ထားမိလို့ပါလိမ့်။


ပုံရိပ်တို့အဖွဲ့သည် အင်းယားကန်ဘက်သို့ရောက်သောအခါ အလှဓာတ်ပုံတွေဆင်းပြီးရိုက်ကြသည်။

ပုံရိပ်နှင့်ပိစိမသည်တောမှမြို့သို့ အခုမှရောက်ဖူးသကဲ့သို့ခြေတစ်လှမ်းရွေ့လျှင် ဓာတ်ပုံတစ်ခါရိုက်ဖြစ်ကြသည်။ဆရာမနုနုကတော့ ပုံရိပ်တို့၏ပင်တိုင်ဓာတ်ပုံရိုက်ပေးသူပေါ့။


ဆရာကတော့ ဘယ်နေရာမှာပဲကားရပ်ရပ် ကားပေါ်မှာသာကျန်နေခဲ့လေ့ရှိသည်။မလိုက်ချင်‌ပဲနှင့်

 သူ့ဆရာ၀န်မလေးကြောင့် တမင်လိုက်လာသည့် ဆရာ့ကိုပုံရိပ်လည်း စိတ်တိုလွန်း၍ တစ်လမ်းလုံး

မသိသလိုသာ လျစ်လျှူရှုလာခဲ့လိုက်သည်။


ယခုမူ ပုံရိပ်၊ဆရာမနုနု၊ပိစိမနှင့်ဖိုးလမင်းတို့က

တစ်ဖွဲ့ဖြစ်လေသည်။

နောက်ပိုင်းမှ ပုံရိပ်သတိပြုမိတာကတော့ ကားပေါ်တွင် ဘီယာတွေအကပ်လိုက်ပါလာသည်ဆိုတာပါပဲ။မဏ္ဍပ်တွေကိုကျော်လိုက်တိုင်း ရေစိုလိုက်ဘီယာလေးမြည်းလိုက်နှင့် ဆရာမတွေ၏ယောက်ျားတွေကတော့ အိုကေမှာစိုပြည်နေတော့သည်။


ပုံရိပ်ကတော့ အရက်သောက်တတ်သူတွေပါမှန်း

မသိလို့ လိုက်မိခဲ့ပေမဲ့ ယခုတော့မှားပြီဟု တွေးနေမိသည်။ဆရာမနုနုတို့ ဆရာမခင်ရူပတို့ကတော့ ဘာမှမထူးခြားသလို နေတတ်ကြပေမဲ့ ပုံရိပ်ကတော့ ဘီယာနံ့ကိုလုံး၀မခံနိုင်ပေ။ကြာရင်ခေါင်းမူးပြီး မေ့လဲမှာတောင်စိုးရသည်။


"ညီလေး...လင်းခောတ်...ဘီယာလေးတီးအုံး

မလား..."


"မသောက်တော့ပါဘူး...အစ်ကိုရဲ့..."


"ဟာ...မဟုတ်တာကွာ...တို့တွေကဒီအချိန်လေးပဲ ပျော်ရပါးရတာမဟုတ်လား...နည်းနည်းလောက်ကစ်ကြည့်စမ်းပါ...မင်းကလည်းလုပ်ပါရော့...ရော့"


"အဲ့ဒါဆိုလည်း...တစ်လုပ်လောက်ပါပဲ..."


"နေကြီးရေ...မင်းရော...."


"အာ...ကျွန်တော်က..မသောက်တော့ပါဘူး..."


တန်ဖိုးဆိုတာ ထိုနေရာမှာသွား၍ကွဲပြားသွားသည်။

အမြဲစပ်ဖြီးဖြီးနေတတ်တဲ့ ဆရာလင်းခောတ်ကိုတော့မရရအောင်ခေါ်ပြီး အရမ်းရင်းနှီးသောဆရာနေမျိုးကိုတော့ အကြောင်းသိ၍ထင်သည် တစ်ခွန်ပဲမေးပြီး ဆရာကလက်မခံတာနှင့်ထပ်ပြီး 

မတိုက်တွန်းတော့ပေ။


"ဟဲ့...ဟိုမှာမြို့တော်ခန်းမရှေ့ကမဏ္ဍပ်ကိုရောက်တော့မယ်...."


"အား...မီးသတ်ပိတ်တွေနဲ့ထိုးရင်တော့...တအားစပ်မယ်ထင်တယ်..."


"အေး...စပ်တယ်ဟ..ပျော်ဖို့တော့ကောင်းတယ်....."


မဏ္ဍပ်ကြီးကြီးပေါ်တွင် အဆိုတော်ကသီချင်းမြူးမြူးလေးကို ကခုန်၍ဆိုနေသလို ကားလမ်းတစ်ဖက်ခြမ်းတွင်လည်း လူအုပ်ကြီးသည်အုပ်စုလိုက်ကြီးမနည်းမနောဖြစ်နေကာ ကခုန်ပျော်ပါးနေကြသောကြောင့် ပိစိမနှင့် ပုံရိပ်ကတော့အံ့ဩ

တကြီး ဖြစ်နေကြရသည်။


"...ပက်ပြီဟ....မတ်တပ်ရပ်ပြီးကကြမယ်....

ဟေ့..ဟေ့...."


🎶လောင်းလိုက်တော့..ချမ်း..ချမ်း..ချမ်း..🎶

🎶ရင်တွေ..တုန်..တုန်...တုန်..🎶

🎶တီးပါ..ဗုံ....ဗုံ....ဗုံ.."🎶

🎶ရေစိုစို..တန်ခူးလမှာ....."🎶


မဏ္ဍပ်ကြီးအပေါ်မှ သီချင်းဆိုနေသော အဆိုတော်နောက်မှသံယောင်လိုက်ကာ ကားပေါ်မှလူတွေအကုန်လုံး ထရပ်လိုက်ကြ၍ ပုံရိပ်နှင့်ပိစိသည်လည်း တစ်ယောက်ကိုတစ်ယောက် လက်တွဲပြီး 

မတ်တပ်ရပ်လိုက်မိသည်။


"မမ...ဟိုဘက်ကိုနည်းနည်းတိုး..."


"ဟင်...ဘာဖြစ်လို့လဲ.."


ပုံရိပ်က မျက်လုံးလေးပြူးပြီး စိုးရိမ်တကြီးမေးလိုက်တော့ ပိစိမသည်ပုံရိပ်ကိုပခုံးစွန်းနှင့်တိုးတိုက်ပြီး အနောက်ဘက်ရှိ ဆရာမခင်ရူပ၏ဘေးသို့

တိုးသွားလေသည်။


လည်လိမ်လောက်အောင်အထိ ပိစိမကို မျက်မှောင်ကြုံ့၍ကြည့်လိုက်ပြီးမှ ပုံရိပ်၏ညာဘက်အခြမ်းကို ကြည့်လိုက်မိတော့ နှုတ်ခမ်းပါးလေး ချက်ချင်း

ညွှန့်ကွေးတတ်အောင်အထိ ပြုံးလိုက်မိသည်။


ဆရာက ပုံရိပ်၏ဘေးမှာ ယှဉ်ရပ်နေသောကြောင့် ပိစိမကို ကျေးဇူးတင်သောအကြည့်များဖြင့်

ပြုံးတုံ့တုံ့လေး လှမ်းကြည့်လိုက်ပြီး ဆရာနှင့်ပခုံးချင်းထိအောင် ပိုပိုသာသာလေး ဘေးသို့တိုးလိုက်ပါသည်။

ဆရာ..မသိအောင် ပုံရိပ်အသားယူနေမိလေပြီဟု တွေးလိုက်မိတော့ ရှက်သလိုလိုတော့ဖြစ်မိသည်။


"အား....ပက်ပြီဟ..."


ပထမကတော့ ရေပိုက်ကလေးတွေနှင့်ပက်ရုံသာဖြစ်၍ သိပ်မပြင်းသောကြောင့် ရယ်နိုင်သေးသည်။

တဖြည်းဖြည်း မဏ္ဍပ်နှင့်နီးလာသောအခါ

ရေပိုက်သေးသေးလေးတွေနှင့် စုပြီးပက်ကြ၍ရေအားမပြင်းသေးလည်း မျက်လုံးတွေကိုမှတ်ထားလိုက်ရသည်။


"အား...သေပြီဟ...မီးသတ်ပိုက်ကြီးနဲ့ကိုင်နေပြီဟေ့..."


မီးသတ်ပိုက်ကြီးထဲမှရေတွေနှင့်အပက်ခံလိုက်ရတိုင်း ခေါင်းတွေတောင်မူးတက်ချင်သွား၍

လူကအ‌ရှေ့သို့ယိုင်တောင်ယိုင်သွားလေသည်။ပိုင်ရှင်ရှိသော သူများကတော့ သူတို့၏ယောက်ျားတွေကကာကွယ်ပေးထားပေမဲ့ ပုံရိပ်တို့တစ်သိုက်ကတော့ ကိုယ့်အားကိုယ်သာကိုးရတော့သည်။

တစ်ခါမှ ဒီလိုရေအပက်မခံရဖူး၍ အသားတွေ

စပ်လာကာ ငိုတောင်ငိုချင်လာသည်။

မျက်လုံးတွေကို မှိတ်ထားပြီးနားကိုပါပိတ်ထားလိုက်မိသည်။


နောက်ဆုံးမီးသတ်ပိုက်နှင့် ရေလှမ်းပက်လိုက်စဉ်မှာ မျက်လုံးတွေကိုမှိတ်ထားမိနေရာမှ

လူတစ်ယောက်ကို အယောင်ယောင်အမှားမှားနှင့် ဖက်ထားလိုက်မိသည်။အမှန်တွင်တော့ သူကပုံရိပ်ကို ဆွဲခေါ်လိုက်ပြီးတင်းကြပ်စွာဖက်ထားသည်ဆိုပါက ပို၍မှန်လိမ့်မည်။ပုံရိပ်လည်း မျက်နှာတွေစပ်လာကာ နားထဲသို့ရေတွေတဝေါဝေါ၀င်နေသကဲ့သို့

တစ်ကိုယ်လုံးထုံကျဥ်နေ၍ ဘာလုပ်ရမှန်းမသိ

ဖြစ်ပြီး သူ့ရင်ခွင်ထဲမှာပဲ ခေါင်းဖွက်ထားလိုက်မိသည်။


ရေပက်တာတွေ ငြိမ်ကျသွားသလိုမဏ္ဍပ်ကြီးဆီမှ သီချင်းသံတွေနှင့် နည်းနည်းဝေးသွားသောအခါမှ သူ၏ အိင်္ကျီရင်ဘတ်စကိုဆုပ်ကိုင်ထားမိသည့် အဖြစ်ကိုသတိရကာ ဖြေလျှော့၍မျက်လုံးတွေကို ပြန်ဖွင့်လိုက်မိလေသည်။


"ခင်ဗျား...ဘာလုပ်တာလဲ....ပုံရိပ်ဒီဘက်ကိုလာ..."


"မမ!!!!!"


ခပ်ဆောင့်ဆောင့်အော်လိုက်သော ဆရာနေမျိုး၏

အသံနှင့်အတူ လက်ကောက်၀တ်ကိုအားနှင့်ဖိဆုပ်

၍ အနောက်သို့ဆောင့်ဆွဲခံလိုက်ရသောကြောင့်

ပုံရိပ်ယိုင်ကျသွားမိသည်။


ဆရာသည်ပုံရိပ်၏ လက်ကောက်၀တ်ကိုဆုပ်ကိုင်ထားပြီး ဦးလင်းခောတ်ကိုဒေါသတကြီးနှင့်

စိုက်ကြည့်နေသည်မှာ အင်မတန်ကြောက်စရာကောင်းနေသည်။အမြဲတမ်း သူတစ်ပါးအပေါ်တွင် အပြုံးနှင့်သာ တုန့်ပြန်တတ်သော ဆရာနေမျိုး၏ ဒေါသမီးတောက်နေသော မျက်၀န်းတွေကိုမြင်ဖူးတာဟာ ဒါပထမဆုံးဖြစ်လိမ့်မည်ထင်သည်။


ကိတ်မုန့်ဆိုင်နှင့်ဘုန်းကြီးကျောင်းတွင် ပုံရိပ်ကိုစိတ်ဆိုး၍ အော်ခဲ့ဖူးပေမဲ့ ယခုအခါတွင်ဖြစ်တည်နေသော မျက်နှာပေးကပို၍ပြင်းထန်နေသလိုပင်။


"ကျွန်တော်...ကျွန်တော်တောင်းပန်ပါတယ်...

ကလေးကရေပက်ခံရတော့ တအားကြောက်နေမယ်ထင်လို့...ဖက်ထားလိုက်မိတာပါ...အခြားစိတ်တွေ

မရှိပါဘူးဗျာ...တကယ်ပါ...‌ကျွန်တော်ကစေတနာနဲ့ပါ..."


"ဟုတ်ပါတယ်နေကြီးရာ...ကလေးမကိုလည်းကြည့်လိုက်အုံး...အသားဖြူလွန်းတော့ပါးတွေတောင်နီနေပြီ...လင်းခောတ်ကလည်းစေတနာနဲ့ကူညီလိုက်တာပါ....စိတ်မဆိုးပါနဲ့ကွာ..."


"စေတနာနဲ့ဆိုလည်း...အပျိုအရွယ်‌လေးကို

ခွင့်မတောင်းပဲ ဖက်စရာလားဗျ...ကန်တော့ဗျာ...

ဒီကလေးနေရာမှာ အစ်ကို့နှမဆိုရင်ရော...အစ်ကိုဘယ်လိုနေမလဲ....ပုံရိပ်..မင်းကိုဖက်တာသူမှန်း

မင်းသိလား..."


ဆရာ့အသံက ပုံရိပ်၏နားစည်ကိုလာတိုက်ပြီး အရှိန်ပြင်းပြင်းနှင့် ၀င်ရောက်လာသောကြောင့်

ပုံရိပ်၏ ခန္ဓာကိုယ်လေးတုန်တက်သွားလေသည်။

ဆရာ့ကို ကြည့်လိုက် ဦးလင်းခောတ်ကိုကြည့်လိုက်လုပ်နေမိရာမှ ပုံရိပ်ငိုချင်လာမိသည်။


ပုံရိပ်ကို ယောက်ျားတစ်ယောက်ကဖက်လိုက်သည်တဲ့။အဲ့ဒီ့လူကလည်း မနေ့တစ်နေ့ကမှ ပုံရိပ်တွေ့ဖူးသော သူဖြစ်ပြီး ပုံရိပ်ကြည့်မရသည့်သူဖြစ်နေသည်။

ပြီးတော့ ဒီကိစ္စကို အမြင်မတော်၍၀င်ပြောပေးသူမှာ ပုံရိပ်သဘောကျရသော ဆရာဖြစ်နေသည်။


"မေးနေတာဖြေလေ...မင်းကိုဖက်တာသူမှန်းသိလား..."


"သမီးမသိပါဘူး..."


အမြဲတမ်းရဲရဲဝံ့ဝံ့နေတတ်သော ပုံရိပ်၏အသံသည် တိုးတိမ်သွားလျှက် တုန်ယင်နေသည်။

အားလုံးက ပုံရိပ်ကိုဝိုင်းကြည့်နေ၍ ရှက်ရွံ့စိတ်နှင့်အားနာမှုတွေက ရောထွေးနေလေသည်။

ဘာလို့ အခြားသူတွေမှာ ဒီလိုပြဿနာမဖြစ်ပဲ ပုံရိပ်မှာမှ လာဖြစ်ရတာလဲ။

ဘာကြောင့်များ သတိလက်လွှတ်နေလိုက်မိတာလဲ။

သေချာပြန်စဉ်းစားကြည့်ရင် ပုံရိပ်သူ့ကိုအရင်ဖက်မိတာ မဟုတ်မှန်းသေချာသည်။


"ပုံရိပ်...အစ်ကိုတောင်းပန်ပါတယ်ကွာ...ပုံရိပ်ကမျက်လုံးမှိတ်ပြီး ကြောက်လန့်နေတဲ့ပုံနဲ့‌ ရှေ့ဘက်ကိုတိုးလာတော့ ကိုယ်လည်း...ကာပေးထားလိုက်မိတာ...ထိကပါးရိကပါးလုပ်လိုတဲ့ စိတ်တကယ်ကိုမရှိပါဘူး...."


"ဟုတ်ပါတယ်...ကလေးမရယ်...လင်းခောတ်က

ဒီလိုလူမဟုတ်ပါဘူး...နေကြီးလည်းစိတ်လျှော့ပါကွာ...မင်းတပည့်ကိုစိတ်ပူလို့ ဖြစ်တဲ့ဒေါသကို

တို့လည်းနားလည်ပါတယ်...ဒါပေမဲ့တမင်နစ်နာစေချင်လို့လုပ်တာမဟုတ်လို့...ပြဿနာမဖြစ်ပါစေနဲ့ကွာ..အချင်းချင်းတွေပဲ...လာတုန်းကပျော်ပြီး...

ပြန်တော့မှ...စိတ်ခုစရာတွေမဖြစ်ပါစေနဲ့ကွာ..."


"နေမျိုးလည်းစိတ်လျော့တော့...မကြီးတို့ကြားထဲကနေ တောင်းပန်ပါတယ်ကွယ်...ပုံရိပ်ကလည်း

ရေတွေပက်ခံရတဲ့ဇောနဲ့ ဘာမှန်းတောင်သိလိုက်မှာ မဟုတ်ပါဘူး....နော်ပုံရိပ်..."


ဆရာမကြည်ပြာက ဆရာ့ကိုနားချရင်းနှင့် ပုံရိပ်ကိုမျက်စိတစ်ဖက်မှတ်ပြလေသည်။

ဒီကိစ္စက ‌ပုံရိပ်ကြောင့်ဖြစ်ပေါ်လာတာကြောင့် 

ကာယကံရှင် ပုံရိပ်ကပဲဖြန်ဖြေနိုင်လိမ့်မည်ဟု

တွေးလိုက်ပုံရသည်။


"ဆရာ...သမီးအဆင်ပြေပါတယ်...စိတ်လျှော့လိုက်ပါနော်..."


"နေမျိုးရယ်...ကာယကံရှင်ကတောင် ပြောနေပြီပဲ...

မတော်တဆဖြစ်တဲ့ကိစ္စလေးကို ပုံကြီးမချဲ့ပါနဲ့...."


မခင်ရူပကပါ ၀င်ပြောနေ၍ ပုံရိပ်ဆရာ့ကိုသနားနေမိသည်။ပုံရိပ်ဘက်ကနေ ၀င်ပြီးရပ်တည်ပေးနေပေမဲ့ နောက်ဆုံးတော့ဆရာကသာပြဿနာကောင်ကြီး ဖြစ်သွားခဲ့လေပြီ။အဆင်ပြေတယ်လို့ ပြောလိုက်ရပေမဲ့ တကယ်တမ်းတော့ စိတ်ထဲမှာအတော်နေရခက်နေသည်။ဒါပေမဲ့ ပုံရိပ်တစ်ယောက်တည်းကြောင့် ဆရာနှင့်အများပြဿနာဖြစ်မှာကို

မလိုချင်ပေ။


"အဟက်....ဟုတ်ပါတယ်...ကျွန်တော်ကပဲပုံကြီးချဲ့လိုက်မိတာပါ..."


ပုံရိပ်၏ လက်ကိုခါထုတ်လိုက်ပြီး သူ့နေရာမှာပြန်၀င်ထိုင်နေကာ ဆရာသည် လက်သီးကိုဆုပ်၍

ခေါင်းကို ငုံ့ထားလိုက်လေသည်။ဆူးလေဘက်ရှိ စားသောက်ဆိုင်တစ်ခုသို့ မရောက်ခင်အထိပုံရိပ်

ဆရာ့ကိုသာ လှမ်း၍ခိုးခိုးကြည့်နေမိပေမဲ့

ဆရာကတော့ခေါင်းကိုသာ တွင်တွင်ငုံ့ထားလေသည်။


ဆရာမခင်ရူပသည် ဆရာ့ကိုစိတ်လျှော့ဖို့ ၊

ပျော်ပျော်နေဖို့ တိုက်တွန်းသောအခါတွင်လည်း ခေါင်းပဲညိမ့်ပြပြီး အပြုံးအရယ်တစ်စက်မှမရှိတော့ပေ။

ပုံရိပ်ရဲ့ စိတ်ထဲမှာ‌ဆရာအရမ်းပြောင်းလဲသွားသလိုပဲ။ဒါမှမဟုတ် ဆရာ့အကြောင်းကို အစတည်းက

ပုံရိပ်ကိုယ်တိုင် သိပ်မသိသေးတာပဲလား။


"ကဲ....ထမင်းစားဖို့ဆင်းကြမယ်...."


ရေတွေစိုရွှဲနေလျှက်နှင့်ပင် ပုံရိပ်တို့အဖွဲ့ကားပေါ်မှဆင်းလိုက်ပြီး ၃၇လမ်းတွင်ရှိသောသင်္ကြန်တွင်း

မှာဖွင့်သည့် ထမင်းဆိုင်ခပ်သေးသေးထဲသို့

၀င်လိုက်ကြလေသည်။ဗမာထမင်းဆိုင်ဖြစ်၍ ထမင်းနှင့်ဗမာဟင်းကတော့ လက်ရာကောင်းသည်ဟုဆရာမကြည်ပြာ၏ ယောက်ျားကညွှန်းနေလေတော့သည်။


၃၇လမ်းတွင် ဆရာနှင့်အတူ စာအုပ်ဟောင်းတန်းသို့ လာခဲ့သည်ကို ပုံရိပ်သတိရလိုက်မိပါသည်။

ထိုနေ့က စာအုပ်ပုံတွေကြားထဲမှာ အကျအနထိုင်ရင်းနဲ့ စာအုပ်ရွေးနေတဲ့ဆရာ့ပုံရိပ်လေးနဲ့အတူ

ပုံရိပ်ကိုစာအုပ်လက်ဆောင်ပေးခဲ့တာလေးတွေအား မေ့လို့ရနိုင်လိမ့်မယ်မထင်ပါဘူး။

သေချာပြန်စဉ်းစားကြည့်ရင် အဲ့နေ့တည်းက

ဆရာ့ကိုပုံရိပ် သဘောကျနေမိတာများလား။


"နေမျိုး...ဒီဘက်ဝိုင်းမှာ လာစားလေ..."


"ဒီဘက်ဝိုင်းက လူတွေပြည့်နေတာလေ...ဟိုဘက်ဝိုင်းမှာပဲ ထိုင်လိုက်မယ်..."


"ကိုနေ...တို့လည်းအတူထိုင်မယ်....ဒီဘက်ဝိုင်းမှာ

လူကြပ်နေတယ်..."


ဆရာ့ကိုကြည့်ရတာ အခုထိအခဲကျေသေးပုံမရပေ။ထမင်းတောင် အဖွဲ့နှင့်အတူမစားပဲခွဲထွက်သွားလေသည်။မခင်ရူပကလည်း ဆရာနှင့်အတူထိုင်နေ၍ ပုံရိပ်လည်းဆရာတို့ဝိုင်းကို လည်တဆန့်ဆန့်လုပ်၍ ကြည့်နေမိသည်။

ဆရာ့ကို ပျော်ပျော်နေတတ်သည့်လူဟု ထင်ထားခဲ့မိပေမဲ့ အမှတ်သညှာလည်းကြီးတတ်မှန်း သိလိုက်သည်။


"မမ...ဟိုဘက်ဝိုင်းကိုသွားချင်လို့လား...ပိစိမနဲ့အတူသွားလိုက်မယ်လေ..."


"နေစမ်းပါ....ငါတို့ဒီအတိုင်းထသွားရင်...ကားပေါ်ကကိစ္စကိုမကျေနပ်လို့ သက်သက်အဖွဲ့ခွဲတယ်လို့ ထင်နေလိမ့်မယ်...အားလုံးမျက်နှာပျက်စရာတွေဖြစ်ကုန်လိမ့်မယ်..."


နှစ်ယောက်သားတိုးတိုးလေးနှင့် ကပ်ပြောလိုက်ကြပြီးနောက် ပြန်ညိမ်နေလိုက်သည်။

ထမင်းစားပြီးခါနီးတွင် ဆရာတို့ဝိုင်းသို့ကြည့်လိုက်သောအခါ ဆရာသည်မခင်ရူပနှင့် မျက်နှာချင်းဆိုင်၍ ရယ်မောကာစကားပြောနေလေသည်။ဒီနေ့တစ်နေ့လုံးမှာ ပုံရိပ်ကိုပြုံးပြခဲသော ဆရာသည် မခင်ရူပနဲ့ကြတော့ အသံ‌ထွက်အောင်အထိ ရယ်နေနိုင်တယ်တဲ့လား။


"သူတို့နှစ်ယောက်က လိုက်ဖက်တယ်နော်.."


"ရှင်...."


ဆရာတို့ဝိုင်းသို့ ပုံရိပ်ကြည့်နေမှန်းရိပ်မိသွား၍ ဆရာမကြည်ပြာက ထပြောလေသည်။

သို့ပေမဲ့ ပုံရိပ်ခေါင်းမခါမိပေ။‌ခုံအောက်တွင်ရှိသော လက်နှစ်ဖက်ကသာ လက်သီးဆုပ်အဖြစ်သို့ပြောင်းလဲသွားပြီး ချွေးစေးတွေပါပြန်ချင်လာသည်။


"သူတို့နှစ်ယောက်ကခင်တာကြာပြီလား..."


"ကြာပြီလေ...ခင်ရူပနဲ့က...နေမျိုးတက္ကသိုလ်တတိယနှစ်လောက်တည်းကသိတာ...အဲ့အချိန်တုန်းက..ခင်ရူပကလည်းအလုပ်သင်စဆင်းနေပြီလေ...

ခင်ရူပတို့မိဘတွေက နေမျိုးတို့ကျောင်းမှာလာလှူနေကြလေ...ဆရာတော်ကြီးကိုလာပြီး ကျန်းမာရေးစစ်ဆေးပေးရင်းနဲ့မှသိကြတာ....

စိတ်မ‌ကောင်းပါဘူးနုနုရယ်...."


"ဘာမှမဖြစ်ပါဘူးရှင်...ဆရာမတို့လိုက်စနေလို့ရယ်ပါ...ကျွန်မမှာလည်းအခြားသဘောကျနေသူတော့ရှိပါတယ်...မနဲ့မောင်ဇာတ်လမ်းကိုတော့ ကျွန်မကဖြတ်မဲ့လူမဟုတ်ပါဘူးနော်...."


"အေး...ကြုံ‌တုန်းလေးပြောရအုံးမယ်...အဲ့ကောင်

နေကြီးကို များများတွန်းပေးကြနော်...ခင်ရူပကသူ့ကိုစိတ်၀င်စားပေမဲ့...သူကဘာတွေတွေးနေမှန်းမသိဘူး...အခုထိသူငယ်ချင်းလိုပါပဲဆိုတာချည်းပဲ...

ခင်ရူပကသူ့ကိုသိပ်အရေးပေးတာနော်..."


"ရှင့်လူက...ရေခဲတုံးလေ...သူ့တပည့်တွေအတွက်ပဲလှုပ်တာ...ကျန်တဲ့နေရာမှာဆိုရင်...

လူသွက်သလောက်...အေးတိအေးစက်ကြီး....

ရုပ်ကချောသလောက်...မိန်းကလေးကိစ္စနဲ့ပတ်သတ်ရင်အရမ်းမာနကြီးတာနော်..."


ဆရာ့တပည့်ဖြစ်တဲ့ ပုံရိပ်ကိုမေးငေါ့ပြပြီး ပြောနေတာကြောင့် စိတ်ထဲမှာ‌သိပ်မကျေနပ်မိပေ။

လူကြီးတွေဖြစ်ပြီး သူများကြိုက်မှန်း၊မကြိုက်မှန်း

မသိပဲ အတင်းတုပ်နေကြ၍လည်း စိတ်ပျက်မိသည်။

တော်ပြီ..နောက်တစ်ခါသင်္ကြန်ဆိုရင် ယောင်လို့တောင်မလည်တော့ဘူး။အရက်သမားတွေနဲ့

တစ်ကားတည်းအတူ စီးရတာလည်းဒုက္ခတစ်မျိုးပင်။


"သမီး...သန့်စင်ခန်းကိုသွားလိုက်အုံးမယ်နော်..."


"မမ...ပိစိလည်းလိုက်ပေးမယ်လေ..."


"ရပါတယ်....နေခဲ့လိုက်ပါ...သန့်စင်ခန်းကဘယ်လောက်မှဝေးတာလည်းမဟုတ်ပဲနဲ့...

ငါတစ်ယောက်တည်းပဲ သွားလိုက်မယ်...."


ဆိုင်ထဲမှ၀န်ထမ်းကို မေးလိုက်ပြီး သန့်စင်ခန်းထဲသို့အမြန်၀င်ကာ ဘေစင်မှာမျက်နှာကို ‌သစ်ချလိုက်သည်။မိတ်ကပ်တွေကိုလည်း တစ်ရှူးတွေနှင့်ဖိသုတ်ပစ်လိုက်သောကြောင့် ပုံရိပ်၏မျက်နှာသည်

ဘာအခြယ်အသမှ မပါပဲပြောင်ရှင်းသွားလေသည်။

‌ပါးမို့နေရာတွေဟာ နီနေပြီးမျက်ရည်ကျလာသောအခါ မျက်လုံးလေးတွေကပါ နီရဲလာသည်။

ဆံပင်ထုံးထားရတာ ခေါင်းကိုက်နေ၍ ရေစိုနေသောဆံပင်ရှည်တွေကို ဖြန့်ချထားလိုက်သည်။


"အဟင့်...ဟင့်....ဆရာငါ့ကိုစိတ်ဆိုးသွားပြီ...

ငါဘာလို့ အများရဲ့အရှေ့မှာ ဆရာ့ဘက်ကနေ

မပြောခဲ့မိတာလဲ...တကယ်ဆိုရင်ဆရာက...

ငါ့အတွက်ဒေါသထွက်ပေးခဲ့တာ...ငါကဆရာ့စေတနာနဲ့မတန်လိုက်တာ..."


အလှပြင်ချင်စိတ်ဖြစ်လာတာဟာ ဆရာ့ကိုသဘောကျမိ၍ ဖြစ်ပြီးအခုဆရာသဘောကျနေတဲ့လူက ပုံရိပ်မဟုတ်မှတော့ ဒီမိတ်ကပ်တွေကလိမ်းလည်းဘာထူးတော့မှာလဲ။

ဆရာ့ကို ပုံရိပ်ချစ်တယ်။ဒါပေမဲ့ပုံရိပ်တို့ ခွဲရတဲ့အချိန်အထိ ဆရာ့ဘက်ကနေဘာအရိပ်အယောင်မှမပြခဲ့ရင် တစ်သက်လုံးဝေးပြီဆရာရယ်။

ပုံရိပ်က ခဏလာတဲ့လူပါလေ။


မဟုတ်ဘူး ဆရာနဲ့ပုံရိပ်ကအစတည်းက

ဆရာတပည့် ဆက်ဆံ‌ရေးမှာပဲ ရှိနေခဲ့တာပါ။

အခုတော့ ဘေးလူတွေရဲ့အမြင်မှာ ဆရာနဲ့လိုက်ဖက်တဲ့လူဟာ သက်သက်ရှိနေလေပြီ။


"စချစ်မိရင်...အရင်နာကျင်ရတာကလည်း

ကိုယ်ပဲထင်ပါရဲ့...ဆရာသမီးကိုပြန်မကြိုက်ပေးလည်းရတယ်...ဒါပေမဲ့မစိမ်းကားစေချင်ဘူး...

ဆရာ့တပည့်တစ်ယောက်အနေနဲ့...ပုံရိပ်မဟုတ်တဲ့အခြားတစ်ယောက်နဲ့ ဆရာပျော်ရွှင်နေတာကိုပဲ

ငေးကြည့်နေရရင်တောင် ကျေနပ်ပါပြီ ..ဒါပေမဲ့

အရင်လို နွေးထွေးတဲ့ဆက်ဆံရေး တစ်ခုကိုတော့ပြန်တည်ဆောက်ချင်ပါတယ်...."


မှန်ကိုကြည့်ကာ ရင်ဖွင့်လိုက်ပြီးနောက် မျက်နှာကို လက်ဖဝါးနှင့်အုပ်၍အားရအောင် ရှိုက်ငိုလိုက်ပြီးမှ သန့်စင်ခန်းထဲမှ ထွက်လာလိုက်သည်။

ပုံရိပ် ထိုင်ခဲ့သောဝိုင်းသို့ပြန်သွားလိုက်သောအခါ

လူတွေတစ်ယောက်မှ မရှိတော့ပေ။

ဆရာတစ်ယောက်တည်းကသာ သူ့ခုံမှာပုံရိပ်ကိုကျောပေး၍ ထိုင်နေလေသည်။


"ဆရာ...."


ပုံရိပ်၏ ခေါ်သံကြောင့်ဆရာလှည့်ကြည့်လာသည်။

အဲ့ဒီ့မျက်၀န်းတွေပေါ့ မာနတွေတသီကြီးနဲ့ 

အနာပေးလိုက်၊ဆေးပေးလိုက်လုပ်တတ်လွန်းသည်။

စကားတွေအများကြီး မပြောတတ်သည့်တင်းတင်းစေ့ထားသော သူ့နှုတ်ခမ်းတွေကိုတောင်

ကြည့်နေမိပေမဲ့ ကိုယ်ကသူနှင့်မတန်သော

လူတစ်ယောက်ဖြစ်၍ အမြန်အကြည့်လွှဲလိုက်သည်။


"ကျန်တဲ့လူတွေက အကုန်ကားပေါ်ကို ရောက်နေပြီ...မင်းကိုဆရာစောင့်နေတာ...သွားကြမယ်..."


ချက်ချင်းထရပ်လိုက်ပြီး အရှေ့မှသွားဖို့ပြင်နေ၍ ဆရာ့လက်မောင်းမှအိင်္ကျီစကိုဆွဲလိုက်မိသည်။

ပုံရိပ်ကို ပြန်ငုံ့ကြည့်လာ၍ အကြည့်ချင်းမဆုံရဲသောကြောင့် ဆရာ့ရင်အုံဘက်ဆီသို့သာ အကြည့်ပို့ထားလိုက်မိသည်။


"ဆရာ...သမီးကိုစိတ်ဆိုးနေသေးလားဟင်....

သမီးကိုတစ်မျိုးမထင်ပါနဲ့နော်...သမီးကဆရာနဲ့အခြားသူတွေ ပြဿနာတက်မှာစိုးလို့ပါ...."


သက်ပြင်းချမိပြီး မျက်လွှာတွေကိုချလိုက်မိသည့်အချိန်တွင် ပုံရိပ်၏ဦးခေါင်းလေး နွေးခနဲဖြစ်သွားသည်။မျက်လုံးလေးတွေဝိုင်းစက်သွားပြီး

ဆရာ့ကိုမော့ကြည့်လိုက်တော့ အရှေ့သို့

ခြေတစ်လှမ်းတိုးလာကာ ပိုမိုနီးကပ်သွားသောအနေအထားတွင် ပုံရိပ်ကိုပြုံး၍ပြနေလေသည်။

ပုံရိပ်၏ နှလုံးသားလေးသည်ချက်ချင်းပူနွေးလာကာ ရင်ခုန်လှုပ်ရှားမှုတွေ ပြည့်သိပ်လာပြန်သည်။

ပုံရိပ်၏ ဆံပင်လေးတွေကိုဖွဖွပွတ်သပ်လိုက်၍ 

အသက်ရှူတောင် မ၀ချင်တော့ပေ။


"ဆရာကပုံရိပ်ကို စိတ်ဆိုးတယ်လို့ပြောမိလို့လား..

ကလေးတစ်ယောက်ကိုအခွင့်အရေးယူလိုက်တဲ့...

ကိုလင်းခောတ်ကို မကြိုက်တာပါ...ဆရာသာပုံရိပ်ကိုစိတ်ဆိုးရင် အရက်သောက်တဲ့လူတွေနဲ့ တကားထဲထားခဲ့ပြီး ကားပေါ်ကနေချင်ချင်းဆင်းသွားလိုက်မှာ...."


"ဒါပေမဲ့...သမီးကဆရာ့အပေါ်မှာအပြစ်ပြုမိပါတယ်...သမီးကိုခွင့်လွှတ်ပါနော်...."


"ပုံရိပ်ကမမှားဘူးလေ...ဘာလို့ခွင့်လွှတ်ပေးစရာလိုမလဲ....ပုံရိပ်ဟာကလေးတစ်ယောက်ဖြစ်လို့...

ကြောက်စိတ်လွန်ကဲပြီး...အားနာနေတာကိုဆရာသိပါတယ်..

ဒါကြောင့်လဲ ဆရာဒီအထိလိုက်လာခဲ့တာပေါ့..."


"ဟင်...ဒါဆိုရင်ဆရာက သမီးကိုစိတ်မချလို့လိုက်လာတာလား...."


"ဒါကလွဲပြီး ဘာဖြစ်ရအုံးမှာလဲ...မကြည်ပြာရဲ့ယောက်ျားတွေကအရက်သောက်တတ်တယ်...

ကိုလင်းခောတ်ကလည်းသောက်တတ်တယ်လေ...

ဒါကြောင့်ဆရာလိုက်မှ ဖြစ်မယ်လို့တွေးလိုက်တာ..

ကဲပါ...အပြင်မှာအခြားလူတွေကားပေါ်ကနေ

စောင့်နေကြတယ်...ပြန်ရင်မိုးချုပ်လို့မဖြစ်ဘူး...

...လာ..."


ပုံရိပ်၏အရှေ့မှ သွားနေသောဆရာ့ကျောပြင်ကို ကြည့်ပြီးပုံရိပ် ကျေနပ်စွာပြုံးလိုက်မိသည်။

ဆရာက ပုံရိပ်အတွက်ကြောင့်သာ စိတ်မချလို့လိုက်လာသည်တဲ့။ဒါဆို မခင်ရူပကြောင့်မဟုတ်ပဲ

ပုံရိပ်ကြောင့်ပေါ့နော်။အခုလည်း အားလုံးကကားပေါ်မှာ စောင့်ကြပေမဲ့ ဆရာကတော့ပုံရိပ်ကိုဆိုင်ထဲမှာပဲ တစ်ယောက်တည်းကျန်ပြီး စောင့်နေခဲ့တယ်။


အားလုံးအတွက် အတူစိတ်ပူပေးတာလည်း ပါပေမဲ့ ဒီလိုအပြောလေးနဲ့တင် ကျေနပ်မိပါတယ်လေ။

ပုံရိပ် ဆရာ့ဆီကနေအများကြီး မမျှော်လင့်ပါဘူး။

အနည်းဆုံးတော့ ဆရာနှင့်ပုံရိပ်၏ခင်မင်မှုလေး ပျက်တောက်မသွားခဲ့တာ‌ကြောင့် ပျော်ရွှင်ရပါတယ်။


🌹🌹🌹🌹🌹🌹🌹🌹🌹


ရှည်ရှည်လေး ရေးပေးလိုက်ပြီနော်...

Fbမှာလည်း များများရှဲပေးကြပါအုံးနော်...


ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်


သင်္ကြန်လည်တဲ့အခန်းရေးလို့ နှစ်တိုင်းထွက်လည်တယ်လို့ မထင်လိုက်နဲ့နော်၆တန်းနှစ်တည်းက သင်္ကြန်မဆော့ဖြစ်တော့ပေမဲ့ ဇာတ်လမ်းတွေထဲမှာ

ထည့်ထည့်ရေးနေမိတယ်ကွယ်....😀

=======================================================================


ဆူးကိုး(အခန္း၄၃)


မနက္ေလးနာရီထိုးသည္ႏွင့္ ပံုရိပ္တို႔၏အိမ္ေလးထဲတြင္ လႈပ္ရွားသြားလာသံေတြ စံုလင္ေနေလသည္။

ပိစိမႏွင့္ ပံုရိပ္သည္ေရကိုလည္း ၿပိဳင္ခ်ိဳးရသလို အလျွပင္ေသာေနရာတြင္လည္း ႏွစ္ေယာက္သား

မျပင္တတ္ေသာေၾကာင့္ တစ္ေယာက္ႏွင့္

တစ္ေယာက္ထိုင္ေလွာင္ရင္း အပီအျပင္ကဲ့ရဲ့

မိၾကသည္။


မိစုႏွင့္ထြန္းကိုသည္ အိပ္ေနၾကေသာေၾကာင့္

ရယ္သံက်ယ္သြားလ်ွင္ ေဒၚေလးကထဆူ၍ျပန္ၿငိမ္ေနလိုက္ရေသးသည္။သႀကၤန္ပိတ္ရက္ျဖစ္၍

တစ္ရပ္ကြက္လံုးၿငိမ္က်ေနေပမဲ့ ပံုရိပ္တို႔၏

အိမ္ေလးသည္ေတာ့ ဆူညံပြက္ေလာရိုက္ေနေလသည္။


"ဟဲ့..ပိစိမ...ကိုယ့္မ်က္ႏွာလည္းကိုယ္ျပန္ၾကၫ့္လိုက္အံုး....ေမ်ာက္ဖင္နီရုပ္ေပါက္ေနၿပီ...

ငါ့ပါးနီေတြလည္း ကုန္ၿပီလားမသိဘူး...."


"အမယ္...သူမ်ားၾကေတာ့ေျပာတယ္...သူၾကေတာ့

မ်က္လံုးေတျြခယ္ထားတာက ပန္ဒါ၀က္ဝံမ်က္လံုးျဖစ္ေနၿပီ...ႏႈတ္ခမ္းနီကလည္းအညိုေရာင္ႀကီး

ဆိုးထားေသးတယ္...ဆံပင္ဖားလ်ားႀကီးနဲ႔ဆိုေတာ့...မဖဲဝါႀကီး...နယ္လွၫ့္မဲ့ပံုနဲ႔..."


"ဖီ...မဂၤလာမရိွလိုက္တာ...နင့္ရုပ္ကသာ

က်ီးကန္းကိုေပါင္ဒါရိုက္ေပးထားတဲ့ရုပ္သိရဲ့လား

...."


"မမရုပ္ကေရာ...မုန္လာဥျဖဴကိုပါးရိုက္ထားလို႔

နီေနတဲ့ရုပ္နဲ႔...ဟား...ဟား..."


"ပိစိမနင္ေနာ္..."


ပိစိမကို စကားႏိုင္ေအာင္လုမေျပာႏိုင္ေတာ့၍

လိမ္းၿဖီးေနတာေတြကို အကုန္ေဘးသို႔ခ်ၿပီး ငုတ္တုတ္ႀကီးထိုင္ကာ ၿငိမ္ေနမိေတာ့သည္။

အလွမျပင္တတ္ေသာ ကိုယ့္ကိုကိုယ္လည္းစိတ္ပ်က္မိ၍ မ်က္ရည္ေတာင္ဝဲခ်င္လာသည္။


မမေနျခည္တို႔မမနႏၵာတို႔ဆိုလ်ွင္ အျပင္တစ္ေနရာသို႔သြားတိုင္း မ်က္ႏွာမွာေရာင္စံုကာျခယ္ေလးေတြနဲ႔ ျပင္ထားလိုက္တာမ်ား မင္းသမီးေလးေတြလိုပဲ။

ကိုယ့္အလွၫ့္ၾကေတာ့ အိုင္းလိုင္နာဆဲြတာေတာင္ဓာတ္လိုက္ေနသလို တုန္တုန္ယင္ယင္ျဖစ္ေနသည္။

ပံုရိပ္ႏွင့္အလျွပင္ပစၥည္းေတြဟာ ျပဒါးတစ္လမ္း၊သံတစ္လမ္းလိုျဖစ္ေနသည္။


"မမ...မလိမ္းေတာ့ဘူးလား..."


"မလိမ္းခ်င္ေတာ့ဘူး...မိတ္ကပ္ေတြလည္း

ဖ်က္လိုက္ေတာ့မယ္....ေပါင္ဒါလိမ္းၿပီး ႏႈတ္ခမ္းနီပဲဆိုးသြားေတာ့မယ္..."


"ဟယ္....မမကလည္း မိတ္ကပ္ပစၥည္းေတြႏွေမ်ာစရာႀကီး...အန္တီယဉ္တင့္ကဖြက္ၿပီးေတာ့ေတာင္ တမင္ထၫ့္ေပးလိုက္ရတဲ့ဥစၥာကို...."


"ထားလိုက္ေတာ့ဟာ..ငါအ၀တ္အစားလဲလိုက္အံုးမယ္..."


စူစူေအာင့္ေအာင့္ျဖင့္  မိတ္ကပ္ပစၥည္းေတြကို

ပစ္ခ်ထားခဲ့ၿပီး အ၀တ္ဗီဒိုထဲမွဂ်င္းေဘာင္းဘီအရွည္ႏွင့္ တီရွပ္ပန္းေရာင္ေလးကိုထုတ္၀တ္လိုက္ကာ အေပၚမွကုတ္အိက်ႌခါးတိုေလးကို ထပ္၀တ္လိုက္သည္။

အမွန္တြင္ေတာ့ ပံုရိပ္သည္စာလုပ္ဖို႔ႏွင့္အဖြားခိုင္းေသာ တာ၀န္မ်ားကိုေက်ပြန္ေအာင္လုပ္ေပးဖို႔မွလဲြ၍ အလွအပေရးရာဘက္တြင္ဗဟုသုတအားနည္းလြန္းသည္။


အခုေတာင္ အန္တီယဉ္တင့္ထၫ့္ေပးလိုက္ေသာ ၀တ္စံုေတြႏွင့္မိတ္ကပ္ေတြသာ ရိွေလသည္။

ပံုရိပ္၏အသက္က ယခုမွ၁၆ႏွစ္သာရိွေသးသည္မို႔ ေနာင္တြင္ အလွအပကိစၥအတြက္လည္း ပိုသိေအာင္လုပ္ရမည္ဟု စဉ္းစားထားလိုက္သည္။


"ပိစိမ...ငါ့ကိုၾကၫ့္လိုက္စမ္း...ဘယ္လိုေနလဲ...."


"ဟယ္...မမကကိုယ္လံုးေလးသြယ္ေတာ့...

ဂ်င္းေဘာင္းဘီနဲ႔....ကုတ္ေလးနဲ႔ဆိုေတာ့ ဗိုလ္မရုပ္ေလးလိုပဲ..ဒါေပမဲ့မ်က္ႏွာကေျပာင္ရွင္းေနတယ္..

ပါးနီေလးဘာေလး လူးသြားမွလွမွာေပါ့...."


"ငါမွမလိမ္းတတ္တာဟယ္...‌ကာျခယ္လ္လည္း

မျခယ္တတ္ဘူး...သူမ်ားေတြေလွာင္မွာေၾကာက္တယ္ဟ..."


ေပါင္ဒါေလးတို႔ရင္းႏွင့္ ပံုရိပ္ကစိတ္ညစ္ျငဴးစြာေျပာေတာ့ ပိစိမသည္လည္း သူ႔မ်က္ႏွာကိုမွန္ထဲမွာျပန္ၾကၫ့္လိုက္ၿပီး ႏွာေခါင္းရႈံ႔လိုက္သည္။

ပါးနီေတြက ရဲတြတ္ေနၿပီး ႏႈတ္ခမ္းနီဆိုးထားတာကလည္း မညီမညာႏွင့္ျဖစ္ေနသည္။မ်က္ခံုးေမႊးဆဲြထားတာကလည္း တစ္ဖက္ကမိုးေပၚတက္ေနၿပီး တစ္ဖက္ေျမၾကီးေပၚသို႔ျပဳတ္က်ေနသလို

မညီမညာႏွင့္ျဖစ္ေနသည္။

အသားကညိုေတာ့ ေပါင္ဒါအထူႀကီးရိုက္ထား၍ မ်က္ႏွာႀကီးတစ္ခုထဲ ကြက္၍ျဖဴေနေလသည္။


ပံုရိပ္ကေတာ့ မ်က္ခံုးေမႊးဆဲြစရာမလိုေလာက္ေအာင္ မ်က္ခံုးေမႊးေကာင္းေပမဲ့ ‌မဆဲြထားေတာ့ပံုစံလွလွေလးျဖစ္‌မေနေပ။မ်က္ခံုးေမႊးမရိတ္တတ္ေသာေၾကာင့္ အျပန႔္လိုက္ႀကီးျဖစ္ေနသည္။

မ်က္ေတာင္ေတြကလည္း ထူၿပီးေကာ့ၫႊတ္ေပမဲ့ မ်က္ေတာင္ေကာ့တံေလးႏွင့္ ေကာ့လိုက္လ်ွင္ ပို၍အေရာင္နက္သြားႏိုင္သည္။

အခုေတာ့ မ်က္ႏွာႀကီးကျဖဴဖက္ျဖဴေလ်ွာ္ႏွင့္

ျဖစ္ေန၍ သႀကၤန္ေတာင္လည္ခ်င္စိတ္မရိွေတာ့ေပ။


"ဟဲ့....ေျခာက္နာရီထိုးေနၿပီေနာ္....မၿပီးၾကေသးဘူးလား...မနက္စာစားသြားၾကအံုးေလ...နင္တို႔ဟာကလည္း...မနက္ေလးနာရီထဲကေနျပင္ဆင္ေနၾကတာ

အခုထိမၿပီးႏိုင္ၾကေသးဘူး...ၾကၫ့္အံုး...

ဘယ္ေလာက္ပဲၿဖီးလိမ္းေနပါေစ...

ၿပီးေတာ့လည္း..ဒီငတက္ျပားရုပ္ေတြပဲ...ပိစိမေရ..

ကိုယ့္ရုပ္ကိုယ္လည္းမွန္ထဲမွာ ျပန္ၾကၫ့္လိုက္အံုး...


သရဲမကေတာင္..နင့္ကိုျပန္လန႔္ၿပီးတက္ေသႏိုင္တဲ့

ရုပ္နဲ႔...ႏႈတ္ခမ္းနီဆိုးထားတာလည္းရဲလို႔...ပါးနီႀကီးကလည္း...ပါးကြက္ကြက္သလို ကြက္ထားလိုက္တာေအ...တိုင္နဲ႔ေျပးေဆာင့္ထားတဲ့အတိုင္းပဲ...ဘယ္လိုဟာႀကီးလဲဟယ္...."


"ေဒၚေလးေျပာမွပဲ...သမီးရဲ့မ်က္ႏွာက

မသာအိမ္မွာ..ျပင္ထားတဲ့အေလာင္းေကာင္ေလာက္ေတာင္..မသားနားေတာ့ဘူး...အီဟီး..."


"ဟယ္...ငိုကုန္ၿပီ..."


ေဒၚေလးဆိုသည္မွာ အခန္းအေပါက္၀မွရပ္ၿပီး

ပိစိမကိုျပစ္ျပစ္ႏွစ္ႏွစ္ေဝဖန္ေရးထုတ္ေနေလေတာ့သည္။ဟိုကလည္း ေဒၚေလးေျပာတာကို နားေထာင္လိုက္ မွန္ထဲသို႔ျပန္ၾကၫ့္လိုက္ႏွင့္ငိုေနေလသည္။

ပဲုရိပ္ကေတာ့ ပိစိမကိုၾကၫ့္၍ငိုအားထက္ရယ္အားသာသန္ေနရေတာ့သည္။

ဆယ္ေက်ာ္သက္အရြယ္ေတြဆိုေတာ့ အလွအပနဲ႔

ထိေတြ့ခါစမွာ စိတ္တိုင္းမက်ရင္ငိုဖို႔သာေတြးတတ္ၾကေလသည္။ပံုရိပ္ကေတာ့ ငိုၿပီးေလၿပီ။


"ဟဲ့...ဟဲ့...ငိုေတာ့မငိုလိုက္ပါနဲ႔...က်ဳပ္ျပင္ေပးပါ့မယ္..."


"ေဒၚေလး...ပိစိမကိုျပင္ေပးၿပီးရင္...သမီးကိုလည္းျပင္ေပးရမယ္ေနာ္..."


"ညည္းကဘာျပင္စရာရိွလို႔လဲ...ၿပီးၿပီမဟုတ္လား

..."


"မၿပီးေသးပါဘူး...သမီးကိုမ်က္ခံုးေမႊးရိတ္ၿပီးဆဲြေပး....မ်က္လံုးလည္းျခယ္ေပးရမယ္...."


"အမယ္ေလး...ၿပီးကိုအၿပီးႏိုင္ၾကေတာ့ဘူး...

ဟိုက‌..ၿမိဳ႔ထဲကိုေရာက္တာေတာင္ညည္းတို႔

ႏွစ္ေယာက္ အိမ္ကေနထြက္ႏိုင္ၾကပါအံုးမလား...."


"ၿပီးပါတယ္ေဒၚေလးရယ္...ခုႏွစ္နာရီ...ရွစ္နာရီေလာက္မွသြားၾကမွာ..."


"ေအးပါ...ညည္းတို႔ေခာတ္...ညည္းတို႔ေခာတ္..."


ေဒၚေလးသည္ ပိစိမကိုျပင္ေပးေနရင္းႏွင့္ ညည္းတြားေနေသာေၾကာင့္ ပံုရိပ္လည္းဟက္ဟက္ပက္ပက္ရယ္ခ်လိုက္မိေတာ့သည္။

ဟိုဘက္အိမ္ကလူႀကီးလည္း အခုေလာက္ဆိုျပင္ဆင္လို႔ၿပီးေနေလာက္ၿပီေပါ့။ေျခာက္နာရီေက်ာ္ေလာက္ပဲ ရိွေသးေတာ့အိပ္ရာေတာင္ထခ်င္မွ

ထေသးအံုးမွာ။


မေန့က အိမ္မွာမုန႔္လံုးေရေပၚကၽြေး၍ သူတို႔အိမ္မွ လူေတြအကုန္လံုးဝိုင္း၍ကူေပးၾကေလသည္။

သူတို႔အေမကေတာ့ သူ႔သားမွန္သမ်ွႏွင့္ ပံုရိပ္ကိုမိတ္ဆက္ေပးေပမဲ့ အျခားသူေတြက အကုန္တည္ၾကည္ၾကၿပီး အဲ့ဒီ့ဦးလင္းေခာတ္ရုပ္ကေျပာင္စပ္စပ္လို ျဖစ္ေနသည္။


ဆရာပါလိုက္ရင္ပံုရိပ္ ထခုန္မိမတတ္ေပ်ာ္သြားႏိုင္ေပမဲ့ ဆရာကဒီလိုလည္ပတ္ရတာဝါသနာမပါဘူးတဲ့ေလ။ဦးလင္းေခာတ္ပါ၍ သိပ္မလိုက္ခ်င္ေပမဲ့

ရန္ကုန္သႀကၤန္ကို တစ္ခါေလာက္ေတာ့လည္ပတ္ဖူးခ်င္သည္။ေနာက္တစ္ခါဆို ဒီလိုအခြင့္အေရးကို

ရႏိုင္မည္မထင္ေပ။


"ကဲ...တစ္ေယာက္ေတာ့ၿပီးသြားၿပီ...

ေနာက္တစ္ေယာက္လာခဲ့..."


ျပင္ဆင္ၿပီးေသာ ပိစိမကိုၾကၫ့္လိုက္ေတာ့ 

သူကိုယ္တိုင္ျပင္ထားတာထက္အမ်ားႀကီးပိုၾကၫ့္ေကာင္းသြားသည္။ပါးနီေတြလည္း သိပ္မရဲေတာ့ပဲႏႈတ္ခမ္းနီေလးဆိုထားတာက ေသေသသပ္သပ္ျဖစ္ေနကာ မ်က္ခံုးတန္းေလးကလည္းညီညီညာညာျဖစ္သြားေလသည္။


"ဟဲ့...မိပံုလာေလ...အခ်ိန္ၾကာေအာင္ေတာ္ေတာ္လုပ္တာပဲ...."


"မဟုတ္ဘူး...မမကပိစိရဲ့အလွမွာေမ်ာသြားတာ..."


"အမယ္ေလးျဖစ္ရမယ္..."


ပိစိမကိုမ်က္ေစာင္းထိုးၿပီး ေဒၚေလးျပင္ဆင္ေပးတာကို ၿငိမ္၍ခံေနလိုက္သည္။မ်က္ခံုးေမႊးေတြလည္းရိတ္ေပးသလို ပါးနီေလးခပ္ပါးပါးလည္း ျခယ္ေပးလိုက္၍ ပန္းေသြးေရာင္ႏႈတ္ခမ္းနီေလးကိုေရးေရးေလးဆိုးလိုက္ေသာပံုရိပ္သည္ ဖူးဖူးႂကြၾကြႏွင့္ အရုပ္ေလးကဲ့သို႔ခ်စ္စရာေကာင္းလြန္းေနေတာ့သည္။


မ်က္ေတာင္ေတြကိုေတာ့ ေရစိုလ်ွင္မ်က္လံုးေတြမဲကုန္မည္စိုး၍ မျခယ္ေပးေပမယ္ အိုင္းလိုင္နာေလးဆဲြထား၍ နဂိုစူးရွ၍ဝိုင္းေနေသာ မ်က္၀န္းေလးေတြသည္ မ်က္ေတာင္တစ္ခါခတ္လိုက္တိုင္း အၾကၫ့္မလႊဲခ်င္ေလာက္ေအာင္ ဆဲြေဆာင္မႈပိုေနသည္။


ပန္းႏုေရာင္ ပါးျပင္ေလးသည္ ပန္းသီးေလးတစ္ခုကဲ့သို႔ဖူးႂကြေနကာ ပိစိမကေတာ့ၾကၫ့္ေနရင္းႏွင့္ *အသဲယား၍ကိုက္စားခ်င္သည္*ဟု

စေလေတာ့သည္။

ႏွာတံေလးကလည္း ‌စင္း၍ေသးေသးေလးမို႔

ႏွာတံဆဲြစရာေတာင္ မလိုေအာင္ထင္းေနေလသည္။


"အမယ္ေလး...ငါ့တူမေလးရဲ့မ်က္ႏွာကသိပ္ၿပီးေတာင္ျပင္စရာမလိုဘူး...သူ႔အလွနဲ႔သူရိွၿပီးသားမို႔ 

ျပင္လိုက္ေတာ့ဘယ္ေလာက္ခ်စ္စရာေကာင္းလိုက္သလဲ...ဆံပင္ကိုထိပ္မွာထံုးသြား...ခ်မသြားနဲ႔ေရစိုရင္ကပ္ကုန္ၿပီး ေနရခက္လိမ့္မယ္..."


"ေဒၚေလးေရ...ေသခ်ာတာကေတာ့...သမီးေတာ့ႏြားေက်ာင္းသလိုလိုက္ၾကၫ့္ရေတာ့မွာပဲ...

ကိုယ့္မမကဒီေလာက္လွေနရင္....

က်ားေခ်ာင္းေခ်ာင္းေနတဲ့ဟာေတြကိုပဲ လိုက္ၾကၫ့္ရေတာ့မွာေပါ့...လည္ရမွာကိုမဟုတ္ဘူး...."


"ၾကၫ့္စမ္း...ငါ့ကိုမ်ားႏြားနဲ႔ႏိႈင္းတာ...နင္ထိန္းစရာမလိုပါဘူး...မိန္းမေတြလည္းအမ်ားႀကီးပါတဲ့ဥစၥာ.

ကဲ...ထမင္းသြားစားၾကမယ္...."


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


မနက္စာစားၿပီး အိမ္ကေနထြက္လာေတာ့ ခုႏွစ္နာရီထိုးခါနီးေလၿပီ။တိုက္ဆိုင္စြာပဲ ဟိုဘက္အိမ္က

ဦးလင္းေခာတ္သည္လည္း သူတို႔၏အိမ္ထဲမွ

ထြက္လာတာႏွင့္ဆံု‌မိၾက၍ ပံုရိပ္ကေတာ့

ႏွာေခါင္းကိုရႈံ႔ပစ္လိုက္သည္။၀တ္ထားတဲ့ေဘာင္းဘီႀကီးသည္ လူႀကီးဆန္ဆန္မဟုတ္ပဲ

အိတ္အႀကီးႀကီးေတြႏွင့္ သံႀကိဳးေတြကလည္းရႈပ္ရွက္ခတ္ေနသည္။


မ်က္ႏွာကလည္း ၿဖီးလိမ္းထားလိုက္တာမ်ား ရုပ္ရွင္မင္းသားရႈံးေလာက္သည္။ဆံပင္ေတြကိုလည္း ‌ဂ်ယ္ႏွင့္ေထာင္ထားၿပီး မ်က္မွန္အမဲႀကီးကို လည္ပင္းမွာခ်ိတ္ထားကာ ကုဒ္အိက်ႌအနက္ေရာင္အေျပာင္သားကိုလည္း စမတ္က်က်၀တ္ထားေသးသည္။


"ပံုရိပ္တို႔...ေက်ာင္းေရ႔ွကစုရပ္ကိုသြားၾကမွာမဟုတ္လား...အတူသြားၾကမယ္ေလ..."


ဦးလင္းေခာတ္သည္ ပံုရိပ္တစ္ေယာက္တည္းကိုသာၾကၫ့္၍ ႃပံုးတုန႔္တုန႔္ႏွင့္ေျပာလိုက္သည္မို႔

ပိစိမလည္းခ်က္ခ်င္းအလည္မွာ ၀င္ေနလိုက္ၿပီး

ထိုလူႀကီးကိုရယ္ျပလိုက္သည္။

မဟုတ္ရင္ ဒင္းကမမအနားကိုကပ္ေတာ့မည္ေလ။

မမကေတာ့ ဦးလင္းေခာတ္ႀကီးစကားေတြဘယ္ေလာက္ပဲ ေဖာေဖာသီသီ‌လာေျပာပါေစ "အင္း.."တစ္လံုးသာေဆာင္ေနေတာ့သည္။

ပိစိမကေတာ့ ၾကားထဲကေနကန႔္လန႔္ကာႀကီးလို လိုက္လိုက္ၿပီးကာေနရေတာ့တာေပါ့။


"ဟိုမွာ...ကားေစာင့္ေနတယ္....."


ေထာ္လာဂ်ီပံုသ႑န္အကာအရံမရိွေသာ သႀကၤန္လည္မၫ့္ကားကိုေတြ့ေတာ့ ပံုရိပ္တို႔သံုးေယာက္ေျပးသြားမိၾကေလသည္။ကားကလည္း စက္ႏိႈးေနၿပီျဖစ္၍ က်န္ခဲ့လို႔လံုး၀မျဖစ္ေပ။

ပိစိမႏွင့္ပံုရိပ္တို႔ ႏွစ္ေယာက္သားလက္ခ်င္းတဲြၿပီး ကားေနာက္ဘက္သို႔ ေျပးသြားလိုက္မိေတာ့ 

ပံုရိပ္အဖို႔အံ့ဩလြန္း၍ မ်က္လံုးအျပဴးသားႏွင့္ ကားေပၚသို႔ေတာင္မတက္ႏိုင္ေတာ့ပဲ စြံ႔အေနမိသည္။


"ဆရာ...."


ကားႀကီး၏ အေရ႔ွဘက္အျခမ္းတြင္ထိုင္၍ ပံုရိပ္ကိုၾကၫ့္ေနေသာ ဆရာႏွင့္မ်က္၀န္းအၾကၫ့္ခ်င္းထပ္တူၾကမိေသာအခါ ပံုရိပ္၏ႏွလံုးသားေလး ထပ္မံရုန္းႂကြလာျပန္သည္။ဆရာသည္ အျဖဴေရာင္ဂ်င္းေဘာင္းဘီအပြကို၀တ္ဆင္ထားၿပီး စပို႔ရွပ္အနက္ေရာင္ေလးမွာ ပန္းေရာင္အစင္းက်ားေလးေတြပါတာကို ၀တ္ဆင္ထားေလသည္။


ဆံပင္တိုေလးေတြက ယခုေတာ့ဂ်ယ္လိမ္း

မထား၍ နဖူးေပၚေတာင္အုပ္ခ်င္ေနသည္။

ရႉးဖိနပ္အျဖဴေရာင္ေလးကို စီးထားေသာဆရာ့ပံုစံသည္ ပံုရိပ္ထက္ေတာင္လူငယ္ဆန္ၿပီး ခ်စ္စရာေကာင္းေနေသးသည္။

လည္ပင္းမွလည္းဖုန္းေလးကို ေရမစိုေအာင္အိတ္ကေလးနဲ႔ထၫ့္ၿပီး ဆဲြထားေသးသည္။

ဆရာ့ပံုစံသည္ ေနြဦးမွာပြင့္ေသာ ပန္းကေလးလိုပင္။


"မမေရ...ကားထြက္ေတာ့မယ္...တက္ေလ.

.စြတ္ေငးမေနနဲ႔..."


"ငါသိပါတယ္..."


ပံုရိပ္၏ေဘးနားသို႔ကပ္၍ တိုးတိုးသတိေပးလာေသာ ပိစိမကိုမေက်ၾကၫ့္ၾကၫ့္လိုက္ၿပီး ကားေပၚသို႔တက္လိုက္သည္။ဆရာ့ေဘးမွာထိုင္ခ်င္ေပမဲ့

ပံုရိပ္မရင္းႏွီးေသာ အစ္မႀကီးတစ္ေယာက္သည္

ဆရာ့ေဘးမွာထိုင္ေနၿပီး ဦးလင္းေခာတ္က

ဆရာ့တစ္ဖက္ျခမ္းမွာသြားထိုင္လိုက္၍ ပံုရိပ္ကေတာ့ဆရာႏွင့္ မ်က္ႏွာခ်င္းဆိုင္မွာသာ 

ဆရာမႏုႏုႏွင့္ပိစိမ၏ အလယ္တြင္၀င္ထိုင္လိုက္ရသည္။


"မမ...သားမမရဲ့ေပါင္ေပၚမွာထိုင္ခ်င္တယ္..."


ပံုရိပ္၏အက်ႌစကိုလာဆဲြေသာ ကေလးေလးကိုၾကၫ့္လိုက္ေတာ့ ဆံပင္ေလးကို‌ထိပ္မွာစုခ်ည္ထားၿပီး ပါး‌ေဖာင္းေဖာင္းေလးေတြကရဲတက္ေနကာ ဖိုး၀လံုးေလးကဲ့သို႔ ခ်စ္စရာေကာင္းလြန္းေနသည္။

ဒါက ဆရာမၾကည္ျပာရဲ့သားေလးျဖစ္လိမ့္မည္။

ပံုရိပ္လည္း ကေလးခ်စ္တတ္သူမို႔ ေခါင္းေဘးညိမ့္ျပလိုက္ၿပီး ကေလး၏ပါးေလးကိုနမ္းပစ္လိုက္သည္။

ၿပီးေနာက္ အေရ႔ွသို႔ၾကၫ့္လိုက္ေတာ့ ဆရာလင္းေခာတ္ကပံုရိပ္ကို ႃပံုး၍ၾကၫ့္ေနေလသည္။


"အဲ့ဒါပဲၾကၫ့္ေတာ့ ပံုရိပ္ေရ...ဒီကေလးကရုပ္ေခ်ာတဲ့မမေတြဆို သိပ္ကပ္တာေနာ္...ေခၚထားၿပီးရင္ေတာ့ တစ္ေနကုန္ကပ္ေနေတာ့မွာ..."


"ဟုတ္လားကေလး...မမကေခ်ာလို႔လား...."


"အင္းမမကေခ်ာတယ္...အာဘြား...."


"အမယ္...ၾကၫ့္စမ္းဖိုးလမင္းကေတာ့...သူမ်ားကိုေတာင္ကပ္ခၽဲြၿပီး အာဘြားေပးလိုက္ေသးတယ္...

ႏွာဘူး!!!!"


"ဟား...ဟား..."


"မၾကည္ျပာရဲ့သားကေတာ့...ဒီအရြယ္ေတာင္

ဒီေလာက္တတ္ေနရင္း...ႀကီးလာရင္ေတာ့

တုတ္တစ္ေခ်ာင္းနဲ႔ လိုက္ေနရမယ္ေဟ့..."


"ဟား..ဟား..ေသခ်ာတာေပါ့ႏုႏုေရ...အခုပဲၾကၫ့္ပါလား...သူ႔မမလွလွေပါင္ေပၚကေနကို မဆင္းေတာ့ဘူး...."


အားလံုးကဝိုင္းရယ္ေနၾကေတာ့ ပံုရိပ္ကိုအားဘြားေပးၿပီး သူ႔ဘာသာသူရွက္ေနပံုေလးကအစ ခ်စ္ဖို႔ေကာင္းေနသည္။ကားေလးကလည္း ေမာင္းေနၿပီျဖစ္၍ ကေလးျပဳတ္က်မည္စိုးၿပီး ေသခ်ာေပြ့ထားကာ အေရ႔ွသို႔အၾကၫ့္ေရာက္သြားေတာ့

ဆရာလင္းေခာတ္က ပံုရိပ္ကိုႃပံုး၍ၾကၫ့္ေနျပန္ေလသည္။မ်က္ႏွာရူးဟု တီးတိုးရြတ္လိုက္သည္။


ဆရာ့ကိုၾကၫ့္လိုက္ေတာ့ ခုဏကဆရာမ

ၾကည္ျပာ၏စကားေၾကာင့္ ထရယ္လိုက္ေပမဲ့

အခုေတာ့ ေဘးကအစ္မတစ္ေယာက္ႏွင့္

ဇာတ္ႀကီးေစာင္းၿပီး စကားေျပာေနလိုက္တာမ်ား

ပံုရိပ္ကိုေတာင္ရိွတယ္လို႔ ထင္ေသးရဲ့လားမသိေပ။


"ဆရာမႏုႏု...ဆရာေနမ်ိဳးရဲ့ေဘးမွာထိုင္ေနတာကဘယ္သူလဲဟင္...တစ္ခါမွမေတြ့ဖူးဘူး...."


"အဲ့ဒါ့ဆရာ့အသိေလ...နာမည္ကခင္ရူပလိႈင္တဲ့...

ဆရာ၀န္မေလးေလ...ဆရာ့ထက္ေတာ့ႀကီးတယ္..."


"ဒါနဲ႔...ဆရာကမေန့ကေတာ့မလိုက္ဘူးဆိုၿပီး...

အခုၾကေတာ့ ဘာလို႔လိုက္သလဲမသိဘူးေနာ္..."


"ဟိုဆရာ၀န္မလိုက္မယ္ဆိုလို႔ေလ...ဆရာမ

ၾကည္ျပာတို႔နဲ႔လည္းရင္းႏွီးတယ္ေလ...အဲ့ဒါေၾကာင့္မေန့ကညေနပိုင္းမွ...လိုက္ျဖစ္တယ္ဆိုၿပီးအေၾကာင္းၾကားတာ...သူတို႔ႏွစ္ေယာက္ကတစ္ခုခုပဲ..."


ဆရာမႏုႏုသည္လည္း ေျပာျပေနရေပမဲ့မ်က္ႏွာ

မေကာင္းတာကို ပံုရိပ္ခံစားမိသည္။ဆရာ့ဘက္သို႔ ပံုရိပ္ၾကၫ့္လိုက္မိေတာ့ ကားစက္သံေတြႏွင့္ေလတိုးသံ‌ေတြ သိပ္ျပင္းေနတာေတာင္ဟိုဆရာ၀န္မႏွင့္စကားေျပာလို႔ သိပ္ေကာင္းေနပံုရသည္။


အခုမွ ခင္ရူပဆိုေသာဆရာ၀န္မကို ေသခ်ာၾကၫ့္လိုက္မိသည္။သူက ပံုရိပ္ေဆးရံုတက္ရတုန္းက

ကုေပးခဲ့ေသာ ဆရာမျဖစ္ေန‌သည္။

ဒါဆိုရင္ ဒီဆရာ၀န္မႏွင့္ဆရာ၏ခင္မင္မႈသည္

ပံုရိပ္ထက္ေတာင္ေစာႏိုင္ပါေသးသည္။

သႀကၤန္လည္ရတာ ဝါသနာမပါဘူးဆိုေသာဆရာေနမ်ိဳးသည္ ဆရာ၀န္မေလးေၾကာင့္စိတ္ေျပာင္းသြားခဲ့ပါသည္တဲ့ေလ။

ပံုရိပ္အတြက္ဆိုရင္ ဘယ္ေလာင္ေကာင္းလိုက္

မလဲ။စိတ္ကူးေတြအရမ္း ယဉ္လြန္းေနမိၿပီထင္ပါတယ္..။


ခင္ရူပဆိုေသာ အစ္မသည္ေဘာင္းဘီတိုေလးႏွင့္ျဖစ္ၿပီး အိက်ႌခါးတိုေလးကို အေပၚမွလက္ရွည္ႏွင့္တဲြ၍ ၀တ္ထားေလသည္။အျခားဆရာမေတြအားလံုးလည္း ပ်ိဳပ်ိဳ၊အိုအို  ေဘာင္းဘီ

ေပါင္တစ္၀က္ေလာက္ေလးေတြႏွင့္ ျဖစ္ေနၾက၍

အံ့ဩမိရသည္။ပံုရိပ္မွာသာ ဂ်င္းေဘာင္းဘီအရွည္ႀကီးႏွင့္ ျဖစ္ေနတာေတာင္ မလံုမလဲျဖစ္ေနရသည္။

သူတို႔အတြက္ေတာ့ ရိုးေနၿပီထင္ပါရဲ့။


"ပံုရိပ္ေရ....မုန႔္စားအံုးမလား...ေရာ့..."


ဆရာမၾကည္ျပာသည္ အဖဲြ႔ထဲတြင္ေခါင္းေဆာင္ျဖစ္၍ သူ၀ယ္ထားေသာကိတ္မုန႔္မ်ားကို

ကားေပၚရိွလူတိုင္းကိုလိုက္၍ ေဝေပးေလသည္။

ကားေပၚတြင္ဆရာမၾကည္ျပာတို႔ လင္မယား

အပါအ၀င္အျခားဆရာမႏွစ္ေယာက္၏ေယာက္်ားႏွစ္ေယာက္လည္းရိွေနေလသည္။

လူပ်ိဳဆိုရင္ ဆရာေနမ်ိဳးႏွင့္ ဆရာလင္းေခာတ္တို႔ႏွစ္ေယာက္သာရိွၿပီး အပ်ိဳကေတာ့ဆရာမႏုႏုႏွင့္

ပိစိမရယ္၊ပံုရိပ္ရယ္သာ ရိွေလသည္။


"ဆရာ....ကိတ္မုန္႔စားအံုးမလား..."


"မစားေတာ့ပါဘူး...ပံုရိပ္ပဲစားပါ..."


ဆရာ့ဆီသို႔ကိတ္မုန႔္ထုပ္ေလးကို ကမ္းေပးလိုက္ေပမဲ့ ဆရာကစကားနည္းနည္းသာေျပာၿပီးျငင္းလႊတ္သည္။ဆရာက ပံုရိပ္တစ္ခုခုေပးတိုင္း လက္မခံ‌

တတ္ေပမဲ့ ဒီတစ္ခါေလာက္၀မ္းမနည္းဖူးေပ။

ပံုရိပ္သက္ျပင္းခ်လိုက္မိၿပီး ဆရာ့ေဘးနားကဆရာမခင္ရူပကို ကိတ္မုန႔္ေလးကမ္းေပးလိုက္သည္။ဆရာ့ကိုပဲကၽြေးၿပီး သူ႔ကိုမကၽြေးေတာ့

ဘယ္ေကာင္းပါ့မလဲ။


"ဆရာမကိတ္မုန႔္စားပါအံုးလား...ဆရာမၾကည္ျပာကၽြေးတာပါ..."


"ညီမေလးပဲစားပါ...မမကမနက္စာစားလာခဲ့တယ္..."


"ေအာ္...မစားခ်င္တဲ့လူေတြကိုပဲလိုက္ကၽြေးေနတယ္...စားခ်င္တဲ့လူကိုၾကေတာ့မကၽြေးဘူး..."


လင္းေခာတ္ဆိုတဲ့လူႀကီးက မုန႔္ထုပ္ကိုအတင္းဆဲြယူလိုက္စဉ္ တမင္လုပ္တာလားမရည္ရြယ္ပဲျဖစ္သြားတာလားမသိေပမဲ့ ပံုရိပ္၏လက္ကိုပါဆုပ္ကိုင္သလိုျဖစ္သြား၍ ဆက္ခနဲျပန္ရုန္းပစ္လိုက္မိသည္။


ဆရာ့ကိုၾကၫ့္လိုက္မိေတာ့ ပံုရိပ္ကိုမ်က္ေမွာင္ႄကံု႔၍ၾကၫ့္ေနၿပီး မ်က္ႏွာျပန္လႊဲသြားခဲ့သည္။

ပံုရိပ္ကပဲ စိတ္ထင္ေန၍လားမသိေပမဲ့ ဆရာ၏

ပံုရိပ္ကိုၾကၫ့္တဲ့အၾကၫ့္သည္ ေဒါသထြက္ေနသလိုျဖစ္ေနသည္။

ပံုရိပ္ ဘာအမွားမ်ားလုပ္ထားမိလို႔ပါလိမ့္။


ပံုရိပ္တို႔အဖဲြ႔သည္ အင္းယားကန္ဘက္သို႔ေရာက္ေသာအခါ အလွဓာတ္ပံုေတြဆင္းၿပီးရိုက္ၾကသည္။

ပံုရိပ္ႏွင့္ပိစိမသည္ေတာမွၿမိဳ႔သို႔ အခုမွေရာက္ဖူးသကဲ့သို႔ေျခတစ္လွမ္းေရြ့လ်ွင္ ဓာတ္ပံုတစ္ခါရိုက္ျဖစ္ၾကသည္။ဆရာမႏုႏုကေတာ့ ပံုရိပ္တို႔၏ပင္တိုင္ဓာတ္ပံုရိုက္ေပးသူေပါ့။


ဆရာကေတာ့ ဘယ္ေနရာမွာပဲကားရပ္ရပ္ ကားေပၚမွာသာက်န္ေနခဲ့ေလ့ရိွသည္။မလိုက္ခ်င္‌ပဲႏွင့္

 သူ႔ဆရာ၀န္မေလးေၾကာင့္ တမင္လိုက္လာသၫ့္ ဆရာ့ကိုပံုရိပ္လည္း စိတ္တိုလြန္း၍ တစ္လမ္းလံုး

မသိသလိုသာ လ်စ္လ်ွူရႈလာခဲ့လိုက္သည္။


ယခုမူ ပံုရိပ္၊ဆရာမႏုႏု၊ပိစိမႏွင့္ဖိုးလမင္းတို႔က

တစ္ဖဲြ႔ျဖစ္ေလသည္။

ေနာက္ပိုင္းမွ ပံုရိပ္သတိျပဳမိတာကေတာ့ ကားေပၚတြင္ ဘီယာေတြအကပ္လိုက္ပါလာသည္ဆိုတာပါပဲ။မ႑ပ္ေတြကိုေက်ာ္လိုက္တိုင္း ေရစိုလိုက္ဘီယာေလးျမည္းလိုက္ႏွင့္ ဆရာမေတြ၏ေယာက္်ားေတြကေတာ့ အိုေကမွာစိုျပည္ေနေတာ့သည္။


ပံုရိပ္ကေတာ့ အရက္ေသာက္တတ္သူေတြပါမွန္း

မသိလို႔ လိုက္မိခဲ့ေပမဲ့ ယခုေတာ့မွားၿပီဟု ေတြးေနမိသည္။ဆရာမႏုႏုတို႔ ဆရာမခင္ရူပတို႔ကေတာ့ ဘာမွမထူးျခားသလို ေနတတ္ၾကေပမဲ့ ပံုရိပ္ကေတာ့ ဘီယာနံ႔ကိုလံုး၀မခံႏိုင္ေပ။ၾကာရင္ေခါင္းမူးၿပီး ေမ့လဲမွာေတာင္စိုးရသည္။


"ညီေလး...လင္းေခာတ္...ဘီယာေလးတီးအံုး

မလား..."


"မေသာက္ေတာ့ပါဘူး...အစ္ကိုရဲ့..."


"ဟာ...မဟုတ္တာကြာ...တို႔ေတြကဒီအခ်ိန္ေလးပဲ ေပ်ာ္ရပါးရတာမဟုတ္လား...နည္းနည္းေလာက္ကစ္ၾကၫ့္စမ္းပါ...မင္းကလည္းလုပ္ပါေရာ့...ေရာ့"


"အဲ့ဒါဆိုလည္း...တစ္လုပ္ေလာက္ပါပဲ..."


"ေနႀကီးေရ...မင္းေရာ...."


"အာ...ကၽြန္ေတာ္က..မေသာက္ေတာ့ပါဘူး..."


တန္ဖိုးဆိုတာ ထိုေနရာမွာသြား၍ကဲြျပားသြားသည္။

အၿမဲစပ္ၿဖီးၿဖီးေနတတ္တဲ့ ဆရာလင္းေခာတ္ကိုေတာ့မရရေအာင္ေခၚၿပီး အရမ္းရင္းႏွီးေသာဆရာေနမ်ိဳးကိုေတာ့ အေၾကာင္းသိ၍ထင္သည္ တစ္ခြန္ပဲေမးၿပီး ဆရာကလက္မခံတာႏွင့္ထပ္ၿပီး 

မတိုက္တြန္းေတာ့ေပ။


"ဟဲ့...ဟိုမွာၿမိဳ႔ေတာ္ခန္းမေရ႔ွကမ႑ပ္ကိုေရာက္ေတာ့မယ္...."


"အား...မီးသတ္ပိတ္ေတြနဲ႔ထိုးရင္ေတာ့...တအားစပ္မယ္ထင္တယ္..."


"ေအး...စပ္တယ္ဟ..ေပ်ာ္ဖို႔ေတာ့ေကာင္းတယ္....."


မ႑ပ္ႀကီးႀကီးေပၚတြင္ အဆိုေတာ္ကသီခ်င္းျမဴးျမဴးေလးကို ကခုန္၍ဆိုေနသလို ကားလမ္းတစ္ဖက္ျခမ္းတြင္လည္း လူအုပ္ႀကီးသည္အုပ္စုလိုက္ႀကီးမနည္းမေနာျဖစ္ေနကာ ကခုန္ေပ်ာ္ပါးေနၾကေသာေၾကာင့္ ပိစိမႏွင့္ ပံုရိပ္ကေတာ့အံ့ဩ

တႀကီး ျဖစ္ေနၾကရသည္။


"...ပက္ၿပီဟ....မတ္တပ္ရပ္ၿပီးကၾကမယ္....

ေဟ့..ေဟ့...."


🎶ေလာင္းလိုက္ေတာ့..ခ်မ္း..ခ်မ္း..ခ်မ္း..🎶

🎶ရင္ေတြ..တုန္..တုန္...တုန္..🎶

🎶တီးပါ..ဗံု....ဗံု....ဗံု.."🎶

🎶ေရစိုစို..တန္ခူးလမွာ....."🎶


မ႑ပ္ႀကီးအေပၚမွ သီခ်င္းဆိုေနေသာ အဆိုေတာ္ေနာက္မွသံေယာင္လိုက္ကာ ကားေပၚမွလူေတြအကုန္လံုး ထရပ္လိုက္ၾက၍ ပံုရိပ္ႏွင့္ပိစိသည္လည္း တစ္ေယာက္ကိုတစ္ေယာက္ လက္တဲြၿပီး 

မတ္တပ္ရပ္လိုက္မိသည္။


"မမ...ဟိုဘက္ကိုနည္းနည္းတိုး..."


"ဟင္...ဘာျဖစ္လို႔လဲ.."


ပံုရိပ္က မ်က္လံုးေလးျပဴးၿပီး စိုးရိမ္တႀကီးေမးလိုက္ေတာ့ ပိစိမသည္ပံုရိပ္ကိုပခံုးစြန္းႏွင့္တိုးတိုက္ၿပီး အေနာက္ဘက္ရိွ ဆရာမခင္ရူပ၏ေဘးသို႔

တိုးသြားေလသည္။


လည္လိမ္ေလာက္ေအာင္အထိ ပိစိမကို မ်က္ေမွာင္ႄကံု႔၍ၾကၫ့္လိုက္ၿပီးမွ ပံုရိပ္၏ညာဘက္အျခမ္းကို ၾကၫ့္လိုက္မိေတာ့ ႏႈတ္ခမ္းပါးေလး ခ်က္ခ်င္း

ၫႊန႔္ေကြးတတ္ေအာင္အထိ ႃပံုးလိုက္မိသည္။


ဆရာက ပံုရိပ္၏ေဘးမွာ ယွဉ္ရပ္ေနေသာေၾကာင့္ ပိစိမကို ေက်းဇူးတင္ေသာအၾကၫ့္မ်ားျဖင့္

ႃပံုးတံု႔တံု႔ေလး လွမ္းၾကၫ့္လိုက္ၿပီး ဆရာႏွင့္ပခံုးခ်င္းထိေအာင္ ပိုပိုသာသာေလး ေဘးသို႔တိုးလိုက္ပါသည္။

ဆရာ..မသိေအာင္ ပံုရိပ္အသားယူေနမိေလၿပီဟု ေတြးလိုက္မိေတာ့ ရွက္သလိုလိုေတာ့ျဖစ္မိသည္။


"အား....ပက္ၿပီဟ..."


ပထမကေတာ့ ေရပိုက္ကေလးေတြႏွင့္ပက္ရံုသာျဖစ္၍ သိပ္မျပင္းေသာေၾကာင့္ ရယ္ႏိုင္ေသးသည္။

တျဖည္းျဖည္း မ႑ပ္ႏွင့္နီးလာေသာအခါ

ေရပိုက္ေသးေသးေလးေတြႏွင့္ စုၿပီးပက္ၾက၍ေရအားမျပင္းေသးလည္း မ်က္လံုးေတြကိုမွတ္ထားလိုက္ရသည္။


"အား...ေသၿပီဟ...မီးသတ္ပိုက္ႀကီးနဲ႔ကိုင္ေနၿပီေဟ့..."


မီးသတ္ပိုက္ႀကီးထဲမွေရေတြႏွင့္အပက္ခံလိုက္ရတိုင္း ေခါင္းေတြေတာင္မူးတက္ခ်င္သြား၍

လူကအ‌ေရ႔ွသို႔ယိုင္ေတာင္ယိုင္သြားေလသည္။ပိုင္ရွင္ရိွေသာ သူမ်ားကေတာ့ သူတို႔၏ေယာက္်ားေတြကကာကြယ္ေပးထားေပမဲ့ ပံုရိပ္တို႔တစ္သိုက္ကေတာ့ ကိုယ့္အားကိုယ္သာကိုးရေတာ့သည္။

တစ္ခါမွ ဒီလိုေရအပက္မခံရဖူး၍ အသားေတြ

စပ္လာကာ ငိုေတာင္ငိုခ်င္လာသည္။

မ်က္လံုးေတြကို မိွတ္ထားၿပီးနားကိုပါပိတ္ထားလိုက္မိသည္။


ေနာက္ဆံုးမီးသတ္ပိုက္ႏွင့္ ေရလွမ္းပက္လိုက္စဉ္မွာ မ်က္လံုးေတြကိုမိွတ္ထားမိေနရာမွ

လူတစ္ေယာက္ကို အေယာင္ေယာင္အမွားမွားႏွင့္ ဖက္ထားလိုက္မိသည္။အမွန္တြင္ေတာ့ သူကပံုရိပ္ကို ဆဲြေခၚလိုက္ၿပီးတင္းၾကပ္စြာဖက္ထားသည္ဆိုပါက ပို၍မွန္လိမ့္မည္။ပံုရိပ္လည္း မ်က္ႏွာေတြစပ္လာကာ နားထဲသို႔ေရေတြတေဝါေဝါ၀င္ေနသကဲ့သို႔

တစ္ကိုယ္လံုးထံုက်ဥ္ေန၍ ဘာလုပ္ရမွန္းမသိ

ျဖစ္ၿပီး သူ႔ရင္ခြင္ထဲမွာပဲ ေခါင္းဖြက္ထားလိုက္မိသည္။


ေရပက္တာေတြ ၿငိမ္က်သြားသလိုမ႑ပ္ႀကီးဆီမွ သီခ်င္းသံေတြႏွင့္ နည္းနည္းေဝးသြားေသာအခါမွ သူ၏ အိက်ႌရင္ဘတ္စကိုဆုပ္ကိုင္ထားမိသၫ့္ အျဖစ္ကိုသတိရကာ ေျဖေလ်ွာ့၍မ်က္လံုးေတြကို ျပန္ဖြင့္လိုက္မိေလသည္။


"ခင္ဗ်ား...ဘာလုပ္တာလဲ....ပံုရိပ္ဒီဘက္ကိုလာ..."


"မမ!!!!!"


ခပ္ေဆာင့္ေဆာင့္ေအာ္လိုက္ေသာ ဆရာေနမ်ိဳး၏

အသံႏွင့္အတူ လက္ေကာက္၀တ္ကိုအားႏွင့္ဖိဆုပ္

၍ အေနာက္သို႔ေဆာင့္ဆဲြခံလိုက္ရေသာေၾကာင့္

ပံုရိပ္ယိုင္က်သြားမိသည္။


ဆရာသည္ပံုရိပ္၏ လက္ေကာက္၀တ္ကိုဆုပ္ကိုင္ထားၿပီး ဦးလင္းေခာတ္ကိုေဒါသတႀကီးႏွင့္

စိုက္ၾကၫ့္ေနသည္မွာ အင္မတန္ေၾကာက္စရာေကာင္းေနသည္။အၿမဲတမ္း သူတစ္ပါးအေပၚတြင္ အႃပံုးႏွင့္သာ တုန႔္ျပန္တတ္ေသာ ဆရာေနမ်ိဳး၏ ေဒါသမီးေတာက္ေနေသာ မ်က္၀န္းေတြကိုျမင္ဖူးတာဟာ ဒါပထမဆံုးျဖစ္လိမ့္မည္ထင္သည္။


ကိတ္မုန႔္ဆိုင္ႏွင့္ဘုန္းႀကီးေက်ာင္းတြင္ ပံုရိပ္ကိုစိတ္ဆိုး၍ ေအာ္ခဲ့ဖူးေပမဲ့ ယခုအခါတြင္ျဖစ္တည္ေနေသာ မ်က္ႏွာေပးကပို၍ျပင္းထန္ေနသလိုပင္။


"ကၽြန္ေတာ္...ကၽြန္ေတာ္ေတာင္းပန္ပါတယ္...

ကေလးကေရပက္ခံရေတာ့ တအားေၾကာက္ေနမယ္ထင္လို႔...ဖက္ထားလိုက္မိတာပါ...အျခားစိတ္ေတြ

မရိွပါဘူးဗ်ာ...တကယ္ပါ...‌ကၽြန္ေတာ္ကေစတနာနဲ႔ပါ..."


"ဟုတ္ပါတယ္ေနႀကီးရာ...ကေလးမကိုလည္းၾကၫ့္လိုက္အံုး...အသားျဖဴလြန္းေတာ့ပါးေတြေတာင္နီေနၿပီ...လင္းေခာတ္ကလည္းေစတနာနဲ႔ကူညီလိုက္တာပါ....စိတ္မဆိုးပါနဲ႔ကြာ..."


"ေစတနာနဲ႔ဆိုလည္း...အပ်ိဳအရြယ္‌ေလးကို

ခြင့္မေတာင္းပဲ ဖက္စရာလားဗ်...ကန္ေတာ့ဗ်ာ...

ဒီကေလးေနရာမွာ အစ္ကို႔ႏွမဆိုရင္ေရာ...အစ္ကိုဘယ္လိုေနမလဲ....ပံုရိပ္..မင္းကိုဖက္တာသူမွန္း

မင္းသိလား..."


ဆရာ့အသံက ပံုရိပ္၏နားစည္ကိုလာတိုက္ၿပီး အရိွန္ျပင္းျပင္းႏွင့္ ၀င္ေရာက္လာေသာေၾကာင့္

ပံုရိပ္၏ ခႏၶာကိုယ္ေလးတုန္တက္သြားေလသည္။

ဆရာ့ကို ၾကၫ့္လိုက္ ဦးလင္းေခာတ္ကိုၾကၫ့္လိုက္လုပ္ေနမိရာမွ ပံုရိပ္ငိုခ်င္လာမိသည္။


ပံုရိပ္ကို ေယာက္်ားတစ္ေယာက္ကဖက္လိုက္သည္တဲ့။အဲ့ဒီ့လူကလည္း မေန့တစ္ေန့ကမွ ပံုရိပ္ေတြ့ဖူးေသာ သူျဖစ္ၿပီး ပံုရိပ္ၾကၫ့္မရသၫ့္သူျဖစ္ေနသည္။

ၿပီးေတာ့ ဒီကိစၥကို အျမင္မေတာ္၍၀င္ေျပာေပးသူမွာ ပံုရိပ္သေဘာက်ရေသာ ဆရာျဖစ္ေနသည္။


"ေမးေနတာေျဖေလ...မင္းကိုဖက္တာသူမွန္းသိလား..."


"သမီးမသိပါဘူး..."


အၿမဲတမ္းရဲရဲဝံ့ဝံ့ေနတတ္ေသာ ပံုရိပ္၏အသံသည္ တိုးတိမ္သြားလ်ွက္ တုန္ယင္ေနသည္။

အားလံုးက ပံုရိပ္ကိုဝိုင္းၾကၫ့္ေန၍ ရွက္ရြံ႔စိတ္ႏွင့္အားနာမႈေတြက ေရာေထြးေနေလသည္။

ဘာလို႔ အျခားသူေတြမွာ ဒီလိုျပႆနာမျဖစ္ပဲ ပံုရိပ္မွာမွ လာျဖစ္ရတာလဲ။

ဘာေၾကာင့္မ်ား သတိလက္လႊတ္ေနလိုက္မိတာလဲ။

ေသခ်ာျပန္စဉ္းစားၾကၫ့္ရင္ ပံုရိပ္သူ႔ကိုအရင္ဖက္မိတာ မဟုတ္မွန္းေသခ်ာသည္။


"ပံုရိပ္...အစ္ကိုေတာင္းပန္ပါတယ္ကြာ...ပံုရိပ္ကမ်က္လံုးမိွတ္ၿပီး ေၾကာက္လန႔္ေနတဲ့ပံုနဲ႔‌ ေရ႔ွဘက္ကိုတိုးလာေတာ့ ကိုယ္လည္း...ကာေပးထားလိုက္မိတာ...ထိကပါးရိကပါးလုပ္လိုတဲ့ စိတ္တကယ္ကိုမရိွပါဘူး...."


"ဟုတ္ပါတယ္...ကေလးမရယ္...လင္းေခာတ္က

ဒီလိုလူမဟုတ္ပါဘူး...ေနႀကီးလည္းစိတ္ေလ်ွာ့ပါကြာ...မင္းတပၫ့္ကိုစိတ္ပူလို႔ ျဖစ္တဲ့ေဒါသကို

တို႔လည္းနားလည္ပါတယ္...ဒါေပမဲ့တမင္နစ္နာေစခ်င္လို႔လုပ္တာမဟုတ္လို႔...ျပႆနာမျဖစ္ပါေစနဲ႔ကြာ..အခ်င္းခ်င္းေတြပဲ...လာတုန္းကေပ်ာ္ၿပီး...

ျပန္ေတာ့မွ...စိတ္ခုစရာေတြမျဖစ္ပါေစနဲ႔ကြာ..."


"ေနမ်ိဳးလည္းစိတ္ေလ်ာ့ေတာ့...မႀကီးတို႔ၾကားထဲကေန ေတာင္းပန္ပါတယ္ကြယ္...ပံုရိပ္ကလည္း

ေရေတြပက္ခံရတဲ့ေဇာနဲ႔ ဘာမွန္းေတာင္သိလိုက္မွာ မဟုတ္ပါဘူး....ေနာ္ပံုရိပ္..."


ဆရာမၾကည္ျပာက ဆရာ့ကိုနားခ်ရင္းႏွင့္ ပံုရိပ္ကိုမ်က္စိတစ္ဖက္မွတ္ျပေလသည္။

ဒီကိစၥက ‌ပံုရိပ္ေၾကာင့္ျဖစ္ေပၚလာတာေၾကာင့္ 

ကာယကံရွင္ ပံုရိပ္ကပဲျဖန္ေျဖႏိုင္လိမ့္မည္ဟု

ေတြးလိုက္ပံုရသည္။


"ဆရာ...သမီးအဆင္ေျပပါတယ္...စိတ္ေလ်ွာ့လိုက္ပါေနာ္..."


"ေနမ်ိဳးရယ္...ကာယကံရွင္ကေတာင္ ေျပာေနၿပီပဲ...

မေတာ္တဆျဖစ္တဲ့ကိစၥေလးကို ပံုႀကီးမခ်ဲ႔ပါနဲ႔...."


မခင္ရူပကပါ ၀င္ေျပာေန၍ ပံုရိပ္ဆရာ့ကိုသနားေနမိသည္။ပံုရိပ္ဘက္ကေန ၀င္ၿပီးရပ္တည္ေပးေနေပမဲ့ ေနာက္ဆံုးေတာ့ဆရာကသာျပႆနာေကာင္ႀကီး ျဖစ္သြားခဲ့ေလၿပီ။အဆင္ေျပတယ္လို႔ ေျပာလိုက္ရေပမဲ့ တကယ္တမ္းေတာ့ စိတ္ထဲမွာအေတာ္ေနရခက္ေနသည္။ဒါေပမဲ့ ပံုရိပ္တစ္ေယာက္တည္းေၾကာင့္ ဆရာႏွင့္အမ်ားျပႆနာျဖစ္မွာကို

မလိုခ်င္ေပ။


"အဟက္....ဟုတ္ပါတယ္...ကၽြန္ေတာ္ကပဲပံုႀကီးခ်ဲ႔လိုက္မိတာပါ..."


ပံုရိပ္၏ လက္ကိုခါထုတ္လိုက္ၿပီး သူ႔ေနရာမွာျပန္၀င္ထိုင္ေနကာ ဆရာသည္ လက္သီးကိုဆုပ္၍

ေခါင္းကို ငံု႔ထားလိုက္ေလသည္။ဆူးေလဘက္ရိွ စားေသာက္ဆိုင္တစ္ခုသို႔ မေရာက္ခင္အထိပံုရိပ္

ဆရာ့ကိုသာ လွမ္း၍ခိုးခိုးၾကၫ့္ေနမိေပမဲ့

ဆရာကေတာ့ေခါင္းကိုသာ တြင္တြင္ငံု႔ထားေလသည္။


ဆရာမခင္ရူပသည္ ဆရာ့ကိုစိတ္ေလ်ွာ့ဖို႔ ၊

ေပ်ာ္ေပ်ာ္ေနဖို႔ တိုက္တြန္းေသာအခါတြင္လည္း ေခါင္းပဲညိမ့္ျပၿပီး အႃပံုးအရယ္တစ္စက္မွမရိွေတာ့ေပ။

ပံုရိပ္ရဲ့ စိတ္ထဲမွာ‌ဆရာအရမ္းေျပာင္းလဲသြားသလိုပဲ။ဒါမွမဟုတ္ ဆရာ့အေၾကာင္းကို အစတည္းက

ပံုရိပ္ကိုယ္တိုင္ သိပ္မသိေသးတာပဲလား။


"ကဲ....ထမင္းစားဖို႔ဆင္းၾကမယ္...."


ေရေတြစိုရႊဲေနလ်ွက္ႏွင့္ပင္ ပံုရိပ္တို႔အဖဲြ႔ကားေပၚမွဆင္းလိုက္ၿပီး ၃၇လမ္းတြင္ရိွေသာသႀကၤန္တြင္း

မွာဖြင့္သၫ့္ ထမင္းဆိုင္ခပ္ေသးေသးထဲသို႔

၀င္လိုက္ၾကေလသည္။ဗမာထမင္းဆိုင္ျဖစ္၍ ထမင္းႏွင့္ဗမာဟင္းကေတာ့ လက္ရာေကာင္းသည္ဟုဆရာမၾကည္ျပာ၏ ေယာက္်ားကၫႊန္းေနေလေတာ့သည္။


၃၇လမ္းတြင္ ဆရာႏွင့္အတူ စာအုပ္ေဟာင္းတန္းသို႔ လာခဲ့သည္ကို ပံုရိပ္သတိရလိုက္မိပါသည္။

ထိုေန့က စာအုပ္ပံုေတြၾကားထဲမွာ အက်အနထိုင္ရင္းနဲ႔ စာအုပ္ေရြးေနတဲ့ဆရာ့ပံုရိပ္ေလးနဲ႔အတူ

ပံုရိပ္ကိုစာအုပ္လက္ေဆာင္ေပးခဲ့တာေလးေတြအား ေမ့လို႔ရႏိုင္လိမ့္မယ္မထင္ပါဘူး။

ေသခ်ာျပန္စဉ္းစားၾကၫ့္ရင္ အဲ့ေန့တည္းက

ဆရာ့ကိုပံုရိပ္ သေဘာက်ေနမိတာမ်ားလား။


"ေနမ်ိဳး...ဒီဘက္ဝိုင္းမွာ လာစားေလ..."


"ဒီဘက္ဝိုင္းက လူေတျြပၫ့္ေနတာေလ...ဟိုဘက္ဝိုင္းမွာပဲ ထိုင္လိုက္မယ္..."


"ကိုေန...တို႔လည္းအတူထိုင္မယ္....ဒီဘက္ဝိုင္းမွာ

လူၾကပ္ေနတယ္..."


ဆရာ့ကိုၾကၫ့္ရတာ အခုထိအခဲေက်ေသးပံုမရေပ။ထမင္းေတာင္ အဖဲြ႔ႏွင့္အတူမစားပဲခဲြထြက္သြားေလသည္။မခင္ရူပကလည္း ဆရာႏွင့္အတူထိုင္ေန၍ ပံုရိပ္လည္းဆရာတို႔ဝိုင္းကို လည္တဆန႔္ဆန႔္လုပ္၍ ၾကၫ့္ေနမိသည္။

ဆရာ့ကို ေပ်ာ္ေပ်ာ္ေနတတ္သၫ့္လူဟု ထင္ထားခဲ့မိေပမဲ့ အမွတ္သၫွာလည္းႀကီးတတ္မွန္း သိလိုက္သည္။


"မမ...ဟိုဘက္ဝိုင္းကိုသြားခ်င္လို႔လား...ပိစိမနဲ႔အတူသြားလိုက္မယ္ေလ..."


"ေနစမ္းပါ....ငါတို႔ဒီအတိုင္းထသြားရင္...ကားေပၚကကိစၥကိုမေက်နပ္လို႔ သက္သက္အဖဲြ႔ခဲြတယ္လို႔ ထင္ေနလိမ့္မယ္...အားလံုးမ်က္ႏွာပ်က္စရာေတျြဖစ္ကုန္လိမ့္မယ္..."


ႏွစ္ေယာက္သားတိုးတိုးေလးႏွင့္ ကပ္ေျပာလိုက္ၾကၿပီးေနာက္ ျပန္ညိမ္ေနလိုက္သည္။

ထမင္းစားၿပီးခါနီးတြင္ ဆရာတို႔ဝိုင္းသို႔ၾကၫ့္လိုက္ေသာအခါ ဆရာသည္မခင္ရူပႏွင့္ မ်က္ႏွာခ်င္းဆိုင္၍ ရယ္ေမာကာစကားေျပာေနေလသည္။ဒီေန့တစ္ေန့လံုးမွာ ပံုရိပ္ကိုႃပံုးျပခဲေသာ ဆရာသည္ မခင္ရူပနဲ႔ၾကေတာ့ အသံ‌ထြက္ေအာင္အထိ ရယ္ေနႏိုင္တယ္တဲ့လား။


"သူတို႔ႏွစ္ေယာက္က လိုက္ဖက္တယ္ေနာ္.."


"ရွင္...."


ဆရာတို႔ဝိုင္းသို႔ ပံုရိပ္ၾကၫ့္ေနမွန္းရိပ္မိသြား၍ ဆရာမၾကည္ျပာက ထေျပာေလသည္။

သို႔ေပမဲ့ ပံုရိပ္ေခါင္းမခါမိေပ။‌ခံုေအာက္တြင္ရိွေသာ လက္ႏွစ္ဖက္ကသာ လက္သီးဆုပ္အျဖစ္သို႔ေျပာင္းလဲသြားၿပီး ခၽြေးေစးေတြပါျပန္ခ်င္လာသည္။


"သူတို႔ႏွစ္ေယာက္ကခင္တာၾကာၿပီလား..."


"ၾကာၿပီေလ...ခင္ရူပနဲ႔က...ေနမ်ိဳးတကၠသိုလ္တတိယႏွစ္ေလာက္တည္းကသိတာ...အဲ့အခ်ိန္တုန္းက..ခင္ရူပကလည္းအလုပ္သင္စဆင္းေနၿပီေလ...

ခင္ရူပတို႔မိဘေတြက ေနမ်ိဳးတို႔ေက်ာင္းမွာလာလႉေနၾကေလ...ဆရာေတာ္ႀကီးကိုလာၿပီး က်န္းမာေရးစစ္ေဆးေပးရင္းနဲ႔မွသိၾကတာ....

စိတ္မ‌ေကာင္းပါဘူးႏုႏုရယ္...."


"ဘာမွမျဖစ္ပါဘူးရွင္...ဆရာမတို႔လိုက္စေနလို႔ရယ္ပါ...ကၽြန္မမွာလည္းအျခားသေဘာက်ေနသူေတာ့ရိွပါတယ္...မနဲ႔ေမာင္ဇာတ္လမ္းကိုေတာ့ ကၽြန္မကျဖတ္မဲ့လူမဟုတ္ပါဘူးေနာ္...."


"ေအး...ႄကံု‌တုန္းေလးေျပာရအံုးမယ္...အဲ့ေကာင္

ေနႀကီးကို မ်ားမ်ားတြန္းေပးၾကေနာ္...ခင္ရူပကသူ႔ကိုစိတ္၀င္စားေပမဲ့...သူကဘာေတြေတြးေနမွန္းမသိဘူး...အခုထိသူငယ္ခ်င္းလိုပါပဲဆိုတာခ်ည္းပဲ...

ခင္ရူပကသူ႔ကိုသိပ္အေရးေပးတာေနာ္..."


"ရွင့္လူက...ေရခဲတံုးေလ...သူ႔တပၫ့္ေတြအတြက္ပဲလႈပ္တာ...က်န္တဲ့ေနရာမွာဆိုရင္...

လူသြက္သေလာက္...ေအးတိေအးစက္ႀကီး....

ရုပ္ကေခ်ာသေလာက္...မိန္းကေလးကိစၥနဲ႔ပတ္သတ္ရင္အရမ္းမာနႀကီးတာေနာ္..."


ဆရာ့တပၫ့္ျဖစ္တဲ့ ပံုရိပ္ကိုေမးေငါ့ျပၿပီး ေျပာေနတာေၾကာင့္ စိတ္ထဲမွာ‌သိပ္မေက်နပ္မိေပ။

လူႀကီးေတျြဖစ္ၿပီး သူမ်ားႀကိဳက္မွန္း၊မႀကိဳက္မွန္း

မသိပဲ အတင္းတုပ္ေနၾက၍လည္း စိတ္ပ်က္မိသည္။

ေတာ္ၿပီ..ေနာက္တစ္ခါသႀကၤန္ဆိုရင္ ေယာင္လို႔ေတာင္မလည္ေတာ့ဘူး။အရက္သမားေတြနဲ႔

တစ္ကားတည္းအတူ စီးရတာလည္းဒုကၡတစ္မ်ိဳးပင္။


"သမီး...သန႔္စင္ခန္းကိုသြားလိုက္အံုးမယ္ေနာ္..."


"မမ...ပိစိလည္းလိုက္ေပးမယ္ေလ..."


"ရပါတယ္....ေနခဲ့လိုက္ပါ...သန႔္စင္ခန္းကဘယ္ေလာက္မွေဝးတာလည္းမဟုတ္ပဲနဲ႔...

ငါတစ္ေယာက္တည္းပဲ သြားလိုက္မယ္...."


ဆိုင္ထဲမွ၀န္ထမ္းကို ေမးလိုက္ၿပီး သန႔္စင္ခန္းထဲသို႔အျမန္၀င္ကာ ေဘစင္မွာမ်က္ႏွာကို ‌သစ္ခ်လိုက္သည္။မိတ္ကပ္ေတြကိုလည္း တစ္ရႉးေတြႏွင့္ဖိသုတ္ပစ္လိုက္ေသာေၾကာင့္ ပံုရိပ္၏မ်က္ႏွာသည္

ဘာအျခယ္အသမွ မပါပဲေျပာင္ရွင္းသြားေလသည္။

‌ပါးမို႔ေနရာေတြဟာ နီေနၿပီးမ်က္ရည္က်လာေသာအခါ မ်က္လံုးေလးေတြကပါ နီရဲလာသည္။

ဆံပင္ထံုးထားရတာ ေခါင္းကိုက္ေန၍ ေရစိုေနေသာဆံပင္ရွည္ေတြကို ျဖန႔္ခ်ထားလိုက္သည္။


"အဟင့္...ဟင့္....ဆရာငါ့ကိုစိတ္ဆိုးသြားၿပီ...

ငါဘာလို႔ အမ်ားရဲ့အေရ႔ွမွာ ဆရာ့ဘက္ကေန

မေျပာခဲ့မိတာလဲ...တကယ္ဆိုရင္ဆရာက...

ငါ့အတြက္ေဒါသထြက္ေပးခဲ့တာ...ငါကဆရာ့ေစတနာနဲ႔မတန္လိုက္တာ..."


အလျွပင္ခ်င္စိတ္ျဖစ္လာတာဟာ ဆရာ့ကိုသေဘာက်မိ၍ ျဖစ္ၿပီးအခုဆရာသေဘာက်ေနတဲ့လူက ပံုရိပ္မဟုတ္မွေတာ့ ဒီမိတ္ကပ္ေတြကလိမ္းလည္းဘာထူးေတာ့မွာလဲ။

ဆရာ့ကို ပံုရိပ္ခ်စ္တယ္။ဒါေပမဲ့ပံုရိပ္တို႔ ခဲြရတဲ့အခ်ိန္အထိ ဆရာ့ဘက္ကေနဘာအရိပ္အေယာင္မွမျပခဲ့ရင္ တစ္သက္လံုးေဝးၿပီဆရာရယ္။

ပံုရိပ္က ခဏလာတဲ့လူပါေလ။


မဟုတ္ဘူး ဆရာနဲ႔ပံုရိပ္ကအစတည္းက

ဆရာတပၫ့္ ဆက္ဆံ‌ေရးမွာပဲ ရိွေနခဲ့တာပါ။

အခုေတာ့ ေဘးလူေတြရဲ့အျမင္မွာ ဆရာနဲ႔လိုက္ဖက္တဲ့လူဟာ သက္သက္ရိွေနေလၿပီ။


"စခ်စ္မိရင္...အရင္နာက်င္ရတာကလည္း

ကိုယ္ပဲထင္ပါရဲ့...ဆရာသမီးကိုျပန္မႀကိဳက္ေပးလည္းရတယ္...ဒါေပမဲ့မစိမ္းကားေစခ်င္ဘူး...

ဆရာ့တပၫ့္တစ္ေယာက္အေနနဲ႔...ပံုရိပ္မဟုတ္တဲ့အျခားတစ္ေယာက္နဲ႔ ဆရာေပ်ာ္ရႊင္ေနတာကိုပဲ

ေငးၾကၫ့္ေနရရင္ေတာင္ ေက်နပ္ပါၿပီ ..ဒါေပမဲ့

အရင္လို ေနြးေထြးတဲ့ဆက္ဆံေရး တစ္ခုကိုေတာ့ျပန္တည္ေဆာက္ခ်င္ပါတယ္...."


မွန္ကိုၾကည့္ကာ ရင္ဖြင့္လိုက္ၿပီးေနာက္ မ်က္ႏွာကို လက္ဖဝါးႏွင့္အုပ္၍အားရေအာင္ ရိႈက္ငိုလိုက္ၿပီးမွ သန႔္စင္ခန္းထဲမွ ထြက္လာလိုက္သည္။

ပံုရိပ္ ထိုင္ခဲ့ေသာဝိုင္းသို႔ျပန္သြားလိုက္ေသာအခါ

လူေတြတစ္ေယာက္မွ မရိွေတာ့ေပ။

ဆရာတစ္ေယာက္တည္းကသာ သူ႔ခံုမွာပံုရိပ္ကိုေက်ာေပး၍ ထိုင္ေနေလသည္။


"ဆရာ...."


ပံုရိပ္၏ ေခၚသံေၾကာင့္ဆရာလွၫ့္ၾကၫ့္လာသည္။

အဲ့ဒီ့မ်က္၀န္းေတြေပါ့ မာနေတြတသီႀကီးနဲ႔ 

အနာေပးလိုက္၊ေဆးေပးလိုက္လုပ္တတ္လြန္းသည္။

စကားေတြအမ်ားႀကီး မေျပာတတ္သၫ့္တင္းတင္းေစ့ထားေသာ သူ႔ႏႈတ္ခမ္းေတြကိုေတာင္

ၾကၫ့္ေနမိေပမဲ့ ကိုယ္ကသူႏွင့္မတန္ေသာ

လူတစ္ေယာက္ျဖစ္၍ အျမန္အၾကၫ့္လႊဲလိုက္သည္။


"က်န္တဲ့လူေတြက အကုန္ကားေပၚကို ေရာက္ေနၿပီ...မင္းကိုဆရာေစာင့္ေနတာ...သြားၾကမယ္..."


ခ်က္ခ်င္းထရပ္လိုက္ၿပီး အေရ႔ွမွသြားဖို႔ျပင္ေန၍ ဆရာ့လက္ေမာင္းမွအိက်ႌစကိုဆဲြလိုက္မိသည္။

ပံုရိပ္ကို ျပန္ငံု႔ၾကၫ့္လာ၍ အၾကၫ့္ခ်င္းမဆံုရဲေသာေၾကာင့္ ဆရာ့ရင္အံုဘက္ဆီသို႔သာ အၾကၫ့္ပို႔ထားလိုက္မိသည္။


"ဆရာ...သမီးကိုစိတ္ဆိုးေနေသးလားဟင္....

သမီးကိုတစ္မ်ိဳးမထင္ပါနဲ႔ေနာ္...သမီးကဆရာနဲ႔အျခားသူေတြ ျပႆနာတက္မွာစိုးလို႔ပါ...."


သက္ျပင္းခ်မိၿပီး မ်က္လႊာေတြကိုခ်လိုက္မိသၫ့္အခ်ိန္တြင္ ပံုရိပ္၏ဦးေခါင္းေလး ေနြးခနဲျဖစ္သြားသည္။မ်က္လံုးေလးေတြဝိုင္းစက္သြားၿပီး

ဆရာ့ကိုေမာ့ၾကၫ့္လိုက္ေတာ့ အေရ႔ွသို႔

ေျခတစ္လွမ္းတိုးလာကာ ပိုမိုနီးကပ္သြားေသာအေနအထားတြင္ ပံုရိပ္ကိုႃပံုး၍ျပေနေလသည္။

ပံုရိပ္၏ ႏွလံုးသားေလးသည္ခ်က္ခ်င္းပူေနြးလာကာ ရင္ခုန္လႈပ္ရွားမႈေတြ ျပၫ့္သိပ္လာျပန္သည္။

ပံုရိပ္၏ ဆံပင္ေလးေတြကိုဖြဖြပြတ္သပ္လိုက္၍ 

အသက္ရႉေတာင္ မ၀ခ်င္ေတာ့ေပ။


"ဆရာကပံုရိပ္ကို စိတ္ဆိုးတယ္လို႔ေျပာမိလို႔လား..

ကေလးတစ္ေယာက္ကိုအခြင့္အေရးယူလိုက္တဲ့...

ကိုလင္းေခာတ္ကို မႀကိဳက္တာပါ...ဆရာသာပံုရိပ္ကိုစိတ္ဆိုးရင္ အရက္ေသာက္တဲ့လူေတြနဲ႔ တကားထဲထားခဲ့ၿပီး ကားေပၚကေနခ်င္ခ်င္းဆင္းသြားလိုက္မွာ...."


"ဒါေပမဲ့...သမီးကဆရာ့အေပၚမွာအျပစ္ျပဳမိပါတယ္...သမီးကိုခြင့္လႊတ္ပါေနာ္...."


"ပံုရိပ္ကမမွားဘူးေလ...ဘာလို႔ခြင့္လႊတ္ေပးစရာလိုမလဲ....ပံုရိပ္ဟာကေလးတစ္ေယာက္ျဖစ္လို႔...

ေၾကာက္စိတ္လြန္ကဲၿပီး...အားနာေနတာကိုဆရာသိပါတယ္..

ဒါေၾကာင့္လဲ ဆရာဒီအထိလိုက္လာခဲ့တာေပါ့..."


"ဟင္...ဒါဆိုရင္ဆရာက သမီးကိုစိတ္မခ်လို႔လိုက္လာတာလား...."


"ဒါကလဲြၿပီး ဘာျဖစ္ရအံုးမွာလဲ...မၾကည္ျပာရဲ့ေယာက္်ားေတြကအရက္ေသာက္တတ္တယ္...

ကိုလင္းေခာတ္ကလည္းေသာက္တတ္တယ္ေလ...

ဒါေၾကာင့္ဆရာလိုက္မွ ျဖစ္မယ္လို႔ေတြးလိုက္တာ..

ကဲပါ...အျပင္မွာအျခားလူေတြကားေပၚကေန

ေစာင့္ေနၾကတယ္...ျပန္ရင္မိုးခ်ဳပ္လို႔မျဖစ္ဘူး...

...လာ..."


ပံုရိပ္၏အေရ႔ွမွ သြားေနေသာဆရာ့ေက်ာျပင္ကို ၾကၫ့္ၿပီးပံုရိပ္ ေက်နပ္စြာႃပံုးလိုက္မိသည္။

ဆရာက ပံုရိပ္အတြက္ေၾကာင့္သာ စိတ္မခ်လို႔လိုက္လာသည္တဲ့။ဒါဆို မခင္ရူပေၾကာင့္မဟုတ္ပဲ

ပံုရိပ္ေၾကာင့္ေပါ့ေနာ္။အခုလည္း အားလံုးကကားေပၚမွာ ေစာင့္ၾကေပမဲ့ ဆရာကေတာ့ပံုရိပ္ကိုဆိုင္ထဲမွာပဲ တစ္ေယာက္တည္းက်န္ၿပီး ေစာင့္ေနခဲ့တယ္။


အားလံုးအတြက္ အတူစိတ္ပူေပးတာလည္း ပါေပမဲ့ ဒီလိုအေျပာေလးနဲ႔တင္ ေက်နပ္မိပါတယ္ေလ။

ပံုရိပ္ ဆရာ့ဆီကေနအမ်ားႀကီး မေမ်ွာ္လင့္ပါဘူး။

အနည္းဆံုးေတာ့ ဆရာႏွင့္ပံုရိပ္၏ခင္မင္မႈေလး ပ်က္ေတာက္မသြားခဲ့တာ‌ေၾကာင့္ ေပ်ာ္ရႊင္ရပါတယ္။


🌹🌹🌹🌹🌹🌹🌹🌹🌹


ရွည္ရွည္ေလး ေရးေပးလိုက္ၿပီေနာ္...

Fbမွာလည္း မ်ားမ်ားရွဲေပးၾကပါအံုးေနာ္...


ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို ေက်းဇူးအထူးတင္ရိွပါတယ္ရွင့္


သႀကၤန္လည္တဲ့အခန္းေရးလို႔ ႏွစ္တိုင္းထြက္လည္တယ္လို႔ မထင္လိုက္နဲ႔ေနာ္၆တန္းႏွစ္တည္းက သႀကၤန္မေဆာ့ျဖစ္ေတာ့ေပမဲ့ ဇာတ္လမ္းေတြထဲမွာ

ထၫ့္ထၫ့္ေရးေနမိတယ္ကြယ္....😀

No comments:

Post a Comment