🌹ဆူးကြိုး🌹အခန်း၂၉(ပထမပိုင်း)

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 🌹ဆူးကြိုး🌹အခန်း၂၉(ပထမပိုင်း)


ညနေခင်းလေး၏ ထမင်းပွဲလေးဟာ တိတ်ဆိတ်မှုအတိဖြစ်နေခဲ့သည်။ချဉ်ပေါင်ရွက်ကိုငါးခေါင်းလေးနှင့် အရည်ကျဲလေးချက်ထားသော ဟင်းပွဲလေးသည်စားပွဲ၏အလည်တွင် အငွေ့တထောင်းထောင်းထလျှက် ထမင်းပွဲလေး၏သရုပ်ကိုပေါ်လွင်စေသည်။

ထူးခြားစွာ ဒီနေ့မှာပဲအမဲသားအစပ်ချက်ဟင်းပွဲလေးသည် စားပွဲဝိုင်း၏အလယ်တွင် ထင်းထင်းကြီးရှိလျှက် ပျဉ်းတော်သိမ်ရွက်၏ရနံ့လေးသည် 

လေငွေ့နှင့်အတူ ပျံ့လွင့်နေသည်။


တို့စရာအစုံနှင့် ငါးပိရည်ပန်းကန်လေးသည်လည်း ဖွယ်ဖွယ်ရာရာရှိ၍နေသည်။

ယခင်ကဆိုလျှင် ငန်ပြာရည်ချက်၊ဘဲဥမဆလာဟင်းနှင့်အရွက်ကြော်များသာ တည်ခင်းလေ့ရှိသောစားပွဲလေးသည် ယနေ့မှာတော့ထူးခြားစွာအသားဟင်းလေး တင်ထားလျှက်ရှိသည်။


ဒါဟာနှုတ်ဆက်လက်ဆောင်များလား။

ထွန်းကိုနှင့်မိစုကတော့ ရှားရှားပါးပါးအမဲသားလေး စားရကံကြုံနေ၍ ပလုတ်ပလောင်းစားနေကြလေသည်။ကလေးတွေက ဘာသိမှာလည်းလေ။

စားမယ်၊အိပ်မယ်၊ဆော့မယ်ဆိုတဲ့စိတ်ဆန္ဒလေးကပဲ သူတို့၏ဘ၀ကြီးပင်။


ဒေါ်လေးကိုကြည့်လိုက်တော့ ရှေ့မှာရှိနေသော

ဟင်းပွဲများအား အဓိပ္ပာယ်မဲ့စွာ ငေးငိုင်၍ကြည့်နေ လေသည်။နေမကောင်းဖြစ်သည့်အချိန်မှလွဲ၍

အမြဲတက်ကြွနေ‌တတ်သော ‌ဒေါ်ရှင်းသန့်မဟုတ်တော့ပဲ နုံးခွေနေသောစိတ်ခွန်အားများနှင့် ကျောရိုးမပါသကဲ့သို့ဒူးတစ်ဖက်ထောင်လျှက်ထိုင်နေသော‌ ဒေါ်ရှင်းသန့်ဖြစ်လေသည်။

ပုံရိပ်သည်လည်း ထမင်းကိုစားသာစားနေရပေမဲ့အရသာကတော့ဘာမှန်းမသိပေ။


"ဒေါ်လေး...ထမင်းမစားဘူးလား.."


"ဟင်...အေး...စားမှာပေါ့ကွယ်..."


ပုံရိပ်သတိပေးလိုက်တော့မှ ပစ္စပ္ပုန်ဆီကို စိတ်တွေပြန်လည်လာတယ်ထင်ပါရဲ့။ထောင်ထားသောဒူးတစ်ဖက်ကိုပြန်ချလိုက်ပြီး ချဉ်ရည်ဟင်းခွက်ကိုနှိုက်လေသည်။


"ဒေါ်လေးကလည်း အမဲသားလေးကိုတော့မခပ်ဘူး..တခါတလေမှစားရတဲ့ဟာ...."


"အခုမှအမဲသားကို စားဖူးလို့လားမသိဘူး...အရမ်းစားလို့ကောင်းတာပဲမကြီးပုံရယ်...."


"ဟုတ်တယ်...အစပ်မကြိုက်တဲ့သမီးတောင်

...ကြိုက်သွားပြီ...မေကြီး...နေ့တိုင်းဒီလိုပဲချက်ပေးပါလားဟင်...ကျောင်းကိုဘဲဥကြီးပဲချက်ချက်ပေးနေတော့....ဥဆိုဘယ်ဥမှမမြင်ချင်ဘူး...

အရမ်းမုန်းတာပဲ..."


"မိစုရယ်...ဘဲဥစားတော့အသားဖြူတယ်လေ..."


"ဟင်...ဟုတ်လည်းဟုတ်ပဲနဲ့...ကိုကြီးကအလကားလျှောက်ပြောနေတယ်.."


"ဟုတ်တယ်လေ...မကြီး‌ပုံပြောတာ...ဘဲဥစားရင်အသားဖြူတယ်တဲ့...ဒါကြောင့်မို့တို့တွေအသားဖြူနေတာပေါ့...နော်...မကြီးပုံ..."


ပုံရိပ်ကိုပါ အဖော်လာဆက်နေ၍ ထောက်ခံသောအနေဖြင့် ခေါင်းငြိမ့်ပြလိုက်ရသည်။အမှန်တော့ ကျောင်းသွားတဲ့အချိန်တိုင်းအမြဲဘဲဥနှင့်ပင် သံသရာလည်နေရသောကြောင့် ဘဲဥစားလျှင်အသားဖြူတယ်ဟု တမင်မုသားသုံးခဲ့ခြင်းပင်။

ဒါမှလည်း သူတို့လေးတွေစားချင်မှာပေါ့။

ထွန်းကိုသည် မိစုထက်ကြီးတယ်ဆိုပေမဲ့ သူလည်းကိုယ်ပိုင်စဥ်းစား ဆုံးဖြတ်နိုင်သောအသိဉာဏ်

မဖွံ့ဖြိုးသေးသည့် အရွယ်ဖြစ်သောကြောင့်

ပုံရိပ်ပြောသမျှကို အဟုတ်ကြီးမှတ်ပြီး ညီမဖြစ်သူကိုဆရာပြန်လုပ်နေသည်။

အခုတော့ ဟင်းကောင်းပေမဲ့ ခြောက်ကပ်နေသောထမင်းဝိုင်းလေးသည် ကလေးတွေကြောင့်ပြန်၍ အသက်၀င်လာသည်ဟုဆိုရမည်။


"မနက်ဖြန်တစ်ရက်ပဲကျန်တော့တယ်နော်...."


ကလေးတွေကို ကြည့်လျှက်ပြုံးနေမိရာမှ ဒေါ်လေး၏စကားကြောင့် ပုံရိပ်၏နှုတ်ခမ်းတွေပြန်၍တည်သွားမိသည်။ဒေါ်လေး‌ဆိုလိုချင်သောအဓိပ္ပာယ်ကို ပုံရိပ်နားလည်သည်။‌

ဒေါ်ယဉ်တင့်သည်မန္တလးသို့ လိုက်ခဲ့ရမည့်ကိစ္စကိုစဉ်းစားဖို့ရန် အချိန်သုံးရက်သာပေးထားလေသည်။စားလက်စထမင်းပန်းကန်ကိုရှေ့ချပြီး ပုံရိပ်တွေဝေနေမိသည်။


အဖွားတို့မိသားစု၀င်တွေဟာ ဘယ်လိုစိတ်ထားမျိုးတွေရှိနေမလဲ။ဦးသက်ဆွေထက် ဆိုးနေကြလျှင်တော့ ပုံရိပ်ရဲ့ဘ၀ဟာ သေမထူးနေမထူးပုံမျိုးပဲဖြစ်နေမှာသေချာတယ်။ဆရာနေမျိုးကတော့ 

သူ့အလှည့်တုန်းကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပြောပြခဲ့သည်။


ချမ်းသာတဲ့အိမ်ကိုလိုက်သွားပြီး သူတို့အလိုမရှိတဲ့အခါ စိတ်ဆင်းရဲနေရရင်ဘယ်လိုလုပ်ပါ့မလဲ။

အမေနဲ့အဖေ့ကိုသဘောမတူခဲ့ကြလို့ 

တစ်ခေါက်တလေတောင် လာမကြည့်တဲ့မိသားစုတွေဆီကို ပုံရိပ်ဘယ်လိုမျက်နှာမျိုးနဲ့သွားရပါ့

မလဲ။အဖွားမှာ မြေးတွေကပုံရိပ်တစ်ယောက်တည်းလည်း ဟုတ်ချင်မှဟုတ်မှာပါလေ။


အတူနေတဲ့သူထက် နောက်မှတွေ့ရတဲ့လူကို ဘယ်လိုလုပ်ပြီး သံယောဇဉ်ပိုတွယ်နိုင်မှာလဲ။

မောင်နှမ၀မ်းကွဲတွေကလည်း ကောင်းရင်

တော်သေးတယ်။အဖေပြောပြခဲ့ဖူးပုံအရဆိုလျှင် 

အဖွားကတော်တော်လေးကို စည်းစနစ်ကြီးလောက်တယ်။ဒုက္ခိတဖြစ်နေတဲ့အတွက် သ‌နားတော့လည်းသနားမိသား။

ကိုယ့်ဖွားအေဆိုလို့ ဒီတစ်ယောက်သာကျန်တော့သည်။


အတွေးပေါင်းစုံဖြင့် ကြုံရမည့်အခက်အခဲတွေကို တွေးတောနေမိလေသည်။

တကယ်လို့ မလိုက်ရင်လည်းအခွင့်အရေးဆိုတာ

ဒီတစ်ခါပဲရမှာသေချာတယ်။

သူတို့လည်း သူတိုအလုပ်အကိုင်တွေနဲ့ဆိုတော့ နောက်တစ်ခါဒီလိုလာခေါ်နိုင်တော့မယ်မထင်ဘူး။ဒါဆိုရင် ပုံရိပ်လိုက်သွားရမလား။နေခဲ့ရမလား။ဆရာပြောသော ဦးနှောက်နဲ့စဉ်းစားပြီး နှလုံးသားနဲ့ဆုံးဖြတ်ရမည်ဆိုသောအချက်ကို တွေးမိသည့်အခါ စိတ္တဇတွေတောင်ဖြစ်ချင်သည်။

ဘ၀ကလည်းခါးလိုက်တာ။


"ပုံပုံရော...ဟိုကိုလိုက်ဖို့ယတိပြတ်ဆုံးဖြတ်ပြီးသွားပြီလား...ဒေါ်လေးအနေနဲ့ကတော့ ဘာမှပြောစရာ

မရှိပါဘူးကွယ်...ပုံပုံကောင်းစားဖို့ကိုပဲ ဒေါ်လေးကလိုလားတာ..."


"တကယ်လို့...ပုံရိပ်လိုက်သွားရင် ဒေါ်လေးပိုပင်ပန်းမှာပေါ့...ကလေးတွေကတစ်ဖက်...ပိုက်ဆံရှာရတာကတစ်ဖက်နဲ့....ပုံရိပ်စိတ်မချဘူး...."


"ဒါပေမဲ့လိုက်တော့ လိုက်ချင်တယ်မဟုတ်လား..."


ပုံရိပ်၏စိတ်ကို ထိုးထွင်းမြင်နိုင်သောဒေါ်လေးအား အားနာမိသောမျက်၀န်းများဖြင့် ကြည့်လိုက်မိသည်။ဒေါ်လေးရယ် ပုံရိပ်အတွက်ကတော့ဒေါ်လေးရဲ့ ရင်ငွေ့ကသာအနွေးဆုံးပါ။

ဒါပေမဲ့ လိုတာထက်ပိုပြီးပုံရိပ်တွေဝေနေမိတယ်။

ကိုယ်မမြင်ရတဲ့ တစ်ဖက်ကမ္ဘာသည် သာယာချမ်းမြေ့ဖွယ်အပြည့်အဖြစ် မြင်ယောင်နေမိလို့များလား။


"မေမေကဘာကိုပြောတာလဲဟင်..မကြီးပုံကဘယ်ကိုလိုက်သွားမလို့လဲ...."


"သားရဲ့မမက...မန္တလေးကိုသွားတော့မလို့တဲ့..."


"ဟုတ်လား...သမီးလည်းလိုက်ချင်တယ်...မကြီးပုံ..

သမီးကိုလည်းခေါ်သွားပါနော်..."


"ကားစီးရမယ်ဆိုရင်...သားလည်းလိုက်ချင်တယ်...

မကြီးပုံ..သားတို့မောင်နှမကိုခေါ်ရမယ်နော်...

သားတို့အတန်းထဲက ကောင်လေးပြောတာတော့

ဦးပိန်တံတားအောက်မှာ လှေစီးရတာပျော်စရာကောင်းတယ်တဲ့....တံတားကြီးကလည်းအမြင့်ကြီးနဲ့ အရှည်ကြီးပဲတဲ့...."


"ဟုတ်လား...ကိုကြီး...သမီးလည်းမြင်ဖူးချင်လိုက်တာ...."


"ဟုတ်တယ်မိစုရဲ့....ကိုကြီးတို့မန္တလေးကိုရောက်ရင်..မိစုကိုအဲ့ဒီ့နေရာအထိခေါ်သွားပေးမယ်နော်...."


"တကယ်...ဟား...ပျော်လိုက်တာ...ထမင်းစားပြီးတာနဲ့ သမီးတို့တွေမန္တလေးကိုသွားဖို့ အ၀တ်အစားထုပ်ရအောင်..."


"အေး...ကောင်းတယ်..."


တကယ်သွားရမည့်ပုံရိပ်က ဘာမှမပြောရသေးခင် ကလေးနှစ်ယောက်ကတော့ အတိုင်အဖောက်ညီနေကြလေသည်။ဒေါ်လးကတော့ မရယ်နိုင်မပြုံးနိုင်

ဖြစ်လျှက် ထမင်းစားပွဲကနေထသွားသည်။

ပုံရိပ်လည်း ဘယ်လိုမှဆက်စား၍မျိုမကျနိုင်တော့ပေ။မနက်ဖြန်ဆိုရင် ဒေါ်ယဉ်တင့်က မနက်စောစောကားနှင့် လာခေါ်မည်ဟုပြောခဲ့သည်။ပုံရိပ်တော့ ယခုအထိစိတ်ကိုဒုန်းဒုန်းမချနိုင်သေးပေ။


"ဟား....စားရကံကြုံလို့မုတ်ဆိတ်ပျားဆွဲတာပဲဟေ့

...ထမင်းပွဲနဲ့လာတိုးနေရတယ်...တယ်ဟုတ်ပါလား

....အမဲသားတွေဘာတွေချက်လို့...ကျုပ်တို့အိမ်ထက်တောင် ဟင်းကောင်းနေသေးတယ်..."


အိမ်ပေါ်သို့ စကားတပြော‌ပြောနှင့်တက်လာသောအပျိုကြီးသည် ပုံရိပ်တို့၏ထမင်းစားပွဲလေးကိုကြည့်လိုက်ပြီး အမဲသားတစ်တုံးကိုလည်း ယူစားလိုက်သေးသည် ။သူ့လက်ထဲတွင်တော့

အနက်ရောင်အထုပ်ကလေးတစ်ထုပ်ပါလာသည်။


"ပုံရိပ်....ဘယ်မလဲ...နင့်အဒေါ်...."


"အိပ်ခန်းထဲမှာရှိပါတယ်...."


ထမင်းပန်းကန်တွေကိုဆေးပြီး ပုံရိပ်၏အခန်းထဲသို့၀င်သွားသော ဒေါ်လေးသည်ပြန်ထွက်လာတော့ နှာသီးဖျားနှင့် မျက်လုံးတွေကနီကျင်ကျင်ဖြစ်နေသည်။မျက်လုံးလေး အဝိုင်းသားနှင့်အပျိုကြီးရော ပုံရိပ်ပါ ဘာစကားတစ်ခွန်းမျှမဆိုနိုင်ပဲ ဒေါ်လေးကိုသာ ကြောင်၍ကြည့်နေမိကြသည်။

ဒေါ်လေးငိုထားတာများလား။အိပ်ခန်းထဲကို တော်ရုံအကြောင်းမရှိပဲ မ၀င်တတ်သည့်ဒေါ်လေးသည်

ပုံရိပ်ကြောင့်၀င်ငိုနေရလေပြီ။


ပုံရိပ်တရားပါရဲ့လား အားလုံးရဲ့ရင်ကိုခြေစုံကန်ပြီး ထွက်သွားရမှာ ပုံရိပ်တကယ်ရောတရားရဲ့လား။


"မရှင်းသန့်...ရှင်ငိုနေတာလား..."


"မဟုတ်ပါဘူး...အပျိုကြီးရယ်...ဒါနဲ့ဘာကိစ္စရှိလို့လဲဟင်..."


"အမယ်လေး...မေးပုံကလည်းရိုက်ပေါက်ပါလားဟေ့...ကျွန်မကရှင်တို့အိမ်ကိုကိစ္စမရှိရင်မလာရတော့ဘူးလား...."


"အဲ့လိုလည်းမဟုတ်ပါဘူး...သောကတွေကများနေတော့ ရိုင်းသလိုဖြစ်သွားတယ်...လာဒီမှာထိုင်လေ..."


အပျိုကြီးနှင့် ဒေါ်လေးတို့နှစ်ယောက်သည် ဘုရားစင်အောက်တွင်ထိုင်၍ စကားဖောင်ဖွဲ့နေသည်ကိုပုံရိပ်လည်းနားစွင့်နေမိသည်။သူတို့အဓိကပြောကြတာကတော့ ပုံရိပ်၏ကိစ္စပါပဲ။

ပြီးနောက် အဖေနဲ့အမေ၏စတွေ့ကြပုံတွေနဲ့

အမေ့ကိုလာတောင်းရန်းစဉ်က အဖေ့ဆွေမျိုးတွေ၏ မကြည်ဖြူပုံတွေကို ပြန်၍စမြှုပ်ပြန်နေကြလေသည်။အဖွားဒေါ်ရိပ်ညိုဆိုသူ၏ ပုံပန်းသဏ္ဍန်ကိုလည်း အဒေါ်သည်အပျိုကြီးအားလက်ဟန်ခြေဟန်ဖြင့် ပုံဖော်ပြလေသည်။


"အရပ်ကရှည်ပြီး ခန္ဓာကိုယ်ကတောင့်တောင့်

ဖြောင့်ဖြောင့်ရယ်ပါ....ဆံထုံးကိုနှစ်ပတ်လျှိုလောက်ထုံးထားပြီး ပန်တဲ့ကလစ်ကအစ စိန်တွေနဲ့စီထားတာသိလား...

မျက်နှာကတော့ မော့ချီနေတာပဲ..

ကျွန်မတို့ဆိုတာအဲ့အချိန်ကအပျိုလေးအရွယ်လေးဆိုတော့ အဲ့ဒီ့မိန်းမကြီးရဲ့မျက်လုံးကိုတည့်တည့် စိုက်မကြည့်ရဲပါဘူးဆို...မိန်းမအသံဆိုပေမဲ့…

သူ့အသံကြားတာနဲ့ငှက်ဖျားထလောက်တယ်...

မျက်နှာကြောမာပြီး အသံကအမိန့်ပေးသလို

အသံကြီးနဲ့...သူ့သမီးဆိုပိုတောင်ဆိုးသေးတယ်

...မျက်နှာကလေ...‌မာထန်ပြီးဘ၀င်လေဟပ်နေသလိုရုပ်မျိုး...ချမ်းသာတာတော့တော်တော်ချမ်းသာကြမဲ့ပုံပဲ...ကျွန်မသဘောမကျတာကတော့...အဲ့ဒီလိုဂုဏ်မောက်ပြီး...အဆင့်အတန်းခွဲခြားလွန်းတဲ့အိမ်ကိုလွှတ်လိုက်ရင်...

ကျွန်မတူမလေးကိုအမြင်မကြည်မှာစိုးရိမ်တယ်...

ပုံရိပ်အကြောင်းကလည်း အပျိုကြီးသိတဲ့အတိုင်းပဲ

...စိတ်ဆက်တဲ့သူဆိုတော့ ပြဿနာတွေဖြစ်ကုန်မှာစိုးတယ်...သူများဒေသမှာ သည်းခံနိုင်မှရမှာလေ

...နောက်ပြီး ကလေးကိုသူတို့လိုဂုဏ်မောက်ပြီး...

လူလူချင်းတောင် တင်စီးတတ်တဲ့အကျင့်တွေ

မကူးစေချင်ဘူး...အခုအချိန်မှာ ပြောင်းလဲသွားပြီလားဆိုတာ မသိပေမဲ့...ကျွန်မကတော့တကယ်ကိုစိတ်မချတာ...."


"မကြီးပုံ...သားတို့စားပြီးပြီ...."


"အေး...မကြီးကိုပန်းကန်တွေပေး....လက်သွားဆေးရအောင်..."


ဒေါ်လေးတို့ စကားပြောနေတာကို ထမင်းစားချင်ယောင်ဆောင်ပြီးနားထောင်နေမိရာမှကလေးနှစ်ယောက်နှင့်အတူ ထမင်းစားပြီး၍ ပန်းကန်ဆေးရန်ရေစည်ရှိသော နေရာသို့ထလာခဲ့လိုက်သည်။

ရေစည်မှာ ကလေးတွေကိုဆပ်ပြာနှင့်လက်ဆေးပေးပြီး အခန်းသို့ပြန်လွှတ်လိုက်သည်။

ပုံရိပ်ကတော့ ပန်းကန်သုံးချက်ကိုပါ ဆေးလိုက်ပြီး

အခန်းဆီသို့ပြန်လာခဲ့လိုက်သည်။


ပုံရိပ်တို့နေသော အခန်းဆီသို့ရောက်ခါနီးတွင်ငိုသံတစ်ခုကို ကြားလိုက်၍ ခြေလှမ်းတွေဟာအလိုလိုရပ်တန့်သွားမိလေသည်။အသံကိုနားစွင့်ကြည့်လေ ပိုပီပြင်လာလေဖြစ်ပြီး ဒါဟာဒေါ်လေး၏

ငိုသံမှန်းလည်း ပုံရိပ်သိလိုက်လေပြီ။

ပြီးနောက် ကလေးတွေ၏သူတို့အမေကိုချော့နေသံတွေနှင့်အတူ အပျိုကြီး၏အားပေးစကားသံတွေကိုလည်း ကြားနေရလေသည်။ 


"မိစုနဲ့ထွန်းကို...သမီးတို့ရဲ့မကြီးပုံကလေ...မေမေတို့ကိုထားသွားတော့မယ်တဲ့ကွယ်...

မေမေ့သားသမီးတွေကို တကွဲတပြားဆီဖြစ်တာကိုမြင်ရတော့မယ်...မေမေရင်နဲ့မဆန့်လိုက်တာ..."


"မေကြီးရယ်...မငိုပါနဲ့...မေကြီးငိုတော့သားလည်းငိုချင်တယ်....မကြီးကဘာလို့သားတို့ကိုထားသွားမှာလည်းဟင်...သားတို့တွေအမြဲအတူနေလို့မရဘူးလား...."


"အေးလေ...မကြီးပုံကသမီးတို့ကိုဘာလို့ထားသွားမှာလဲ...သမီးကိုထားသွားရင်တော့ သမီးကမချစ်တော့ဘူး..."


"ဟဲ့...မိစု...ဒီကောင်မလေးနယ်...အဲ့လိုမပြောရဘူးလေ...ကိုယ့်အစ်မကို...မရှင်းသန့်ရယ်...ကလေးတွေရှေ့မှာ မငိုစမ်းပါနဲ့...တို့လည်းစိတ်မကောင်းတော့ဖြစ်တာပေါ့...ဒီမှာပုံရိပ်သွားရင်ထည့်ပေးလိုက်ရအောင် ဂါ၀န်လေးနှစ်စုံတောင်၀ယ်လာတယ်....

မငိုပါနဲ့တော့ဟယ်...သေမဲ့လမ်းကိုသွားတာလည်းမဟုတ်ဘူး...."


"အပျိုကြီးရယ်...ပုံရိပ်ဆိုတာမမရဲ့ကိုယ်ပွားလေးပါ..ကျွန်မတို့ညီအစ်မဘယ်လိုရုန်းကန်ခဲ့ရသလဲ

...ဘယ်လောက်သံယောဇဉ်ကြီးသလဲဆိုတာ အပျိုကြီးမသိပါဘူး...ညီအစ်မနှစ်ယောက်ပဲတွယ်တာစရာရှိတဲ့ဘ၀မှာ အစ်မဆုံးသွားတာကို

သိလိုက်ရပြီးယူကျုံးမရဖြစ်လို့မဆုံးသေးဘူး...

အခုကျွန်မသိပ်ချစ်ရတဲ့တူမလေးကိုပါ

ခွဲရတော့မှာလေ..ကျွန်မငိုတာလွန်သလား...

ဒီကလေးကို မွေးကတည်းက ကျွန်မအရင်ဆုံးချီပွေ့ခဲ့ရတာပါ...သူ့အမေအိမ်မှာထက် ကျွန်မအိမ်မှာအနေများခဲ့တဲ့ကလေးပါ...မိစုတို့ထွန်းကိုတို့ထက် အရင်ဦးဆုံးသံယောဇဉ်ဖြစ်ခဲ့ရတာ...

ဟိုဘက်အသိုင်းအဝိုင်းက သိပ်ချမ်းသာပြီး..

သိပ်ဂုဏ်မောက်တာ...ပုံရိပ်ကိုကျွန်မတို့အသိုင်းအဝိုင်းနဲ့ရောနှောခိုင်းမှာမဟုတ်လောက်ဘူး...သေချာပါတယ်...

ကျွန်မတူမလေးကို ကျွန်မအပြီးအပိုင်ခွဲရတော့မှာ...."


အလုပ်သွားနေကြ၍ ပိတ်ထားသောသူများ၏

အခန်းတံခါး၀ကို ကျောမှီလျှက် ပုံရိပ်လည်းငိုနေမိလေပြီ။သံယောဇဉ်ဆိုတာ ဆူးကြိုးတစ်ချောင်းလိုပါပဲလား။ပိုတွယ်ငြိမိလေ ပိုနာကျင်ရလေပဲ။

ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်။

ယခင်ကထားခဲ့သော စိတ်တွေနေရာမှာ

ကိုယ့်တစ်ဘို့တည်းအတွက်ပဲ ကြည့်နေမိသော 

တစ်ကိုယ်ကောင်းစိတ်တွေရောက်လာသည်။

ဒေါ်လေးကို နားစေချင်၍၊ထောက်ပံ့ချင်၍ အလုပ်တွေတောင်ထွက်လုပ်နေပြီးမှ ဒီမိသားစုကိုထားခဲ့ဖို့ တွေးနေမိတယ်။


"ဟာ...နားတွေကိုညည်းနေတာပဲ...တစ်အိမ်လုံးလည်းကျက်သရေမင်္ဂလာကိုမရှိဘူး...."


ထိုစဉ် ခြံထဲသို့မူးမူးရူးရူးဖြင့် ၀င်လာသောဦးသက်ဆွေကို ပုံရိပ်စူးစူးရဲရဲစိုက်ကြည့်လိုက်မိသည်။

အိမ်ကိုပြန်လာတယ်ဆိုရင် ပြဿနာကိုအရင်မီးမွှေးသည်။ကိုယ့်အိမ်မှာ ဘာဖြစ်လို့ဖြစ်နေမှန်းသူမသိသလို စိတ်လည်းမ၀င်စားဘူး။

ပုံရိပ်၏ လှိုင်းလေငြိမ်နေသောရေပြင်ကို လှုပ်ခတ်အောင်လုပ်သည့်တရားခံဟာ ဦးသက်ဆွေပါပဲ။

ပုံရိပ်သူ့ကိုသိပ်မုန်းတယ်။

                    🔥ဆူးကြိုး...🔥အခန်း(၂၉)🔥  ဒုတိယပိုင်း မကြာမီလာမည်🥰

=========================================================================


🌹ဆူးႀကိဳး🌹အခန္း၂၉(ပထမပိုင္း)


ညေနခင္းေလး၏ ထမင္းပဲြေလးဟာ တိတ္ဆိတ္မႈအတိျဖစ္ေနခဲ့သည္။ခ်ဉ္ေပါင္ရြက္ကိုငါးေခါင္းေလးႏွင့္ အရည္က်ဲေလးခ်က္ထားေသာ ဟင္းပဲြေလးသည္စားပဲြ၏အလည္တြင္ အေငြ့တေထာင္းေထာင္းထလ်ွက္ ထမင္းပဲြေလး၏သရုပ္ကိုေပၚလြင္ေစသည္။

ထူးျခားစြာ ဒီေန့မွာပဲအမဲသားအစပ္ခ်က္ဟင္းပဲြေလးသည္ စားပဲြဝိုင္း၏အလယ္တြင္ ထင္းထင္းႀကီးရိွလ်ွက္ ပ်ဉ္းေတာ္သိမ္ရြက္၏ရနံ႔ေလးသည္ 

ေလေငြ့ႏွင့္အတူ ပ်ံ႔လြင့္ေနသည္။


တို႔စရာအစံုႏွင့္ ငါးပိရည္ပန္းကန္ေလးသည္လည္း ဖြယ္ဖြယ္ရာရာရိွ၍ေနသည္။

ယခင္ကဆိုလ်ွင္ ငန္ျပာရည္ခ်က္၊ဘဲဥမဆလာဟင္းႏွင့္အရြက္ေၾကာ္မ်ားသာ တည္ခင္းေလ့ရိွေသာစားပဲြေလးသည္ ယေန့မွာေတာ့ထူးျခားစြာအသားဟင္းေလး တင္ထားလ်ွက္ရိွသည္။


ဒါဟာႏႈတ္ဆက္လက္ေဆာင္မ်ားလား။

ထြန္းကိုႏွင့္မိစုကေတာ့ ရွားရွားပါးပါးအမဲသားေလး စားရကံႄကံုေန၍ ပလုတ္ပေလာင္းစားေနၾကေလသည္။ကေလးေတြက ဘာသိမွာလည္းေလ။

စားမယ္၊အိပ္မယ္၊ေဆာ့မယ္ဆိုတဲ့စိတ္ဆႏၵေလးကပဲ သူတို႔၏ဘ၀ႀကီးပင္။


ေဒၚေလးကိုၾကၫ့္လိုက္ေတာ့ ေရ႔ွမွာရိွေနေသာ

ဟင္းပဲြမ်ားအား အဓိပၸာယ္မဲ့စြာ ေငးငိုင္၍ၾကၫ့္ေန ေလသည္။ေနမေကာင္းျဖစ္သၫ့္အခ်ိန္မွလဲြ၍

အၿမဲတက္ႂကြေန‌တတ္ေသာ ‌ေဒၚရွင္းသန႔္မဟုတ္ေတာ့ပဲ ႏံုးေခြေနေသာစိတ္ခြန္အားမ်ားႏွင့္ ေက်ာရိုးမပါသကဲ့သို႔ဒူးတစ္ဖက္ေထာင္လ်ွက္ထိုင္ေနေသာ‌ ေဒၚရွင္းသန႔္ျဖစ္ေလသည္။

ပံုရိပ္သည္လည္း ထမင္းကိုစားသာစားေနရေပမဲ့အရသာကေတာ့ဘာမွန္းမသိေပ။


"ေဒၚေလး...ထမင္းမစားဘူးလား.."


"ဟင္...ေအး...စားမွာေပါ့ကြယ္..."


ပံုရိပ္သတိေပးလိုက္ေတာ့မွ ပစၥပၸုန္ဆီကို စိတ္ေတျြပန္လည္လာတယ္ထင္ပါရဲ့။ေထာင္ထားေသာဒူးတစ္ဖက္ကိုျပန္ခ်လိုက္ၿပီး ခ်ဉ္ရည္ဟင္းခြက္ကိုႏိႈက္ေလသည္။


"ေဒၚေလးကလည္း အမဲသားေလးကိုေတာ့မခပ္ဘူး..တခါတေလမွစားရတဲ့ဟာ...."


"အခုမွအမဲသားကို စားဖူးလို႔လားမသိဘူး...အရမ္းစားလို႔ေကာင္းတာပဲမႀကီးပံုရယ္...."


"ဟုတ္တယ္...အစပ္မႀကိဳက္တဲ့သမီးေတာင္

...ႀကိဳက္သြားၿပီ...ေမႀကီး...ေန့တိုင္းဒီလိုပဲခ်က္ေပးပါလားဟင္...ေက်ာင္းကိုဘဲဥႀကီးပဲခ်က္ခ်က္ေပးေနေတာ့....ဥဆိုဘယ္ဥမွမျမင္ခ်င္ဘူး...

အရမ္းမုန္းတာပဲ..."


"မိစုရယ္...ဘဲဥစားေတာ့အသားျဖဴတယ္ေလ..."


"ဟင္...ဟုတ္လည္းဟုတ္ပဲနဲ႔...ကိုႀကီးကအလကားေလ်ွာက္ေျပာေနတယ္.."


"ဟုတ္တယ္ေလ...မႀကီး‌ပံုေျပာတာ...ဘဲဥစားရင္အသားျဖဴတယ္တဲ့...ဒါေၾကာင့္မို႔တို႔ေတြအသားျဖဴေနတာေပါ့...ေနာ္...မႀကီးပံု..."


ပံုရိပ္ကိုပါ အေဖာ္လာဆက္ေန၍ ေထာက္ခံေသာအေနျဖင့္ ေခါင္းၿငိမ့္ျပလိုက္ရသည္။အမွန္ေတာ့ ေက်ာင္းသြားတဲ့အခ်ိန္တိုင္းအၿမဲဘဲဥႏွင့္ပင္ သံသရာလည္ေနရေသာေၾကာင့္ ဘဲဥစားလ်ွင္အသားျဖဴတယ္ဟု တမင္မုသားသံုးခဲ့ျခင္းပင္။

ဒါမွလည္း သူတို႔ေလးေတြစားခ်င္မွာေပါ့။

ထြန္းကိုသည္ မိစုထက္ႀကီးတယ္ဆိုေပမဲ့ သူလည္းကိုယ္ပိုင္စဥ္းစား ဆံုးျဖတ္ႏိုင္ေသာအသိဉာဏ္

မဖြံ႔ၿဖိဳးေသးသၫ့္ အရြယ္ျဖစ္ေသာေၾကာင့္

ပံုရိပ္ေျပာသမ်ွကို အဟုတ္ႀကီးမွတ္ၿပီး ညီမျဖစ္သူကိုဆရာျပန္လုပ္ေနသည္။

အခုေတာ့ ဟင္းေကာင္းေပမဲ့ ေျခာက္ကပ္ေနေသာထမင္းဝိုင္းေလးသည္ ကေလးေတြေၾကာင့္ျပန္၍ အသက္၀င္လာသည္ဟုဆိုရမည္။


"မနက္ျဖန္တစ္ရက္ပဲက်န္ေတာ့တယ္ေနာ္...."


ကေလးေတြကို ၾကၫ့္လ်ွက္ႃပံုးေနမိရာမွ ေဒၚေလး၏စကားေၾကာင့္ ပံုရိပ္၏ႏႈတ္ခမ္းေတျြပန္၍တည္သြားမိသည္။ေဒၚေလး‌ဆိုလိုခ်င္ေသာအဓိပၸာယ္ကို ပံုရိပ္နားလည္သည္။‌

ေဒၚယဉ္တင့္သည္မႏၲလးသို႔ လိုက္ခဲ့ရမၫ့္ကိစၥကိုစဉ္းစားဖို႔ရန္ အခ်ိန္သံုးရက္သာေပးထားေလသည္။စားလက္စထမင္းပန္းကန္ကိုေရ႔ွခ်ၿပီး ပံုရိပ္ေတြေဝေနမိသည္။


အဖြားတို႔မိသားစု၀င္ေတြဟာ ဘယ္လိုစိတ္ထားမ်ိဳးေတြရိွေနမလဲ။ဦးသက္ေဆြထက္ ဆိုးေနၾကလ်ွင္ေတာ့ ပံုရိပ္ရဲ့ဘ၀ဟာ ေသမထူးေနမထူးပံုမ်ိဳးပဲျဖစ္ေနမွာေသခ်ာတယ္။ဆရာေနမ်ိဳးကေတာ့ 

သူ႔အလွၫ့္တုန္းကျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေတြကိုျပန္ေျပာျပခဲ့သည္။


ခ်မ္းသာတဲ့အိမ္ကိုလိုက္သြားၿပီး သူတို႔အလိုမရိွတဲ့အခါ စိတ္ဆင္းရဲေနရရင္ဘယ္လိုလုပ္ပါ့မလဲ။

အေမနဲ႔အေဖ့ကိုသေဘာမတူခဲ့ၾကလို႔ 

တစ္ေခါက္တေလေတာင္ လာမၾကၫ့္တဲ့မိသားစုေတြဆီကို ပံုရိပ္ဘယ္လိုမ်က္ႏွာမ်ိဳးနဲ႔သြားရပါ့

မလဲ။အဖြားမွာ ေျမးေတြကပံုရိပ္တစ္ေယာက္တည္းလည္း ဟုတ္ခ်င္မွဟုတ္မွာပါေလ။


အတူေနတဲ့သူထက္ ေနာက္မွေတြ့ရတဲ့လူကို ဘယ္လိုလုပ္ၿပီး သံေယာဇဉ္ပိုတြယ္ႏိုင္မွာလဲ။

ေမာင္ႏွမ၀မ္းကဲြေတြကလည္း ေကာင္းရင္

ေတာ္ေသးတယ္။အေဖေျပာျပခဲ့ဖူးပံုအရဆိုလ်ွင္ 

အဖြားကေတာ္ေတာ္ေလးကို စည္းစနစ္ႀကီးေလာက္တယ္။ဒုကၡိတျဖစ္ေနတဲ့အတြက္ သ‌နားေတာ့လည္းသနားမိသား။

ကိုယ့္ဖြားေအဆိုလို႔ ဒီတစ္ေယာက္သာက်န္ေတာ့သည္။


အေတြးေပါင္းစံုျဖင့္ ႄကံုရမၫ့္အခက္အခဲေတြကို ေတြးေတာေနမိေလသည္။

တကယ္လို႔ မလိုက္ရင္လည္းအခြင့္အေရးဆိုတာ

ဒီတစ္ခါပဲရမွာေသခ်ာတယ္။

သူတို႔လည္း သူတိုအလုပ္အကိုင္ေတြနဲ႔ဆိုေတာ့ ေနာက္တစ္ခါဒီလိုလာေခၚႏိုင္ေတာ့မယ္မထင္ဘူး။ဒါဆိုရင္ ပံုရိပ္လိုက္သြားရမလား။ေနခဲ့ရမလား။ဆရာေျပာေသာ ဦးေနွာက္နဲ႔စဉ္းစားၿပီး ႏွလံုးသားနဲ႔ဆံုးျဖတ္ရမည္ဆိုေသာအခ်က္ကို ေတြးမိသၫ့္အခါ စိတၲဇေတြေတာင္ျဖစ္ခ်င္သည္။

ဘ၀ကလည္းခါးလိုက္တာ။


"ပံုပံုေရာ...ဟိုကိုလိုက္ဖို႔ယတိျပတ္ဆံုးျဖတ္ၿပီးသြားၿပီလား...ေဒၚေလးအေနနဲ႔ကေတာ့ ဘာမွေျပာစရာ

မရိွပါဘူးကြယ္...ပံုပံုေကာင္းစားဖို႔ကိုပဲ ေဒၚေလးကလိုလားတာ..."


"တကယ္လို႔...ပံုရိပ္လိုက္သြားရင္ ေဒၚေလးပိုပင္ပန္းမွာေပါ့...ကေလးေတြကတစ္ဖက္...ပိုက္ဆံရွာရတာကတစ္ဖက္နဲ႔....ပံုရိပ္စိတ္မခ်ဘူး...."


"ဒါေပမဲ့လိုက္ေတာ့ လိုက္ခ်င္တယ္မဟုတ္လား..."


ပံုရိပ္၏စိတ္ကို ထိုးထြင္းျမင္ႏိုင္ေသာေဒၚေလးအား အားနာမိေသာမ်က္၀န္းမ်ားျဖင့္ ၾကၫ့္လိုက္မိသည္။ေဒၚေလးရယ္ ပံုရိပ္အတြက္ကေတာ့ေဒၚေလးရဲ့ ရင္ေငြ့ကသာအေနြးဆံုးပါ။

ဒါေပမဲ့ လိုတာထက္ပိုၿပီးပံုရိပ္ေတြေဝေနမိတယ္။

ကိုယ္မျမင္ရတဲ့ တစ္ဖက္ကမ႓ာသည္ သာယာခ်မ္းေႁမ့ဖြယ္အျပၫ့္အျဖစ္ ျမင္ေယာင္ေနမိလို႔မ်ားလား။


"ေမေမကဘာကိုေျပာတာလဲဟင္..မႀကီးပံုကဘယ္ကိုလိုက္သြားမလို႔လဲ...."


"သားရဲ့မမက...မႏၲေလးကိုသြားေတာ့မလို႔တဲ့..."


"ဟုတ္လား...သမီးလည္းလိုက္ခ်င္တယ္...မႀကီးပံု..

သမီးကိုလည္းေခၚသြားပါေနာ္..."


"ကားစီးရမယ္ဆိုရင္...သားလည္းလိုက္ခ်င္တယ္...

မႀကီးပံု..သားတို႔ေမာင္ႏွမကိုေခၚရမယ္ေနာ္...

သားတို႔အတန္းထဲက ေကာင္ေလးေျပာတာေတာ့

ဦးပိန္တံတားေအာက္မွာ ေလွစီးရတာေပ်ာ္စရာေကာင္းတယ္တဲ့....တံတားႀကီးကလည္းအျမင့္ႀကီးနဲ႔ အရွည္ႀကီးပဲတဲ့...."


"ဟုတ္လား...ကိုႀကီး...သမီးလည္းျမင္ဖူးခ်င္လိုက္တာ...."


"ဟုတ္တယ္မိစုရဲ့....ကိုႀကီးတို႔မႏၲေလးကိုေရာက္ရင္..မိစုကိုအဲ့ဒီ့ေနရာအထိေခၚသြားေပးမယ္ေနာ္...."


"တကယ္...ဟား...ေပ်ာ္လိုက္တာ...ထမင္းစားၿပီးတာနဲ႔ သမီးတို႔ေတြမႏၲေလးကိုသြားဖို႔ အ၀တ္အစားထုပ္ရေအာင္..."


"ေအး...ေကာင္းတယ္..."


တကယ္သြားရမၫ့္ပံုရိပ္က ဘာမွမေျပာရေသးခင္ ကေလးႏွစ္ေယာက္ကေတာ့ အတိုင္အေဖာက္ညီေနၾကေလသည္။ေဒၚလးကေတာ့ မရယ္ႏိုင္မႃပံုးႏိုင္

ျဖစ္လ်ွက္ ထမင္းစားပဲြကေနထသြားသည္။

ပံုရိပ္လည္း ဘယ္လိုမွဆက္စား၍မ်ိဳမက်ႏိုင္ေတာ့ေပ။မနက္ျဖန္ဆိုရင္ ေဒၚယဉ္တင့္က မနက္ေစာေစာကားႏွင့္ လာေခၚမည္ဟုေျပာခဲ့သည္။ပံုရိပ္ေတာ့ ယခုအထိစိတ္ကိုဒုန္းဒုန္းမခ်ႏိုင္ေသးေပ။


"ဟား....စားရကံႄကံုလို႔မုတ္ဆိတ္ပ်ားဆဲြတာပဲေဟ့

...ထမင္းပဲြနဲ႔လာတိုးေနရတယ္...တယ္ဟုတ္ပါလား

....အမဲသားေတြဘာေတြခ်က္လို႔...က်ဳပ္တို႔အိမ္ထက္ေတာင္ ဟင္းေကာင္းေနေသးတယ္..."


အိမ္ေပၚသို႔ စကားတေျပာ‌ေျပာႏွင့္တက္လာေသာအပ်ိဳႀကီးသည္ ပံုရိပ္တို႔၏ထမင္းစားပဲြေလးကိုၾကၫ့္လိုက္ၿပီး အမဲသားတစ္တံုးကိုလည္း ယူစားလိုက္ေသးသည္ ။သူ႔လက္ထဲတြင္ေတာ့

အနက္ေရာင္အထုပ္ကေလးတစ္ထုပ္ပါလာသည္။


"ပံုရိပ္....ဘယ္မလဲ...နင့္အေဒၚ...."


"အိပ္ခန္းထဲမွာရိွပါတယ္...."


ထမင္းပန္းကန္ေတြကိုေဆးၿပီး ပံုရိပ္၏အခန္းထဲသို႔၀င္သြားေသာ ေဒၚေလးသည္ျပန္ထြက္လာေတာ့ ႏွာသီးဖ်ားႏွင့္ မ်က္လံုးေတြကနီက်င္က်င္ျဖစ္ေနသည္။မ်က္လံုးေလး အဝိုင္းသားႏွင့္အပ်ိဳႀကီးေရာ ပံုရိပ္ပါ ဘာစကားတစ္ခြန္းမ်ွမဆိုႏိုင္ပဲ ေဒၚေလးကိုသာ ေၾကာင္၍ၾကၫ့္ေနမိၾကသည္။

ေဒၚေလးငိုထားတာမ်ားလား။အိပ္ခန္းထဲကို ေတာ္ရံုအေၾကာင္းမရိွပဲ မ၀င္တတ္သၫ့္ေဒၚေလးသည္

ပံုရိပ္ေၾကာင့္၀င္ငိုေနရေလၿပီ။


ပံုရိပ္တရားပါရဲ့လား အားလံုးရဲ့ရင္ကိုေျခစံုကန္ၿပီး ထြက္သြားရမွာ ပံုရိပ္တကယ္ေရာတရားရဲ့လား။


"မရွင္းသန႔္...ရွင္ငိုေနတာလား..."


"မဟုတ္ပါဘူး...အပ်ိဳႀကီးရယ္...ဒါနဲ႔ဘာကိစၥရိွလို႔လဲဟင္..."


"အမယ္ေလး...ေမးပံုကလည္းရိုက္ေပါက္ပါလားေဟ့...ကၽြန္မကရွင္တို႔အိမ္ကိုကိစၥမရိွရင္မလာရေတာ့ဘူးလား...."


"အဲ့လိုလည္းမဟုတ္ပါဘူး...ေသာကေတြကမ်ားေနေတာ့ ရိုင္းသလိုျဖစ္သြားတယ္...လာဒီမွာထိုင္ေလ..."


အပ်ိဳႀကီးႏွင့္ ေဒၚေလးတို႔ႏွစ္ေယာက္သည္ ဘုရားစင္ေအာက္တြင္ထိုင္၍ စကားေဖာင္ဖဲြ႔ေနသည္ကိုပံုရိပ္လည္းနားစြင့္ေနမိသည္။သူတို႔အဓိကေျပာၾကတာကေတာ့ ပံုရိပ္၏ကိစၥပါပဲ။

ၿပီးေနာက္ အေဖနဲ႔အေမ၏စေတြ့ၾကပံုေတြနဲ႔

အေမ့ကိုလာေတာင္းရန္းစဉ္က အေဖ့ေဆြမ်ိဳးေတြ၏ မၾကည္ျဖဴပံုေတြကို ျပန္၍စၿမွဳပ္ျပန္ေနၾကေလသည္။အဖြားေဒၚရိပ္ညိုဆိုသူ၏ ပံုပန္းသ႑န္ကိုလည္း အေဒၚသည္အပ်ိဳႀကီးအားလက္ဟန္ေျခဟန္ျဖင့္ ပံုေဖာ္ျပေလသည္။


"အရပ္ကရွည္ၿပီး ခႏၶာကိုယ္ကေတာင့္ေတာင့္

ေျဖာင့္ေျဖာင့္ရယ္ပါ....ဆံထံုးကိုႏွစ္ပတ္လ်ိႈေလာက္ထံုးထားၿပီး ပန္တဲ့ကလစ္ကအစ စိန္ေတြနဲ႔စီထားတာသိလား...

မ်က္ႏွာကေတာ့ ေမာ့ခ်ီေနတာပဲ..

ကၽြန္မတို႔ဆိုတာအဲ့အခ်ိန္ကအပ်ိဳေလးအရြယ္ေလးဆိုေတာ့ အဲ့ဒီ့မိန္းမႀကီးရဲ့မ်က္လံုးကိုတၫ့္တၫ့္ စိုက္မၾကၫ့္ရဲပါဘူးဆို...မိန္းမအသံဆိုေပမဲ့…

သူ႔အသံၾကားတာနဲ႔ငွက္ဖ်ားထေလာက္တယ္...

မ်က္ႏွာေၾကာမာၿပီး အသံကအမိန႔္ေပးသလို

အသံႀကီးနဲ႔...သူ႔သမီးဆိုပိုေတာင္ဆိုးေသးတယ္

...မ်က္ႏွာကေလ...‌မာထန္ၿပီးဘ၀င္ေလဟပ္ေနသလိုရုပ္မ်ိဳး...ခ်မ္းသာတာေတာ့ေတာ္ေတာ္ခ်မ္းသာၾကမဲ့ပံုပဲ...ကၽြန္မသေဘာမက်တာကေတာ့...အဲ့ဒီလိုဂုဏ္ေမာက္ၿပီး...အဆင့္အတန္းခဲြျခားလြန္းတဲ့အိမ္ကိုလႊတ္လိုက္ရင္...

ကၽြန္မတူမေလးကိုအျမင္မၾကည္မွာစိုးရိမ္တယ္...

ပံုရိပ္အေၾကာင္းကလည္း အပ်ိဳႀကီးသိတဲ့အတိုင္းပဲ

...စိတ္ဆက္တဲ့သူဆိုေတာ့ ျပႆနာေတျြဖစ္ကုန္မွာစိုးတယ္...သူမ်ားေဒသမွာ သည္းခံႏိုင္မွရမွာေလ

...ေနာက္ၿပီး ကေလးကိုသူတို႔လိုဂုဏ္ေမာက္ၿပီး...

လူလူခ်င္းေတာင္ တင္စီးတတ္တဲ့အက်င့္ေတြ

မကူးေစခ်င္ဘူး...အခုအခ်ိန္မွာ ေျပာင္းလဲသြားၿပီလားဆိုတာ မသိေပမဲ့...ကၽြန္မကေတာ့တကယ္ကိုစိတ္မခ်တာ...."


"မႀကီးပံု...သားတို႔စားၿပီးၿပီ...."


"ေအး...မႀကီးကိုပန္းကန္ေတြေပး....လက္သြားေဆးရေအာင္..."


ေဒၚေလးတို႔ စကားေျပာေနတာကို ထမင္းစားခ်င္ေယာင္ေဆာင္ၿပီးနားေထာင္ေနမိရာမွကေလးႏွစ္ေယာက္ႏွင့္အတူ ထမင္းစားၿပီး၍ ပန္းကန္ေဆးရန္ေရစည္ရိွေသာ ေနရာသို႔ထလာခဲ့လိုက္သည္။

ေရစည္မွာ ကေလးေတြကိုဆပ္ျပာႏွင့္လက္ေဆးေပးၿပီး အခန္းသို႔ျပန္လႊတ္လိုက္သည္။

ပံုရိပ္ကေတာ့ ပန္းကန္သံုးခ်က္ကိုပါ ေဆးလိုက္ၿပီး

အခန္းဆီသို႔ျပန္လာခဲ့လိုက္သည္။


ပံုရိပ္တို႔ေနေသာ အခန္းဆီသို႔ေရာက္ခါနီးတြင္ငိုသံတစ္ခုကို ၾကားလိုက္၍ ေျခလွမ္းေတြဟာအလိုလိုရပ္တန႔္သြားမိေလသည္။အသံကိုနားစြင့္ၾကၫ့္ေလ ပိုပီျပင္လာေလျဖစ္ၿပီး ဒါဟာေဒၚေလး၏

ငိုသံမွန္းလည္း ပံုရိပ္သိလိုက္ေလၿပီ။

ၿပီးေနာက္ ကေလးေတြ၏သူတို႔အေမကိုေခ်ာ့ေနသံေတြႏွင့္အတူ အပ်ိဳႀကီး၏အားေပးစကားသံေတြကိုလည္း ၾကားေနရေလသည္။ 


"မိစုနဲ႔ထြန္းကို...သမီးတို႔ရဲ့မႀကီးပံုကေလ...ေမေမတို႔ကိုထားသြားေတာ့မယ္တဲ့ကြယ္...

ေမေမ့သားသမီးေတြကို တကဲြတျပားဆီျဖစ္တာကိုျမင္ရေတာ့မယ္...ေမေမရင္နဲ႔မဆန႔္လိုက္တာ..."


"ေမႀကီးရယ္...မငိုပါနဲ႔...ေမႀကီးငိုေတာ့သားလည္းငိုခ်င္တယ္....မႀကီးကဘာလို႔သားတို႔ကိုထားသြားမွာလည္းဟင္...သားတို႔ေတြအၿမဲအတူေနလို႔မရဘူးလား...."


"ေအးေလ...မႀကီးပံုကသမီးတို႔ကိုဘာလို႔ထားသြားမွာလဲ...သမီးကိုထားသြားရင္ေတာ့ သမီးကမခ်စ္ေတာ့ဘူး..."


"ဟဲ့...မိစု...ဒီေကာင္မေလးနယ္...အဲ့လိုမေျပာရဘူးေလ...ကိုယ့္အစ္မကို...မရွင္းသန႔္ရယ္...ကေလးေတြေရ႔ွမွာ မငိုစမ္းပါနဲ႔...တို႔လည္းစိတ္မေကာင္းေတာ့ျဖစ္တာေပါ့...ဒီမွာပံုရိပ္သြားရင္ထၫ့္ေပးလိုက္ရေအာင္ ဂါ၀န္ေလးႏွစ္စံုေတာင္၀ယ္လာတယ္....

မငိုပါနဲ႔ေတာ့ဟယ္...ေသမဲ့လမ္းကိုသြားတာလည္းမဟုတ္ဘူး...."


"အပ်ိဳႀကီးရယ္...ပံုရိပ္ဆိုတာမမရဲ့ကိုယ္ပြားေလးပါ..ကၽြန္မတို႔ညီအစ္မဘယ္လိုရုန္းကန္ခဲ့ရသလဲ

...ဘယ္ေလာက္သံေယာဇဉ္ႀကီးသလဲဆိုတာ အပ်ိဳႀကီးမသိပါဘူး...ညီအစ္မႏွစ္ေယာက္ပဲတြယ္တာစရာရိွတဲ့ဘ၀မွာ အစ္မဆံုးသြားတာကို

သိလိုက္ရၿပီးယူက်ဳံးမရျဖစ္လို႔မဆံုးေသးဘူး...

အခုကၽြန္မသိပ္ခ်စ္ရတဲ့တူမေလးကိုပါ

ခဲြရေတာ့မွာေလ..ကၽြန္မငိုတာလြန္သလား...

ဒီကေလးကို ေမြးကတည္းက ကၽြန္မအရင္ဆံုးခ်ီေပြ့ခဲ့ရတာပါ...သူ႔အေမအိမ္မွာထက္ ကၽြန္မအိမ္မွာအေနမ်ားခဲ့တဲ့ကေလးပါ...မိစုတို႔ထြန္းကိုတို႔ထက္ အရင္ဦးဆံုးသံေယာဇဉ္ျဖစ္ခဲ့ရတာ...

ဟိုဘက္အသိုင္းအဝိုင္းက သိပ္ခ်မ္းသာၿပီး..

သိပ္ဂုဏ္ေမာက္တာ...ပံုရိပ္ကိုကၽြန္မတို႔အသိုင္းအဝိုင္းနဲ႔ေရာေနွာခိုင္းမွာမဟုတ္ေလာက္ဘူး...ေသခ်ာပါတယ္...

ကၽြန္မတူမေလးကို ကၽြန္မအၿပီးအပိုင္ခဲြရေတာ့မွာ...."


အလုပ္သြားေနၾက၍ ပိတ္ထားေသာသူမ်ား၏

အခန္းတံခါး၀ကို ေက်ာမွီလ်ွက္ ပံုရိပ္လည္းငိုေနမိေလၿပီ။သံေယာဇဉ္ဆိုတာ ဆူးႀကိဳးတစ္ေခ်ာင္းလိုပါပဲလား။ပိုတြယ္ၿငိမိေလ ပိုနာက်င္ရေလပဲ။

ကိုယ့္ကိုကိုယ္လည္း အျပစ္တင္မိသည္။

ယခင္ကထားခဲ့ေသာ စိတ္ေတြေနရာမွာ

ကိုယ့္တစ္ဘို႔တည္းအတြက္ပဲ ၾကၫ့္ေနမိေသာ 

တစ္ကိုယ္ေကာင္းစိတ္ေတြေရာက္လာသည္။

ေဒၚေလးကို နားေစခ်င္၍၊ေထာက္ပံ့ခ်င္၍ အလုပ္ေတြေတာင္ထြက္လုပ္ေနၿပီးမွ ဒီမိသားစုကိုထားခဲ့ဖို႔ ေတြးေနမိတယ္။


"ဟာ...နားေတြကိုညည္းေနတာပဲ...တစ္အိမ္လံုးလည္းက်က္သေရမဂၤလာကိုမရိွဘူး...."


ထိုစဉ္ ၿခံထဲသို႔မူးမူးရူးရူးျဖင့္ ၀င္လာေသာဦးသက္ေဆြကို ပံုရိပ္စူးစူးရဲရဲစိုက္ၾကၫ့္လိုက္မိသည္။

အိမ္ကိုျပန္လာတယ္ဆိုရင္ ျပႆနာကိုအရင္မီးေမႊးသည္။ကိုယ့္အိမ္မွာ ဘာျဖစ္လို႔ျဖစ္ေနမွန္းသူမသိသလို စိတ္လည္းမ၀င္စားဘူး။

ပံုရိပ္၏ လိႈင္းေလၿငိမ္ေနေသာေရျပင္ကို လႈပ္ခတ္ေအာင္လုပ္သၫ့္တရားခံဟာ ဦးသက္ေဆြပါပဲ။

ပံုရိပ္သူ႔ကိုသိပ္မုန္းတယ္။


                        🔥ဆူးႀကိဳး...🔥အခန္း(၂၉)🔥  ဒုတိယပိုင္း မၾကာမီလာမည္🥰


No comments:

Post a Comment