🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 🌼 အခန်း၇🌼

 


🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼 အခန်း၇🌼

🌼နှစ်ဆန်း၁ရက်နေ့🌼

နှစ်ဆန်း၁ရက်နေ့သည် မြန်မာ့ပြက္ကတိန်၏ ပထမဆုံးသော ရက်မြတ်အချိန်အခါဖြစ်ပြီး မြန်မာတို့ရဲ့ နှစ်သစ်အခါသမယကိုကူးပြောင်းတဲ့နေ့ဖြစ်တာကြောင့်ထိုနေ့မှာရတနာသုံးပါးနှင့်တကွ သမ္မာဒေဝနတ် အပေါင်းတို့ကို ရှေးအစဉ်အလာအတိုင်း လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း ကာယအား၊ဥာဏအားဖြင့်ကုသိုလ်ယူခြင်းတို့လုပ် လေ့ရှိသည်။

ထိုနေ့တွင် နှစ်ဟောင်းမှ အညစ်အကြေးများ ၊အကုသိုလ်များကို ဆေးကြောသန့်စင်ကြသည့်
အလို့ငှာ ဘုရား၊ပုထိုးများကို သန့်စင်ပေးကြခြင်း ၊မိမိအိမ်ကိုသန့်ရှင်းရေးလုပ်ခြင်း၊အိမ်တွင်းအသုံးအဆောင်များအား ဆေးကြောသန့်စင်ပေးခြင်းတို့ပြုလုပ်လေ့ရှိကြသည်။

အချို့လူငယ်၊လူလတ်ပိုင်းများဟာ ကျေးရွာ၊ရပ်ကွက်တွေထဲသို့ လှည့်လည်ကာ မိမိတို့နှင့်အသိအကျွမ်း အဘိုး၊အဘွားများအား ခေါင်းဆေးမင်္ဂလာပြုပေးသောအားဖြင့် တရော်ကင်ပွန်းနှင့် ခေါင်းလျှော်ပေးကြတာတို့၊အဘိုးအဘွားတို့၏ အ၀တ်အစားများအား လျှော်ဖွတ်ပေးကြတာတို့ကို ပြုလုပ်ခြင်းအားဖြင့် ကုသိုလ်ယူကြလေသည်။

စံပယ်တို့လို ဆင်းရဲတဲ့တော်သူ၊တောင်သားတွေအဖို့
တစ်နေ့လုပ်မှ တစ်နေ့နပ်မှန်အောင် စားကြရတာကြောင့် အလှူကြီးကြီးကို ငွေပေး၍မပြုလုပ်နိုင်ပေ။ထို့ကြောင့် အလုပ်နားရသည့်ဒီလိုအချိန်အခါလေးတွေဟာ စံပယ်တို့အတွက် အဖိုးဖြတ်နိုင်လိမ့်မယ်
မထင်ပါဘူး။

"အဘိုးသာထူးတို့..ဘွားလေးအုန်းကြိုင်တို့..စံပယ်တို့အဖွဲ့လာပြီနော်.."

စံပယ်တို့ဟာ ညာသံပေးပြီး ဝါးပိုးများဖြင့် ကာရံထားသော ခြံ၀န်းထဲသို့ ၀င်လိုက်သည်နှင့် ဖွားလေးအုန်းကြိုင်သည် ပြောင်းဖူးဖက်ဖြင့်သူမကိုယ်တိုင်
လိပ်ထားသည့် ဆေးလိပ်ကြီးကို မီးသတ်ပြီး ပြုံးပြလာလေသည်။

"အေးဟေ့..နှစ်ဆန်းမှာညည်းတို့လာမယ်မှန်းသိလို့..ကျုပ်ခေါင်းကိုဆီတောင်မလိမ်းထားဘူး.."

"ဟား..ဟား. ကျွန်မတို့ကလဲကုသိုလ်ယူချင်လို့ပါတော်.."

"အေးပါ..သာဓု..သာဓု..သာဓု..ပါတော်.."
"လင်ကောင်းသားကောင်းရပါစေ..သွားလေရာခလုတ်မထိဆူးမငြိပါစေနဲ့..သားကောင်းရတနာများလည်းမွေးဖွားနိုင်ကြပါစေ.."

"ပေးတဲ့ဆုနဲ့ပြည့်ပါစေအဖွားရေ..လောလော‌
ဆယ်တော့ခေါင်းလျှော်ပေးမယ်၊ရေချိုးပေးမယ်ဗျို့.."

ဘွားလေး အုန်းကြိုင်ဟာ အင်မတန်ရိုးသားသည့်တော်သူစစ်စစ်ဖြစ်ပြီး သူတို့လင်မယားနှစ်ယောက်လုံးဟာ အသက်ခုနှစ်ဆယ်ကျော်နေကြလေပြီ။သို့ပေမဲ့ သန်ကြမြန်ကြတုန်းပါပဲ။

သားသမီးမထွန်းကားပေမဲ့ လုပ်စားစရာလယ်ကွက်ကလေးများ ရှိသည်မို့ ချောင်ချောင်လည်လည်ရှိသည်ဟု ဆိုရမည်။
သို့ပေမဲ့အသက်တွေကကြီးကြပြီမို့ လယ်ကိုကိုယ်တိုင်မလုပ်ကြပဲ သူများကိုသာအငှားချထားလေသည်။

"ဒါနဲ့ မိစံပယ်....ညည်းရန်ကုန်မှာ အလုပ်ရနေပြီဆို..."

"အင်း...ဟုတ်တယ်လေ....ဖွားလေးရဲ့...."

"တယ်ဟုတ်ပါလားကွဲ့....တို့များငယ်ငယ်တုန်းကဆို ကိုယ့်ရွာအပြင်ထွက်ရမှာတောင် ခပ်ကြောက်ကြောက်ရယ်...."

"အမယ်လေး ကြောက်ပေလို့ပဲ ဘွားလေးရယ်
...ကျွန်မရဲ့အဘွားပြောတာတော့ ဘွားလေးတို့
ခောတ်က ဇာတ်ပွဲဆိုသိပ်ဝါသနာပါလို့ ပြင်ကသာကိုတောင် အုပ်စုလိုက်ကြီး လှည်းတွေစီတန်းပြီး သွားကြည့်ကြတာဆို...ဘွားလေးအုန်းကြိုင်က ထိပ်ဆုံးကပဲတဲ့...."

"အမယ်လေး ညည်းအဘွားကလည်း ဖောက်သည်ချလိုက်ပြန်ပါပြီ...သူလည်းဘာထူးသလဲ ဇတ်ပွဲကို အယောင်ပြပြီး ရည်းစားနဲ့ချိန်းတွေ့တာပဲကို...."

ဘွားလေးအုန်းကြိုင်ကို ရေချိုးပေးနေရင်းနှင့် စံပယ်ပြုံးမိလေသည်။အသက်ကကြီးလာတော့ ပါးရည်တွေတွန့်လာသည့်နည်းတူ သွားတွေဆိုတာလည်း
ကျိုးကုန်သည်က များလေသည်။ ထို့ကြောင့် အသံလေး ခပ်တုန်တုန်နဲ့ စကားမပီပဲ ပြောနေတာကပင် ချစ်စရာကောင်းလွန်းသည်။

စံပယ့်အဘွားများကြတော့ လူကောင်ကလည်း
ဘွားလေးအုန်းကြိုင်တို့ထက် ပိုထွားပြီး၊ပိုသန်မာသည်။
အသံဩဇာကလည်း ဩပြီး မာသည့်အထဲတွင်
 ပါတာကြောင့် အဘွားနဲ့စကားပြောရင် တော်ရုံလူက ခွန်းတုံ့မပြန်ရဲလောက်အောင်ပါပဲ။

ဟိုဆက်ဆက် သည်ဆက်ဆက်သမားမို့ ရပ်ရွာထဲတွင် ဘယ်သူကလေးမွေးမွေး အဘွားကြည်မေပါသည်။ဘယ်သူဆေးရုံတက်တက် လုပ်တတ်ကိုင်တတ် ဘွားကြည်မေကို ထိပ်ဆုံးကနေလာခေါ်ကြပြန်သည်။စံပယ့်အဘွားဟာ တကယ့်ကိုမေတ္တာရှင်မကြီးလိုပါပဲ။

"မိစံပယ်...ဒါနဲ့...ရန်ကုန်မှာ ညည်းကဘာအလုပ်လုပ်ရတာတုန်း..."

ဘွားလေးအုန်းကြိုင်၏အမေးကြောင့် ခေါင်းလျှော်ပေးနေသည့် စံပယ့်လက်တွေ ခဏတာလောက် ရပ်တန့်သွားမိသည်။စံပယ်ဘယ်လိုဖြေရပါ့မလဲ။
ဘွားလေး အုန်းကြိုင်တို့ကိုသာ စံပယ်လုပ်ရတဲ့ အလုပ်အကြောင်းကို အမှန်အတိုင်းပြောလိုက်ရင်
အဘွားကို ပြန်ပြောမှာသေချာတယ်။

"ဟို....အရင်ကစတိုးဆိုင်မှာပဲလေ...အဘွားရဲ့...."

"ဟုတ်လား...."

"လစာရော...ကောင်းရဲ့လား...."

"မဆိုးပါဘူး....အဘွားရယ်..."

"အေးအေး....ညည်းတို့အဆင်ပြေရင် ဘွားလေးတို့လည်း ၀မ်းသာပါတယ်ကွယ်...."

"ဟုတ်ကဲ့ ဘွားလေး..."

စံပယ်လည်း မလိမ်ချင်ပေမဲ့ နှစ်ဆန်းတစ်ရက်နေ့မှာမှ လိမ်လိုက်မိလေသည်။သန့်ရှင်းရေးအလုပ်သမားလို့ ပြောလိုက်ရင် ဘွားလေးအုန်းကြိုင်တို့ကတော့ လုပ်ငန်း‌အကြောင်းသိပ်သိမှာ မဟုတ်ပေမဲ့ စံပယ့်အဖွားကတော့ ရှေ့မှီ၊နောက်မှီကြီးဖြစ်လို့ ရန်ကုန်ကအဆောင်ပိုင်ရှင်ကို လှမ်းမေးမှာသေချာတယ်။

သန့်ရှင်းရေး ၀န်ထမ်းလုပ်ရတာကို စံပယ်မရှက်ပါဘူး။သို့ပေမဲ့ အဘွားကိုတော့ မသိစေချင်ပေ။
လူကြီးသူမဆိုတော့ မတတ်သာလို့ အလုပ်လုပ်ခိုင်းနေရပေမဲ့ ကိုယ့်မြေးဟာ အိမ်သာဆေးရ၊ကြမ်းပြင်တိုက်ရသည်ဆိုပါက ဘယ်မှာ၀မ်းမနည်းပဲ နေပါမည်လဲ။

စံပယ်လည်း တစ်နှစ်ပါပဲလေ။ညီမလေးဆယ်တန်းအောင်ရင်တော့ ရွာကိုပြန်လာတာပဲဖြစ်ဖြစ်၊ရန်ကုန်မှာပဲ အရောင်းသမအလုပ်ဖြစ်ဖြစ် ပြောင်း းလျှောက်မည်ဟု စိတ်ကူးထားလိုက်မိသည် ။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ကျေးလတ် ဒေသဖြစ်သည့်အလျှောက် နေ့လည်၊နေ့ခင်းဟာ အလွန်တရာမှ တိတ်ဆိတ်လှသောအချိန်အခါ ဖြစ်လေသည်။
ဘွားလေး အုန်းကြိုင်တို့အိမ်ကအပြန် ဘုန်းကြီးကျောင်း၀န်းကြီး၏ အရှေ့မှ ဖြတ်လျှောက်မိတော့ တာလမ်းမကြီး၏ လက်ယာဘက်အခြမ်းက ကြာကန်ကြီးဆီသို့ အကြည့်ရောက်သွားမိလေသည်။

ဒီအအချိန်ဆိုလျှင် ကျောင်းထိုင်ဘုန်းကြီးလည်း တစ်ရေးမှေးနေလောက်မည်ဟု တွေးမိတာကြောင့် ‌ဘုန်းကြီးကျောင်းထဲသို့ မ၀င်တော့ပဲ တာလမ်းမလေးပေါ်မှနေ၍ ကြာကန်နံဘေးက ‌ဘုရားကိုသာ ငေးကြည့်လိုက်မိသည်။
ကြာကန်ကြီးက ရေတွေခမ်းခြောက်နေသည့်အချိန်ဖြစ်တာကြောင့် ကြာရိုး၊ကြာရွက်တွေနှင့် ပိန်းရွက်တွေသာ မြေပေါ်မှာတင်ကျန်နေခဲ့လေသည်။
ကြာပေါ်ချိန်ဆိုရင် ကြာပွင့်တွေ၊ကြာခွက်တွေခူးဖို့ရန် ထားသည့် လှေကလေးမှာလည်း ကုန်းပေါ်တွင် တင်ကျန်နေသည်။

ဘုရားကြီးကို လှမ်းမျှော်ကြည့်လိုက်ပြန်တော့လည်း  ချုံနွယ်တွေနဲ့ပိတ်ပြီး ဘုရားစိန်ဖူးတော်လေးကိုသာ မြင်နေရလေသည်။ကာလသားတွေ မြက်မရှင်းကြပဲ အပျင်းကြီးနေတာပဲနေပါလိမ့်မယ်။သီတင်းကျွတ်ဆိုရင်တော့ ဒီခြုံတွေ ခုတ်ပြီးလောက်ပါရဲ့။

ဘာလိုလိုနဲ့ သင်္ကြန်ပိတ်ရက်ကုန်လို့ မနက်ဖြန်ဆိုရင်ပဲ ရန်ကုန်ပြန်ရတော့မည်။သူငယ်ချင်းတွေနဲ့လည်း ခွဲရတော့မည့်ကိစ္စနှင့် အဖွားကိုလည်း ချန်ထားခဲ့ရမည်လို့ တွေးလိုက်မိတိုင်း စိတ်ထဲမှာ အလေးတုံးကြီးကို ဆွဲထားရသလို ၀မ်းနည်းပြီးလေးလေးပင်ပင်ကြီး ဖြစ်လာသည်။

"..ဟေ့!.."

"အမယ်လေး!..သေချင်းဆိုးကြီး.."

"ဟာ..စိန်အေးမရယ်နင်လုပ်မှ..ငါလည်းသေရမလိုဖြစ်နေပြီ.."

"ဟဲ့ဖားကြီး..ဘယ်ချုံကြားကနေထွက်လာတာလဲဟယ်..လန့်လိုက်တာ.."

"နေစမ်းပါဟာ..ငါနင်တို့နဲ့မပြောချင်ဘူး..စံပယ်လေးနဲ့‌ပဲပြောချင်တာ.."

ဖားကြီးက စံပယ့်အရှေ့မှာရပ်နေသည့်မစိန်အေးနဲ့
မစိုးတို့ကို ဖယ်ခိုင်းပြီးစံပယ်နဲ့ မျက်နှာချင်းဆိုင်တွင် လာရပ်လေသည်။အသက်ကြည့်တော့
ဖင်စောင့်တော့မဲ့ဥစ္စာ ရွာထဲက အပျိုတိုင်းကို
ဒင်းဖွန်လိုက်ကြောင်နေတာကတော့ တော်တော်များသွားပြီ။

ကိုဖားကြီးရဲ့နာမည်အရင်းက တင်မြင့်ဖြစ်ပြီး
ဂုတ်တိုတိုနှင့် မျက်လုံးကပြူးသည့်အပြင်
ဖားမျက်လုံးလို ဖြစ်နေလေသည်။ထို့ကြောင့် သူ့ကိုဖားကြီးလို့စနောက်ခေါ်ကြရာမှ တင်မြင့်ဆိုသည့် နာမည်ပါ ပျောက်သွားလေသည်။သူကိုယ်တိုင်ကလည်း ဖားကြီးရေလို့ ခေါ်မှသာ ချက်ချင်းလှည့်ကြည့်တတ်သည့်လူပင်။

"အံမယ်..အံမယ်.."

"ဖားပြုပ်မျက်နှာ..ဖားပျံကိုယ်လုံးနဲ့များ..
တို့စံပယ်မွှေးကိုမှန်းချင်တယ်တဲ့..အံ့ပါ့ဟယ်
ကြည့်ရတာ ဖားကင်ဖြစ်ချင်နေပြီနဲ့တူတယ်..."

"နင်တို့အသာနေကြစမ်းပါ..မနက်ဖြန်စံပယ်လေးကရန်ကုန်ကိုပြန်တော့မှာဟ..ဟော့ဒီက ဖားကြီး‌လွမ်းလို့သေရချီရဲ့..စာနာပေးကြစမ်းပါဟာ..
ငါလည်း လွမ်းတတ်ပါတယ်..."

"အမယ်‌လေး..ဖားပါးစပ်က နတ်စကားထွက်ရတယ်လို့..ဖားကြီးလွှမ်းရင်..ဖားမကြီးဆီသွားပေါ့..
ဘာခက်တာမှတ်လို့..နတ်ပြည်တက်ပြီး နတ်ဖားဖြစ်ချင်လို့တော့ မရဘူးဟေ့...ဖနောင့်နဲ့ပေါက်လိုက်လို့
ချီးအတောင့်လိုက်ထွက်သွားမယ်....
ဖားအစုတ်ပလုတ်ရဲ့..."

"ဖားဂုံညှင်းမတွေ..နင်တို့..မြည်လို့ပြီးပါတော့မလား
..ဒီမှာချစ်ရသူချင်းလွမ်းခွင့် လေးတော့ပေးပါဟာ.."

"အိုဟို..ဖားပါးစပ်ကနတ်စကားတင်မကဘူး..
သိကြားမင်းဖင်ပါပြေးကိုက်ပြီဟေ့..ဝေါ့....
စံပယ်ရေ...ငါမရတော့ဘူး...အဆီပြန်နေတဲ့
ဖားနှာဘူးကို ကြည့်ပြီး အန်ချင်လာပြီ...ဝေါ့..."

"ဟဲ့...ဖားဂုံညှင်းမတွေ...ငါကနင်တို့ကိုပိုရွံတယ်...
ရုပ်တွေကိုက ငါးကြီးခြောက်ကို ရေနှူးထားသလို
ပွစိစိ‌တွေနဲ့...ငါးကို ဆားနယ်ပြီး အိုးထဲမှာထည့်သိပ်
ထားတဲ့ အခွက်တွေကမှ နင်တို့ထက်လှအုံးမယ်...
စံပယ်လေးကြောင့်သာ သည်းခံပေးနေတာနော်
...နော်စံပယ်လေး..."

"အောင်မယ်....အောင်မယ်...ငပြူးကများ ပြဲရတယ်လို့...."

"မဟုတ်လို့လား....နင်တို့အိမ်တွေမှာ မှန်တွေမရှိလို့လား...အိမ်ပြန်ပြီး မှန်ပြန်ကြည့်လိုက်အုံး...
ငါးကြီးခြောက်မတွေရဲ့...."

"ဖားကြီး....နင် ဖားဘ၀မှာတင် အညွှန့်တုံး
သွားမယ်နော်....."

ကိုဖားကြီးကတော့ ငြိမ်ခံနေတာကိုအကောင်းမှတ်နေတယ်။ဖားပြုတ်ကိုများ စံပယ်ကရည်းစားတော်မတဲ့လား။သိမယ် စံပယ့်အကြောင်းကောင်းကောင်းသိစေရမယ်။

"ကိုဖားကြီး ရှင်စံပယ့်ကို တကယ်ပဲကြိုက်တာလား.."

"အို..ကြိုက်တာမဟုတ်ဘူး..ချစ်တာ..ဖားကြီးရဲ့ဟောဒီ့ ရင်ဘတ်ကြီးထဲကကိုချစ်တာဗျာ.."

လူဝံကြီးလို သူ့ရင်ဘတ်ကိုတဘုန်းဘုန်းထုပြနေတာများ တော်တော်ကို အမြင်ကပ်ဖို့ကောင်းနေသည်။

"ဟုတ်ပါပြီ..အာ့ဆို..ဟော..ဟိုကမန်ကျည်း
ပင်ကိုတွေ့လား.."

"တွေ့တယ်လေ..အော်..ဘာလဲ..ဖားကြီးကိုမန်ကျည်းပင်အပေါ်တက်နိုင်လား စမ်းသပ်ချင်တာလား..ဒီလောက်ကတော့ ဖားကြီးက အေးဆေး..
အေးဆေး...."

"မဟုတ်ဘူး..အဲ့ဒီ့အပင်ကို တော့်လက်သီးနဲ့ဘယ်နှစ်ချက် ထိုးနိုင်မလဲ..သိချင်တာ.."

"ဘာ!!!!"

ဖားကြီးခမျာ ပါးစပ်ကြီးဟပြီး စကားတောင်မပြောနိုင်ဖြစ်သွားရလေသည်။"ဂလု"ဆိုပြီး သထွေးကို
 မျိုချလိုက်မိပြန်သည်။ဖားကြီးဘ၀မှာ သွေး ထွက်
သံယိုဖြစ်ရမှာကို အကြောက်ဆုံးပဲဆိုတာ စံပယ်လေးကို ဘယ်လိုပြောရပါ့မလဲ။

"စံပယ်လေး..ဒါ..ဒါ..ဒါ..ဒါကတော့.."

"ဘာလဲ..မလုပ်နိုင်ဘူးလား.."

"လုပ်..လုပ်နိုင်ပါတယ်..လုပ်နိုင်တာပေါ့..
ဘာလို့မလုပ်နိုင်ရမှာလဲ..အဟင်း..စံပယ်လေးအတွက်ဆို..အချက်တစ်ရာတောင်ထိုးပြနိုင်တယ်.."

"အို..အချက်တစ်ရာတော့မလိုပါဘူး..ဆယ်ချက်လောက်ဆိုရပါပြီ.."

"ဘာ.....ဆယ်...ဆယ်...ဆယ်ချက်တောင်...."

"ဟုတ်တယ်လေ ..ဘာလဲ မလုပ်နိုင်ဘူးလား...
မလုပ်နိုင်လည်းရတယ်နော်...."

"လုပ်...လုပ်.....လုပ်နိုင်ပါတယ်...."

ဆယ်ချက်ဆိုသည့် အသံကြားတာနှင့် စကားထစ်သွားသည့် ကိုယ့်ပါး ကိုယ်ပြန် ရိုက်ပစ်လိုက်ချင်သည်။

"ဟဲ့..မောင်လေးငတူး..လာဦး"

စံပယ်လည်း အနီးအနားမှ ဖြတ်လျောက်သွားသည့် ငတူးကိုလှမ်းခေါ်လိုက်သည်။
ဂတုံးပြောင်ပြောင်လေးနဲ့ ငတူးကတော့ မျက်လုံးလေးအဝိုင်းသားနှင့် စံပယ့်ဆီသို့ လာရှာသည်။

"ဘာလဲ..မမစံပယ်.."

"..ကိုဖားကြီး မန်ကျည်းပင်ကိုဆယ်ချက်ပြည့်အောင် ထိုးနိုင်မလားဆိုတာကြည့်နေ..ပြည့်ရင်
အဘထူးတို့အိမ်မှာငါ့ကိုလာပြောသိလား..
ဟန်ဆောင်တာလား...တကယ် ထိုးတာလားလည်း ပြောအုံးနော် .."

"ဟုတ်ကဲ့..သိပါပြီ.."

"ကဲ...ကိုဖားကြီး..အဘထူးတို့အိမ်ကိုသွားရအုံးမှာမို့..ငတူးကို စောင့်ကြည့်ခိုင်းထားမယ်နော်..
ဆယ်ချက်ပြည့်မှ..တော့်ကိုစဉ်းစားပေးမယ်..
..အားရပါးရ ထိုးနော်.."

"အေး..အေးပါစံပယ်လေးရယ်.."

အေးပါသာ ပြောတယ်။
ရုပ်ကဖားကို ဖင်က‌နေ တန်စို့ထိုးပြီး အကင်ခံရမှာကြောက်နေသည့် ရုပ်နဲ့မို့ စံပယ့်မှာရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။

"ဟဲ့ငတူးနင်လဲသေချာစောင့်ကြည့်နော်.."

"ဟုတ်ကဲ့ပါဗျာ.."

ငတူးကိုပြောဆိုခဲ့ပြီး စံပယ်တို့အဖွဲ့လစ်ထွက်လာလိုက်သည်။နောက်မှာကျန်ခဲ့တဲ့ငတူးနဲ့ဖားကြီးကတော့..

"ဦးဖားကြီး..ထိုးလေဗျာ..ဘာလဲအပင်စောင့်နတ်ကိုတိုင်တည်နေတာလား.."

ဖားကြီးခမျာ ခြေထောက်တွေ‌တောင်တုန်လာပြီး
မန်းကျည်းပင်ကိုလက်ညှိုးနဲ့တို့ကြည့်လိုက်သည်။..

"ဟီးဟီး..တော်တော်မာတဲ့ အပင်ပဲနော်..."

"မာတာတွေ..ပျော့တာတွေလုပ်မနေနဲ့ဗျာ ထိုးမှာသာထိုး..ထိုင်စောင့်နေရတာ စိတ်မရှည်ဘူးနော်..ဘာလဲမထိုးရဲဘူးလား.."

"အောင်မယ်...ကလေးကများ ကြီးကြီးကျယ်ကျယ်တွေ ပြောနေရတယ်လို့...မင်းမှာဘာအလုပ်အကိုင်ရှိတာမှတ်လို့...."

"ဘာလို့မရှိရမှာလဲ...ပွတ်စလီမှာဂေါ်လီလုံးသွားလှိမ့်မလို့ဗျ....ဦးဖားကြီးလို အားအားယားယားဖွန်လိုက်ကြောင်နေတာမဟုတ်ဘူး...မထိုး ရဲရင်လည်း
....နေတော့ဗျာ..မမစံပယ်ကို သွားပြောလိုက်တော့မယ်..."

"မ..မထိုးရဲပဲနေမလား..ကဲထိုး ပြ‌မယ်.."
ကြည့်နေနော်.."

"ကြည့်နေပါတယ်..ထိုး မှာသာထိုး.."

"ထိုးပြီဟေ့..တစ် နှစ် သုံး..ကဲကွာ..ကဲကွာ.."

မန်ကျည်းပင်ကို နှစ်ချက်သာထိုးပြီး ဖားကြီးတစ်ယောက် လက်သွေး စို့၍ အပင်အောက်တွင်ငုတ်တုတ်ကြီးထိုင်ကျသွားလေသည်။
ထိုစဥ်မောင်ဦးတစ်ယောက်ထိုနေရာမှဖြတ်
အလျှောက်..

"ဟေ့..ဖားကြီး..မင်းအ‌မေသေလို့ငိုနေတာလားကွ.."

"နင့်မေကြီးတော်..မအေသေရမှလားကွ..
ဒီမှာလက်နာနေပါတယ်ဆို..အီဟီး.."

"ဟာဗျာ..တစ်ကိုယ်လုံးထိုးထားတဲ့..ဘီလူးရုပ်တွေမှအားမနာ..ငိုနေတာများ..
ယောက်ျားသေတဲ့မုဆိုးမကြီးကျနေတာပဲ..

"ဘီလူးကဘီလူး..နာတာကနာတာ..အီဟီး.."

ငတူးလည်း သွေးမြင်ပြီး မရှု၊မလှငိုနေသည့် ဖားကြီးကိုကြည့်ကာ နှာခေါင်းရှုံ့ပြီး ခေါင်းခါပြစ်လိုက်သည်။
ကိုယ်လုံးမှာကြတော့ ဘီလူးတွေရော၊နဂါးတွေရော စုံနေအောင်ထိုးထားပြီး ဒီလောက်လေးပွန်းပဲ့တာကို ငိုနေတာများ တော်တော်သတ္တိနဲတာပဲဟု မှတ်ချက်ချလိုက်သည်။

"ဦးဖားကြီး ....တက်တူးတွေ ထိုးတုန်းကတော့မငိုပဲနဲ့....ဒီလောက်လေးဖြစ်တာကို ဘာလို့ငိုနေရတာလဲဗျာ..."

"မင်းဘာသိလို့တုန်း တက်တူးကအစစ်မဟုတ်ဘူးကွ...ဟိုတစ်လောကမှ မြို့တက်ပြီးကပ်ခွာသွားကပ်ထားတာဟ...."

"....ကျွန်တော်လည်းသွားပြီဗျာ...ဦးဖားကြီးကို
ကြည့်နေရင် ဒေါ်တင်မေသူ့လင် သေလို့ ငိုတဲ့ရုပ်ကြီးနဲ့ တူတူလာလို့..."

"ဒီ...သေချင်းဆိုးလေးကတစ်မျိုး....ငိုတာတောင် ကောင်းကောင်းမငိုရဘူး..."

ဖားကြီးက ရိုက်လိုက်ချင်ပေမဲ့ ငတူးကတော့
 ပွတ်စလီရွာဘက်အခြမ်းသို့ ပြေးသွားနှင့်လေပြီ။
ဖားကြီးလည်း စံပယ်ကပြန်မကြိုက်မည့်အတူတူ
ချောင်းဟိုဘက်ကမ်းက သူ့အိမ်သို့သာ ပြန်ဖို့လုပ်ရလေသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ဒီနေ့က အလုပ်ပြန်ဆင်းတဲ့နေ့ဖြစ်လို့ IDG
ကုမ္ပဏီတစ်ခုလုံးရှိ အလုပ်သမား‌တွေအားလုံး
 ပျားပန်းခက်အလုပ်ရှုပ်နေကြလေသည်။

 သင်္ကြန်ပိတ်ရက်မှာပစ်ထားသမျှ အတိုးချလုပ်နေရသည်လေ။
စံပယ်တို့သန့်ရှင်းရေးဌာနကလည်း ပိတ်ရက်၈ရက်အတွင်း ‌ဂျီးတင်သွားတဲ့အဆောက်အဦးကြီးကိုသန့်ရှင်းရတာ လက်ကိုပြုတ်ထွက်မတက်ပါပဲ။

"စံပယ်ရေ..၄လွှာက အစည်းအဝေးခန်းတွေကိုသန့်ရှင်းရေးလုပ်လိုက်ပါအုံး..အခန်းနံပါတ်(၂)ကိုတော့ ချန်ထားလိုက်ပါ...အဲ့မှာအခုအစည်းအဝေးလုပ်နေတယ်..အခန်းရှေ့ကလျှောက်လမ်းကိုပဲသန့်ရှင်း‌ ရေးလုပ်ရင်လုပ်လိုက်ပါ.."

"ဟုတ်ကဲ့.."

စံပယ်လည်း အလွှာ‌(၄)ကို ဓာတ်လှေကားနဲ့
တက်လာလိုက်ပြီး အစည်းအဝေးအခန်းတွေကို သန့်ရှင်းရေးလုပ်လိုက်သည်။
အခန်းနံပါတ်(၂)ကိုတော့ ရှေ့လူသွားလမ်းကိုသာ သန့်ရှင်းရေးလုပ်နေလိုက်သည်။
.
.
.
တစ်ဖက်တွင်တော့အစည်းအဝေးလုပ်နေတဲ့
နေဂုဏ်မာန်တစ်ယောက် တင်ပြလာသည့်
ပရောဂျက်ကိစ္စတွေကို နားထဲမ၀င်‌တော့ပေ။
အခန်းအပြင်တွင် သန့်ရှင်းရေးလုပ်နေသည့်ကောင်မလေးဆီသာ မျက်လုံးကစုံလည်လှည့်ပြီး ရောက်ရောက်နေသည်။
အသိစိတ်၀င်လာတိုင်း ခုံပေါ်မှ ဖိုင်လ်တွေကို သေချာကြည့်နေလိုက်ပေမဲ့ စိတ်ကတော့ သူမကိုသာ ကြည့်ချင်နေသလို ဖြစ်နေသည်။

သတိထားမိသူ‌တွေကတော့ ဒီသူဌေးအကြော
ဆွဲနေတာလားဟု ထင်ကြပေလိမ့်မည်။
အစည်းအဝေးအခန်းကို ကာထားသည့်မှန်တွေဟာ အထဲကနေသာအပြင်ကိုမြင်နိုင်ပြီး အပြင်ကလူကအထဲကိုမမြင်နိုင်ပေ။ထို့ကြောင့် သူကသာကြည့်နေမိပေမဲ့ ထိုကောင်မလေးကတော့ သူမလုပ်စရာရှိနေသည်များကိုသာ ဆက်လုပ်နေလေသည်။

"ဆရာ..ဆရာ..ဆရာ့!!"

"ဟင်..အင်း..‌ကောင်းပါတယ်.."

"ဆရာ..ကျွန်တော်ဘာမှမပြောရသေးဘူးလေ.."

စီမံခန့်ခွဲရေးဌာနကလူတွေလည်း နားမလည်နိုင်စွာခေါင်းကုတ်ကြတော့မှ သူလည်းလက်ရှိဘ၀ကိုပြန်ရောက်လာတော့သည်။

ဟုတ်သားပဲ ငါအစည်းအဝေးအခန်းထဲမှာ ဘဏ်‌
ကြေငြာအတွက်ဆွေးနွေးနေတာပဲ။

နေဂုဏ်မာန်ရှက်လွန်း၍ သူ့ခေါင်းကိုသာဖြုတ်ပြီး‌
ခုံအောက်ထဲကိုသာ ထိုးထည့်လိုက်ချင်တော့သည်။
ဒီလိုအမှားလုပ်ဖူးတာ ဒါပထမဆုံးပဲ။
သူကဘယ်အရာကိုမှ ချို့ယွင်းချက်မရှိအောင်လုပ်နိုင်သူလေ။

"စံပယ်မွှေး..မင်းငါ့အရှေ့မှာရှိနေရင်..ငါ့မျက်လုံးကမင်းကိုပဲကြည့်နေချင်သလို..ငါ့စိတ်ကလည်းမင်း
ရှိတဲ့နေရာကိုပဲ..ခေါ်သွားနေတယ်..ဒါဘာကြောင့်လဲ..ငါမင်းကိုချစ်မိတာလား..မဟုတ်သေးပါဘူး..စိတ်၀င်စားတာ..ဟုတ်တယ်မင်းရဲ့ထူးခြားတဲ့ပုံစံလေးက ငါ့ကိုစိတ်၀င်စားမိစေတာပဲ.."

💓💓💓💓💓💓💓💓💓💓

ညနေရုံးဆင်းပြီဖြစ်တာကြောင့် ဖယ်ရီဂိတ်ကိုအသွား လူတစ်ယောက်ကပခုံးကိုလှမ်းပုတ်လိုက်တာကြောင့် စံပယ်လှည့်ကြည့်လိုက်မိသည်။
ထိုလူဟာ အခြားလူမဟုတ်ပဲ ကိုအေး၏တူ ကိုမိုးနီပါပဲ။

"ဟင်..ကိုမိုးနီ..ဘယ်လိုလုပ်ပြီးဒီကို.."

"ဟုတ်တယ်ကိုယ်ဒီနေ့ပဲ..လျှပ်စစ်အင်ဂျင်
နီယာဌာနမှာအလုပ်ရသွားပြီ..စံပယ်ကရောဒီမှာလုပ်တာလား.."

"ဟုတ်..ဟုတ်ပါတယ်..."

"ဒါဆို..ဘယ်ဌာနကလဲ.."

"ဟို..ဟိုလေ.."

"ကဲပါ..ဟိုတွေ..ဒီတွေလုပ်မနေနဲ့ကိုယ့်ဆိုင်ကယ်ပါတယ်..စံပယ့်ကိုလိုက်ပို့ပေးမယ်လေ..

"ဟို..ရပါတယ်..စံပယ့်ဘာသာ..ဖယ်ရီနဲ့ပဲ.."

"လာပါဆိုကွာ..မိတ်ဟောင်း..ဆွေဟောင်းတွေ..ဒီလိုကံဆုံတာ..လွယ်တာမှတ်လို့..လာ.."

အတင်းဆွဲခေါ်နေတဲ့ ကိုအေးရဲ့တူ ကိုမိုးနီကြောင့် စံပယ်လည်းလိမ်ဖယ်၊လိမ်ဖယ်နဲ့ပါသွားရတော့သည်။ဒီလူဟိုတစ်ခါငရုတ်သီးကသိပ်မစပ်လို့ပဲလား။
"ကြုံလည်း..ကြုံတတ်ပါလား..ကံကြမ္မာရယ်"
စံပယ်စိတ်ပူနေတာကတော့ ကိုမိုးနီများ စံပယ်သန့်ရှင်းရေး၀န်ထမ်းဆိုတာသိသွားခဲ့ရင်ရင် သူ့ဦးလေးကနေတစ်ဆင့် အဖွားကိုပြန်ပြောလိုက်မိမှာကိုပဲ။

ထိုအချင်းအရာကို အနက်ရောင်ကား၏ မှန်ချပ်နောက်ကွယ်မှနေ၍ မီးတောက်တော့မည့်မျက်လုံး‌ တွေနှင့်ကြည့်နေသူက နေဂုဏ်မာန်ဖြစ်လေသည်။

"ရွာလေးတစ်ခါပြန်လိုက်တာ ရည်းစားပါရသွားတာလား?..ဒီကောင်ကဘယ်သူလဲ?..
စံပယ်မွှေးနဲ့ဘာတွေလဲ?
..ဟာ..တောက်!.."

သူမကိုယောက်ျားလေးတစ်ယောက်နဲ့ ရယ်မောကာစကားပြောရုံလေးနှင့် သူ့ခေါင်းထဲမှာ"ဘာ?ဘာ?ဘာ?"ဆိုတာတွေတန်းစီနေလေတော့သည်။

သူ့မှာတော့ တစ်နေ့လုံးစိတ်နဲ့လူနဲ့မကပ်ပဲ သူမအပေါ်ကို စိတ်၀င်စားနေမိတဲ့အရာကို ခွဲခြမ်းစိတ်ဖြာနေမိခဲ့တာ။
ဒေါ်စံပယ်ကတော့ ဒီနေ့မှချည်သား၀မ်းဆက် အဝါနုကလေးနဲ့ ပေါင်လည်လောက်ရှိတဲ့ဆံပင်ရှည်ကြီးတွေကို အပေါ်တစ်လွှာပဲစည်းထားတော့
ကျောပြင်မှာဆံနွယ်တွေဝဲဖြာကျလို့ မြင်သူတိုင်းငေးရအောင် တမင် ပဲများနေတာလားမသိဘူးဟု
တွေးလိုက်မိသည်။

ဒါတင်မကသေး ဟိုသ‌ကောင့်သားရဲ့ဆိုင်ကယ်အပေါ်ကိုမြှောက်ကြွမြှောက်ကြွနဲ့ပါသွားတာများ မွေးကတည်းက ဆိုင်ကယ်မစီးဖူးတဲ့ရုပ်အတိုင်းပဲ။

"ဟာကွာ..တောက်!"

"ဟာ..ဆရာကျွန်တော်ဘာလုပ်မိလို့လဲဆရာ.."

နေဂုဏ်မာန်ဟာ တက်ခေါက်လိုက်မိသည့်အပြင် ပါးစပ်မှဒေါသသံလည်း ယောင်၍ထွက်သွားမိတာကြောင့် ဒါရိုက်ဘာမောင်ထွန်းတောင် နေမိထိ၊ထိုင်မသာဖြစ်သွားရလေသည်။

"မင်းကိုတက်ခေါက်တာမဟုတ်ဘူး..ခြင်..
ဟုတ်တယ်..ငါ့ကိုလာကိုက်တဲ့ခြင်မကို
တောက်ခေါက်တာ.."

ခပ်ရှက်ရှက်နှင့် ခြင်ကိုသာလွှဲချလိုက်ရသည်။
သူ့လိုလူတစ်ယောက်က မိန်းကလေးတစ်ယောက်၊ တစ်ခြားယောက်ျားလေးရဲ့ ဆိုင်လ်ကယ်အနောက်ကိုပါသွားလို့ တက်ခေါက်ရပါသည်ဆိုပါက လူလှောင်ရယ်စရာမဟုတ်ပါလား။သူလည်း သူ့စိတ်ကိုပြန် ဖြေလျှော့ပစ်လိုက်ရသည်။အသက်လည်း သုံးဆယ်နားနီးနေပြီဆိုတော့ ကလေးဆန်နေလို့
မဖြစ်တော့ချေ။

"ဒါနဲ့ဆရာ..ခြင်ကအထီးလား၊အမလား..
ဆရာဘယ်လိုသိလဲ..နည်းလမ်းလေးရှိရင်ကျွန်တော့်ကိုလည်းပြောစမ်းပါအုံး..အိမ်ကတူတွေ၊တူမတွေကိုဖောက်သည် ချချင်လို့.."

"ဟာ...အရေးထဲ မင်းကတစ်မျိုး...ကဲမောင်းတော့..."

ဆရာ့ရဲ့ခေါင်းရှုပ်နေတဲ့မျက်နှာကြီးကိုကြည့်ပြီး မောင်ထွန်းရယ်ချင်ချင်ဖြစ်နေသည်။
သိသားပဲ။ဟော့ဒီကမောင်ထွန်းက အပွေးမြင်အပင်သိ၊ချက်ဆိုနားခွက်ကမီးတောက်ပြီးသားပါဆရာရယ်လို့ ပြောလိုက်ချင်ပါသည်။
ငါတို့ဆရာလူပျိုကြီး သ၀န်တွေတိုပြီးဈာန်လျှောချင်နေတာများ မသိရင်ခက်မယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

အခန်း(၈)ဆက်ရန်.....

#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

No comments:

Post a Comment