(ဖတ်မရသူတွေအတွက် အောက်မှာ ဖတ်လို့ရအောင်လုပ်ပေးထားပါတယ် )
🌺အခန်း(၁၈)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"ရှိုင်း..ရှင်ဘာဖြစ်နေတာလဲ
ကျွန်မလက်နာနေပြီ.."
ချစ်ပန်းဝေ၏ အသံကိုကြားတော့မှ
ဒေါသတကြီးနှင့် အောက်ကို
ငုံ့ကြည့်လိုက်မိလေသည်။
ထိုတော့မှ ချစ်ပန်းဝေ၏လက်ကို
သူအားပါပါနှင့် ဆုပ်ကိုင်ထားမိမှန်း
သတိရလိုက်ကာ ချက်ချင်း
လွတ်ပေးလိုက်မိသည်။
ကောင်မလေး၏
လက်ကောက်၀တ်လေးကတော့
ညိုမဲ၍သွားသည်။
သျှင်နေခောတ်ဆိုသည့် ကောင်ကို
တွေ့လိုက်တိုင်း သူ့စိတ်တွေကအမြဲတမ်း
လွတ်ထွက်သွားတတ်တာ အကျင့်လို
ဖြစ်နေလေပြီ။
အဲ့ဒီ့ကောင်ကို အမြဲတမ်း
အနိုင်ယူချင်နေမိတယ်။
အရမ်းလည်းမုန်းတီးသလို အရမ်းလည်း
စက်ဆုတ်ရွံရှာတယ်။
ဒါကြောင့်လည်း ကိုယ်ကအေးဆေးသမားပေမဲ့
ဘယ်နေရာရောက်ရောက်
ဒီကောင့်ကိုတော့ အမူအရာနဲ့ဖြစ်စေ၊
စကားနဲ့ဖြစ်စေ အမြဲအနိုင်ရအောင်
လုပ်နေကြဖြစ်သည်။
"ချစ်ပန်းဝေ..မင်းတော်တော်မလွယ်တာပဲ
အခုမှတွေ့တဲ့ကောင်နဲ့...ဒီလောက်
လွယ်လွယ်ရင်းနှီးသွားတယ်ဆိုတော့..
မင်းဘယ်လိုမိန်းမမျိုးလဲ.."
"ရှိုင်း..ရှင်ကျွန်မကို အဲ့လိုမပြောပါနဲ့
ရှင်အထင်လွဲနေပြီ..
ကျွန်မက ရန်ကုန်မှာနေတဲ့သူမဟုတ်တော့
ဒီလိုဆိုင်မျိုးတွေမှာ မ၀ယ်တတ်ဘူး
သူက လာကူညီပေးလို့
ဒီအတိုင်း ၀တ်ကျေတမ်းကျေ
ပြန်ပြောမိတာပဲရှိတာ....
ရှင်ပြောသလို ကျွန်မကအရမ်းလွယ်နေတဲ့
မိန်းမမဟုတ်ဘူး..ကျွန်မအဲ့လောက်အထိ
အရှက်မဲ့တဲ့သူမဟုတ်ဘူး..."
"ဒီမှာ...ဒါကရန်ကုန်..မင်းတို့တောလို
ဘယ်နေရာသွားသွား
အမျိုးတွေချည်းပဲ ရှိနေတာမဟုတ်ဘူး..
စကားကောင်းလေးပြောပြီး
လာကူညီပေးတာနဲ့ အဟုတ်ကြီးမှတ်မနေနဲ့
ကျားဆိုတာ အသားစားတဲ့အမျိုး
........
မင်းကိုကြည့်နေတဲ့ ဟိုကောင့်မျက်လုံးတွေက
ဘာအဓိပ္ပာယ်လည်းဆိုတာ
ငါမသိဘူးမှတ်နေလား..."
ရှိုင်း၏မျက်၀န်းအကြည့်များသည်
နက်ရှိုင်းလှသည့် ချောက်နက်ကြီးတစ်ခုပမာ
ချစ်ပန်းဝေကို ခြောက်ခြားသွားစေခဲ့သည်။
မယုံသင်္ကာဖြစ်နေသော အဓိပ္ပာယ်များ
ပြည့်နှက်၍နေသည်။
ချစ်ပန်းဝေက ငြင်းဆန်နေလည်းပဲ
အတ္တကြီးသူပီပီ သူထင်တာကိုပဲ
အမှန်ဟု ယူဆနေသောကြောင့်
ချစ်ပန်းဝေသည် မျက်ရည်၀ဲရုံမှတပါး
ဘာမှ မတတ်နိုင်ခဲ့ပေ။
"ရှိုင်း...သူ့ဘက်ကအကောင်းနဲ့ဖြစ်စေ
ရည်ရွယ်ချက်ရှိရှိကူညီတာဖြစ်စေ..
ကျွန်မကိစ္စမဟုတ်ဘူး..
ဒါပေမဲ့ ကျွန်မဘက်ကတော့
တစ်ရာရာခိုင်နှုန်း ရိုးသားတယ်..."
ချစ်ပန်း၏စကားကို ရှိုင်းကတော့
လှောင်ရယ်ပစ်လိုက်သည်။
"ဘယ်သူခိုးက...ခိုးတယ်လို့ပြောမှာလဲ
သစ္စာဖောက်တွေရဲ့ အကောင်းဆုံးလက်နက်က
ရိုးသားတယ်ဆိုတဲ့စကားပဲ..."
"အဟင့်...!!!"
သျှင်နေခောတ်နှင့် ပတ်သတ်သည့်ကိစ္စဆို
အမြဲတမ်း ပေါက်ကွဲလွယ်နေလေရာ
အခုလည်း စိတ်မထိန်းနိုင်ပဲ ချစ်ပန်းဝေကို
ပြောပစ်လိုက်မိသည်။
ရလဒ်ကတော့ ကားဘေးမှာ
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျလာပြီး မချောက
ရှိုက်ကြီးတငင် ထငိုချလိုက်ခြင်းပဲ။
"ဟာ..ဟေ့..မင်းဘာလို့ ဒီလောက်တောင်
ငိုနေတာလဲ...လမ်းသွားလမ်းလာတွေနဲ့
မင်းမရှက်ဘူးလား..."
ရှိုင်းလည်း လုံး၀မထင်မှတ်ထားသည့်
ကိစ္စမို့ ခြေမကိုင်မိ၊လက်မကိုင်မိ
ဖြစ်သွားလေတော့သည်။
ကားဘေးနားမှာ ငုတ်တုတ်ထိုင်ပြီး
ငိုကြီးချက်မ ဖြစ်နေသောမချောကို
အတင်းဆွဲထူလည်း မထတော့ပေ။
"ရှင်ကျွန်မကို သဘောမကျဘူးမဟုတ်လား
ရှင်ကျွန်မကိုမယုံကြည်ဘူး..
လက်မခံချင်ဘူးဆိုလည်း ဒီနေရာမှာပဲ
ထားခဲ့လိုက်တော့...."
"ဟေ့..ငါပြောတာ
အဲ့လိုသဘောမဟုတ်ဘူးလေ..."
"ဟုတ်တယ်..သိပ်ကိုဟုတ်တယ်...
ရှင်တို့ယောက်ျားတွေက ကိုယ်လိုချင်တာပဲ
ကိုယ်ဆွဲတွေးကြတာ...
.........
သူများ ဘယ်လောက်ရှင်းပြပြလက်မခံဘူး
ဟုတ်ပါတယ်..ကျွန်မပဲမှားတာပါ...
..........
..ကျွန်မက..ကြက်ကြော်လေးတောင်
ကောင်းကောင်းမ၀ယ်တတ်တဲ့ ငတုံးမ..
............
သူများစကားလာပြောတိုင်း ပြန်ပြောမိတဲ့
အရူးမ..အဟင့်...
ငယ်ငယ်တုန်းကဆို ကျောင်းမှာ
ယောက်ျားလေးတွေနဲ့တောင်
နပန်းလုံးခဲ့တာကို အခုကြမှ
စကားလေး တခွန်းနှစ်ခွန်းအပိုပြောမိတာနဲ့
အပြစ်ဖြစ်သွားရတယ်လို့...
........
လင်ကြီးငုတ်တုတ်ရှိနေတဲ့ဥစ္စာ
သူလာကြိုက်လည်း ကိုယ်မကြိုက်ပြီးရောပေါ့
ရှေးခောတ်ကလို ပခုံးချင်းတိုက်မိရုံနဲ့
ဗိုက်ကြီးသွားတာလည်းမဟုတ်ဘူး
အဟင့်..ဟင့်...
..........
ဒီလောက်တောင် မယုံကြည်ရင်လည်း
ရှင်ကျွန်မကို ထားခဲ့လိုက်ပါတော့
ဒီကနေပဲ ရွာပြန်သွားလိုက်တော့မယ်..."
"ဟာကွာ..."
ဘေးနားက လူတွေကလည်း
ကိုယ်တွေကို ကွက်ကြည့်ကွက်ကြည့်
လုပ်လာတော့ ရှိုင်းအခက်တွေ့နေရသည်။
ဒီကောင်မလေး ဒီလိုထငိုလိမ့်မယ်လို့လည်း
မထင်မိခဲ့ပေ။
အခုတော့ ဘုန်းကြီးသေလို့
အေးယဥ်ကျူးနေသလားမှတ်ရတယ်။
စကားတွေကလည်း တတ်လိုက်တာ။
ဇာတ်လမ်းက ကိုယ့်ဘက်မှစတာဆိုတော့
ကိုယ့်ဘက်က စချော့ရမလိုဖြစ်နေသည်။
ကိုယ်က စကားပြောလျှင်
ယဉ်ယဉ်ကျေးကျေး
မပြောတတ်ပေမဲ့ ဒီသားအမိကို
လမ်းခုလတ်မှာ ထားခဲ့ဖို့အထိတော့
မရက်စက်ပေ။
"ဟေ့..ငိုမနေနဲ့တော့..ထတော့..
သူများတွေကြည့်နေတယ်လေ..
ကားထဲကို၀င်တော့...
"မ၀င်ဘူး..မ၀င်ဘူး..ကိုယ့်ကိုဒီလောက်
မယုံမကြည်ဖြစ်နေတဲ့ ရှင့်နောက်လည်း
မလိုက်နိုင်တော့ဘူး..ဒီနေရာမှာပဲ
ကားတိုက်တိုက်..ဘာဖြစ်ဖြစ်..
နေခဲ့တော့မယ်..."
"ဟေ့..မင်းငါ့စိတ်ကိုလာမဆွနဲ့နော်..
ဘာလဲ..ငါကမင်းကို
မထားခဲ့ရက်ဘူးထင်လို့...
လာရွဲ့နေတာလား..
ကားပေါ်ကို အခုချက်ချင်းတက်စမ်းကွာ.."
"ဟင့်အင်း..ကျွန်မရှင့်ကိုရွဲ့နေတာလည်း
မဟုတ်ဘူး..
ရှင်ကျွန်မကိုမယုံကြည်ပေးတဲ့အတွက်
ကျွန်မစိတ်မကောင်းတာ..
ရှင်ကျွန်မကို ထားခဲ့ပြီးသာထွက်သွားပါတော့
အဟင့်..အီဟီး..
ကျွန်မထိုက်နဲ့ကျွန်မကံပဲ ရှိပါစေတော့
ကျွန်မကို လက်ထပ်ပေးခဲ့တဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်..
..........
ကျွန်မဘာသာ ဒီနေရာမှာသေချင်သေ
ပစ်ထားခဲ့လိုက်ပါတော့
.........
ရှင်လည်း တာ၀န်ပေါ့တာပေါ့...."
ဘယ်လိုခေါ်ခေါ် မယ်မင်းကြီးမက
ပြောချင်ရာပြောပြီး
အာပေါင်အာရင်းသန်သန်နှင့် ငိုနေတော့
ပတ်၀န်းကျင်က လူတွေဟာလည်း
ပိုပိုပြီး စူးစမ်းကာ
တကြည့်ကြည့်လုပ်လာကြသည်။
ကိုယ်က ရုပ်ရှင်မင်းသားဆိုတော့
ကြည့်လာတဲ့လူတွေထဲမှာ
ကိုယ့်ပရိတ်သတ်တွေ ပါလာခဲ့ရင်
နှာခေါင်းစည်းတပ်ထားလည်း
မှတ်မိသွားနိုင်တယ်။
ဒီတော့ ကိုယ့်ဘက်ကမှ မလျှော့ရင်
ဒီကောင်မလေး ဒီနေရာကနေ
ထနိုင်ဖွယ်ရာမရှိဘူး။
"ခုဏက ငါအထင်မှားပြီး
ပြောမိသွားတဲ့အတွက် တောင်းပန်တယ်ကွာ
မင်းကိုငါ ဘာမှထပ်မပြောတော့ပါဘူး
ဟုတ်ပြီလား..ကားပေါ်ကိုတက်စမ်းပါ..
မင်းအမေက ကြက်ကြော်စားချင်နေပြီ...
.........
ကားပေါ်ကို အမြန်တက်ပါတော့ကွာ
ငါလည်း အိမ်ကိုအမြန်ရောက်ချင်လှပြီ"
"ခုဏကတော့ ရှင်ပဲကျွန်မကို
ပြောဆိုလုပ်ပြီး..အခုကြဘာလို့
စိတ်ပြောင်းသွားရတာလဲ..
နောက်ကြ နောက်တစ်မျိုးပြောင်းသွားရင်ရော.."
"မပြောင်းဘူးကွာ..စိတ်ချ..
ငါကမင်းကို ကျိန်ပြရအုံးမှာလား..
ဟိုမှာ မင်းအမေလည်း ဗိုက်တော်တော်
ဆာနေလောက်ပြီး
ကားပေါ်အမြန်တက်စမ်းပါကွာ.."
သူ့အမေကြက်ကြော်စားချင်နေပြီဆိုမှ
ကားပေါ်သို့ အလျှင်စလိုတက်သွားတော့သည်။
ရှိုင်းလည်း ဒီတော့မှသက်ပြင်းချနိုင်ပြီး
မောင်းသူနေရာကို ၀င်ထိုင်ရသည်။
"အမေ..ဒီမှာအမေစားချင်တဲ့ကြက်ကြော်.."
"ဟာ..ကြက်ကြော်အနံ့လေးက
မွှေးနေတာပဲ..ငါသွားရည်တောင်ကျလာပြီ..
ဒါတွေအကုန်လုံး ငါစားလို့ရလား.."
"ရတာပေါ့အမေရဲ့.."
"ဟေး..ပျော်လိုက်တာ..ပျော်လိုက်တာ..
ပျော်လွန်းလို့ အီးအီးတောင်ထွက်တော့မယ်.."
"ဟာ..အမေကလည်း..ကြံကြံဖန်ဖန်.."
နောက်ကြည့်မှန်မှတစ်ဆင့် ချစ်ပန်းဝေ
ပြုံးလိုက်သည့်အပြုံးကို မြင်လိုက်ရတော့
ရှိုင်းလည်း လိုက်ပြုံးမိသွားသည်။
ခုဏက အမျိုးမျိုးကြုံးဝါးပြီး
ငိုနေခဲ့သည့် သူမ၏မျက်၀န်းလေးတွေဟာ
နီရဲရဲလေး ဖြစ်နေသေးပေမဲ့
အခုတော့ အပြုံးလေးကြောင့်
ပြန်၍ အသက်၀င်သွားခဲ့သည်။
အရှေ့ဘက်သို့ သူမကြည့်လာစဉ်
နောက်ကြည့်မှန်ထဲကနေ ရှိုင်းနှင့်အကြည့်ချင်း
ဆုံသွားသည့်အခိုက် ရှက်ရွံ့ပြီး
မျက်လွှာလေးများ ချပစ်လိုက်သည်ကအစ
ရှိုင်းငေးကြည့်နေမိရင်း ခုဏက
စကားပြောတာ အရမ်းလွန်သွားသည်ဟု
တွေးလိုက်မိသည်။
*သူမအပေါ် နဂိုတည်းကအမြင်မကြည်မှုနှင့်
အမုန်းဓာတ်ခံတွေကြောင့် စကားတွေက
ပိုပြင်းထန်သွားခဲ့တယ် ထင်ပါရဲ့။
သူမကို နားလည်ပေးကြည့်ချင်ပေမဲ့
အမြင်မကြည်တဲ့စိတ်ကပိုများနေတော့
ဘယ်လိုမှ အကောင်းမြင်ပေးလို့ရမနေဘူး။
*ချစ်လာဖို့ဆိုတာကတော့ ပိုဝေးသွားတာပေါ့*
🍁🍁🍁🍁********🍁🍁🍁🍁
🍁🍁🍁🍁********🍁🍁🍁🍁
ကြက်ကြော်ဆိုင်မှာ ပြဿနာဖြစ်ပြီးနောက်
ရှိုင်းနေသော ကွန်ဒိုသို့ ချစ်ချစ်တို့
ရောက်လာခဲ့ကြလေသည်။
ကွန်ဒိုကြီးသည် ဆယ့်ငါးထပ်လောက်ရှိပြီး
အပြင်ဘက်က ကြည့်ရုံနှင့်တောင်
ရှိန်နေမိသည်။
ချစ်ချစ်လည်း ရှိုင်းကိုဘာမှ
မမေးရဲသည်နှင့် သူ့အနောက်ကနေသာ
ခပ်ကုတ်ကုတ်လိုက်လာခဲ့မိသည်။
ကွန်ဒိုကြီးထဲတွင် ကားပါကင်ထိုးရမည့်နေရာ
သီးသန့်ရှိနေပြီး ခြံထဲသို့၀င်လိုက်ရုံနှင့်
ရေကန်ကြီး တစ်ခုကိုပါတွေ့လိုက်ရ၍
အံ့ဩမိရလေသည်။
ချစ်ချစ်သည်လည်း
ခောတ်လူငယ်တစ်ယောက်ဖြစ်၍
ဒါမျိုးတွေကို ဇာတ်လမ်းတွေထဲမှာ
ကြည့်ဖူးခဲ့ပါသည်။
သို့ပေမဲ့ အပြင်မှာတော့ဒါပထမဆုံး
တွေ့ဖူးခြင်းပဲ။
"လာလေ..အဲ့ဒီ့မှာဘာရပ်လုပ်နေတာလဲ.."
"အော်..ဟုတ်ကဲ့.."
မြင်မြင်သမျှ အထူးအဆန်းလုပ်ကာ
လိုက်ငေးနေမိချိန်မှာ ဓာတ်လှေကားထဲ
ရောက်နှင့်နေသော ရှိုင်း၏ခေါ်သံကြောင့်
အမေ့ကို လက်ဆွဲ၍ ဓာတ်လှေကားထဲသို့
အမြန်ပြေး၀င်ရတော့သည်။
"အမယ်လေး!!!ချစ်ချစ်..
ငါတို့ နတ်ပြည်ကိုရောက်နေတာများလား.."
"မဟုတ်ပါဘူးအမေရဲ့..ဒါကဓာတ်လှေကားနဲ့
အပေါ်ကို တက်နေတာ.."
"မသိပါဘူးဟယ်..ဓာတ်လှေကားကလဲ
ငှက်လှောင်အိမ်ကြီးထဲ ရောက်နေသလိုပဲ
ငါတို့ ဒီအခန်းထဲမှာသေတော့မှာလားဟင်.."
"ဟာ..အမေကလည်း
ဘာတွေလျှောက်ပြောနေတာလဲ..
မသေပါဘူး.."
အမေက စိတ်ဝေဒနာသည်ဆိုတော့
အလုံပိတ်ဓာတ်လှေကားကြီးကို
ကြောက်ပုံရသည်။
အပေါ်သို့ တက်နေသည့်တစ်လျှောက်လုံး
မျက်ရည်လေးတွေဝဲပြီး ချစ်ချစ်ကို
ဖက်ထားရှာသည်။
"ရောက်ပြီ..မင်းတို့ငါ့နောက်ကလိုက်ခဲ့ကြ.."
ဓာတ်လှေကား၏ တံခါးပွင့်သွားသည်နှင့်
ချစ်ချစ်လည်း ကျန်ခဲ့မည်စိုး၍
အမေ့လက်ကိုဆွဲကာ သူ့အနောက်မှ
ထပ်ကြပ်မခွာ လိုက်မိလေသည်။
ချစ်ချစ်တို့ရောက်နေတာဟာ
ဘယ်နှစ်ထပ်မြောက်မှန်း မသိပေမဲ့
ဒီအထပ်မှာ လူဆိုလို့ချစ်ချစ်တို့
သုံးယောက်တည်းသာ ရှိနေသလိုပဲ။
လုံး၀ တိတ်ဆိတ်ပြီးငြိမ်သက်လွန်းသည်။
ဓာတ်လှေကားထဲမှ ထွက်ပြီးသည်နှင့်
ရှိုင်းနေသော အခန်း၀သို့တန်းရောက်လေသည်။
ရှိုင်းသည် ဇာတ်ကားတွေထဲကလို
ဘဲလ်တီးတာမျိုး၊သော့နှင့် တံခါးကို
ဖွင့်တာမျိုးမလုပ်ပဲ တံခါးမှာကပ်ထားသည့်
ဂဏန်းလေးတွေကို တတီတီနှိပ်ကာ
တံခါးဖွင့်လိုက်လေသည်။
"ဒါငါနေတဲ့နေရာပဲ အထဲ၀င်ကြလေ
ဘာလုပ်နေကြတာလဲ.."
"ဟုတ်..ဟုတ်ကဲ့ပါ..."
ချစ်ချစ်လည်း သူတံခါးဖွင့်ပေးနေတုန်းလေး
အမေ့ကို လက်ဆွဲကာအခန်းထဲသို့
အမြန်ပြေး၀င်လိုက်ရသည်။
အခန်းထဲသို့ ရောက်တော့ အိမ်မက်တောင်
မမက်ဖူးသည့်နေရာကို ရောက်နေသလို
အံ့ဩနေမိသည်။
ရှိုင်းရဲ့အိမ်က ချစ်ချစ်တို့ဘွဲ့ယူခဲ့တဲ့
ဘွဲ့နှင်းသဘင်ထက်တောင်
ခမ်းနားနေသေးတယ်။
"ဟာ...ဆရာရောက်လာပြီပဲ...
ခရီးဆောင်အိတ်တွေ ကျွန်တော့်ကိုပေးပါ
ဒီနေ့ပြန်ရောက်လာမယ်ဆိုလို့
ဆရာကြိုက်တာတွေကို
စာဖိုမှူးက ချက်ပေးထားပါတယ်.."
"စားတာကနောက်မှ..လောလောဆယ်..
ကျွန်တော်ခေါင်းမူးလာလို့ ဖျော်ရည်တစ်ခုခု
အခန်းထဲကို ပို့ပေးစမ်းပါ.."
"ဟုတ်ကဲ့ပါဆရာ..."
"အော်..နောက်ပြီးတော့..
သူတို့နှစ်ယောက်ကိုလည်း..
နေဖို့..နေရာချပေးထားလိုက်ပါ.."
ရှိုင်းဟာ သူစီးထားသောရှူးဖိနပ်ကိုချွတ်၍
ဖိနပ်အပါး တစ်ရံကိုလဲကာ
သူ့အလုပ်သမားကို ခိုင်းချင်တာခိုင်းထားခဲ့ပြီး
အခန်းတစ်ခုထဲသို့ ၀င်သွားလေသည်။
ချစ်ချစ်နဲ့အမေ့အလှည့်မှာတော့
လဲပြီးစီးစရာ အိမ်စီးဖိနပ်လိုမျိုး မရှိတော့
နှစ်ယောက်သား ဖိနပ်တွေကို ချွတ်ပြီး
အိမ်ထဲမှာ ခြေဖလာနှင့်ပဲ
သွားလာရလေသည်။
"ငါ့ညီမတို့ကရော နေ့လည်စာ
တန်းစားမှာလား
အရင်နားကြမှာလား..."
ရှိုင်း၏အိမ်အလုပ်သမားက ယောက်ျားလေး
ဖြစ်နေပြီး ချစ်ချစ်ထက်တော့
ကြီးပုံရသည်။
အတွင်းဘက်အထိ ဝေ့ဝဲပြီးလိုက်ကြည့်မိပေမဲ့
မိန်းကလေး အလုပ်သမားကို
တစ်ယောက်တောင် မတွေ့ရပေ။
*ဒီအိမ်မှာ မိန်းကလေးအလုပ်သမား
မထားဘူးထင်ပါရဲ့..
ယောက်ျားလေးတွေနဲ့ အတူနေရမှာဆိုတော့
ချစ်ချစ်အတွက် တစ်မျိုးကြီးပဲ..*
"ဟိုလေ..ညီမတို့တည်းရမဲ့ အခန်းကိုပဲ
လိုက်ပြပေးလို့ရမလား...ညီမအမေက
ခရီးပန်းနေလို့ အနားယူခိုင်းချင်လို့ပါ.."
"ရပါတယ်..ဒီဘက်ကိုကြွပါ.."
"ဟုတ်ကဲ့..."
ချစ်ချစ်တို့သားအမိလည်း ထိုအစ်ကို၏
အနောက်မှ လိုက်ကြရလေသည်။
"ဒီအခန်းပါ..တစ်ကယ်လို့ဗိုက်ဆာရင်
ထမင်းစားခန်းက
ဟိုအနောက်ဘက်မှာရှိပါတယ်..
စာဖိုမှူးက ညနေ၆နာရီဆို အလုပ်ဆင်းပါပြီ
တကယ်လို့ ကိုယ်စားချင်တာသီးသန့်
ချက်ခိုင်းစေချင်ရင်တော့ စာဖိုမှူးမပြန်ခင်
ချက်ခိုင်းလို့ရပါတယ်..."
**အမယ်လေး...ကြီးကျယ်လိုက်တဲ့လူ
တစ်ယောက်တည်းနေတာကိုများ
စာဖိုမှူးတွေဘာတွေနဲ့...
.......
ဒါကြောင့်လည်း ဘ၀င်ရူးပြီး
သူ့ကိုယ်သူသာ လူလို့ထင်
အခြားသူတွေကိုတော့
အထင်သေးတတ်တာနေမှာပေါ့...**
"ဒါနဲ့..အစ်ကို့နာမည်ကို သိလို့ရမလား.."
"ရပါတယ်..ကျွန်တော့်နာမည်က
ပိုင်ဇော်ပါ...ကျွန်တော်ကဒီအိမ်မှာ
အိမ်သန့်ရှင်းရေး တာ၀န်ကိုယူထားပါတယ်ဗျ
ထမင်းစားခန်းထဲမှာတော့ စာဖိုမှူး
နှစ်ယောက်ရှိပါတယ်..တစ်ယောက်ကတော့
ဦးဟန်ထွန်းပါ..နောက်တစ်ယောက်က
သူ့ရဲ့လက်ထောက် ဂျင်မီပါ...
ကျွန်တော်တို့အားလုံးက
မနက်၆နာရီဆိုဒီကို အရောက်လာပြီး
ညနေ၆နာရီဆိုတာနဲ့ အလုပ်ဆင်းကြပါပြီ..
"အော်...အဲ့လိုလား...
ဟုတ်ကဲ့..ရှင်းပြပေးလို့ကျေးဇူးပါနော်.."
"ရပါတယ်ဗျ..."
ချစ်ချစ်လည်း ကိုပိုင်ဇော်ပြောပြ၍
အားလုံး သိသွားရပြီမို့ အမေနှင့်အတူ
အခန်းထဲမှာ တရေးလောက်အိပ်ပြီး
အနားယူပစ်လိုက်တော့သည်။
"ချစ်ချစ်ရေ..ချစ်ချစ်.."
အိပ်မောကျနေတုန်းမှာ လှုပ်အနှိုးခံလိုက်ရ၍
ထကြည့်လိုက်မိသည်။
"ဘာဖြစ်လို့လဲအမေရဲ့..."
"ငါဗိုက်ဆာလာပြီ...ငါ့ကိုထမင်းကျွေးအုံး..."
"အမေဗိုက်ဆာနေတာလား..အဲ့ဒါဆို
ခဏစောင့်နော်..သမီးထမင်းစားခန်းထဲကို
ခဏသွားကြည့်လိုက်အုံးမယ်.."
"အင်း..မြန်မြန်ပြန်လာနော်..."
"ဟုတ်ကဲ့ပါ..."
ချစ်ချစ်လည်း အမေ့ကိုခဏထားခဲ့လိုက်ပြီး
အပြင်ထွက်လာလိုက်ကာ
ထမင်းစားခန်းထဲသို့
၀င်သွားလိုက်တော့ ထမင်းစားခန်းထဲတွင်
ကိုပိုင်ဇော်အပါအ၀င် စာဖိုမှုးနှင့်
သူ့လက်ထောက်ပါရှိနေလေသည်။
ချစ်ချစ်၀င်သွားတော့ ဘာကြောင့်ရယ်မသိ
စာဖိုမှူးနှင့် သူ့လက်ထောက်ကပါလူကို
ပြူးပြူးပြာပြာနှင့် ကြည့်လာကြသည်။
"ဟေ့လူတွေ..မျက်လုံးတွေလည်း
ကျွတ်ထွက်ကုန်ပါအုံးမယ်...
အဲ့ဒါ..ဆရာခေါ်လာတဲ့ကောင်မလေးဗျ..."
ကိုပိုင်ဇော်က သတိပေးလိုက်မှ
ထိုလူတွေလည်း
သတိ၀င်သွားကြပြီး ချစ်ချစ်ကို
ပြုံးပြလာကြလေသည်။
"ဟုတ်ကဲ့..ဘာလိုချင်လို့လဲမသိဘူး.."
"ဟိုလေ..ကျွန်မအမေကဗိုက်ဆာနေလို့
အဲ့ဒါစားဖို့ တစ်ခုခုအဆင်သင့်
ရှိလား လာမေးတာပါ.."
"အော်..ရှိပါတယ်ခင်ဗျ..ဒီမှာပါ..
အဆင်သင့် အုပ်ထားပါတယ်..
ပြန်နွေးပေးရမယ်ဆို နွေးပေးပါ့မယ်ဗျ.."
စာဖိုမှူးကြီး၏ လက်ထောက်ဖြစ်ဟန်တူသည့်
ဂျင်မီဆိုသော ကောင်လေးသည်
ပြာပြာသလဲ အုပ်ဆောင်းကို
ဖွင့်ပြလေရာ ဒီတစ်ခါ
မျက်လုံးပြူးသွားရသူက
ချစ်ချစ်ဖြစ်သွားလေသည်။
"ဒါ..ဒါတွေကဘာတွေလဲဟင်"
"အော်..အဲ့ဒါဆရာအကြိုက်ဆုံး
ပြင်သစ်အစားအစာတွေလေ.."
"ပြင်သစ်အစားအစာ!!!!..."
အံ့ဩလွန်း၍ ပါးစပ်ကနေပါ
အသံထွက်သည်အထိ ရေရွတ်လိုက်မိပြီး
စားပွဲပေါ်မှ ပြင်သစ်ဟင်းပွဲတွေကို
လိုက်ကြည့်မိလေသည်။
ဟင်းပွဲအားလုံးနီးပါးဟာ တကယ်ကို
လှပပြီး ပန်းကန်တစ်ခုတွင်
နည်းနည်းစီသာ ထည့်ထားလေသည်။
ဂုံးခွံတွေရော အစင်းကြားလေးနှင့်
ပင်လယ်ခရုလေးတွေထဲမှာ
အစာသွပ်ထားတာတွေရော စုံနေတာပဲ။
"ဒါကငရုတ်သီးနဲ့ ချက်ထားတာလားဟင်
အပေါ်ကဘာအသားလဲ.."
"အမဲသားပါ..ငရုတ်သီးနဲ့ချက်ထားတာ
မဟုတ်ပါဘူး..ဝိုင်နီနဲ့ချက်ထားတာပါ..
ဆရာက ဝိုင်သောက်ရတာအရမ်းကြိုက်တော့
ဒီနေ့ ဝိုင်နီနဲ့ ချက်တဲ့ဟင်းတွေကို
အသားပေးပြီး ပြင်ဆင်ထားတာပါ.."
ဝိုင်ဆိုတာကိုတော့ ချစ်ချစ်ကြားဖူးသည်။
အနောက်နိုင်ငံသားတွေ အသောက်များကြသည့်
မူးယစ်စေသည့် အရည်တစ်မျိုးပါပဲ။
"ဝိုင်နီက..မူးတယ်မလား.."
"ဟုတ်ကဲ့..အများကြီးတော့
ထည့်ချက်မထားပါဘူး.."
"ဒါနဲ့ ရှိုင်းကဒီလိုမျိုး ဘိုလ်စာတွေကိုပဲ
အမြဲစားတာလား.."
ချစ်ချစ်ကမေးလိုက်တော့ စာဖိုမှူးကြီးက
သဘောတကျ ထရယ်လိုက်လေသည်။
"မဟုတ်ပါဘူးဗျ..ဆရာကအပြင်သွားနေတာ
ကြာပြီဆိုတော့
ဒီနေ့ ပြန်ရောက်တုန်း
သူကြိုက်တဲ့ဟာလေး
ချက်ကျွေးဖြစ်တာပါ..
ဆရာက ဒီလိုအမြဲမစားပါဘူး..
ရိုက်ကူးရေးနားတဲ့ လတွေလောက်ပဲ
အိမ်မှာ စားဖြစ်တာပါ..တစ်ခါတလေ
ရိုက်ကူးရေးကြောင့်
လနဲ့ချီပြီးခရီးထွက်ရတာမျိုးလည်းရှိပါတယ်.."
"ဒါဆို..လစာကြတော့ရော..အပြည့်ရလား"
"ဟုတ်ကဲ့..လစာကတော့အပြည့်ရပါတယ်.."
"အော်.."
ချစ်ချစ်လည်း သူတို့တစ်လကို
ဘယ်လောက်ရသလဲ မေးချင်ပေမဲ့
စပ်စုလွန်းရာကျနေမည်စိုး၍
မမေးဖြစ်တော့ပေ။
သူတို့ချက်ထားသည့် ပြင်သစ်စာတွေကိုလည်း
အမေက ကြိုက်မည်မထင်ပေ။
ထို့ကြောင့် အားနာနာနှင့်
ထပ်ချက်ခိုင်းရတော့မည်။
"ဟိုလေ..ဒါတွေကိုအမေက
စားတတ်မှာမဟုတ်ဘူး
ဖြစ်နိုင်ရင် ဟင်းတစ်ပွဲလောက်
ထပ်ချက်ပေးလို့ရမလားဟင်.."
"ရပါတယ်ဗျ..ကျွန်တော်တို့မှာ
ကြက်သား၊၀က်သားလည်း အပိုရှိပါတယ်
အသီးအရွက်ကြော် စားချင်လည်း
ရပါတယ်...."
"ဒါဆို ကြက်သားကာလသားဟင်းကို
တောချက်လေး ချက်ပေးလို့ရမလားဟင်.."
"ရပါတယ်...ချက်ပေးပါ့မယ်.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..
သမီးပါ ကူလုပ်ပေးရမလား.."
"ရပါတယ်..ချက်ပြီးရင်လာပြောလိုက်ပါ့မယ်
ကိုယ့်အခန်းထဲမှာပဲ ကိုယ်သွားနားလိုက်ပါနော်"
စာဖိုမှူးနှင့် သူ့လက်ထောက်က
ကူညီပေးစရာမလိုဘူးဆို၍ ချစ်ချစ်လည်း
ထမင်းစားခန်းထဲမှ ထွက်လာခဲ့လိုက်မိသည်။
ရင်ထဲမှာကတော့ အတွေးပေါင်းစုံနဲ့ပေါ့။
*အခုရှိုင်းရဲ့အိမ်ကိုရောက်တာ
နေ့တစ်၀က်တောင် မပြည့်သေးပေမဲ့
သူနဲ့ကိုယ့်ဘ၀ဟာ ဘယ်လောက်အထိ
ကွာခြားသလဲဆိုတာ ပေတံနဲ့
လိုက်တိုင်းစရာမလိုပဲ တော်တော်လေးကို
သိသာထင်ရှားလွန်းနေပါပြီ...
..........
ရွာမှာ အချစ်ချစ်တို့ရဲ့
အရည်ဟင်းတစ်ခွက်က
လွယ်ကွင်းထဲက ကန်စွန်းရွက်နီတွေနဲ့
ချက်ပြုတ်ထားတဲ့ အရည်ကျဲဟင်းဖြစ်ပြီး
.........
ရှိုင်းရဲ့ ထမင်းစားပွဲပေါ်မှာတော့
ဈေးကြီးကြီး ဝိုင်နီနှင့်ချက်ပြုတ်ထားသော
ပါ၀င်ပစ္စည်းမျိုးစုံရောထားသည့်
ဟင်းပွဲတွေ....
.........
အရသာမပြောနဲ့ အမြင်နဲ့တောင်
ကွာခြားတယ်...
.........
ချစ်ချစ်ရဲ့ စိတ်ထဲမှာပိုပြီး
သိမ်ငယ်စိတ်၀င်သွားမိတာတော့ အမှန်ပဲ
.........
ရှိုင်းဟာ ရုပ်ရှင်ထဲမှာတင်မကပဲ
အပြင်မှာပါ ရွှေမင်းသားလေးတစ်ပါးဖြစ်ပြီး
ချစ်ချစ်ကတော့ သူနဲ့လုံး၀မလိုက်ဖက်တဲ့
အညတရ မိန်းကလေးတစ်ယောက်..
ဘ၀ချင်းက မိုးနဲ့မြေလိုပါပဲ...*
**အခန်း(၁၉)ဆက်ရန်**"
🌺🌺🌺🌺🌺🌺🌺🌺🌺
ချစ်ချစ်လေး သိမ်ငယ်နေပြီ
(ဘယ်လို ဆက်ဖြစ်ကြမလဲ)
(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူး တင်ရှိပါတယ်နော်..)
ချစ်ချစ်အတွက်စိတ်မကောင်းဘူး
ReplyDeleteအခြေအနေတွေကအရမ်းကွာခြားနေတော့သူလည်းသိမ်ငယ်အားငယ်လောက်ပါတယ်ဦလေးအိမ်မှာတောင်ဦးလေးမိန်းမနိုင်ထက်စီးနင်းခိုင်းတာလုပ်ရရှာတာဦးလေးနဲ့မွေးထားတဲ့သားသ္မီးတွေကကောင်းလို့တော်သေးတယ်ဒီအိမ်မှာနေရတာစိတ်အားဘယ်လောက်ငယ်ရှာလိုက်မလည်းယောက်ျားလုပ်သူကလည်းချစ်လို့ယူထားတာမဟုတ်လေတော့သူ့အစားကိုယ်တောင်စိတ်ညစ်ပါရဲ့
ဘယ်လိုလေးဖြစ်လာအုံးမလဲ ချစ်ချစ်ရယ်
ReplyDeleteကျေးဇူးပါ
ReplyDeleteမိုးနဲ့မြေလိုကွာပေမဲ့စာနာသနားကိုယ်ချင်းစာတဲ့စိတ်လေးကနီးခဲ့ပါတယ်..ချစ်ချစ်အမေပါ်မှာထားပေးနိုင်တဲ့စိတ်မထားခဲ့နိုင်တဲ့စိတ်လေးကိုကသက်သေပါ...ရှိုင်ကသူ့အဖေနဲ့တူသလို့ အမေနဲ့ပိုတူတယ်
ReplyDeleteမျှော်နေပါတယ် မတင်ဘူးလားဟင် 🥺
ReplyDeleteမျှော်နေတယ်သာသာ🥰
ReplyDeleteကျေးဇူးပါ
ReplyDeleteစောင့်ရတာလည်ပင်းရှည်နေပါပီနော်
ReplyDelete