🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 #အခန်း၂၃
🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
#အခန်း၂၃
လူတစ်ယောက်ရဲ့တည်ရှိမှုလေးကို ဖော်ပြနေသော အဖြူရောင်အုတ်ဂူလေးဟာ အထီး
ကျန်ဆန်စွာ တည်ရှိနေလေသည်။
နေမင်းကြီး၏ ထွန်းတောက်ပေးမှုကြောင့် အဖြူရောင်အုတ်ဂူလေးဟာ နေရောင်အောက်၀ယ်
စိန်တုံးလေးတစ်ခုသဖွယ် ထင်းလင်းနေလေသည်။
အနီးအနားတွင် ပေါက်ရောက်နေသော မလေးရှားပိတောက်ပင်ကြီးမှ သစ်ရွက်တို့နှင့်အတူ ပန်းမှုန်လေးတွေဟာ လွှင့်ပျံ၍ မြေပေါ်သို့ ကြွေကျဆင်းသက်လာသည်။
အုတ်ဂူလေးဘေးတွင် စုံတွဲတစ်တွဲရပ်နေပြီး
ကောင်လေးရဲ့ မျက်၀န်းတွေကတော့ အုတ်ဂူလေးထပ်မှ ဓာတ်ပုံလေးကိုပဲ ကြည့်နေရှာသည်။
၀မ်းနည်းပေမဲ့ အရင်လိုစိတ်ရှိတိုင်းငိုရမဲ့ အရွယ်မှမဟုတ်တော့ပဲ။ဆယ်ကျော်သက်အရွယ်က မာမီ့ရဲ့ အသက်မဲ့တဲ့ ရုပ်ခန္ဓာဘေးနားမှာ ရင်နင့်စွာ ငိုကျွေးခဲ့ဖူးတဲ့ သူဟာ အခုတော့ မာမီ့ရဲ့ အရိုးပြာအိုးလေး မြှုပ်နှံထားရာ အုတ်ဂူလေးနဘေးမှာ အိမ်ထောင်ဦးစီးလူလတ်ပိုင်း အမျိုးသားတစ်ယောက်အဖြစ် ရပ်နေရလေပြီ။
သူ့သားရဲ့ ပြောင်းလဲမှုတွေကိုသာမြင်ရင် မာမီဘယ်လိုများ ညီးတွားလိမ့်မလဲဆိုတာ သိပ်သိချင်တာပဲ။မာမီငိုလိမ့်မလား၊ကျေနပ်လိမ့်မလား၊
ပီတိဝေဖြာနေလိမ့်မလားဆိုတဲ့ မေးခွန်းလေးတွေက
အဓိပ္ပာယ်ရှိမရှိတော့ မသိပေမဲ့ သားမေးကြည့်ချင်တယ်။သားရဲ့ ဘေးနားမှာ သားရဲ့လက်ကို ကိုင်ဆွဲပေးထားတဲ့ အမျိုးသမီးလေးရဲ့ ပုံပန်းသဏ္ဍန်ကို
မြင်စမ်းစေချင်တယ်။
သားရဲ့ မျိုးဆက်ဖြစ်လာမဲ့၊မာမီ့ရဲ့ မြေးလေးတွေ
လူ့လောကကြီးထဲကို ရောက်လာရင် အပြုံးတွေနဲ့
ချီပွေ့ခိုင်းစေချင်တယ်။
မာမီ့အပြုံးလေးတွေ ဘယ်လောက်တောင် ကျက်သရေ ရှိနေလိုက်မလဲ။
ကျွန်တော့်ရဲ့ သာယာနေတဲ့အိမ်ထောင်ရေးဘ၀လေးကို မာမီနဲ့ဒယ်ဒီက ပြုံးပြုံးကြီး ထိုင်ကြည့်နေတယ်လို့ အမြဲအိပ်မက်မက်တယ်။
ကျွန်တော့်မှာ လိုချင်တဲ့ ဆန္ဒတွေအများကြီး
မရှိပါဘူး မာမီရယ်။
ကိုယ်ချစ်ရသူတွေကို တစ်စုတစ်စည်းတည်း ရှိနေတာလေးကိုပဲ လိုချင်တာပါ။အခုတော့ မာမီ့ရဲ့အုတ်ဂူလေးဘေးမှာပဲ ကျွန်တော်တွေဝေစွာ ရပ်နေရတယ်။ ကျွန်တော် စကားတွေအများကြီးပြောရင်တောင် မာမီဟာ မမြင်နိုင်မကြားနိုင်တော့ဘူးဆိုတဲ့ အသိဟာ အတိုင်းအစမဲ့ ခံစားရစေတယ်။
ကျွန်တော့်ဘ၀မှာ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုကြီးတစ်ခုဟာ မာမီပါပဲ။မိခင်ကို ဆုံးရှုံးလိုက်ရခြင်းက
ကျွန်တော့်အတွက် အနက်နဲဆုံးဝေဒနာတစ်ခုပဲ။
ကျွန်တော်သာ ကံကြမ္မာကို ဆေးခြယ်လို့ရတဲ့ ပန်းချီဆရာတစ်ယောက်ဆိုရင် ဘ၀တွေတိုင်းကို ပျော်ရွှင်စရာ ဇာတ်သိမ်းလေးတွေအဖြစ်ရေးဆွဲပေးမိမှာပဲ။
အခုတော့ ကံကြမ္မာဟာ ကျွန်တော့်ဘ၀ကို မိခင်မဲ့တဲ့ ဘ၀အဖြစ် ပုံဖော်ပေးလိုက်နိုင်ခဲ့ပါတယ်။
နေဂုဏ်မာန် ပန်းစည်းလေးကိုအုတ်ဂူလေးထက်မှာအသာချလိုက်ပြီးနောက်မှာ မွှေးရဲ့လက်ကလေးကို နူးညံ့စွာဆုပ်ကိုင်လိုက်လေသည်။
လူငယ်ဆန်စွာ ဂျင်းဘောင်းဘီရှည်နှင့်
တီရှပ်နက်ပြာကို ၀တ်ဆင်ထားတာကြောင့်
ဖြူသည့် သူ့အသားအရည်ဟာ နေရောင်အောက်တွင် ပို၍ကြည့်ကောင်းနေလေသည်။
သို့ပေမဲ့ သူ့ရဲ့မျက်နှာမှ ၀မ်းနည်းမှုလေးကတော့ သူ့ရဲ့သစ်လွင်ပြီးလူငယ်ဆန်သော ၀တ်စားဆင်ယင်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။
"..ဒီနေ့မာမီ့ချွေးမလေးကိုခေါ်ပြီး သားအဖော်လာပြုပေးတာပါ..ဒီကမ္ဘာကြီးထဲမှာ သားချစ်မြတ်နိုးရတဲ့အမျိုးသမီးက မာမီတစ်ယောက်ထဲပဲရှိမယ်လို့ ထင်ထားခဲ့တာ..အခုတော့..တစ်ယောက်ထဲသောချစ်ရသူလေးကို..ကျွန်တော်ရှာတွေ့ခဲ့ပြီ..
သူမကမာမီ့လိုပဲလှပပြီး မဟုတ်မခံနဲ့ချစ်စရာအမူအရာလေးတွေနဲ့ပဲ...မာမီ့လိုတော့
ခောတ်ဆန်တဲ့အမျိုးသမီးလေးမဟုတ်ပေမဲ့..
သူမမှာသိပ်လှတဲ့ဆံပင်အရှည်ကြီးတွေရှိပြီး..
မွှေးပျံ့လွန်းတဲ့သနပ်ခါးပါးကွက်ကလေးတွေကို
ပါးမှာအမြဲတင်ထားတာကိုက..ကျွန်တော်မြတ်နိုးရတဲ့သူမရဲ့ပုံစံလေးပဲမာမီ..မွှေးကိုတွေ့ရင် မာမီလည်းသဘောကျမယ်ထင်ပါတယ်..."
ကိုယ့်ကိုဘေးမှာထားပြီး ချီးမွှမ်းခန်းဖွင့်ပြနေတော့ အုတ်ဂူတွေပဲရှိပြီး လူသူကင်းတဲ့အရပ်ပေမဲ့ ရှက်တောင်ရှက်လာလေသည်။
သူ့မျက်နှာက အရမ်း၀မ်းနည်းနေပုံပေါ်သည်။
တကယ်တော့ သူ့မှာက အဖေတစ်ယောက်လုံး သက်ရှိထင်ရှားရှိနေသေးလို့ ခံသာပါသေးတယ်။
ကိုယ့်မှာကတော့ မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့ပြီ။
သို့ပေမဲ့ အဖွားဖြစ်သူကြောင့် ဘ၀မှာခိုနားရာ လုံခြုံတဲ့ အရိပ်ကလေးတစ်ခုရှိနေခဲ့တယ်လို့ ဆိုရမယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် စံပယ်သူ့ကိုစာနာပါတယ်လေ။
သူ့ရဲ့ အခုလို၀မ်းနည်းနေတဲ့ ပုံစံကိုမြင်တော့
ကိုယ်ပါ၀မ်းနည်းလာမိသလိုပဲ။
ထို့ကြောင့်ပဲ သူ့လက်မောင်းပေါ်ကို ခေါင်းလေးမှီရပ်ရင်း ကတိတွေများစွာပေးနေမိသည်။
"အမေ..စံပယ်..အမေလို့ခေါ်မယ်နော်..
အမေ့သားကိုလေ စံပယ်အများကြီးဂရုစိုက်ပေးပြီး..
လူလိမ္မာကြီးဖြစ်အောင်စောင့်ရှောက်ပေးမယ်
သိလား..အမေစိတ်ချပါနော်..
အမေ့ရဲ့ချစ်သားလေးက..စံပယ့်ထက်အများကြီးကြီးပေမဲ့..
တစ်ခါတစ်လေမှာ..ကလေးလိုစကားနားမထောင်တတ်လို့..အမေ့နေရာမှာသမီးအစား၀င်ပြီး
..ဆုံးမသွန်သင်ပေးပါ့မယ်လို့..
ကတိပေးပါတယ်..အမေ.."
နေဂုဏ်မာန်တစ်ယောက် ဆွေးနေတာတွေတောင်ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဖြစ်နေရသည်။
အခုမှအသက် နှစ်ဆယ်ကျော်ပဲရှိသေးတဲ့ပေါက်စလေးက သူ့ကိုဆုံးမမည်တဲ့။
မာမီ့ဆီမှာတောင် ခွင့်တောင်းနေလိုက်သေးတယ်။
မာမီသာရှိရင်လေ သူ့ချွေးမကြောင့် တစ်နေ့တစ်မျိုးမရိုးရအောင်ကို ခွီနေရမှာ သေချာပါတယ်။
မာမီရယ် အတူရှိနေစေချင်လိုက်တာဗျာ....
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ဆလိုက်မီးထိုးလိုက်၍ အရောင်တဖြတ်ဖြတ်လတ်လာသည့် စိန်ပွင့် လေးတွေကဲ့သို့ ကြယ်ရောင်တွေ လင်းလတ်နေသည့်ညကောင်းကင်ကိုနောက်ခံထားကာ တောက်ပဆန်းသစ်သည့် မင်္ဂလာဧည့်ခံပွဲကြီးအား ထည်ဝါစွာ ခင်းကျင်းနေလေသည်။
နေဂုဏ်မာန်၏ ခြံ၀န်းကြီးထဲတွင် ပြုလုပ်သော ပွဲဖြစ်တာကြောင့် မီဒီယာသမားတွေတော့ ၀င်ခွင့်မရကြပေ။
သို့ပေမဲ့ ပွဲအတွင်းရှိ ဂုဏ်ပြုထောပနာ ပြုသူများဟာလည်းဂုဏ်သရေရှိလူကြီးများနှင့် နယ်ပယ်မျိုးစုံမှ အသိပညာ ၊အတတ်ပညာရှင်များ ဖြစ်ကြလေသည်။
စွန့်ဦးတီထွင်သူထိတ်တန်းစာရင်း၀င် ဖြစ်သည့်
နေဂုဏ်မာန်၏ မင်္ဂလာဧည့်ခံပွဲဖြစ်သည့်အလျှောက် စည်ကားမှုကလည်း အံ့မခန်းပင်ဖြစ်သည်။
ဖန်ခွက်ချင်းတိုက်သံ စကားစမြည်ပြောသံတွေကလည်း ဆူညံလွန်းလှသည်။
ကတော်များ၊လုပ်ငန်းရှင်အမျိုးသမီးများနှင့် လူချမ်းသာတို့ရဲ့ သား၊သမီးများကလည်း သူ့ထက်ငါအပြိုင်၊အဆိုင်၀တ်စားဆင်ယင်လာကြသည်မှာ မျက်စိကြိမ်းလောက်အောင်ပင်ဖြစ်နေလေသည်။
နောက်ဆုံးပေါ်ကားအမျိုးမျိူးဟာလည်း ခြံ၀န်းကြီးထဲတွင်သာမကပဲ ခြံပြင်မှာပါ အလကားယူရန်တန်းစီထားသည့်အလား ပြည့်ကြပ်နေလေသည်။
မြန်မာနိုင်ငံရဲ့ထိတ်တန်းသူဌေးကြီး
ဦးနေဂုဏ်မာန်ရဲ့ မင်္ဂလာဧည့်ခံပွဲဆိုတော့
ဒီလောက်အရှိန်အဝါရှိနေရမည်ပေါ့။
အချို့ကလည်း ဂုဏ်ပြုချင်လို့လာကြသလို၊
အချို့ကတော့စူးစမ်းချင်တာကများနေကြသည်။
ဦးနေဂုဏ်မာန်ကို မြင်ဖူး၊သိဖူးသောမိတ်ဆွေများလဲရှိသလို၊မြင်ဖူးချင်၍လာကြသူများလည်းရှိကြလေသည်။
အချို့ကတော့ ဒီလိုပုဂ္ဂိုလ်ရွေးချယ်လိုက်သည့် အမျိုးသမီးဟာ ဘယ်လိုပုံစံ၊ဘယ်လောက် အရည်အချင်း ရှိသလဲဆိုတာ သိချင်ကြ၍ဖြစ်သည်။
သားမက်မတော် လိုက်ရ၍ သူတို့၏သမီးတွေနှင့်ယှဉ်ကာ ကဲ့ရဲ့ချင်သူတွေကလည်း အဆင်သင့်ဖြစ်နေလေသည်။
ထိုအချိန်မှာပဲ လူအများကိုဖြတ်ကျော်၍
အဖြူရောင် အနောက်တိုင်း၀တ်စုံ ၀တ်ဆင်ထားသော နေဂုဏ်မာန်ဟာ လှပစွာပုံဖော်ထားသည့် စင်ပေါ်သို့တက်လိုက်ပြီး။မိုက်ကိုကိုင်လိုက်လေသည်။
ပုံမှန်ထက် ဆံပင်ကိုသေသပ်စွာ ဖီးသင်ထားပြီး
ရင်ဘတ်တွင်လည်း ပန်းပွင့်ခက်ကလေးတစ်ခုကို တပ်ထားလေသည်။မိုက်ကို ကိုင်ထားရင်းမှ သူကျေနပ်စွာ ပြုံးလိုက်သည်။ လျှောက်လမ်းလေးရဲ့ တစ်ဖက်တစ်ချက်ဆီမှာ လူအများကလည်း သူ့ကို
စူးစမ်းလိုစွာ ကြည့်နေကြလေသည်။
"အားလုံးပဲ..မင်္ဂလာပါ..ကျွန်တော့်ကနေဂုဏ်မာန်ပါခင်မျာ..ကျွန်တော့်ပွဲကိုလာတက်ရောက်ပေးခဲ့တဲ့လူတစ်ဦးတစ်ယောက်ဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်..အရင်ကဆိုရင်ကျွန်တော့်ဘ၀ထဲမှာ
တွေးစရာဆိုလို့ စီးပွားရေးတစ်ခုပဲရှိခဲ့တယ်"
"ဗျို့..ကိုနေဂုဏ်..အခုတော့အချစ်ပါရှိလာပြီပေါ့.."
"အဟင်း...မှန်တယ်ဗျ..ကျွန်တော်မရှက်တမ်း၀န်ခံရရင်..ချစ်တတ်ခဲ့ပြီပေါ့ဗျာ.."
"ဟား..ဟား..ကိုနေဂုဏ်တို့တော့..အချစ်နဲ့တွေ့မှ
..ဟားတိုက်ခံနေရပြီပေါ့.."
"ကျွန်တော်လည်း..ဒီလိုပဲထင်တယ်..အဟင်း.."
"အားလုံးပဲ..ကျွန်တော့်ကိုခင်မင်သလို..ကျွန်တော့်ဇနီးလေးကိုလဲ..ကျွန်တော့်နည်းတူ..
သဘောထားပေးကြပါလို့..ပြောကြားရင်းနိဂုံးချုပ်ပါတယ်..အားလုံးပဲပျော်ရွှင်စွာသုံးဆောင်ကြပါခင်ဗျာ..."
"ကိုနေဂုဏ်ရေ..သတို့သမီးလေးကိုအမြန်ပြပါဗျို့.."
"ဟုတ်တယ်ဟေ့..အဲ့ဒါကအဓိက.."
နေဂုဏ်မာန် စင်ပေါ်မှဆင်းသွားပြီး အိမ်ကြီးထဲကို၀င်သွားတယ်ဆိုရင်ပဲ အနောက်မှစကားပြောသံတွေစီသွားတော့သည်။
ယောက်ျားများကတော့ သွေးအေးတဲ့နဂါးကြီး နူးညံ့တတ်ပြီပေါ့လို့ ဝေဖန်ကြသလို မိန်းကလေးများကတော့...
"ဟယ်..ချောလိုက်တာဟယ်.."
"ဟုတ်ပ..ငါကအသက်ကြီးကြီးထိပ်ပြောင်ကြီးလို့ထင်ထားတာ..၂၉နှစ်ကလည်း..နုလိုက်တာ.."
"ငါ့မာမီက..ဘာလို့ဒီကိုကိုနဲ့မိတ်ဆက်မပေးခဲ့တာလဲဟယ်..လူဖြစ်ရှုံးလိုက်တာ.."
"မိန်းမနော်..သူယူတဲ့သူ့မိန်းမိန်းက..ငယ်တယ်လို့ကြားထားတယ်..နင့်အသက်ကဖင်စောင့်နေပြီလေ..မျှော်မနေနဲ့တော့..."
ထိုစဉ် ပွဲထဲရှိ လူများစွာ၏ အာရုံထဲသို့ အဖြူရောင်လိပ်ပြာလေးတစ်ကောင်ဟာ လှပစွာ ပျံ၀ဲ၍
လာလေသည်။
အဖြူရောင်သတို့သမီးလေးဟာ ခန့်ငြား၊ချောမောသော ချစ်ခင်ပွန်းရဲ့လက်ကိုတွဲကာ
နူးနူးညံ့ညံ့လေးလျှောက်လှမ်းလာလေသည်။
ဖြူလွှနေတဲ့ ပိုးသားဗြောင်ဂါ၀န်ရှည်ကြီးက
ဖွေးဥနေတဲ့ခြေဖမိုးလေးတွေကို ဖုံးအုပ်ထားပေမဲ့ သူမလေး ခြေလှမ်းလိုက်တိုင်းမှာ မဖုံးဖိနိုင်တဲ့ ခြေဖမိုးဖွေးဖွေးလေးကတောင် လူတိုင်းကို
ငေးငေါင်သွားအောင်လုပ်နိုင်လေသည်။
"ဟယ်..လှလိုက်တာဟယ်.."
"ဟုတ်ပ..နတ်သမီးလေးကျနေတာပဲ..
မိန်းကလေးချင်းတောင်..ငေးယူရတယ်..
ကြည့်ရတာတိုင်းရင်းသူလေးနေမယ်..
အသားဒီလောက်ဖွေးနေတာ.."
"ကြိုက်လိုက်တာဟယ်..သတို့သားလည်းကြိုက်တယ်..သူတို့သမီးလည်းကြိုက်တယ်..
နှစ်ယောက်လုံးကိုဆွဲစိလိုက်ရမလား.."
"နင်ကတော့လေ..ပေါက်ကရ.."
နေဂုဏ်မာန်ကတော့ သူ့ထက်ပိုပေါ်ပြူလာဖြစ်နေတဲ့သူ့မိန်းကလေးကြောင့် သ၀န်တိုနေရတာလည်းမောနေလေပြီ။
ယောက်ျားတွေကလည်း အိုအို၊ပျိုပျိုအကုန်
လုံး သူ့စံပယ်လေးကိုကြည့်လိုက်ကြတာများ မျက်လုံးတွေကအောက်ပြုတ်ကျတော့မဲ့အတိုင်းပဲ။
ဒီလိုမှန်းသာသိရင် မွှေးကို သနပ်ခါးပါးကွက်ကြားပဲကွက်ပေးပြီး ခေါ်လာလိုက်ပါတယ်။
ဒီအတွေးကို တွေးလိုက်မိတော့ သူ့ကိုယ်သူတောင် ပြန်ရယ်ချင်မိသည်။သူမလှလို့ လူတွေငေးကြတာဟာ သူ့အတွက်ဂုဏ်ယူစရာပဲ မဟုတ်ပါလား။
ဘယ်သူတွေက ဘယ်လောက်ပဲငေးငေး နောက်ဆုံးမှာ ပိုင်ရှင်က ကိုယ်ပဲဆိုတာ ငြင်းလို့မရတဲ့အချက်ပဲ။
လှိုက်လှဲစွာ ပြုံးရယ်လိုက်ပြီး သူ့လက်ကိုချိတ်ဆွဲထားသည့် အမျိုးသမီးလေးရဲ့ မျင်နှာလှလှလေးကို ကြည့်လိုက်သည်။
မျက်လုံးဝိုင်းဝိုင်း၊နှုတ်ခမ်းဖူးဖူးလေးနှင့် သူ့ကိုပြုံးပြလာသည့် ကောင်မလေးရဲ့ အပြုံးကြောင့် ဘ၀မှာမက်ခဲ့ရတဲ့ အိပ်မက်လေးတစ်ခုကို လက်တွေ့ပိုင်ဆိုင်လိုက်ရပြီဟု အသိ၀င်လာခဲ့တယ်။
ပျားရည်တောင် သူမရဲ့အပြုံးလောက် ချိုမယ်
မထင်ဘူး။
ဘယ်အရာကမှလည်း သူမရဲ့ရွှန်းပတဲ့မျက်၀န်းဝိုင်းလေးလောက် ဖမ်းစားနိုင်မယ်မထင်ဘူး။
သူမရဲ့အလှဟာ စွဲမက်စရာကောင်းတဲ့ စာအုပ်ကလေးတစ်အုပ်လိုပဲ အပေါ်ယံ စာအုပ်အဖုံးလေးကလည်း လှပသလို ပါ၀င်တဲ့ရသကလည်း ထူးခြားတယ်။
လှပတဲ့စာအုပ်ကလေးကို နေရာတိုင်း သယ်သွားချင်စိတ်ရှိပေမဲ့ အခြားသူတွေကိုတော့ ပေးဖတ်ခွင့်မပြုနိုင်ဘူး။
ဒီစာအုပ်ကလေးရဲ့ ထူးခြားမှုကို သူများတွေသိရှိသွားမှာစိုးလို့ပါ။
စာအုပ်ကလေးဟာ ကိုယ့်အပိုင်ပဲ ဖြစ်နေရမယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼
ပြတင်းတံခါးအပြင်ဘက်မှ လမင်းသည် အားမာန်ပြည့်နေသယောင် ထင်မှတ်ရလောက်သည်အထိ ၀င်းပမှုအတိဖြစ်နေလေသည်။
နှစ်ယောက်ကုတင်ဘေးနားရှိ မီးအိမ်လေးမှ ဝါကျင့်ကျင့် အလင်းရောင်လေးသည် အခန်းတစ်ခုလုံးသို့ ပျံ့လွှင့်နေသည်။
ထိုမီးရောင် လေးကြောင့် အိစက်လှသော မွေ့ယာအထူကြီးပေါ်တွင် ပြန့်ကျဲနေသော နှင်းဆီပန်းပွင့်ဖက်နီနီလေးတွေကို သေချာစွာ မြင်နိုင်လေသည်။
အခန်းတစ်ခုလုံးကလည်း မွှေးပျံ့နေပြီး လေထုကလည်း နွေးထွေးသလိုရှိသည်။
စံပယ်ထိုင်နေမိသည့် ကုတင်ပေါ်မှ နှင်းဆီပွင့်ဖက်လေးကို ကောက်ကိုင်လိုက်ပြီး မွှေးကြည့်လိုက်မိသည်။တကယ်တော့ စံပယ်ကနှင်းဆီရဲ့ ရနံ့ကိုကြိုက်နှစ်သက်သူမဟုတ်ပေ။သို့ပေမဲ့ အခုတော့ တစ်ယောက်တည်း ရောက်တတ်ရာရာလုပ်နေမိလေပြီ။
"ငါ...ဘာလို့ထိုင်နေမိတာပါလိမ့်..."
အ၀တ်အစားတွေလည်း မလဲရသေးပဲ ဘာကြောင့်ထိုင်နေမိလည်းဆိုတာ ကိုယ့်ဘာသာတောင်စဉ်းစားမရဖြစ်နေသည်။သူ၀င်အလာကို စောင့်နေမိတာလားဆိုပြီး အတွေး၀င်လိုက်မိတော့ ချွေးစေးတွေတောင် ပြန်ချင်လာလေသည်။
ဒီနေ့က စံပယ်တို့ရဲ့ပထမဆုံးမင်္ဂလာဦးညမဟုတ်ပါလား။ရွာမှာ မင်္ဂလာပွဲလုပ်ပြီးနောက်တစ်နေ့မှာပဲ ရန်ကုန်ကို ပြန်လာခဲ့ကြတယ်။ရန်ကုန်မှာမင်္ဂလာဧည့်ခံပွဲ မလုပ်ရသေးတာကြောင့် သူနဲ့အခန်းခွဲပြီးအိပ်ဖို့ကို ပြောတော့ အစကလက်မခံပေမဲ့ နောက်တော့ သူလက်ခံလိုက်တယ်။
ဒါကို မကျေနပ်လို့ပဲလားမသိပါဘူး။
ဧည့်ခံပွဲကို သူ့ခြံ၀န်းထဲမှာပဲ ခမ်းခမ်းနားနားလုပ်ဖို့ နှစ်ရက်အတွင် လူအင်အားများများနဲ့ စီစဉ်ပစ်တယ်။
ချစ်သူသက်တမ်းက တိုခဲ့တဲ့အပြင် ဒီကြားထဲမှာအထင်လွှဲမှုတွေနဲ့ ကွဲကွာသွားခဲ့ရတယ်။
ပြန်အဆင်ပြေပြီး သိပ်မကြာခင်ပဲ လက်ထပ်လိုက်ရရော။သူ့ကို ချစ်လို့ လက်ထက်လိုက်တာဆိုပေမဲ့
အခုထိ သူ့စိတ်ကိုနားမလည်သေးဘူး။
လူ့စိတ်တွေက အချိန်စက္ကန့်မလပ် ပြောင်းလဲတတ်တာကြောင့် နောင်လည်းနားလည်မယ်မထင်ပါဘူး။
ယုံကြည်မှုနဲ့ပဲ ရှေ့ဆက်တိုးရမှာပေါ့။
သူလို လူမျိုးကတောင် ကိုယ့်လက်ကို မလွှတ်တမ်းဆွဲထားပေးမှတော့ ကိုယ်ကလည်း အကြောက်လွန်ပြီး လက်တွဲမဖြုတ်ပစ်မိအောင် နေရမှာပဲ။
ဟုတ်တယ်...စံပယ့်ကို သူမစွန့်လွှတ်သရွေ့ စံပယ့်ဘက်ကလည်း မစွန့်လွှတ်ဘူး။
"ဘာတွေ...တွေးနေတာလဲ....."
"ဟင်..."
ခပ်လေးလေးအသံကြောင့် တံခါး၀ဆီသို့ လှမ်းကြည့်လိုက်တော့ သူကလက်ပိုက်ပြီး မရယ်မပြုံးပဲ ခပ်တည်တည်နှင့်မေးလာလေသည်။
သူ့အရပ်က ရှည်တော့ သူ့ခြေတံတွေကလည်းရှည်သည်။လက်ပိုက်ထားတဲ့ သူ့ဟန်ပန်ကိုက ဆွဲဆောင်မှုတစ်မျိုးရှိနေသလိုပင်။စူးရှပြီး ညှို့ယူနေသလို
သူ့မျက်၀န်းတွေကြောင့် နှလုံးသားဟာ ဒိန်းကနဲမြည်လောက်အောင် ဆောင့်ခုန်သွားလေသည်။
ခုဏက နွေးထွေးနေတဲ့ လေထုကလည်း အေးစက်စက်ဖြစ်လာသလို ခံစားနေရသည်။
စံပယ့်လက်ဖျားတွေ ခြေဖျားတွေအေးစက်နေလေပြီ။
သူနဲ့ အကြည့်ချင်းမဆုံမိအောင် ခေါင်းကိုငုံ့ထားလိုက်မိသည်။ချွေးစေးပြန်လာသည့် လက်တွေကိုလည်း အချင်းချင်းပွတ်သပ်နေမိသည်။
သူ့ဆီကို မကြည့်ပေမဲ့ သူစံပယ့်ကိုပြုံးပြနေသလား
စိုက်ကြည့်နေတုန်းပဲလားဆိုတာကို သိချင်နေမိသည်။
မျက်လုံးအစွံလေးကနေ ခိုးကြည့်လိုက်မိတဲ့အချိန်မှာ အိမ်စီးဖိနပ်တောင် စီးမထားတဲ့ သူ့ရဲ့ခြေထောက်ဖွေးဖွေးလေးက ကြမ်းပြင်ကို
အသံမထွက်မိအောင် နင်းလာသလိုထင်မိသည်။
စံပယ် စိတ်လှုပ်ရှားလွန်းလို့ နှုတ်ခမ်းကိုကိုက်ပြီး
မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။
ပြင်းထန်လာတဲ့ ကိုယ့်အသက်ရှူသံကိုတောင် ပြန်ကြားနေမိသည်။
ရုတ်တရက်နားသယ်စပ်နားသို့ လာယှက်တိုက်နေသည့် လေငွေ့နွေးနွေးက စံပယ့်အနားမှာ သူလာထိုင်နေသည်ဟု အချက်ပြနေလေသည်။
ထိုအသိက စပယ့်မျက်လုံးတွေကို ပို၍တင်းကြပ်စွာမှိတ်ထားမိစေဖို့ တွန်းအားဖြစ်သွားစေသည်။
သူ့ကိုမကြည့်ဘူး။သူနဲ့ အကြည့်ချင်မဆုံချင်ဘူးလို့
ရေရွတ်နေစဉ်မှာပဲ စံပယ့်ပခုံးပေါ်သို့ နွေးထွေးတဲ့ လက်တစ်စုံက ပြင်းအားတစ်ရာ ရာခိုင်နှုန်းလောက်နှင့် ဆုပ်ကိုင်လာပြီး စံပယ်ဟာ မွေ့ယာပေါ်သို့ မျက်စိစုံမှိတ်လျှက်လဲကြသွားရသည်။
"ကိုယ့်ကို မကြည့်ချင်တော့ဘူးလား...."
နှာသီး၀အနား လာရိုက်ခတ်တဲ့ လေငွေ့ထဲတွင်
စပယ်မကြိုက်တဲ့ ရနံ့တွေပါ၀င်နေသည်။
သူအရက်သောက်ထားတာပဲ။
ဒေါသစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် မျက်လုံးတွေကို ချက်ချင်းဖွင့်ကြည့်လိုက်မိတော့ ရီဝေစွာ ကြည့်လာသည့် သူ့မျက်၀န်းအရောင်တောက်တောက်တွေက
စပယ့်ကိုစွံ့အ သွားစေတယ်။
တမင် ညှို့ငင်နေသလိုပဲ။ပြောချင်တဲ့ စကားတွေကို
အာခံတွင်းထဲမှာ ငုံထားလိုက်မိပြီး ပါးစပ်ကိုတင်းတင်းစေ့ကာ နီးကပ်လွန်းနေသည့် သူမျက်နှာကို မဝံ့မရဲကြည့်လိုက်မိသည်။
ထိုအချိန်လေးမှာ ပြုံးလိုက်သည့် သူ့ရဲ့အပြုံးရေးရေးကို မီးအိမ်ရဲ့ အလင်းရောင်ကြောင့် စပယ်သေချာ မြင်လိုက်မိသည်။
"ရှင်ဘာပြုံးတာလဲ...."
"ကိုယ်တို့ လက်ချင်းချိတ်ပြီး လျှောက်နေတဲ့အချိန်တုန်းက မွှေးကိုစာအုပ်တစ်အုပ်လို တွေးလိုက်မိတာလေးကို ပြန်တွေးပြီး ရယ်ချင်သွားတာ...."
စံပယ်လည်း နားမလည်နိုင်စွာ မျက်မှောင်ကြုံ့ပြီး သူ့ကိုကြည့်လိုက်မိသည်။သူ့မျက်၀န်းတွေကလည်း
စံပယ့်နှလုံးသားတွေကိုတောင် ထိုးဆိုက်နိုင်သည့်အလား စူးရှလွန်းနေသည်။
"ကျွန်မကို ဘာလို့စာအုပ်လို တွေးလိုက်တာလဲ...
နားမလည်ဘူး...."
"ကိုယ်က မွှေးကိုအမြဲတမ်း ရင်ဘတ်ထဲမှာ ထည့်သိမ်းထားချင်လို့ပေါ့ ဘယ်သူ့ကိုမှ ပေးမဖတ်ဘူး
ကိုယ်တိုင်လည်း အဲ့ဒီ့စာအုပ်လေးကို
ခေါက်ရာတောင်မထင်အောင် ပွေ့ပိုက်ထားချင်လို့လေ..."
သူ့စကားတွေက ဘာအဓိပ္ပာယ်တွေမှန်း စံပယ်လည်းနားမလည်တော့ဘူး ။
အရက်ကလေး မူးနေလို့ ခဏတာရူးသွားတာများလား။
ဒီအချိန်မှာ သိလိုက်တာတစ်ခုက သူ့ရဲ့စိတ်ခံစားချက်ဟာ ထူးခြားလွန်းတယ်ဆိုတာပဲ။
သူ့ရဲ့အတွေးတွေက သူပဲခံစားသက်၀င်နိုင်တာမျိုး။
"စာအုပ်ဆိုတာ သက်မဲ့လေ...ကျွန်မကသက်ရှိ...
ဘာတူလို့လဲ...နောက်ပြီး စာအုပ်တစ်အုပ်လို သိမ်းဆည်းခံရမှာကို မကြိုက်ပါဘူးနော်...."
"မွှေးသိရဲ့လား...လူတွေကလေ တန်ဖိုးကြီးတဲ့ စာအုပ်တွေ၊သူတို့ တန်ဖိုးထားကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို လုံခြုံပြီး အလွယ်တကူမပျက်စီးနိုင်တဲ့ နေရာမှာ သိမ်းဆည်းတတ်ကြတယ်..
ကိုယ်ကလည်း မွှေးကို တန်ဖိုးကြီး စာအုပ်ကလေးတစ်အုပ်လို တန်ဖိုးထားချင်တာလို့ ပြောချင်တာပါ..."
"အဟင်း....ဒီလိုဆိုတော့ မစိုးပါဘူး...."
သူ့စကားကို နားလည်သွားတော့ ပြုံးသွားတဲ့ သူမရဲ့ မျက်နှာလေးက အနီးကပ်ကြည့်မှ ပိုလှနေသလိုပင်။သူမရဲ့ ပခုံးကိုဆုပ်ကိုင်ထားမိသော သူ့လက်တွေဟာ သူမရဲ့လည်တိုင်မှတစ်ဆင့် သူမရဲ့ပါးပြင်လေးပေါ်သို့ ရောက်မှန်းမသိ ရောက်သွားလေသည်။
ဖြူစင်တဲ့ မျက်၀န်းလေးတွေက သူ့အကြည့်ကိုခဏ ခဏလွှဲဖယ်နေတည်းက သူမသိပ်စိတ်လှုပ်ရှားနေမှန်း သိသာလွန်းတယ်။
သူစွဲမက်ဖွယ် အပြုံးတစ်ခုကို တမင်ဖန်တီးလိုက်ပြီး သူမရဲ့ ပါးပြင်အနားသို့ တိုးကပ်ကာ လေပြေအေးနှင့် ပြောလိုက်လေသည်။
"ကိုကိုလို့ ခေါ်ကြည့်ပါလား...."
"ရှင်မူးနေရင်လည်း စိတ်ကူးယဉ်တာလေးကို
နည်းနည်းလျှော့ အဲ့လိုအသုံးအနှုန်းကြီးက
ကျွန်မကို အနေခက်စေတယ် သိရဲ့လား...."
စံပယ်သူ့ရင်ဘတ်ကို တွန်းပြီး လေသံမာမာနဲ့ ပြောပစ်လိုက်တော့ စံပယ့်ကိုမကျေနပ်သလို ကြည့်လာသည်။စံပယ်လည်း သူ့ကို သတ္တိမွေးပြီး တန်ပြန်စိုက်ကြည့်ပစ်လိုက်သည်။
သူက အသံထွက်အောင်ပင် ရယ်လိုက်ပြီး စံပယ့်နားဘေးနားတွင် သူ့ခေါင်းကိုချလိုက်သည်။
ပြီးနောက် သူပြောလိုက်သည်က...
"ဒါဆို....ယောက်ျားလို့ခေါ်...."
"ဟင်...."
ချစ်ခြင်းတရား၏ တိုက်စားမှုကြောင့် တိတ်ဆိတ်သော ညအမှောင်ရိပ်၀ယ် လိပ်ပြာတို့
ပျံဝဲလာလေသည်။ပန်းတို့သည်လည်း လရောင်ကို သောက်သုံးကာ ပွင့်လန်းလာကြသည်။
ပိုးစုန်းကြူးလေးတွေဟာ ကိုယ်ပိုင်အလင်းနှင့် ပျံသန်းနေသည်ဟု ထင်မှတ်ရလောက်သည့်
အားမာန်မျိုး ဖြစ်ထွန်းလာကြသည်။
ထိုအချိန်တွင် ငှက်တွေ အိပ်တန်းတက်နေကြဆို
ပေမဲ့ အိပ်၍မပျော်သော ညဉ့်ငှက်နှစ်ကောင်ဟာ လမင်းကြီးကို ဝိုင်းပတ်၍ လှပစွာတွန်းကြူးနေလေတော့သည်။
(ဇာတ်သိမ်းပိုင်းမျှော်....)
🙈🙈🤭🤭🤭🤭🤭
ဇာတ်သိမ်းပိုင်းက အရမ်းရှည်နေလို့ နောက်တစ်နေ့မှ ထပ်တင်ပေးမယ်နော်....
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်းငွေ့ဝေ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment