"သနပ်ခါးရနံ့လေးကြူကြူမွှေး"
"အခန်း ၁"
ကြောက်လှပါတယ်
ကောက်ပင်၊ပျိုးပင်တို့သာ အသာစီးရထားသော လယ်တောထဲတွင် လေပြင်းတစ်ချက်ဝေ့လိုက်တိုင်း ယိမ်းနွဲ့သွားသော ပျိုးပင်နုနုလေးတွေသည် နေမင်း၏ အရှိန်အဝါနှင့် အားပြိုင်တုရင်း အလျှံညီးညီး တိုးဝေ့ရှင်သန်ဖို့ အားပြိုင်နေကြရလေသည်။
ထို့နည်းတူပင် ကောက်စိုက်နေကြသော လယ်တောသူမလေးများသည်လည်း နေပူဒဏ်ကို မာန်၀င့်ကာ အံတုရင်းနှင့် အများအမြင်မှာ ဘယ်နှယ့်မှတောင်
မဖြုံသော အာဃမိန်းမတွေဟု မြင်ကြရလောက်အောင် သီချင်းသံတစ်ညံညံနှင့် ကောက်စိုက်နေကြလေတော့သည်။
ထမီကို ခြေသလုံးအလည်လောက်အထိ
တိုအောင်၀တ်ထားကြပြီး ဝါးခမောက်ကြီးတွေ အသီးသီးဆောင်းထားကြကာ နေအပူရှိန်ကြောင့် ဖြစ်ပေါ်လာတတ်သည့် မျက်နှာအရေးအကြောင်းတို့ကို ကာကွယ်ဖို့ရန် ခောတ်ပေါ်မိတ်ကပ်များမဟုတ်ပဲ မြန်မာ့သနပ်ခါးအမြစ်တုံးကိုသွေး၍
ဘူးသီးလုံးလောက်ထင်မှတ်ရအောင် ပါးတစ်ဖက်တစ်ချက်တွင် ဗျင်းကျားကွက်ထားကြလေသည်။
ခြေထောက်တွေကို ရွှံ့နွံရေထဲမှာရပ်ထားရပြီး ဖြုတ်ကိုက်လို့ကိုက်မှန်းမသိ၊ မျှော့တွယ်လို့ တွယ်မှန်းမသိနိုင်စွာ အားသွန်ခွန်ဆိုက်ဖြင့် ခန္ဓာကိုယ်အား ကုန်းကုန်းကွကွကြီးလုပ်ကာ နေ့စားခရဖို့အရေး ချွေးဒီးဒီးကြသည်အထိ လုပ်နေကြရလေသည်။
ဆင်းရဲသော တောသူ၊တောင်သားတို့ဘ၀ဆိုသည်မှာ ဤသို့ပင် ကျင်လည်ကြရလေသည်။
"ဟဲ့ဟဲ့..မယ်အဆိုတော်တို့..ဟိုလယ်ကန်သင်းရိုးပေါ်မှာ ပြေးလာနေတာ..မုန့် လေပြွေမ..မဟုတ်လား.."
"အေးတော့..မုန့်လေပြွေ..လေနဲ့လွှင့်လာတာ.."
လယ်ကန်သင်းရိုးပေါ်၀ယ် မုန့်လေပွေမတစ်ယောက် အမောတကောပြေးလာသည်ကိုမြင်ကြတော့ ကောက်စိုက်သမတို့ အကုန်ခေါင်းထောင်ကြည့်ကုန်ကြလေသည်။
"စံပယ်မွှေးရေ...စံပယ်မွှေး..စံပယ်မွှေး.."
"ဟဲ့ မိလေပြွေ..ငါ့ကိုဘုရားမှတ်နေလား..ဒီလောက်တနေရအောင်..ဘာဖြစ်လာတာလဲ.."
ပါးပြင်တစ်ဖက်တစ်ချက်တွင် သနပ်ခါးဘူးသီးလုံးလောက် လိမ်းထားသော စံပယ်မွှေးလည်း ကောက်ရိတ်တံဇဉ်ကို ကိုင်ကာ မျက်ေမှာင်ကို ကြုံ့ပြီး ခါးကိုထောက်ထားလိုက်သည်။
မုန့်လေပြွေမဆိုသည်မှာ သူ့နာမည်ကို တကြော်ကြော်အော်ခေါ်နေတာ ဘေးလူတွေကြားရင် သူမတစ်ခုခုဖြစ်တယ် ထင်နေကြအုံးမယ်။
"ဟဲ့....ဘာဖြစ်လာတာလဲလို့ မေးနေတယ်လေ...."
"နင့်..နင့်အဖွား..မရှိ...ဟောဟဲ"
"ဘာ..အမယ်လေး..အဘွားရဲ့..အီးဟီး"
"ဟဲ့စပယ်မွှေး..ဟဲ့!!ဟဲ့!..ဟောဟဲ..ငါပြောလို့မပြီးသေးဘူးလေ.."
"မိလေပြွေ...ညည်းကစကားတစ်လုံး..လေတစ်ခါဖြတ်နေတာကို..ခေါ်မနေနဲ့..စပယ်မွှေးကအပြေးချန်ပီယံ..ဟိုမှာတွေ့ပလား..ကိုမြတို့လယ်စပ်နားရောက်နေပြီ..ပြေးသာလိုက်သွား.."
"အမယ်လေးမစိန်ရယ်..အသွားပြေး အပြန်ပြေးဆို..ကျွန်မ မသာပေါ်လိမ့်မယ်.."
"အဲ့တာဆိုရွာထဲမပြေးနဲ့တော့...သင်္ချိုင်းကုန်းသာတန်းပြေး..မောရင်ဂူထဲမှာ ၀င်နားပေါ့အေ..."
"ဟား..ဟား...ဟား..."
"မစိန်တို့ကတော့ ပြောလိုက်ရင် အပြတ်ပဲဟေ့...."
တစ်ဖက်တွင်တော့စံပယ်မွှေးတစ်ယောက်
ရွာ့နောက်ဖေး လှည်းလမ်းကြောင်းမှ
ခြေထောက်ဗလာနှင့် အမောဆို့သည်အထိပြေးလေတော့သည်။သူမတစ်ယောက်ထဲကြောင့် လှည်းလမ်းကြောင်းကြီးသည်လည်း သူမကြောင့် ဖုန်တထောင်းထောင်းထကာ မြူခိုးဝေတဲ့ ဆောင်းရာသီအဖြစ်သို့ ရောက်ရလေတော့သည်။
"အမယ်လေး..ဖြစ်မှဖြစ်ရလေ..အဖွားရဲ့..
သမီးကိုစောင့်ပါရော့လား..အဘွားရဲ့..အီးဟီး
"ဟဲ့..စံပယ်မွှေးအဖွားဘာဖြစ်တာတုံး.."
"သိဘူးလေအေ.."
"လာသွားကြည့်ကြမယ်.."
အိမ်ရှေ့ရောက်သည်နှင့်အော်ငိုရင်းအိမ်ပေါ်ပြေးတက်သွားသည့် စံပယ်မွှေးကြောင့် အိမ်နီးချင်း
ခြံ၀ိုင်းများမှ လူတွေလည်း စပ်စုချင်ကြတာ ကြောင့်ဝိုင်းအုံလာကြလေသည်။
စံပယ်မွှေးတစ်ယောက်ကတော့ အမောတကောနှင့်
အိမ်ပေါ်သို့ အိမ်ပေါ်သို့ပြေးတက်သွားလေသည်။
"အဖွားရဲ့..ကျွန်မကိုထား..ထား.."
"ဟင်ကျုပ်အဖွားဘယ်ရောက်သွားတာလဲ.."
"အရီးမြ ကျွန်မအဖွားဘယ်ပျောက်သွားတာလဲ.."
"ငါဘယ်သိမတုန်းဟဲ့...မတိုး..ညည်းသိလား"
"သိဘူးလေ..ကျုပ်လဲ.."
တစ်ယောက်တစ်ပေါက် ဟိုလူသိလားဒီလူသိလားနှင့် အိမ်လေးထဲမှာဆူညံသွားတော့သည်။
စံပယ်မွှေးမှာတော့ အမျိုးမျိုးတွေးရလေတော့သည်။မုန့်လေပြွေမပြောပုံအရဆိုရင် အဖွားကမရှိတော့ဘူးဆိုတော့ ဆုံးသွားတာပေါ့။
ဒါဆိုရင် အနည်းဆုံး ရုပ်အလောင်းတော့ရှိရမှာပေါ့။
အခု အလောင်းကိုတောင်မတွေးရဘူးဆိုတော့ ..
"ဟင်..ဒါဆို..ဖုတ်..ဖုတ်ကောင်၀င်တာပေါ့..
အမယ်လေး..သွားလေသူအဖွားရဲ့..
ဘယ်ဘ၀က အကုသိုလ်တွေဒီလောက်များခဲ့လို့..သေတာတောင်..ခြေမငြိမ်ရတာလဲအဖွားရဲ့..."
ထိုစဉ်အဖွားကြည်မေတစ်ယောက် မိမိအိမ်ထဲ၌လူတွေစည်နေသောကြောင့်အံ့ဩသွားရသည်။
အိမ်မှာ ပွဲတွေ၊ဘာတွေလုပ်မယ်လို့လဲ မကြေငြာထားပဲနဲ့ လူတွေကဘာလို့ ဒီလောက်များသလဲ တွေးလိုက်မိသည်။ဘုန်းကြီးကျောင်းကနေ ဆရာတော့်တရားလေး နာခဲ့တာမို့ အေးချမ်းသောခြေလှမ်းတွေနှင့် အိမ်အပေါ်သို့တက်လိုက်ရာ၀ယ်။
"မေတ္တာရှင်မကြီး..ကျွန်မကိုထားခဲ့ရက်တယ်ပေါ့.."
"ဟင်..ဒါမိစံပယ်အသံပဲ..ဘယ်သူဘာဖြစ်တာတုံး.."
အိမ်ပေါ်သို့တက်လိုက်တော့ အိမ်ပေါက်ကိုကျောပေးရင်းထိုင်ငိုနေသည့်မိစံပယ်..
"ဟင်..မကြည်မေ.." "ဖုတ်..ဖုတ်ကောင်ကြီးပြန်လာတယ်တော့..ကျုပ်တော့မနေရဲဘူး.."
သူ့ကိုမြင်သည်နှင့်တစ်ယောက်ပြီးတယောက်အိမ်အပေါ်မှဆင်းပြေးသွားကြသည်။စံပယ်မွှေးလည်းငိုရင်းနှင့် အနောက်သို့လှည့်ကြည့်လိုက်ရာ...
"ဟင်အဖွား..အယ်ဟုတ်ပါဘူး..ဖုတ်ကောင်ကြီး"
"ကျွန်မပြုသမျှကုသိုလ်နဲ့အမျှဝေဆို ဝေပါ့မယ်
..အဖွားကိုယ်ထဲကထွက်တော့နော်..
အဖွားအသက်ထွက်ဖြောင့်ပါစေ..ဖုတ်ကြီးရယ်..
အဖွားကိုအခေါင်းထဲအေးဆေး၀င်ခွင့်ပြုပါရှင်..
"ဒေါက်.."
"အာ့..."
"ဖုတ်ကောင်ကြီး..ဘာလို့ခေါက်တာတုံး.."
" သေနာမ..နင်သာအခေါင်းထဲကို၀င် ...
ကျက်သတုံးမ..ငါ့အိမ်မှာနေပြီး..ငါ့ကိုစောစောအသက်ထွက်ခိုင်းနေတယ်.."
"အဘွားတကယ်မသေဘူးလား.."
"ဒေါက်.." "အား.."
"ငါသေတယ်လို့..ညည်းကိုဘယ်သူပြောလဲ.."
"မုန့်လေပြွေမလေ..လယ်ထဲအထိပြေးလာပြီးအဖွားမရှိဆိုတော့..သမီးကဟိုဒင်းဖြစ်တာမှတ်လို့ပေါ့"
"မိစံပယ်ညည်းတော့အမြဲ တလွဲစိန်ပါလား..
ငါဘုန်းကြီးကျောင်းမှာတစ်နေကုန်မှာမို့လို့ အိမ်မှာညည်းပြန်လာတဲ့ထိမရှိဘူးပြောခိုင်းတာပါအေ.."
"..ဟီး..သမီးကအဖွားတကယ်မရှိတော့ဘူးထင်ပြီး
ငိုလိုက်ရတာ..ခုမှပဲအလုံးကြီးကျသွားတယ်..ဟူး.."
"ရန်ကုန်အပြည်ပြည်ဆိုင်ရာ
မင်္ဂလာဒုံလေဆိပ်"
ခရီးဆောင်အိတ်များအသီးသီးသယ်ရင်းထွက်လာကြသူတွေထဲတွင် အများနှင့်မတူသော အရှိန်အဝါရှိသည့်လူတစ်ယောက် ဟန်အပြည့်နှင့်လျှောက်လာနေလေသည်။
၆ပေဆိုသည့်အရပ်၊ချောမောခန့်ညားနေမှုနှင့် အနက်ရောင်အနောက်တိုင်း၀တ်စုံအပြည့်၀တ်ဆင်ထားပြီး အဆီမပိုမရှိတောင့်ဖြောင့်သည့်ခန္ဓာကိုယ်ကြောင့် လူတိုင်းက၂ခါလောက်တော့လည်ပြန်ကြည့်ကြမြဲပင်။
"ဆရာ..ကျွန်တော်ဒီမှာ.."
"အေး..မောင်ထွန်း.."
မောင်ထွန်းဆိုသူကလက်ပြနှုတ်ဆက်ရာ ထိုကိုလူချောကလည်းလက်ပြန်ပြရင်း ပြုံးပြလေသည်။
"ဆရာဒီတစ်ခေါက်၅နှစ်နေမှပြန်လာတော့ ဒီမှာဘယ်နှစ်ရက်နေမှာလဲ..."
"အေးဆေးပေါ့ကွာ နောက်မှပြောမယ်.."
နှစ်ယောက်သားအတူလျှောက်လာပြီး လေဆိပ်အပြင်ဘက်တွင်အသင့်စောင့်နေသည့်ကားထဲသို့၀င်ထိုင်လိုက်ကြသည်။
"ဆရာ..ဆရာ့အိမ်ကိုတန်းပို့ပေးရမလား..
ကုမ္ပဏီကိုလား.."
"ဒယ်ဒီ့အိမ်ကိုမောင်း..."
"တ..တကယ်လားဆရာ..ဆရာ့အဖေတော့သိပ်ပျော်နေတော့မှာပဲ.."
"ဟင်း..မင်းထင်လို့ပါ.."
သူမဲ့ပြုံးတစ်ခုကိုဖန်တီးလိုက်ပြီး တရွေ့ရွေ့သွားနေသည့်ကားလမ်းအပြင်ဖက်သို့သာငေးနေလိုက်သည်။စိတ်ထဲတွင်တော့..
"၅နှစ်အတွင်းမှာကျွန်တော်လုံး၀မေ့ထားတဲ့ဒယ်ဒီဘယ်လောက်ပြောင်းလဲသွားပြီလဲဆိုတာ ကျွန်တော်ပြန်လာကြည့်မယ်.."
အနက်ရောင်ကားတစ်စီးက နန်းတော်တစ်မျှခမ်းနားသည့်ခြံကြီးထဲသို့ ၀င်လာသည်။
ကားရပ်လိုက်သည်နှင့်အနက်ရောင်အနောက်
တိုင်း၀တ်စုံအပြည့်နှင့်လူဆင်းလာပြီး သူနှင့်ရင်းနှီးနေသည့် နေရာတစ်ခုလိုပဲ အိမ်ကြီးထဲသို့၀င်သွားကာ ဧည့်ခန်းထဲသို့လျှောက်လာလေသည်။
ဧည့်ခန်းထဲတွင်တော့ ဦးဘုန်းမာန်ဟာ သတင်းစာကို အကျအနထိုင်ဖတ်နေမိရာမှ လူရိပ်မြင်၍ မော့ကြည့်လိုက်မိရာ အံ့ဩမှုတွေနှင့်အတူ သူ့မျက်၀န်းတွေ ပြူးကျယ်သွားလေသည်။
ငါးနှစ်တာလောက် သူ့ကိုပုန်းရှောင်နေခဲ့သော သားဖြစ်သူကိုပြန်တွေ့လိုက်ရတာကြောင့် ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး ကျေနပ်သောအပြုံးတွေနှင့် သားဖြစ်သူကို ဆီးကြိုလိုက်လေသည်။
"..သားဘယ်တုန်းကပြန်ရောက်တာလဲ..ကြိုပြောရင်ဒယ်ဒီအခန်းပြင်ထားတာပေါ့..ဒေါ်တင့်ရေ.."
"ရှင်...လာပါပြီ...ဟင်..သားဂုဏ်မာန်ရောက်နေတာလား..
ဒေါ်တင့်မှာလည်း ဧည့်ခန်းထဲသို့ ရောက်ရောက်ချင်း နေဂုဏ်မာန်ကိုမြင်လိုက်ရတာကြောင့် ပျော်ရွှင်မှုတွေဟာ မျက်နှာမှာ အရိပ်ထင်သွားလေသည်။
"ဒေါ်တင့်သားအတွက်အခန်းပြင်ပေးလိုက်ပါအုံး.."
"ဟုတ်ကဲ့....."
"ဒီနေ့ဘာနေ့လဲဒယ်ဒီသိလား..."
ဦးဘုန်းမာန်လည်း သား၏မျက်နှာကိုတည့်တည့်ကြည့်ပြီး ဒီနေ့ကဘာများထူးခြားသလဲဟုစဉ်းစားနေမိသည်။နေဂုဏ်မာန်သည်လည်း ဖခင်၏မျက်နှာကိုအကဲခတ်နေမိလေသည်။ထိုစဉ်...
"ဟင်ဒီနေ့ဘာနေ့လဲအိမ်မှာထူးဆန်းတဲ့ပုဂ္ဂိုလ်ရောက်နေပါလား.."
"ချယ်ရီပြန်လာတာနဲ့အတော်ပဲ .."
ချယ်ရီဆိုသည့် မိန်းမရဲ့ပခုံးကိုဖက်လိုက်တဲ့အဖေ့လက်တွေကို နေဂုဏ်မာန်တစ်ချက်ကြည့်လိုက်ပြီး မျက်နှာကြောကို တင်းကာအံကိုကြိတ်လိုက်မိသည်။
"ကျွန်တော်ပြန်တော့မယ်ဒယ်ဒီ.."
နေဂုဏ်မာန် မျက်နှာကိုတင်း အံကိုကြိတ်ရင်း ချယ်ရီဆိုသူရဲ့ပုခုံးကိုတိုက်ကာဧည့်ခန်းမှထွက်လာလိုက်သည်။
"နေဂုဏ်မာန်..နင်လူမှုရေးနားမလည်ဘူးလား..ငါကအခုလက်ရှိနင့်အမေနေရာမှာနော်..နင်ငါ့ကိုနှုတ်ဆက်သင့်တယ်.."
"ဒီမှာဒေါ်ချယ်ရီစူး..ကျုပ်အဖေရဲ့အိပ်ရာပေါ်ကိုတက်နိုင်တာနဲ့ပဲ..ကျုပ်အမေနေရာကိုတက်ထိုင်ဖို့စိတ်မကူးနဲ့.."
"သား..မင်းဘယ်လိုပြောလိုက်တာလဲ.."
သူ့ကို အော်လိုက်သည့်ဒယ်ဒီ့ကိုအဖက်မလုပ်ပဲ ထိုမိန်းမကိုသာရွံရှာစက်ဆုပ်သည့်အကြည့်များဖြင့်ကြည့်လိုက်သည်။
"ကျုပ်အဖေကိုကြာကူလီလို့ရတိုင်း..ကျုပ်ကိုလာ
မချိပ်နဲ့..ခွေးရဲ့နေရာက ခြေနင်းဖက်မှာပဲရှိတယ်.."
အဟင်း..ခွေးအိမ်လှလှလေးဆောက်ပြီး...
ရွှေလည်ပတ်လေးတပ်ပေးခံရတာနဲ့ ရောင့်တက်
မနေနဲ့..ကိုယ့်နေရာကိုယ်သိ.."
"မင်းစော်ကားလှချီလားဟင်.." "ခွပ်!!!!.."
"အာ့.."
"အမယ်လေး..မောင်ဘုန်း ဘယ်လိုလုပ်လိုက်တာလဲ.."
ဦးဘုန်းမာန်၏လက်သီးချက်ကြောင့် နီရဲသွားတဲ့ပါးကိုလက်ဖဝါးနဲ့အုပ်ကိုင်လိုက်ပြီး သွေ့စို့ပြီးအနည်းငယ်ပေါက်သွားသည့်နှုတ်ခမ်းကို လက်မနှင့်အသာပွတ်တိုက်လိုက်သည်။
ဖခင်ဖြစ်သူကိုနာကျည်းချက်များဖြင့် စူးရဲစွာစိုက်ကြည့်လျက်...
"၅နှစ်ကြာမှ ပြန်တွေ့ရတဲ့ဒယ်ဒီ့ရဲ့နှုတ်ဆက်လက်သီးက အတော်ပြင်းတာပဲ..မှတ်ထားလိုက် နောက်နောင်ဘယ်တော့မှ ဒယ်ဒီ့အိမ်ကို ကျွန်တော်ခြေဦးမလှည့်မိစေရဘူး.."
"သား..သား..ဒယ်ဒီ..ဒယ်ဒီတောင်းပန်ပါတယ်.."
ဦးဘုန်းမာန်၏တောင်းပန်စကားမဆုံးခင်မှာပဲ
နေဂုဏ်မာန်ဟာ သွက်လက်သော ခြေလှမ်းများဖြင့် အိမ်အပြင်သို့ ထွက်လိုက်ကာ ကားလေးကလည်းအရှိန်ဖြင့် မောင်းထွက်သွားလေတော့သည်။
"ဒေါ်တင့် ဒီနေ့ဘာနေ့လဲသိလား.."
"ဒီနေ့က..ဖေဖော်ဝါရီလ၊၁၈ရက်ဆိုတော့..
သားနေဂုဏ်မာန်၂၉နှစ်ပြည့်မွေးနေ့လေကွယ်.."
"ဗျာ..ကျွန်..ကျွန်တော်မှားသွားပြီလားဗျာ..
..ကျွန်တော်ကတကယ့်ကိုတာ၀န်မကျေတဲ့ဖခင်ပဲ..ကိုယ့်ရဲ့တစ်ဦးတည်းသော သားလေးရဲ့မွေးနေ့မှာတောင် ပျော်ရွှင်အောင်မထားပေးနိုင်ပါလား..
ဒါတင်မကသေးဘူး....ကျွန်တော်သားကို နာကျင်အောင်ပါ လုပ်လိုက်မိပြီ..."
"ကိုကြီးအမှားမဟုတ်ပါဘူး..ချယ်ရီ့အမှားပါ
..အဟင့်..ချယ်ရီသူ့ကိုနှုတ်ဆက်ခိုင်း
လိုက်မိတာ.."
ချယ်ရီက ဦးဘုန်းမာန်၏ပုခုံးကိုကိုင်ရင်း ဟန်ဆောင်မျက်နှာနှင့်ပြောလေသည်။
တစ်ချိန်က ဂုဏ်တွေ၊မာန်မာနတွေနှင့်ပြည့်နှက်
ခဲ့သည့် ဦးဘုန်းမာန်၏ မျက်၀န်းမှလည်း မျက်ရည်များစီးကျလာရသည်။
"ဟင့်အင်း...အဖွားနော်သမီးရန်ကုန်ကိုမသွားချင်ဘူးလို့ဆို ဒီမှာပဲရှိတဲ့အလုပ်လုပ်ပြီး..
သဇင်မွှေးကိုကျောင်းထားပေးမယ်.."
"မိစံပယ်...ငါမကြိုင်ကိုအားလုံးပြောပြီးသွားပြီ သူ့အဆောင်မှာလဲအဆောင်ထိန်းရင်း အလကားနေရမယ်..စတိုးဆိုင်မှာလဲအလုပ်လုပ်ရင်းတစ်လ၁သိန်းကျော်လောက်ရမယ်..
နင့်ညီမကလာမဲ့နှစ် ဆယ်တန်းဘော်ဒါထားရမှာနော်..ဒီကောက်နှုတ်..ပဲနှုတ်ခလေးနဲ့..
ဘယ်လိုလောက်မှာလဲ..ငါ့တို့မှာလဲလက်
ငုတ်လက်ရင်းကလုပ်စားစရာ..လယ်တစ်ကွက်ရှိတာလဲမဟုတ်ဘူး.."
"ဒါကတော့ အဖွားကိုကမွဲတာကိုး.."
"ဒေါက်!!.
.
"အာ့!!..နာတယ်အဖွားရဲ့..
ကြေးစည်ထင်နေလားအလကားနေထုနေတာပဲ.."
"ငါ့ပစ္စည်းတွေက ညည်းမိဘတွေ ဖြုန်းခဲ့လို့ကုန်ပြီလေ.. သေနာမရဲ့..ဟုတ်တယ် ကောင်းကောင်း
ပြောရင်ဘယ်တော့မှမရဘူး..နင်တို့ညီအစ်မက စားစရာရှိရင်သာအဖွားအနားကပ်တာ အလုပ်ခိုင်းရင် ဖားပြုပ်ကိုလှည်းတက်ကြိတ်ခံရတဲ့ရုပ်တွေနဲ့...ငါအစာကျွေးနေတဲ့ခွေးတောင် အစာစားပြီးရင်ငါ့မျက်နှာကို သုံးခေါက်လောက်ပြန်ကြည့်တယ်.."
"ထပ်ကျွေးမယ်ထင်လို့နေမှာပေါ့.."
"ဒေါက်!!.."
"အာ့!!..နာတယ်ဆို.."
"ဘာမှမပြောနဲ့ မနက်ဖြန်ရန်ကုန်လိုက်သွားရမယ်ဒါပဲ.."
"သွားမယ်..သွားမယ်..အခေါက်ခံရတဲ့၀ဋ်ကလွတ်လည်းနည်းသလား..လိုက်ကိုသွားမှာ..ဟွန့်.."
စိတ်ဆိုးပြီးရွာထဲကို ထွက်သွားသူမိစံပယ်ကိုကြည့်ပြီး ဖွားကြည်မေလည်း သက်ပြင်းအရှည်ကြီးချမိလေသည်။
မိန်းကလေးပီပီလိမ္မာစေချင်လွန်းလို့သာ အမြဲတကျီကျီဆိုဆုံးမနေရတာ မြေးမနှစ်ယောက်ထဲတွင်
စံပယ်မွှေးကိုအချစ်ဆုံးပင်။
ဖွားအေကြီးကဘယ်လောက်ဆူဆူ ဘယ်လောက်ဆဲဆဲ ပြန်ခံပြောတာလေးကလွဲရင် အတော်အနွံတာခံသည့်မိန်းကလေးပါ။
ဆံပင်အရှည်ကြီးက ပေါင်တစ်၀က်လောက်ရှိပြီး မျိုးရိုးကရှမ်း၊ကရင်ဆက်ဖြစ်လို့ လယ်ထဲဆင်းရလဲအသားကတော့ဖြူဥနေသူလေး။
မိစုံ၊ဖစုံမရှိ၍ ကွမ်းတောင်မကိုင်ရသော်ငြားလည်း
ရုပ်ရည်ရူပကာမှာရွာ့ကွမ်းတောင်
ကိုင်ထက်များစွာချောမော လှပသူပါ။
သနပ်ခါးကတော့ငယ်ငယ်ထဲကကြိုက်နှစ်သက်သူမို့ မျက်နှာပြည့်အောင်လိမ်းတက်သည့် ရိုးသားသည့်တောသူမလေးဖြစ်သည်။
ဉာဏ်ရည်ကောင်း၍သင်လွယ်တက်လွယ်ပေမဲ့လို့ မိဘများဆုံးပါးသွား၍ကိုယ်တိုင်ပဲအနစ်နာခံကာ ကိုးတန်းနှင့်ကျောင်းထွက်ခဲ့သည်။
၅နှစ်ကွာသည့်ညီမလေးကို ကျရာတောအလုပ်လုပ်ပြီးကျောင်းထားပေးနေသည့် စံပယ်မွှေးကအခုဆိုအသက်၂၀ပင်ပြည့်တော့မည်။
အခန်း..၂...ဆက်ရန်...
အချစ်ဟာသ ၀တ္ထုလေးဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ပုံမှန် တင်ပေးသွားပါ့မယ်
နဲနဲလေး ပြန်ပြင်ရေးထားပါတယ်။

No comments:
Post a Comment