🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 #အခန်း၂၁
🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
#အခန်း၂၁
ညနေ နေ၀င်ရီတရောအချိန်ဖြစ်သည့်အလျှောက် စိမ်းစိုပျိုနုတဲ့ စပါးခင်းကြီးတွေဟာ ပုဇွန်ဆီရောင်ရေးရေးလေးယှက်သန်းနေကြသည်။
လူသွား၊လူလာကင်းပြီး လှည်းတစ်စီး၊ယာဉ်တစ်စင်းတောင် ဖြတ်အမောင်းမခံရ၍ လှည်းလမ်းကြောင်းရဲ့ဖုန်မှုန့်တွေဟာလည်း ငြိမ်သက်လို့နေလေသည်။
ထိုညနေဆည်းဆာအောက်တွင် သစ်ပင်အရိပ်တစ်ခုအောက်သို့ နေဂုဏ်မာန်ဟာ စံပယ်မွှေးအား လက်ကိုဆွဲ၍ ခေါ်လာလေသည်။
နှစ်ယောက်လုံး၏ ပါးပြင်ပေါ်သို့ ရောင်နီအလင်းတန်းတွေဟာ ဖြာကျလို့နေလေသည်။
တိတ်ဆိတ်မှုသာ တည်ရှိနေသော အချိန်အခါတွင် သူမတို့ရပ်နေသော လှည်းလမ်းကြောင်း၏ တစ်ဖက်ခြမ်းရှိ အရောင်စိမ်းစိမ်းစပါးပင်တန်းတို့ဟာ လေပြေနှင့်အတူ ဘယ်ညာယိမ်း၍ နေလေသည်။
မွှေးကို ဆုပ်ကိုင်ထားသည့်လက်အား ဖြုတ်ပေးလိုက်ပြီး သူမရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်လိုက်မိသည်။
သူ့ကိုမကြည့်ပဲ အဝေးကိုသာ အကြည့်လွှဲထားသည့်
သူမ ဘယ်လောက်တောင်ခံစားချက်ပြင်းထန်ခဲ့
မလဲ။
ကိုယ်တောင် သိသိချင်း ဒေါသထွက်ခဲ့ရင်
အလှည့်စားခံလိုက်ရတယ်လို့ ထင်ခဲ့တဲ့သူမက
ပိုလို့တောင် ကြေကွဲခဲ့ရမှာပဲ။
မွှေးရဲ့စိတ်က ရိုးသားပြီးပွင့်လင်းတဲ့အပြင်
သစ္စာတရားကိုလည်း အင်မတန်တန်ဖိုးထားတာ
သူသိပ်သိတာပေါ့။
ကိုယ့်ဆီကနေ ဘာကိုမှမျှော်လင့်ခဲ့တဲ့ မိန်းကလေးမဟုတ်တော့ အဝေးကိုထွက်သွားဖို့ပဲ သူမဆုံးဖြတ်ခဲ့တယ်ထင်ပါရဲ့။
ဒါပေမဲ့ မွှေးရေ မင်းဘယ်နေရာကိုရောက်ရောက် ကိုယ်ရအောင် ရှာနိုင်ခဲ့တယ် မဟုတ်လား။
"ကဲ..ပြောစရာရှိတာ..မြန်မြန်ပြောစမ်းပါ...ဘာတွေ
ငိုင်ကြည့်နေတာလဲ...."
"အရင်ဆုံးကိုယ်ပြောချင်တာက..တောင်းပန်ပါတယ်.."
"ဟမ်..ဘာကိုတောင်းပန်တာလဲ.."
တောင်းပန်ပါတယ်တဲ့။ဘာအတွက်လဲ။သူ့မိန်းမနဲ့ ကလေးတွေကို ဦးစားပေးမိတဲ့အတွက်လား။
စံပယ့်ကို လိမ်ညာခဲ့တဲ့အတွက်လား။
အရာရာဟာ မှားယွင်းခဲ့တယ်ဆိုရင်
ကျွန်မကိုယ်တိုင်က အမှားကိုလက်ယက်ခေါ်မိလို့
ကိုယ့်ကိုကိုယ် ပြန်ဒဏ်ခတ်မိတယ်လို့ပဲ မှတ်ပါတယ်။
"မွှေးကိုအသိမပေးပဲ..လွန်ခဲ့တဲ့လေးလလောက်တုန်းက..အင်္ဂလန်မှာရှိတဲ့ကိုယ့်ဦးလေးဆီကို
သွားမိခဲ့တဲ့အတွက်ပါ..."
အစက ဘယ်လိုကလိမ်ဆင်တွေနဲ့သံတော်ဦး
တင်မလဲလို့ တွေးနေမိရာမှ သူ့စကားကြောင့် မျက်လုံးပြူးပြီး သူ့ကိုပြန်ကြည့်နေရသည့်အဖြစ်
ရောက်သွားရသည်။နားကြားမှားတာများလားလို့
ကိုယ့်နားကိုယ်တောင် လိမ်ဆွဲကြည့်လိုက်ချင်သည်။သူ့မျက်၀န်းတွေကို တန်ပြန်ကြည့်လိုက်တော့လည်း မှားယွင်းမှုတစ်စုံတစ်ရာရှိနေတဲ့ အငွေ့အသက်မျိုးကို မတွေ့ရဘူး။
"..ရှင့်ဦးလေးဆီကိုသွားခဲ့တာဟုတ်လား..
ရှင်လိမ်ပြောနေတာ မဟုတ်လား..."
"ဟာ...ကိုယ်အမှန်တွေပြောနေတာပါ..
မွှေးရွာကိုပြန်လာပြီးနောက်တစ်နေ့ပဲ..အင်္ဂလန်ကကိုယ့်ဦးလေးအသည်းအသန်ဖြစ်လို့..ကိုယ်ပြန်သွားမိတာပါ..မွှေးကိုမပြောခဲ့ရတာကလည်း..
အလျှင်စလိုဖြစ်သွားတာရယ်..မွှေးလည်းအဖွားရဲ့ကျန်းမာရေးကြောင့်စိတ်ထိခိုက်နေမယ်ထင်လို့..ကိုယ်မပြောရက်ခဲ့တာပါ.."
"နေပါဦး..ကျွန်မ..မရှင်းလို့မေးပါရစေ..အင်္ဂလန်မှာ နေတဲ့ရှင့် သားနေမကောင်းလို့သွားတာဆို..
အခုဘာလို့ ဦးလေးဖြစ်နေရတာလဲ...စကားကို
ဗလောင်းဗလဲမပြောနဲ့နော်...."
"ဟာ..ပေါက်တက်ကရတွေ..ဘယ်သူကပြောတာလဲ.."
"ဟို..မချယ်ရီစူး..ပြောတာလေ..ရှင့်မိန်းမနာမည်ကမယ်ရီတဲ့ နောက်ပြီးရှင်တို့မှာကလေးနှစ်ယောက်
လည်းရှိတယ်တဲ့..အငယ်ဆုံးကလေးနေမကောင်းလို့..အင်္ဂလန်ကိုလိုက်သွားတာဆို.."
"ဟာ..မွှေးရယ်..သူများပြောတိုင်းဘာလို့ လျှောက်ယုံရတာလည်း....အဲ့ဒီ့မိန်းမက ကိုယ်နဲ့မှမတည့်တာ
အဲ့ဒါကြောင့်မင်းကိုတုံးတယ်လို့ပြောချင်တာ.."
"ရှင်နော်.."
"ဘာရှင်နော်လဲ..စကားတစ်ခုကိုယုံသင့်လား..
မယုံသင့်ဘူးလားဆိုတာ..ပြောတဲ့သူကိုကြည့်လေ
..ကိုယ့်လိုဂုဏ်သိက္ခာရှိတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားဆိုရင်တော့ယုံပေါ့..ဟိုအယုတ်တမာမရဲ့စကားများ
..မွှေးပဲယုံနေသိလား..
ကိုယ်ကလေလူပျိုကိုမှ..တစ်ရာရာခိုင်နှုန်းလူပျိုအစစ်ပါခင်ဗျာ.."
"ဒါဆို..ရှင်က..ကလေးနှစ်ယောက်အဖေမဟုတ်ဘူးပေါ့..ကျွန်မအခုထိ မယုံချင်သေးဘူးနော်...
သူကအင်စတာဂရမ်ဆိုလား အဲ့ပုံတွေပါပြတာ...
ရှင်ကလေးကို ဆေးရုံမှာချီထားတာတွေရော..စုံနေတာပဲ...."
ဘယ်လိုရှင်းရှင်း ရှုပ်နေတုန်းပဲဖြစ်နေသည့် ကလေးမကို ထိပ်သာဖွဖွထုပစ်လိုက်ချင်သည်။
ကိုယ့်ကိုကိုယ် လူပျိုဖြစ်ကြောင်း ခဏခဏကြေငြာ၀င်နေရတာလည်း နားမလည်သေးပါလား။
ကိုယ့်ရုပ်ကပဲ တကယ့်ကလေးအဖေရုပ်ကြီးနဲ့ တူနေသလားမသိပါဘူး။
" ချယ်ရီစူးဆိုတဲ့မိန်းမကတော့ ကိုယ့်ဘ၀ကိုဖြတ်စီးတဲ့နေရာမှာ အကွက်ကိုစိနေပါလား..
အဲ့ကလေးနှစ်ယောက်က မယ်ရီနဲ့ကိုယ့်သူငယ်ချင်း ဒန်နီရယ်ရဲ့ကလေးတွေဗျ ဓာတ်ပုံရိုက်ပေးတဲ့လူက အဲ့ကလေးတွေရဲ့အဖေဗျာ..ကဲရှင်းပြီလား..
မယုံသေးရင် ဒယ်ဒီ့ကိုပါ ဖုန်းဆက်ပြီး
လူပျိုစစ်မစစ် မေးလိုက်ရမလား..."
"ဟယ်...တော်ပါ...ယုံပါပြီ...."
ရယ်ကျဲကျဲလာလုပ်ပြနေသည့် ကောင်မလေးရဲ့မျက်နှာအနားသို့ သူ့မျက်နှာကိုတိုးကပ်လိုက်ပြီး ခန္ဓာကိုယ်ကိုကိုင်းညွှတ်ကာ ခါးကိုထောက်လိုက်သည်။
"ဒီလောက်တောင်လိုချင်နေတဲ့ကလေးနှစ်ယောက်..
လာခဲ့အခုချက်ချင်း ငါးယောက်လောက်ထွက်သွားအောင်ကို..ပွဲကြမ်းပြမယ်.."
မှောင်ရိပ်ပျိုးစ လှည်းလမ်းကြောင်းနံဘေးမှာ
စံပယ့်ခါးကိုလက်နှစ်ဖက်နဲ့ ရစ်သိုင်းပြီးတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။
ခွဲခွာခဲ့ရတဲ့ရက်များစွာက နှစ်တစ်ရာလောက်ပင်ကြာနေတော့သလို ထင်မှတ်မိတာကြောင့် စံပယ်လည်းသူ့ခါးကို ပြန်ဖက်ထားလိုက်မိသည်။
ကြားလေ သွေးလို့ ဝေးခဲ့ရတယ်ဆိုပေမဲ့ စံပယ်တို့နှစ်ယောက်ကြားက ကြိုးကလေးဟာ ခိုင်အောင် သေချာမချည်ခဲ့မိတာဆိုရင်ပိုမှန်ပါလိမ့်မယ်။
စံပယ်လည်း ကိုယ့်အကြောင်းကို အများကြီးမပြောပြဖူးသလို သူလည်းတိုင်ပင်ဆွေးနွေးမှုမရှိခဲ့ဘူး။
အဲ့ဒီတော့ ဖူးစာကြိုးလေးဟာ ခဏတာလောက် ပြတ်တောက်ခဲ့ရတာပေါ့။
"မွှေး.."
"ဟင်.."
"ကိုကိုလို့..ခေါ်ပါလား"
"မခေါ်ချင်ပါဘူး..လျှာယားတယ်.."
"ဟာ..အဲ့ရှင်တွေ..ဦးနေဂုဏ်တွေခေါ်နေတာကတော့..လျှားမယားဘူးပေါ့လေ.."
"ဟာ..မသိဘူး..မခေါ်ချင်ဘူးဆို.."
"ဟာ..ခေါ်ရမယ်ကွာ..တစ် နှစ် သုံးရေလို့မှ မခေါ်ရင်ပွဲကြမ်းပြီနော်..ကဲ..ရေပြီနော်..တစ် နှစ် သုံး.."
"ကိုကိုရေ!!!...."
"ဟာ....ဘယ်ကအသံကြီးလည်း.."
"ဟဲ ဟဲ..မိစိုးတို့အဖွဲ့ရယ်ပါ..ကိုကိုရေ.."
"ဟာ..မစိုးတို့..မလှရီ..မရင်..မငယ်လေး..ရှင်တို့ဘယ်လိုကနေ..ဘယ်လိုရောက်နေကြတာလဲ.."
ပြိုင်တူထွက်လာသည့် အသံ၏ လားရာက
ခပ်မှောင်မှောင် ချုံပင်ကြီး၏အနောက်မှ ဖြစ်လေသည်။
လုပ်အားလာပေးသည့် အပျိုကြီးများအဖွဲ့သည် ပြုံးစိ၊ပြုံးစိနှင့် အုပ်စုလိုက်ကြီးထွက်လာကြသည်။စံပယ်ကတော့ သူခိုးလူမိသလို ဖြစ်နေ၍ ရှက်လွန်းလို့ မျက်နှာကြီးကိုသာလှည်းလမ်းကြောင်းမှာ
ပစ်ချခဲ့လိုက်ချင်သည်။
"တို့ကလေ..ဟို ပွဲကြမ်းမယ်ဆိုတဲ့အချိန်ထဲကချောင်းနေကြတာပါရှင်.."
"ဟုတ်ပါတယ်..စံပယ်ရေ..ငါးယောက်ဆိုလား..
ထွက်လာရင်ချီရအောင်. တို့အပျိုကြီးအဖွဲ့ကအသင့်စောင့်နေကြတာပါရှင်.."
ဘယ်ကတည်းက ချုံကြားထဲမှာပုန်းနေကြလဲ
မသိဘူး ။
အဖွဲ့လိုက်ကြီး ချောင်းကြည့်နေကြတာများ
ဒီအပျိုကြီးတွေနဲ့တော့ခက်ပါတယ်။
ဝါသနာကလည်း မသေးကြပါလား။
စံပယ့်မျက်နှာကြီးလည်း ရှက်သွေးဖြာပြီး
ထူပူလာတာကြောင့် ထိုအဖွဲ့အရှေ့မှ အမြန်ပြေးထွက်လာခဲ့လိုက်သည်။
"ဟာ..ဟေ့..စံပယ်ရေမပြေးနဲ့လေ..ပွဲကြမ်းမယ်ဆို.."
"ဟား...ဟား...စံပယ်တို့ကတော့ ရှက်ပြီး ထွက်ပြေး
သွားပြီ...အဲ့တော့ ကျန်ခဲ့တဲ့တစ်ယောက်ကိုပဲ
...စစ်ကြောရေးလုပ်ရမယ်..."
နေဂုဏ်မာန်လည်း သူ့ဘက်လှည့်လာသည့် အပျိုကြီးအဖွဲ့ကြောင့် ရင်တော်တော်လေးနေရသည်။ဒီအဖွဲ့က မထင်ရင်မထင်သလို ဟားတိုက်တဲ့အဖွဲ့မို့ ဝေးဝေးကရှောင်းနေတာပဲကောင်းတယ်ဟု တွေးပြီး ပြေးလေတော့သည်။
"ဟဲ့....ဟဲ့...ဘယ်ကိုပြေးတာလဲ...."
အတွဲအချောင်း ကောင်းသည့် အပျိုကြီးများအဖွဲ့ကြောင့် စံပယ်မွှေးနှင့် နေဂုဏ်မာန်တို့ချစ်သူနှစ်ဦးအဖို့ တောင်ပြေး၊မြောက်ပြေးဖြစ်ကုန်လေတော့သည်။
🌻🌻🌻🌻🌻🌻🌻🌻🌻
🎵သူ့ကိုမှ..ချစ်မိနေပါတယ်..🎵
🎵တွေ့နေ..မြင်နေကြမို့🎵
🎵ဖြေဖျောက်ဖို့လည်းမလွယ်🎵
🎵မျက်စိထဲ တဝဲဝဲ လည်လည်🎵
🎵သူ့အလှ ပင့်ကူမြှေးသဖွယ်🎵
🎵အော်...ရစ်ပတ်ဖွဲ့နှောင်ထားလို့🎵
🎵ရုန်းထွက်ဖို့လည်း ခက်လှတယ်🎵
🎵ကိုယ့်ကိုကွယ် စိုးမိုးနိုင်လွန်းတယ်🎵
အိမ်ခေါင်းရင်းထရံ တံခါးမှလခြမ်းကွေးလေးကိုကြည့်နေရင်း ရေဒီယိုလေးနားထောင်နေရတာဟာသူ့အတွက်တကယ့်ကို သုခဘုံပါပဲ။
ဘ၀မှာ စိတ်ညစ်စရာတွေ၊ အားငယ်စရာ၊ ၀မ်းနည်းစရာအခိုက်အတန့်တွေ အများကြီးရှိခဲ့တယ်။
ကျရှုံးဖို့ တစ်လှမ်းစာပဲလိုတဲ့အချိန်တွေမှာလည်း
မဆုတ်မနစ်ပဲ ကြိုးစားပြီး အားတင်းခဲ့ရဖူးတယ်။
အဆိုးဆုံးအခြအနေတွေကို ရင်ဆိုင်လာခဲ့ဖူးတာကြောင့် ခံစားချက်ရသအစုံကိုမြည်းစမ်းကြည့်ခဲ့ဖူးပြီးလေပြီ။ဒါပေမဲ့ အခုအချိန်မှာ ဖြစ်နေတဲ့ခံစားချက်ကတော့လုံး၀ကို ကွဲပြားတယ်။
အခု ခံစားနေရတာက အမြင့်ဆုံးဆိုတဲ့ နေရာကိုရောက်လို့ ဂုဏ်ယူ၀င့်ကြွားနေတာမျိုးလည်း
မဟုတ်သလို၊ သိန်းထီဆုကြီးပေါက်လို့
ပျော်နေမိတဲ့ အပျော်မျိုးလည်း မဟုတ်ပါဘူး။
ဘ၀မှာ အလိုချင်အတောင့်တဆုံးသော ဆုလာဒ်ကလေးကို ရလိုက်တဲ့ခံစားချက်မျိုး၊ အသက်လောက် တန်ဖိုးကြီးတဲ့ ပစ္စည်းလေးကို ဆုံးရှုံ့ရပြီလို့ ထင်ခဲ့မိကာမှ ပြန်လည်ရရှိလာတဲ့ ခံစားချက်မျိုးပါပဲ။
ချစ်တဲ့သူလေးကို ပိုင်ဆိုင်ခွင့်ရတော့မည်ဖြစ်တာ ကြောင့် လောကကြီးကဘယ်လောက်တောင်
လှနေလိုက်သလဲ။
လမင်းကြီးဟာ လပြည့်ညကျော်လွန်သွားတဲ့အခါ တဖြည်းဖြည်းသေးငယ်သွားပေမဲ့ မွှေးအပေါ်ကို ထားရှိတဲ့ခံစားချက်တွေကိုတော့ သေးငယ်၊
ကုန်လွန်မသွားအောင် ထိန်းသိမ်းချင်တယ်။
"ရှင်..မအိပ်သေးဘူးလား..ဒီမှာ...ချမ်းရင်ခြုံရအောင်..စောင်လာပေးတာ...."
အသံလာရာကို လှည့်ကြည့်လိုက်တော့ သူ့ရဲ့မွှေးလေးက ညဘက်မို့ဆံပင်တွေကို ဖြန့်ချထားပြီး
သူ့ခြင်ထောင်ဘေးမှာ ပဆစ်တုတ်၍လာထိုင်နေလေသည်။ပါးပြင်လေးက သနပ်ခါးတို့ကင်းလွတ်နေ၍ ၀င်းပကြည်လင်နေသည်။ခုဏက သူကြည့်နေမိတဲ့ လရောင်ကို ထိန်လင်းလှပြီထင်ခဲ့တာ။
ယခု သူ့ချစ်သူရဲ့မျက်နှာလေးကမှ လမင်းထက်အဆတစ်ရာလောက် ရောင်ဝါတောက်ပနေသလိုပါပဲ။
အရမ်းချစ်တယ်မွှေးရယ်။မင်းကြောင့်သာ
ကိုယ်တစ်ခါမှ မတွေးတောမိခဲ့တဲ့ လုပ်ရပ်တွေကို လုပ်မိနေခဲ့တာပေါ့။ ပရဟိတအဖွဲ့တွေကို အလှူငွေထည့်ပြီးပဲ လှူခဲ့တဲ့ကိုယ်က အခုလိုရွာငယ်လေးအထိ ကားတစ်တန်လှေတစ်တန်နဲ့ ရောက်လာပြီး
ကိုယ်တိုင်လှူဒါန်းမိအောင် မင်းလုပ်ခဲ့တယ်။
ဘယ်လောက်ဈေးကြီးတဲ့အရာဖြစ်ဖြစ်
ကြိုက်တယ်၊နှစ်သက်တယ်၊လိုချင်တယ်ဆိုတာနဲ့ အလွယ်လေး ကိုယ့်အရှေ့ရောက်လာအောင်
လုပ်နေမိတဲ့အကျင့်ကနေ လယ်ထဲမှာ ကောက်ရိတ်ပြပြီး ချစ်သူဆီကမေတ္တာတရားကို
တောင်းခံခဲ့ရသတဲ့။ဟာသတစ်ပုဒ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ မေတ္တာတရား၊ချစ်ခြင်းတရားရဲ့ တန်ဖိုးကြီးမားမှုကို ယောင်လို့တောင် အထင်မသေးရဲတော့ဘူး။
"ဟိတ်လူကြီး...ဘာတွေတွေးနေတာလဲ...ဒီမှာခြုံဖို့စောင်ယူလေ...."
ခြင်ထောင်ထဲသို့ စောင်ကိုထည့်ပေးနေသည့်
သူမရဲ့လက်ကလေးကို သူဆုပ်ကိုင်လိုက်ပြီး
သူမရဲ့ အံ့ဩနေတဲ့မျက်၀န်းလေးတွေကို
တည့်တည့်ကြည့်ကာ သူပြုံးပြလိုက်သည်။
သူ့အပြုံးရဲ့အဓိကအချက်ကတော့ သူမရဲ့ခန္ဓာကိုယ်လေးကို ခြင်ထောင်ထဲသို့ဆွဲသွင်းပြီး ရင်ခွင်ထဲမှာ ပွေ့ဖက်ထားမိခြင်းကြောင့်ပါပဲ။
နှစ်ယောက်သားရဲ့ နှလုံးခုန်နှုန်းတွေမြန်ဆန်လာသည်မှာ ဆူနာမီငလျှင်ကဲ့သို့ပြင်းအားမျိုးနှင့် တင်စားရလောက်သည်။
"ရှင်ဘာဖြစ်နေတာလဲ..လွှတ်နော်.."
"ရှူး..တိုးတိုးနေလေ..တော်ကြာမွှေးရဲ့အဖွားထွက်လာမှ..ညတွင်းချင်းမင်္ဂလာဆောင်ပေးနေအုံးမယ်.."
"ရှင်မဟုတ်တာမပြောနဲ့နော်.."
"စိတ်ချ..မဟုတ်တာမပြောဘူး..မဟုတ်တာပဲလုပ်မှာ.."
သူ့မျက်နှာကြီးက စံပယ့်မျက်နှာနဲ့တဖြည်းဖြည်း
နီးကပ်လာပြီးသူ့လက်တစ်ဖက်ကို
စံပယ့်ခါးအောက်မှာထားကာ နောက်လက်တစ်ဖက်ကတော့ စံပယ့်ဦးခေါင်းကိုထိန်းကိုင်ထားလေသည်။
စံပယ်ကသူ့ခေါင်းအုံးကိုအုံးနေရပြီး သူကတော့
စံပယ့်ခေါင်းဘေးမှာ လက်ထောက်ရင်း
ကြယ်ရောင်စုံတောက်နေသည့် မျက်၀န်းမျိုးနှင့် ကြည့်လာသည်။
စံပယ်လည်း ဘာကြောင့်ရယ်မသိ သူ့ရဲ့ပါးပြင်ကို လက်ဖဝါးလေးနဲ့ အုပ်ပြီးကိုင်လိုက်မိသည်။
သူသာ စံပယ့်ကိုလက်လျှော့ခဲ့ရင် အခုလိုပြန်စုံစည်းနိုင်မှာမဟုတ်ဘူး။တကယ်တော့ သရဲဘောကြောင်ခဲ့တဲ့လူက စံပယ်ရယ်ပါ။
သူ့လို ပုဂ္ဂိုလ်တစ်ယောက်ကတောင် စံပယ့်အတွက်အရာရာ လက်ခံပေးခဲ့တဲ့အချိန် စံပယ်ကတော့
သူ့ကိုထားရစ်ခဲ့မိတယ်။
အမှန်ဆိုရင် သူကတောင် စံပယ့်ကိုငြိုငြင်ရအုံးမှာပါ။
သူက နိုင်ငံခြားမှာ ဘွဲ့ရခဲ့တဲ့လူတစ်ယောက်၊
စံပယ်ကတော့ ကိုးတန်းနဲ့ကျောင်းထွက်ခဲ့ရတယ်။
သူ့ဆီမှာတုန်းက ခမ်းနားတဲ့တိုက်တာကြီးနဲ့ စံပယ်နေခဲ့ရပေမဲ့ စံပယ့်ဆီမှာတော့ ကြူထရံကာ
အိမ်ကလေးကိုမှ သူ့အတွက်အိပ်ခန်းအပိုမရှိလို့ ဘုရားခန်းမှာ အိပ်နေရရှာတယ်။
ရုံးခန်းထဲမှာ နေ့စဉ်နေ့တိုင်း အဲယားကွန်းအေးအေးကိုဖွင့်ပြီး ဘော့ပန်င်သာကိုင်ရတဲ့ တန်ဖိုးရှိတဲ့လက်တွေက ကောက်ရိတ်လို့ တံစဉ်ရှပြီး သွေးသံတရဲရဲ
ဖြစ်ခဲ့ရတယ်။သူအများကြီး ကြံ့ခိုင်ပေးခဲ့ပါတယ်။
သူအများကြီး နားလည်ပေးခဲ့တယ်။
စံပယ်ကသာ ကွာခြားလွန်းတဲ့ဘ၀အခြေအနေအရပ်ရပ်ကို သတ္တိမဲ့ပြီး စိုးရိမ်ပူပန်ခဲ့တာ။
ကိုယ့်ရဲ့ သတ္တိမဲ့မှုက သွေးထိုးစကားတစ်ခုလောက်ကြားယုံနဲ့ သံသယအဖြစ်ကို ပြောင်းသွားပြီး
မာနတရားတွေချုပ်နှောင်လာတော့ အမုန်းတရားတွေ ပေါက်ဖွားလာခဲ့တယ်။
ချစ်သူဟာ ဆူးပန်းတစ်ခုဖြစ်ရင်တောင် စံပယ်ဟာမိုက်ကန်းပြီး ခူးရဲရမှာပေါ့။
အခုတော့ မွှေးရနံ့သာရှိတဲ့ တောပန်းကလေး
စံပယ့်ကို သူကသာ သတ္တိရှိရှိ ခူးယူဖို့ကြိုးစားခဲ့ရ
ရှာတယ်။သူဟာ သစ္စာတရားကို သိပ်မြတ်နိုးမှန်း စံပယ်သိလိုက်ပါပြီ။
"အရမ်းချစ်တယ်....မွှေး...."
နူးညံ့ညင်သာလွန်းတဲ့ စကားလုံးလေးနဲ့အတူ
ပါးပြင်ပေါ်ကို မှုတ်ထုတ်လိုက်တဲ့ လေငွေ့နွေးနွေးလေး အိစက်သိမ်မွေ့သော အထိအတွေ့တစ်ခုမှာ စံပယ်တုန်လှုပ်သွားမိတယ်။
ချစ်သူနမ်းရှိုက်တာကို ခံယူဖူးတဲ့ပန်းကလေးပေမဲ့
စိမ်းသက်တဲ့ ခံစားချက်တွေကတော့ ဖြတ်ပြေးသွားလေသည်။
စံပယ် မျက်လုံးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ သူက
စံပယ့်ကို ပြုံးပြီးကြည့်နေပြန်သည်။
သူဘာလို့ ခဏခဏပြုံးနေသလဲ မသိဘူး။
"..ကျွန်မသိချင်တာတစ်ခုရှိတယ်.."
"ဘာသိချင်တာလဲ..မေးစေဗျာ.."
"ရှင်ဘာဖြစ်လို့ ဒီရွာမှာအကြာကြီးနေပြီး ကျွန်မကိုလိုက်ချော့နေတာပဲ တကယ်ဆိုရင်ရှင့်အတွက် ကျွန်မထက်သာတဲ့ မိန်းမလှတွေမှအများကြီးပဲ
ဥစ္စာကို.."
သူကစံပယ့် မေးဖျားလေးကိုညင်သာစွာ
မော့ယူလိုက်ပြီး ချစ်ရေရွှမ်းတဲ့အကြည့်တွေနှင့် ကြည့်လာပြန်သည်။စံပယ်လည်း သူ့ရဲ့အဖြေကို စောင့်စားနေမိသည်။သူဘယ်လို ဖြေမှာပါလိမ့်။
"မွှေးထက်သာတဲ့ မိန်းမလှလေးတွေအများကြီးရှိပေမဲ့ ကိုယ်ချစ်မြတ်နိုးတဲ့ စံပယ်မွှေးဆိုတဲ့မိန်းကလေးကတော့ တစ်ယောက်ပဲရှိတာလေဗျာ
..ကိုယ့်လိုလူရဲ့ဘေးမှာနေရင် အရာရာပြည့်စုံချမ်းသာနိုင်မှန်းသိလျှက်နဲ့ ကိုယ့်ဆီကထွက်ပြေးသွားတဲ့ အာဃလေးက အချစ်စစ်တစ်ခုကိုပဲ လိုချင်ခဲ့တာလို့ ကိုယ်သိလိုက်ရတယ်...
ကိုယ်မှတန်ဖိုးမထားရင် သူများကလုယူသွားမှာပေါ့.."
"ဒါပေမဲ့ ရှင်နဲ့ကျွန်မက အရာရာမှာ ကွာဟမှုတွေ သိပ်များတယ်လေ...တချိန်ချိန်မှာ မလိုက်ဖက်မှန်းသတိထားမိပြီး ကျွန်မကိုပစ်သွားမှာလား...
ပညာရေးမှာဖြစ်ဖြစ်...ဥစ္စာပဲဖြစ်ဖြစ်...အရာရာမှာ
ကွာခြားနေတာပဲလေ..."
"အင်း....မွှေးပြောတာလည်း မှန်တာပဲ ကိုယ်တို့ကတကယ်ကို မတူညီဘူး..."
"ဦးနေဂုဏ်မာန်...ရှင်အခုတော့ဒီစကားပြောလာပြီ
ပေါ့...."
မေးစေ့ကိုပွတ်ပြီး ခေါင်းငြိမ့်လိုက်တဲ့ သူ့ပုံစံကြောင့်
စံပယ်စိတ်ဆိုးပြီး ထထိုင်လိုက်တော့ သူကလည်း လိုက်ထိုင်သည်။
သူ့ကိုမျက်စောင်းထိုးတော့လည်း ထရယ်ပြန်ရော ။ခုဏက စိတ်ထဲမှာ ချီးကျူးပေးနေတာ တောင် ဘယ်ချောင်ရောက်သွားသလဲမသိတော့ဘူ။
"ဟား...ဟား...ကိုယ့်ကိုစိတ်ဆိုးသွားတာလား..."
"ရှင်...ပြောတဲ့ ပုံကိုလည်း ကြည့်အုံးလေ..."
သူ့ကို မေးငေါ့ပြီး မျက်နှာကြီးဆူပြတော့ စံပယ့်လက်ကို သူ့လက်နှစ်ဖက်နဲ့ လာအုပ်ကိုင်ပြီး
ရယ်ကျဲကျဲလာလုပ်ပြသည်။
တတ်လည်း တတ်နိုင်တယ်။
"ကိုယ်ပြောချင်တဲ့ မတူဘူးဆိုတာက
လူတစ်ယောက်နဲ့ တစ်ယောက် လုပ်ကိုင်နိုင်စွမ်း
မတူတာကိုပြောတာပါ အခုပဲကြည့်လေ...
မွှေးလိုမျိုး ကိုယ်ကောက်ရိတ်ကျွမ်းကျင်သလား
...စပါးအိတ်တောင်မှ တစ်အိတ်လေးထမ်းရုံနဲ့ ကျောအောင့်နေပြီ...
လူတစ်ယောက်နဲ့တစ်ယောက်က သူနေတဲ့အရပ် ဒေသနဲ့လိုက်ပြီး သိတာ၊တတ်တာလည်း တူမှာမဟုတ်ဘူး..
ဒီလူ့လိုငါမလုပ်တတ်လို့...သူ့လောက်မတော်လို့ဆိုပြီး အားငယ်နေရင်ဘာအကျိုးရှိမှာလည်း...
ကိုယ်လိုမလုပ်နိုင်တဲ့လူတိုင်းကို လိုက်အထင်အမြင်သေးနေရင်လည်း ဘာအကျိုးရှိမှာလဲ..."
"အင်း...ရှင်ပြောတာလည်း ဟုတ်တာပါပဲ...ဒါပေမဲ့
ရှင်တို့ယောက်ျားတွေက အစကတော့အားလုံးဒီလိုတွေကြီးပါပဲ မရခင်တုန်းကတော့ ဖျာလိုလိပ်ပြီး
ထိပ်ပေါ်ကိုတင်ထားချင်ကြတာ...ရလည်းပြီးရောဟိုဟာ အကြောင်းပြ ဒီဟာအကြောင်းပြလာကြရော အခုကျွန်မမှာက ရှင့်ရဲ့ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်တဲ့အချက်တွေအများကြီးရယ်...
နောက်ကျမှ ငြိုငြင်လာရင် ဘယ့်နှယ့်လုပ်မလဲ..."
"ဘယ်နှယ့်မှ မလုပ်ဘူး...စံပယ်လည်းကိုယ်ပြောရင် စဉ်းစားပြီးအတတ်နိုင်ဆုံး လုပ်ပေး...ကိုယ်လည်းစံပယ်လိုချင်တဲ့ ပုံစံခွက်ထဲမှာ နေနိုင်အောင်နေပြမယ်ကွာ...ပြောသာပြောတာပါ ကိုယ်ကအသက်လည်း ပိုကြီးသလို ပိုလည်းချစ်ရသူဆိုတော့
ကိုယ်ပဲ အမြဲအရှုံးပေးရမှာပါ....ချစ်တော့လည်းလေ..."
စံပယ်လည်း မျက်နှာလွှဲလိုက်ပြီး ပြုံးလိုက်မိသည်။
အပြောကတော့ ရွှေမန်းဆိုတဲ့လူကြီးပါ။သူ့စကားတစ်ခွန်းမှာ အသဲနှလုံးကြီးကပ်ပါသွားအောင်ကို စကားကြွယ်တဲ့လူကြီး။
စံပယ့်ကို နှိမ့်ချပြီးမပြောတဲ့အပြင် မဖြစ်စလောက်အားသာချက်ကလေးတွေကိုပါ အမွှမ်းတင်ပေးတယ်။
တကယ်ပါ သူမို့လို့ကြမ်းပိုးကို လိပ်ဖြစ်အောင်
ပြောတတ်တယ်။
စံပယ်ပြုံး၍ပင်မဆုံးသေး ပါးကိုလာနမ်းတဲ့
သူ့ကြောင့် မျက်နှာကနီမြန်းသွားရသည်။
ဒီမှာကြာကြာဆက်နေရင် သေချာတယ်ဒီ့ထက်အဆင့်တွေကျော်လာတော့မှာပါ။
ရုပ်ကိုက ဘီလူးကြီးနှာဘူးထနေသည့်ရုပ်။
သူ့ကိုတွန်းထုတ်ပြီး အခန်းထဲ၀င်သွားတဲ့ သူမကို
ကြည့်လိုက်တော့ဆံပင်အရှည်ကြီးတွေကို ဖားလျားချထားတဲ့သူမရဲ့အလှက သူ့ရင်ကိုဖုတ်လိုက်
ဖုတ်လိုက်ဖြစ်ကျန်ခဲ့အောင် ပြုစားရက်ပါသည်။
သူပက်လက်လှန်ချပစ်လိုက်ပြီး ရင်ဘတ်ပေါ်သို့ လက်တင်လိုက်မိသည်။
"ဟူး...မွှေးရဲ့အဖွားက ဒီနေ့တော့ဘာမှမပြောပေမဲ့ မနက်ဖြန်ကျရင် ဘယ်လိုတွေစီရင်ချက်ချမလဲမသိဘူး.."
🌼🌼🌼🌼🌼🌼🌼🌼
မနက်မိုးသောက်အာရုဏ်ဦးရဲ့လင်းရောင်ခြည်အောက်၀ယ် ဝါဝါ၊၀င်း၀င်းစံပါးခင်းတွေကြားကောက်စိုက်သမများဟာ တကုန်းကုန်း၊တရုန်းရုန်းအလုပ်လုပ်နေကြရလေသည်။
စံပယ်မွှေးမှာတော့ ကန်သင်းရိုးပေါ်မှာ ထိုင်နေမိရာမှပုလိပ်စစ် အစစ်ခံနေရ၍ စိတ်ညစ်နေရလေသည်။
လာတာက အိမ်စားဖို့ လယ်ကန်စွန်းခူးယူဖို့ပင်။
အခုတော့ စစ်ကြောရေးမိနေလေသည်။
အရင်တည်းက စပ်စုစိန်တွေဖြစ်တာကြောင့်
မဖြေမချင်းကို အစ်မေးနေကြလေသည်။
ကိုယ်တိုင်ကလည်း သူများကိစ္စကို ဒီလိုစပ်စုခဲ့သူမို့ ၀ဋ်ပြန်လည်တယ်လို့ ပြောရမည်။
"နင်တို့ချစ်သူဖြစ်တာဘယ်လောက်ကြာပြီလဲ..
ပြောစမ်း.ပြောစမ်း.."
"သိပ်မကြာသေးပါဘူး.."
"ဟယ်..ဒါတောင်..ဟိုလူကြီးကသည်းသည်းလှုပ်ပါလားနော်..မိစံပယ်တို့ကံကောင်းချက်ကတော့.."
"ဟဲ့..ဒါနဲ့..နင်တို့နှစ်ယောက်..ဘယ်လိုစတွေ့ကြတာလဲ.."
မမိုးရဲ့အမေးကြောင့် စံပယ်ဘယ်ကနေဘယ်လို
စဖြေရမှန်းမသိဖြစ်နေသည်။
စတွေ့တဲ့အဖြစ်က အိမ်သာထဲမှာလို့သာပြောလိုက်ရင် ဝါးလုံးကွဲအောင်ကို ဝိုင်းရယ်ကြမှာသေချာတယ်။
စံပယ်ကိုယ်တိုင်ကလည်း ကိုယ့်သမီးရည်းစားကြားက ကိစ္စတွေကို အပြင်လူတွေကို ပြောပြရမှာ သိပ်ရှက်နေမိသည်။
ကိုယ်ကသူ့ဆီမှာ သန့်ရှင်းရေး၀န်းထမ်းလုပ်ခဲ့ရာကနေ ချစ်သူအဆင့်ရောက်ခဲ့တယ်ဆိုရင် လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြမ္မာ့ပြည်ကအပ်တစ်စင်းထိခတ်တယ်ဆိုပြီး မတန်မရာဆိုတဲ့ စကားတွေကိုမကြားချင်ဘူး။
သူ့ဆီမှာ အလုပ်သမားဖြစ်ခဲ့တာက ရှက်စရာမဟုတ်ပေမဲ့ မဟုတ်တရုတ်နည်းလမ်းတွေနဲ့
ချည်းကပ်ခဲ့တယ်လို့ အထင်မြင်လွဲမှာကိုတော့ မခံနိုင်ဘူး။
ထို့ကြောင့်ပဲ စံပယ်ချက်ချင်းထရပ်လိုက်မိသည်။
"တော်တို့ကအရမ်းစပ်စုတာပဲသိလား..ကျွန်မကန်စွန်းရွက်လာခူးတာတောင်ဘယ်ပျောက်သွားမှန်းမသိဘူး..သွားတော့မယ်.."
"ဟဲ့ဟဲ့..တန်းလန်းကြီးမထားခဲ့နဲ့လေ.."
ထိုအဖွဲ့ကြီးကိုထားခဲ့ပြီး တစ်ဖက်လယ်မှာ
ကန်စွန်းရွက်နုနုလေးတွေကိုသာရှာခူးနေလိုက်သည်။
ကန်စွန်းရွက်တွေက လယ်ကန်သင်းရိုးပေါ်တွေမှာ ပေါက်နေတာများ ဖွေးဖွေးကိုလှုပ်နေတာပါပဲ။
စံပယ်တို့ ဆီမှာတော့ ငါးလေးကိုပြုတ်ပြီး
အရိုးထွင်ကာ ငါးပြုတ်ရည်လေးထည့် ကန်စွန်းရွက်ကိုရော မန်ကျည်းသီးအနှစ်ကလေးနဲ့ အရည်ကျဲကျဲ ချဉ်ရည်ဟင်းလေးတစ်ခွက်ရရင်ဖြင့် ငရုတ်သီးဆားထောင်းသုတ်လေးနဲ့များ သိပ်ကိုလိုက်ဖက်နေတာပါပဲ။
ကန်သင်းရိုးပေါ်ကနေ နဲနဲကုန်းလိုက်ပြီး ရေထဲတွင်ထောင်ထွက်နေသော ကန်စွန်းပင်လေးကို လှမ်းခူးလိုက်သည်။
ရုတ်တရက် စံပယ့်ခြေဖမိုးနေရာမှ ဆစ်ခနဲဖြစ်သွားသလို ခံစားလိုက်ရသည်။
ပြန်ငုံ့ကြည့်လိုက်တော့လည်းဘာမှ မတွေ့ဘူးဖြစ်နေသည်။
မလှရီခမျာ စံပယ်ရှိရာလယ်ကွက်သို့ ကောက်
ရိတ်ရင်းလှမ်းကြည့်လိုက်မိသည့်အခါမှာ ရုတ်တရက်စံပယ်က စံပါးခင်းတွေကြားထဲသို့
ငုတ်လျှိုးသွားသလိုမျိုးပုံနှင့် လူရိပ်ကချက်ချင်းပျောက်သွားလေသည်။
"ဟဲ့..ဟဲ့..မိစံပယ်ကိုသွားကြည့်ရအောင်..
ခုနကပဲမတ်တပ်ရပ်ပြီးအရွက်တွေလိုက်ရှာနေတာ..အခုမတွေ့တော့ဘူးနော်..."
"မလှရီရယ်..စိုးရိမ်တက်ရန်ကော..ထိုင်ခူးနေလို့
နေမှာပေါ့..ကန်စွန်းကအောက်မှာ ပေါက်တဲ့ဥစ္စာ
စံပါးပင်တွေကွယ်နေလို့မတွေ့တာဖြစ်မှာပါ.."
"မဟုတ်ဘူးနော်..ငါ့စိတ်ထဲမှာတစ်မျိုးပဲ..
လာသွားကြည့်ကြမယ်အေ.."
မလှရီကစိုးရိမ်တကြီး လောဆော်နေလေတော့ မစိုးလည်း မနေနိုင်တော့ပေ။ထို့ကြောင့် ရိပ်ပြီးသားစပါးတွေကို အမြန်ထုံးလိုက်သည်။
"ကဲ..ကဲ..လိုက်ခဲ့မယ်..လိုက်ခဲ့ပါ့မယ်.."
မလှရီနှင့် မစိုးမှာ စံပယ်ရှိရာလယ်ကွက်သို့ကူးလာကြပြီး နာမည်ကိုအော်ခေါ်ကြပေမဲ့ ထူးသံမကြားရ၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိတ်လန့်သွားကြလေသည်။
"ဟဲ့...တစ်ခုခုတော့ ဖြစ်နေတာသေချာပြီ..."
"လုပ်အုံး...ကျွန်မစိတ်ပူလာပြီ...စံပယ်ရေ...
စံပယ်...ညီမလေးဘယ်မှာလဲ...."
နှစ်ယောက်သား ကန်သင်းရိုးအပေါ်မှ
ချော်မကျအောင် လျှောက်ကြရင်း စံပါးပင်တွေကြားမှာ တိုး၍ လိုက်ရှာမိကြသည်။
အော်ခေါ်တာလည်း မရတော့ အတော်စိတ်ပူလာကြသည်။
"ဟယ်..ဟိုမှာ..ဟိုမှာ..မလှရီ.."
ကန်သင်းရိုးတစ်ခုအပေါ်မှာ အပေါ်ပိုင်းတင်နေပြီး ရေထဲကို ခြေထောက်ကျကာ သတိလစ်နေသည့်
စံပယ့်ကိုတွေ့တော့ မလှရီက ကုန်းပေါ်မှ
ပြေးသွားပေမဲ့ မစိုးကတော့ အလျှင်လိုကာ ရေထဲသို့ခုန်ဆင်းပြီး ပြေးလေတော့သည်။
"အမယ်လေး!!!စံပယ်ရေ..စံပယ့်..ဟဲ့မိစံပယ်က
..ခေါ်လို့လဲမထူးဘူး..မစိုးအခြားအဖွဲ့တွေကိုသွားခေါ်စမ်းဟယ်.."
လယ်ကန်သင်းရိုးပေါ်တွင် လဲကျနေသည့်စံပယ့်ကိုပွေ့ချီပြီး သူ့စိတ်ထဲမှာတစ်ခုခုထင့်နေ၍ခန္ဓာကိုယ်အနှံ့လိုက်ကြည့်လိုက်ရာ ခြေဖမိုးပေါ်တွင်
သွေးစို့နေသည့်အပေါက်ကလေးနှစ်ပေါက်ကို တွေ့လိုက်ရလေသည်။
မြွေကိုက်ခံလိုက်ရပြီဟု သူမချက်ချင်းမှတ်ချက်ချလိုက်မိသည်။
ရိုးရိုး အဆိပ်မရှိတဲ့မြွေဆိုရင် ဘာမှမဖြစ်ပေမဲ့ မြွေဟောက်တို့ဘာတို့ဆိုရင် အသက်အန္တာရာယ်ပါ ထိခိုက်နိုင်သည်။အခြားလူတွေ အလာကိုစောင့်ရင်းနှင့် စံပယ်လေးအသက်အန္တာရာယ်မကျရောက်ဖို့ ဆုတောင်းမှုအထပ်ထပ်ပြုလုပ်နေမိသည်။
"စံပယ်ရယ်..ဖြစ်မှ..ဖြစ်ရလေ..ဒီလယ်ကွက်ထဲမှာမြွေတွေပေါလို့..မသွားပါနဲ့လို့..မလှရီမတားခဲ့ဘူးလားကွယ်..အဟင့်.."
သူမအဖို့ သတိမလည်လာသေးသော စံပယ်မွှေးရဲ့မျက်နှာလေးကို ကြည့်ပြီး မျက်ရည်များတောင် စီးကျလာလေသည်။
တဖက်တွင်တော့နေဂုဏ်မာန်တစ်ယောက် အဖွားကြည်မေနှင့် အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ရင်းစကားတွေဖောင်ဖွဲ့နေလေသည်။
ထိုစဉ် ရွာလမ်းအတိုင်းပြေးလာသူတစ်ယောက်ဟာ ဖွားကြည်မေတို့ခြံထဲသို့ ပြေး၀င်လာလေသည်။
ထိုသူမှာ အခြားသူမဟုတ်ပဲ ကောက်စိုက်သမားအဖွဲ့ထဲမှ မုန့်လေပွေပင်ဖြစ်သည်။
"အဖွားကြည်မေရေ..အဖွားကြည်မေ.."
"ဟဲ့..မုန့်လေပွေ..ဘာဖြစ်လာတာတုန်းဟဲ့..
နင့်ကြည့်ရတာမောနေသလိုပဲ..
ရေသောက်အုံးမလား.."
"ရေကအသာထားပါရှင်..ဟိုမှာ..စံပယ်မွှေးပိုးထိလို့.."
"ဘာ..ခင်ဗျား...ဘာပြောလိုက်တယ်.."
"မိစံပယ် ပိုးထိလို့..လယ်ထဲကလူတွေသားဖွားသူနာပြုဆေးပေးခန်းကို ခေါ်သွားကြပြီ..
အဲ့ဒါလာပြောတာ.."
"ဟာ!!!.."
နေဂုဏ်မာန် ချက်ချင်း ဖိနပ်တောင်မပါပဲ သားဖွားမီးယပ်ဆေးပေးခန်းသို့ တဟုန်ထိုးပြေးလေတော့သည်။
ဦးဘသိုက်တို့အိမ်ကိုပြေးသွားလိုက်ပြီး
ဆိုင်ကယ်လ်၀င်ငှားလိုက်သည်။
သည်ရွာမှာ ဆိုင်ကယ်လ်ရှိတဲ့အိမ်ကခပ်ရှားရှားရယ်ပါ။
စက်တုဆေးပေးခန်းသို့ရောက်တယ်ဆိုရင်ပဲ ဆေးခန်းထဲသို့အမောတကောနှင့်ဒုန်းဆိုင်း
ပြေး၀င်လိုက်သည်။
ဆေးခန်းထဲကို ၀င်လိုက်တော့ လူနာဆိုလို့
တစ်ယောက်တစ်လေတောင် ရှိမနေခဲ့ဘူး။
မွှေးကို မတွေ့ရတော့ သူပိုပြီးစိတ်ပူနေမိသည်။
ရင်ထဲမှာ လေးလံနေပြီး စိတ်တွေလည်းသိပ်ရှုပ်ထွေးနေသည်။
"ဘာကူညီပေးရမလဲရှင်.."
"ဟို..မြွှေကိုက်ခံရလို့ရောက်လာတဲ့ စံပယ်မွှေးကဘယ်မှာလဲမသိဘူး.."
"အော်..လူနာကို..သားဖွားဆရာမကြီးနဲ့အတူ
..မြို့ကဟင်္သာတဆေးရုံကို ထွေလာဂျီနဲ့ခေါ်သွား
ပြကြပြီရှင့်.."
"ဗျာ..."
သူချက်ချင်းပဲဆိုင်ကယ်ပေါ်ကို ပြေးတက်လိုက်ပြီး ဟင်္သာတဆေးရုံသို့လီဗာကို တအားနင်းကာမိုင်ကုန် မောင်းနှင်နေမိသည်။
အခုအချိန်မှာ အသက်အန္တရယ်ရှိတာတွေ ဘာတွေသူနားမလည်တော့ဘူး မွှေးသာတစ်ခုခုဖြစ်ရင်
သူအသက်ရှင်နေလည်းဘာထူးတော့မှာလဲ။
ဘာလို့ ဒီလိုအဖြစ်အပျက်ကြီးက ကိုယ်တို့ကြမှလည်းကွာ။မွှေးနဲ့ကိုယ်တို့ရဲ့ ဘ၀လေးအေးချမ်းပြီလို့ ထင်ထားခဲ့မိတာ အခုတော့မထင်မှတ်တဲ့
ဖြစ်ရပ်ဆိုးတွေ ဘာကြောင့်ဖြစ်လာရတာလဲ။
"မွှေးရေ..ကိုယ့်ကိုစောင့်ပါကွာ...မင်းဘာမှမဖြစ်ရဘူး..."
အခန်း(၂၂)...ဆက်ရန်
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
မွှေးလေးတို့ ဘယ်လိုဆက်ဖြစ်ကြမလဲ....
#စာရေးသူ_ဆောင်းငွေ့ဝေ
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment